← Chapters

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း (၈၃-၈၄)

Vol. 9 Ch. 83-84

အခန်း ၈၃။ မဲညစ်နေသောနှလုံးသား

"မိန်းကလေးအချင်းချင်း ကူညီကြရအောင်" ဆိုသည့် စကားမှာ ပြောရသည်မှာ လွယ်သော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာမူ မလွယ်ကူလှပေ။

ဤလောကတွင် လီရှောင်ယွီကဲ့သို့သော လူယုတ်မာများ ရှိသကဲ့သို့၊ ယွမ်ရှောင်ချွေကဲ့သို့ စိတ်လိုက်မာန်ပါနှင့် အသိဉာဏ်နည်းပါးသူများလည်း ရှိနေတတ်သည်။ ယွမ်ရှောင်ချွေသည် လီရှောင်ယွီကဲ့သို့ စိတ်ဓာတ်မယုတ်ညံ့သော်လည်း အယုံလွယ်ကာ နားယောင်တတ်သူဖြစ်ကြောင်း ချန်ချင်းယွီ သိရှိထား၏။ အကယ်၍ တစ်ကြိမ်တစ်ခါမျှ အမှားအယွင်းဖြစ်သွားပါက မိမိ၏အကြောင်းများကို လူအများသိအောင် ဖွင့်ဟမိနိုင်သူမျိုးဖြစ်သည်။ ထို့ကြောင့် ချန်ချင်းယွီသည် တိုက်ရိုက်လမ်းညွှန်ခြင်းမျိုး မပြုတော့ဘဲ အဓိပ္ပာယ်ပါပါဖြင့်သာ ဤသို့ဆိုလိုက်၏။

"ကျေးလက်မှာ နေထိုင်ရတာ ပင်ပန်းပေမဲ့ နင့်အမေက တော်တော်လေး အလုပ်ကြိုးစားတဲ့သူလို့ ငါကြားဖူးတယ်။ သူရှိစဉ်က စုဆောင်းထားတဲ့ ငွေလေးတွေတော့ ရှိမှာပေါ့နော်။ ကိုယ့်လက်ထဲမှာ ငွေရှိနေမှ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိမှာ မဟုတ်လား"

ထိုစကားကြောင့် ယွမ်ရှောင်ချွေ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ပြောရှာ၏။

"ငါ့မှာ ငွေတစ်ပြားမှ မရှိဘူး။ အမေဆုံးခါနီးမှာ သူစုထားသမျှတွေ အကုန်လုံးကို အဖေ့လက်ထဲ အပ်သွားတာ..."

သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း စိတ်မသက်မသာ ဖြစ်နေမိသည်။ ယခင်ကမူ ထိုအခြေအနေကို သဘာဝကျသည်ဟု ထင်မြင်ခဲ့သော်လည်း ယခုအခါ မိသားစုနှင့် စိတ်ဝမ်းကွဲရချိန်တွင်မူ သူမ နောင်တရမိ၏။

"အမေက ပြောတယ်... ငါက ပိုက်ဆံသုံးရမှန်းမသိတဲ့ ကလေးရှိသေးတာတဲ့။ ဒါကြောင့် ငါ့ဘဝတစ်ခုလုံးကို အဖေ့လက်ထဲ ပုံအပ်သွားခဲ့တာပဲ။"

ပြန်စဉ်းစားကြည့်လျှင် သူမကိုယ်သူမ အသုံးမကျဟု ခံစားလာရသည်။ ဖခင်ဖြစ်သူနှင့် ကျောက်ရုံတို့ သူမကို ကျွေးမွေးစောင့်ရှောက်ခဲ့သည်ဆိုသော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ငွေကို သုံးစွဲခဲ့ခြင်းမဟုတ်ဘဲ မိခင်ဖြစ်သူ ချန်ထားခဲ့သော အမွေအနှစ်များသာ ဖြစ်ပေလိမ့်မည်။ သူမ ငယ်စဉ်၌ မိခင်ဖြစ်သူတွင် ငွေရာဂဏန်းခန့် စုမိနေပြီဖြစ်ကြောင်း၊ ကြက်၊ ဘဲများ မွေးမြူထားသည့်အပြင် ကျီထဲတွင်လည်း ဆန်စပါးများစွာ ရှိကြောင်းကို သတိထားမိခဲ့ဖူး၏။ မိခင်ဘက်ရှိ အဘိုးအဘွားများ ပေးခဲ့သည့် အိမ်ကိုပင် ဖခင်ဖြစ်သူမှ ရောင်းချကာ ငွေဖော်ခဲ့သည် မဟုတ်လော့။

အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်လျှင် ငွေတစ်ထောင်ခန့် ရှိနိုင်ပေသည်။ ထိုမျှလောက်သော ငွေပမာဏသည် သူမကို သက်သောင့်သက်သာ ထောက်ပံ့ပေးနိုင်ရုံမျှမက ပိုတောင် ပိုနေပေဦးမည်။ ယွမ်ရှောင်ချွေသည် စိတ်ပိုင်းဖြတ်မှုတစ်ခုကို အမြန်ဆုံး ပြုလုပ်လိုက်၏။

ချန်ချင်းယွီ ဆက်၍ မေးမြန်းလိုက်သည်။

"နင့်ရဲ့ ဇာတိက ကျေးလက်မှာဆိုတော့ ရွာကလူတွေက ဒီအကြောင်း သိကြမှာလား..."

"သိတာပေါ့၊ သေချာပေါက် သိကြမှာ။ အေး... နင်ပြောသလိုဆိုရင် ငါ ဇာတိရွာကို ပြန်ပြီး ပညာတတ်

လူငယ်အဖြစ် အဲ့ဒီကို သွားရင်ကော အဆင်ပြေနိုင်မလား..."

သူမပြန်မေးရာ ချန်ချင်းယွီမှာ အကြံပြုလိုက်၏။

"အဲဒါတော့ ငါလည်း သေချာမပြောတတ်ဘူး။ ပညာတတ်လူငယ်ရုံးမှာ သွားမေးကြည့်တာ အကောင်းဆုံးပဲ။ တကယ်လို့ ကျေးလက်ဆင်းရမယ်ဆိုရင်တော့ ရင်းနှီးတဲ့နေရာကို သွားရတာ ပိုကောင်းတာပေါ့။ အဆင်မပြေရင်တောင်မှ အထွက်နှုန်းကောင်းတဲ့ နေရာကိုရွေး၊ အလုပ်မလုပ်နိုင်ရင်တောင် ငတ်တော့ မသေဘူးပေါ့"

ယွမ်ရှောင်ချွေမှာ အတွေးများစွာဖြင့် ငြိမ်သက်သွားသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချရင်း…

"နင်ကတော့ ကံကောင်းလိုက်တာ၊ အိမ်ထောင်ပြုပြီးတာနဲ့ ကျေးလက်ဆင်းစရာ မလိုတော့ဘူး။"

ချန်ချင်းယွီမှာမူ ပြုံးရုံသာ ပြုံးပြပြီး မည်သို့မျှ ပြန်မပြောပေ။ ယွမ်ရှောင်ချွေသည် အနည်းငယ် မနာလိုဖြစ်သွားကာ နှာခေါင်းရှုံ့လိုက်မိသည်။ သူမသည် မိမိကိုယ်ကို ချန်ချင်းယွီထက်ပင် ပို၍ သနားစရာကောင်းနေသည်ဟု ခံစားလာရပြီး "ငါ အိမ်ပြန်တော့မယ်" ဟု ဆိုကာ ဝုန်းခနဲ ထွက်ခွါသွား၏။

ချန်ချင်းယွီသည် သူမ ထွက်ခွာသွားသည်ကို ကြည့်ကာ ယွမ်ရှောင်ချွေ ကျေးလက်သို့ သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း အသေအချာ သိလိုက်သည်။ တစ်ခါတစ်ရံတွင် ကျေးလက်၌ ပင်ပင်ပန်းပန်း အလုပ်လုပ်ရခြင်းမှာ ခက်ခဲသော်လည်း သူမအတွက်မူ အဆင်ပြေဆုံးလမ်းစ ဖြစ်နိုင်ပေသည်။ အိမ်တွင် ကျောက်ရုံကဲ့သို့သော သူများ၏ နှိပ်စက်မှုကို ခံနေရခြင်းထက်မူ အဝေးသို့ ထွက်ခွာခြင်းကသာ ပို၍ ကောင်းမွန်ပေလိမ့်မည်။မည်သို့ပင်ဖြစ်စေ သူမသည် ကျောက်ရုံကို မယှဉ်နိုင်ပေ။

ကျောက်ရုံနှင့် ယွမ်ဟောက်မင်တို့မှာ နောက်ခံ အင်အားကြီးမားလွန်း၍ မဟုတ်ဘဲ သူတို့မှာ ယွမ်ရှောင်ချွေ၏ မိဘများဖြစ်နေသည့်အပြင် အင်မတန်မှ ဟန်ဆောင်ကောင်းလွန်းကြရာ တကယ်တမ်း ရင်ဆိုင်လျှင် ယွမ်ရှောင်ချွေဘက်မှ မည်သူမျှရှိမည်မဟုတ်ပေ…

‘တစ်မိသားစုလုံးနဲ့ တစ်ယောက်လို ဖြစ်နေပြီ…’

ညမှောင်လာပြီဖြစ်သဖြင့် ချန်ချင်းယွီသည် အိမ်ပြင်တွင် ဆော့ကစားနေသော ကလေးများကို လှမ်းခေါ်လိုက်၏။

"ရှောင်ကျား၊ ရှောင်ယွမ်၊ နာ့နာ... အိမ်ထဲဝင်ပြီး လာဆော့ကြမလား..."

ကလေးများမှာ "ဟုတ်ကဲ့..." ဟု တစ်ခဲနက် တုံ့ပြန်ကြကာ အိမ်ထဲသို့ ပြေးဝင်လာကြသည်။

“ကြိုးကျစ်တမ်းဆော့ကြမလား”

“ဟုတ်ကဲ့”

ယနေ့ခေတ် ကလေးလေးများမှာ အင်မတန်ပင် ထိန်းရလွယ်လှ၏။ ချန်ချင်းယွီသည် ကလေးများကို ကြိုးကျစ်ကစားနည်း ကစားနေသည်ကို ကြည့်လိုက်ပြီး ရေနွေးတည်လိုက်၏။ ကလေးများသည် အလွန်ပင် လိမ္မာယဉ်ကျေးကြရှာသည်။ ယခုအချိန်သည် ရာသီဥတုနွေးလာပြီ ဖြစ်သော်လည်း ချန်ချင်းယွီတို့မိသားစုမှာ ရေနွေးကိုသာ သောက်သုံးကြ၏။ အလွန်ပူလျှင်ပင် အအေးခံ၍ ရေကျက်အေးကိုသာ သောက်သုံးကြသည်။

ချန်ချင်းယွီ ရေနွေးတစ်အိုး ထပ်တည်လိုက်ကာ ရေအေးရောစပ်လိုက်ပြီး သူမကိုယ်သူမ ခြေလက်မျက်နှာများ ဆေးကြောသန်းစင်လိုက်၏။ ထို့နောက် သူမ၏ခြေလက်၊ မျက်နှာများကို သေသေချာချာ လိမ်းကျံလိုက်သည်။

ရှောင်ယွမ်လေး ချန်ချင်းယွီကို မော့ကြည့်ရင်း

"မေမေ... မေမေ့ဆီက အနံ့လေးက သင်းနေတာပဲ"

ချန်ချင်းယွီ ပြုံးလိုက်ကာ ပြန်ပြောလိုက်၏။

“ရှောင်ယွမ်လည်း ဆေးကြောသန့်စင်ပြီးရင် အစိုဓာတ်ထိန်းခရင်လေး လိမ်းလိုက်.. မွှေးကြိုင်သွားမှာ”

ရှောင်ယွမ် ချိုမြစွာ ပြုံးပြလိုက်လေသည်။

နာ့နာမှာ ချန်ချင်းယွီနှင့်များစွာ ရင်းနှီးမှုမရှိသော်လည်း မိန်းကလေးပီပီ ထိုသို့သော အရာများကို စိတ်ဝင်စား၍ ဝင်ပြောလိုက်၏။

“သမီး မေမေမှာလည်း တစ်ခုရှိတယ် ဒေါ်လေးချန်ဟာနဲ့တူတူပဲ… အရမ်းမွှေးတယ် မေမေကပြောတယ် အဲ့ဒါကိုသုံးလို့ကုန်သွားရင် ပုလင်းကို သမီးတို့ကို ပေးဆော့မယ်တဲ့”

“ဒါဆို အဲ့ပုလင်းနဲ့ ဘယ်လိုဆော့ကြမှာလဲ”

ချန်ချင်းယွီ မေးမြန်းလိုက်သည်။

သူမ ကလေးများနှင့် စကားများဖောင်ဖွဲ့နေစဉ်မှာပင် အပြင်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသဖြင့်

“လူကြီးတွေပြန်လာကြပြီထင်တယ်” ဟု ရေရွတ်လိုက်သည်။

သူမ အပြင်ထွက်ကြည့်လိုက်သောအခါ များပြားလှသော လူအုပ်ကြီး ပြန်ရောက်လာပြီး ရှေ့ဆုံးမှ ဦးဆောင်နေသူမှာ အောင်နိုင်သူအလား ဝင့်ကြွားနေသည့် အဘွားကြီးကျောက်ဖြစ်၏။

“အမေ… အခြေအနေ ဘယ်လိုလဲ”

အဘွားကြီးကျောက် ပြန်ပြောလိုက်ကာ

"စက်ရုံက စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လုပ်နေတုန်းပဲ။ လူကြီးတွေက ရလဒ်ကို ဆွေးနွေးဖို့ လိုသေးတာမို့ ငါတို့လည်း မပြန်သေးဘဲ စောင့်နေတာ။ ငါတို့က ဘာလို့ ပြန်ရမှာလဲ... ငါတို့က နစ်နာသူတွေပဲလေ၊ အခြေအနေက ဘယ်လိုရှိနေပြီလဲ၊ စက်ရုံကရော ဘယ်လို ကိုင်တွယ်ဖြေရှင်းမှာလဲဆိုတာကို အမြန်ဆုံး သိထားဖို့ လိုတာပေါ့။"

"ဒါနဲ့ ရလဒ်က ဘယ်လိုထွက်လာလဲဟင်... စက်ရုံက ဘယ်လို အရေးယူလိုက်တာလဲ..."

ချန်ချင်းယွီ မေးလိုက်သည်။

ရလဒ်ထွက်လာရန် မနက်ဖြန်လောက်အထိ ကြာမည်ဟု သူမ ထင်ထားသော်လည်း ယခုကဲ့သို့ မြန်မြန်ဆန်ဆန် ထွက်လာခြင်းမှာလည်း အံ့ဩစရာ မဟုတ်ပေ။

‘တကယ်လို့ ဒါကို အချိန်ဆွဲနေရင် နေ့တိုင်း ရန်ပွဲတွေ ဖြစ်နေမှာပဲ၊ စက်ရုံဘက်ကလည်း ဒါကို ဆက်ပြီး သည်းခံနိုင်မှာ မဟုတ်ဘူး။ အချိန်မဆွဲဘဲ အမြန်ဆုံး ဖြေရှင်းလိုက်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ်…’

"အိုကွယ်... ရှောင်ချန်၊ နင် ဘာမှ မသိသေးပါဘူး၊ စက်ရုံကလေ..."

အဘွားကြီးဟွမ်မှာ ဗလုံးဗထွေးဖြင့် ဝင်ပြောလေသည်။

"သွားစမ်းပါ၊ သွားစမ်းပါ၊ ဒါက ငါ့မိသားစုကိစ္စ။ ငါ့ချွေးမနဲ့ ငါ ပြောနေတာ။ နင်နဲ့ မဆိုင်ဘူး... နင်ကတော့ ပြဿနာကို ရှာတတ်လွန်းတယ်"

အဘွားကြီးကျောက် ဟန့်တားလိုက်ရာ အဘွားကြီးဟွမ်မှာ မျက်နှာပျက်ကာ ငြိမ်သွားရ၏။

အဘွားကြီးကျောက် ဆက်ပြောလိုက်သည်။

"နင့်ကို ပြောပြရဦးမယ်၊ အဲဒီကိစ္စမှာ ပါဝင်တဲ့သူတွေကို စက်ရုံက ပြင်းပြင်းထန်ထန် အရေးယူလိုက်ပြီ။ ဟွန်း... ငါပြောသားပဲ၊ စက်ရုံက လူကြီးတွေက လူကောင်းတွေပါ၊ အဲဒီ ရွံစရာကောင်းတဲ့ လူတစ်စုကပဲ ပြဿနာရှာနေကြတာ။ ချဲယုံဖုန်းကို ရာထူးကနေ ဖြုတ်လိုက်ပြီ။ အလုပ်ရုံမှူးအဆင့်ကနေ အဆင့်နှိမ့်ချလိုက်ပြီး အခုတော့ အလုပ်ရုံမှာ အလုပ်သင်အဆင့်ပဲ ရှိတော့တယ်။ ဟွန်း... အဲဒါတောင် သူ့အတွက် သက်ညှာလွန်းသေးတယ်။ သူက အလုပ်သင်ပဲ လုပ်ရမှာ။ ငါ့စိတ်ထဲမှာတော့ သူ့ကို အိမ်သာဆေးတဲ့ အလုပ်ပဲ ပေးသင့်တာ၊ သူ့ရဲ့ ညစ်ပတ်စုတ်ပဲ့တဲ့ စရိုက်နဲ့ အဲဒီအလုပ်က အကိုက်ညီဆုံးပဲ။ လူယုတ်မာကောင်... ဒါပေမဲ့ ဒီလိုဖြစ်သွားတာလည်း ကောင်းပါတယ်။ သူ့လိုလူစားမျိုးက ခေါင်းဆောင်လုပ်ဖို့ မတန်ပါဘူး။ တကယ်ကို ကျေနပ်စရာပဲ၊ အားရစရာကြီး..."

အဘွားကြီးကျောက် တံတွေးထွေးရင်း ဆဲဆိုကာ

"ရွံစရာကောင်းလိုက်တာ... ငါ ဒီလောက် ရွံစရာကောင်းတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ သူက လူကောင်းတစ်ယောက်လို ဟန်ဆောင်နေပေမဲ့ တကယ်တော့ လူမဆန်တဲ့ကောင်။ အယုတ်မာဆုံးကောင်ပဲ။ အမှိုက်ကောင်။ လီတာ့ရှန်းက လူကောင်းမဟုတ်ဘူးဆိုရင် ဒီကောင်က ပိုတောင် ဆိုးသေးတယ်။ ဒီလို အပြစ်ပေးလိုက်တာ တကယ်ကို အားရစရာပဲ။"

အဘွားကြီးကျောက် နှာခေါင်းရှုံ့လိုက်ရာ ချန်ချင်းယွီ ချက်ချင်းပင် မေးလိုက်သည်။

"ဒါနဲ့ လီတာ့ရှန်းကျတော့ကော ဘယ်လိုလဲ..."

အဘွားကြီးကျောက် : "လီတာ့ရှန်းကိုတော့ အဆင့် (၁) အလုပ်သမားအဖြစ် အဆင့်နှိမ့်လိုက်ပြီး နောက်ထပ် သုံးနှစ်အတွင်း ရာထူးတိုးစာမေးပွဲ ဖြေခွင့် ပိတ်လိုက်တယ်"

အဘွားကြီးကျောက်သည် ဤဆုံးဖြတ်ချက်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်နေ၏။ လီတာ့ရှန်းအတွက် အပြစ်ဒဏ်သည် ပေါ့လျော့လွန်းသည်ဟု သူမ ခံစားနေရသည်။ မူလ၌ လီတာ့ရှန်းသည် အလုပ်ရုံမှာပဲ ဆက်ရှိနေနိုင်သည်ဟု သူမ ခန့်မှန်းခဲ့သော်လည်း ထိုသို့ အမှန်တကယ် ဖြစ်လာသည့်အခါ စိတ်အလိုမကျ ဖြစ်မိ၏။

ရန်ဘက်တစ်ဦးအနေဖြင့် အဘွားကြီးကျောက်သည် အပြစ်ဒဏ်ကို တတ်နိုင်သမျှ ပြင်းထန်စေချင်သည်။

"တကယ်ကို စိတ်ပျက်စရာပဲ..."

ဘေးတွင် ရပ်နေသော ရွှီကောင်းမင်မှာ ဝင်းရှင်းပြလိုက်၏။

"လီတာ့ရှန်းရဲ့ အပြစ်ဒဏ်က ပေါ့လွန်းတယ်။ ကျုပ်တို့က ချဲမိသားစုကိုပဲ ကျေးဇူးတင်ရမယ်။ ချဲမိသားစုက အကြီးအကျယ် ပြဿနာရှာခဲ့လို့သာ လူတိုင်းက ချဲယုံဖုန်းရဲ့ သွေးထိုးပေးမှုကို သိသွားကြတာ။ ဒါကြောင့် ချဲယုံဖုန်းက ပိုပြီး ပြင်းပြင်းထန်ထန် အရေးယူခံရတာပေါ့။ ဒါ့အပြင် လီတာ့ရှန်းက ကြည့်ရတာ သနားစရာကောင်းနေသလို သူက ကျွမ်းကျင်လုပ်သားလည်း ဖြစ်နေတော့ စက်ရုံက သူ့ကို သိပ်ပြီး မပြင်းထန်တဲ့ အပြစ်ဒဏ်ပဲ ပေးလိုက်တာ"

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ ကြီးလေးသော ပြစ်မှုမျိုး၊ ဥပဒေချိုးဖောက်မှုမျိုး မလုပ်သရွေ့ ကျွမ်းကျင်မှုတစ်ခု ရှိထားခြင်းသည် မရှိခြင်းထက် သာလွန်ပေသည်။ အပြစ်ပေးခံရသည့်အခါတွင်လည်း ပို၍ သက်ညှာမှု ရတတ်၏။

အမှန်အတိုင်း ပြောရလျှင် လီတာ့ရှန်း ထိုသို့ အရိုက်ခံလိုက်ရခြင်းမှာ ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းဟုပင် ဆိုရမည်။

သို့သော်လည်း အခြားတစ်ဖက်မှ ကြည့်မည်ဆိုလျှင် လီတာ့ရှန်းသည် မိမိ၏ ကိုယ်ပိုင်သမီးနှင့်ပင် အဆက်အသွယ် ပြတ်သွားခဲ့ပြီ ဖြစ်သည်။

အဘွားကြီးကျောက် ရွှီကောင်းမင်ကို စောင်းကြည့်လိုက်ရာ ရွှီကောင်းမင်မှာ ချက်ချင်းပင် နှုတ်ဆိတ်သွား၏။

ယခုအချိန်တွင် ရွှီကောင်းမင်သည် အဘွားကြီးကျောက်ကို မည်သို့မျှ မဆန့်ကျင်ဝံ့ပေ။

"သူတို့ကို ဒီလို အရေးယူလိုက်သလိုပဲ၊ အလုပ်ရုံက တခြား ပါဝင်ပတ်သက်သူတွေလည်း အရင်တုန်းက ကျန့်ဝမ်ကို ဝိုင်းပြီး ဖယ်ကြဉ်ခဲ့ကြတာကြောင့် အခုတော့ သူတို့အားလုံးလည်း တစ်ဆင့်စီ ရာထူးအနှိမ့်ခံလိုက်ရတယ်။ ဟွန်း... ကြည့်စမ်း၊ သူတို့တွေက ဘယ်လောက်တောင် အောက်တန်းကျလဲဆိုတာ၊ လူမဆန်တဲ့ကောင်တွေ၊ အဆင့်နှိမ့်ခံရတာ ထိုက်တန်ပါတယ်။ စက်ရုံက သူတို့ကို အရေးယူတာ သက်ညှာလွန်းသေးတယ်လို့ ငါထင်တယ်… အခုတော့ သူတို့တွေ မျက်ရည်သုတ်နေကြပြီပေါ့။ တကယ်လို့ နင်တို့က အစွမ်းအစရှိရင် မကောင်းတာ မလုပ်ကြနဲ့လေ… ပုံမှန်ဆိုရင် လူမဆန်တတ်ကြဘဲ အခုမှ လာပြီး သနားစရာကောင်းအောင် လုပ်ပြနေကြတာ… သွားစမ်းပါ..."

အဘွားကြီးကျောက် ဆဲဆိုလိုက်၏။

အမှန်အတိုင်းပြောရလျှင် အဘွားကြီးကျောက်သည် ဤအပြစ်ပေးမှုအပေါ် လုံးဝကျေနပ်သည်တော့မဟုတ်ပေ။ ထိုလူအားလုံးကို အလုပ်ထုတ်ပစ်မှသာ ပို၍သင့်တော်မည်ဟု သူမယူဆသည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် ထိုသို့ဖြစ်လာရန်မှာ မဖြစ်နိုင်မှန်း သူမသိ၏။

အဘွားကြီးကျောက် : "ငါကြည့်ရသလောက်တော့ အဲဒီလူတွေထဲမှာ လူကောင်းတစ်ယောက်မှ မပါဘူး..."

သူမ ဆက်၍ ပြောဆိုပြန်ကာ

"ချဲယုံချန်းတို့အဖွဲ့လည်း ဒီကိစ္စမှာ ပါတာပဲ… ဒါပေမဲ့ သူတို့က ငါတို့စက်ရုံက ဝန်ထမ်းတွေမဟုတ်တော့ စက်ရုံက တိုက်ရိုက်အရေးယူလို့မရဘူး။ ဒါကြောင့် ရပ်ကွက်ကော်မတီကို အကြောင်းကြားထားလိုက်တယ်… ကော်မတီကတော့ တစ်ခုခုလုပ်မှာ သေချာပေမဲ့ သူတို့က ဥပဒေစိုးမိုးရေးအဖွဲ့မဟုတ်တော့ အများဆုံး သန့်ရှင်းရေးလုပ်ခိုင်းတာမျိုးပဲ ဖြစ်မှာပါ။ ဒါပေမဲ့ စက်ရုံဘက်ကတော့ ကတိပေးထားတယ်… ချဲယုံချန်းနဲ့ လီရှောင်ယွီတို့လို ကိုယ်ကျင့်တရားပျက်ပြားတဲ့သူတွေကို စက်ရုံက ဘယ်တော့မှ အလုပ်ခန့်မှာမဟုတ်ဘူးတဲ့… သူတို့အတွက်တော့ စက်ရုံထဲဝင်ဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ယာယီအလုပ်သမားတောင် မစဉ်းစားနဲ့တော့၊ သူတို့လျှောက်လွှာတွေကို ပယ်ချလိုက်ပြီ… ဒီတစ်ခေါက် စာမေးပွဲမှာလည်း သူတို့မပါတော့ဘူး"

ဤသတင်းသည် အဘွားကြီးကျောက်ကို တော်တော်လေး ပျော်ရွှင်သွားစေသည်။

အဲ့လူတွေ စက်ရုံထဲဝင်ဖို့ ဘယ်လောက်တောင် မျှော်လင့်ခဲ့ကြသလဲ...

အခုတော့ အခွင့်အရေး မရှိတော့ဘူး မဟုတ်လား... ကောင်းလိုက်လေခြင်း... ဟားဟား...

"မကောင်းမှုလုပ်ရင် မကောင်းကျိုးခံစားရတာပဲ"

အဘွားကြီးကျောက် အားရပါးရ ပြောလိုက်၏။

ချန်ချင်းယွီ : "စက်ရုံဘက်က ဒါကို အလေးအနက်ထား ကိုင်တွယ်တာ အကောင်းဆုံးပါပဲ"

"အေးလေ၊ အခုလိုဖြစ်သွားတာ ကောင်းပါတယ်။ လင်းကျန့်ဝမ်သာ ကောင်းကင်ဘုံကနေ ကြည့်နေရင် အခုဆို စိတ်အေးလက်အေး ရှိသွားလောက်ပြီ"

ရှီကျန့်ရှန်း တိုးတိုးလေး ရေရွတ်လေသည်။

အစ်မကြီးဖန်သည်လည်း ဝင်ပြေလိုက်၏။

"ငါ့အမြင်တော့ နောက်ဆို စက်ရုံထဲဝင်မယ့်သူတွေကို ကိုယ်ကျင့်တရားပိုင်းပါ သေချာစစ်ဆေးသင့်တယ်။ ကိုယ်ကျင့်တရားမကောင်းတဲ့သူတွေကို စာမေးပွဲဖြေခွင့်ပေးရင်တောင် အရည်အချင်းမပြည့်မီဘူးဆိုပြီး ပယ်ချသင့်တယ်။ ငါတို့ ရှောင်ဝေတို့လို နောက်ကြောင်းရာဇဝင်စင်ကြယ်ပြီး စာတော်တဲ့ ကျောင်းသားတွေကိုပဲ အခွင့်အရေးပေးရမယ်။ အဲဒီလို အရည်အချင်းရှိတဲ့သူတွေပဲ စာမေးပွဲဖြေသင့်တာ။ စရိုက်မကောင်းတဲ့သူတွေကိုတော့ လုံးဝခွင့်မပြုသင့်ဘူး"

လင်းစန်းရှင်းသည်လည်း ထောက်ခံကာ

"အဓိပ္ပာယ်ရှိတယ်။ ဘယ်သူမဆို စက်ရုံထဲဝင်လို့ရနေရင် ငါတို့အတွက် သိက္ခာကျစရာကြီး။ ဒါ့အပြင် စက်ရုံလူကြီးတွေရဲ့ သားသမီးတွေနဲ့ ဆွေမျိုးတွေကိုလည်း စာမေးပွဲဖြေခွင့် မပေးသင့်ဘူးလို့ ထင်တယ်။ ဘယ်သူသိမှာလဲ... ကြားထဲမှာ မရိုးသားတာတွေ ရှိနိုင်တာပဲ မဟုတ်လား... အခုကိစ္စကိုပဲကြည့်လေ။ အလုပ်ခန့်တဲ့နေရာမှာ သာမန်ဝန်ထမ်းမိသားစုတွေကိုပဲ ယှဉ်ပြိုင်ခွင့်ပေးသင့်တယ်။ လူကြီးမိသားစုတွေကို မပေးသင့်ဘူး။ သူတို့က လူကြီးတွေဖြစ်နေပြီ၊ အခွင့်အရေးတွေအများကြီးရှိနေတာတောင် ငါတို့လို သာမန်လူတွေနဲ့ လာလုနေကြတာ တကယ်ကို မတရားဘူး"

လူတိုင်း၏စကားဝိုင်းမှာ တဖြည်းဖြည်းနှင့် လမ်းကြောင်းလွဲလာသည်ကို မြင်သောအခါ မာကျန့်ယီ အမြန်ဝင်ပြောလိုက်ရလေသည်။

"အားလုံးပဲ ပြန်ကြပါဦး။ မိုးလည်းချုပ်နေပြီဆိုတော့ အိမ်စောစောပြန်ကြတာပေါ့။ မနက်ဖြန်လည်း အလုပ်သွားရဦးမယ်လေ"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့..."

"ဟူး... ငါလည်း တစ်နေ့လုံး ဘာမှမစားရသေးဘူး၊ ဗိုက်ဆာလိုက်တာ"

"ဘယ်သူကကော စားရသေးလို့လဲ... ရလဒ်ကိုပဲ ထိုင်စောင့်နေကြတာ မဟုတ်လား"

ဝမ်ကျန့်ကော်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း

"ကျန့်ဝမ်မိန်းမ၊ ငါ့မိန်းမကို တွေ့မိသေးလား..."

"သူ အစ်မကျောက်ကို ဆေးရုံလိုက်ပို့ပေးတယ်။ နာ့နာနဲ့ သူ့ညီမလေးနှစ်ယောက်ကတော့ ကျွန်မအိမ်မှာရှိတယ်။ နာ့နာ... နာ့နာ..."

ချန်ချင်းယွီ လှမ်းခေါ်ပေးလိုက်၏။

နာ့နာမှာ သူမ၏ ညီမလေးနှစ်ယောက်ကို လက်ဆွဲပြီး ထွက်လာသည်။

ဝမ်ကျန့်ကော် : "ကလေးတွေကို ကြည့်ပေးထားလို့ ကျေးဇူးတင်ပါတယ်"

ချန်ချင်းယွီ : "ရပါတယ်ရှင်။ ကျွန်မလည်း သိပ်ပြီး ကြည့်ပေးလိုက်ရတာမဟုတ်ပါဘူး၊ ကလေးတွေက သူတို့ဘာသာသူတို့ ဆော့နေကြတာပါ"

"ဒါနဲ့ ကျောက်ရုံက ဘာဖြစ်လို့လဲ..."

"ဒီနေ့ စက်ရုံမှာ လူအုပ်ကြီးနဲ့ ရုတ်ရုတ်သဲသဲဖြစ်နေတာကို သူကြည့်နေတာ ငါတွေ့လိုက်သားပဲ။ ဘာဖြစ်သွားတာလဲ..."

"ငါလည်း တွေ့လိုက်တယ်။ သူ စက်ဘီးကို အမြန်နင်းပြီး ထွက်သွားတာ။ ယွမ်ရှောင်ချွေလည်း ပါတယ်၊ သူက နောက်ကနေ ခပ်မြန်မြန် လိုက်သွားတာ။ သူ ဘာဖြစ်တာလဲ... နေမကောင်းလို့လား ဒါမှမဟုတ် ဒဏ်ရာရလို့လား..."

ချန်ချင်းယွီ : "ကျွန်မလည်း သေချာတော့ မသိဘူးရှင့်။ သူပြန်လာမှပဲ မေးကြည့်လိုက်ပါဦး"

"ကျောက်ရုံ တစ်လောက ဘာဖြစ်နေမှန်းမသိဘူး။ နေ့တိုင်း အိမ်ကစောစောထွက်၊ ညမိုးချုပ်မှပြန်နဲ့... အမြဲတမ်း အလုပ်ရှုပ်နေတာပဲ"

"ဟုတ်ပါရဲ့"

"သူ တော်တော်ပင်ပန်းနေပုံရတယ်"

"ဟောက်ရွှယ်ရဲ့ စာမေးပွဲအတွက် အလုပ်ရှုပ်နေတာလား မသိဘူး"

"ငါ့အထင်တော့ ဟောက်ရွှယ်က ငါတို့ဝင်းထဲမှာ အတော်ဆုံးပဲ၊ သူကတော့ သေချာပေါက် အောင်မှာပါ။ ရှောင်ချွေကသာ ပြဿနာရှိတာ..."

"ငါလည်း အဲဒီလိုပဲ ထင်တယ်"

လူတိုင်းက အသီးသီး ဆွေးနွေးရင်း ပြန်သွားကြသည်။ အဘွားကြီးကျောက်မှာ အိမ်ထဲဝင်သွားပြီဖြစ်၏။

"အိုးထဲမှာ ထမင်းနဲ့ဟင်း နွေးနွေးလေး ရှိသေးတယ်၊ စားလိုက်ပါဦး"

ချန်ချင်းယွီ ပြောလိုက်ရာ အဘွားကြီးကျောက်မှာ ဝမ်းသာအားရဖြင့်

"အေးအေး... နင်ကတော့ ငါ့စိတ်ကို အသိဆုံးပဲ..."

တွေ့သည်မဟုတ်လား၊ ချန်ချင်းယွီကတော့ အရေးကြီးချိန်ဆိုရင်အမြဲတမ်း အားကိုးရစမြဲပဲ…

အိုးထဲတွင် ထမင်းနှင့် အသားဟင်းလေး ရှိနေသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ အလွန်ပင် ဝမ်းသာသွားပြီး တတွတ်တွတ် ရေရွတ်နေလေ၏။

"အို... မဆိုးဘူးပဲ၊ တကယ့်ကို မဆိုးဘူး"

မိုးချုပ်လာပြီဖြစ်သဖြင့် လူတိုင်းသည် စကားဝိုင်းကိုဖြတ်ကာ အိမ်သို့ အသီးသီး အလျင်အမြန် ပြန်သွားကြတော့သည်။ အားလုံး အလုပ်သွားရမည့်သူများဖြစ်ရာ နောက်ကျ၍ မဖြစ်ပေ။ ချန်ချင်းယွီလည်း တံခါးများကို ပိတ်လိုက်၏။ ထိုစဉ် အဘွားကြီးကျောက်မှာ စကားဆိုလာလေသည်။

"ဒီတစ်ခေါက်ဖြစ်ခဲ့တဲ့ကိစ္စအတွက် လျော်ကြေးအနေနဲ့ စက်ရုံက ငါ့ကို လစာတိုးပေးလိုက်တယ်"

"ဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့"

ချန်ချင်းယွီ ဝမ်းသာအားရဆိုလိုက်၏။

"သေချာတာပေါ့..."

အဘွားကြီးကျောက်သည်လည်း ခေါင်းညိတ်ထောက်ခံလေသည်။

ပုံမှန်အားဖြင့် ထမင်းချက်ဌာနရှိ မီးဖိုချောင်ကူညီသူများအတွက် ရာထူးတိုးစာမေးပွဲဟူ၍ မရှိသကဲ့သို့ အလုပ်သင်ကာလလည်း မရှိချေ။ ထို့ကြောင့် သူတို့၏လစာမှာ ပုံသေဖြစ်ပြီး ပြောင်းလဲရန်မှာ အလွန်ခက်ခဲလှသည်။ ယခုကဲ့သို့ လစာတိုးပေးခြင်းမှာမူ အထူးခြွင်းချက်ပင် ဖြစ်၏။

သူမ ချန်ချင်းယွီကို တစ်ချက်ကြည့်လိုက်ရာ ချန်ချင်းယွီမှာ မေးခွန်းထုတ်လိုက်သည်။

"ရာထူးတိုးလို့ လစာဘယ်လောက်တိုးတာလဲဟင်..."

အဘွားကြီးကျောက် : "နှစ်ယွမ်... နောက်လကစပြီး လတိုင်း နှစ်ယွမ်ပိုရမယ်"

"ဒါဆိုရင်တော့ အမေက နေထိုင်စရိတ်အတွက် တစ်ယွမ်ပိုပေးရတော့မှာပေါ့"

ချန်ချင်းယွီ ဆိုလိုက်ရာ အဘွားကြီးကျောက်မှာ ဆွံ့အသွားပြီး...

".................."

'နင် ငါ့ကို အလွတ်ပေးမှာမဟုတ်ဘူးဆိုတာ ငါသိသားပဲ...'

သနားစရာကောင်းတဲ့ ကျောက်တာ့ရာလေးပါလား..

ဒီအရွယ်အထိ မိသားစုကို လုပ်ကျွေးနေရတုန်း... ရှိုက်ကြီးတငင် ငိုချင်စရာပါပဲ.. အဟင့် အဟင့်…

ငါ ကျောက်တာ့ရာခမျာ ဒုက္ခရောက်နေရှာပြီ...

မိသားစုထဲမှာ သူမက အလုပ်လုပ်နေတာ မဟုတ်လား... သူမကပဲ ချန်ချင်းယွီကို ချုပ်ကိုင်ရမှာမဟုတ်ဘူးလား... ဘာလို့ ချန်ချင်းယွီကပဲ လွှမ်းမိုးနေရတာလဲ... အီးဟီး... ငိုချင်လိုက်တာ... အဟင့် အဟင့်..

ချန်ချင်းယွီမှာမူ အဘွားကြီးကျောက် ဘာတွေးတွေး ဂရုမစိုက်ပေ။ သူမ ရသင့်ရထိုက်သည်ကို တောင်းဆိုရမည်ဖြစ်သည်၊ သို့မဟုတ်ပါက အဘွားကြီးကျောက် ဘဝင်မြင့်လာနိုင်ပေသည်။

"တခြားဘာရှိသေးလဲ..."

ချန်ချင်းယွီ ထပ်မေးလိုက်၏။

အဘွားကြီးကျောက်သည် ငေးငိုင်နေရာမှ ချက်ချင်းသတိပြန်ဝင်လာပြီး

"ရှိတာပေါ့၊ ရှိသေးတယ်... ဒီတစ်ခေါက် စက်ရုံက လစာတိုးပေးရုံတင်မကဘူး၊ လျော်ကြေးလက်မှတ်တွေလည်း ပေးလိုက်သေးတယ်။ ရော့... ဒါတွေယူထားလိုက်..."

သူမသည် ထိုလက်မှတ်များကို သိမ်းထားချင်သော်လည်း ချန်ချင်းယွီ မေးလာသည့်အတွက် မတတ်သာဘဲ နှမြောတသစွာ ထုတ်ပေးလိုက်ရသည်။

ချန်ချင်းယွီ မေးနေမှတော့ သူမ ဝှက်ထား၍ မဖြစ်ပေ၊ ယောက္ခမကောင်းပီသစွာ ပြုမူရမည် မဟုတ်ပါလား…အဟမ်းးး (အမှန်တော့ကြောက်လို့)

သနားစရာ ငါ့ဘဝလေး…

ချဲယုံချန်းတို့ ဇနီးမောင်နှံ ကျောက်ခဲနှင့် အပေါက်ခံရသည့်အဖြစ်ကို ပြန်စဉ်းစားမိသည့်အခါတွင်မူ သူမ ပခုံးတွန့်လိုက်ပြီး ရိုးရိုးသားသားပဲ နေရန် ဆုံးဖြတ်လိုက်၏။ သူမသည် အနည်းငယ် နှုတ်ကြမ်းအာကြမ်းရှိသော အဘွားကြီးတစ်ဦးသာဖြစ်ပြီး အရူးမတစ်ယောက် မဟုတ်ပေ။

ချန်ချင်းယွီသည်လည်း အားနာပါးနာမရှိဘဲ လက်ခံလိုက်သည်။

"ရော့..."

အဘွားကြီးကျောက် လက်မှတ်များကို ထုတ်ပေးရင်း

"ကြည့်ဦး... နင် အမြဲတမ်း နာရီဝယ်ချင်နေတာ မဟုတ်လား... ဒီမှာ စက်မှုထုတ်ကုန်လက်မှတ်တွေပါတယ်။ အခုဆိုရင် ဝယ်လို့ရပြီ။ ပြီးတော့ ဒီမှာ အပ်ချုပ်စက်လက်မှတ်လည်း ပါသေးတယ်။ ဒါက တကယ့်ကို အဖိုးတန်တဲ့အရာပဲ..."

ယနေ့ခေတ်တွင် မင်္ဂလာဆောင်၌ အပ်ချုပ်စက်တစ်လုံးရှိခြင်းမှာ အလွန်ကြီးကျယ်သော ဂုဏ်ပကာသနတစ်ခု ဖြစ်သည်။

ဒါဟာ တကယ့်ကို အံ့ဩစရာကောင်းတဲ့ အရာပဲ…

ချမ်းသာသည့် မိသားစုမှ မိန်းကလေးများဆိုလျှင် အိမ်ထောင်ပြုတဲ့အခါ "ပစ္စည်းသုံးမျိုးနဲ့ အသံတစ်မျိုး" (အပ်ချုပ်စက်၊ စက်ဘီး၊ လက်ပတ်နာရီနှင့် ရေဒီယို) ကို တောင်းဆိုတတ်ကြ၏။

အပ်ချုပ်စက်သည် ထိုပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။

"ငါတို့မှာ ပိုက်ဆံကို စည်းမဲ့ကမ်းမဲ့ သုံးလို့မရတာ နှမြောစရာပဲ၊ မဟုတ်ရင် အပ်ချုပ်စက်တစ်လုံး ဝယ်လို့ရတာပေါ့။ လက်မှတ်တွေကို သေချာကြည့်ဦး၊ သက်တမ်းကုန်မယ့်ရက်ကိုလည်း ကြည့်လိုက်"

အဘွားကြီးကျောက်ပြောလိုက်ရာ ချန်ချင်းယွီ တစ်ချက်ကြည့်ပြီး

"ဒီအချိန်အတွင်းဆိုရင်တော့ အဆင်ပြေပါတယ်"

ထို့နောက် အိတ်ထဲရှိ အခြားလက်မှတ်များကိုပါ သွန်ချလိုက်ရာ မီးဖိုပေါ်သို့ အထပ်လိုက် ကျလာတော့သည်။ လက်မှတ်များမှာ တော်တော်လေး များပြားလှ၏။ စက်ရုံမှပေးသော လက်မှတ်များမှာ များသောအားဖြင့် စက်မှုထုတ်ကုန်လက်မှတ်များ ဖြစ်သည်။ ထိုခေတ်တွင် ရေနွေးအိုး၊ ကြွေခွက်၊ ဓား၊ သံအိုး စသည့် နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူရာ၌ ထိုလက်မှတ်များသည် မရှိမဖြစ်လိုအပ်သဖြင့် အလွန်အသုံးဝင်လှ၏။

"ဒါတွေက ဘာတွေလဲ... ငါလည်း အဲဒီတုန်းက သေသေချာချာ မကြည့်လိုက်မိဘူး"

အဘွားကြီးကျောက် ထမင်းကို အငမ်းမရ စားနေစဉ် ချန်ချင်းယွီ တစ်ရွက်ချင်း လှန်ကြည့်ရင်း ပြောပြလေသည်။

"အများစုက စက်မှုထုတ်ကုန်

လက်မှတ်တွေပါပဲ၊ ဒါပေမဲ့ တခြားဟာတွေလည်း ပါတယ်။ ကြည့်ဦး... ဒါက သကြားဝယ်တဲ့လက်မှတ်... ဒါကတော့ အထည်လက်မှတ်တွေပဲ"

စက်ရုံဘက်က အခြေအနေကို ထိန်းသိမ်းဖို့ တကယ်ကို အားထုတ်ခဲ့တာပဲ….

ဒီလက်မှတ်တွေကို အထင်မသေးနဲ့ဦး၊ အားလုံးပေါင်းလိုက်ရင် တကယ့်ကို ငွေအမြောက်အမြား တန်ဖိုးရှိတာ… ပြီးတော့ လက်မှတ်ဆိုတာ လွယ်လွယ်ရနိုင်တာမှ မဟုတ်တာ..

အဘွားကြီးကျောက် : "ဒီလောက်အများကြီးကို ငါတို့ ကုန်အောင် သုံးနိုင်ပါ့မလား... နင်ရော ဘယ်လိုထင်လဲ..."

သူမသည် ချန်ချင်းယွီ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ကပ်မေးလေသည်။

"ဒါတွေကို မှောင်ခိုဈေးကွက်မှာ သွားရောင်းလိုက်ရင် ကောင်းမလား..."

ချန်ချင်းယွီ တစ်ချက်ရယ်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် မျက်မှောင်ကြုတ်ကာ သတိကြီးစွာဖြင့် မေးလိုက်၏။

"ဒါက အမေ ကိုယ်တိုင်တွေးမိတာလား... ဒါမှမဟုတ် တစ်ယောက်ယောက်က လာပြောတာလား..."

အဘွားကြီးကျောက်မှာ

အံ့အားသင့်သွားပြီးမှ

"ဝမ်ကျန့်ကော်က ပြောတာလေ။ ဒီလက်မှတ်တွေက အများကြီးဆိုတော့ အကုန်မသုံးနိုင်ဘဲ သက်တမ်းကုန်သွားမှာ စိုးရတယ်တဲ့။ ဒါတွေက ငွေတွေပဲ၊ သွားလဲရင် ပိုက်ဆံအများကြီး ရနိုင်တယ်လို့ သူပြောတယ်... ဘာဖြစ်လို့လဲ... တစ်ခုခု မှားနေလို့လား..."

ချန်ချင်းယွီက ခေတ္တမျှ တိတ်ဆိတ်စွာ စဉ်းစားပြီးမှ

"အမေ ဒီလက်မှတ်တွေ ရတာကို လူအများကြီး သိကြတယ် မဟုတ်လား..."

အဘွားကြီးကျောက် ခေါင်းညိတ်ပြီး

"အားလုံး သိကြတာပေါ့။ စက်ရုံလူကြီးတွေက လူအများကြီးရှေ့မှာ အိတ်နဲ့ ထည့်ပေးတာလေ။ ပြဿနာကို အချိန်မီ မသိခဲ့လို့ သူတို့မှာ တာဝန်ရှိတယ်လို့တောင် အားနာသလို ပြောကြသေးတာ။"

ချန်ချင်းယွီ ထပ်မံ တိတ်ဆိတ်သွားပြန်သည်။

အဘွားကြီးကျောက် : "ဘာဖြစ်လို့လဲ... ဘာမှမပြောဘဲ မနေပါနဲ့ဦး။ နင် ဘာမှမပြောတော့ ငါ တကယ်ကို ကြောက်လာပြီ။ ဒီထဲမှာ တစ်ခုခု လွဲနေလို့လား..."

ချန်ချင်းယွီ ရုတ်တရက် အေးစက်စက် ပြုံးလိုက်ပြီး

"တကယ့်ကို ကောက်ကျစ်တဲ့ အကြံအစည်ပဲ"

အဘွားကြီးကျောက် ချန်ချင်းယွီကို ကြောင်တောင်တောင် ကြည့်ကာ

"ဘာကို ဆိုလိုတာလဲ... ငါ့ကို ရှင်းပြပါဦး၊ ငါလည်း သိချင်လို့ပါ။ ငါတို့က မိသားစုဝင်တွေပဲ၊ အလိမ်ခံလို့ မဖြစ်ဘူး..."

ချန်ချင်းယွီ၏ ရယ်သံကြောင့် အဘွားကြီးကျောက် စိတ်မသက်

မသာ ဖြစ်လာပြီး သံသယဖြင့် ထပ်မေးလေသည်။

"တကယ်ပဲ ဘာဖြစ်လို့လဲ..."

"ဘာဖြစ်ရမှာလဲ"

ချန်ချင်းယွီ ပြန်မေးရင်း နှာခေါင်းရှုံ့လိုက်၏။

"သူတို့က ကျွန်မတို့နဲ့ လာပြီး အငြင်းမပွားတာက ကျွန်မတို့ဘက်က မှန်နေလို့ မဟုတ်ဘူး၊ ကျွန်မတို့ကို သူတို့နဲ့ တန်းတူလို့ မသတ်မှတ်လို့ပဲ။ ဒါပေမဲ့ သူတို့ ကျွန်မတို့ကို တော်တော် စိတ်အနှောင့်အယှက် ဖြစ်နေတာတော့ အသေအချာပဲ။ သူတို့က နာမည်ကောင်းလည်း လိုချင်တယ်၊ လူကောင်းလည်း အဖြစ်ခံချင်ကြတာ။ ဒါကြောင့် ကိုယ်တိုင် ဘာမှမလုပ်ဘဲ သွယ်ဝိုက်တဲ့နည်းနဲ့ ကျွန်မတို့ကို ဒုက္ခပေးကြတာပေါ့။

ကျွန်မထင်တာတော့... ကျွန်မတို့ဆီမှာ ငွေရှိရင်တောင် အများကြီး သုံးနိုင်မှာမဟုတ်ဘူးလို့ သူတို့ တွက်ထားပုံရတယ်။ ကျွန်မတို့ မိသားစု လေးယောက်မှာ အမေ တစ်ယောက်ပဲ အလုပ်လုပ်တာ၊ ပြီးတော့ ကျန့်ဝမ်ရဲ့ လျော်ကြေးငွေပဲ ရှိတာလေ။ လျော်ကြေးငွေက များတယ်ဆိုပေမဲ့ အရေးပေါ်ကိစ္စတွေအတွက် သိမ်းထားရမှာဆိုတော့ အလွယ်တကူ ထုတ်သုံးမှာ မဟုတ်ဘူး။ ကလေးနှစ်ယောက်ကလည်း ငယ်သေးတယ်၊ ကုန်ကျစရိတ်တွေက အများကြီးပဲ။ နေ့စဉ်စားဝတ်နေရေးအတွက် အဲဒီစုငွေကို သုံးမှာမဟုတ်ဘူးဆိုတာ သူတို့ သိနေတယ်။

ဆိုလိုတာက... ကျွန်မတို့ဆီမှာ လက်မှတ်တွေ ဘယ်လောက်ပဲရှိရှိ၊ လက်ငင်းငွေမရှိရင် ဘာမှဝယ်လို့မရဘူး။ လက်မှတ်တွေက စာရွက်တွေပဲ ဖြစ်နေမှာ… ကြည့်ဦး... ကျွန်မတို့မိသားစု လေးယောက်မှာ အမေက မိန်းမကြီး၊ ကျွန်မက အားနည်းတဲ့မုဆိုးမလေး၊ ပြီးတော့ ကလေးငယ်လေး နှစ်ယောက်... ဘာလုပ်နိုင်မှာလဲ... ဒါပေမဲ့ အမေ့ဆီမှာ လက်မှတ်တွေ အများကြီး ရှိတယ်ဆိုတဲ့ သတင်းကတော့ ပျံ့သွားပြီ၊ အဲဒီအခါ သူခိုးတွေက မျက်စိကျလာမှာပေါ့။ တကယ်လို့ သူခိုးတက်ရင် ကျွန်မတို့ လက်ရှိအခြေအနေနဲ့ တားနိုင်ပါ့မလား..."

အဘွားကြီးကျောက်၏ မျက်လုံးများ ပြူးသွားသည်။

"သေစမ်း... အဲဒီသေခါနီးအဘိုးကြီးက တကယ်ကို လူယုတ်မာပဲ.. သူက စကားတွေကိုတော့ ကောင်းအောင် ပြောနေတာ၊ ဒီနေ့တောင် ထွက်လာပြီး ချဲယုံဖုန်းရဲ့ ယောက္ခမအနေနဲ့ သူ့သမက်ကို ကောင်းကောင်း မဆုံးမနိုင်ခဲ့တာ သူ့အပြစ်ပါဆိုပြီး လာပြောသေးတာ… သူက သက်ဆိုင်သူရဲ့ မိသားစုဝင်မို့လို့ သံသယမဖြစ်အောင် ဒီကိစ္စမှာ ဝင်မပါဘဲ တခြားသူတွေကိုပဲ ကိုင်တွယ်ခိုင်းပါ့မယ်၊ ငါကျေနပ်အောင် ဖြေရှင်းပေးပါ့မယ်လို့လည်း ကတိပေးခဲ့တာ.. တကယ်တော့ ဒါတွေက ငါတို့ကို လှည့်တိုက်ဖို့ ကြံနေတာကိုး... ဒီလို ခေါင်းဆောင်နေရာက မြေခွေးအိုကြီးတွေက တကယ့်ကို ကောက်ကျစ်တာပဲ... စိတ်ဓာတ်တွေက သိပ်ညစ်ပတ်တာပဲ... စိတ်ပျက်ဖို့ကောင်းလိုက်တာ။ ဒါပေမဲ့ ငါတို့ကို ဒုက္ခပေးချင်ရုံနဲ့ ဒီလောက် လက်မှတ်တွေ အများကြီး ပေးတယ်ဆိုတာ သူတို့ တကယ်ပဲ စိတ်မနှံ့တာလား... ငါတို့ရဲ့ ပွင့်လင်းမှုကို သူတို့က မကြိုက်လို့လား..."

"ပွင့်လင်းနေတာက သူ့အတွက် အရှက်ရစရာ ဖြစ်နေတာပေါ့။ အမေပြောသလို သူက မြေခွေးအိုကြီးပဲလေ၊ ဒါကြောင့် သူက ပေါ်ပေါ်ထင်ထင် ဘာမှမလုပ်ဘူး။ နောက်ပြီး ဒီလက်မှတ်တွေက သူပေးရတာမှ မဟုတ်တာ၊ စက်ရုံက ပေးရတာလေ။ သူတို့က နာမည်ကောင်းလည်း ရသေးတယ်"

ချန်ချင်းယွီ ဆိုကာ ဆက်ပြောလိုက်သည်။

"ပြီးတော့ အမေ့ဆီမှာ လက်မှတ်တွေ အများကြီးရှိပြီး တန်ဖိုးကလည်း မြင့်နေမှ သူခိုးတွေက ပိုပြီး စိတ်ဝင်စားကြမှာ။ ဓားပြတိုက်တာမျိုးတောင် ဖြစ်နိုင်တယ်.. အဲဒီလိုဆိုရင် သူက လက်ဖျားနဲ့တောင် မတို့ဘဲ ကျွန်မတို့မိသားစု ဒုက္ခရောက်အောင် လုပ်နိုင်သွားတာပေါ့.. သူ့လက်လည်း မညစ်ပတ်တော့ဘူး၊ သူ့ဒေါသကိုလည်း ဖြေလျှော့ပြီးသား ဖြစ်သွားတာပေါ့ မဟုတ်လား..."

"တောက်... နှလုံးသားမရှိတဲ့ အယုတ်မာကောင်... ဒီလိုလူစားမျိုးက ဘယ်လိုလုပ်ပြီး ခေါင်းဆောင် ဖြစ်နေတာလဲ... လူမဆန်လိုက်တာ..."

အဘွားကြီးကျောက် ဒေါသတကြီး ဆဲဆိုလေတော့သည်။

အဘွားကြီးကျောက်သည် ဒေါသအလိပ်လိုက် ထွက်လာ၏။ အကယ်၍သာ သူမ၏ချွေးမဖြစ်သူ ရိပ်မိနားလည်ခြင်းမရှိပါက သူမမှာ ထိုထောင်ချောက်ထဲသို့ တည့်တည့်ကြီး တိုးမိတော့မည်ဖြစ်သည်။ ထိုလူများသည် သူမကို တကယ်ပင် အရူးမှတ်နေကြခြင်းဖြစ်၏။

ချန်ချင်းယွီသာ သေသေချာချာ ခွဲခြမ်းစိတ်ဖြာ မပြခဲ့လျှင် သူမမှာ သူတို့ကို ကျေးဇူးတင်မိနေဦးမည်သာ။ တကယ့်တကယ်၌ ယင်းမှာ သူမကို ဒုက္ခပေးရန် ကြံစည်ထားသည့် နည်းလမ်းတစ်ခုသာ ဖြစ်နေ၏။

"ဒါဆိုရင် ဒီလက်မှတ်တွေကို အကုန်ရောင်းပစ်လိုက်ရအောင်။ ငါတို့လက်ထဲမှာ ဘာမှမရှိတော့ရင် ပိုကောင်းမသွားဘူးလား..."

ချန်ချင်းယွီ နားလည်မှုရှိရှိ ပြုံးလိုက်ပြီး

"အကယ်၍ အမေက လက်မှတ်တွေကို ရောင်းလိုက်မယ်ဆိုရင် 'မှောင်ခိုဈေးကွက်မှာ ကုန်ပစ္စည်းတွေကို အမြတ်ထုတ်ရောင်းဝယ်မှု' နဲ့ အဖမ်းခံရလိမ့်မယ်။ လူတွေက အမေ့ကို အကွက်ချောင်းစောင့်နေကြတာ။ ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အခုတစ်လော ကျွန်မတို့မိသားစုကို တစ်ယောက်ယောက်က စောင့်ကြည့်နေမှာပဲ။ ကျွန်မတို့ လက်မှတ်တွေ ထုတ်ရောင်းတာနဲ့ လက်ပူးလက်ကြပ် ဖမ်းတော့မှာ"

အဘွားကြီးကျောက် - ".................."

'တောက်... အောက်တန်းကျလိုက်တာ...'

'ဒီခေါင်းဆောင်တွေက ဘယ်လိုတောင် စိတ်ဓာတ်ညစ်ပတ်ကြတာလဲ...'

'သိပ်ကို ကောက်ကျစ်တာပဲ... အလွန်ကို ယုတ်မာလွန်းကြတယ်...'

သူမတို့မိသားစုက ဒုက္ခရောက်နေတာတောင် ဒီလူတွေက နောက်ကွယ်ကနေ ဒီလို အောက်တန်းကျတဲ့ နည်းလမ်းတွေနဲ့ ဒုက္ခပေးဖို့ ကြံနေကြတုန်းပဲ။ ဒါတွေက လူတွေလား... တိရစ္ဆာန်တွေပဲ... တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်..

မိသားစုအတွက် လျော်ကြေးပေးပါတယ်ဆိုပြီး ထောင်ချောက်တွေ အများကြီး ဆင်ထားကြတာ..

တကယ်ကို အော့နှလုံးနာဖို့ ကောင်းလိုက်လေခြင်း…

"ဖခင်မကောင်းရင် သားမကောင်းဘူးဆိုတာ ဒါမျိုးပဲ... အားလုံးက ယုတ်မာတဲ့နေရာမှာ တစ်လေသံတည်းပဲ။ အင်း... ဒါနဲ့ ချွေးမ၊ နင်ပြောသလိုဆိုရင် ဝမ်ကျန့်ကော်က ဘာလို့ အဲဒီလို လာပြောတာလဲ..."

သူမ မေးမြန်းလိုက်ရာ ချန်ချင်းယွီ၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး

"ကျွန်မထင်တာတော့ သူက တမင်တကာ လုပ်တာပဲ"

အဘွားကြီးကျောက် ဒေါသတကြီး ဆဲဆိုရန် ပြင်လိုက်သော်လည်း ချန်ချင်းယွီ သူမကို တားဆီးကာ ဆက်ပြောပြလေသည်။

"စဉ်းစားကြည့်ဦးလေ၊ ဝမ်ကျန့်ကော်က ပစ္စည်းဝယ်ယူရေး ကိုယ်စားလှယ်တစ်ယောက်ပဲ။ ဒီလိုလူစားမျိုးက အရမ်းကို ပါးနပ်သလို မူဝါဒတွေကိုလည်း အကုန်သိတယ်။ သူက ကျွန်မတို့ထက် အများကြီး ပိုပြီး ကောက်ကျစ်တာ။ အခုလို အကဲဆတ်နေတဲ့ အချိန်မျိုးမှာ ဒါတွေကို ထုတ်ရောင်းတာက ပြဿနာတက်နိုင်တယ်ဆိုတာ သူ မသိဘဲ နေမလား... သူ သိတာပေါ့... သူ သိသိကြီးနဲ့ အမေ့ကို လာပြီး အရိပ်အမြွက် ပြောသွားတာ… သူက အမေ့ကို ရောင်းစေချင်နေတာပဲ။ ကျွန်မတို့မိသားစုနဲ့ သူနဲ့က ဘာရန်ငြိုးမှမရှိဘဲ ဘာလို့ ဒီလိုလုပ်ရတာလဲ... ဖြစ်နိုင်တာ နှစ်ခုရှိတယ်... တစ်ခုက ကျွန်မတို့က သူ့ကို မသိဘဲနဲ့ အငြိုးထားစရာ လုပ်မိခဲ့လို့ သူက ကျွန်မတို့ကို ဒုက္ခပေးချင်တာ၊ ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို ဒါမျိုးလုပ်ဖို့ ခိုင်းလိုက်တာ… နှိုင်းယှဉ်ကြည့်ရင် နောက်တစ်ချက်က ပိုပြီး ဖြစ်နိုင်ခြေရှိတယ်။ သူက ကျွန်မတို့နဲ့ ရန်ငြိုးမရှိတော့ အမေကလည်း သူပြောတာကို သံသယမဝင်ဘဲ ယုံမိမှာလေ… ဒါကြောင့် သူက ဒီစကားကို ပြောဖို့ အသင့်တော်ဆုံးလူ ဖြစ်နေတာပဲ.. ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တော့ ရှိနေတာ အသေအချာပဲ။ ကျွန်မတို့ သတိထားရမယ်"

အဘွားကြီးကျောက် - "..............."

သူမခမျာ ပြောစရာစကားတွေ အများကြီးရှိသော်လည်း ရင်ထဲတွင်သာ တစ်ဆို့နေတော့သည်။

ဒီလူတွေက ဘယ်လိုတောင် ယုတ်မာကြတာလဲ...

ဝမ်ကျန့်ကော်ဆိုတဲ့ အကောင်... တစ်ဝင်းတည်းမှာ နေလာတာ နှစ်တွေ အများကြီး ရှိနေပြီ၊ တစ်ခါမှလည်း ရန်မဖြစ်ဖူးဘဲနဲ့ ငါတို့ကို ဒီလိုလုပ်ရက်တယ်...

တကယ့်ကို ယုတ်မာတဲ့လူပဲ... လူယုတ်မာကောင်...

သားမရတာ ဒင်းထိုက်တန်တာပဲ… အမြုံကောင်..

"ဒါ... ဒါဆို ဘယ်လိုလုပ်ကြမလဲ... သူတို့က သိနေမှတော့ ငါတို့ကို တစ်ခုခုလုပ်တော့မှာပဲ မဟုတ်လား... ငါတို့ ဘယ်လိုလုပ်ရမလဲ..."

အဘွားကြီးကျောက်မှာ စိုးရိမ်တကြီးဖြင့် အိမ်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေတော့၏။ သူခိုးထက်စာလျှင် ကိုယ့်ကို အကွက်ချောင်းနေသည့်သူမှာ ပို၍ ကြောက်စရာကောင်းသည် မဟုတ်လော့။

ပါတီအတွင်းရေးမှူးကျန်းတို့၊ ဒုတိယစက်ရုံမှူး ဟယ်တို့မှာ ကြည့်ရသည်မှာ လူကြီးလူကောင်းပုံစံ ရှိသော်လည်း စိတ်ထဲ၌မူ မကောင်းသည်များသာ ကြံစည်နေကြခြင်း ဖြစ်သည်။

‘ဒါပေမဲ့ သူတို့အကြောင်းကို မကောင်းပြောပြန်ရင်လည်း လူတွေက ကိုယ့်ကိုပဲ ဝိုင်းပြောကြလိမ့်မယ်… ဘာဖြစ်လို့လဲ...

လျော်ကြေးတွေ ဒီလောက်အများကြီး ပေးထားတာတောင် မကျေနပ်သေးဘူးလား ဆိုပြီးတော့ပေါ့…’

‘တကယ့် မြေခွေးအို.. လူလည်တွေ.. သေချင်းဆိုးတွေ..’

‘သူတို့က မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပေးတာပါလို့သွားပြောရင်လည်း ဘယ်သူကမှ ယုံမှာမဟုတ်ဘူး... ကျေးဇူးမသိတဲ့လူတွေလို့ပဲ အပြောခံရလိမ့်မယ်…’

‘ဘယ်သူမဆို အခွင့်အရေးရရင် ပျော်ကြတာချည်းပဲ မဟုတ်လား…’

အဘွားကြီးကျောက် တတွတ်တွတ် ရေရွတ်နေစဉ် ချန်ချင်းယွီ နှစ်သိမ်းလိုက်၏။

"ရပါတယ်၊ အနည်းဆုံးတော့ ကျွန်မတို့အတွက် အကျိုးအမြတ် တစ်ခုခု ရလိုက်တာပဲ၊ ဘာမှမရတာထက်စာရင် အများကြီး သာပါတယ်" ဟ

အဘွားကြီးကျောက် : "ဒါလည်း ဟုတ်တာပါပဲ၊ ဒါပေမဲ့ ငါ တကယ်ကို ဒေါသထွက်လို့ မဆုံးဘူး"

"စိတ်မဆိုးပါနဲ့ဦး၊ ကျွန်မထင်တာတော့ ဒီလက်မှတ်တွေကို အမြန်ဆုံး သုံးပစ်ဖို့ လိုတယ်"

ချန်ချင်းယွီ အကြံပေးလိုက်သည်။

"ဟင်..."

အဘွားကြီးကျောက် ချန်ချင်းယွီကို ကြည့်လိုက်၏။

ချန်ချင်းယွီ : "သူတို့က ဒီလို ကစားကွက် ဆင်ထားမှတော့ ကျွန်မတို့က ပွင့်ပွင့်လင်းလင်းပဲ လုပ်လိုက်ကြတာပေါ့... အားလုံးရှေ့မှာပဲ ဒါတွေကို သုံးပစ်လိုက်မယ်။ ဘယ်သူပဲလာမေးမေး... ကျွန်မတို့က မိန်းမသားတွေချည်းပဲမို့လို့ လက်မှတ်တွေ အများကြီး ရှိနေတာကို စိတ်မချဘူး၊ သူခိုးတက်မှာ ကြောက်လို့ အကုန်သုံးပစ်လိုက်တာလို့ပဲ ပြောလိုက်မယ်"

"ဟင်... ဒီလောက် ရိုးရှင်းလို့ ရပါ့မလား..."

အဘွားကြီးကျောက် မေးလိုက်ရာ

"ရတာပေါ့၊ တကယ်တော့ ဒါက ဖြေရှင်းရတာ လွယ်ပါတယ်။ သူတို့က ကျွန်မတို့ကို မိန်းမသားနှစ်ယောက်မို့လို့ အထင်သေးနေကြတာ.. ကျွန်မတို့ဘက်က ဒါမျိုးတွေကို တွေးမိမယ်၊ သူတို့အကွက်ကို သိလိမ့်မယ်လို့ လုံးဝ ထင်ထားကြမှာ မဟုတ်ဘူး"

သူမ ခပ်ပြုံးပြုံးဖြင့် ဆက်ပြောလိုက်၏။

"သူတို့က ကျွန်မတို့ကို လုံးဝ အလေးမထားကြတာ"

"သူတို့ တကယ်ကို နှလုံးသားမရှိကြဘူး"

အဘွားကြီးကျောက် ဒေါသဖြင့် မျက်နှာနီမြန်းကာ ပြောလေသည်။

"ငါက ငါ့ကိုယ်ငါ မကောင်းတဲ့သူလို့ ထင်နေခဲ့တာ။ အိမ်နီးနားချင်းတွေနဲ့ ပြဿနာရှာတယ်၊ အခွင့်အရေးရရင် ယူတတ်တယ်၊ ချွေးမကို နှိပ်စက်တယ်၊ မြေးတွေကို ဆူတယ်၊ မကြိုက်တဲ့ ခွေးလေခွေးလွင့်ကိုတောင် ကန်တတ်သေးတာ… ငါက လူဆိုးပဲလို့ ထင်ခဲ့တာ… ဒါပေမဲ့ သူတို့နဲ့ ယှဉ်ကြည့်လိုက်မှ ငါက လူကောင်း ဖြစ်နေပါလားလို့ သိလိုက်ရတယ်… ကြည့်စမ်း... ဒီလူယုတ်မာတွေ... လူမဆန်လိုက်တာ.. ဒီညနေတုန်းက ငါ သူတို့ကို ဘယ်လောက်တောင် ကျေးဇူးတင်ခဲ့ရသလဲ။ သူတို့ ငါတို့ကို ထောင်ချောက်ဆင်ထားမယ်လို့ တစ်ခါမှ မစဉ်းစားမိခဲ့ဘူး… သူတို့က ကိုယ့်ပိုက်ဆံမဟုတ်တော့ ရက်ရက်ရောရော ပေးပြီး ငါတို့ကို ဒုက္ခပေးဖို့ ကြံနေကြတာ.. စိတ်ဓာတ်တွေက သိပ်ညစ်ပတ်တာပဲ..."

အဘွားကြီးကျောက်မှာ သင်ခန်းစာသစ်တစ်ခုကို ကောင်းကောင်းကြီး ရရှိသွားတော့သည်။

"ဒီမိုးရာသီမှာ သူတို့ကို ဘာလို့ မိုးမကြိုးပစ်တာလဲ မသိဘူး... တကယ်ကို ယုတ်မာတဲ့သူတွေ..."

အဘွားကြီးကျောက် ကျိန်ဆဲလေ၏။

ချန်ချင်းယွီသည်လည်း အဘွားကြီးကျောက်၏ စကားကို အပြည့်အဝ ထောက်ခံနေမိသည်။

သူမနှင့် အဘွားကြီးကျောက်သည် ယခုအခါ ရည်မှန်းချက်တူသော မဟာမိတ်များ ဖြစ်သွားကြပြီ မဟုတ်လော့…

“ဒီယုတ်မာတဲ့အကောင်တွေက တကယ့်ကို အော့နှလုံးနာဖို့ကောင်းတာပဲ... ငါသာ အားရှိရင် သူတို့ကို သေအောင် ရိုက်သတ်ချင်တယ်...”

အဘွားကြီးကျောက် ဒေါသတကြီး အော်ဟစ်လေသည်။

ချန်ချင်းယွီ အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်၏။

“ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့။ အခုချိန်မှာ လူတိုင်းက ကျွန်မတို့မိသားစုကို စောင့်ကြည့်နေကြတာဆိုတော့ စိတ်လိုက်မာန်ပါလုပ်လို့ မဖြစ်ဘူး”

အဘွားကြီးကျောက် : “ငါတော့ တကယ် ဒေါသထွက်တယ်၊ တကယ် ဒေါသထွက်တယ်...”

ချန်ချင်းယွီ : “မသိတာထက်စာရင် အခြေအနေမှန်ကို သိထားရတာပဲ ကောင်းပါတယ်။ စိတ်မဆိုးပါနဲ့တော့။”

“အခြေအနေကို သိနေရလို့လည်း ပိုပြီး ဒေါသထွက်ရတာပါပဲ။ ဒါပေမဲ့ ချွေးမရယ်... နင်ရှိနေလို့ တော်သေးတာပေါ့၊ မဟုတ်ရင် သူတို့ ငါ့ကို သေတွင်းထဲ တွန်းပို့နေတာတောင် သိမှာမဟုတ်ဘူး။ အခုမှပဲ ကျန့်ဝမ်က နင့်ကို ဘာလို့ ဒီလောက် ချစ်ရသလဲဆိုတာ ငါနားလည်တော့တယ်။ အရင်ကတော့ သူက ရုပ်ရည်ကိုပဲ ကြည့်တယ်လို့ ထင်ခဲ့တာ၊ အခုမှပဲ နင်က အမျှော်အမြင်ရှိတာကို သိရတော့တယ်”

ချန်ချင်းယွီ “……”

“...ကျွန်မကို ဒီလောက်အထိ မြှောက်ပင့်ပေးနေစရာ မလိုပါဘူး။”

အဘွားကြီးကျောက် : “ဒါက မြှောက်ပင့်တာမှ မဟုတ်တာ။ အမှန်အတိုင်း ပြောတာကိုပဲ”

သူမ သက်ပြင်းတစ်ချက်ချရင်း ဆက်ပြောပြန်ကာ

“ငါကတော့... ငါ့ဦးနှောက်က နင့်လောက် မသွက်ဘူး။ အရင်ကတော့ ကျန့်ဝမ်က ဒါတွေကို ကိုင်တွယ်ခဲ့တာပေါ့။ အခုတော့ နင်ရှိနေလို့သာပဲ၊ နင်တို့နှစ်ယောက်လုံးက ပါးနပ်ကြလို့ တော်သေးတာ၊ မဟုတ်ရင် ငါတော့ အကြံအစည်တွေကြားထဲ သေနေလောက်ပြီ။ ဒီလူတွေက တကယ်ကို လူမဆန်ကြဘူး”

ချန်ချင်းယွီ : “ဒါကြောင့် အစ်ကိုကျန့်ဝမ် မရှိတော့တဲ့နောက်မှာ ကျွန်မတို့နှစ်ယောက် အရင်က ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး ပူးပေါင်းကြရမယ်လို့ ပြောတာပေါ့… မဟုတ်ရင် သူတို့ရဲ့ အကွက်ထဲ ကျသွားမှာ အသေအချာပဲ.. အစ်ကိုကျန့်ဝမ် မရှိတော့တဲ့နောက်မှာ ဘယ်လောက်တောင် ရှုပ်ထွေးတဲ့ကိစ္စတွေ ဖြစ်လာသလဲ ကြည့်ဦးလေ”

အဘွားကြီးကျောက် ; “အေးပါအေ၊ ဘယ်သူက ငြင်းမှာလဲ။ ဒီလို ယုတ်မာတဲ့ လူတွေရှိနေသရွေ့တော့...။”

ချန်ချင်းယွီ : “ရပါတယ်၊ ကျွန်မတို့ဘက်က အလိမ်မခံရသရွေ့တော့ အဆင်ပြေပါတယ်”

သူတို့နှစ်ဦးသည် အတန်ကြာအောင် တိုးတိုးတိတ်တိတ် ဆွေးနွေးပြီးနောက် ရေမိုးချိုးကာ အနားယူရန် ပြင်ကြသည်။ လူကြီးများ တိုးတိုးတိတ်တိတ် စကားပြောနေသည်ကို မြင်နေကျဖြစ်သော ကလေးငယ်မှာမူ ဘာမှမမေးတော့ဘဲ သူ့ဘာသာသူ လိမ္မာပါးနပ်စွာ အိပ်ပျော်နေနှင့်ပြီ ဖြစ်၏။

ချန်ချင်းယွီသည် ပါးပြင်လေးများ နီမြန်းကာ အိပ်မောကျနေသော ဝက်ကလေးနှစ်ကောင်နှင့်တူသည့် ကလေးငယ်များကို ကြည့်ရင်း ဆိုလိုက်လေသည်။

“ကျွန်မတို့သာ သေချာ ဂရုစိုက်နေမယ်ဆိုရင် အခြေအနေတွေက တဖြည်းဖြည်း ကောင်းလာမှာပါ”

အဘွားကြီးကျောက်လည်း ထောက်ခံ၏။

အမှန်အတိုင်း ပြောရလျှင် လတ်တလော၌ ပြဿနာများ အတော်လေး များခဲ့သည်။ ထိုသို့ဖြစ်ရခြင်းမှာ လူအများသည် သူမတို့ကို မုဆိုးမနှင့် မိဘမဲ့ကလေးများဟု ထင်မှတ်ကာ အနိုင်ကျင့်ချင်သောကြောင့်ပင်… အကယ်၍ သူမတို့ဘက်မှ အနည်းငယ်မျှ အားနည်းချက် ပြလိုက်သည်နှင့် ဤဝင်းကြီးအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်သွားပေလိမ့်မည်။

ဒါဟာ မိသားစုထဲမှာ ယောကျ်ားသား မရှိခြင်းကြောင့်ပင်…

ကံကောင်းထောက်မစွာဖြင့် သူမတို့ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ အဘွားကြီးကျောက်၏ ‘အာကြမ်းလျှာကြမ်း’ ဆိုသည့် နာမည်ကြီးမှုနှင့် ချန်ချင်းယွီ၏ စိတ်မြန်လက်မြန်ရှိပြီး သတ်သေမည်ဟု ခြိမ်းခြောက်တတ်သည့် စရိုက်တို့ကြောင့် မိသားစုကို အတော်အသင့် တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်၏။ အနည်းဆုံးတော့ ယခုအချိန်တွင် မည်သူမျှ သူမတို့ကို လာမရှုပ်ဝံ့ကြတော့ပေ။ ၎င်းမှာ အတော်လေး ကောင်းမွန်သော အခြေအနေပင်။

မနက်ခင်း နေရောင်ခြည်က ထူးထူးခြားခြား လင်းလက်တောက်ပနေသည်။

အဘွားကြီးကျောက်သည် မနေ့က အလုပ်နားသည်ဆိုသော်လည်း စက်ရုံမှာပင် အချိန်ကုန်ခဲ့ရ၏။ သို့သော်လည်း ယနေ့တွင်မူ ထုံးစံအတိုင်း အလုပ်သွားရပေဦးမည်။

အဘွားကြီးကျောက် အလုပ်သွားရန် စောစောထပြီး ပြင်ဆင်ရင်း ချန်ချင်းယွီကို “သတိထားဦးနော်” ဟု မှာကြားလေသည်။

ချန်ချင်းယွီလည်း နိုးလာပြီး မျက်လုံးများကို ပွတ်သပ်ရင်း

“သိပါပြီ။ သူခိုးက အလုပ်လုပ်မယ်ဆိုရင်တောင် သတင်းအရင် ကြားရဦးမယ်၊ ပြီးရင်လည်း ရက်အနည်းငယ်လောက် အခြေအနေ ကြည့်ဦးမှာပဲ မဟုတ်လား... ချက်ချင်းကြီးတော့ လာမှာမဟုတ်ပါဘူး၊ အဲဒီလောက်အထိ ရဲတင်းတဲ့သူခိုးတော့ မရှိနိုင်ပါဘူး”

“ဒါပေမဲ့လည်း ပေါ့ပေါ့ဆဆတော့ မနေနဲ့”

အဘွားကြီးကျောက် ထပ်မှာလိုက်၏။

ချန်ချင်းယွီ ခေါင်းညိတ်ပြလိုက်ကာ

“သိပါပြီ… သွားပါတော့”

သူမသည် မျက်လုံးများကို ပွတ်ရင်း အဘွားကြီးကျောက် အလုပ်မသွားမီ ကြက်မကြီး ဥ၊ မဥ သိရအောင် ကြက်ဖင်ကို အရင်စမ်းစစ်ကြည့်နေသည်ကို လှမ်းကြည့်နေမိသည်။

ကြည့်စမ်း... တစ်လောက ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ၊ ဒီအဘွားကြီး အကျင့်ကတော့ လုံးဝ မပြောင်းလဲဘူး….

မနက်တိုင်း အလုပ်မသွားခင် ကြက်မကြီး ဥ၊ မဥကို အရင်ဆုံး အသေအချာ စစ်ဆေးရမှ စိတ်အေးရသူ မဟုတ်လား…

တကယ့်ကို မယုံနိုင်စရာပါပဲ…

ချန်ချင်းယွီသည် သမ်းဝေရင်း အိပ်ရာမှထကာ ကိုယ်လက်သန့်စင် ပြင်ဆင်လိုက်သည်။ ထိုစဉ် ရှီကျန့်ရှန်းက အိမ်ထဲသို့ ခေါင်းပြူကြည့်ကာ လှမ်းမေးလာ၏။

"ရှောင်ချန်... ဒီနေ့ စောစောထလှချည်လား... ငါးမျှားသွားမလို့လား..."

ချန်ချင်းယွီ ခေါင်းခါပြရင်း

"မသွားပါဘူး။ ခဏနေရင် သမဝါယမ လူသုံးကုန်အရောင်းဆိုင်ကို သွားမလို့။ စက်ရုံက ကျွန်မတို့မိသားစုကို လျော်ကြေးလက်မှတ်တွေ ပေးထားတယ်မဟုတ်လား။ ယောက္ခမက ပြောတယ်... အိမ်မှာ နာရီတစ်လုံးတော့ ဝယ်ထားမှဖြစ်မယ်တဲ့၊ မဟုတ်ရင် အချိန်လည်း မသိရတော့ တော်တော်လေး အဆင်မပြေဘူးလေ"

"ဟုတ်တာပေါ့၊ နာရီရှိတော့ ပိုပြီး အဆင်ပြေတာပေါ့"

ရှီကျန့်ရှန်း ပြောဆိုကာ မျက်တောင်တခတ်ခတ်ဖြင့် စပ်စုလိုက်သည်။

"ဒီတစ်ခေါက် နင်တို့မိသားစု လက်မှတ်တွေ တော်တော်များများ ရလိုက်တယ် မဟုတ်လား..."

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

"ဟုတ်ကဲ့၊ တော်တော်များများ ရလိုက်ပါတယ်။"

လူတိုင်းက မြင်ထားကြသည်ဖြစ်ရာ ဝန်မခံ၍လည်း ဘယ်သူမှ ယုံကြမည်မဟုတ်ပေ။ ထို့ကြောင့် ချန်ချင်းယွီ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။

"ယောက္ခမက ပြောတယ်... အိမ်မှာ လိုနေတာတွေလည်း အများကြီးဆိုတော့ လက်မှတ်ရှိတုန်း ဝယ်ထားရမယ်တဲ့"

သူမသည် ရှီကျန့်ရှန်းကို အပြစ်ကင်းစင်၍ အလွန်ရိုးသားသော မျက်နှာထားဖြင့် ကြည့်ကာ

"ဒေါ်လေးရှီ... ကျွန်မတို့ ဒီတစ်ခေါက် ပစ္စည်းတွေ အများကြီး ဝယ်ရမှာဆိုတော့ ငွေနည်းနည်း လိုနေတယ်။ ကျွန်မကို ငွေလေး နည်းနည်းလောက် ချေးပေးနိုင်မလားဟင်..."

ရှီကျန့်ရှန်း : "……………………………………………………"

သူမသည် စိတ်မသက်မသာဖြင့် အားနာသလို ရယ်မောလိုက်ပြီး

"ဟီးဟီး... အမှန်တော့လေ၊ ငါ့အိမ်မှာက ငါက ပိုက်ဆံကို မချုပ်ကိုင်ရဘူး၊ ငါ့ယောကျ်ားကပဲ ကိုင်တာ။ နင်ကူညီတောင်းတာကို လုပ်ပေးချင်ပေမဲ့ ငါ့လက်ထဲမှာက ဟင်းဖိုးလေး နည်းနည်းပဲ ရှိတာဆိုတော့ လောက်မှာမဟုတ်ဘူး။ ငါ့ယောကျ်ား ပြန်လာမှပဲ... အေး... ငါ့ယောကျ်ား ပြန်လာမှပဲ သူ့ကို မေးကြည့်လိုက်ဦးနော်"

'နင်လို မိန်းမငယ်လေးတစ်ယောက်က ငါ့ယောကျ်ားဆီမှာ ငွေလာချေးဖို့ သတ္တိရှိပါ့မလား ကြည့်ရသေးတာပေါ့'

ရှီကျန့်ရှန်း စိတ်ထဲမှ တွေးနေမိသည်။

ချန်ချင်းယွီ ပြုံးလိုက်ပြီး

"ကောင်းပါပြီ၊ ဒါဆိုရင်တော့ ယောက္ခမ ပြန်လာမှပဲ ထပ်ပြောကြတာပေါ့"

ရှီကျန့်ရှန်းသည် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရပြီး အကြံပြုဟန်ပြောလိုက်၏။

"တကယ်တော့ ပစ္စည်းတွေဝယ်ဖို့ အဲဒီလောက် မလောပါနဲ့ဦး။ ဒီလက်မှတ်တွေမှာ သက်တမ်းကုန်မယ့်ရက် ပါပေမဲ့ စက်ရုံက ချက်ချင်းကြီး ကုန်ခိုင်းမှာ မဟုတ်ပါဘူး။ ဖြည်းဖြည်းချင်း ဝယ်လည်း ရပါတယ်။ တကယ်လို့ ငွေအရေးတကြီး လိုလာတဲ့အခါ လက်ထဲမှာ ငွေမရှိရင် ခက်နေဦးမယ်"

ချန်ချင်းယွီ : "ဒါပေမဲ့ ယောက္ခမက အလုပ်လုပ်နေတုန်းပဲလေ။"

ရှီကျန့်ရှန်း : "........." (အဲဒါနဲ့ ဘာဆိုင်လို့လဲ...)

ချန်ချင်းယွီ : "ယောက္ခမက လတိုင်း လစာနဲ့ လက်မှတ်တွေ ရနေတာပဲ။ လိုအပ်ရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း လဲလို့ရတာဆိုတော့ ဒါတွေကို စုထားစရာ မလိုပါဘူး။ ယောက္ခမက ပြောတယ်... သူလည်း ဒီလောက် လက်မှတ်အများကြီး တစ်ခါမှ မမြင်ဖူးဘူးတဲ့။ သူခိုးတွေ မျက်စိကျနေတာကိုလည်း မလိုချင်တော့ အမြန်ဆုံး ဝယ်ပစ်လိုက်တာကမှ စိတ်အေးရမယ်တဲ့။ မဟုတ်ရင် လူယုတ်မာတွေပဲ အကျိုးအမြတ် ရသွားလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် ပစ္စည်းတွေပဲလေ"

ရှီကျန်းရှန်း : "အင်း... အဲဒါလည်း ဟုတ်တာပါပဲ။"

ချန်ချင်းယွီ : "ဟုတ်ပါတယ်။ ဒါကြောင့် ကျွန်မ အရင်ဝယ်ထားလိုက်မယ်။ တကယ်လို့ ငွေမလောက်ရင်လည်း ဒီဝင်းထဲကလူတွေက ဝမ်းပန်းတသာ ကူညီကြမှာပါလို့ ကျွန်မ ယုံကြည်ပါတယ်။ စကားပုံတောင် ရှိတယ်မဟုတ်လား... ဝေးကွာတဲ့ ဆွေမျိုးထက် နီးစပ်တဲ့ အိမ်နီးချင်းက ပိုပြီး အားကိုးရတယ်ဆိုတာလေ၊ ဒေါ်လေးအဲဒီလို မထင်ဘူးလား..."

ရှီကျန့်ရှန်း : “ဟီးဟီး”

ချန်ချင်းယွီ ဆက်၍

"ယောက္ခမက အလုပ်လုပ်နေတာဆိုတော့ လတိုင်း လစာရမှာပဲ။ ချေးထားတဲ့ငွေကို မဆပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့က အကြွေးစာချုပ် ရေးပေးထားပြီး လစာရတာနဲ့ ချက်ချင်း ပြန်ဆပ်မှာပေါ့..."

ရှီကျန့်ရှန်း : “ဟီးဟီး”

ချန်ချင်းယွီ : "ကဲပါ... အဒေါ်နဲ့ စကားပြောမနေတော့ဘူး။ အရင်ဆုံး ဆိုင်ကို သွားလိုက်ဦးမယ်၊ ဝယ်စရာတွေ ရှိသေးတယ်လေ။ နောက်ကျနေရင် ယောက္ခမက ဆူနေဦးမယ်"

ရှီကျန့်ရှန်း : “ဟီးဟီး”

သူမ အားနာပါးနာ ရယ်ပြနေဆဲပင်။ ချန်ချင်းယွီသည် အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် မနက်စာ စားပြီးနောက် ကလေးနှစ်ယောက်ကို ခေါ်ကာ အပြင်သို့ ထွက်လာခဲ့သည်။ ကလေးငယ်နှစ်ယောက်မှာ စက်ဘီးပေါ်သို့ တက်ကြွစွာ တက်လိုက်ကြပြီး ချိုသာစွာ ပြုံးနေကြ၏။

ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသော ဘဝတွင် ကြီးပြင်းလာရသဖြင့် ကလေးများသည် ယခင်ကထက် ပို၍ လန်းဆန်းတက်ကြွလာကြသည်။

ယခင် ကြောက်တတ်ပြီး ငြိမ်လှသော ကလေးငယ်နှစ်ဦးမှာ လအနည်းငယ်အတွင်းမှာပင် ပွင့်လင်းလန်းဆန်းလာကြလေပြီ…

"မေမေ... သမီးတို့ ဘယ်သွားကြမှာလဲ..."

ရှောင်ယွမ်လေး တိုးတိုးလေး မေးလာ၏။

ယခင်၌ အစ်ကိုဖြစ်သူ နောက်မှ အရိပ်လို လိုက်နေတတ်သော ထိုကလေးငယ်လေးမှာ ချန်ချင်းယွီ၏ ပြုပြင်ပေးမှုကြောင့် ယခုအခါ စကားလည်း တတွတ်တွတ် ပြောတတ်လာပြီ ဖြစ်သည်။

"သမဝါယမ လူသုံးကုန် အရောင်းဆိုင်ကို သွားကြမယ်လေ"

ချန်ချင်းယွီ ပြန်ဖြေလိုက်ရာ …

"ဟေးးး ပျော်စရာကြီး..."

ကလေးများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြလေတော့သည်။

ချန်ချင်းယွီ ကလေးများကိုခေါ်ပြီး စက်ဘီးစီးထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှီကျန့်ရှန်း ရှေ့ဝင်းထဲကို အပြေးအလွှား ရောက်လာပြီး

"အဒေါ်ကြီးဝမ်... အဒေါ်ကြီးဝမ်..."

အဘွားကြီးဝမ်မှာ မနေ့ကတည်းက အိမ်မပြန်ဘဲ သူ့သားအိမ်တွင် ညအိပ်လေသည်။

"ဘာဖြစ်လို့လဲ..."

"ငါပြောပြမယ်၊ ကျန့်ဝမ်မိန်းမကလေ ဒီမနက်တင် ငါ့ဆီမှာ ငွေလာချေးနေတယ်၊ အမလေးတော့..."

သူမ တတွတ်တွတ်နှင့် ပြောပြလိုက်စဉ် အဘွားကြီးဝမ် မျက်လုံးများပြူးသွားပြီး

"ဟင်... သူတို့က ငွေချေးတယ်ဟုတ်လား... ပြန်ရော ဆပ်နိုင်ပါ့မလား..."

"ဘယ်သူက သိမှာလဲ... ငါလည်း ဘယ်လိုလုပ်ပြီး ခွင့်ပြုဝံ့မှာလဲ။ ငါ့ယောကျ်ားကိုပဲ မေးကြည့်ပါဦးလို့ လွှဲလိုက်ရတယ်။ အမလေး... ငါစဉ်းစားနေတာက နင်တို့မိသားစုက အခြေအနေကောင်းတော့ နင်တို့ဆီမှာလည်း သူလာချေးနိုင်တယ်။ ကြိုပြီး ပြင်ဆင်ထားဦး..."

"သိပါပြီ အဘွားကြီးရှီရယ်၊ ညည်း ဒါကို ကောင်းကောင်း ကိုင်တွယ်လိုက်တာပဲ၊ ကျေးဇူးတင်ပါတယ်။ ငါလည်း ငါ့မိသားစုကို ဒါမျိုး ပြောထားရမယ်။ ငွေချေးတယ်ဆိုတာ အလွယ်တကူ လုပ်လို့ရတဲ့အရာမှ မဟုတ်တာ။ ဘယ်သူက ငွေကို လွယ်လွယ်နဲ့ ရှာနေလို့လဲ... ချေးပြီး အကြာကြီး ပြန်မဆပ်ရင် တော်တော် စိတ်ပျက်ဖို့ကောင်းမှာ။ ဒါ့အပြင် အဒေါ်ကြီးကျောက်ကလည်း..."

သူတို့နှစ်ယောက် စကားဖောင်ဖွဲ့ပြီး မကြာခင်မှာပင် အလုပ်မသွားသည့် ဝင်းထဲမှ အဘွားကြီးများ အားလုံး ရှေ့ဝင်းထဲတွင် စုမိသွားကြ၏။

"ဒီလိုမျိုး ငွေလာချေးတာကတော့ တကယ်ကို အဆင်မပြေဘူး။ လူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတာပဲ။"

"ဒါပေါ့၊ သူတို့ကတော့ အိပ်မက်ယောင်နေတာပဲ။ ငါ့အထင်တော့ အဒေါ်ကြီးကျောက်ကပဲ ဒီအကြံကို ပေးတာနေမှာ။ သူက အဆိုးဆုံးလူစားမျိုးလေ။ ဒီတစ်ခါ လျော်ကြေးတွေလည်း ရထားသေးတယ်၊ လက်မှတ်တွေလည်း အများကြီးပဲ။ အပ်ချုပ်စက်အဝယ်လက်မှတ်တောင် ပါတယ်လို့ ကြားတယ်။ မကောင်းဘူးလား..."

"အပ်ချုပ်စက်အဝယ်လက်မှတ်ဆိုလို့၊ အဲဒါက တကယ့်ကို ကောင်းတာ။ ငါလည်း ဝယ်ဖို့ စုနေတာ။ အဲဒါက အကြီးစားဝယ်ယူမှုပဲလေ။ ငါစဉ်းစားနေတာက သူတို့မှာ လက်မှတ်ရှိပေမဲ့ မဝယ်နိုင်ရင် ငါ့ကိုပဲ ခဏချေးပေးရင် ကောင်းမလားလို့..."

"တော်စမ်း... နင်က အပ်ချုပ်စက်အဝယ်လက်မှတ်ကို ချေးချင်တယ် ဟုတ်လား... အိပ်မက်ယောင်နေတာပဲ။ နင်သာ လက်မှတ်သွားချေးကြည့်၊ သူက နင့်ဆီကနေ ငွေပြန်ချေးလိမ့်မယ်။ နင် တကယ် မေးဝံ့လို့လား... အိပ်မက်တောင် မမက်နဲ့။ နင်က သူ့ဆီက အခွင့်အရေးယူနိုင်မယ် ထင်နေတာလား..."

လက်မှတ်ချေးချင်သည်ဟု ပြေသူမှာ မျက်နှာပျက်ပျက်နှင့်

"ငွေအကြောင်းပြောရင် သံယောဇဉ်ပျက်တတ်လို့ပါ။ ငါက လက်မှတ်ရမှ သူ့ကို ပြန်ဆပ်မှာပေါ့..."

လူတိုင်း ချက်ချင်းပင် ရိပ်မိလိုက်ကြသည်မှာ…

ဒီလူက အလကားလိုချင်နေတာပဲ…

မကြောက်မရွံ့ အဘွားကြီးကျောက်ကို ဘာထင်နေပါလိမ့်..

အဘွားကြီးဟွမ် နှာခေါင်းရှုံ့လိုက်၏။

‘အဘွားကြီးကျောက်ဆီကနေ အခွင့်အရေးယူဖို့ ကြံစည်နေတာ သူက ဘယ်သူမို့လို့လဲ..’

‘ဒီလောကမှာ အဘွားကြီးကျောက်ဆီကနေ အသာစီးရသွားတဲ့သူ တစ်ယောက်မှ မရှိဖူးသေးပါဘူး၊ သူကတော့ အိပ်မက်ယောင်နေတာပဲ..

အဘွားကြီးကျောက်က အလျှော့ပေးမယ့်သူမျိုး မဟုတ်ဘူးလေ..နင်ဘယ်က သတ္တိတွေရနေတာလဲ…’

"နင် တကယ်ပဲ အိပ်မက်ယောင်နေတာ"

"ဟုတ်ပ၊ အဒေါ်ကြီးကျောက်ဆီက ဘယ်သူက အခွင့်အရေးယူနိုင်မှာလဲ..."

"သူ့မိသားစုက ဒီတစ်ခါတော့ တကယ့်ကို ကံထူးတာပဲ၊ အဒေါ်ကြီးကျောက်တောင် လစာတိုးသွားသေးတယ်လေ။"

"ဒါပေါ့... ငါ အဲဒီ စာအိတ်အထူကြီးကို မြင်လိုက်သားပဲ။ လက်မှတ်တွေ အများကြီးပဲနေမှာ... ငါတို့ စက်ရုံလူကြီးတွေက တကယ့်ကို ရက်ရောပြီး တရားမျှတကြတာ။ ဪ... ဒါနဲ့ လီတာ့ရှန်းတို့ဝင်းထဲက လျိုကျင့်တို့မိသားစုရော လျော်ကြေးရလား..."

"ရတာပေါ့... သူတို့လည်း ရကြပါတယ်၊ ဒါပေမဲ့ အဒေါ်ကြီးကျောက်တို့လောက်တော့ ဘယ်ရပါ့မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် လင်းကျန့်ဝမ်က ဆုံးသွားပြီဆိုတော့ အဲဒါကို သူတို့ ထည့်တွက်ပေးရတာပေါ့။"

"ဒါလည်း ဟုတ်တာပါပဲ။"

"တကယ်တော့ လင်းကျန့်ဝမ်က သူခိုးဖမ်းရင်း သေသွားတာဆိုတော့ ချဲယုံဖုန်းနဲ့ လီတာ့ရှန်းတို့ကိုပဲ လုံးဝ အပြစ်တင်လို့တော့ မရဘူး..."

လင်စန်းရှင်း တိုးတိုးလေး ရေရွတ်လိုက်၏။

ထိုအခါ ရှီရှန်းမှာ

"အဲဒါတော့ အဲ့လိုလည်း ပြောလို့မရဘူးလေ… အကယ်လို့ လီတာ့ရှန်းသာ လင်းကျန့်ဝမ်ကို အမြဲတမ်း အချိန်ပို မဆင်းခိုင်းဘူးဆိုရင်၊ အဲဒီညက အချိန်ပိုမဆင်းရင် သူ သေမှာမဟုတ်ဘူး။ ဒါကြောင့် သေချာပေါက် ပတ်သက်မှုတော့ ရှိနေတာပဲ။"

"ဟုတ်တယ်၊ သေချာပေါက် ပတ်သက်နေတာ။"

"ဟေး... ဒီမနက် ကျောက်ရုံကို တွေ့လိုက်ကြလား..."

ထိုအချိန် အဘွားကြီးဝမ်မှာ လျှို့ဝှက်သောလေသံနှင့် ဝင်ပြောလေသည်။

"မတွေ့ဘူး၊ ဘာဖြစ်လို့လဲ..."

"ငါတွေ့လိုက်တယ်။ သူ့ခေါင်းမှာ ပတ်တီးတွေ ပတ်ထားရတယ်။ ဘာဖြစ်တာလဲလို့ ငါမေးတော့ သူက ခါးခါးသီးသီး ပြုံးပြပြီး ဘာမှမပြောဘူး။ နင်တို့ သိကြလား..."

အဘွားကြီးဝမ် ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"ငါ သိတာပေါ့။ ငါ့ချွေးမက သူ့ကို ဆေးရုံလိုက်ပို့ပေးခဲ့တာလေ..ယွမ်ရှောင်ချွေက သူ့ကိုရိုက်ပြီး နံရံနဲ့ ဆောင့်တွန်းလိုက်တာ။ သွေးတွေလည်း အများကြီး ထွက်သွားတယ်။ ငါ့ချွေးမသာ အချိန်မီ မပို့ပေးရင် သူ သေတောင် သေသွားနိုင်တယ်.. ယွမ်ရှောင်ချွေက သူ့ကိုတွန်းပြီး ဘာမှဂရုမစိုက်ဘဲ ထွက်ပြေးသွားတာ။ နင်တို့ မသိဘူး၊ မနေ့က ဆေးရုံမှာ ကျောက်ရုံက ငါ့ချွေးမကို ရင်ဖွင့်ပြီး အကြီးအကျယ် ငိုနေတာ.."

သူမ မထီမဲ့မြင်ပြု၍ လှောင်ပြောင်သော လေသံဖြင့် ဆက်ပြောကာ

"အဲဒီကောင်မလေးက တကယ့်ကို အသုံးမကျတဲ့ဟာ… ကျောက်ရုံက သူ့ကို အလုပ်ရှာမပေးလို့ဆိုပြီး ရန်မူတာတဲ့။ ကျောက်ရုံခမျာ ဘာရလို့လဲ... သူ့အရင်ယောကျ်ားနဲ့ ရခဲ့တဲ့သမီးကို အကုန်အကျခံပြီး ပြုစုစောင့်ရှောက်တယ်၊ ကိုယ့်သားသမီးတွေရသလို အကုန်ဝယ်ပေးတယ်၊ ဒါတောင် ကျေးဇူးမသိတတ်ဘူး..တကယ့်ကို ကျေးဇူးကန်းတဲ့ဟာမပဲ"

"အာ... ယွမ်ရှောင်ချွေက တကယ့်ကို အသိတရားမရှိတာပဲ.."

"ဟုတ်ပါရဲ့. သူက အမြဲတမ်း ဒီလိုပဲ မဟုတ်လား... အမြဲတမ်း မောက်မာပြီး ရိုင်းစိုင်းတာ.."

လူတိုင်း ယွမ်ရှောင်ချွေအကြောင်းကို ပြန်ပြီး အားရပါးရ ဝိုင်းပြောနေကြပြန်သည်။ ယွမ်ရှောင်ချွေသည် ဒုတိယဝင်း၏ တံခါးဝတွင် ရပ်ရင်း ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်ထားမိ၏။ ထိုလူများကို အနားသွားပြီး ရိုက်နှက်ပစ်ချင်စိတ် ပေါက်နေသော်လည်း ယခုအချိန်တွင် ထိုသို့လုပ်၍မရမှန်း သူမ သိနေသည်။

သူမ စိတ်အေးအေးထားရမည်၊ စိတ်ကို ထိန်းရမည်။

ယွမ်ရှောင်ချွေသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အပြင်သို့ အရှိန်အဟုန်ဖြင့် လှမ်းထွက်လာခဲ့၏။

လူတိုင်း သူမကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသည်။ ယွမ်ရှောင်ချွေ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ခေါင်းကို မော့၊ သူမ၏ နောက်ဆုံးလက်ကျန် ဂုဏ်သိက္ခာကို ထိန်းသိမ်းရင်း အပြင်သို့ ထွက်လာခဲ့၏။ သူမ တံခါးဝမှ ကျော်လိုက်သည်နှင့် တစ်ပြိုင်နက် ဝင်းထဲတွင် ဝိုင်းဖွဲ့ပြောဆိုသံများ ပြန်လည် ဆူညံလာသည်ကို ကြားလိုက်ရသည်။ သူမ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒေါသတကြီး နှာမှုတ်ထုတ်လိုက်မိ၏။

သူမသည် အိတ်ကပ်ထဲသို့ လက်နှိုက်ပြီး အိမ်ထောင်စုစာရင်းစာအုပ်ကို တိတ်တဆိတ် ထုတ်ယူလိုက်သည်။ မိမိဘာသာ စာရင်းသွင်းရန် ရည်ရွယ်ထားခြင်း ဖြစ်၏။

ဒီအိမ်မှာ ဆက်နေလို့မရတော့မှတော့ ဒီကိစ္စကို သူမဘာသာပဲ ထိန်းချုပ်ရမယ်…

ကျောက်ရုံကို စာရင်းသွင်းခွင့် လုံးဝမပေးနိုင်ဘူး…

ကျောက်ရုံသည် စိတ်ထားအညစ်

ပတ်ဆုံးလူ ဖြစ်၍ သူမ ထိုအချက်ကို အသုံးချပြီး လူများကို မည်မျှလိမ်ညာဦးမည်ကို ဘယ်သူမှမသိနိုင်ပေ။ ယွမ်ရှောင်ချွေသည် ပညာတတ်လူငယ်ရုံးသို့ တန်းတန်းမတ်မတ် ဦးတည်သွားလေတော့သည်။

အကယ်၍ သူမ၏ ဇာတိမြေသို့ ပြန်ပြီး ကျေးလက်ဆင်းရမည်ဆိုပါက အကောင်းဆုံးပင်…

သို့သော် သူမ၏ ဇာတိသည် မြို့တော်နှင့် မဝေးလှဘဲ ထျန်းကျင်းဝန်းကျင်မှ ကျေးလက်ဒေသဖြစ်ရာ ထိုနေရာသို့သွားရန် အလွန်ခက်ခဲပေလိမ့်မည်။

ထို့အပြင် ယခင်နေ့မှလည်း သူမသည် ပညာတတ်လူငယ်ရုံး၌ ပြဿနာရှာခဲ့သေးသည်။ သူမ အသေအချာ စဉ်းစားပြီးနောက် အရင်သွားကြည့်ရန် ဆုံးဖြတ်လိုက်၏။

‘တကယ်လို့ ဝန်ထမ်းတွေက မနေ့ကလူတွေပဲဆိုရင် စာရင်းမသွင်းသေးဘဲ နေလိုက်မယ်… လူသစ်တွေဆိုရင်တော့ အသနားခံ ကြည့်ရမယ်…’

‘တကယ်လို့ ဇာတိမြေကို ပြန်လို့မရဘူးဆိုရင်လည်း သူမအစ်ကို မာကျန်း ဆင်းသွားတဲ့နေရာကိုပဲ သွားတော့မယ်’

အနည်းဆုံးတော့ ထိုနေရာနှစ်ခုအကြောင်းကို သူမ အနည်းငယ် သိထားသည် မဟုတ်လော့။

ယွမ်ရှောင်ချွေသည် မနေ့ညက တစ်ညလုံး မျက်တောင်မခတ်ဘဲ အဖြေရှာခဲ့ရသည်။ ထွက်ပေါက်တစ်ခုရရန် ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့ရ၏။ ထိုနေရာနှစ်ခုထဲမှ တစ်ခုခုကိုရအောင် ကြိုးစားမည်၊ အကယ်၍ နှစ်ခုလုံး အဆင်မပြေလျှင် ကောက်ပဲသီးနှံ ထွက်နှုန်းကောင်းသည့် အရှေ့မြောက်ပိုင်းကို ရွေးမည်ဖြစ်ပြီး အခြေအနေ အလွန်ဆိုးဝါးသည့်နေရာများကို ရှောင်ရှားမည်ဖြစ်သည်။

ယွမ်ရှောင်ချွေ ဆုံးဖြတ်ထားပြီးသားဖြစ်၏။ အကယ်၍ အားလုံးအဆင်မပြေလျှင် သူမသည် သနားစရာကောင်းသူအဖြစ် ဟန်ဆောင်

မည်။

မိထွေးက မကောင်းရင်တောင် ပထွေးပါလာမှာပဲ~~ ဒါဟာ သူမအတွက် အသုံးချစရာ တစ်ခုပဲ…

သူမသည် မိမိကိုယ်တိုင်အတွက် တိုက်ပွဲဝင်ပြီး ဘဝကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချထား၏။

ကျေးလက်ဆင်းရတာပဲ... မာကျန်းတောင် ကျေးလက်ဘက်မှာ ထွက်ပေါက်ရှာနိုင်ရင် ငါလည်း ရှာနိုင်ရမှာပေါ့...

သူမ လမ်းလျှောက်လာရင်းနှင့် သမဝါယမ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်မှ ပစ္စည်းများ သယ်လာသည့် ချန်ချင်းယွီကို ရုတ်တရက် မြင်လိုက်ရသည်။ ယွမ်ရှောင်ချွေ၏ မျက်လုံးများ ဝင်းလက်သွားပြီး အနားသို့ အပြေးအလွှား သွားကာ “ချန်ချင်းယွီ...” ဟု ကျယ်လောင်စွာ လှမ်းခေါ်လိုက်၏။

ချန်ချင်းယွီ : “ယွမ်ရှောင်ချွေ...”

ယွမ်ရှောင်ချွေ ချန်ချင်းယွီ၏ လက်မောင်းကို ဆွဲကာ အလျင်အမြန်ပင်

“နင့်ကို ပြောစရာ ရှိတယ်.........”

ချန်ချင်းယွီ : “.........”

ယွမ်ရှောင်ချွေ : “လာပါ၊ စကားပြောလို့ရမယ့် နေရာတစ်ခု ရှာရအောင်။”

ချန်ချင်းယွီ မလှုပ်မယှက်ဖြင့်

“ဘာကိစ္စလဲ... ဝင်းထဲရောက်မှပဲ ပြောကြတာပေါ့...”

ယွမ်ရှောင်ချွေ : “ဝင်းထဲ ပြန်ရောက်ရင် လူတွေ အကုန်သိကုန်မှာပေါ့။ ငါ တကယ်ပဲ နင့်ကို အရေးကြီးတာ ပြောစရာရှိလို့ပါ။”

သူမသည် ဝင်းထဲမှ လူများကို လုံးဝ မယုံကြည်နိုင်ပေ။

ချန်ချင်းယွီ : “ဒါဆိုရင်လည်း လမ်းကြားတွေထဲတော့ မသွားဘူးနော်၊ ငါ စိတ်မချဘူး။ ဒီမှာပဲ ပြောပါ။”

သူမ ပွင့်ပွင့်လင်းလင်းပင် ထပ်ပြောကာ

“နင့်ကို မယုံလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါတို့ မိသားစုက လက်မှတ်တွေ အများကြီး ရထားတာဆိုတော့ တစ်ယောက်ယောက်က မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေမှာ ကြောက်လို့ပါ။ ငါတို့က မိန်းမနှစ်ယောက်နဲ့ ကလေးနှစ်ယောက်ပဲ ရှိတာဆိုတော့ လူပြတ်တဲ့နေရာတွေ မသွားချင်ဘူး”

ယွမ်ရှောင်ချွေ ; “နင်ကတော့...”

သို့သော် သူမ ချက်ချင်းပင် မေးလိုက်၏။

“နင်တို့မိသားစုမှာ လက်မှတ်တွေ တော်တော်များများ ရှိတာလား...”

ချန်ချင်းယွီ ခေါင်းညိတ်ပြကာ

“ဟုတ်တယ်၊ ဘာဖြစ်လို့လဲ...”

ယွမ်ရှောင်ချွေ : “ငါ နည်းနည်း ဝယ်ချင်လို့၊ ငါ့ကို ရောင်းမလား...”

ချန်ချင်းယွီ ခေါင်းခါလိုက်ပြီး

“ငါတို့က မရောင်းပါဘူး၊ ဒါမျိုး အရောင်းအဝယ် လုပ်တာက စွန့်စားရာ ရောက်တယ်။ လျှောက်မပြောပါနဲ့၊ ဒါက အန္တရာယ်ရှိတယ်”

ယွမ်ရှောင်ချွေ တစ်ချက် ကြောင်သွားပြီးမှ ထပ်၍

“အေးပါ၊ အေးပါ၊ ဒါဆိုရင်လည်း ငါ့ကို ငွေနည်းနည်းလောက် ချေးပါဦး”

ချန်ချင်းယွီ : “အိမ်က ကိစ္စတွေကို ငါ ဆုံးဖြတ်လို့ မရဘူး၊ ယောက္ခမကိုပဲ မေးကြည့်ပါ”

ထို့နောက် ချန်ချင်းယွီ အဓိပ္ပာယ်ပါပါဖြင့် ထပ်လောင်း ပြောလိုက်၏။

“တကယ်တော့ ငါ့ ယောက္ခမက စကားပြောရတာ အရမ်းလွယ်ပါတယ်။ နင်တို့အားလုံးက သူ့ကို အထင်လွဲနေကြတာ… သူက အပြင်ပန်းသာ အေးစက်နေတာ၊ စိတ်ရင်းကတော့ နွေးထွေးပါတယ်”

ယွမ်ရှောင်ချွေ : “...”

သူမ တစ်ခုခု ပြောချင်သော်လည်း ချန်ချင်းယွီသည်လည်း အားနည်းသူတစ်ယောက်သာ ဖြစ်သည်ဟု တွေးမိကာ “ထားလိုက်ပါတော့၊ နင် သွားတော့” ဟုသာ ပြောလိုက်တော့သည်။

ချန်ချင်းယွီက ခေါင်းညိတ်ပြပြီး သူမ၏ စက်ဘီးလေးကို တွန်းကာ ထွက်ခွါသွားခဲ့၏။

အလျင်အမြန် ထွက်ခွာသွားသော ယွမ်ရှောင်ချွေ၏ ကျောပြင်ကို ကြည့်ရင်း သူမ၏ စိတ်ထဲတွင် အကြံကောင်းတစ်ခု ရသွားသည်။ ထိုအကြံသည် ယွမ်ရှောင်ချွေ၏ ဆန္ဒကိုလည်း ပြည့်ဝစေမည်၊ သူမ ကျေးလက်ရောက်သည့်အခါ ဘဝကို ပိုမိုလွယ်ကူစေမည်ဖြစ်သလို ချန်ချင်းယွီ မိသားစု၏ ကိစ္စရပ်များကိုလည်း ချောမွေ့စွာ ဖြေရှင်းနိုင်မည့် အကြံတစ်ခုပင်။

သူမသည် တိတ်တဆိတ် ပြုံးလိုက်မိသည်။

သူမအနေဖြင့် ယွမ်ရှောင်ချွေနှင့် စကားပြောရန် မသင့်တော်သော်လည်း သူမ၏ ယောက္ခမကမူ... ပြောနိုင်သည် မဟုတ်ပါလား…

အခန်း ၈၄။ ချန်ရိကျွင်းအရိုက်ခံရပြီ

ချန်ချင်းယွီသည် ယခုတစ်ခေါက်တွင် သူမ၏မိသားစုအတွက် နာရီတစ်လုံး ဝယ်ယူခဲ့သည်။ ၎င်းအပြင် သူမ၌ရှိသော သကြားလက်မှတ်များကို အသုံးပြု၍ သကြားညို နှစ်ထုပ်နှင့် သကြားဖြူ နှစ်ထုပ်ကိုလည်း ဝယ်ယူခဲ့သေး၏။

အမှန်စင်စစ် ဤသကြားအမျိုးအစားမှာ အထားခံပြီး အသုံးလည်းများသောကြောင့် ချန်ချင်းယွီ လက်ဝယ်ရှိသမျှ လက်မှတ်များကို အကုန်သုံး၍ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ တကယ်တမ်းဆိုလျှင် သူမတွင် လက်မှတ်များ ထပ်ရှိနေပါကလည်း ထပ်မံဝယ်ယူမိမည်သာ ဖြစ်၏။

သို့သော်လည်း စကားပုံတစ်ခုရှိသည်မဟုတ်လော့… "စိတ်ကရှိပေမယ့် အိတ်ကမဖောင်းဘူး” ဆိုသည်မှာ ဤသို့ပင်။ လက်ရှိအခြေအနေသည် လက်မှတ်ကုန်သွားပြီတည်း။

ထို့ကြောင့် ချန်ချင်းယွီမှာ မိမိကိုယ်ကိုယ် ထိန်းချုပ်လိုက်ရလေသည်။

သို့သော် အထည်လက်မှတ်၊ သကြားလက်မှတ်နှင့် ရိက္ခာလက်မှတ်စသည်တို့မှာ သူမ၏မိသားစုအတွက် လုံလောက်သည်ထက်ပင် ပိုနေသေး၏။ သူမကိုယ်တိုင်အတွက်ပင် မလောက်ငှသဖြင့် သူတစ်ပါးနှင့် လဲလှယ်ရန်ပင် မစဉ်းစားအားပေ။ ထို့အပြင် ဤသည်မှာ ကံကောင်းခြင်းတစ်ခုလည်း ဖြစ်သည်။ သူမသည် ဂွမ်းကပ်အင်္ကျီတစ်ထည်ကို အသစ်ချုပ်လုပ်ပြီးစီးထားသောကြောင့် ယခုအခါတွင် အလွန်အမင်း ဖုံးကွယ်နေစရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် တရားဝင်ဝင်ငွေအရင်းအမြစ် ရှိနေပြီဖြစ်သောကြောင့်တည်း။

ချန်ချင်းယွီသည် သူမ၏စက်ဘီးကို ဝင်းထဲသို့ တွန်းလာစဉ် လူအားလုံးမှာ စိတ်အားထက်သန်စွာဖြင့် စကားလက်ဆုံကျနေကြဆဲ ဖြစ်သည်။

"ရှောင်ချန်၊ ဘာတွေဝယ်လာတာလဲ..."

"နင်ကတော့ တကယ်ပဲ၊ ရသမျှပိုက်ဆံကို ပြောင်အောင်သုံးတာပဲ။ ပိုက်ဆံကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာ လုံးဝကို မသိဘူး..."

ဤစကားမှာ အဘွားကြီးဝမ်ထံမှ ထွက်ပေါ်လာခြင်းဖြစ်၏။ သူမသည် ဤဝင်းအတွင်း၌ နေထိုင်သူမဟုတ်သော်လည်း မိမိကိုယ်ကိုယ် အထက်တန်းစားတစ်ဦးဟု အမြဲမှတ်ယူထားသူ ဖြစ်သည်။ သူတစ်ပါး ပစ္စည်းဝယ်သည်ကို မြင်လျှင် သူမ အမြဲမကျေမနပ် ဖြစ်တတ်၏။ အခြားသူအားလုံး ဆင်းရဲပြီး သူမတစ်ဦးတည်းသာ ချမ်းသာနေသည်ကို ပို၍နှစ်သက်သူဖြစ်သည်။

အခြားသူအားလုံး ကြမ်းတမ်းသော အစားအစာများကို စားနေရပြီး သူမသည်ကား အသားငါးများကို စားနေရမည်ဆိုပါက သူမအတွက် အကောင်းဆုံးပင်။

သူမ မနာလိုစိတ်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။

"ဘာတွေဝယ်လာတာလဲ... နာရီလား... နင်တို့အတွက် ဒါက တကယ်လိုအပ်လို့လား..."

ချန်ချင်းယွီ ပြုံးလိုက်ပြီး လေသံအေးအေးဖြင့် ပြန်ပြောလိုက်၏။

"ဒေါ်လေးဝမ်၊ ဘာတွေပြောနေတာလဲ။ ဒေါ်လေးတို့မိသားစုအတွက် လိုအပ်တယ်ဆိုရင် ကျွန်မတို့မိသားစုအတွက်လည်း လိုအပ်တာပေါ့.. နာရီတစ်လုံးရှိတော့ ပိုပြီးအဆင်ပြေတာပေါ့… မဟုတ်ရင် တစ်ခုခုဖြစ်လာရင် အချိန်တောင်မသိဘဲ အခက်တွေ့နေဦးမယ်။ နောက်ပြီး တတ်နိုင်တဲ့သူတိုင်း နာရီရှိကြတာပဲလေ.. နှမြောစရာကောင်းတာက သမီးတို့မိသားစုက သိပ်မချမ်းသာလို့ပေါ့၊ မဟုတ်ရင် ယောက္ခမအတွက် လက်ပတ်နာရီတစ်လုံးပါ ဝယ်ပေးလိုက်ချင်တာ။ အလုပ်လုပ်တဲ့သူတွေအတွက်ဆို လက်ပတ်နာရီက ပိုတောင်အဆင်ပြေသေးတယ်။"

ခဏရပ်ပြီးနောက် ချန်ချင်းယွီက ဆက်ပြောလိုက်ပြန်၏။

"ဒေါ်လေးဝမ်ကတော့ ဒါမျိုးမလိုပါဘူးလေ.. ဒေါ်လေးက အလုပ်လုပ်စရာမှ မလိုတာ၊ အဆင်ပြေပါတယ်။ သမီးယောက္ခမကတော့ အလုပ်လုပ်ရတယ်လေ၊ သူက အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဆိုတော့"

"နင်က ဘယ်လိုစကားပြောတာလဲ... ဘာကိုဆိုလိုတာလဲ... ငါ့မှာ အလုပ်မရှိဘူးဆိုပြီး လှောင်နေတာလား..."

အဘွားကြီးဝမ်သည် ဤစကားကို စော်ကားမှုဟု ခံစားလိုက်ရပြီး ချန်ချင်းယွီကို မကျေမနပ် စိုက်ကြည့်လိုက်သည်။ ချန်ချင်းယွီ သူမ၏နှုတ်ခမ်းကို အသာအယာကိုက်ကာ ထိရှလွယ်သော ပန်းကလေးဟန်ဖြင့်

"ဘာလို့ စိတ်ဆိုးနေတာလဲဟင်... ကျွန်မက ဘာရည်ရွယ်ချက်မှ မရှိပါဘူး.. ဒေါ် လေး ကျွန်မကို အထင်လွဲသွားပြီထင်တယ်.. တကယ်ပါ၊ ဘာကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ သမီးကိုယ်တိုင်လည်း အလုပ်လုပ်နေတာမှ မဟုတ်တာ.. စိတ်ထဲရှိတဲ့အတိုင်း ပြောလိုက်မိတာပါ။ ဒေါ် လေး တကယ်ပဲ အထင်လွဲနေပါပြီ။"

"အဒေါ်ကြီးဝမ်ရယ်၊ ဘာလို့ စိတ်တိုနေတာလဲ... ရှောင်ချန်က ဘယ်လိုလူလဲဆိုတာ ရှင်မသိတာလည်း မဟုတ်ဘူး.. သူက ဘာအကြံအစည်မှရှိတဲ့သူ မဟုတ်ဘူး၊ စိတ်ထဲရှိတာကိုပဲ ပြောတတ်တာ… ရှင်ပဲ အများကြီးတွေးနေတာပါ… ဒါက ရိုးရိုးတန်းတန်း စကားပြောနေကြတာပဲ မဟုတ်လား... နောက်ပြီး ရှောင်ချန်ပြောတာလည်း မှန်တာပဲ။ သူက အဒေါ်ကို လှောင်တယ်ဆိုရင် သူ့ကိုယ်သူလည်း လှောင်ရာကျနေမှာပေါ့… သူကိုယ်တိုင်လည်း အလုပ်မလုပ်တာပဲလေ၊ ရှင့်ကို ဘာလို့ လှောင်ရမှာလဲ... ရှင်ကိုက အထိမခံလွန်းလို့ပါ.. ဘာဖြစ်လို့ ခဏခဏ စိတ်တိုနေရတာလဲ..."

ရှီကျန့်ရှန်းက ချန်ချင်းယွီဘက်မှ ရှေ့နေလိုက်ပေးလိုက်သည်။

(ဒါကတော့ ရှေးရိုးစွဲအယူသီးမှုတွေရဲ့ အကျိုးဆက်တစ်ခုပဲ ဖြစ်မှာပါ။)

ချန်ချင်းယွီ: "ဟုတ်ကဲ့။"

သူမ၏အသံမှာ နုနယ်ပြီး အပြစ်ကင်းစင်သော ကလေးငယ်တစ်ဦးကဲ့သို့ တိုးညင်းလှ၏။

အဘွားကြီးဝမ် နှာခေါင်းရှုံ့လိုက်ရင်း

"ဖြုန်းတီးလိုက်တာ... ဒီလိုနေတာဟာ ပိုက်ဆံကို အလဟဿ ဖြုန်းနေတာပဲ"

ချန်ချင်းယွီ မျက်တောင်လေး အသာခတ်ကာ ပြန်လည်ပြောဆိုလိုက်လေသည်။

"ကျွန်မတို့မိသားစုက ပိုက်ဆံကို စုမထားဘူး.. လိုအပ်တာရှိရင် သုံးလိုက်တာပဲ.. ဒါက ယောက္ခမရဲ့ အကြံဉာဏ်ပါ.. သူက အတွေ့အကြုံတွေ အများကြီးရှိခဲ့တော့ အမြော်အမြင်ရှိတယ်လေ၊ ကျွန်မကတော့ သူ့စကားကိုပဲ နားထောင်တာ"

အဘွားကြီးကျောက်ထံသို့ အပြစ်ပုံချ…1 +

ချန်ချင်းယွီ ဆက်ပြောပြန်ကာ

"မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ၊ ဒါကြောင့် အရမ်းကြီး ခြိုးခြံမနေသင့်ပါဘူး။ အမြဲတမ်း စုနေရုံပဲဆိုရင် နောက်ဆုံးကျ ဘာမှမခံစားရဘဲ ဖြစ်သွားလိမ့်မယ်၊ အဲဒါမှ တကယ့်အဖြုန်းတီးကြီး ဖြစ်မှာ။"

နောက်ထပ် အပြစ်ပုံချမှု 2+

သို့သော်လည်း ချန်ချင်းယွီမှာ ဘာမှစိုးရိမ်ခြင်းမရှိပေ။

အဘယ်ကြောင့်ဆိုသော် သူမနှင့် အဘွားကြီးကျောက်တို့သည် ဤကိစ္စကို ကြိုတင်သဘောတူထားပြီး ဖြစ်သောကြောင့်တည်း။

ချန်ချင်းယွီ : "ကျွန်မ အိမ်ပြန်တော့မယ်။ သကြားပေါက်စီ သွားလုပ်ဦးမယ်"

"ဟင်... သကြားပေါက်စီ လုပ်မလို့လား... ပွဲတော်ရက်လည်း မဟုတ်ဘဲနဲ့ ဒါက အရမ်းဖြုန်းတီးရာ မကျလွန်းဘူးလား..."

လင်စန်းရှင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။

လင်စန်းရှင်းသည် လူရှေ့တွင် ဗြောင်မပြောရဲသော်လည်း ကွယ်ရာတွင်တော့ အမြဲတစေ တိုးတိုးတိုးတိုးဖြင့် ပြစ်တင်ပြောဆိုတတ်သူဖြစ်သည်။ ချန်ချင်းယွီကစိတ်မဆိုးသည့်အပြင် ပြုံးလျက်ပင် ဤသို့ဆိုလိုက်၏။

"ကျွန်မယောက္ခမက ပြောတယ်လေ... ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှိနေတုန်း မသုံးလိုက်ရဘဲ သေသွားရတာမျိုးတော့ အဖြစ်မခံနိုင်ဘူးတဲ့.. ဒါကြောင့် ပိုက်ဆံရှိရင် ရှိသလောက် ချက်ချင်းသုံးပစ်တာပဲ.. ၁၀ ယွမ်ရှိရင် ၁၀ ယွမ်ဖိုးသုံးတယ်၊ ၁၀၀ ရှိရင် ၁၀၀ ဖိုး သုံးပစ်လိုက်တာပဲ.."

"..."

ကျန်သောသူအားလုံး ဆွံ့အသွားကြကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

သူမပြောတာက တစ်မျိုးတော့လည်း ဟုတ်သလိုလိုရှိသော်လည်း ပိုက်ဆံကို စနစ်တကျ မစီမံဘဲ ဘယ်လိုလုပ် အသက်ဆက်လို့ ရပါမည်နည်း…

မမျှော်လင့်ထားတဲ့ အရေးပေါ်ကိစ္စတွေ ပေါ်လာမှာကို ဘယ်သူက အာမခံနိုင်မှာလဲ..

ဒါ့အပြင်...

"တကယ်လို့ ပိုက်ဆံတွေ အကုန်သုံးပစ်လိုက်လို့ ပြောင်သွားပြီ၊ ဒါပေမဲ့ လူက မသေသေးဘဲ အသက်ရှင်နေရင် ဘယ်လိုလုပ်မလဲ..."

ချန်ချင်းယွီ အပြစ်ကင်းစင်သော လေသံဖြင့် အေးအေးဆေးဆေးပင် ပြန်ဖြေပေးလိုက်၏။

"အဲဒါလည်း ရှုံးတယ်လို့ မခေါ်ပါဘူး။ အနည်းဆုံးတော့ ကိုယ်က ကောင်းကောင်းမွန်မွန် စံစားသွားရတာပဲလေ"

အင်း...

အားလုံး ငြိမ်ကျသွားပြီး ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။

"အဒေါ်ကြီးကျောက် ဘာဖြစ်သွားတာလဲ... သူက အရင်က အရမ်းစေ့စပ်သေချာတဲ့သူ မဟုတ်လား..."

"စေ့စပ်တာလား... သူက အရင်က အစားအသောက်တွေ ခိုးစားတတ်တာ နင်တို့မမှတ်မိဘူးလား..."

"အေးလေ... နင်ပြောတာလည်း ဟုတ်သားပဲ။"

"သူက အတ္တကြီးတာ။ အခုလည်း ဒီလိုပုံစံနဲ့ နေနေတယ်။ ဘယ်လိုလုပ် ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာလဲ... ဒါတော့ မဟုတ်သေးပါဘူး။"

"ဟေး... မဟုတ်သေးဘူးလေ၊ ဘယ်သူကများ ဒီလိုမျိုး နေထိုင်ရဲမှာလဲ..."

"ဒါပေမဲ့ စဉ်းစားကြည့်ပြန်တော့လည်း သူ့ယောကျ်ားက ငယ်ငယ်နဲ့ဆုံးတယ်၊ သားကလည်း ငယ်ငယ်နဲ့ဆုံးတယ်ဆိုတော့... သူက မနက်ဖြန်အတွက် ဘာမှဂရုမစိုက်တော့ဘဲ နေတာကတော့ သဘာဝကျပါတယ်လေ..."

"အင်း..."

"ရှောင်ချန်၊ နင်လည်း နင့်စိတ်နဲ့နင် ရှိရဦးမယ်လေ.. ယောက္ခမပြောတာချည်းပဲ နားထောင်နေလို့ ဘယ်ဖြစ်မလဲ"

ချန်ချင်းယွီ ပန်းကလေးနှယ် အပြစ်ကင်းစင်သော မျက်နှာပေးလေးဖြင့်

"ယောက္ခမစကားကို နားထောင်ရမှာပေါ့.. သူက အိမ်ထောင်ဦးစီးလေ၊ သူက အလုပ်သွားပြီး ပိုက်ဆံရှာတာ.. သူက အိမ်ရဲ့ အရှင်သခင်ပဲ၊ ကျွန်မကတော့ သူခိုင်းတာလုပ်ရတဲ့သူပဲလေ.. ယောက္ခမ ဘာပြောပြော သမီးကတော့ ဟုတ်ကဲ့ပါပဲ၊ ဘာကန့်ကွက်စရာမှ မရှိပါဘူး"

ဤစကားမှာ အားလုံးကို ဆွံ့အသွားစေပြန်သည်။ သူမပြောစကားမှာ မှားနေသည်ဟု ပြောချင်သော်လည်း တစ်ဖက်မှကြည့်လျှင်လည်း မှန်နေပြန်၏။ မှန်သည်ဟု ဆိုပြန်လျှင်လည်း လူတိုင်း ဆယ်စုနှစ်ပေါင်းများစွာ လက်ခံလာခဲ့သည့် အယူအဆများနှင့် လွဲချော်နေသည်။

‘ဘယ်သူကများ ဒီလိုပုံစံနဲ့ နေထိုင်ရဲမှာလဲ... ဒါက အရမ်းဖြုန်းတီးလွန်းရာ ရောက်နေပြီ... ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ဆိုတာ စနစ်တကျ ခြိုးခြံချွေတာမှ ဖြစ်မှာပေါ့’

‘ဘယ်လို သောက်ကျိုးနည်း အတွေးအခေါ်ပါလိမ့် လိုက်မမီတော့ဘူး’

ချန်ချင်းယွီ: "ကျွန်မ အိမ်ထဲဝင်တော့မယ်နော်၊ ဒေါ်လေးတို့ ဆက်ပြောကြပါဦး။"

"အေးအေး... သွားလေ။"

"ဒါကတော့ တကယ်ကိုပဲ..."

"ငါပြောမယ်... အဒေါ်ကြီးကျောက်နောက် လိုက်နေရင်တော့ လူကောင်းတွေတောင် ပျက်စီးကုန်တော့မှာပဲ။"

အပြစ်ပုံချခံလိုက်ရသော အဘွားကြီးကျောက် 3+

...

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည် သူတို့၏မိခင်နောက်သို့ လိုက်ကာ အိမ်ထဲသို့ ဝင်လာကြသည်။ ရှောင်ကျား သူ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး မေးခွန်းထုတ်လိုက်မိ၏။

"မေမေ... သားတို့ မိသားစုက ပိုက်ဆံသုံးတာ အရမ်းများနေတာလားဟင်"

ချန်ချင်းယွီ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးနှစ်ယောက်၏ လက်ကို တစ်ဖက်စီဆုပ်ကိုင်ကာ ပြောလိုက်သည်။

"မေမေကတော့ ဒါဟာ နေထိုင်မှုပုံစံကောင်းတစ်ခုလို့ ထင်တယ်.. စဉ်းစားကြည့်လေ... သားတို့ သမီးတို့ ကောင်းကောင်းစားရရင် ပိုပြီး အရပ်ရှည်လာမယ်၊ ပိုသန်မာလာမှာပေါ့။ အဲဒီအခါကျရင် ဘယ်သူမှ လာအနိုင်မကျင့်ရဲတော့ဘူး၊ မေမေနဲ့ ဘွားဘွားလည်း စိတ်အေးရတာပေါ့.. အာဟာရပြည့်ဝပြီး ကျန်းမာနေရင် အအေးမိတာတို့ ဖျားတာနာတာတို့လည်း ဖြစ်ခဲသွားမယ်။ မဖျားမနာဘူးဆိုရင် ဆရာဝန်ပြခကလည်း သက်သာသွားတာပေါ့… ဘယ်လိုပဲဖြစ်ဖြစ် ပိုက်ဆံသုံးရမှာပဲဆိုတော့ အစားအသောက်အတွက် သုံးလိုက်တာက ပိုကောင်းတာပေါ့.. ကိုယ့်ကိုယ်ကိုယ် ငတ်ပြတ်အောင်ထားပြီးမှ ဆေးသောက်နေရတာထက်စာရင် အများကြီး သာတာပေါ့၊ ဟုတ်တယ်မလား... ဒါ့အပြင် ဘွားဘွားကလည်း လတိုင်း လစာရတယ်၊ မေမေကလည်း ခဏခဏ ငါးဖမ်းထွက်ပြီး တစ်ခုခု ရလာတတ်တာပဲ။ အဲဒီတော့ သမီးတို့မိသားစု ကောင်းကောင်းစားရတာက ပုံမှန်ပါပဲ.. ကိုယ်တတ်နိုင်နေတာပဲ၊ ဘာလို့ မစားဘဲ နေရမှာလဲ... ပိုက်ဆံကို မလိုအပ်ဘဲ စုနေစရာ မလိုပါဘူး..."

ရှောင်ကျားနှင့် ရှောင်ယွမ်: "ဟုတ်ကဲ့ပါ မေမေ။"

ကလေးနှစ်ယောက်သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မေမေပြောသည်မှာ အလွန်ကျိုးကြောင်းဆီလျော်သည်ဟု တွေးလိုက်ကြသည်။

ချန်ချင်းယွီ အသာအယာ ရယ်မောလိုက်ပြီး

"ကလေးတွေ ကြီးလာရင် ပိုက်ဆံလိုလာမယ်ဆိုတာ မေမေသိပါတယ်။ ဒါပေမဲ့ အဲဒါက အဝေးကြီး လိုသေးတာပဲ.. ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့။ အခု သားတို့ သမီးတို့က အရမ်းငယ်သေးတယ်၊ ကျန်းမာရေးကို ဂရုစိုက်ရမယ့် အချိန်ပဲ။ စဉ်းစားကြည့်... မေမေပြောတာ ဟုတ်တယ်မလား..."

ကလေးနှစ်ယောက်မှာ ခေါင်းလေးများစောင်းကာ ခဏမျှ စဉ်းစားလိုက်ပြီးမှ "ဟုတ်ကဲ့၊ ဟုတ်ပါတယ်" ဟု ခေါင်းညိတ် ထောက်ခံလိုက်ကြ၏။

ချန်ချင်းယွီ: "ဒါဆိုရင်တော့ ပြီးတာပဲ။ မေမေ သမီးတို့အတွက် သကြားပေါက်စီလေးတွေ လုပ်ပေးမယ်နော်။"

"ဟုတ်ကဲ့... စားချင်တယ်..."

ချန်ချင်းယွီ ပြုံးလိုက်မိသည်။ သူမသည် အလုပ်များကို ခပ်သွက်သွက်ပင် စလုပ်တော့၏။သူတစ်ပါး ဘာပဲပြောပြော၊ ဤအချက်ကို ဆင်ခြေပေးကာ သူမ၏ လူနေမှုပုံစံကို ပြောင်းလဲနိုင်ပြီ ဖြစ်သည်။ မဟုတ်လျှင် ပစ္စည်းများကို အမြဲတစေ ဖုံးကွယ်နေရသည်မှာ အလွန်ပင် စိတ်ပင်ပန်းစရာ ကောင်းလှ၏။

ချန်ချင်းယွီသည် အဝတ်အစားကောင်းကောင်း မဝတ်ရလျှင် နေနိုင်သော်လည်း၊ အစားအသောက် မကောင်းလျှင်တော့ တကယ်ကို မနေနိုင်ပေ။ သူမသည် အခြားအရာများကို လျှော့ချချင် လျှော့ချမည်ဖြစ်သော်လည်း သူမ၏ ဝမ်းဗိုက်အတွက်တော့ မလျှော့ချနိုင်ချေ။

"ရှောင်ချန်... ရှောင်ချန်... ငါ နင့်ကို ပြောစရာ ရှိလို့"

ချန်ချင်းယွီ လှည့်ကြည့်လိုက်ရာ နောက်ဘက်ဝင်းထဲမှ အမျိုးသမီးတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူတို့မိသားစုနှစ်ခုမှာ အဆက်အသွယ် သိပ်မရှိသဖြင့် ချန်ချင်းယွီမှာ သူမ၏အမည်ကိုသာ ခေါ်နိုင်ပြီး ပြုံးပြကာ မေးလိုက်၏။

"ဘာကိစ္စရှိလို့လဲရှင်..."

"ဟေ့... နင့်မှာ အပ်ချုပ်စက်ဝယ်တဲ့ လက်မှတ်တစ်စောင် ရှိတယ်လို့ ကြားတယ်။ ငါ စဉ်းစားနေတာကလေ... အဲဒါလေး ငါ့ကို အရင်ခဏ ချေးလို့ရမလား... ငါ့ဆီ လက်မှတ်ရောက်လာတဲ့အခါကျရင် ပြန်ပေးပါ့မယ်"

ထိုအမျိုးသမီးငယ်၏ မျက်လုံးများမှာ တွက်ချက်နေသည့် အရိပ်အယောင်များ ရှိနေသည့်အပြင် အိမ်ထဲရှိ အိုးကိုလည်း လှမ်း၍ အကဲခတ်နေသေးသည်။

ချန်ချင်းယွီ : "ကျွန်မယောက္ခမကိုပဲ မေးကြည့်လိုက်ပါဦးရှင်.. သမီးကတော့ အိမ်ကကိစ္စတွေကို ဆုံးဖြတ်ပိုင်ခွင့် မရှိလို့ပါ"

"နင်ကလည်း ကြည့်ပါဦး... ငါတို့က ချွေးမအချင်းချင်းပဲဟာ.. တကယ်လို့ နင်က ဆိုးဝါးတဲ့ ယောက္ခမမျိုးနဲ့ တွေ့နေရတယ်ဆိုရင် ကိုယ့်ဘက်ကနေ ရုန်းထွက်တတ်ရမယ်.. ငါကြည့်ရတာ နင်ကတော့..."

"ထွက်သွား..."

ချန်ချင်းယွီက ရုတ်တရက် အသံမြှင့်ကာ အော်ဟစ်လိုက်သဖြင့် လူတိုင်း၏ အာရုံမှာ သူတို့ထံ ရောက်လာတော့သည်။ ချန်ချင်းယွီက ဆက်၍ အော်ပြောကာ

"ရှင် ဘယ်လိုလူမျိုးလဲ... ဘယ်လိုတောင် လုပ်ရက်တာလဲ... ကျွန်မအိမ်ထဲအထိ လာပြီးတော့ ကျွန်မယောက္ခမကို ရက်စက်တဲ့သူကြီးလို့ လာပြောနေရတာလား.. ဒါက အတော်ကို မယဉ်ကျေးရာ မကျလွန်းဘူးလား... သူကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ရှင့်နဲ့ ဘာဆိုင်လို့လဲ... ဘာလို့ ဒီအထိလာပြီး ရန်တိုက်ပေးနေရတာလဲ... ရှင် အရမ်းလွန်လာပြီနော်... ကျွန်မယောက္ခမက ရှင့်ကို ဘာစော်ကားလို့လဲ... ရှင် တကယ် တော်တယ်ဆိုရင် သူ့မျက်နှာချင်းဆိုင်မှာ သွားပြောလေ။ ဘာလို့ ကျွန်မတို့ကြားမှာ သွေးခွဲဖို့ ကြိုးစားနေတာလဲ... ရှင်ကတော့ တကယ်ကို စိတ်ထားမကောင်းတဲ့သူပဲ..."

"နင်... နင်က ကျွေးတဲ့လက်ကို ပြန်ကိုက်တာလား..."

အမျိုးသမီးငယ်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွား၏။

ချန်ချင်းယွီ: "ရှင်ကမှ ခွေး... အကြောင်းမဲ့ လူကို လိုက်ကိုက်နေတာ။ ပြောစမ်းပါဦး... ကျွန်မယောက္ခမက ရှင့်ကို ဘာလုပ်လို့လဲ... ကျွန်မတို့က ရင်းနှီးတဲ့သူတွေတောင် မဟုတ်ဘဲနဲ့ ရှင်က ကျွန်မတို့အိမ်ရှေ့အထိ လာပြီး ရန်တိုက်ပေးနေတယ်... ရှင် ဘာလုပ်ချင်နေတာလဲ...... ပြီးတော့ ကျွန်မဆီက အပ်ချုပ်စက်အဝယ် လက်မှတ်ကိုလည်း လာတောင်းသေးတယ်။ ကျွန်မတို့က ဆွေမျိုးတွေလည်း မဟုတ်ဘဲနဲ့ ဒီလောက်တန်ဖိုးရှိတဲ့အရာကို ရှင့်ကို ဘာလို့ ပေးရမှာလဲ... ရှင်ကတော့ တကယ်ကို တစ်မျိုးပဲ။ အိမ်ထဲထိလာပြီး ရန်လည်းတိုက်တယ်၊ ပစ္စည်းလည်း လာတောင်းသေးတယ်— ကျွန်မတို့အိမ်မှာ ယောင်္ကျားသား မရှိဘူးဆိုပြီး အနိုင်ကျင့်လို့ ရမယ်ထင်နေတာလား......"

ချန်ချင်းယွီသည် ထိုအမျိုးသမီးကို စကားပြန်ပြောခွင့်ပင် မပေးဘဲ ဆက်ပြောလိုက်ကာ

"သွားတော့... ကျွန်မက စကားလည်း သိပ်မပြောတတ်ဘူး၊ ရှင့်လိုလူမျိုးနဲ့ ဘယ်လို စကားပြောရမလဲဆိုတာလည်း မသိဘူး.. ကျွန်မယောက္ခမ အလုပ်ကပြန်လာရင် ရှင့်ကို လာတွေ့လိမ့်မယ်.. လူတစ်ဖက်သားကို ဒီလိုမျိုး လာမဆက်ဆံသင့်ဘူး.."

ထိုအမျိုးသမီးငယ်မှာ လန့်သွားပြီးမှ ပြန်ပြောလိုက်ကာ

"ဘယ်သူက နင့်ကို လာတွေ့ချင်မှာလဲ... နင်က အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ"

သူမသည် ခြေဆောင့်ကာ လူအုပ်ကြားမှ တိုးထွက်သွားပြီး နောက်ဘက်ဝင်းသို့ ဦးတည်ကာ ပြေးထွက်သွားတော့၏။

ချန်ချင်းယွီ အနောက်မှ လှမ်းအော်လိုက်သည်မှာ…

"ကျွန်မယောက္ခမ ရှင့်ဆီကို လာခဲ့လိမ့်မယ်နော်..."

အမျိုးသမီးငယ်မှာ ခြေလှမ်းများပင် တုန်ရင်သွားပြီး ပို၍ပင် မြန်မြန် လျှောက်သွားလေတော့သည်။

ချန်ချင်းယွီသည် သူမ၏မျက်လွှာများကို အသာအယာချလိုက်၏။ မသိနားမလည် ဟန်ဆောင်နေသော လူအမည် မပေါက်သူများပင်လျှင် သူမတို့မိသားစု၏ ကံကောင်းမှုကို အခွင့်ကောင်းယူရန် ကြိုးစားနေကြသည်မှာ သိသာလှသည်။

တကယ့်ကို လူယုတ်မာတစ်သိုက်ပင်...

အဒေါ်ကြီးမေ့ : "ရှောင်ချန်၊ သူ့ကို ဂရုမစိုက်နဲ့။ သူက အလကားရချင်လို့ အကွက်ချနေတာ။ သူ့ကို အဖက်မလုပ်နဲ့"

"ဟုတ်ပ... သူက ဘယ်သူမို့လို့လဲ... ဒီမှာတော့ ဘာမှမဟုတ်တဲ့သူက အခုကျမှ အမြတ်အစွန်းကြီးကြီး ရချင်နေတယ်ပေါ့.. အပ်ချုပ်စက်ဝယ်တဲ့လက်မှတ်ဆိုတာ အနည်းဆုံး ယွမ်သုံးလေးဆယ် တန်တာလေ.. အဲဒါကို အလကားလိုချင်နေတာလား... တကယ့်ကို လူယုတ်မာတွေပဲ..."

ရှီကျန့်ရှန်း နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ သူမ၏မိသားစုပင် ထိုမျှလောက် အခွင့်အရေးမရသေးခင်မှာ အခြားသူတစ်ယောက် လာနှိုက်ချင်နေသည်ကို သူမ လုံးဝလက်မခံနိုင်ပေ။

ချန်ချင်းယွီ ရှက်ကိုးရှက်ကန်းဟန်

ဖြင့် ပြန်တုံ့ပြန်လိုက်၏။

"ကျွန်မက စကားပြောသိပ်မတတ်ပါဘူး၊ ဒါပေမဲ့ သမီးတို့မိသားစုကိုတော့ လာအနိုင်ကျင့်လို့ မရဘူးလေ.. ကျွန်မကတော့ သူ့ကို ရန်မဖြစ်ရဲပေမဲ့ ကျွန်မမှာ ယောက္ခမရှိတာပဲ"

ရှီကျန့်ရှန်းနှင့် အခြားသူများမှာ "..."

အေးပါ၊ အေးပါ... နင့်ယောက္ခမက လက်မရွံ့ အာဂအော်ကြောလန် မိန်းမကြီးဆိုတာ ငါတို့သိပါတယ်လို့။

"ကဲကဲ... ဒီလိုလူတွေအကြောင်း မပြောကြရအောင်တော့။ ဒါနဲ့ ရှောင်ချန်၊ နင်သိပြီးပြီလား... ကျောက်ရုန်က ယွမ်ရှောင်ချွေရဲ့ အရိုက်ခံလိုက်ရတယ်လေ"

ချန်ချင်းယွီ မျက်ခုံးတစ်ချက် ပင့်လိုက်မိသည်။

"တကယ်လား... နင်မနေ့က စောစောပြန်သွားတာဆိုတော့ မသိဘူးလား..."

ချန်ချင်းယွီ : "သိတော့ သိပါတယ်၊ ဒါပေမဲ့ အပေါ်အထိ တက်မကြည့်မိလို့ အသေးစိတ်တော့ မသိဘူးရှင်။ အဝေးကနေ မမမေ့လန်တို့ လူနာကို ဆေးရုံပို့ဖို့ ခေါ်သွားတာပဲ မြင်လိုက်တာ။ အဲဒါပဲ သိတာပါ။"

"ဟေ့... ငါပြောပြမယ်၊ နားထောင်..."

ချန်ချင်းယွီ စိတ်ပါဝင်စားစွာ နားထောင်နေဟန် ဆောင်ထားသော်လည်း စိတ်ထဲတွင်မူ တွေးတောနေမိ၏။ သူမ ထင်ထားသည့်အတိုင်းပင်၊ ကျောက်ရုံသည် ယွမ်ရှောင်ချွေ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန် ဤအခွင့်အရေးကို အသုံးချမည်မှာ သေချာသည်။

အဘွားကြီးကျောက်ကဲ့သို့ အသက်ကြီးသူတစ်ဦးအတွက် ဂုဏ်သတင်းမကောင်းခြင်းသည် ဘာမှမဟုတ်သော်လည်း၊ ယွမ်ရှောင်ချွေကဲ့သို့ မိန်းကလေးငယ်တစ်ဦးအတွက်မူ အလွန်နစ်နာလှ၏။ အတင်းအဖျင်းစကားများ ကြောက်စရာကောင်းသည်ထက်၊ ဂုဏ်သိက္ခာညှိုးနွမ်းသွားပါလျှင် ရပ်ကွက်အတွင်းမှ ရရှိနိုင်သည့် အထောက်အပံ့ငယ်လေးများကိုပင် ရတော့မည်မဟုတ်ပေ။ ဥပမာအားဖြင့် ရပ်ကွက်ထဲတွင် အပိုဝင်ငွေရမည့် အလုပ်အကိုင်မျိုးရှိပါက ယွမ်ရှောင်ချွေကို ထည့်သွင်းစဉ်းစားတော့မည် မဟုတ်ချေ။

ထို့အပြင် ကျေးလက်သို့ ဆင်းရမည့် လူဦးရေစာရင်းကိစ္စတွင်လည်း ရပ်ကွက်မှ ဆုံးဖြတ်မပေးနိုင်သော်လည်း၊ ကျောက်ရုံသည်သာ သူမနာမည်ကို စာရင်းသွင်းလိုက်ပါက ယွမ်ရှောင်ချွေဘက်မှ ငြင်းဆန်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ သူမအနေဖြင့် ပျော်ရွှင်စွာဖြင့်ပင် သွားရတော့မည် ဖြစ်သည်။ မကျေနပ်သည့် အရိပ်အယောင်ပြလိုက်သည်နှင့် လူများက သူမအပေါ် မကောင်းမြင်ကြမည်ဖြစ်ပြီး ရှေ့ဆက်ရမည့်ဘဝမှာ ပို၍ခက်ခဲသွားပေလိမ့်မည်။

မကောင်းသည့်ကိစ္စတစ်ခုခု ဖြစ်လာတိုင်း လူအများမှာ သူမကိုသာ အရင်ဆုံး ပြေးမြင်ကြတော့မည် ဖြစ်၏။

နောင်တစ်ချိန် မြို့သို့ပြန်လာခွင့်ရလျှင်ပင် နာမည်ပျက်ရှိနေသောကြောင့် ရပ်ကွက်ကော်မတီ၏ အလုပ်နေရာချထားရေးတွင် ဦးစားပေးမည်မဟုတ်ပေ။ လူများ အများကြီးရှိသဖြင့် အားလုံးကို နေရာချပေးနိုင်ရန် မဖြစ်နိုင်ရာ၊ အချိန်ဆွဲထားခံရမည်မှာ မြင်သာလှသည်။ ဤသည်မှာ ယနေ့ခေတ်တွင် နာမည်ပျက်ရှိခြင်း၏ ဆိုးကျိုးပင် ဖြစ်၏။

ယွမ်ရှောင်ချွေနှင့် ကျောက်ရုံတို့ သဘောထားကွဲလွဲသည်မှာ ပုံမှန်ပင်ဖြစ်သော်လည်း၊ ကျောက်ရုံကို ဒဏ်ရာရအောင်လုပ်ပြီး လူအများသိအောင် ဖြစ်သွားခြင်းမှာ ယွမ်ရှောင်ချွေအတွက် အမှားကြီးတစ်ခု ဖြစ်ခဲ့၏။ သို့သော်လည်း လူတိုင်း အတူတူပင်ဖြစ်ရာ မည်သူမျှ ပြည့်စုံနေသည်တော့ မဟုတ်ပေ။

သူမသာ ယွမ်ရှောင်ချွေ၏ နေရာတွင်ရှိနေလျှင်လည်း ယခုထက် ပိုကောင်းအောင် လုပ်နိုင်မည်ဟု မဆိုနိုင်ချေ။

ချန်ချင်းယွီသည် မကောင်းသောစကား တစ်ခွန်းမှ မပြောဘဲ ဖျော်ဖြေရေးတစ်ခုကို နားထောင်နေသကဲ့သို့သာ ငြိမ်၍ နားထောင်နေလိုက်၏။

သူမသည် လူများ၏ အတင်းအဖျင်းများကို နားထောင်နေရင်း တစ်ဖက်တွင်လည်း ယွမ်ရှောင်ချွေနှင့် မည်သို့စကားပြောရမည်ကို တွက်ချက်နေမိသည်။

ယွမ်ရှောင်ချွေသည် ကျေးလက်သို့ရောက်သွားလျှင်ပင် လုံးလုံးလျားလျား ယုံကြည်စိတ်ချရသူမျိုး မဟုတ်ပေ။ စိတ်လိုက်မာန်ပါတစ်ခုခု လုပ်သွားနိုင်သဖြင့် သတိထားရန် လိုအပ်၏။ ချန်ချင်းယွီက သေချာစဉ်းစားပြီးနောက်….

သူမ၏ ယောက္ခမ ပြန်လာသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်သည်။

ချန်ချင်းယွီ ခန့်မှန်းထားသည့်အတိုင်းပင်၊ သူမတို့မိသားစု စက်ရုံမှ လျော်ကြေးရသည့်သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ စက်ရုံတွင် ထိုဖြစ်ရပ်ကို မြင်တွေ့ခဲ့သူ များပြားလှသဖြင့် ကြေညာနေစရာပင်မလိုဘဲ သတင်းမှာ အလိုလို ပျံ့သွားခြင်းဖြစ်သည်။

လူတိုင်း ထိုလျော်ကြေးမှာ ငွေမဟုတ်ဘဲ "လက်မှတ်များ" ဖြစ်သည်ကို သိကြသော်လည်း…

ယခုခေတ်တွင် လက်မှတ်များမှာ ငွေထက်ပင် ပို၍ တန်ဖိုးရှိလှသည်...

ယနေ့ခေတ်တွင် ပစ္စည်းဝယ်ယူရန် လက်မှတ်များမှာ မရှိမဖြစ် လိုအပ်လှ၍ ငွေကြေးထက်ပင် ပိုမိုရေပန်းစား၏… မှောင်ခိုဈေးကွက်တွင်ပင် ဆန်သည်၊ ခေါက်ဆွဲသည် သို့မဟုတ် ကြက်ဘဲ ရောင်းသူများထက် လက်မှတ်အရောင်းအဝယ်လုပ်သူ (ပွဲစားများ) မှာ အကျော်ကြားဆုံးနှင့် အလိုချင်ဆုံးသူများ ဖြစ်ကြသည်။

ထို့ကြောင့် လက်မှတ်တစ်ဒါဇင်ခန့် လက်ဝယ်ရှိနေခြင်းမှာ သဘာဝကျကျပင် ပို၍ ကောင်း၏။

ယနေ့ အဘွားကြီးကျောက် အလုပ်သို့ ရောက်သည်နှင့် လူတော်တော်များများမှာ သူမကို တားကြပြီး တစ်ခုခုလိုချင်သည့် အရိပ်အယောင်များ ပြခဲ့ကြသည်။ ယခင်ဆိုလျှင် သူမသည် အလွန်ပျော်ရွှင်စွာဖြင့် လက်ခံမိမည်ဖြစ်သော်လည်း ယခုတစ်ကြိမ်မှာ ထောက်ချောက်ဖြစ်နေမည်ကို စိုးရိမ်သည့်အတွက် မလုပ်ဝံ့ပေ။

အထက်လူကြီးတွေက တော်တော်လေး ပါးနပ်ပြီး တွက်ကပ်တတ်တဲ့ ခွေးမျိုးတွေ..

အဘွားကြီးကျောက်မှာ ကုန်စည်မှောင်ခိုမှုနှင့် စွပ်စွဲခံရ၍ အဖမ်းခံရမည်ကို ကြောက်သဖြင့် ငြင်းပယ်လိုက်၏။

သူမသည် လူတကာကို ထပ်တလဲလဲ ငြင်းဆိုခဲ့ပြီး အကြောင်းပြချက်များစွာ ပေးခဲ့လေသည်။

"ရှင်တို့နဲ့ ပစ္စည်းချင်း လဲလှယ်ရတာကိုတော့ ဝမ်းသာပါတယ်၊ ဒါပေမဲ့ ပိုက်ဆံနဲ့တော့ အပြတ်ပြောမယ်.. လုံးဝ မလုပ်နိုင်ဘူး.. ဒါမျိုးက မဖြစ်ဘူး.. ပိုက်ဆံ ပါဝင်လာရင် ဒါဟာ မှောင်ခိုလုပ်ငန်း ဖြစ်သွားပြီ၊ လုံးဝ မလုပ်နိုင်ဘူး... ကျွန်မ မဝံ့ဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မဆီမှာ ပစ္စည်းတချို့တော့ ရှိပါတယ်... ရှင်တို့ ပစ္စည်းချင်း လဲချင်တယ်ဆိုရင်တော့ ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပါ၊ ဒါပေမဲ့ ပိုက်ဆံနဲ့ဝယ်ဖို့ ပြောမယ်ဆိုရင်တော့ မေ့လိုက်တော့၊ အဲဒီလိုလုပ်မယ့်အစား သေလိုက်တာကမှ မြတ်ဦးမယ်"

သူမ၏ ထပ်ချည်းတလဲလဲ ငြင်းဆိုမှုမှာ ပျံ့နှံ့သွားခဲ့၏။

တချို့မှာမူ သူမသည် သေးငယ်သောကိစ္စကို အဟုတ်ကြီးမှတ်ကာ အလွန်အကျွံ စိုးရိမ်မကင်း ဖြစ်နေသည်ဟု ထင်မြင်ကြသော်လည်း၊ တချို့သည်ကား အဘွားကြီးကျောက်သည် စကားအပြောအဆို ကြမ်းတမ်းသလောက် အမြော်အမြင်ရှိသူဖြစ်ကြောင်း အကဲခတ်မိကြသည်။ အမှန်စင်စစ် ဤကဲ့သို့သော အပေးအယူမျိုးမှာ ကြီးကျယ်လှသော ကိစ္စရပ်မဟုတ်သော်လည်း တစ်စုံတစ်ယောက်မှ အငြိုးအတေးဖြင့် စုံစမ်းဖော်ထုတ်ခဲ့လျှင် အမှုကြီးပတ်၍ ဒုက္ခရောက်နိုင်သည်ဖြစ်ရာ၊ ယခုကဲ့သို့ လုံးဝကင်းရှင်းအောင် နေထိုင်ခြင်းမှာသာလျှင် အကောင်းဆုံးသော နည်းလမ်းပင် ဖြစ်၏။

အချုပ်အားဖြင့်ဆိုသော် လူအသီးသီးတို့မှာ ကိုယ်စီအမြင်များဖြင့် ဝေဖန်ပြောဆိုနေကြခြင်းသာ ဖြစ်၏။

သို့ရာတွင် အဘွားကြီးကျောက်သည် ထိုအရပ်ဒေသ၌ ဆက်ဆံရခက်ခဲသည့်အပြင် ‘ကြမ်းကြုတ်သူ’ ဟု နာမည်ကျော်ကြားသူဖြစ်သဖြင့် မည်သူမျှ သူမအနားသို့ကပ်၍ နားပူနားဆာ မလုပ်ရဲကြချေ။ တစ်ခါတရံတွင် ဒေါသကြီးသူဟူသော နာမည်ဆိုးတစ်ခု ရှိနေခြင်းမှာပင် မလိုလားအပ်သော ဒုက္ခများမှ ကာကွယ်ပေးနိုင်သည့် အကာအကွယ်တစ်ခုသဖွယ် ဖြစ်နေတတ်သည်။ အဘွားကြီးကျောက်၏ ပြတ်သားသော ငြင်းဆိုမှုကို မြင်တွေ့ရသောအခါမှသာ လူအများမှာလည်း ငြိမ်သက်သွားကြ၏။

ကုန်ပစ္စည်းချင်း လဲလှယ်ခြင်းကမူ တစ်ကြောင်းတစ်ဂဏ ဖြစ်ပေသည်။ ထိုခေတ်ကာလ၌ လူတိုင်းမှာ ရိက္ခာလက်မှတ်များ ပြတ်လပ်နေကြသည်မဟုတ်လော့။

အရာရာ ရှားပါးလှသော ထိုခေတ်အခါသမယတွင် စားနပ်ရိက္ခာဟူသည် လိုအပ်ချက်နှင့် ရရှိနိုင်မှုမှာ မိုးနှင့်မြေကဲ့သို့ ကွာခြားလျက် ရှိနေခဲ့သည်။

အဘွားကြီးကျောက်မှာမူ စိတ်ရှုပ်ထွေးဖွယ်ရာများမှ လွတ်မြောက်သွားပြီဖြစ်ရာ၊ အောင်ပွဲခံနိုင်သူတစ်ဦး၏ အမူအရာမျိုးဖြင့် အလုပ်မှ အိမ်သို့ ကျော့ကျော့မော့မော့ လျှောက်လှမ်းသွားလေသည်။ သို့သော် လီချန်ရွှမ်းမှာမူ အဘွားကြီးကျောက်နှင့်အတူ လမ်းမလျှောက်လိုသဖြင့် အချိန်ဆွဲ၍ ကျန်ရစ်ခဲ့၏။ အဘွားကြီးကျောက်နှင့် ယှဉ်တွဲသွားရခြင်းမှာ သူ့အတွက် အလွန်ပင် အရှက်ရဖွယ် ကိစ္စတစ်ခုသဖွယ် ဖြစ်နေသဖြင့် နေ့စဉ်နှင့်အမျှ ဤသို့ပင် ရှောင်ဖယ်နေတတ်သည်။ အမှန်စင်စစ် လီချန်ရွှမ်းသည် အဘွားကြီးကျောက်ကို များစွာ အထင်သေးမိသူ ဖြစ်သည်။ သူမကဲ့သို့သော အဆိုးအပေမ၊ ပြဿနာရှာတတ်သူနှင့် လက်ထပ်ရသူမှာ ဘဝပျက်ပြီဟုပင် သူက ယူဆထား၏။

တကယ် ဒုက္ခရောက်မှာ.. သူက ပြဿနာအိုးကြီး…

သူသည် အလုပ်ဆင်းချိန်တိုင်း မိမိကိုယ်ကိုယ် သပ်ရပ်စင်ကြယ်အောင် ပြင်ဆင်လေ့ရှိပြီး အကယ်၍သာ သွက်သွက်လက်လက် လျှောက်လှမ်းမည်ဆိုလျှင် အဘွားကြီးကျောက်ကို အမီလိုက်နိုင်သော်လည်း၊ သူမနှင့် ဝေးနိုင်သမျှ ဝေးလိုသဖြင့် တမင်ပင် နှေးတုံ့နှေးတုံ့ဖြင့် အချိန်ဆွဲနေခဲ့လေတော့သည်။

"အဘိုးကြီးလီ ခင်ဗျား ဒီရက်ပိုင်း အချိန်ဆွဲနေတာပဲ။ ဘာဖြစ်လို့လဲ... အိမ်မပြန်ချင်ဘူးလား... ခင်ဗျားက အမြဲတမ်း နောက်ဆုံးမှ ပြန်တဲ့သူ ဖြစ်နေပြီ။"

"သူတို့က ညားတာလည်းကြာလှပါပြီ… အိမ်ပြန်ပြီး မိန်းမမျက်နှာ ကြည့်ရတာက အပိုအလုပ်ကြီး မဟုတ်ဘူးလား..."

မပြန်ရသေးသော လူအနည်းငယ်မှာ သူ့ကို နောက်ပြောင်ကြ၏။ လီချန်

ရွှမ်း ပြုံးပြီး

"အဲဒီလိုတော့ မပြောနဲ့လေ။ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမက အဆင်ပြေပါတယ်"

သူ ထိုသို့ပြောလိုက်သော်လည်း သူ့မျက်လုံးများမှာမူ တစ်နေရာတည်း၌ အာရုံမရှိပေ။

"ဒါက ကောင်းတာပေါ့. ခင်ဗျားမိန်းမက ခင်ဗျားအပေါ် အရမ်းကောင်းတာပဲ"

"ကျွန်တော်တို့ ထမင်းစားဆောင်က ယောင်္ကျားတွေထဲမှာ ခင်ဗျားမိန်းမက ခင်ဗျားကို အဂရုစိုက်ဆုံးပဲ"

"ဟုတ်တယ်၊ ဘယ်သူမှ လိုက်မမီဘူး"

အားလုံး ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသော်လည်း စားဖိုမှူးကြီးမှာ ထိုစကားကို အသိအမှတ် မပြုပေ။ ထို့ကြောင့် သတိမမူဘဲ လွှတ်ခနဲ ပြောချလိုက်လေသည်။

"ငါ့မိန်းမလည်း ငါ့အပေါ် ကောင်းတာပဲ၊ လီချန်ရွှမ်း မိန်းမထက် ဘာနိမ့်လို့လဲ... လီချန်ရွှမ်း မိန်းမက အကုန်တော်ပါတယ်၊ သားမမွေးနိုင်တာ တစ်ခုပဲ ရှိတာ"

အခန်းထဲရှိ လေထုမှာ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး လီချန်ရွှမ်း မျက်နှာသည်လည်း ချက်ချင်း ပျက်သွားရ၏။

သူ ဒါကို နားမခံနိုင်သလို ဆက်ပြီး ဟန်ဆောင်မနေနိုင်တော့ပါဘူး…

လီချန်ရွှမ်း: "ကျွန်တော် တစ်နေ့နေ့ကျရင် သားရမှာပါ။"

သူက သားမရှိတဲ့သူ လုံးဝ အဖြစ်မခံနိုင်ပါဘူး .. သူ လီချန်ရွှမ်းဟာ သားကံမပါဘူးဆိုတာကို လုံးဝ မယုံကြည်ဘူး...

ဒါဟာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ...

လီချန်ရွှမ်း မျက်နှာပျက်ပျက်နှင့် နှုတ်ဆက်ကာ ထွက်လညခဲ့လေသည်။

"ကျွန်တော် သွားပြီ"

"ကြည့်စမ်း၊ မင်းကလည်း ဘာလို့ ဒါမျိုး ပြောရတာလဲ... အဘိုးကြီးလီ တော်တော် စိတ်မကောင်းဖြစ်သွားပြီ။ ဒါက သူ အစိုးရိမ်ဆုံး ကိစ္စပဲဟာ"

"ခင်ဗျားကလည်း၊ ကျွန်တော်က မရည်ရွယ်ပါဘူး..သူက မူလကတည်းက သားမှမရှိတာ..."

"ကဲပါ၊ မင်းမှာ သားရှိတာ ငါသိပါတယ်"

"အစကတည်းက သားမရှိရင်လည်း မကောင်းဘူးလေ..."

လီချန်ရွှမ်းသည် တံခါးဝတွင် ရပ်တန့်ကာ အတွင်းမှ စကားသံများကို ဆက်လက်နားစွင့်နေမိရာ၊ သူ၏ မျက်နှာအမူအရာမှာလည်း တစ်စထက်တစ်စ ပိုမိုဆိုးရွားလာလေသည်။ နောက်ဆုံးတွင်မူ သူသည် အောင့်သက်သက်နှင့်ပင် အပြင်သို့ ဇွတ်အတင်း ထွက်ခွာလာခဲ့တော့၏။ သူ၏ လီမိသားစုသွေးစစ်စစ်မှာ အဆက်အနွယ်မရှိဘဲ မျိုးသုဉ်းသွားမည့်အရေးကို သူ လုံးဝ လက်မခံနိုင်ချေ။ ဤကဲ့သို့ သားရတနာ မထွန်းကားရခြင်းမှာလည်း သားမွေးပေးနိုင်ခြင်းမရှိသော သူ၏ အသုံးမကျသည့် ဇနီးသည်ကြောင့်သာ ဖြစ်သည်ဟု သူ အခိုင်အမာ ယူဆထားသည်။

လီချန်ရွှမ်းသည် မိမိကိုယ်မိမိမူ အပြစ်အနာအဆာမရှိဟု မှတ်ယူထားပြီး အလုံးစုံသော အမှားမှာ သူ၏ဇနီးသည်အပေါ်၌သာ တည်သည်ဟု ယုံကြည်နေ၏။ သူ၏ ယောက္ခမများတွင်လည်း သားမွေးနိုင်ခြင်းမရှိသည့် သမီးတစ်ဦးသာ ရှိခဲ့ဖူးသကဲ့သို့၊ ယခုလည်း သူ၏ဇနီးသည်မှာ သားမွေးနိုင်စွမ်းမရှိသည့် သမီးတစ်ဦး ဖြစ်နေပြန်လေပြီ။ ဤသည်မှာ ထိုမိသားစု၏ ညံ့ဖျင်းသော မျိုးရိုးဗီဇကြောင့်သာဖြစ်ပြီး၊ လင်းစန်းရှင်း၏ အပြစ်မှတစ်ပါး အခြားမဟုတ်ဟု သူ၏စိတ်တွင် တထစ်ချဆုံးဖြတ်ထားလေသည်။

လီချန်ရွှမ်းသည် မျက်နှာမှာ မည်းမှောင်လျက် ရှေ့သို့ လျှောက်လှမ်းလာရင်း စိတ်ထဲမှလည်း တနုံ့နုံ့ တွေးတောနေမိ၏။

‘ငါ့အလုပ်တွေကို အပြင်မှာ ပိုတိုးချဲ့နိုင်အောင် လုပ်မှဖြစ်မယ်။ မဟုတ်ရင် ငါ့သားက ဘယ်တော့မှ ရောက်လာမှာလဲ’

သူသည် သူ၏ယောက္ခမများကဲ့သို့ သမက်ဖြစ်သူကို အိမ်တွင်းခေါ်ယူ၍ အမွေဆက်ခံစေသည့် ‘အိမ်ပါသမက်’ စနစ်ကို လုံးဝ လက်မခံနိုင်ချေ။

‘ဟက်... သမက်ကို အိမ်ပေါ်တင်ထားရင် အရာအားလုံးက တခြားသူလက်ထဲ ရောက်သွားမှာပေါ့။ ငါကိုယ်တိုင်လည်း အိမ်ပါသမက် လုပ်ခဲ့ရတာပဲ၊ ယောက္ခမတွေ သေသွားတော့မှပဲ ငါ့ဘဝက ပြောင်းလဲလာတာ.. ဒီလိုအခြေအနေကို ငါကိုယ်တိုင် ကြုံခဲ့ရတာဆိုတော့ ယောင်္ကျားတွေရဲ့ စိတ်ဓာတ်ကို ငါအသိဆုံးပေါ့.. ဘယ်သူ့ကိုမှ ငါထက်ပိုပြီး နားမလည်နိုင်ဘူး။ ဒါကြောင့် သမက်ကို အိမ်ပေါ်တင်ဖို့ဆိုတာ ဝေးရော... အဲဒီလိုလူက မွေးတဲ့ မြေးကိုလည်း ငါ ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ’

သူ့အတွက်မူ မိမိ၏ သွေးရင်းသားရင်း သားရတနာတစ်ဦးတည်းကိုသာ အလိုရှိပေသည်။

လီချန်ရွှမ်း လမ်းလျှောက်လာရင်း မလှမ်းမကမ်းတွင် လူအုပ်ကြီး တစ်နေရာသို့ စုပြုံပြေးသွားကြသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်ကို ခံစားလိုက်ရ၏။

‘သွားပြီ... ဒေါ်ကြီးကျောက် တစ်ယောက် ပြဿနာရှာပြန်ပြီ ထင်တယ်...’

ဆိုရလျှင် လီချန်ရွှမ်း၏ ဆဌမအာရုံမှာ အတော်ပင် တိကျလှသည်။ လမ်းကြားထိပ်တွင် ပြဿနာဖန်တီးနေသူမှာ အခြားသူမဟုတ်၊ ရဲဘော် ကျောက်တာ့ရာပင် ဖြစ်လေတော့သည်။

ဇာတ်လမ်းအစမှာ အဘွားကြီးကျောက် အလုပ်ဆင်းချိန်မှ စတင်ခဲ့၏။ သူမသည် အခြားသူများထက် အလုပ်မှ စောစီးစွာ ထွက်ခွာလေ့ရှိပြီး အိမ်သို့ ခပ်သုတ်သုတ် ပြန်လေ့ရှိ၏။ သူမသည် လီချန်ရွှမ်းကဲ့သို့ အလုပ်ခွင်တွင် အချိန်ဆွဲနေရခြင်းကို ခုံမင်သူမဟုတ်သလို၊ သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူမှာ စက်ရုံတွင်ပင် ကွယ်လွန်သွားခဲ့ကြသဖြင့် အလုပ်အပေါ်၌လည်း မိုက်မဲစွာ အနစ်နာခံလိုစိတ် မရှိတော့ပေ။

ထို့ကြောင့် အိမ်သို့မြန်မြန်ပြန်လေ့ရှိ၏။

သို့သော် သူမ လမ်းကြားထိပ်သို့ မရောက်မီမှာပင် ချန်ရိကျွင်းနှင့် ထိပ်တိုက် တိုးလေတော့သည်။

ချန်ရိကျွင်းဆိုသည်မှာ ချန်ချင်းယွီ၏ ဖခင်အရင်းဖြစ်ပြီး အဘွားကြီးကျောက်၏ ခမည်းခမက်လည်း ဖြစ်၏။

နှစ်ဦးသား ဆုံမိကြသောအခါ ချန်ရိကျွင်းသည် အဘွားကြီးကျောက် အလုပ်မှ စောစီးစွာ ပြန်လာသည်ကို အံ့ဩသွားပြီး မျက်နှာလည်း ချက်ချင်းဆိုသလို ပျက်သွားလေသည်။ ချန်ရိကျွင်းမှာ တစ်ကိုယ်ကောင်းဆန်ပြီး စိတ်ပုပ်သူတစ်ဦး ဖြစ်ကာ မိမိသမီးဖြစ်သူ အိမ်ထောင်ကျသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော်လည်း တစ်ခါတစ်ရံမျှ လာရောက်ကြည့်ရှုခြင်း မရှိသည့်အပြင် မင်္ဂလာဆောင်ကိုပင် တက်ရောက်ခဲ့သူ မဟုတ်ပေ။ သူသည် ချန်ချင်းယွီကို အမြဲတမ်း အထင်သေးခဲ့ပြီး သူမ၏ ဘဝအခြေအနေကိုလည်း စိတ်ဝင်စားခြင်း မရှိခဲ့ချေ။ ချန်ချင်းယွီတွင် ဘာမှမရှိဘဲ ဆင်းဆင်းရဲရဲ နေထိုင်ရသည်ကို သူကောင်းကောင်းသိထားသဖြင့် မိမိထံ လာရောက်အကူအညီ တောင်းခံမည်ကိုပင် စိုးရိမ်ကာ သမီးအိမ်သို့ ခြေဦးမလှည့်ခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူ၏ ကံကြမ္မာက ဆိုးရွားလာခဲ့သည်။ လူကြီးနှစ်ယောက် ထားရစ်ခဲ့သည့် လျှို့ဝှက်ငွေထုပ်ကိုလည်း ရှာမတွေ့သည့်အပြင်၊ မိမိ၏ စုဆောင်းငွေများပါ ပျောက်ဆုံးကုန်သဖြင့် အိမ်တွင် နေ့စဉ်နှင့်အမျှ စကားများ ရန်ဖြစ်နေကြရ၏။ သူသည် အလွန်အမင်း ကံဆိုးနေခဲ့ပြီး မိသားစုမှ စုဆောင်းထားရသည့် စုဆောင်းငွေများကိုပါ ထုတ်သုံးနေရပြီဖြစ်သည်။

ငွေကြေးပြတ်လပ်နေမှုကြောင့် အိမ်တွင် မကြာခဏဆိုသကဲ့သို့ ရန်ပွဲများ ဆက်နေပြီး အိမ်တွင်းလေထုမှာလည်း အလွန်မွန်းကြပ်စရာ ကောင်းလှ၏။

ချန်ရိကျွင်းသည် အိမ်တွင် အမြဲဗိုလ်ကျနေကျသူဖြစ်ရာ မိန်းမနှင့်သားဖြစ်သူ မိသားစုဝင်များ၏ ရန်တွေ့မှုကို ခံရသောအခါ အလွန်ဒေါသထွက်မိပြီး လူကြီးနှစ်ယောက်၏ ငွေထုတ်ကိုသာ ရှာမတွေ့လေခြင်းဟု နောင်တရနေမိ၏။

‘အဲဒီ အဘိုးကြီး အဘွားကြီးနှစ်ယောက်မှာ ငွေမရှိဘူးဆိုတာ ငါ လုံးဝ မယုံဘူး’

လတ်တလော ချန်ရိကျွင်း စိတ်အခြေအနေ အလွန်အမင်းဆိုးရွားနေပြီး ယနေ့ မွန်းလွဲပိုင်းတွင်မူ စက်ရုံမှ လူအချို့က စက်မှုစက်ရုံ အကြောင်း အတင်းအဖျင်း ပြောနေကြသည်ကို သူကြားလိုက်ရသည်။ စက်မှုစက်ရုံမှာ စက်ရုံအကြီးစားဖြစ်သဖြင့် ထိုနေရာမှ အဖြစ်အပျက်များကို လူတိုင်းက စိတ်ဝင်တစား စပ်စုကြသည်မှာ ထုံးစံပင် ဖြစ်၏။

စကားများ ဟိုရောက်သည်ရောက်နှင့် နောက်ဆုံးတွင် ချန်ရိကျွင်းသည် လီတာ့ရှန်းနှင့် ပတ်သက်သော သတင်းများကို ကြားလိုက်ရတော့သည်။

သူသည် သရဲတစ္ဆေပုံပြင်များကို စိတ်ဝင်စားသူ မဟုတ်သော်လည်း၊ သူ့အာရုံကို ဆွဲဆောင်သွားသည်မှာ စက်ရုံဘက်မှ လင်းကျန့်ဝမ်၏ မိသားစုကို လျော်ကြေးလက်မှတ်များ အမြောက်အမြား ပေးအပ်ခဲ့သည်ဆိုသောအချက် ဖြစ်သည်။ ထိုအရာများသည် ငွေသားစစ်စစ် မဟုတ်သော်လည်း ငွေကဲ့သို့ပင် အဖိုးတန်လှ၏။ ၎င်းအပြင် လင်းကျန့်ဝမ် ကွယ်လွန်စဉ်ကလည်း စက်ရုံမှ လျော်ကြေးငွေများ ပေးအပ်ခဲ့သေးသည်။

ထိုအကြောင်းကို တွေးမိသည်နှင့် ချန်ရိကျွင်း၏ လောဘဇောများမှာ ချက်ချင်းပင် ထကြွလာတော့၏။

‘အရင်တုန်းကဆိုရင် ဒီလောက် ငွေအနည်းငယ်ကို ငါ ဂရုတောင်စိုက်မှာ မဟုတ်ဘူး.. ဒါပေမဲ့ အခုက အခြေအနေ မတူတော့ဘူးလေ။ ငါ့မှာ စုထားတာလည်း ဘာမှမရှိတော့ဘဲ လစာလေးနဲ့ပဲ ရပ်တည်နေရတာဆိုတော့ ဘာကိုမှ လက်လွှတ်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ်... ချန်ချင်းယွီက ပျော့ညံ့တဲ့ မိန်းကလေးပဲဟာ။ ငါ သမီးဆီသွားပြီး အဲဒီပစ္စည်းတွေကို ငါ့ဆီမှာ လုံလုံခြုံခြုံ သိမ်းထားပေးမယ်လို့ ဖျောင်းဖျရမယ်။ သူ့ယောက္ခမက သိမ်းထားတယ်ဆိုရင်တောင် သမီးဖြစ်တဲ့သူက ဘယ်နေရာမှာလဲဆိုတာ သိမှာပဲ မဟုတ်လား။ သိမှသိရင်တော့ သော့ကို ရိုက်ခွဲပစ်လိုက်ရုံပေါ့.. အဖေဖြစ်သူကတောင် အဆင်မပြေဖြစ်နေတာကို သမီးက မကူညီဘဲ နေမလား’

ချန်ရိကျွင်း၏ စိတ်ထဲတွင် ချန်ချင်းယွီ ငြင်းဆန်လိမ့်မည်ဟု လုံးဝ ထည့်မတွက်ထားပေ။ သူ့အမြင်တွင်မူ ချန်ချင်းယွီသည် အမြဲတမ်း အနိုင်ကျင့်ရလွယ်သော ‘ပျော့စိပျော့ဖတ်’ တစ်ဦးသာ ဖြစ်၏။

‘သူက အိမ်မှာတုန်းကလည်း အနိုင်ကျင့်ခံ၊ အိမ်ထောင်ကျတော့လည်း အနိုင်ကျင့်ခံရတဲ့ အစွမ်းအစမရှိတဲ့သူပဲ။ သူက ငါ့စကားကို မနားထောင်ဘဲ နေရဲပါ့မလား’

ချန်ရိကျွင်းသည် အစီအစဉ်ကို အကွက်ကျကျ ဆွဲထားသည်။ သူက လက်မှတ်များနှင့် ငွေများကို ယူပြီးနောက်တွင် ချန်ချင်းယွီခမျာ သူမ၏ယောက္ခမ အဘွားကြီးကျောက်နှင့် မည်သို့မျက်နှာချင်းဆိုင်ရမည်ကိုမူ သူ လုံးဝ ဂရုမစိုက်ပေ။

‘မိန်းမငယ်လေးတစ်ယောက် ဒုက္ခနည်းနည်းရောက်တာ ဘာဖြစ်သလဲ။ လူငယ်ဆိုတာ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံနိုင်ရမှာပေါ့’

သူ့စိတ်ထဲတွင် ပို၍ပင် စိတ်လှုပ်ရှားလာသည်။ လျော်ကြေးလက်မှတ်များ အများကြီး ကျန်နေသေးသည်ဟု ကြားထားရသည်။ ချန်ချင်းယွီ၏ မိုက်မဲမှုကြောင့် သူ၏မိသားစုမှာ အတော်လေး ထိခိုက်ခဲ့ရပြီး ပစ္စည်းအတော်များများလည်း မဝယ်နိုင်ဘဲ ဖြစ်နေခဲ့ရာ ဤသည်မှာ အခွင့်ကောင်းပင် ဖြစ်၏။

‘နာရီတွေ၊ စက်ဘီးတွေ၊ အပ်ချုပ်စက်ပစ္စည်းတွေ ဒါမှမဟုတ် ရေဒီယိုလက်မှတ်တွေလိုမျိုး တန်ဖိုးကြီးလက်မှတ်တွေ ပါရင်တော့ အကောင်းဆုံးပဲ… လက်မှတ်တစ်စောင်တည်းနဲ့တင် တစ်လစာ လစာလောက် တန်ဖိုးရှိတာ’

ဤသို့တွေးမိရင်း သူက ကျေနပ်သလိုမျိုး ပြုံးလိုက်မိသည်။

‘ဒီကောင်မလေး အိမ်ထောင်ကျတာလည်း ကြာပြီ၊ သူ့မိသားစုအတွက် တစ်ခုခု ပြန်ပေးဆပ်ရမယ့် အချိန်ရောက်ပြီပေါ့’

သူသည် ခမည်းခမက် ယောက္ခမဖြစ်သူ အဘွားကြီးကျောက်နှင့်မူ ထိပ်တိုက်မတွေ့လိုပေ။ အဘွားကြီးကျောက်သည် အပြောရခက်သောသူမှန်း သူတစ်ချက်ကြည့်ရုံနှင့် သိသည်။ သူမထံမှ ဘာမှရနိုင်မည်မဟုတ်ဟု တွေးကာ သူသည် အလုပ်မှ နှစ်နာရီစောထွက်ပြီး အိမ်သို့ သုတ်သုတ်ပြေးလာခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း ကံကြမ္မာမှာ ခန့်မှန်း၍မရချေ။ သူသည် လမ်းကြားအတွင်းသို့ မဝင်မီမှာပင် အဘွားကြီးကျောက်နှင့် ထိပ်တိုက် တိုးပါတော့သည်။

အဘွားကြီးကျောက်မှာမူ အလုပ်မှအိမ်သို့ အမြန်ပြန်လိုသဖြင့် ခပ်သွက်သွက် လျှောက်လာခဲ့၏။ အဝေးမှကြည့်သောအခါ လမ်းတစ်ဖက်ရှိ လူတစ်ယောက်မှာ သူမကို သရဲတစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေပြီး မျက်နှာမှာလည်း ချက်ချင်းပင် ပျက်ယွင်းသွားသည်ကို မြင်လိုက်ရ၏။

အဘွားကြီးကျောက် : “……”

............ ငါက ကြောက်စရာကောင်းတဲ့ သရဲမမို့လို့လား…ဘာလို့ အဲဒီမျက်နှာပေးနဲ့ ကြည့်နေရတာလဲ…

အဘွားကြီးကျောက်မှာ တော်တော်လေး စိတ်တိုသွားပြီး ထိုသူကို ဆဲရေးတိုင်းထွာရန် ပြင်လိုက်သော်လည်း ရုတ်တရက် ထိုသူမှာ မည်သူဖြစ်ကြောင်း သတိရသွားသည်။

"ဒါ ချန်ချင်းယွီရဲ့ အဖေပဲ မဟုတ်လား။"

အမှန်စင်စစ် ဤမိသားစုနှစ်ခုမှာ အဆက်အသွယ် လုံးဝမရှိသလောက်ပင်။ ချန်ချင်းယွီနှင့် လင်းကျန့်ဝမ်တို့ လက်ထပ်ပြီးကတည်းက နှုတ်ဆက်စကားပင် တစ်ခွန်းမျှ မပြောဖြစ်ကြချေ။ အဘွားကြီးကျောက်သည် သူမ၏ချွေးမကို အနိုင်ကျင့်ရဲခြင်းမှာ ချန်ချင်းယွီတွင် အားကိုးရာ မိသားစုမရှိမှန်း သိထားသောကြောင့် ဖြစ်၏။ မင်္ဂလာဆောင်ကဲ့သို့ ကြီးကျယ်သော ကိစ္စတွင်ပင် သူမတွင် ဘာမှပါမလာဘဲ စုတ်ပြတ်နေသော အဝတ်အစားအနည်းငယ်သာ ပါလာခဲ့သည်။

ထိုအဝတ်ဟောင်းများမှာ ဆက်းရဲလှသော အဘွားကြီးကျောက် ကိုယ်တိုင်ပင် အထင်သေးလောက်အောင် စုတ်ပြတ်နွမ်းနယ်နေခဲ့လေ၏။

အဘွားကြီးကျောက်သည် ချွေးမဖြစ်သူအပေါ် အထင်သေး အမြင်သေးရှိရခြင်းမှာ ချန်ချင်းယွီတွင် ပိုင်ဆိုင်မှုဟူ၍ ဘာမျှမရှိသည့်အပြင် မိဘအရင်းအချာများသည်ပင် ဂရုတစိုက်မရှိကြသဖြင့် ယောက္ခမဖြစ်သူ သူမအနေဖြင့်လည်း အဘယ်ကြောင့် အရေးလုပ်နေရမည်နည်းဟု တွေးတောမိသောကြောင့်ဖြစ်သည်။

သို့သော် တစ်ဖက်တွင်လည်း သူမသည် ချန်ချင်းယွီ၏ ဖခင်ဖြစ်သူကိုပါ တစ်ဆက်တည်း အထင်သေးမိပြန်၏။ လူလားမြောက်ပြီး စီးပွားရေးလည်း မချို့တဲ့ပါလျက်နှင့် မိမိသမီးအရင်းအပေါ် ဤမျှအထိ ရက်စက်တတ်သူမှာ မည်မျှအထိ စိတ်ပုပ်နှလုံးပုပ်ရှိမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်ပေသည်။

ဤမိသားစုနှစ်ခုမှာ ပုံမှန်အဆက်အသွယ်မရှိသလို တရားဝင် တွေ့ဆုံဖူးခြင်းလည်း မရှိကြချေ။ သို့သော် နှစ်အနည်းငယ်အတွင်း တစ်ခါမျှ မဆုံဖူးဘူးဟုဆိုလျှင်မူ မဖြစ်နိုင်သော စကားပင်။ လမ်းပေါ်တွင် တစ်ခါတစ်ရံ မတော်တဆ ဆုံမိတတ်ကြသဖြင့် အဘွားကြီးကျောက်သည် ချန်ရိကျွင်းကို မှတ်မိနေခြင်း ဖြစ်သည်။

အဘွားကြီးကျောက်၏ စိတ်ထဲတွင် အတွေးများ လှည့်ပတ်နေစဉ်မှာပင် နှစ်ဦးသားမှာ မျက်နှာချင်းဆိုင် အနေအထားသို့ ရောက်ရှိလာ၏။ ချန်ရိကျွင်းမှာ ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ အတင်းအကျပ် ပြုံးပြကာ နှုတ်ဆက်လိုက်၏။

"အော်... ခမည်းခမက်ကြီးပါလား၊ တိုက်တိုက်ဆိုင်ဆိုင်ပဲနော်။ ဒီမှာလာဆုံတာ။ အလုပ်မသွားဘူးလားဗျ... အလုပ်ကနေ ဒီလောက်စောစောကြီး ထွက်လာတာ အဆင်ပြေရဲ့လား။"

ထိုစကားကို ကြားလိုက်ရသောအခါ အဘွားကြီးကျောက်မှာ စိတ်ထဲတွင် လုံးဝ မကျေမနပ် ဖြစ်သွားတော့သည်။

သူမသည် ခါးထောက်လျက် ရပ်တန့်လိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်ကာ

"ရှင်က ဘယ်သူမို့လို့လဲ... ကျွန်မ အလုပ်က ဘယ်အချိန်ဆင်းဆင်း ရှင့်အပူပါလို့လား။ ကျွန်မတို့ ထမင်းစားဆောင်က စောစောဖွင့်ပြီး စောစောပိတ်တာပဲ၊ ဘာဖြစ်လဲ... ရှင့်ကို ဘာထိခိုက်လို့လဲ... ဒါနဲ့ နေပါဦး... ရှင်က ဒီမှာနေတာလည်း မဟုတ်ဘူး၊ ရှင့်စက်ရုံကလည်း ဒီနားမှာ မဟုတ်ပါဘဲနဲ့ ဒီကို ဘာလာလုပ်တာလဲ။ ကျွန်မအိမ်ကိုတော့ လာဖို့ မစဉ်းစားနဲ့နော်"

အဘွားကြီးကျောက်သည် ချန်ရိကျွင်းအပေါ်တွင် အလွန်ပင် ရိုင်းစိုင်းစွာ ဆက်ဆံလေသည်။

သူမသည် နာမည်ကြီး လက်မရွံသူတစ်ယောက်ဖြစ်ရာ မည်သူ့ကိုမျှ ကြောက်ရွံ့နေစရာ မလိုပေ။

အထူးသဖြင့် ချန်ချင်းယွီကိုယ်တိုင်ပင် သူမ၏ ဖခင်အရင်းအပေါ် အထူးအထွေ အလေးအနက်မထားဘဲ အထင်သေးကြောင်း ပြောဖူးထားသဖြင့် အဘွားကြီးကျောက်အနေဖြင့်လည်း ယဉ်ကျေးပျူငှာနေရန် အကြောင်းမရှိတော့ချေ။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ မွေးချင်းနှစ်ယောက်မှာ အသက်သုံးနှစ်ကျော် အရွယ်သို့ပင် ရောက်ရှိနေပြီဖြစ်သော်လည်း သူတို့၏ အဘိုးဖြစ်သူမှာ တစ်ခါတစ်ရံမျှ ပေါ်မလာခဲ့ဖူးချေ။ ကလေးများမှာ မှတ်ဉာဏ်ကောင်းသူများ ဖြစ်ကြသဖြင့်သာ ဓာတ်ပုံထဲမှ လူကို မှတ်မိနေကြခြင်း ဖြစ်သည်။ ယခုကဲ့သို့ သူ ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ မနေ့က ရရှိခဲ့သော လျော်ကြေးကိစ္စနှင့် မပတ်သက်ဟုဆိုလျှင် အဘွားကြီးကျောက်ကိုယ်တိုင်ပင် ယုံကြည်နိုင်မည် မဟုတ်ပေ။ အဘွားကြီးကျောက်သည် ချန်ချင်းယွီ ညက ပြောပြခဲ့သော သုံးသပ်ချက်များကို မှတ်မိနေသဖြင့် အခြေအနေ အရိပ်အယောင် အနည်းငယ် ပြောင်းလဲရုံမျှနှင့်ပင် အလွန်အမင်း သတိထားမိနေခြင်း ဖြစ်၏။

အဘွားကြီးကျောက် ချန်ရိကျွင်းကို မသင်္ကာသော မျက်လုံးများဖြင့် အထက်အောက် အကဲခတ်ကြည့်လိုက်၏။ ချန်ရိကျွင်းမှာမူ အနေရခက်စွာ ပြုံးပြလိုက်ပြီးနောက် ရင်းနှီးဖော်ရွေကာ ဂရုစိုက်တတ်သည့် အမူအရာမျိုး ချက်ချင်း ဖမ်းလိုက်လေသည်။ သူသည် အမျိုးသမီးများကို ကိုင်တွယ်ဖြေရှင်းရာတွင် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်ရှိသူ ဖြစ်၏။ အဘွားကြီးကျောက်သည် အသက်ကြီးသော်လည်း အမျိုးသမီးတစ်ဦးသာ ဖြစ်၍ ကိုင်တွယ်နိုင်သည်ဟု ယူဆထားလေသည်။

"ကျွန်တော့် သမက်လေးလည်း မရှိတော့ဘူးဆိုတော့... သမီးနဲ့ မြေးလေးနှစ်ယောက်ကို စိုးရိမ်လို့ အလုပ်ကနေ စောစောပြန်လာပြီး လာကြည့်တာပါ။ ခမည်းခမက်ကြီး ကျွန်တော့်ကို အထင်မလွဲပါနဲ့။ ကျွန်တော်က စကားပြော သိပ်မတတ်ပေမဲ့ စိတ်ရင်းကတော့ ကောင်းပါတယ်။ အခုလို လမ်းမှာ ဆုံရတာ တကယ့်ကို တိုက်ဆိုင်တဲ့ ကံကြမ္မာပါပဲဗျာ"

အဘွားကြီးကျောက်

နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး အသံကျယ်ကျယ်ဖြင့် တုံ့ပြန်လိုက်၏။

"စကားအပိုတွေ လာမပြောနဲ့... ငါ့ဖင့်ကြီးကို ကံကြမ္မာလား.. ကံကြမ္မာဆိုတာတွေ လာလုပ်မနေနဲ့... ဘာလို့ စိတ်ကောင်းရှိချင်ယောင် ဆောင်နေတာလဲ။ ကိုယ့်သမီး မင်္ဂလာဆောင်တောင် ပေါ်မလာတဲ့လူက အခုမှ ဘာတွေ လာပြီး ရင်းနှီးပြနေတာလဲ။ မိထွေးပါလာရင် ပထွေးဖြစ်သွားတတ်တဲ့ လူစားမျိုးပဲ... နင့်အကြောင်းကို ငါသိတယ်..."

"အခုမှ ကိုယ့်ကလေးကို ချစ်ပြနေတယ်၊ နင်က သမီးတစ်ယောက်ကို ဘယ်တုန်းက ပြုစုပျိုးထောင်ပေးဖူးလို့လဲ။ နင့်ရဲ့ ကောက်ကျစ်တဲ့ မျက်နှာကို ကြည့်ရုံနဲ့ သိနေတာပဲ၊ ငါ့ကို အလွယ်တကူ လှည့်စားလို့ရမယ့် အဘွားကြီးလို့ ထင်နေတာလား။ ဘာလဲ... ငါ့အိမ်ကို မလာဘူးလို့ ငြင်းချင်သေးတယ်ပေါ့လေ.. ငါ အိမ်မှာမရှိတုန်း ဒီနားကို လာဝဲနေတာ ဘာလုပ်မလို့လဲ။ မနေ့က ငါတို့ လျော်ကြေးရတယ်ဆိုတဲ့ သတင်းကို ကြားလို့ လာပြီး မျက်နှာချိုသွေးတာ မဟုတ်လား။ ပြီးတော့ ငါ မရှိတဲ့အချိန်ကိုမှ တမင် ရွေးလာတာ... နင်လို လူအိုကြီးကတော့ လုံးဝ စိတ်ရင်း မမှန်ဘူး..."

အဘွားကြီးကျောက်သည် သဘောထားနူးညံ့သူမဟုတ်သည့်အပြင် စကားကိုလည်း ကွေ့ဝိုက်ပြောလေ့မရှိဘဲ တည့်တည့်ဆော်တတ်သူ ဖြစ်သည်။

ပတ်ဝန်းကျင်မှ လူများလည်း ဝိုင်းအုံကြည့်လာကြသည်ကို မြင်သောအခါ...

အဘွားကြီးကျောက်သည် လက်ကိုဝှေ့ယမ်းကာ အသံကုန်ဟစ်၍ အော်ဟစ်ပြောဆိုတော့၏။

"ဟောဒီမှာ လူအပေါင်းတို့ ဝိုင်းကြည့်ကြပါဦး... ဝိုင်းကြည့်ကြပါဦး... ဒါဟာ ကျွန်မရဲ့ အသဲနှလုံးမရှိတဲ့ ရက်စက်လွန်းတဲ့ ခမည်းခမက်ကြီးပဲ.. သူဟာ ကိုယ့်သမီးအရင်းကို ငယ်ငယ်ကတည်းက တစ်ရက်ကလေးတောင် ပြုစုပျိုးထောင်ခဲ့တာ မဟုတ်ဘူး.. ကျွန်မချွေးမလေးကို သူ့ရဲ့အဘိုးအဘွားတွေကပဲ ကျွေးမွေးစောင့်ရှောက်ခဲ့တာ.. သူ့မိန်းမဆုံးလို့ ရက်ပိုင်းအတွင်းမှာတင် နောက်မိန်းမကို ချက်ချင်းယူခဲ့တာလေ.. သူဟာ တစ်ချိန်က အိမ်ပါသမက်ဘဝနဲ့ နေခဲ့ရတာကိုလည်း လုံးလုံးကြီး မေ့နေပြီ.. အရင်တုန်းက သူ့မိသားစုက ဘယ်လောက်တောင် ဆင်းရဲသလဲဆိုရင် ယောင်္ကျားအများကြီးက ဘောင်းဘီတစ်ထည်တည်းကိုပဲ မျှဝတ်ခဲ့ရတာ.. သူ့ယောက္ခမတွေရဲ့ အကူအညီနဲ့ အလုပ်အကိုင်ရမှပဲ ဘဝက နည်းနည်းလေး ကောင်းလာခဲ့တာ… အခု ယောက္ခမတွေဘက်က စီးပွားရေးကျပ်တည်းလာပြီး သူကလည်း သူတို့အပေါ် မှီခိုလို့မရတော့ဘူးဆိုရော... လူယုတ်မာ စရိုက်တွေ စပြလာတာပဲ။ အဲဒီအချိန်ကစပြီး သူ့သမီးကိုလည်း လုံးဝ ဂရုမစိုက်တော့ဘူး။"

သူမ ဆက်၍

"ဒါတင်မကဘူး.. ယောက္ခမတွေ ဆုံးသွားပြီးတဲ့နောက်မှာတော့ သူက ပိုပြီး လူမိုက်ဆန်လာတယ်.. သမီးဖြစ်သူကို ကျေးလက်ကို ပို့ပစ်ဖို့အထိ ကြံစည်ခဲ့တာ။ ကျွန်မသားနဲ့ ကျွန်မချွေးမတို့ လက်ထပ်တုန်းကလည်း သူက ပေါ်မလာတဲ့အပြင် သမီးဖြစ်သူရဲ့ ပစ္စည်းပစ္စယတွေကိုတောင် အဓမ္မသိမ်းပိုက်ထားခဲ့သေးတယ်… လက်ထပ်ပြီးလို့ နှစ်တွေအကြာကြီးအထိ တစ်ခါမှ မျက်နှာပြခဲ့တာ မဟုတ်ဘူး.. ဘယ်လိုလူစားမျိုးလဲဆိုတာ စဉ်းစားသာကြည့်ကြတော့.. အခုမှ ရုတ်တရက်ကြီး ပေါ်လာတာပေါ့.. နင်က စိတ်ရင်းနဲ့ လာကြည့်တာပါလို့ ပြောရင် ငရဲပြည်က သရဲတွေတောင် ယုံမှာမဟုတ်ဘူး.. နင့်မှာ မကောင်းတဲ့ အကြံရှိနေတာ သေချာတယ်... နင့်ရဲ့ အကောက်ဉာဏ်ကြီးတဲ့ မျက်နှာပေးနဲ့ ငါလို လူကို လာပြီး သူတော်ကောင်း မလုပ်ပြနဲ့။ အရှက်မရှိတဲ့လူ... အခုမှ ဘာလဲ၊ ငါနဲ့မှ ကံတရားက ဆုံပေးတာတဲ့လား... ဘာလဲ... နင်က ငါလို အဘွားကြီးကိုတောင် လာပြီး မျက်စိကျနေတာလား... နင် ဘယ်လောက်တောင် ယုတ်မာနေရတာလဲ... တောက်..."

“ခင်များ… ခင်များ.. ဘာတွေလျှောက်ပြောနေတာလဲ..”

ချန်ရိကျွင်းသည် အဘွားကြီးကျောက်မှာ ဤမျှအထိ ဆိုးသွမ်းသောသူဖြစ်လိမ့်မည်ဟု တစ်ခါမျှ မတွေးတောခဲ့ဖူးချေ။ သူမသည် နာမည်ကြီး အာဂအဘွားကြီး ဖြစ်ကြောင်းနှင့် သူမနှင့်ပတ်သက်သော ကောလာဟလများကို ကြားဖူးနားဝရှိသော်လည်း ကိုယ်တိုင်ကိုယ်ကျ ထိပ်တိုက်ကြုံရသည်မှာ ယခုတစ်ကြိမ်သည် ပထမဆုံးပင် ဖြစ်၏။ ယခင် သူမနှင့် အနည်းငယ် ဆုံဖူးစဉ်က အဘွားကြီးကျောက်သည် စကားအပြောအဆို ပက်စက်ပြီး ဆက်ဆံရေးမပြေပြစ်သော်လည်း ယခုတစ်ကြိမ်ကဲ့သို့ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် တိုက်ရိုက်ပြောဆိုခြင်းမျိုးမူ မရှိခဲ့ဖူးပေ။

သူ ဒေါသတကြီးဖြင့် ပြန်လည် တုံ့ပြန်လိုက်မိ၏။

"ခမည်းခမက်ကြီး... ကျွန်တော့်ကို အထင်သေးတယ်ဆိုရင်တောင် ဒီလိုစကားမျိုးတွေ ပြောစရာမလိုပါဘူး.. ဒါဟာ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ မဟုတ်ဘူးလား.."

အဘွားကြီးကျောက် ပြန်ထေ့ငေါ့လိုက်ကာ

"တောက်... နင့်ရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးတယ် ဟုတ်လား။ နင်လိုလူမျိုးရဲ့ ဂုဏ်သိက္ခာကို ငါက ဖျက်ဆီးနေဖို့ လိုဦးမလား.. ဒီပတ်ဝန်းကျင်မှာ နေတဲ့သူတွေအားလုံးက ငါတို့စက်ရုံမှာ လုပ်နေကြတာ.. ဒီလမ်းထဲကိုလည်း လူတိုင်း ဝင်ထွက်သွားလာနေကြတာပဲ.. ငါတို့ မိသားစု အခြေအနေကို ဘယ်သူက မသိဘဲ နေမလဲ.. နင်ကရော... ခမည်းခမက်ဆိုပြီး ဘယ်တုန်းက ပေါ်လာဖူးလို့လဲ.. အခုမှ ရုတ်တရက်ကြီး ပေါ်လာပြီး ငါ့ကို မျက်နှာချိုသွေးနေတာလား၊ ရွံစရာကောင်းလိုက်တာ... နင့်ရဲ့ မကောင်းတဲ့ အကြံအစည်တွေကို ငါက မရိပ်မိဘူးလို့ ထင်နေတာလား.. ငါကို အထင်သေးလွန်းရာ ရောက်နေပြီ.. ငါ အဘွားကြီးက မျက်စိရှင်တယ်၊ နင် ဘာလာလုပ်တယ်ဆိုတာ တစ်ချက်ကြည့်ရုံနဲ့ သိတယ်… မနေ့ကမှ စက်ရုံက လျော်ကြေးရတယ်၊ ဒီနေ့ နင်က ရောက်လာတယ်လေ.. ငါ အိမ်မှာမရှိတုန်းကို ချောင်းပြီး လာတာဆိုတော့... နင့်မှာ တစ်ခုခု ကြံစည်ထားတာ သေချာတယ်..."

အဘွားကြီးကျောက် ဝက်ဝက်ကွဲအောင် အော်ဟစ်လိုက်လေသည်။

ချန်ရိကျွင်းမှာ တစ်သက်နှင့်တစ်ကိုယ် ဤမျှအထိ ဆိုးသွမ်းသော မိန်းမမျိုးနှင့် တစ်ခါမျှ မကြုံဖူးချေ။ အလုပ်ဝင်ကတည်းက နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မိမိကိုယ်မိမိ ဂုဏ်သရေရှိလူကြီးတစ်ယောက်ဟု သတ်မှတ်ထားသူ ဖြစ်၏။ မိမိအိမ်တွင် သမီးဖြစ်သူ လာရောက်ပြဿနာရှာခဲ့သည့် အကြိမ်မှလွဲ၍ ဤမျှအထိ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရခြင်းမျိုး မရှိဖူးပေ။

သူသည် အလွန်အမင်း ဒေါသထွက်သွားပြီး

"ပါးစပ်ပိတ်လိုက်စမ်း၊ ဒီအဘွားကြီး... ခင်များက တကယ့်ကို အာကြမ်းမကြီးပဲ၊ ပါးစပ်ကလည်း မစင်တွင်းကထွက်တဲ့အတိုင်းပဲ။ ငါက ခင်များတို့လို ခမည်းခမက်မျိုးနဲ့ မပတ်သက်ချင်လို့ မျက်နှာမပြတာ။ ခင်များလို လူဆိုးမမျိုးကတော့ တကယ့် အရှက်မရှိတဲ့... အား..."

အဘွားကြီးကျောက် မျက်လုံးများမှာ မီးပွင့်ထွက်မတက် ဖြစ်လာပြီး

"ငါ့ကို ဆဲရဲတယ်ပေါ့လေ... ငါ့ကို ဆဲတဲ့အတွက် နင့်ကို သင်ခန်းစာ ပေးရဦးမယ်... လူကို ဆဲရဲတဲ့ အကျင့်ကို ငါ ပြင်ပေးလိုက်မယ်..."

အဘွားကြီးကျောက်သည် ရုတ်တရက် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်သွားပြီး လက်သည်းများဖြင့် ကုတ်ခြစ်လိုက်ရာ ဝူးခနဲ အသံနှင့်အတူ ချန်ရိကျွင်း၏ လည်ပင်းတွင် သွေးစို့သော အနာရာကြီး ထင်ကျန်ရစ်လေသည်။

အဘွားကြီးကျောက်သူမ၏လက်များကို ခပ်သွက်သွက် ဝှေ့ယမ်းရင်း

"နင်က ငါ့ကို အာကြမ်းမလို့ ခေါ်ရဲတယ်ပေါ့လေ... ငါ့ကြည့်ရတာတော့ နင်ကသာ ပါးစပ်က မစင်တွင်းထွက်နေတာ... တခြားသူတွေက နင့်အကြောင်း မသိချင်နေမယ်၊ ငါကတော့ အကုန်သိတယ်၊ နင်က အမှိုက်သရိုက်ပဲ... နင်လိုကောင် မိန်းမတွေကို အမြတ်ထုတ်ပြီး ဘဝကို တည်ဆောက်ခဲ့တာ၊ နင့်တစ်မိသားစုလုံး မိန်းမတွေအပေါ် မှီခိုပြီး ဒီအဆင့်ရောက်လာတာ မဟုတ်လား။ နင့်အလုပ်ရော၊ နင့်ညီရဲ့အလုပ်ရော... အဲဒါတွေအားလုံးက နင့်ယောက္ခမတွေရဲ့ ကျေးဇူးတွေ မဟုတ်ဘူးလား.. အဲဒီလူကြီးနှစ်ယောက်က ပညာတတ်တွေ၊ အဆက်အသွယ်ရှိလို့သာ နင်တို့ ဒီလိုဖြစ်လာတာ၊ နင်က သူတို့ကိုတောင် အခွင့်ကောင်းယူခဲ့သေးတာပဲ.. ပြီးတော့ မိန်းမ ဆုံးပြီးလို့ ရက်လေးဆယ်ကိုးရက်တောင် မပြည့်သေးဘူး၊ နောက်မိန်းမကို ချက်ချင်း ယူလိုက်တာပဲ.. နင်က အသည်းနှလုံးမရှိတဲ့ ကောင်ပဲ... ကိုယ့်သမီးအရင်းနဲ့ ယောက္ခမဟောင်းတွေဆီကတောင် ငွေညှစ်ဖို့ ကြိုးစားခဲ့သေးတာ..."

သူမ ဆက်လက်၍ အားရပါးရ ဆဲဆိုလေသည်။

"နင့်မှာ အခု ပြားပြားမှ မရှိတော့ဘူး.. နင့်မိန်းမ ရှိတုန်းကလည်း ယောက္ခမတွေအပေါ် မှီခိုနေခဲ့တယ်၊ အခု သူ မရှိတော့လည်း သမီးဆီက၊ မြေးဆီက လာပြီး နှိုက်ချင်နေတာလား.. ကိုယ့်မိန်းမ ဆုံးပြီးတာနဲ့ ကိုယ့်သမီးအရင်းကို တစ်ရက်တောင် မကျွေးချင်လို့ ကျေးလက်ကို ပို့ပစ်ခဲ့တဲ့ကောင်.. ကိုယ့်သမီး လက်ထပ်တုန်းကလည်း လက်ဖွဲ့အဖြစ် တစ်ပြားတစ်ချပ်မှ မပေးတဲ့အပြင် သမီးရဲ့ ကိုယ်ပိုင်အဝတ်အစားတွေကိုတောင် ယူခွင့်မပေးခဲ့ဘူး… အဲဒါတွေက နင် ဝယ်ပေးထားတာလည်း မဟုတ်ဘဲနဲ့... နင်က ဒီလောက်အထိ အောက်တန်းကျပြီး ရက်စက်ပါလျက်နဲ့ သူတော်ကောင်းယောင် ဆောင်နေသေးတယ်... ဒီနေ့တော့ နင့်ရဲ့ မျက်နှာဖုံးကို ခွာချပြီး လူတိုင်းသိအောင် နင်ဟာ လူယုတ်မာဆိုတာကို ဖွင့်ချပြရမယ်... ဟင်း... လူအပေါင်းတို့ ကြည့်ကြပါဦး၊ ဒီလူ့မျက်နှာကို မှတ်ထားကြ၊ ဒီလူဟာ မိန်းမတွေဆီက ကပ်စားနေတဲ့သူပဲ။ ကိုယ့်သမီးအရင်းအပေါ်တောင် ဒီလောက် ရက်စက်တာ၊ သူ့ရဲ့ မယားပါသမီးအပေါ်ဆိုရင် ဘယ်လောက်တောင် ရှိမလဲ စဉ်းစားကြည့်ကြတော့။ ပြောပြရဦးမယ်... သူ့ရဲ့ မယားပါသမီးက ကျွန်မတို့ဝင်းထဲက ဝမ်တာ့ချွေနဲ့ လူတွေ့ခဲ့တဲ့ ယွီမေကျွမ်းလေ.. ရှင်တို့ ဒါကို မသိကြဘူးမလား.. ယွီမေကျွမ်း ပြောတာ အကုန်လုံး မဟုတ်ပါဘူး၊ သူအရင်က အလုပ်ရှိခဲ့ပါတယ်၊ ဒါပေမဲ့ ချန်ရိကျွင်းနဲ့ သူ့မိန်းမက တကယ့်ကို ရက်စက်တဲ့ အတွဲပဲလေ... သူတို့နှစ်ယောက်ဟာ တကယ့်ကို ယုတ်မာတဲ့ လင်မယားတွေ.. သူက ကိုယ့်သမီးအပေါ် ရက်စက်သလို၊ သူ့မိန်းမကလည်း သူ့သမီးအပေါ်မှာ မကောင်းဘူး။ ယွီမေကျွမ်းမှာ အလုပ်ရှိခဲ့ပေမဲ့ သူတို့က အဲဒီအလုပ်ကို လုယူပြီး သူတို့ရဲ့ သားကြီးကို ပေးလိုက်တယ်၊ ပြီးတော့ ယွီမေကျွမ်းကို ကျေးလက်ကို ပို့ပစ်လိုက်တာ.. အခုကျတော့မှ သူတို့လင်မယားက ဒါကို ဝန်မခံချင်ကြဘူး..."

အဘွားကြီးကျောက်၏ ဆဲဆိုသံများမှာ ရပ်တန့်မသွားဘဲ ချန်ရိကျွင်း၏ မျက်နှာပေါ်သို့ တံထွေးများပင် လွင့်စင်ကုန်တော့သည်။

"ကိုယ့်သမီးအပေါ်မှာတောင် မကောင်းတဲ့သူ။ နင့်မိသားစုက မိန်းမတွေကို အမြတ်ထုတ်ပြီး ချမ်းသာလာတဲ့ အစဉ်အလာကတော့ တကယ့်ကို ရူးချင်စရာပဲ... နင်က မျက်နှာပြရဲသေးတယ်ပေါ့လေ.. ငါ့ချွေးမကို အကြောင်းပြောပြီး နင့်ကို သိက္ခာမချင်ဘူး နင်လိုကောင်အတွက် အချိနိကုန်မခံချင်လို့ .. ဒါတောင်.. နင်က ငါ့ဆီကတောင် အခွင့်ကောင်းယူချင်သေးတယ်လား။ နင့်ကို သေအောင် ရိုက်သတ်ပစ်မယ်၊ ဒီလို မျက်နှာချိုသွေးပြီး ကပ်စားတဲ့ကောင်... ယောင်္ကျားတစ်ယောက်ဖြစ်ပြီး မိန်းမအပေါ် မှီခိုနေတာတောင် အရှက်မရှိဘဲ... အခု လင်ယောကျာ်းမရှိတဲ့သူတွေရဲ့ ပစ္စည်းကိုပါ လာပြီး နှိုက်ချင်နေတာ၊ နင့်ကို မိုးကြိုးပစ်သင့်တယ်..."

အဘွားကြီးကျောက်သည် တစ်ရစပ် ပြောဆိုရင်း သူမ၏ လက်များမှာလည်း အနားမနေဘဲ ချန်ရိကျွင်းကို တရစပ် ကုတ်ခြစ်နေလေသည်။ ချန်ရိကျွင်းမှာ စက်ရုံမှ လက်ထောက်အလုပ်ရုံမှူး တစ်ဦး ဖြစ်သော်လည်း သူ၏စက်ရုံမှာ စက်မှုစက်ရုံကဲ့သို့ ပင်ပင်ပန်းပန်း လုပ်ရသည့်နေရာ မဟုတ်သဖြင့် ခဏချင်းမှာပင် အဘွားကြီးကျောက်၏ အနိုင်ယူ ရိုက်နှက်ခြင်းကို ခံလိုက်ရ၏။

အဘွားကြီးကျောက်သည် အရပ်ပုသော်လည်း အလွန်ပင် လျင်မြန်ဖြတ်လတ်လှသည်။ သူမ၏ တိုက်ခိုက်မှုများမှာ ပြင်းထန်လှပြီး တစ်လက်မမျှ အလျှော့မပေးဘဲ ပါးစပ်မှလည်း အသံကုန်ဟစ်ကာ အော်ဟစ်ဆဲဆိုနေလေ၏။

တကယ်တမ်းတွင် ချန်ချင်းယွီသည် ချန်မိသားစုနှင့် ချန်ရိကျွင်းအကြောင်း အဘွားကြီးကျောက်ရှေ့တွင် ပြောလေ့ပြောထမရှိပေ။ သို့သော် အဘွားကြီးမှာ သားနှင့်ချွေးမ စကားပြောစဉ် ခိုးနားထောင်ထားလေသည်။

သားနဲ့ချွေးမကြားက စကားတွေကို ချောင်းနားမထောင်တဲ့ ယောက္ခမဆိုတာ ရှိလို့လား..

ဟုတ်တယ်... သူမကတော့ အပိုင်ကို ချောင်းနားထောင်ထားတာ..

စကားများ၏ ဆယ်ပုံရှစ်ပုံမျှကို သူမကြားဖူးနေပြီး တစ်ဆက်တည်း ယွီမေကျွမ်းကိုယ်တိုင် ဝန်ခံပြောဆိုသွားသည့် အချက်များကြောင့် သူမဘာသာ အချက်အလက်များကို စုစည်း၍ ချန်ရိကျွင်း၏မျက်နှာဖုံးကို ဆွဲခွါရန် အသင့်ဖြစ်နေခြင်းပင်။

ဤသည်မှာ သူမအနေဖြင့် ခမည်းခမက်ကို မျက်နှာမထောက်ခြင်း မဟုတ်ပေ။

ဒါပေမဲ့...

အရေးကြီးတဲ့ အချိန်မှာတော့ အရေးကြီးတဲ့ နည်းလမ်းကို သုံးရမှာပဲလေ..

ဒီလူအိုကြီးကို သူမတို့နား အကပ်ခံလို့ လုံးဝ မဖြစ်ဘူး...

တကယ်လို့သာ ဒီလူအိုကြီး ကပ်လာလို့ ချွေးမဖြစ်သူက စိတ်ပျော့သွားရင် ဘယ်လိုလုပ်မလဲ…

သူမနဲ့ ချွေးမကမှ တစ်လှေတည်းစီး တစ်ခရီးတည်းသွား၊ တစ်ယောက်ကိုတစ်ယောက် မှီခိုနေကြရတဲ့ မုဆိုးမသားအမိတွေ မဟုတ်လား…

အခက်အခဲတွေကြားက ရုန်းကန်နေရတာဆိုတော့ ယောက္ခမနဲ့ ချွေးမ ရိုင်းပင်းကူညီကြရမှာလေ.. တကယ်လို့ ချန်ရိကျွင်းသာ ကပ်လာပြီး ချွေးမက သူ့အဖေအရင်းအပေါ် စိတ်ပျော့သွားခဲ့ရင်...

အဲဒီအချိန်ကျမှ ဒီလူအိုကြီးက တခြားတစ်ယောက်ဆီက တင်တောင်းငွေရဖို့အတွက် သမီးကို နောက်အိမ်ထောင်ပြုဖို့ ဖျောင်းဖျနေရင်…

အဘွားကြီးကျောက် တစ်ကိုယ်လုံးတုန်ယင်သွားပြီး ရိုက်နှက်ချက်များမှာ ပိုပြင်းထန်လာ၏။

မဖြစ်ဘူး၊ လုံးဝ မဖြစ်စေရဘူး...

‘ချန်ရိကျွင်းနဲ့တော့ အပြတ်အသတ် ရန်ဖြစ်မှဖြစ်မယ်.. ချန်ချင်းယွီနဲ့ ချန်ရိကျွင်းတို့ကို လုံးဝ ပြန်အဆင်မပြေစေရဘူး… နောက်မှ ချန်ချင်းယွီက သူမကို ပြန်လက်ပါရင်တောင် ခံလိုက်မယ်.. ချန်ချင်းယွီကိုတော့ သူမတို့ အိမ်မှာပဲ ရှိနေစေရမယ်.. ဒီလူအိုကြီး တိတ်တိတ်လေး ပေါ်လာတာဟာ လုံးဝ မကောင်းတဲ့ အကြံနဲ့ပဲ’

အဘွားကြီးကျောက် အော်ဟစ်လိုက်ကာ

"ငါ့သားနဲ့ နင့်သမီး လက်ထပ်တုန်းကလည်း နင်ပေါ်မလာဘူး၊ နင့်သမီး ကလေးမွေးတော့လည်း နင်ပေါ်မလာဘူး၊ ငါ့သား ဆုံးတော့လည်း နင်ပေါ်မလာဘူး၊ အခုကျမှ ရုတ်တရက်ကြီး ထွက်လာတယ်ပေါ့။ နင်က သာမန်လာကြည့်တာဆိုရင် ငါ့ခေါင်းကို ဖြတ်ပြီး နင့်အတွက် ထိုင်ခုံလုပ်ပေးလိုက်မယ်... နင်က မနေ့က ငါတို့ရတဲ့ လျော်ကြေးကို မျက်စိကျလို့ လာတာ မဟုတ်လား။ ဒါမှမဟုတ် နင့်သမီးကို နောက်အိမ်ထောင်ပြုခိုင်းပြီး တင်တောင်းငွေ နှိုက်ချင်လို့လား.. ပြောစမ်း... ဒီလူအိုကြီး... ငါ့ကို အမှန်အတိုင်းပြော... နင့်မှာ ဘယ်လောက် ယုတ်မာတဲ့ အကြံတွေ ရှိနေသလဲ။ ဘာလဲ... နင့်သမီး နှစ်ယောက်လုံးက တစ်ယောက်က အိမ်ထောင်ကျ၊ တစ်ယောက်က ကျေးလက်ကိုရောက်သွားတော့ အမြတ်ထုတ်လို့ မရတော့လို့ အခုမှ လမ်းဘေးနည်းလမ်းတွေ လာသုံးနေတာလား.. မိန်းမတွေဆီကပဲ ကပ်စားတတ်တဲ့ အမှိုက်ကောင်... ကဲ... ငါ့လက်သီးကို မြည်းကြည့်စမ်း..."

အဘွားကြီးကျောက်သည် ယင်ကိုးပါး အရိုးဖောက်လက်သည်းသိုင်းတင်မက၊ သံမဏ်လက်သီး၊ ဖော့ရှန်းအရိပ်မဲ့ခြေသိုင်းများပါ တတ်မြောက်လေသည်။

(ကျင်းယုံရဲ့သိုင်းတွေ သူအကုန်တတ်.. တင်စားထားတာပါ)

ရန်ပွဲများစွာ ဆင်နွဲခဲ့ရ၍ သူမ၏သိုင်းပညာမှာ အထွတ်အထိပ်ရောက်နေလေပြီ…

သူမ တဖြောင်းဖြောင်းနှင့် ဆော်

လိုက်ရာ ချန်ရိကျွင်းခမျာ အငိုက်မိပြီး လုံးဝ ပြန်မခုခံနိုင်တော့ပေ။

“မိန်းမယုတ်.. ငါ့ဂုဏ်သိက္ခာကို ဖျက်စီးနေတာ..”

အဘွားကြီးကျောက် ပြန်ဆဲဆိုကာ

"တောက်... နင့်ဂုဏ်သိက္ခာက ငါဖျက်ဆီးမှ ပျက်မှာလား။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က နင့်အိမ်နီးနားချင်းဟောင်းတွေကို သွားမေးကြည့်လိုက်၊ နင်က ဘယ်လိုကောင်လဲဆိုတာ ဘယ်သူမသိဘဲ နေမလဲ။ ဆယ်နှစ်ကျော်က အိမ်နီးနားချင်းတွေကို သွားမေးကြည့်ဦး၊ နင် ကိုယ့်သမီးအရင်းကို မကျွေးခဲ့တာ ဘယ်သူမသိလဲ။ နင် သမီးကို လက်ထဲမှာ ဆုပ်ကိုင်ထားတာဟာ လူကြီးတွေဆီက ငွေညှစ်ဖို့ပဲ မဟုတ်လား။ လူကြီးနှစ်ယောက်ရဲ့ လစာတွေ နင့်ဆီကို ဘယ်လောက်တောင် ရောက်သွားသလဲဆိုတာ ကောင်းကင်ကြီးပဲ သိလိမ့်မယ်..."

ဟင်း... သူမ မသိဘူးလို့ ထင်နေလား။

ယွီမေကျွမ်း ပြောပြထားလို့ အကုန်သိတယ်...

အကုန်သိတယ်...

အဘွားကြီးကျောက်: "နင်က လူကောင်းယောင် ဆောင်နေသေးတယ်..."

ချန်ရိကျွင်း : "ဒီမိန်းမယုတ်၊ မိန်းမကြမ်းကြီး... နင် လျှောက်ပြောနေတာ၊ ငါ့ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာ၊ နင် သေချင်းဆိုးနဲ့ သေရမှာ..."

အဘွားကြီးကျောက် : "ဒီလူယုတ်မာကြီး... မိန်းမတွေဆီကပဲ ကပ်စားပြီး ကောင်းစားနေတဲ့ အမှိုက်ကောင်... နင် အခုလာတာ စိတ်ရင်းမမှန်ဘူးဆိုတာ ငါ အကုန်မြင်နေရတယ်။ ဒီနေ့ နင့်ကို အဖေခေါ် အမေခေါ်အောင် မရိုက်နိုင်ရင် ငါ့အရည်အချင်း မရှိလို့ပဲ..."

သူမ ဒေါသတကြီး အသက်ပြင်းပြင်းရှုလိုက်ပြီး

"နင် ငါ့အကြောင်းကို သေသေချာချာ စုံစမ်းမထားဘူး ထင်တယ်.. ငါ ကျောက်တာ့ရာဆိုတာ အနိုင်ကျင့်ရလွယ်တဲ့သူ မဟုတ်ဘူး.. ဒီပတ်ဝန်းကျင် တစ်ဝိုက်မှာ ငါ့နာမည်ကို ဘယ်သူမသိလဲ.. နင်ကတောင် ငါ့ဆီလာပြီး အခွင့်ကောင်းယူချင်သေးတယ်၊ ငါက နင့်ကို မျက်နှာသာ ပေးနေရဦးမှာလား.."

အဘွားကြီးကျောက်သည် ဖိနပ်ကိုချွတ်လိုက်ပြီး ချန်ရိကျွင်း၏ မျက်နှာကို တရစပ်ဆော်ပလော်တီးလေတော့၏။

“အရှက်မရှိတဲ့ အဘွားကြီး.. ငါသည်းခံနေတာ အကောင်းမမှတ်နဲ့”

“အား… သောက်ရူးမကြီး”

“နင်… ယောကျာ်းပိုင်းလုံး”

“ထွက်သွားစမ်း… ခင်များကို ကျုပ်ပြန်ရိုက်အောင် လာဖိအားမပေးနဲ့..”

“ငါက ကြောက်ရမှာလား လာစမ်းပါ ပိုင်းလုံးကောင် သေအောင်ရိုက်ပစ်မယ်”

နှစ်ဦးသား၏ ဟိန်းဟောက်သံများကြောင့် ခဏချင်းမှာပင် လူအုပ်ကြီးမှာ အတော်လေး စုမိသွားလေသည်။ အလုပ်ဆင်းချိန် မရောက်သေးသော်လည်း ရန်ပွဲသတင်းကြားသည်နှင့် အနီးအနားဝန်းကျင်မှ လူများမှာ မိမိတို့နေရာကို အပြေးအလွှား ရောက်လာကြသည်။ ဤရက်ပိုင်းအတွင်း စိတ်လှုပ်ရှားစရာ အဖြစ်အပျက်တွေ များနေသော်လည်း သူတို့အတွက်တော့ နည်းတောင် နည်းနေသေးသည်ဟု ထင်မြင်နေကြ၏။

ငြီးငွေ့စရာကောင်းလှသော သူတို့၏ နေ့စဉ်ဘဝထဲတွင် ဤကဲ့သို့သော အဖြစ်အပျက်များမှာ အရောင်အသွေး သစ်လွင်စေသည့် ပျော်ရွှင်မှု တစ်ရပ်ပင်…

ကြည့်ရသည်မှာ လူတိုင်းအတွက် အလွန်ပင် ဇိမ်ကျလှ၏။..

စောစောရောက်သူများသည် နောက်ကျမှ ရောက်လာသူများကို ဇာတ်ကြောင်း ပြန်ပြောပြနေကြရာ မကြာမီမှာပင် လူတိုင်းအကြောင်းစုံကို သိသွားကြတော့သည်။

"ငါကြားဖူးတာတော့ ဒေါ်လေးကျောက်ရဲ့ ချွေးမလေး လက်ထပ်တုန်းက ဘာမှပါမလာဘူး၊ သူ့မိဘတွေတောင် ပေါ်မလာဘူးတဲ့။ တကယ်တော့ ဒီလိုဖြစ်ရပ်တွေ ရှိခဲ့လို့ကိုး"

"ဟေ့... ငါစောစောကတည်းက ရောက်နေတာ.. ငါအကုန်ကြားလိုက်ရတယ်။ ဒီအဖေဆိုတဲ့လူက တကယ့် လူယုတ်မာပဲ.. ပထမမိန်းမရဲ့ အလောင်းတောင် မအေးသေးဘူး နောက်မိန်းမ ချက်ချင်းယူတာ.. သူက အရင်သမီးကို ဘယ်ဂရုစိုက်ပါ့မလဲ"

"ခုနက ပြောတာတော့ သမီးကို ဂရုမစိုက်ရုံတင်မကဘူး၊ သမီးကို အသုံးချပြီး ယောက္ခမတွေဆီက ငွေတောင် တောင်းသေးတယ်ဆိုလား"

"သူ့အလုပ်ကလည်း ယောက္ခမတွေ လုပ်ပေးထားတာတဲ့..မိန်းမဆီက ကပ်စားနေတဲ့ ကောင်ပေါ့..."

"ယောင်္ကျားကြီးတန်မဲ့ မိန်းမဆီက အလုပ်တောင်းစားတာတော့ တကယ့်ကို ရွံစရာပဲ"

လူအုပ်ကြီး၏ အတင်းအဖျင်း စကားများကြားတွင် လီချန်ရွှမ်းတစ်ယောက် မျက်နှာပျက်နေတော့သည်။

သူ ဘေးမှနေ၍ ရန်ပွဲကို အသာလေး ကြည့်နေရင်းမှ မမျှော်လင့်ဘဲ သူပါ အထိနာသွားခြင်း ဖြစ်၏။ သူသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မကျေမနပ် ဖြစ်နေစဉ်မှာပင် သူ့ဇနီး လင်စန်းရှင်းမှာလည်း တစ်ဖက်မှနေ၍ မျက်နှာပျက်ပျက်နှင့် ရန်ပွဲကို ကြည့်နေသည်ကို သတိထားမိသွားသည်။ လင်စန်းရှင်းမှာမူ လီချန်ရွှမ်း သူမကို ကြည့်နေသည်ကို သတိမထားမိဘဲ ရန်ပွဲကိုသာ အာရုံစိုက်နေ၏။

သူမ တိုးတိုးလေး ရေရွတ်လိုက်ကာ

"ရှောင်ချန်ဘယ်မှာလဲ... ရှောင်ချန်ဘာလို့ ရောက်မလာတာလဲ... ဒါက သူ့အဖေအရင်းပဲ မဟုတ်လား။"

သူမက သက်ပြင်းချဟန်ဆောင်ကာ

"မိဘဆိုတာ ဘယ်တော့မှ မမှားဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် သူက အဖေပဲဟာ.. ရှောင်ချန်က လာပြီး ကာကွယ်ပေးသင့်တာပေါ့.. ဒေါ်ကြီးကျောက်ကလည်း ခမည်းခမက်အချင်းချင်းကို ဘာလို့ ဒီလောက်အထိ ရက်စက်နေရတာလဲ။"

ထိုအခါ ပိုင်ဖုန်းရှန်းမှာ ဝင်ပြောလိုက်၏။

"ရှောင်ချန်က အိမ်မှာ ကလေးတွေ အဝတ်လဲပေးနေတယ်လေ၊ ညည်းမေ့သွားတာလား..ရှောင်ကျားနဲ့ ရှောင်ယွမ်တို့က ဟင်းသီးဟင်းရွက်တွေ ရေလောင်းရင်း တစ်ကိုယ်လုံး ရွှဲကုန်လို့လေ"

ရှီကျန့်ရှန်းသည်လည်း ကြားဖြတ်၍ ဝင်ထောက်ပြောဆိုလေသည်။

"လင်စန်းရှင်း... ညည်းပြောတာကို ငါ လုံးဝ သဘောမကျဘူး.. ဒါ ဘာစကားလဲ... 'မိဘဆိုတာ ဘယ်တော့မှ မမှားဘူး' ဆိုတာ ဘာကို ဆိုလိုတာလဲ.. အခု ဒေါ်ကြီးကျောက် လုပ်နေတာက အမှန်တရားပဲလေ.. ကာကွယ်ပေးတာက အမှားအမှန်နဲ့ မဆိုင်ဘူး.. ဒီလို သိက္ခာမရှိတဲ့ ယောင်္

ကျားမျိုးကို ဒေါ်ကြီးကျောက် ဒေါသထွက်တာ ငါတော့ နားလည်ပေးနိုင်တယ်.. ငါ့မှာလည်း သားရှိတာပဲ၊ ငါ့ခမည်းခမက်ကသာ အဲဒီလို လုပ်မယ်ဆိုရင် ငါလည်း ဒေါသထွက်မှာပဲ.. ဒီလို ခမည်းခမက်မျိုးကို ဘယ်သူက စိတ်မတိုဘဲ နေမလဲ.. ညည်းမှာက သားမှမရှိတာ၊ ဒါကြောင့် သူတော်ကောင်းယောင် ဆောင်နိုင်တာပေါ့။ ဒါပေမဲ့ ငါကတော့ အဲဒီလို မတွေးဘူး.. ငါတို့က လုပ်ရပ်တိုင်းမှာ ကျိုးကြောင်းဆီလျော်ဖို့ လိုတယ်.. တခြားသူတွေကိုပဲ ကိုယ့်မူတွေအတိုင်း လိုက်လုပ်ဖို့ တောင်းဆိုလို့ မရဘူး. အဲဒီလို ပြောတဲ့သူဟာ အရူးပဲ.."

လင်စန်းရှင်း ပြောသည်ကို မှန်သည်ဟု အစက ထင်မှတ်ထားဘေးနားရှိ သူများမှာ ရှီကျန့်ရှန်း၏ စကားကို ကြားသောအခါ လုံးဝ သဘောတူသွားကြတော့သည်။

ဟုတ်ပေသည်၊ သူတို့မှာ သားသမီးများ ရှိကြ၏။ အကယ်၍သာ ဤကဲ့သို့သော ခမည်းခမက်မျိုးနှင့် တွေ့ရမည်ဆိုလျှင် သူတို့အတွက် အတော်လေး ကံဆိုးလှပေလိမ့်မည်။

ရှီကျန့်ရှန်း ပြောသည်မှာ မှန်လှ၏။

အားလုံး ခေါင်းငြိမ့် ထောက်ခံကြသည်ကို မြင်သောအခါ ရှီကျန့်ရှန်းမှာ လင်စန်းရှင်းကို အောင်နိုင်သူတစ်ဦး၏ အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။

သူမအနေဖြင့် ဘယ်သူမှားသည်၊ ဘယ်သူမှန်သည် ဆိုခြင်းထက် အဘွားကြီးကျောက်နှင့် ချန်ချင်းယွီကို အပူမကပ်မိဖို့ ပိုအရေးကြီးကြောင်း သိ၏။

အဘယ်ကြောင့်ဆိုသော် ထိုအိမ်မှာ တကယ်ကို မမြင်အပ်သော အရာကြီးရှိနေ၍ပင်…

လင်းကျန့်ဝမ်၏ တစ္ဆေက ထွက်မသွားသေးချေ... လုံးဝ ထွက်မသွားသေး..

ထိုမိသားစုကို ပြဿနာရှာသူတိုင်းမှာ ဒုက္ခရောက်ကြသည်ချည်းပင်။

အခုလည်း ကြည့်ဦး...

ဤချန်ရိကျွင်းလည်း ဒုက္ခရောက်တော့မည်မှာ သေချာလှသည်။

အယူသီးလှသော အဘွားကြီး ရှီကျန့်ရှန်းမှာမူ ဤကမ္ဘာတွင် တစ္ဆေခြောက်သည်ဟု အခိုင်အမာ ယုံကြည်ထားသူ ဖြစ်၏။

မဟုတ်လို့လား... တစ္ဆေမခြောက်ဘူးဆိုရင် ဒီရက်ပိုင်းမှာ ဒီလောက်အထိ ထူးထူးဆန်းဆန်းတွေ ဘယ်လိုဖြစ်မလဲ…

တစ္ဆေမခြောက်ဘူးဆိုရင် မုဆိုးမနဲ့ သူ့ချွေးမကို ရန်စတဲ့သူတွေ ဘာလို့ ဒီလောက် ကံဆိုးနေကြတာလဲ..

တစ်ခါတလေကျတော့လည်း အယူသီးမှုကို မယုံဘဲ မနေနိုင်တော့ချေ…

လူအုပ်ကြီး အတင်းအဖျင်း ပြောနေကြစဉ်မှာပင် အဘွားကြီးကျောက်နှင့် ချန်ရိကျွင်းတို့မှာ အပြင်းအထန် သတ်ပုတ်နေကြပြီ ဖြစ်သည်။

တစ်ယောက်တစ်ပြန် ရိုက်နှက်နေကြရာတွင် အဘွားကြီးကျောက်မှာ စစ်သူရဲမကြီး တစ်ဦးကဲ့သို့ သူမ၏ စွမ်းရည်များကို ထပ်မံ ပြသနေပြန်၏။ ဤအဘွားကြီးမှာ ၆ ပေနီးပါး မြင့်သော ချန်ရိကျွင်းကို အလဲထိုးနိုင်ခဲ့၏။ ချန်ရိကျွင်းမှာ သူမကို လုံးဝ မယှဉ်နိုင်ချေ။

"မိန်းမယုတ်... မိန်းမယုတ်..."

ချန်ရိကျွင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ ချန်ရိကျွင်းသည် တစ်သက်လုံး ဤမျှအထိ အရှုံးပေးခဲ့ရခြင်းမျိုး မရှိဖူးချေ။ သူသည် အမြဲတမ်း ‘မေတ္တာဖြင့် အနိုင်ယူခြင်း’ နှင့် ‘ဦးနှောက်သုံးခြင်း’ တွင် ကျွမ်းကျင်သူဖြစ်ရာ အင်အားသုံး၍ တိုက်ခိုက်လာသူနှင့် တွေ့သောအခါ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့၏။

ဒီမိန်းမက စည်းကမ်းအတိုင်း မကစားဘူး..

ချန်ရိကျွင်း : "ဒီသေချင်းဆိုး အဘွားကြီး၊ မင်း လူမှဟုတ်ရဲ့လား..."

အဘွားကြီးကျောက်သည်လည်း အလျှော့မပေးဘဲ

"ငါက လူမဟုတ်ရင် နင်က လူလား။ ဟုတ်တယ်... နင်က လူတော့ လူပဲ၊ ဒါပေမဲ့ လူစွမ်းမရှိတဲ့ လူယုတ်မာ..."

အဘွားကြီးကျောက်သည် ရန်တွေ့ရာတွင် မည်သူ့ကိုမျှ အရှုံးပေးမည့်သူ မဟုတ်ချေ။

"နင်က ချန်ချင်းယွီရဲ့ အဖေဆိုပြီး ငါက အလျှော့ပေးမယ် မထင်နဲ့။ ငါ့အတွက်တော့ နင်ဟာ အလကားကောင်ပဲ..."

ချန်ရိကျွင်းမှာ အဘွားကြီးကျောက်၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ သူမ၏ ဆံပင်ကို ဆွဲပြီး ပြန်လည် တုံ့ပြန်လိုက်သည်။

"နင့်ဆံပင်တွေ ပြောင်သွားအောင် ငါဆွဲပစ်မယ်၊ ဒီမိန်းမပျက်ကြီး..."

အဘွားကြီးကျောက်သည်လည်း သူ့နှာခေါင်းကို ပြန်လည် ထိုးနှက်လိုက်ပြီး

"ဒါကို မြည်းကြည့်စမ်း..."

အင်း... ဒီနှစ်ယောက်ကတော့ တကယ်ကို ကြည့်မကောင်းလှဘူး…

"တော်ကြပါတော့... မရိုက်ကြပါနဲ့တော့... စကားနဲ့ပဲ ရှင်းကြပါ..."

ချန်ချင်းယွီ နောက်ဆုံးတော့ ရောက်လာလေပြီ…

သူမသည် စိုးရိမ်တကြီးဖြင့် ပြေးလာသော်လည်း ခြေလှမ်းအနည်းငယ်လှမ်းအပြီးမှာ…

အား…

သူမ ခြေချော်သွားပြီး ရှေ့သို့ မှောက်လျက်လဲကျသွားလေ၏။

ဗုန်း...

All Chapters