← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅။ ချန်ရိကျွင်း ရိုက်ခံရပြီ ၂

အဘွားကြီးကျောက်နှင့် ချန်ရိကျွင်းတို့ နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ဆွဲလားရမ်းလားဖြင့် အကြီးအကျယ် လုံးထွေးသတ်ပုတ်နေကြသည်။

အဘွားကြီးကျောက်သည် အရပ်ပု၍ ကိုယ်လုံးကိုယ်ဖန် သေးကွေးလှသော်လည်း နှစ်ပေါင်းများစွာ ရရှိထားသော “ရန်ဖြစ်နည်း” အတွေ့အကြုံများကြောင့် ချန်ရိကျွင်းကို အသာစီးရနေပြီး ခိုင်ခိုင်မာမာ ဖိနှိပ်ထားနိုင်၏။ ချန်ရိကျွင်းမှာမူ အဘွားကြီးကျောက်ကို မယှဉ်နိုင်ဘဲ အတော်လေး အထိနာကာ အရှက်တကွဲ ဖြစ်နေရရှာသည်။

သူ၏ ဆံပင်များမှာ ဖရိုဖရဲဖြစ်ကာ မျက်နှာပေါ်တွင်လည်း ပါးရိုက်ခံထားရသည့် အမှတ်များ၊ ကုတ်ခြစ်ရာများဖြင့် သွေးစို့နေသည့်အပြင် အင်္ကျီများပင် ဆွဲဖြဲခံထားရသဖြင့် အခြေအနေမှာ အတော်ပင် ဆိုးရွားနေ၏။

အထိနာနေသော်လည်း ချန်ရိကျွင်းသည် အမျိုးသားတစ်ဦးဖြစ်ပြီး အရပ်လည်းမြင့်သူဖြစ်ရာ အဘွားကြီးကျောက်ကို ပြန်လည်

ချုပ်ကိုင်ရင်း ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

“ခင်များလို အရှက်မရှိတဲ့ မိန်းမကြီး၊ ကြည့်နေလိုက်... ကျုပ် ခင်များကို ပညာပေးမယ်...”

“နင်လို မိန်းမလုပ်စာ ထိုင်စားတဲ့ ကောင်ကများ ငါ့ကို ပြောရဲသေးတယ်... နင်လို ယုတ်မာတဲ့ ယောင်္ကျားမျိုး တစ်ခါမှ မမြင်ဖူးဘူး.. ကိုယ့်သမီးအရင်းကို အသုံးချပြီး ဇနီးဟောင်းရဲ့ မိဘတွေဆီက ပိုက်ဆံတောင်းရဲတယ်၊ အသိတရား မရှိလိုက်တာမှ အတိုင်းအထက်အလွန်ပဲ။ နင် ဘာကြံစည်နေလဲဆိုတာ ငါမသိဘူး ထင်နေလား... နင့်ယောက္ခမတွေ ဆုံးတာ ကြာလှပြီ၊ တခြားနေရာကနေ အမြတ်ထုတ်လို့ မရတော့မှ ငါ့အိမ်ကို လာမျက်စိကျတာပေါ့၊ အိမ်မက်တောင် မမက်နဲ့...”

အဘွားကြီးကျောက်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ချန်ရိကျွင်းကို ဝက်မျက်နှာဖြစ်သွားစေရန် အားရပါးရ ထိုးနှက်နေတော့သည်။

နှစ်ဦးသားမှာ တဗုန်းဗုန်းတဒိုင်းဒိုင်းဖြင့် ထိုးကြိတ်နေကြရင်း ဆူညံပွက်လောရိုက်နေကြ၏။

ထိုအချိန်တွင်မှ ချန်ချင်းယွီ ရောက်ရှိလာသည်။ သူမသည် လမ်းထိပ်၌ ရန်ဖြစ်နေကြကြောင်း ကြိုတင်ကြားသိထားပြီးဖြစ်ရာ သတ်ပုတ်နေသူများမှာ အခြားသူမဟုတ်ဘဲ သူမ၏ ဖခင်အရင်း ချန်ရိကျွင်းနှင့် ယောက္ခမဖြစ်သူ အဘွားကြီးကျောက်တို့ဖြစ်ကြောင်း သိပြီးဖြစ်သည်။

၎င်းမှာ တကယ့်ကို ထိပ်တိုက်တွေ့ဆုံမှုကြီးပင် ဖြစ်၏။

ရန်ဖြစ်နေသူများကို သိရှိပြီးဖြစ်၍ ချန်ချင်းယွီသည် အလျင်စလိုမပြုဘဲ အေးအေးဆေးဆေးသာ ရှိနေသည်။ ချန်ရိကျွင်း အရိုက်ခံရခြင်းမှာ ထိုက်တန်လှသည်ဟု သူမ ယူဆသလို အဘွားကြီးကျောက်၏ တိုက်ခိုက်ရေးစွမ်းရည်အရ မည်သို့မျှ မရှုံးနိမ့်နိုင်ကြောင်းလည်း ကောင်းစွာနားလည်ထား၏။

ဖခင်ဖြစ်သူမှာ အပေါ်ယံသာ ကြည့်ကောင်းပြီး ကွယ်ရာတွင်သာ ကလိမ်ကကျစ်ပြုတတ်သော်လည်း လက်တွေ့သတ်ပုတ်ရာ၌ ဘာမျှမဟုတ်ကြောင်းကို သူမ သိပြီးသားဖြစ်သည်။ အဘွားကြီးကျောက်မှာမူ အတွေ့အကြုံရင့်သူဖြစ်၍ ချန်ရိကျွင်းကို ဆုံးမရန် အကောင်းဆုံးသူ ဖြစ်နေ၏။ ထို့ကြောင့် သူမသည် အဘွားကြီးကျောက်အတွက် အနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။

ချန်ချင်းယွီသည် ချန်ရိကျွင်းကို “တရားမျှတမှု လက်သီး” ၏ အရသာကို ကောင်းစွာခံစားစေလိုသဖြင့် တမင်ပင် အချိန်ဆွဲနေကာ ခဏကြာမှသာ သွားရောက်ဖြေရှင်းရန် စိတ်ကူးထားသည်။ ချန်ရိကျွင်း လာရောက်ခြင်းမှာ မကောင်းသောရည်ရွယ်ချက်ဖြင့်သာဖြစ်ကြောင်း သူမ တွေးရုံဖြင့် သိနိုင်၏။ ဤကဲ့သို့သောလူစားမျိုးမှာ အသားနာအောင် အရိုက်ခံရမှသာ လောက၌ ယုတ်မာမှုပြုလျှင် မည်သို့သော ဝဋ်ကြွေးခံရမည်ကို သိရှိမည်ဖြစ်သည်။

ချန်ချင်းယွီသည် အေးအေးလူလူပင် ကလေးများကို အင်္ကျီလဲပေးပြီးမှ တံခါးပိတ်၍ ထွက်လာ၏။ သူမသည် လက်တစ်ဖက်စီတွင် ကလေးတစ်ယောက်စီကို ဆွဲထားစဉ် သမီးလေး ရှောင်ယွမ်မှာ မေးမြန်းလာလေသည်။

“မေမေ၊ တစ်ယောက်ယောက် ထပ်ပြီး ရန်ဖြစ်နေကြတာလားဟင်...”

“ဟုတ်တယ် သမီး၊ နောက်ထပ် ရန်ဖြစ်နေကြပြန်ပြီ”

ချန်ချင်းယွီ ပြန်လည်ဖြေကြားလိုက်၏။

သူမသည် ကလေးများ ကြောက်ရွံ့သွားမည်ကို မစိုးရိမ်ဘဲ တိုက်ရိုက်ပင် ခေါ်ဆောင်လာခဲ့သည်။ ကလေးများမှာ အနီးအနား၌ ဆော့ကစားတတ်သော်လည်း အသက် ၃ နှစ်အရွယ်သာ ရှိသေးသဖြင့် သူမ၏ မျက်စိအောက်မှ အပျောက်မခံပေ။ မည်သည့်ခေတ်တွင်မဆို လူမှောင်ခိုသမားများ ရှိနိုင်သည်ဟု သူမ ယူဆထားသဖြင့် ကလေးများကို အဝေးသို့ ပေးမသွားဘဲ မျက်စိအောက်တွင်သာ ထားရှိရမည်။ အထူးသဖြင့် ဆူညံပွက်လောရိုက်နေသော ယခုကဲ့သို့ အချိန်မျိုး၌ ကလေးများကို လက်ကမလွှတ်ဘဲ သေချာစွာ ခေါ်ဆောင်လာခဲ့၏။

သားအမိသုံးဦး လမ်းထိပ်သို့ မရောက်မီမှာပင် လူများ မြင်တွေ့သွားကြသည်။

“ရှောင်ချန်၊ နင် ဘာလို့ မလောတာလဲ... သတ်နေတာက နင့်ယောက္ခမနဲ့ နင့်အဖေလေ...”

“ဟုတ်ပါ့၊ ငါတောင် တိုးမပေါက်တော့ဘူး၊ သူတို့တွေ တော်တော်ကြမ်းကြမ်းတမ်းတမ်း သတ်နေကြတာ၊ မြန်မြန်သွားကြည့်ဦး”

“ကလေးများကိုတော့ မခေါ်လာနဲ့လေ၊ ကလေးတွေ လန့်ကုန်ဦးမယ်”

လူအများ ဝိုင်းဝန်းပြောဆိုနေကြတော့မှ ချန်ချင်းယွီသည် ဘာလုပ်ရမှန်းမသိဘဲ အတော်လေး စိုးရိမ်မကင်းဖြစ်နေသည့် ပုံစံဖြင့် အပီအပြင် သရုပ်ဆောင်၍ တတွတ်တွတ် ရေရွတ်လိုက်၏။

“ဒါဆို ဘယ်လိုလုပ်ရမလဲ... ကျွန်မ ဘယ်လိုလုပ်ရမလဲ.. ဘယ်လိုလုပ်ရမလဲဟင်...”

လူအများမှာ သူမကို သနားဂရုဏာသက်စွာ ကြည့်လိုက်ကြပြီး စိတ်ထဲမှ ရေရွတ်နေမိကြသည်။

‘ဒီမုဆိုးမလေး ချန်ချင်းယွီကတော့ ကံမကောင်းရှာပါဘူး၊ ဘယ်အရာမှ အဆင်ပြေတယ်လို့ကို မရှိဘူး’

မကြာမီမှာပင် အချို့သူများမှာ ယခင်၌ သူမ၏ယောက္ခမဖြစ်သူမှ သူမအား ‘နမိတ်မကောင်းသော အမင်္ဂလာမ’ ဟု အမြဲဆဲဆိုခဲ့သည်ကို သတိရသွားကြ၏။ ယခုနောက်ပိုင်းတွင် ထိုသို့မဆဲတော့သော်လည်း အသေအချာ ပြန်စဉ်းစားကြည့်

လျှင် နမိတ်မကောင်းသော အမင်္ဂလာမဆိုသည့် စကားလုံးမှာ အတော်ပင် ယုတ္တိရှိနေသည်ဟု ထင်မြင်လာကြသည်။

“ဘာပဲဖြစ်ဖြစ် မြန်မြန်သွားကြည့်ပါဦး၊ သွားတားလိုက်ပါဦး...”

“ဟုတ်တယ်၊ တော်ကြာ တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရသွားရင် ရှင်းရခက်ကုန်မယ်”

ချန်ချင်းယွီ : “အာ.. အော်... အင်းအင်း၊ ဟုတ်ကဲ့... ဟုတ်ကဲ့”

သူမသည် ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေသည့်ပုံစံဖြင့် ကလေးများကိုပွေ့ကာ ထိုနေရာသို့ ပြေးသွား၏။ ပိုင်ဖုန်းရှန်း မြင်တွေ့သောအခါ အမြန်ပင် ပြောဆိုလိုက်ကာ

“ရှောင်ချန်၊ ကလေးတွေကို ငါ့ပေး၊ ငါပွေ့ထားပေးမယ်။ ကလေးတွေကို အထဲထိ ခေါ်မသွားနဲ့တော့”

အဘွားကြီးပိုင်၏ ခင်ပွန်းမှာ ဤဝင်းတာဝန်ခံဖြစ်ရာ သူမကိုယ်သူမလည်း လက်ထောက်တစ်ဦးကဲ့သို့ မှတ်ယူထားပြီး ပုံမှန်ဆိုလျှင် အိမ်ရာဝင်းထဲရှိ ကိစ္စအဝဝကို ဝင်ရောက်စီမံပေးတတ်သည်။ သို့သော် ယနေ့တွင်မူ သူမသည် စကားများများမပြောဘဲ ငြိမ်သက်နေရုံသာမက စိတ်ထဲတွင်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိ၏။

သူတို့ချင်း အိမ်ရာဝင်းပြင်ပတွင် တွေ့ဆုံကာ ရန်ဖြစ်ကြခြင်းမှာ အလွန်ပင် ကံကောင်းလှသည်ဟု သူမ တွေးနေမိသည်။ အကယ်၍ အိမ်ရာဝင်းထဲတွင်သာ ရန်ဖြစ်ကြပါက ဝင်းတာဝန်ခံ၏ မိသားစုဝင်ဖြစ်သော သူမအဖို့ ဖြေရှင်းရသည်မှာ အတော်ပင် ခက်ခဲပေလိမ့်မည်။

ယခုမူ ပို၍ အဆင်ပြေသွားပြီဖြစ်သည်။

အဘွားကြီးကျောက်သည် သူတို့ ခြံဝင်းမှဖြစ်သော်လည်း ခြံဝင်းပြင်ပတွင် ရန်ဖြစ်ခြင်းဖြစ်၍ သူတို့နှင့် မသက်ဆိုင်တော့ပေ။

ဘုရား၊ တရား၊ ဗုဒ္ဓ၊ ကွမ်ရင်… အမယ်လေး ကံကောင်းလို့..

ဝင်းထဲတွင် ပြဿနာမတက်ဘဲ လမ်းထိပ်တွင် တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခြင်းမှာ ကံကောင်းခြင်းပင် ဖြစ်တော့သည်။

“ရှောင်ကျားနဲ့ ရှောင်ယွမ်ကို ငါကြည့်ပေးထားမယ်၊ ကလေးတွေကို အထဲခေါ်မသွားနဲ့တော့”

ပိုင်ဖုန်းရှန်း ထပ်မံပြောဆိုလိုက်၏။

ချန်ချင်းယွီသည်လည်း ခေါင်းမာမနေဘဲ ကလေးများကို ပိုင်ဖုန်းရှန်းထံ စိတ်ချလက်ချ အပ်နှံလိုက်သည်။ တစ်ဝင်းအတူတူနေကြသူဖြစ်

သည့်အပြင် ပိုင်ဖုန်းရှန်းမှာယုံကြည်ထိုက်သူလည်း ဖြစ်၏။

ထို့နောက် ချန်ချင်းယွီသည် လူအုပ်ထဲသို့ အပြေးကလေး တိုးဝင်သွားရင်း “ဖယ်ပေးကြပါဦး၊ နည်းနည်းလောက် ဖယ်ပေးကြပါဦး...” ဟု အော်ဟစ်လိုက်လေသည်။

“ခွင့်ပြုပါဦးရှင်.. လမ်းဆလးဖယ်ပေးကြပါဦး”

သူမသည် မိမိကိုယ်ကိုယ် အမြဲတမ်း “လမ်းဖယ်ခိုင်းရသူ” ဖြစ်နေသည်ဟု ခံစားနေမိ၏။

သူမမှာ ကာယကံရှင်ဖြစ်သဖြင့် လူများမှာလည်း သူမကို မြင်သည်နှင့် လမ်းဖယ်ပေးကြသည်။ ချန်ချင်းယွီသည် မြေပြင်ပေါ်ရှိ ဟင်းသီးဟင်းရွက်ဖက် တစ်ခုကို လှမ်းမြင်လိုက်ပြီးနောက် ၎င်းကို နင်းမိဟန်ပြုကာ လျှောတိုက်လျက် ရှေ့သို့ အဟုန်ဖြင့် ပါသွားလေသည်။

“အား.........”

သူမ စူးစူးဝါးဝါး အော်ဟစ်ကာ လျှောတိုက်ပါသွားစဉ် အဘွားကြီးကျောက်သည် ပါးနပ်စွာဖြင့် အမြန်ရှောင်တိမ်းလိုက်၏။

အဘွားကြီးကျောက်မှာ ရန်ပွဲအတွေ့အကြုံများသူဖြစ်သဖြင့် အလိုက်သင့် ရှောင်နိုင်သော်လည်း ချန်ရိကျွင်းမှာမူ ထိုကဲ့သို့ တစ်ခါမှ မကြုံဖူးပေ။

ဗုန်း...

ချန်ချင်းယွီသည် ခြေချော်သယောင်ဖြင့် ရှေ့သို့ အရှိန်ပြင်းပြင်း ရောက်သွားကာ သူမ၏ ဦးခေါင်းဖြင့် ဖခင်ဖြစ်သူကို ဝင်တိုက်မိလေသည်။ ချန်ရိကျွင်းမှာ လုံးဝသတိမထားမိဘဲ နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဘုတ် ကနဲ ပြုတ်ကျသွားတော့၏။

“အဖေ... အဖေ ဘာဖြစ်သွားသေးလဲ...”

ချန်ချင်းယွီက အော်ဟစ်ရင်း ဖခင်ဖြစ်သူကို အတင်းဝင်ထူရာတွင် ချန်ရိကျွင်း၏ ခြေထောက်ကို ဖျတ် ကနဲ တက်နင်းလိုက်မိသည်။

ချန်ရိကျွင်းခမျာ အသံနက်ကြီးဖြင့် “အား...” ဟု အော်ဟစ်လိုက်ရ၏။

“အား... အား... အား...”

ဤကဲ့သို့ ပြုတ်ကျသွားသည့်အပြင် တက်နင်းခံလိုက်ရသဖြင့် ချန်ရိကျွင်းမှာ ဘိုးဘွားများဆီသို့ပင် အရောက်လှမ်းတော့မည်ဟု ထင်မှတ်နေမိသည်။

“အား... အား... နင်လို သမီးမျိုး၊ နင် မျက်စိမပါဘူးလား... သေနာမလေး၊ နင်ကတော့ တကယ့်ကို နမိတ်မရှိတဲ့ ကံဆိုးမပဲ...”

ချန်ရိကျွင်းတစ်ယောက် နာကျင်စွာ အော်ဟစ်ဆဲဆိုလေသည်။

ချန်ချင်းယွီမှာမူ မျက်ရည်ဝဲကာ လက်ကလေးနှစ်ဖက်ကို ဂနာမငြိမ် ပွတ်သပ်ရင်း အလွန်ပင် စိတ်မကောင်းဖြစ်နေသည့်ဟန်ဖြင့် “သမီး တမင်လုပ်တာ မဟုတ်ပါဘူး...” ဟု သနားကမား အသံတိုးတိုးဖြင့် ပြောရှာ၏။

သူမ နှုတ်ခမ်းကလေး တုန်တုန်ယင်ယင်ဖြင့် အလွန်ပင် ဂရုဏာသက်ဖွယ်ကောင်းနေရှာသည်။

“သမီး တမင်လုပ်တာ မဟုတ်ပါဘူး၊ တကယ် မဟုတ်ပါဘူး... သမီး တစ်ခုခုကို နင်းမိသွားလို့ပါ”

ချန်ချင်းယွီ ပြောဆိုကာ နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် အကြောင်းပြချက်တွေ့သွားဟန်ဖြင့် ဆက်လက်ပြောဆိုလိုက်၏။

“တွေ့လား၊ သမီး တစ်ခုခုကို နင်းမိသွားတာပါ၊ သမီး တမင်လုပ်တာ မဟုတ်ပါဘူး။ အဖေက သဘောထားကြီးပါတယ်၊ သမီးကို ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပေးပါနော်”

“ထွက်သွားစမ်း... ခွင့်လွှတ်ရမယ်ဟုတ်လား... နင်က ခွင့်လွှတ်ခံရဖို့ တန်လို့လား...”

ချန်ရိကျွင်း အော်ဟစ်ရင်း အားယူကာ ထိုင်လိုက်ပြီး သမီးဖြစ်သူကို အတင်းတွန်းထုတ်လိုက်သည်။

“သွားစမ်း... နမိတ်မရှိတဲ့ ကံဆိုးမရဲ့...”

အရိုက်ခံရလွန်း၍ အားကုန်နေသလော သို့မဟုတ် ပြုတ်ကျထား၍ အားနည်းနေသလော မသိရဘဲ သူက အတင်းတွန်းလိုက်သော်လည်း ချန်ချင်းယွီမှာ နောက်သို့ ခြေလှမ်းအနည်းငယ်သာ ဆုတ်သွားပြီး သူကိုယ်တိုင်မှာမူ မြေပြင်ပေါ်သို့ ဂွပ် ကနဲ ပြန်လည်ပြုတ်ကျသွားပြန်၏။ ချန်ရိကျွင်းမှာ ခါးကိုကိုင်ကာ နာကျင်လွန်းသဖြင့် တအားအား တကျွတ်ကျွတ် စုပ်သပ် အော်နေရလေသည်။

ချန်ချင်းယွီခမျာ မျက်နှာကို လက်နှင့်အုပ်ကာ အီအီသာ ငိုနေရှာ၏။

ဒီလူကြီး ‘တွန်းအားရှိရင် တန်ပြန်သက်ရောက်မှုရှိတယ်’ ဆိုတဲ့ သဘောတရားကို မသိဘူးလား…

နယူတန်ရဲ့ဥပဒေဿက မပေါ်သေးလို့မျာလား…

သို့သော် ဟန်ဆောင်ငိုရသည်မှာ သူမအတွက် အလွန်လွယ်ကူလှရာ ကြက်သွန်နီပင် မလိုဘဲ မျက်နှာကိုအုပ်၍သာ အသံပေးငိုနေလိုက်သည်။

“ငိုပဲ ငိုနေတော့၊ အသုံးမကျတဲ့ဟာမ၊ နင့်ယောက္ခမက ငါ့ကို အနိုင်ကျင့်နေတာကို နင်က ဒီအတိုင်း ထိုင်ကြည့်နေတယ်ပေါ့လေ...”

“နင် လျှောက်ပြောမနေနဲ့၊ ဘယ်သူက နင့်ကို အနိုင်ကျင့်လို့လဲ... နင်က အရင် ပါးစပ်သရမ်းတာ မဟုတ်ဘူးလား... နင်က ငါ့ကို မကောင်းပြောလို့ ငါက လက်ပါရတာလေ။ နင်က ယောင်္ကျားကြီးတန်မဲ့ ယောင်္ကျားမပီသဘဲနဲ့ ငါ့ကို ဒီလို လာပြောရဲသေးတယ်ပေါ့... နင်က ဘာကောင်မို့လို့လဲ... နင့်မျက်နှာ မြင်ရတာကိုက ရင်လေးဖို့ကောင်းတယ်”

ချန်ချင်းယွီ ဘာမျှပြန်မပြောသော်လည်း အဘွားကြီးကျောက်မှာခါးထောက်လျက် အားမာန်အပြည့်ဖြင့် ပြန်လည်အော်ဟစ်လေသည်။

စင်စစ်တွင် အဘွားကြီးကျောက်သည် ချန်ရိကျွင်းထက် ချန်ချင်းယွီအကြောင်းကို ပို၍ သိရှိနားလည်ထား၏။

ချန်ချင်းယွီက တကယ်ကြီး ခြေချော်လိမ့်မယ်လို့ နင်တို့ထင်နေကြတာလား… ဝေးသေး…

၎င်းမှာ ဟာသတစ်ခုသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ ချန်ချင်းယွီ ဟင်းရွက်ဖက်ကို နင်းမိပြီး တကယ်ခြေချော်ခဲ့သည်ဆိုပါက အဘွားကြီးကျောက်သည် ထိုဟင်းရွက်ဖက်ကိုပင် စားပစ်ဝံ့သည်။

ငါစားပြမယ်ဟေ့..

သူမကတော့ လုံးဝ မယုံကြည်သည်မှာ အမှန်ပင်ဖြစ်၏။

လုံးဝမယုံဘူးဟေ့…

ချန်ချင်းယွီသည် တမင်သက်သက် ဝင်တိုက်ခြင်းဖြစ်သည်။ ထို့ပြင် ချန်ရိကျွင်းကို ပစ်မှတ်ထားပြီး တည့်တည့်ကြီး ဝင်တိုက်ခြင်းဖြစ်သည်မှာ သိသာလှ၏။

ချန်ချင်းယွီကိုယ်တိုင် ချန်ရိကျွင်းကို တမင်သက်သက် နှိပ်စက်နေသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ ပို၍ပင် ရဲတင်းသွားပြီး လုံးဝ ကြောက်ရွံ့ခြင်း မရှိတော့ပေ။

"ငါ ပြောလိုက်မယ်၊ နင်က မင်္ဂလာမဆောင်ခင်ကတည်းက ဒီသမီးကို ဂရုမစိုက်ခဲ့တာပဲ၊ အခုကျမှ လူကောင်းလာလုပ်မနေနဲ့၊ ငါကတော့ အဲဒါတွေကို အယုံအကြည်မရှိဘူး.. နင်သာ ငါ့အိမ်ကို နောက်တစ်ခါ ထပ်လာရဲရင် နင့်အလုပ်ကိုသွားပြီး ပြဿနာရှာပစ်မယ်.. နင့်အလုပ်ကလူတွေ နင်က ဘယ်လိုကောင်လဲ၊ ဘယ်လိုနည်းနဲ့ ကြီးပွားလာတာလဲဆိုတာ သိသွားအောင် ငါလုပ်ပြမယ်..."

ချန်ရိကျွင်း: "နင်... နင် နင် နင်..."

သူသည် ကျောက်အန်တီကို လက်ညှိုးထိုးကာ လက်ချောင်းများပင် တုန်ရင်နေရှာသည်။

အဘွားကြီးကျောက် : "ဘာလဲ... ငါက နင့်ကို ကြောက်မယ်မှတ်လို့လား... ငါကတော့ လုံးဝမကြောက်ဘူး..."

ချန်ရိကျွင်း : "မိုးနတ်မင်း မျက်စိမရှိပါဘူးလား... ဒီလို မိန်းမယုတ်ကြီးကို..."

"ငါ့အမြင်တော့ မိုးနတ်မင်း မျက်စိမရှိတာက နင်ပဲ.. မိန်းမအပေါ် အားကိုးပြီး ကြီးပွားလာပြီးတော့မှ မိန်းမအပေါ် အားကိုးပြီး ကောင်းကောင်းနေနေရတဲ့ နင်လို ကျေးဇူးကန်းတဲ့ကောင်က အခုထိ အေးအေးဆေးဆေး နေနိုင်နေသေးတယ်လေ။ နင်လိုကောင်မျိုးက မိုးကြိုးပစ်ခံရမှာ... လူကြီးမိဘအပေါ် မရိုသေ၊ သမီးအပေါ် မကြင်နာတဲ့ နင်လိုလူမျိုးက အခုထိ သောင်းကျန်းနေနိုင်သေးတာကိုကြည့်ရင် တကယ်ပဲ မိုးနတ်မင်း မျက်စိမရှိတာပဲ..."

အဘွားကြီးကျောက်သည် ခါးထောက်ကာ အသံအကျယ်ကြီးဖြင့် ချန်ရိကျွင်းကို ခွေးသေတစ်ကောင်လို ဆဲဆိုပစ်လိုက်၏။ ဘေးပတ်ဝန်းကျင်ရှိ လူများမှာ သူမ၏ ရဲတင်းပုံကို မြင်ပြီး လန့်သွားကြကာ တိုးတိုးတိုးတိုးဖြင့် ပြောဆိုနေကြလေသည်။

"ဒေါ်ကြီးကျောက် အလုပ်စလုပ်ကတည်းက စကားပြောတာ ပိုပြီး ထက်လာတယ်လို့ မထင်ဘူးလား..."

"စကားပြောတာတင် မကဘူး၊ ပိုတောင် လက်ရဲဇက်ရဲ ရှိလာသေးတယ်။ ဟိုလူကြီးကို ကြည့်ဦးလေ၊ ဖုန်သုတ်ဝတ်စုတ်လို ဖြစ်အောင်ကို အလုပ်ခံထားရတာ"

"အဲဒါက အဲဒီလူက ကိုယ်တိုင်က မစွမ်းလို့ပါ.. ယောကျ်ားကြီးတန်မဲ့ ဒီလောက် ကိုယ်လုံးကိုယ်ထည်ကြီးနဲ့ မိန်းမတစ်ယောက်ကို မနိုင်ဘူးဆိုတော့ ပျော့ညံ့တဲ့ကောင်ပဲ ဖြစ်မှာပေါ့။ ဒါပေမဲ့ ပြောတာကို နားထောင်ကြည့်ရတာ ဒီကောင်က မိန်းမအားကိုးနဲ့ တက်လာတာဆိုတော့ ပျော့ညံ့တာ မဆန်းပါဘူး..”

"ဟုတ်ပါ့..."

"ဒီလို ပျော့ညံ့တဲ့ကောင်က ဒေါ်ကြီးကျောက်ကို လာဆွရဲတယ်ဆိုတော့ တကယ်ပဲ အသက်မလိုချင်တော့ဘူး ထင်တယ်၊ ကျောက်အန်တီက အခုဆိုရင် တကယ်ကို..."

"ဒေါ်ကြီးကျောက် ဘယ်လိုများ ဒီလောက် တိုးတက်လာတာလဲ... အိမ်မှာ ခိုးပြီး ကျင့်နေတာလား မသိဘူး..."

"ဖူး..."

"ဘာရယ်တာလဲ၊ စဉ်းစားကြည့်လေ၊ သူက နေ့တိုင်း အိမ်မှာ ချွေးမကို ဆဲနေတာဆိုတော့ အကျင့်ဖြစ်နေပြီပေါ့..အဲဒီ ရှောင်ချန်လေးက ကြည့်ရတာ ဘာမှ ပြန်မပြောတဲ့ပုံပဲ"

"စိတ်မရှိလို့ပဲ ကိုယ့်အဖေအရင်းက ဒီလောက် နှိပ်စက်တာကို ခံနေမှာပေါ့"

တစီစီနှင့် ပြောဆိုသံများကြားတွင် ချန်ရိကျွင်း၏ မျက်နှာမှာ တစ်ခါ နီလိုက် တစ်ခါ ဖြူလိုက် ဖြစ်နေသည်။ သူကိုယ်တိုင်မှာ ဂုဏ်သရေရှိလူကြီးတစ်ယောက်ဟု သတ်မှတ်ထားသော်လည်း ယခုကဲ့သို့ အရှက်ကွဲဖူးခြင်း မရှိခဲ့ပေ...

ယခုမူ သူသည် အဘွားကြီးတစ်ယောက်ကို မနိုင်ရုံတင်မကဘဲ အရှက်ပါ အခွဲခံလိုက်ရသဖြင့် ချန်ရိကျွင်းမှာ ဒေါသနှင့် မုန်းတီးမှုများဖြင့် ချန်ချင်းယွီကို စိုက်ကြည့်နေ၏။ မျက်နှာတစ်ခုလုံး နာကျည်းမှုများဖြင့် ပြည့်နေလေသည်။

ဒါတွေအားလုံးက ဒီကောင်မစုတ်ကြောင့်ပဲ...

သူမသာ ဒီလိုအိမ်မျိုးကို ချွေးမအဖြစ် မရောက်လာခဲ့ရင် သူ ဒီလိုနေရာမှာ အရှက်ခွဲခံရစရာ အကြောင်းမရှိဘူး...

သူက အသံကျယ်ကြီးဖြင့် အော်လိုက်ကာ

"ချန်ချင်းယွီ၊ ကြည့်စမ်း.. နင်ရွေးထားတဲ့ အိမ်ကို ကြည့်စမ်း၊ နင်ရှာထားတဲ့ ယောက္ခမအိမ်က ဘယ်လိုမျိုးလဲဆိုတာ ကြည့်စမ်း... နင်လို မသိတတ်တဲ့ကောင်မ၊ နင့်ယောက္ခမက အဖေကို ဒီလို စော်ကားနေတာကို နင်က ငြိမ်ကြည့်နေတာလား... ငိုပဲငိုနေတယ်၊ ငိုပဲငိုနေတယ်၊ အသုံးမကျတဲ့ဟာမ၊ ငါ့ကို မြန်မြန် လာထူစမ်း..."

ချန်ချင်းယွီ: "အမ်... အင်း။"

သူမသည် ခေါင်းငုံ့ကာ ရှေ့သို့တိုးသွားပြီး ချန်ရိကျွင်းကို တွဲထူလိုက်သည်၊ ထို့နောက် လက်ဖြင့် အားရပါးရ တစ်ချက် ဆွဲလိမ်လိုက်သည်။

ချန်ရိကျွင်း: "အားးး..."

နာကျင်လွန်း၍ အော်ဟစ်လိုက်ရသည်...

လူတစ်ကိုယ်လုံး ဝုန်းကနဲ ထခုန်မိကာ… သုံးပေလောက်တောင် မြောက်တက်သွားတော့မတတ်ပင်...

"ချန်ချင်းယွီ၊ နင် ငါ့ကို သတ်မလို့လား..."

သူသည် လက်မောင်းကို ပွတ်သပ်ရင်း ရိုက်ရန် လက်ရွယ်လိုက်၏။ မထင်မှတ်ဘဲ ချန်ချင်းယွီ ရုတ်တရက် ထိုင်ချလိုက်ပြီး ဒူးကိုဖက်ကာ ရှိုက်ကြီးတငင် ငိုတော့သည်။

"အဖေ၊ သမီးကို ဘာလို့ ထပ်ပြီး စွပ်စွဲနေတာလဲ၊ ဟီးးး..."

ချန်ရိကျွင်း၏ လက်ဝါးရိုက်ချက်မှာ လေထဲတွင်သာ လွဲချော်သွားခဲ့ပြီး အဘွားကြီးကျောက်မှာ ဒေါသပေါက်ကွဲသွားကာ

"နင်က ငါ့ရှေ့တင် ငါ့ချွေးမကို ရိုက်ရဲတယ်ပေါ့၊ ငါက နင့်ကို မျက်နှာသာ ပေးနေတယ်မှတ်လို့လား..."

ဖြောင်း...

ပါးရိုက်ချက် တစ်ချက် ဝင်သွား၏..

ချန်ရိကျွင်း: "အား..."

အဘွားကြီးကျောက် : "အော်နေ၊ အော်နေ၊ နင်က 'အား' တာကလွဲရင် ဘာတတ်သေးလဲ... ငါ့ချွေးမက နင့်ကို ဆွဲလိမ်တယ်လို့တောင် နင်က မုသားသုံးပြီး စွပ်စွဲရဲသေးတယ်။ ကြည့်စမ်း၊ ဒီလောက် နုနုနယ်နယ် ချွေးမလေးက နင့်ကို ဆွဲလိမ်နိုင်တယ်ဆိုရင် ငါ့အိမ်မှာ သူပဲ အိမ်ထောင်ဦးစီး ဖြစ်နေမှာပေါ့၊ ငါ့အိမ်မှာ ငါက ဆရာလုပ်နိုင်ပါဦးမလား... လိမ်ရင်တောင် ယုတ္တိရှိအောင် လိမ်စမ်းပါ... သူသာ နင့်ကို နာအောင် ဆွဲလိမ်ရဲတယ်ဆိုရင် နင်တို့အိမ်က သူ့ကို ဒီလိုနှိပ်စက်တာကို ခံနေပါ့မလား... ငါကြည့်ရသလောက်တော့ နင်က အကြောင်းပြချက်ရှာပြီး ပြဿနာလာရှာတာပဲ၊ ငါတကယ်ပဲ... နင့်ကို ရိုက်သတ်ပစ်မယ်..."

အဘွားကြီးကျောက် ချန်ရိကျွင်းကို ပါးရိုက်ချက်များ တဖြောင်းဖြောင်း ကျွေးလိုက်၍ အသားကုန်ဆဲဆိုလေသည်။

"နင် ငါ့အိမ်ကိုလာပြီး ဝရုန်းသုန်းကား လုပ်ရဲတယ်၊ လူကို နှိပ်စက်ရဲတယ်၊ လူကို အပုပ်ချရဲတယ်၊ အကျင့်မကောင်းတဲ့ကောင်... နင်က နင့်ယောက္ခမအမွေကို သိမ်းပိုက်ပြီးတော့ အခု ငါ့အိမ်ကိုပါ လာချင်တာလား... ငါပြောလိုက်မယ်၊ မရဘူး၊ လုံးဝ မရဘူး... ငါ့အိမ်မှာ မြေးလေးတွေ ရှိသေးတယ်... ငါ နင့်ကို ရိုက်သတ်ပစ်မယ်..."

ချန်ရိကျွင်း : "မိန်းမယုတ် မိန်းမယုတ်ကြီး၊ ကယ်ကြပါဦး..."

သူမှာ အရိုက်ခံရလွန်း၍ ခေါင်းထဲတွင် ဝေဝေဝါးဝါး ဖြစ်နေလေပြီ..

ချန်ချင်းယွီ အမြန်ထလာကာ

"မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့"

ပြောရင်းဖြင့် ချန်ရိကျွင်းကို အားနှင့် ထပ်မံ ဆွဲလိမ်လိုက်ပြန်၏။

ချန်ရိကျွင်း : "အားးး..."

ဘေးနားမှ ကြည့်နေကြသူများမှာ ခေါင်းတခါခါနှင့် ပြောဆိုနေကြလေသည်။

"ကြည့်စမ်း၊ ဟိုမှာ ကြည့်စမ်း... အဘွားကြီး အရိုက်ခံနေရတဲ့ လူကြီးကို ကြည့်ပါဦး၊ နာလွန်းလို့ အော်ဟစ်နေလိုက်တာ"

ချန်ရိကျွင်း တစ်ယောက် တကယ့်ကို သနားစရာ ကောင်းနေရှာ၏။

ဒီအဘွားကြီးက ရူးသွပ်နေတဲ့ မိန်းမကြီးလို သူ့ကို တဖျန်းဖျန်းနဲ့ ရိုက်နေတာ…

ချန်ချင်းယွီက ကြားကနေ ဝင်ဖြန်ဖြေပေးနေသလိုလိုနဲ့ သူ့ကို ခိုးခိုးပြီး ဆိတ်နေသေးတယ်…

"မရိုက်ပါနဲ့တော့... မရိုက်ပါနဲ့တော့... ကျေးဇူးပြုပြီး တော်ကြပါတော့..."

ချန်ချင်းယွီကို ကြည့်ရသည်မှာ တကယ့်ကို သနားစရာကောင်းနေပြီး သူမသည် နှစ်ဦးနှစ်ဖက်လုံး၏ မိသားစုဝင်လည်း ဖြစ်နေ၍ ကြားညှပ်နေရှာကာ ခန္ဓာကိုယ် နွဲ့နွဲ့လျလျလေးဖြင့် ယိမ်းနွဲ့နေသော ပန်းကလေးနှယ် ကြားထဲမှ အသည်းအသန် တားဆီးပေးနေရှာသည်။

လူအများ : ‘အင်း သနားစရာ မုဆိုမလေး.. အဖေကတစ်ဖက်.. ယောက္ခမကတစ်ဖက်နဲ့ သူခမျာ.. ဒုက္ခရောက်ရရှာတယ်’

ထိုခဏတာအတွင်း ချန်ရိကျွင်း တစ်ယောက် ဝေဝေဝါးဝါး ဖြစ်သွားပြီး "ဒါ ငါ့စိတ်ထင်တာများလား" ဟုပင် တွေးမိသွား၏။ သို့သော် လက်မောင်းမှ နာကျင်မှုကြောင့် ထိုမိန်းကလေး မည်မျှ ဟန်ဆောင်ကောင်းနေပါစေ သူ့ကို တကယ်ကြီး ဆိတ်နေသည်ကို သူသေချာပေါက် သိလိုက်လေသည်။

ခွေးမလေး.. ဟန်ဆောင်နေတာ..

ချန်ရိကျွင်း : "တော်တော့..."

ချန်ချင်းယွီ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး

"အဖေ၊ သမီးက..."

"ငါ့ကို အဲဒီလို မခေါ်နဲ့... နင် ငါ့ကို လည်ပင်းညှစ်သတ်မလို့ ကြံနေတာလား..."

ချန်ချင်းယွီ အံ့အားသင့်သွားဟန်

ဖြင့်

"အဖေ၊ သမီးကို ဘယ်လိုတောင် စွပ်စွဲနိုင်ရတာလဲ..."

သူမ ခဏလောက် တုံ့ဆိုင်းသွားပြီးမှ အင်မတန် ကြေကွဲဟန်ဖြင့် ဆက်ပြောကာ

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ အဖေပြောသမျှ သမီးလက်ခံပါတယ်.. ပြီးခဲ့တဲ့တစ်ခေါက် အိမ်မှာ မိထွေးက အဖေကို ရိုက်တုန်းကလည်း အဖေက ဝန်မခံဘဲ သမီးအမှားပါဆိုပြီး ဇွတ်ပြောခဲ့သေးတယ်.. ဒီနေ့ အဖေက သမီး လည်ပင်းညှစ်တယ်လို့ ပြောတော့လည်း သမီးက အဖေ့သမီးပဲမို့ လက်ခံပေးရမှာပေါ့၊ အီးဟီး... ဟီး... ဟီး..."

"ဟာ... သူ့ရဲ့ ဒုတိယမယားကလည်း လူကို ရိုက်သေးတာလား... သူက ဘာကို လိုချင်နေတာလဲ..."

"ဘယ်သူသိမှာလဲ... သူကိုယ်တိုင်က အရိုက်ခံချင်နေတာ နေမှာပေါ့"

"ဒီလူကတော့ တကယ့်လူပဲ.. မုဆိုးမလေးက သူ့ကို လည်ပင်းညှစ်တယ်တဲ့၊ ဘယ်သူက ယုံမှာလဲ... ကြည့်စမ်း၊ အဲဒီကလေးမလေးက သန်မာတဲ့ပုံ ပေါက်လို့လား..."

"ဟင်း... သူက သိုးသူငယ်လေးလို နူးညံ့တာ။ ဘယ်သူက သူ့ကို နှိပ်စက်ရဲမှာလဲ... ဒါပေမဲ့ ကြည့်ထားလိုက်ဦး၊ ဒီမုဆိုးမလေးက အနိုင်ကျင့်ရလွယ်ပေမဲ့ သူ့ယောက္ခမကတော့ မလွယ်ဘူးနော်.. အဒေါ်ကြီးကျောက် စိတ်တိုလာပြီဆိုရင် ဓားတောင် ထုတ်ရဲတဲ့သူမျိုး..."

"ဟုတ်တာပေါ့"

ဘေးနားရှိ ကြည့်နေသူများ၏ တိုးတိုးတိတ်တိတ် ပြောသံများမှာ တော်တော်လေး ကျယ်လောင်နေဆဲပင်…

သို့သော် လူအများ ဘာပဲပြောပြော အဘွားကြီးကျောက်နှင့် ချန်ရိကျွင်းတို့၏ တိုက်ပွဲသည်ကား လုံးဝ မရပ်တန့်သွားပေ။ နှစ်ယောက်သား တကယ်ကို အစွမ်းကုန် ပြန်ချနေကြ၏။ မကြာခင်မှာပင် ချန်ရိကျွင်းတစ်ယောက် အဘွားကြီးကျောက်၏ ခြေထောက်အောက်ကို ရောက်သွားရရှာသည်။

အစပိုင်းတွင် ချန်ရိကျွင်းမှာ အဘွားကြီးကျောက်ကို မနိုင်သည့်တိုင် အင်အားချင်းမှာ မျှတနေ၏။ သို့ရာတွင် ချန်ချင်းယွီ ကြားထဲမှ ဝင်နှောင့်ယှက်ပြီး သူ့ကို တားနေသောကြောင့် ချန်ရိကျွင်းမှာ အမြန်ပင် နောက်ဆုတ်ပေးလိုက်ရပြီး စက္ကန့်ပိုင်းအတွင်း၌ ရှုံးနိမ့်သွားရလေသည်။ အဘွားကြီးကျောက်သည်လည်း သူ့ကို ခမည်းခမက်ဆိုပြီး ညှာတာမနေပေ။

ဟွန်း..

မင်းတို့ မတွေ့ကြဘူးလား..

ချန်ချင်းယွီက ဘက်လိုက်နေတာလေ..

သူမ သိတာပေါ့..

"ငါ ပြောလိုက်မယ်၊ နင့်သမီးက အခု ငါ့မိသားစုဝင် ဖြစ်နေပြီ၊ နားလည်လား... သူက ငါ့လူပဲ၊ နင့်လိုလူက ဒီကိုလာပြီး အလကား လာစားလို့ရတဲ့ နေရာမဟုတ်ဘူး။ ငါ့ကို နင့်ရဲ့ အရင်က ယောက္ခမတွေလို အနိုင်ကျင့်ရလွယ်မယ်၊ နင့်လို အရှက်မရှိတဲ့ကောင်ကို အလကား ကျွေးထားမယ်လို့ မထင်နဲ့။ ငါ့မိသားစုက မုဆိုးမနဲ့ ကလေးလေးပဲရှိတာ၊ အခြေအနေက ခက်ခဲနေပါပြီဆိုမှ နင်က အရှက်မရှိဘဲ လာစားဦးမလို့လား... အိပ်မက်မက်နေလိုက်... ဒီတစ်ခါတော့ ငါက ပညာပေးရုံပဲ။ နောက်တစ်ခါ ထပ်လာဦးမလား... နင့်ရဲ့ စက်ရုံအထိ ငါလိုက်လာခဲ့မယ်... ဒီအဘွားကြီးကို ဘယ်သူတားနိုင်မလဲ ကြည့်ကြသေးတာပေါ့..."

အဘွားကြီးကျောက်တစ်ယောက် တိုက်ရခိုက်ရတာကို တကယ့်ကို အားရကျေနပ်နေပုံပဲ…

ခြံဝင်းထဲမှာ ရန်ဖြစ်ရတာထက် အပြင်မှာ ရန်ဖြစ်ရတာက ပိုပြီးတော့ အရသာရှိတယ်… ဟိဟိ.. ဘယ်သူမှလည်း လာမတားကြဘူးလေ..

“အီးဟီး..ဟီး”

ချန်ချင်းယွီမှာ မျက်နှာကိုညလက်ဖြင့်အုပ်၍ ဟန်ဆောင်ငိုကြွေးနေ၏။

အဘွားကြီးကျောက် : "နင် မငိုနဲ့တော့၊ နင့်အဖေက နင့်ကို လူရာသွင်းရဲ့လားဆိုတာ မမြင်ဘူးလား... သူက နင့်ကို မိသားစုဝင်တစ်ယောက်လို လုံးဝမသတ်မှတ်တာ။ အခုကြည့်နေရင်းတန်းလန်းတောင် နင်က သူ့ကိုပြန်ရိုက်တယ်လို့ သူလှည့်ပြောနိုင်တဲ့လူစားမျိုး... သူ့နားကို မကပ်နဲ့၊ မဟုတ်ရင် နင်ပါ အပုပ်နံ့နံကုန်လိမ့်မယ်။ ငါကတော့ သူ့ကိုရိုက်တယ်၊ ဝန်လည်းခံတယ်... ဒါပေမဲ့ သူက နင့်ကို မတရားစွပ်စွဲတာကိုတော့ ငါအဖြစ်မခံနိုင်ဘူး.. ဒီလောက်အထိ အနိုင်ကျင့်တာမျိုး မရှိဖူးဘူး၊ ငါတောင် ကြည့်မနေနိုင်တော့ဘူး၊ တကယ့်ကို အကျင့်မကောင်းတဲ့ အဘိုးကြီးပဲ..."

အဘွားကြီးကျောက်မှာ ချန်ချင်းယွီတွင် ခွန်အားရှိသည်ကို သိထားသဖြင့် ချန်ရိကျွင်း ချန်ချင်းယွီ သူ့ကို ခိုး၍ နှိပ်စက်နေသည်များကို ထုတ်ဖော်ပြောဆိုမည်စိုး၍ အလျင်အမြန်ပင် ဦးအောင် ပြောလိုက်ခြင်းဖြစ်သည်။

သူမ နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

ငါတို့ကို လာအမြတ်ထုတ်ချင်တယ်ပေါ့… စိတ်ကူးယဉ်နေလိုက်..

"ဘာဖြစ်နေကြတာလဲ... ခင်များတို့ ဘာတွေလုပ်နေကြတာလဲ... ဟာ... သောက်ကျိုးနည်း..ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရိုက်နှက်ထားရတာလဲ..."

ထိုအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးကော်မတီမှ လူများ နောက်ကျမှ ရောက်ရှိလာကြသည်။

"ခင်များတို့ လူတွေအများကြီးရှိနေတာကို ဘာလို့ ဝင်မတားကြတာလဲ... မြန်မြန်၊ လူကို ထူပေးလိုက်ကြဦး။"

ခေါင်းဆောင်ဖြစ်သူ အုပ်ချုပ်ရေးမှူးကျန်း စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုကာ

“ဒီဘက်ကခင်များ အဆင်ပြေရဲ့လား.. အဘွားကြီးကျောက်... ခင်များက ဘယ်လိုဖြစ်လို့ လူကို ဒီလောက်အထိ ဖြစ်သွားအောင် ရိုက်ရတာလဲ..."

အဘွားကြီးကျောက်ကိုမူ လူတိုင်းသိကြ၏။

အဘွားကြီးကျောက် : "သူက လာပြီး ပြဿနာရှာနေတာကိုး၊ ဒါကြောင့် ကျွန်မရိုက်လိုက်တာ၊ ဘာဖြစ်လဲ..."

အုပ်ချုပ်ရေးမှူးကျန်း : "ဒီလို ရိုက်တာတော့ မကောင်းဘူးလေ၊ သူက..."

ချန်ချင်းယွီ : "အီးဟီး... ဒါ သမီးရဲ့ အဖေပါ၊ အီးဟီး... သူတို့ လူကြီးနှစ်ယောက်ကြားမှာ နားလည်မှုလွဲတာလေး ရှိသွားလို့ပါ၊ အီးဟီး... ဒါက မိသားစုကိစ္စလို့ပဲ မှတ်ယူပေးပါ..."

အုပ်ချုပ်ရေးမှူးကျန်း : "အဲ..."

ခမည်းခမက် အချင်းချင်း ရန်ဖြစ်ကြခြင်းဖြစ်ရာ တကယ်ပင် မိသားစုကိစ္စ ဖြစ်နေလေသည်။

"ခင်များတို့ကလည်းဗျာ၊ အမျိုးတွေအချင်းချင်းကို... ဘယ်လိုဖြစ်လို့ လမ်းပေါ်မှာ ဒီလောက်အထိ ရုန်းရင်းဆန်ခတ် လုပ်ရတာလဲ၊ တကယ်ကို မသင့်တော်ဘူး"

အဘွားကြီးကျောက် : "အုပ်ချုပ်ရေးမှူးကျန်း၊ ကျွန်မက ရန်ဖြစ်ချင်လွန်းလို့ မဟုတ်ပါဘူး၊ ဒီအကောင်က လူလိုမှ မကျင့်တာ။ ရှင် မသိသေးဘူး၊ ကျွန်မ ပြောပြမယ်..."

ထို့နောက် အဘွားကြီးကျောက်သည် ချန်ရိကျွင်း၏ ခေါင်းပေါ်သို့ အပြစ်များပုံချကာ တရစပ် ပြောဆိုလေတော့သည်။

သို့သော် ချန်ချင်းယွီ၏ အမြင်အရမူ ဤသည်မှာ အတင်းစွပ်စွဲခြင်း မဟုတ်ပေ။ အဘွားကြီးကျောက် စိတ်ကူးယဉ်၍ ပြောနေသည်များမှာ တကယ့်အရှိတရားနှင့် နီးစပ်နေ၏။ တကယ်တမ်းတွင်လည်း စိတ်ပုပ်သောလူများအကြောင်းကို အခြားသူများမှ ပို၍ ချဲ့ကားတွေးမိတတ်ကြသည်မှာ ၎င်းတို့ အမှန်တကယ် လုပ်ဆောင်နိုင်သော အပြုအမူများ ဖြစ်နေတတ်၍ပင်…

ချန်ချင်းယွီ အဘွားကြီးကျောက်၏ အင်္ကျီစကို ဆွဲလိုက်ပြီး

"အမေရယ်၊ အိမ်တွင်းရေးကို အပြင်မထုတ်ပါနဲ့တော့"

အုပ်ချုပ်ရေးမှူးကျန်း : "..."

ကြည့်စမ်း၊ အဘွားကြီးကျောက် ပြောသမျှက ချဲ့ကားထားတာ မဟုတ်ဘူးပဲ… တစ်ဖက်က ခမည်းခမက်က ဘယ်လို သောက်ကျိုးနည်းကောင်ပါလိမ့်..

အုပ်ချုပ်ရေးမှူးကျန်း၏ အမြင်တွင် ချန်ချင်းယွီမှာ ရိုးသားလွန်းပြီး လိမ်မပြောတတ်သူ ဖြစ်နေ၏။

ထို့ပြင် အဘွားကြီးကျောက် အဘယ်ကြောင့် ခမည်းခမက်ကို တွေ့သည်နှင့် ရန်ဖြစ်ရိုက်နှက်ရသနည်းဟု သူ စဉ်းစားကြည့်ရာ "ဒီလူကြီးက တကယ့်ကို အသုံးမကျတဲ့လူပဲ" ဟု ကောက်ချက်ချလိုက်မိလေသည်။

ချန်ရိကျွင်းမှာမူ အရိုက်ခံထားရသဖြင့် အော်ဟစ်နေရကာ ယခုဆို အသံပင် ဝင်နေပြီဖြစ်၏။ သူခမျာ နာကျင်လွန်းသဖြင့် အသက်ကို ခက်ခက်ခဲခဲ ရှူရှိုက်ရင်း အသံဩဩဖြင့် ဆဲဆိုလိုက်ကာ

"နင်... နင် သတင်းအမှားတွေ လွှင့်နေတာ၊ ငါ့နာမည်ကို ဖျက်စီးနေတာ..."

ချန်ချင်းယွီ : "အီးဟီး... အဖေ၊ ဘာမှမပြောပါနဲ့တော့၊ ယောက္ခမကို ပြန်မပြောပါနဲ့ဦး။ မဟုတ်ရင် သူက အရင်အိမ်နီးချင်းတွေဆီ သွားပြီး သက်သေခေါ်လိုက်ရင် အဖေ့နာမည်က ပိုပြီး ပျံ့သွားလိမ့်မယ်..."

ချန်ရိကျွင်း နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှူလိုက်ပြီး ဆဲဆိုလေတော့သည်။

"နင်လို သမီးမိုက်... ထွက်သွားစမ်း..."

ဤကောင်မလေးမှာ သူ့ဘက်မှ ကာကွယ်ပေးနေသယောင်ဖြင့် ပြောလိုက်သော စကားတိုင်းမှာ သူ့ကို နာကျင်စေသည့်အပြင် အဘွားကြီးကျောက် ပြောသမျှကိုလည်း တစ်ဆင့်ခံ အတည်ပြုပေးသည့်နှယ် ဖြစ်နေသည်။

ချန်ရိကျွင်း အလွန်ပင် ဒေါသထွက်ကာ ချန်ချင်းယွီကို စားမတတ်ဝါးမတတ် စိုက်

ကြည့်နေ၏။ ချန်ချင်းယွီမှာမူ ဆက်လက်၍ ဟန်ဆောင်ငိုနေဆဲပင်။

အဘွားကြီးကျောက် : "ငို..ငို.. ငိုပဲ ငိုနေတော့၊ သူက နင့်ကို လူလိုမှ မဆက်ဆံတာကို ကြည့်ဦး.. မြန်မြန် အိမ်ပြန်တော့၊ ဒီမှာလာပြီး အရှက်မခွဲနဲ.. နင် ဒီမှာနေရင် သူက အဖေဆိုတဲ့ ဂုဏ်ပုဒ်နဲ့ နင့်ကို နှိပ်စက်နေဦးမယ်။ သမီးကို တစ်ခါတောင် ကျွေးမွေးပြုစုဖူးလို့လား.. တကယ့်ကို အရှက်မရှိလိုက်တာ၊ ငါတို့အိမ်က မနေ့ကမှ ကုန်ပစ္စည်းဝယ်ယူခွင့် လက်မှတ်တွေ ရတာ၊ ဒီနေ့ သူက ရောက်လာပြီ၊ ဘယ်လိုလူစားလဲ မသိဘူး..."

ဘေးမှလူများမှာလည်း ချန်ရိကျွင်းတစ်ယောက် ထိုအရာများကို လိုချင်သဖြင့် လာခြင်းဟု ထင်မှတ်ကြပြီး တီးတိုးဝေဖန်ကြပြန်၏။

အုပ်ချုပ်ရေးမှူးကျန်း : "ကဲ ကဲ တော်ကြတော့၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒီလို ရိုက်နှက်တာတော့ မကောင်းဘူး.. နောက်ဆို ပြဿနာရှိတိုင်း လက်ပါနေရင် ပရမ်းပတာတွေ ဖြစ်ကုန်မှာပေါ့.. အဘွားကြီးကျောက်၊ ခင်များ ဒီတစ်ခါ လုပ်တာ မမှန်ဘူး၊ ရပ်ကွက်ရုံးက ခင်များကို အပြစ်ပေးရလိမ့်မယ်"

အဘွားကြီးကျောက် အော်ဟစ်

ပြောဆိုလိုက်၏။

"ဒါက မိသားစုတွင်း ပဋိပက္ခပဲလေ၊ ဘာလို့ အပြစ်ပေးရမှာလဲ... ဟို နောက်ဘက်က ခြေထောက်မသန်တဲ့ ထော့ကျိုးဝမ်က သူ့မိန်းမကို ရိုက်တုန်းကတော့ ရှင်တို့ အပြစ်မပေးဘဲ မိသားစုကိစ္စဆိုပြီး လွှတ်ထားတယ်မဟုတ်လား... ပြီးတော့ လမ်းသွယ် ၃ က ဒေါ်လေးကျိုးက လမ်းပေါ်မှာ သူ့ချွေးမကို ရိုက်နှက်ဆဲဆိုတုန်းကလည်း မိသားစုကိစ္စဆိုပြီး ပြောခဲ့ကြတာပဲ၊ အခုကျမှ ဘာလို့ ကျွန်မကို အပြစ်ပေးချင်ရတာလဲ..."

အုပ်ချုပ်ရေးမှူးကျန်း : "အဲဒါက အိမ်ထောင်စုစာရင်းထဲက မိသားစုဝင်တွေမို့လေ၊ ရှင့်ကိစ္စက အဲဒါနဲ့ မတူဘူး.. မနေ့က လီတာ့ရှန်းနဲ့ ချဲမိသားစု ရန်ဖြစ်တုန်းကလည်း သူတို့က ခမည်းခမက်တွေပဲ၊ ရပ်ကွက်ရုံးက အပြစ်ပေးခဲ့တာပဲ"

ချန်ချင်းယွီ တိုးတိုးလေး ရေရွတ်

လိုက်ဟန်ဖြင့်

"ချဲမိသားစု အပြစ်ပေးခံရတာက စက်ရုံက အနိုင်ကျင့်တဲ့ ကိစ္စတွေနဲ့ ပတ်သက်နေလို့ မဟုတ်ဘူးလား... ခမည်းခမက်ချင်း ရန်ဖြစ်တာ သက်သက်ကြောင့်တော့ မဟုတ်လောက်ပါဘူး... ပြီးတော့ သက်သေအတု ခိုင်းတာတွေလည်း ပါနေတယ်မလား..."

သူမ အသံတိုးတိုးဖြင့် ရှိုက်ငိုနေရင်း ပြောလိုက်ခြင်း ဖြစ်သော်လည်း အားလုံးမှာ ခေါင်းညိတ် ထောက်ခံကြ၏။

ဒီစကားကအမှန်ပဲကို..အခြေအနေချင်း မတူဘူးလေ..

အဘွားကြီးကျောက် : "လီတာ့ရှန်းနဲ့ ချဲမိသားစုဆိုတာက ပြဿနာရှာတဲ့ ကောင်တွေ၊ သူတို့က ငါ့သားကို အနိုင်ကျင့်လို့ ဖြစ်ကြတာ.. ငါတို့က သူတို့နဲ့ မတူဘူး..."

ချွေးမဖြစ်သူ သုံးနှုန်းလိုက်သော "အနိုင်ကျင့်ခြင်း" ဆိုသည့် စကားလုံးမှာ တကယ့်ကို ထိရောက်လှသည်။ သူမမှာ "ငါက သူတို့နဲ့ မတူဘူး" ဟု ဆက်လက်ပြောဆိုလိုက်၏။

အုပ်ချုပ်ရေးမှူးကျန်း စဉ်းစားကြည့်ရာတွင်လည်း ဟုတ်နေသကဲ့သို့ပင်။ သို့သော် လမ်းပေါ်တွင် ဤမျှအထိ ဆူညံသွားခြင်းမှာ သက်ရောက်မှု ကြီးမားလွန်းလှ၏။ ထို့ကြောင့် သူ ပြန်ပြောလိုက်ကာ

"မတူတာက မတူတာပဲ၊ ဒါပေမဲ့ ခင်များတို့လုပ်တာ မှားတာတော့ အမှန်ပဲ။ နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ ဒါကို... ဘယ်လိုခေါ်မလဲ..."

"ချန်ရိကျွင်း"

အုပ်ချုပ်ရေးမှူးကျန်း : "ချန်ရိကျွင်းက ခင်များထက် ဒဏ်ရာ ပိုပြင်းထန်တယ်၊ ဒါကြောင့် အဘွားကြီးကျောက် ခင်များ ဝန်ခံကတိစာ ရေးရမယ်"

အဘွားကြီးကျောက် သွားဖြဲပြလိုက်ပြီး ချန်ချင်းယွီကို ခိုးကြည့်လိုက်သည်။ ချန်ချင်းယွီ မျက်တောင်တစ်ချက် ခတ်ပြသည်ကို မြင်သောအခါ အဘွားကြီးကျောက်မှာ

"ကောင်းပြီလေ... ရေးဆိုလည်းရေးပေါ့”

အုပ်ချုပ်ရေးမှူးကျန်း : "အဲဒါကို ဒီမှာပဲ ကပ်ထားမယ်"

သူသည် မနီးမဝေးမှ နံရံကို ညွှန်ပြကာ

"ဒီမှာ ကပ်ထားတာက အပြစ်ပေးတာလည်း ဖြစ်သလို တခြားလူတွေကိုလည်း သတိပေးရာ ရောက်တယ်.. အမျိုးတွေ ဖြစ်နေရင်တောင် စိတ်ထင်သလို ရိုက်နှက်လို့ မရဘူး.. အခုက ခေတ်ဟောင်းမဟုတ်တော့ဘူး၊ အခုက စည်းလုံးညီညွတ်ပြီး တစ်ယောက်နဲ့တစ်ယောက် ကူညီရတဲ့ ခေတ်သစ်ကို ရောက်နေပြီ။ ရှင်တို့ရဲ့ အချင်းချင်း ရန်ဖြစ်ရိုက်နှက်တတ်တဲ့ အကျင့်ဟောင်းတွေကို မယူလာကြနဲ့၊ အဲဒါက မကောင်းဘူး"

"သိပါပြီ သိပါပြီ၊ ကပ်လိုက်.. ကပ်လိုက်"

အဘွားကြီးကျောက် ဘာကိုမျှ ဂရုမစိုက်ပေ။ အကယ်၍ ရွှီကောင်းမင်၊ မာကျန့်ယီ သို့မဟုတ် ယွမ်ဟောက်မင်တို့ကဲ့သို့ လူမျိုးများသာဆိုလျှင် ဤသည်မှာ အသက်ထွက်မတတ် အရှက်ရစရာဖြစ်ပြီး ငွေ ၁၀၀ ဒဏ်ရိုက်ခံရခြင်းထက် ပို၍ နာကျင်ပေလိမ့်မည်။ သို့သော် အဘွားကြီးကျောက်မှာ ဘာကိုမျှ မကြောက်ရွံ့ပေ။

ဒါက ကိစ္စကြီးတစ်ခုလား...

မဟုတ်ပါဘူး... ဘာအရေးလဲ..

ဘယ်သူကြည့်ကြည့် ဂရုမစိုက်ဘူး...

ဘာပဲဖြစ်ဖြစ် မြို့ထဲက လမ်းတစ်ဝက်လောက်ကလူတွေက သူမနာမည်ကြားတာနဲ့ သူမ ဘယ်လိုလူလဲဆိုတာ သိနေကြတာပဲ..အရေးမပါပါဘူး... ဟမ့်..

အုပ်ချုပ်ရေးမှူးကျန်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ယေဘုယျအားဖြင့် လူတစ်ယောက်သည် မိမိ၏ ဝန်ခံကတိစာကို လူအများရှေ့တွင် ကပ်ထားမည်ဆိုပါက တစ်နည်းမဟုတ်တစ်နည်း ငြင်းဆန်ကန့်ကွက်တတ်ကြသော်လည်း အဘွားကြီးကျောက်မှာမူ ထိုသို့ပြုလုပ်ခြင်း မရှိပေ။ ထိုအချက်ကို ကြည့်ခြင်းဖြင့် အဘွားကြီးကျောက်တွင် ကောင်းကွက်ရှိသေးကြောင်းနှင့် အနည်းဆုံးတော့ ရပ်ကွက်လုပ်ငန်းဆောင်တာများကို အလေးထားကြောင်း တွေ့ရ၏။

ဝန်ခံကတိစာကို ဤသို့ ကပ်ထားခြင်းမှာ အလွန်ပင် သိက္ခာကျစရာ ကောင်းသော်လည်း အဘွားကြီးကျောက် မငြင်းဆန်သဖြင့် သူမသည် အကျိုးအကြောင်း နားလည်သူတစ်ဦးဟု အုပ်ချုပ်ရေးမှူးကျန်းက ကျေနပ်စွာ မှတ်ယူလိုက်သည်။ အဘွားကြီးကျောက် ဘာမှမဖြစ်သကဲ့သို့ ရှိနေသော်လည်း အခြားသူများမှာမူ စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ ချန်ရိကျွင်း တစ်ယောက်သာလျှင် ဒေါသတကြီး အော်ဟစ်နေလေသည်။

"ဘာလို့လဲ... ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ သူ့ကို လွှတ်ပေးရတာလဲ... ဘာလို့လဲ..."

ဝန်ခံကတိစာ ရေးရုံပဲလား..

နံရံမှာ ကပ်ထားရုံပဲလား.. ဒါလေးပဲလား..

သူ့ရဲ့ နာကျင်မှုတွေကို ဘယ်သူကများ နှစ်သိမ့်ပေးမှာလဲ…

ထိုအချိန်မှာ အလုပ်ဆင်းချိန် ဖြစ်သဖြင့် စက်ရုံမှ လူအများအပြားမှာလည်း အလွှာလိုက်အထပ်လိုက် ဝိုင်းအုံ၍ လာရောက်ကြည့်ရှုနေကြပြီဖြစ်၏။

ရွှီကောင်းမင် လူအုပ်ကြားမှ မနည်းတိုးဝှေ့ဝင်လာပြီး မယုံကြည်နိုင်စွာဖြင့် ပြောဆိုသည်။

"လွယ်တယ်ဟုတ်လား... ဒါက ဘယ်လောက်တောင် အရှက်ကွဲစရာ ကောင်းသလဲ၊ ကိစ္စကြီး တစ်ခုပဲလေ... ဒါကိုတောင် ခင်ဗျားက လွယ်တယ်လို့ ထင်နေတာလား..."

သူသည် မည်သူ့ဘက်မှ ပါဝင်နေခြင်း မဟုတ်ဘဲ သူ၏ စိတ်ရင်းအတိုင်း ပြောခြင်းဖြစ်၏။ သိက္ခာကို အလေးထားသော ယောက်ျားသားများမှာလည်း တစ်ဦးမကျန် ခေါင်းညိတ်ထောက်ခံကြသည်။ ဤသည်မှာ တကယ့်ကို ပြင်းထန်သော အပြစ်ပေးမှုပင် ဖြစ်၏။

ချန်ရိကျွင်းမှာ အသက်ကို ပြင်းပြင်းရှူလိုက်၊ ပြန်ထုတ်လိုက်နှင့် ရှိနေစဉ် အနားတွင် ရှိုက်ငိုနေဆဲဖြစ်သော ချန်ချင်းယွီကို လှမ်းမြင်သွားကာ အကျယ်ကြီး ဆဲဆိုလေတော့သည်။

"ချန်ချင်းယွီ၊ နင်ကတော့ တကယ့် နိမိတ်မရှိတဲ့ မိန်းမပဲ၊ နင် ငါ့ကို တမင်သက်သက် ဆိတ်တာမလား၊ နင်ကသာ ကြားထဲကနေ အနှောင့်အယှက် မပေးရင် ငါက ဒီအဘွားကြီးရဲ့ အရိုက်ကို ခံရပါ့မလား.. နင် ဒီလို သန္ဓေယုတ်မှန်း သိရင် ငါ နင့်ကို လူဖြစ်အောင် မွေးခဲ့မှာ မဟုတ်ဘူး။ နင်နဲ့ နီးစပ်တဲ့သူမှန်သမျှ ဘယ်သူကောင်းစားဖူးလဲ... တစ်ယောက်ပြီး တစ်ယောက် နင့်ကြောင့် သေကုန်ကြတာ..."

ချန်ချင်းယွီ မျက်လုံးအစုံ နီမြန်းလျက် သူမ၏ ဖခင်ကို မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်နေ၏။

အဘွားကြီးကျောက် : "ကောင်းပြီလေ၊ နင်က ငါ့ချွေးမကို ဒီလောက်အထိ စော်ကားရဲသေးတယ်ပေါ့..."

သူမ ရှေ့သို့ ပြေးဝင်သွားကာ ထိုလူ၏ အရေးကြီးသော နေရာကို ခြေထောက်ဖြင့် တစ်ချက် ကန်ဆောင့်လိုက်လေသည်။

ချန်ရိကျွင်းခမျာ အဆုတ်ပွင့်မတက် အသံနက်ကြီးဖြင့် "အား..." ခနဲ ထပ်မံ အော်ဟစ်လိုက်ရပြန်၏။

ချန်ရိကျွင်းမှာ "အား" ဟု အော်ရုံမှအပ အခြားဘာမှ မတတ်နိုင်သော ပျော့ညံ့သည့် လူစားမျိုးပင် ဖြစ်သည်။

အဘွားကြီးကျောက် ခါးထောက်လျက် ကြိမ်းမောင်းပြောဆိုလေ၏။

"ငါ့ချွေးမကို အပုပ်ချဖို့ နင့်မှာ အခွင့်အရေး မရှိဘူး... နင်က ယောက်ျားတစ်ယောက်လို မကျင့်ကြံနိုင်ရင်လည်း ယောက်ျားအဖြစ် မနေနဲ့တော့..."

ချန်ရိကျွင်းမှာ တစ်ကိုယ်လုံး နာကျင်နေသည့် ကြားမှ ထိုနေရာကို လက်ဖြင့်အုပ်ကာ ခါးကို ကိုင်းလျက် ချွေးစေးများ တဖြိုင်ဖြိုင် ကျဆင်းနေရှာသည်။ မျှော်လင့်ချက် ကင်းမဲ့နေသည့် ပုံစံပင်…

ဘေးမှ ကြည့်နေသော ယောက်ျားသားများမှာ တစ်ပြိုင်နက်တည်း နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြပြီး အချို့သော သတ္တိနည်းသူများမှာ မိမိတို့၏ အရေးကြီးသော နေရာကို လက်ဖြင့် မသိမသာ အုပ်ထားမိကြ၏။ အဘွားကြီးကျောက် စိတ်ဖောက်ပြီး နောက်ထပ် တစ်ချက် ကန်လိုက်မည်ကို ကြောက်ရွံ့နေကြခြင်း ဖြစ်သည်။

အမယ်လေး.. ကွဲပြီထင်တယ်..

ဤသို့ ကန်ခံရခြင်းမှာ အသက်မဆုံးရှုံးနိုင်သော်လည်း သိက္ခာတော့ တော်တော်လေး ကျစရာပင်။ တစ်ခုခု ထိခိုက်သွားပါလျှင်လည်း မလွယ်ကူပေ။

အုပ်ချုပ်ရေးမှူးကျန်းက : "အိုး... တော်ကြပါတော့၊ အဘွားကြီးကျောက်လည်း ဆက်မရိုက်နဲ့တော့၊ ချန်ရိကျွင်းလည်း နားမခံသာတဲ့ စကားတွေ ဆက်မပြောနဲ့တော့..."

ထို့နောက် သူ တိုးတိုးလေး ရေရွတ်လိုက်ကာ

"ကိုယ်ကလည်း သူ့ကို မနိုင်ဘဲနဲ့ ဘာလို့ ပြဿနာ သွားရှာနေတာလဲ၊ ခွေးကို ရိုက်ရင်တောင် အရှင်ကို ကြည့်ရသေးတာကို... အဲ... ကန်တော့နော် ရှောင်ချန်လေး၊ ညည်းကို ဆိုလိုတာ မဟုတ်ပါဘူး၊ ကျုပ်မှာတော့ ခင်များတို့ကြောင့် စိတ်တိုပြီး စကားတွေတောင် လွဲကုန်ပြီ"

ချန်ချင်းယွီ သဘောထားကြီးစွာဖြင့် ခေါင်းခါပြလိုက်သည်။

"ရပါတယ်ရှင်၊ ညွှန်ကြားရေးမှူးက စေတနာနဲ့ ပြောတာဆိုတာ ကျွန်မသိပါတယ်.. တကယ်တော့ ကျွန်မတို့ ကောင်းဖို့အတွက်ပဲလေ"

အုပ်ချုပ်ရေးမှူး ကျန်းခေါင်းညိတ်လိုက်မိ၏။ အုပ်ချုပ်ရေးမှူး တစ်ယောက်အနေဖြင့် ရပ်ကွက်အတွင်း အေးအေးချမ်းချမ်း ရှိစေချင်သော်လည်း မကြာသေးမီက ပြဿနာများမှာ အလွန်ပင် များပြားလှသည်။ များလွန်းသဖြင့် သူပင် ငိုချင်စိတ် ပေါက်လာရ၏။

ကြည့်နေသူများအတွက် ပျော်စရာဖြစ်သော်လည်း ရပ်ကွက်ရုံးအနေဖြင့် ဖြေရှင်းရသည်မှာ မနည်းပေ။

အင်း... ခက်ခဲလှပါဘိ…ပင်ပန်းလှပါဘိ.. ဘယ်သူကများ စာနာပေးနိုင်မှာလဲ..

ဤအချိန်တွင် မာကျန့်ယီက အဘယ်ကြောင့် အမြဲတမ်း အငြိမ်းစားယူရန် ကြံစည်နေသည်ကို သူ နားလည်သွားတော့သည်။ အထူးသဖြင့် ရင်ဆိုင်ရခက်သော အဘွားကြီးကျောက်ကဲ့သို့ လူမျိုးရှိနေလျှင် ပို၍ စိတ်ပျက်စရာ ကောင်းလှ၏။

အုပ်ချုပ်ရေးမှူး ကျန်း : "အဘွားကြီးကျောက်၊ အမျိုးတွေပဲလေ၊ သူ ဒီလောက်အထိ ဖြစ်သွားတာကို ဆေးရုံအထိတော့ လိုက်ပို့ပေးလိုက်ပါဦး"

အဘွားကြီးကျောက် : "သူကလည်း ငါ့ကို ပြန်ရိုက်သေးတာပဲ၊ ငါ့ဆံပင်တွေကိုလည်း ဆွဲသေးတယ်၊ သူက..."

ချန်ချင်းယွီ : "အီးဟီး... ယောက္ခမရယ်၊ တောင်းပန်ပါတယ်၊ သမီး အဖေကို ဆေးရုံ ပို့ပေးပါဦးနော်၊ အရာအားလုံးက အဖေ့အမှားဆိုပေမဲ့ သူက သမီးရဲ့ အဖေ ဖြစ်နေလို့ပါ..."

ငိုနေပြန်ပြီ.. ငိုနေပြန်ပြီ.. တစ်နေ့တစ်နေ့ ခေါင်မိုးက ခိုညည်းနေတဲ့အတိုင်းပဲ.. ညည်းနှယ် ငိုနိုင်လှချည်လား..

ယောက်ျားသားများ သတိမထားမိသော်လည်း အမျိုးသမီးများမှာမူ ချန်ချင်းယွီ အဘယ်ကြောင့် အချိန်တိုင်း တတွတ်တွတ် ရှိုက်ငိုနေသည်ကို နားမလည်နိုင်သဖြင့် နားထဲတွင် ကသိကအောက် ဖြစ်လာကြသည်။

အဘွားကြီးကျောက်က ဝုန်းခနဲ ထရပ်လိုက်ပြီး

"သူ့ကို ပို့ရမယ်... သူ့ကို ပို့ရင် ပိုက်ဆံမကုန်ဘူးလား... ငါတို့က ဘာလို့ သူ့အတွက် ပိုက်ဆံအကုန်ခံရမှာလဲ... သူကပဲ လာပြီး ပြဿနာရှာတာလေ၊ ငါက သူ့ကို အကြွေးတင်နေလို့လား..."

ချန်ချင်းယွီ ဘာမှမပြောတော့ဘဲ ဆက်၍ ရှိုက်ငိုနေပြန်သည်။ ထိုရှိုက်သံများက နားထဲတွင် ဆူညံနေသဖြင့် အဘွားကြီးကျောက်က သူမ၏ နားထင်ကို ဖိလိုက်ပြီး အလျော့ပေးလိုက်ရကာ

"ကဲ ကဲ တော်တော့၊ မငိုနဲ့တော့၊ ငါ ပို့ပေးမယ် ဟုတ်ပြီလား..."

"လာ၊ ငါ့ကို ဝိုင်းကူဦး"

ချန်ချင်းယွီ : "ဟုတ်ကဲ့"

သူမ ခေါင်းလေးငုံ့ကာ လာကူညီပြီး၊ အမျိုးသမီး နှစ်ယောက်မှာ ချန်ရိကျွင်းကို တစ်ချက်တည်းနှင့် မလိုက်လေသည်။

ရွှီကောင်မင်း ရှီကျန့်ရှန်းကို တိုးတိုးလေး ပြောလိုက်မိလေ၏။

"အဘွားကြီးကျောက်က တကယ့်ကို ကျွဲလို အားရှိတာပဲ၊ လူကြီးတစ်ယောက်လုံးကို ကြက်ကလေး တစ်ကောင်လို မလိုက်တာ..."

ရှီကျန့်ရှန်း ; "ဟုတ်ပနော်"

ထို့ကြောင့် အဘွားကြီးကျောက်ကို တကယ်ပင် ရန်မစသင့်ပေ။ ယခင်၌ သူမကို အနိုင်ကျင့်ပြီး လူကောင်းလုပ်၍ ရသော်လည်း ယခုအခါတွင်မူ အဘွားကြီးကျောက်၏ အဆင့်မှာ မြင့်တက်သွားပြီဖြစ်၏။ ယခင်ကထက် ပို၍ လည်လာကာပို၍လည်း တိုက်ခိုက်နိုင်လာသည်။ ထို့ပြင် သေဆုံးသွားသော သားဖြစ်သူမှာလည်း ကူညီနေသယောင် ရှိနေ၏။

မထိသင့်ဘူး.. မထိသင့်ဘူး..

အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့ နှစ်ဦးသား ချန်ယိကျွင်းကို တွဲကူလာကြစဉ် ချန်ချင်းယွီ နောက်သို့ လှည့်၍ ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုနေလေသည်။

"ဘာဖြစ်လို့လဲ..."

ချန်ချင်းယွီ : "ဒေါ်လေးပိုင်က ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို ခေါ်သွားလို့လေ၊ ကျွန်မ လှမ်းအသိပေးထားချင်လို့ပါ"

"ရှောင်ချန်တို့ ဆေးရုံသာ သွားကြပါ၊ အဘွားကြီးပိုင်ကို ငါပဲ အသိပေးလိုက်ပါ့မယ်။"

ရှီကျန့်ရှန်း ကပ်ဖားယက်ဖား မျက်နှာချိုသွေးကာ ဝင်ပြောလေသည်။

အဘွားကြီးပိုင်မှာ အစောပိုင်း၌ သူမအနားတွင် အခြေအနေကြည့်နေခဲ့သော်လည်း နောက်ပိုင်းတွင် ချန်ချင်းယွီအတွက် ကလေးများကို ကူထိန်းပေးရင်း လူအုပ်ကြားထဲ တိုးမဝင်လာတော့ပေ။ ဤကဲ့သို့ လက်သီးလက်မောင်းတန်း ရန်ဖြစ်ကြသည်ကို ကလေးများအား ပေးမကြည့်လိုသဖြင့် အိမ်သို့ ပြန်ခေါ်သွားခြင်း ဖြစ်ပေလိမ့်မည်။

ကလေးများ လန့်သွားလျှင် မကောင်းပေ။

ရှီကျန့်ရှန်း : "ကိစ္စမရှိဘူး၊ ငါရှိတယ်လေ"

ချန်ချင်းယွီ လေသံပျော့ပျော့လေးဖြင့်

"ကျေးဇူးတင်ပါတယ်နော်"

မကြာသေးမီ၌ ရှီကျန့်ရှန်းတစ်ယောက် သူမတူအောင်ပင် အလွန် ယဉ်ကျေးပျူငှာနေလေသည်။

အဘွားကြီးကျောက်မှာမူ ရှီကျန့်ရှန်းသည် သူမအပေါ် စိတ်ဝင်စားနေသလားဟု ထပ်မံ၍ အပြင်းအထန် သံသယဝင်မိပြန်၏။

အို... ဘုရားရေ.. သေသာသေလိုက်ချင်မိတယ်.. အဟမ်း (တကယ်မသေချင်ပါဘူး)

ငါ့မှာ ဘယ်လိုတောင် ဂုဏ်သတင်း အရှိန်အဝါမျိုး ရှိနေ၍ပါလိမ့်..

ငါ့က တကယ်ကို ဆွဲဆောင်မှု အရှိဆုံး ဖြစ်နေပုံရတယ်…

အရင်တုန်းက ပြဿနာရှာခဲ့တာတွေက ငါ့ရဲ့ အာရုံစိုက်မှုကို တမင်သက်သက် ရယူခဲ့ခြင်းများလား.. ဖြစ်နိုင်ပါတယ်.. အဲ့လိုပဲဖြစ်မယ်..

အဘွားကြီးကျောက်မှာ မသိမသာ ရှောင်ဖယ်လိုက်ပြီး ရှီကျန့်ရှန်းနှင့် ဝေးဝေးတွင် နေရန် ဆုံးဖြတ်လိုက်တော့သည်။ သူမတွင် ထိုသို့သော ဝါသနာမျိုး မရှိပေ။

ရှီကျန့်ရှန်း: "........."

ချန်ချင်းယွီ: "........."

သို့သော် ရှီကျန့်ရှန်း ထွက်မလာခဲ့လျှင် တော်သေးသော်လည်း၊ သူမ ထွက်လာသည်နှင့် ချန်ချင်းယွီမှာ ယခင်မှ ထိုအနံ့ဆိုးလှသော တိုင်းရင်းဆေးကို သတိရသွားတော့သည်။ ဤကဲ့သို့သော ပစ္စည်းကောင်းကို အဘွားကြီးရှီ တစ်ယောက်တည်း ခံစား၍ မဖြစ်ပေ။

ဟားဟား.. ချန်ရိကျွင်းကိုလည်း ပေးမြည်းရမှာပေါ့..

သူမ ချက်ချင်းပင် မေးမြန်းလိုက်ကာ

"ဒေါ်လေးရှီ ကျွန်မ မှတ်မိသလောက်ဆိုရင် ဒေါ်လေးက အရင်တုန်းက ဦးလေးရွှီအတွက် ဆေးဖော်ပေးတာ တော်တော်လေး ထိရောက်ပုံရတယ်နော်၊ အဲဒီဆေးကို ဘယ်သူ့ဆီမှာ ဝယ်တာလဲဟင်..."

ရှီကျန့်ရှန်း : "ဘာလဲ..."

သူမ ခေတ္တမျှ ကြောင်အသွားပြီး အတော်ကြာ ပြန်စဉ်းစားကြည့်မှ ထိုအကြောင်းမှာ ဧည့်ခံပွဲ မတိုင်မီက ကိစ္စဖြစ်ကြောင်း သတိရသွားသည်။ တော်တော်ပင် ကြာညောင်းနေပြီ ဖြစ်သော်လည်း သူမ အရိုးထဲစွဲအောင် မှတ်မိနေ၍ ပြောပြလိုက်၏။

"ချန်းမန်လမ်းနားမှာလေ၊ သွားစုံစမ်းကြည့်လိုက်၊ အဲဒီအိမ်က တော်တော် နာမည်ကြီးတယ်”

ချန်ချင်းယွီက သိရှိကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူမက ချန်ရိကျွင်းကို ဆွဲခေါ်ရင်း

"သွားကြရအောင်၊ အရင်ဆုံး ဆေးရုံ သွားရအောင်”

အဘွားကြီးကျောက်မှာ တတွတ်တွတ် ဆဲဆိုနေဆဲပင်။

"တကယ် စိတ်ပျက်ဖို့ ကောင်းလိုက်တာ၊ နင့်လို အသုံးမကျတဲ့ အဘိုးကြီးက အိမ်အထိ လာပြဿနာရှာတော့ ငါပါ ဒီကိစ္စထဲ ပါဝင်နေရပြီ၊ တကယ်ကို နိမိတ်မရှိတဲ့ လူပဲ.. နင်ကများ သူများကို နိမိတ်မရှိဘူးလို့ ဆဲရဲသေးတယ်၊ ငါ့အမြင်မှာတော့ ဒီကမ္ဘာပေါ်မှာ နင်က အနိမိတ်မရှိဆုံးပဲ.. နင်နဲ့ နီးစပ်တဲ့သူမှန်သမျှ ကံဆိုးကုန်တာပဲ၊ နင့်လို စိတ်ဓာတ်မနှံ့တဲ့ ခွေးရူးပုံစံကို မြင်ရတာနဲ့တင် အန်ချင်လာပြီ။"

"နင်ကလည်း အဘွားကြီးမိုက်၊ ပါးစပ်က တော်တော် ပုပ်စပ်နေတာပဲ၊ နင်..."

"နင်က ဘာလဲ၊ ငါ့ပါးစပ်က ပုပ်တယ်ဟုတ်လား... ငါက ပါးစပ်ပဲ နည်းနည်း ရိုင်းတာ၊ စိတ်ရင်းက ကောင်းတယ်နော်.. နင့်လိုမျိုး စိတ်ပုပ်စိတ်ယုတ်၊ အကျင့်မကောင်းတဲ့ လူစားမျိုး မဟုတ်ဘူး၊ နင့်လို လူယုတ်မာကတော့ တစ်နေ့နေ့ အဝီစိ ရောက်မှာပဲ..."

"နင်..."

ချန်ချင်းယွီ : "အဖေရယ်၊ မဆဲပါနဲ့တော့..."

အဘွားကြီးကျောက် : "နင်က သူ့ကို အဖေလို့ ခေါ်နေတုန်းလား၊ ဒီလိုလူစားမျိုးက အဖေလို့ ခေါ်ခံရဖို့ မထိုက်တန်ပါဘူး..."

နှစ်ယောက်သား တစ်ယောက်တစ်လှည့် ပြောဆိုနေကြရာ ချန်ရိကျွင်းလည်း ယခုမှ ရိပ်မိတော့သည်။

ချန်ချင်းယွီ၏ မျက်နှာမှာ ပူဆွေးနေသယောင် ရှိသော်လည်း စကားပြောသံမှာ အလွန် တည်ငြိမ်နေပြီး သူမ သူ့ကို လုံးဝ အလေးမထားကြောင်း ထင်ရှားလှ၏။ ထို့ပြင် အရေးကြီးဆုံးမှာ သူမမှာ မျက်ရည်တစ်စက်ပင် မကျဘဲ မျက်ခမ်းလေး နီရဲကာ ဟန်ဆောင်ရှိုက်ငိုနေခြင်းသာ ဖြစ်ကြောင်း သူ တွေ့ရှိသွားလေသည်။

"နင်လို သန္ဓေယုတ်လေး၊ နင်က လူကောင်းမဟုတ်မှန်း ငါသိတယ်၊ အားလုံးက ဟန်ဆောင်နေတာပဲ၊ နင်လို မိန်းမယုတ်... အား..."

ချန်ရိကျွင်း ဒေါသတကြီး ဆဲဆိုလိုက်၏။ ထို့နောက် နာကျင်စွာ အော်ဟစ်လိုက်သံမှာ တဆက်တည်းတွဲလျက်ပါလာလေသည်။ သူတို့အဝေးသို့ မရောက်သေးသဖြင့် ပရိတ်သတ်အားလုံးမှာ တစ်ပြိုင်နက်တည်း လှမ်းကြည့်ကြ၏။

ချန်ချင်းယွီ : "အီးဟီး... အဖေရယ်၊ မဆဲပါနဲ့တော့၊ အဖေ သမီးကို မချစ်မှန်း သမီးသိပါတယ်၊ ဒါပေမဲ့ အဖေ့ဒဏ်ရာတွေကိုတော့ ကုရမယ်လေ၊ ဆေးရုံ အေးအေးဆေးဆေး သွားကြရအောင်ပါ၊ သမီး တောင်းပန်ပါတယ်.. မဆဲပါနဲ့တော့နော်”

"ဟန်ဆောင်ကောင်းလှချည်လား ချန်ချင်းယွီ၊ နင်လို သန္ဓေယုတ်၊ ဟန်ဆောင်ကောင်းလှချည်လား၊ နင်... @#$%^&..."

ချန်ရိကျွင်း၏ ဆဲဆိုသံများမှာ အလွန်ပင် ရိုင်းစိုင်းလှကာ စာလုံးရေ တစ်သောင်းခန့်ပင် ရှိပေလိမ့်မည်။ သူသည် လူ့ကျင့်ဝတ်သိက္ခာများကို ဘေးဖယ်ထားကာ နားမခံသာသော စကားလုံးဟူသမျှကို သုံးနှုန်း၍ အော်ဟစ်ဆဲဆိုနေသဖြင့် ဘေးပတ်ဝန်းကျင်မှ လူများပင် ခေါင်းတခါခါ ဖြစ်ကုန်ကြသည်။ အစပိုင်းတွင် ချန်ရိကျွင်းအပေါ် အနည်းငယ် သနားစိတ် ရှိကြသော်လည်း ယခုအခါတွင်မူ သူ့ကို အတော်ပင် အထင်သေးသွားကြ၏။

ကျေးလက်မှ ဆဲတတ်ဆိုတတ်သော အဘွားကြီးများပင်လျှင် ဤမျှအထိ မရိုင်းစိုင်းကြပေ။ ချန်ချင်းယွီမှာ ပျော့ညံ့ပြီး ဘာမှမတတ်နိုင်သော်လည်း သူ့အပေါ် ထားရှိသင့်သော ရိုသေမှုကိုမူ ပြသနေဆဲဖြစ်သည်။ အဘွားကြီးကျောက်ကို မနိုင်သဖြင့် သမီးဖြစ်သူအပေါ် ဒေါသပုံချကာ ကမ္ဘာပေါ်တွင် အယုတ်မာဆုံး လူသားအဖြစ် ဆဲဆိုနေခြင်းမှာ ဖခင်တစ်ယောက်အနေဖြင့် လုံးဝ မသင့်လျော်ပေ။

"ဒီလူကတော့ တကယ်ပဲ..."

"အဘွားကြီးကျောက် စိတ်တိုတာလည်း အကြောင်းရှိတာပဲ၊ ဒီလူ လုပ်တာ တကယ်ကို လွန်လွန်းတယ်"

"ဆဲတာကလည်း တော်တော်ကို ရိုင်းတာ၊ ချန်ချင်းယွီ စိတ်ရှည်လို့သာပေါ့၊ တခြားလူသာဆိုရင် လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။"

"သူက ချန်ချင်းယွီ စိတ်ကောင်းရှိတာကို အခွင့်ကောင်းယူနေတာလေ၊ ကြည့်စမ်း... အဘွားကြီးကျောက်ကိုကျတော့ ဘာလို့ မဆဲရဲတော့တာလဲ..."

"ပျော့ညံ့တဲ့သူကို နှိပ်စက်ပြီး မာတဲ့သူကို ကြောက်တာကိုး..."

……

ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ဝေဖန်သံများကြောင့် ချန်ရိကျွင်းမှာ ဒေါသအလိပ်လိပ် ထွက်နေလေတော့သည်။ သူ လုံးဝ နားမလည်နိုင်သည်မှာ …

ခင်များတို့တွေရဲ့ ဦးနှောက်ထဲမှာ ချေးတွေပဲ ပြည့်နေတာလား..ခင်များတို့ နည်းနည်းပါးပါး စဉ်းစားကြပါဦး..

ဘာကြောင့်များ ဦးနှောက်ကို အသုံးမချကြတာလဲ.. ချန်ချင်းယွီက ဟန်ဆောင်နေတာတောင် ခင်များတို့ မမြင်ကြဘူးလား…

သူမ၏ သရုပ်ဆောင်ချက်များမှာ အလွန်ပင် သိသာလှသော်လည်း အားလုံးမှာ မျက်မမြင်များသဖွယ် ဖြစ်နေကြသည်။

ခင်များအားလုံး နေမကောင်းဖြစ်နေကြသလား..

သူ မသိသည်မှာ ချန်ချင်းယွီသည် ရှန့်လင်ဇနီးကဲ့သို့ တတွတ်တွတ်ပြောရင်း ငိုယိုသည့် အစွမ်းကို စက်ရုံအလုပ်သမားများနှင့် အိမ်နီးချင်းများအား ပြသပြီးဖြစ်နေခြင်းပင်။ အခြားသူများမှာ ငိုရုံသာ ငိုကြသော်လည်း သူမသည်ကား ငိုလည်းငို၊ တတွတ်တွတ်လည်း မြည်တမ်းနေတတ်ရာ လူအများစုမှာ သူမကို မယှဉ်နိုင်ကြပေ။

အနောက်သို့ ခရီးသွားခြင်း (စွန်းဝူခုံး) ဇာတ်လမ်းတွဲသာ ထိုခေတ်က မထွက်ရှိသေး၍ ဖြစ်သည်။ သာမန်ဆိုလျှင် ချန်ချင်းယွီ၏ မြည်တမ်းသံမှာ ရွှေကွင်းစွပ် ဂါထာကို ရွတ်ဖတ်နေသကဲ့သို့ လူတိုင်း၏ နားထဲတွင် စွဲထင်နေမည်မှာ အသေအချာပင်။

နာရီပေါင်းများစွာ တတွတ်တွတ် မြည်တမ်းငိုယိုနေသည်ကို မည်သူမျှ ကြည့်မနေနိုင်ကြသဖြင့် သူမငိုလျှင် အားလုံး လက်လျှော့ကြရစမြဲပင်။

ထို့ပြင် သူမ၏ မျက်လုံးများမှာ ယခုထိ ဖောင်းအစ်နေဆဲ ဖြစ်၏။ ဤမျှ နွမ်းလျနေသည့် ပုံစံကို မြင်ရသူတိုင်း သူမကို မည်သူကများ သံသယဝင်ရက်ပါမည်နည်း။

အင်း... ချန်ရိကျွင်း တစ်ယောက်တော့ သံသယဝင်ချင်ဝင်မှာပေါ့နော်…

ဒါပေမဲ့ ဘာထူးမှာလဲ.. လူတိုင်းက ကိုယ်မြင်တာကိုပဲ ကိုယ်ယုံကြည်ကြတာပဲလေ..

သူတို့သည် ချန်ချင်းယွီ ဟန်ဆောင်ငိုနေသည်ဟု မထင်ထားကြဘဲ သူမမှာ မျက်ရည်ကုန်ခန်းသည်အထိ ငိုထားရသူဖြစ်မည်ဟုသာ ထင်မှတ်ကြပေလိမ့်မည်။

ဟုတ်ပေသည်၊ သူတို့သည် မိမိတို့၏ အမြင်ကိုသာ ယုံကြည်ကြပြီး အခြားသူများ၏ ပြောစကားကို ပယ်ချတတ်ကြသည်။

ထို့ကြောင့် ချန်ရိကျွင်း ချန်ချင်းယွီ ဟန်ဆောင်နေသည်ဟု မည်မျှပင် ထင်မြင်စေကာမူ မည်သူမျှ သူ့ကို မယုံကြပေ။ ဤရပ်ကွက်တွင် နေထိုင်လာသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်ရာ ချန်ချင်းယွီမည်သို့သော လူစားမျိုးဖြစ်ကြောင်း သူတို့ အဘယ်မှာ မသိဘဲ နေမည်နည်း။ ချန်ယိကျွင်းသည်သာ သူမကို မတရား အပုပ်ချနေခြင်း ဖြစ်သည်ဟုထင်ကြ၏။

ယခုဆိုလျှင် လူတိုင်း ချန်ချင်းယွီအပေါ် ပို၍ပင် သနားဂရုဏာ သက်နေကြတော့သည်။

ဒါမျိုးကမှ ဖခင်အရင်း ဖြစ်ရလေသလား..

အဘွားကြီးကျောက် ဆက်၍ နားမခံနိုင်တော့ဘဲ ငေါက်ငမ်းလိုက်လေသည်။

"ပါးစပ်ပိတ်ထားစမ်း... နင့်လို အသုံးမကျတဲ့ လူယုတ်မာမျိုး ငါတစ်ခါမှ မမြင်ဖူးဘူး..."

ချန်ချင်းယွီ နှုတ်ခမ်းလေးများ တုန်ရင်လျက် တိုးတိုးလေးဆိုကာ

"အမေ... သမီးပဲ အဖေကို ဆေးရုံ လိုက်ပို့လိုက်ပါ့မယ်၊ အဘွားပဲ အိမ်အရင် ပြန်နှင့်ပါလားဟင်... ဘယ်လိုပဲဖြစ်ဖြစ် လူနှစ်ယောက် ရှိနေဖို့ မလိုပါဘူး"

သူမကို ကြည့်ရသည်မှာ တကယ့်ကို သနားစဖွယ်ပင်။ အဘွားကြီးကျောက်က မျက်မှောင်ကြုတ်လျက်

"ညည်းတစ်ယောက်တည်း ဖြစ်ပါ့မလား..."

ချန်ချင်းယွီ : "ဖြစ်ပါတယ်၊ ဖြစ်ပါတယ်ရှင် .. အမေပဲ အိမ်ပြန်ပြီး ကလေးတွေကို ကြည့်ပေးပါ၊ ဒီကိစ္စတွေကို သမီးပဲ စီစဉ်လိုက်ပါ့မယ်”

အဘွားကြီးကျောက် ချန်ချင်းယွီကို ကြည့်လိုက်ရာ သူမ မျက်တောင်တစ်ချက် ခတ်ပြသည်ကို မြင်သည်နှင့် ချက်ချင်းပင် အတည်ပြု ပြောဆိုလိုက်၏။

"အေး... ဒါဆိုလည်း အဆင်ပြေတာပေါ့ ငါလည်း ဒီအဘိုးကြီးစုတ်ကို ကြည့်မနေချင်တော့ဘူး.. လူလိုမှ မကျင့်တဲ့ တကယ့် အသုံးမကျတဲ့ လူယုတ်မာပဲ”

အဘွားကြီးကျောက်သည် ချန်ရိကျွင်းကို တကယ်ပင် ရွံရှာစက်ဆုပ်နေခြင်း ဖြစ်သည်။

အဘွားကြီးကျောက် မသိသည်မှာ ချန်ရိကျွင်းသည် ယခင်က သူ၏ ယောက္ခမများကို တိုင်တောရန် ကြံစည်ခဲ့ဖူးခြင်းပင်။ ဤသည်ကိုသာ သိပါက သူမမှာ ပို၍ပင် ရွံရှာမိပေလိမ့်မည်။ သူ၏ လူမြင်ကွင်းတွင် လုပ်ဆောင်သမျှမှာပင် ရွံစရာကောင်းလှပြီဖြစ်ရာ ကွယ်ရာတွင် လုပ်ဆောင်သည်များမှာမူ ပြောစရာပင် မလိုတော့ပေ။

နောက်ဆုံးတွင် ချန်ချင်းယွီ တစ်ယောက်တည်း ချန်ရိကျွင်းကို တွဲကူ၍ ထွက်လာခဲ့၏။

အဘွားကြီးကျောက် : "ငါကတော့ ဂရုမစိုက်နိုင်တော့ဘူး.. ကဲ... ညည်းပဲ ကိုယ့်ဘာသာ တာဝန်ယူ”

ထိုသို့ပြောကာ တွဲထားသည်ကို လွှတ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့၍ ဘေးဘီကို ဝေ့ကြည့်လိုက်သည်။ အို... သူမ အစက သတိမထားမိသော်လည်း ယခုကြည့်လိုက်မှ လူအုပ်ကြီးမှာ အလွန်ပင် များပြားလှကြောင်း တွေ့လိုက်ရ၏။ လမ်းတစ်လျှောက်လုံးရှိ လူများမှာ ဤပွဲကို လာရောက်ကြည့်ရှုနေကြခြင်း ဖြစ်သည်။

တကယ်တော့ သူလျှိုတစ်ယောက်ကို မိတဲ့အခါမှာတောင် ဒီလောက်အထိ လူမများဖူးဘူး..

ဘာတွေဖြစ်နေကြတာလဲ…

အုပ်ချုပ်ရေးမှူး ကျန်းနှင့် ရပ်ကွက်ရုံးမှ ဝန်ထမ်းများမှာ လူအုပ်ကို ခွဲထုတ်ရန်နှင့် အိမ်ပြန်ကြရန် အသည်းအသန် ကြိုးစားနေကြရသည်။

အဘွားကြီးကျောက်မှာ စိတ်ရင်းမှ လာသည့် အသံဖြင့်

"ရပ်ကွက်ကော်မတီ အလုပ်တွေကလည်း တကယ် မလွယ်ကူပါလားနော်"

ဘေးလူများမှာမူ စကားပင် မဆိုနိုင်တော့ပေ…

ရှင်က ဘယ်လိုတောင် ပြောထွက်ရတာလဲ..

ဒါတွေအားလုံးက ရှင့်မိသားစုကြောင့် ဖြစ်နေတာ မဟုတ်ဘူးလား.. ပြောရဲလိုက်တာ.. အံ့ဩမိပါရဲ့…

မည်သူ တိုက်ရိုက်မပြောရဲသော်လည်း အဘွားကြီးကျောက်ထပ်မံ၍ နှာခေါင်းရှုံ့ကာ

"တကယ်ပါပဲ၊ နောင်ဆိုရင် ရပ်ကွက်ရုံးကို ဒီလောက်အထိ အလုပ်မရှုပ်အောင် နေကြစမ်းပါ။"

လူတိုင်း: "..."

သေစမ်း.. သောက်အဘွားကြီး..

ရှင်က ဒါမျိုးကို သိက္ခာရှိရှိ ပြောနိုင်သေးတယ်လား… ပြောရဲလိုက်တာ.. ပြောရဲလိုက်တာ.. ရှင့်မျက်နှာကြီးကတော့ ဗုဒ္ဓရဲ့ကြေးခွင်ထက်တောင် ပြောင်သေးတယ်..

အဘွားကြီးကျောက်တွင်မူ သိက္ခာတရားဆိုသည်မှာ မရှိသလောက်ပင်..

ဘာနေနေ ငါစိတ်ချမ်းသာဖို့ပဲ အရေးကြီးတယ်..

ချွေးမဖြစ်သူ၏ ဘက်လိုက်ကူညီမှုနှင့်အတူ သူမသည် ကြီးကျယ်သော အောင်ပွဲကို ရရှိခဲ့လေသည်။ သူမသည် ချန်ရိကျွင်းကို လှည့်ကြည့်ကာ ဤလူမှာ နောင်တွင် ယခုထက်ပင် ပို၍ ကံဆိုးတော့မည်ဟု တွေးတောမိ၏။

‘ဟင်း... ချန်ချင်းယွီရဲ့ လက်ထဲကို ရောက်သွားမှတော့ မကံဆိုးဘဲ နေပါ့မလား.. နင့်သမီးက နင့်ကို မိသားစုဝင်လို သတ်မှတ်ပုံ မရတာတော့ အသိသာကြီးပဲ’

အဘွားကြီးကျောက် ပြုံးစိစိနှင့် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

ချန်ချင်းယွီ : "အဖေ၊ ဖြည်းဖြည်းလျှောက်ပါ၊ သတိထားဦးနော်"

အဘွားကြီးကျောက် မရှိတော့သည့်နောက်တွင် ချန်ရိကျွင်းမှာ ပို၍ပင် မောက်မာလာကာ

"နင်လို ကောင်မလေး၊ ငါတစ်ကိုယ်လုံး နာကျင်နေတာကို ဘယ်လိုလျှောက်ရမှာလဲ... ငါ့အတွက် လက်တွန်းလှည်းတစ်စီး သွားငှားခဲ့စမ်း၊ ပြီးရင် ငါ့ကို အဲဒီထဲထည့်ပြီး တွန်းပို့"

ချန်ချင်းယွီ နှုတ်ခမ်းကို ကိုက်လိုက်ပြီး

"အဖေရယ်၊ မဆဲပါနဲ့တော့.. ကြည့်ပါဦး၊ ဆေးရုံက ရှေ့နားတင်ပဲရှိတာ.. မြန်မြန်လေး လျှောက်သွားလိုက်ရင် ရောက်ပြီလေ.. လှည်းသွားငှားနေတဲ့ အချိန်အတွင်းမှာပဲ ဆေးရုံကို ရောက်နေလောက်ပြီ၊ သမီးတို့... ဟင်း... "

ချန်ရိကျွင်း ဆက်၍ သည်းမခံနိုင်တော့ဘဲ ချန်ချင်းယွီကို တွန်းထုတ်လိုက်သည်။ ချန်ချင်းယွီမှာ အင်အားမရှိသူပီပီ နောက်သို့ ခြေလှမ်းအတော်များများ ယိုင်ထွက်သွားပြီးမှ အသည်းအသန် ပြန်ထရပ်ကာ...

"အာ၊ အဖေ..."

တွန်းအားဆိုသည်မှာ အပြန်အလှန် သက်ရောက်မှုရှိသည်ကို ချန်ရနကျွင်းတစ်ယောက် လုံးဝနားမလည်ခဲ့ပေ။ သူသည် ချန်ချင်းယွီကို တွန်းလိုက်သောအခါ ကိုယ်ဟန်ချက်ပျက်သွားပြီး ဗုန်းခနဲ အသံနှင့်အတူ နောက်သို့ လန်ကျသွားကာ လမ်းဘေးရှိ ရေမြောင်းထဲသို့ လိမ့်ဆင်းသွားတော့၏။

အဘွားကြီးကျောက် : "ဟေး။ ဟေး... ဟေး... ဒါ ဟိုတစ်ခါ ရှီရှောင်ဝေ ပြုတ်ကျတဲ့ မြောင်း မဟုတ်လား... တိုက်ဆိုင်လိုက်တာနော်..."

ဘေးမှ ကြည့်နေသူများမှာလည်း ရယ်ရခက်၊ ငိုရခက်နှင့် နှုတ်ခမ်းများ တွန့်လိမ်သွားကြ၏။

ချန်ရနကျွင်း : "အားးးး..."

ချန်ချင်းယွီ သူ့ကို ထူပေးရန် အပြေးအလွှား သွားလိုက်ပြီး

"အဖေ၊ မြန်မြန်ထပါ၊ ဘာဖြစ်သွားသေးလဲ အဖေ... အို... ဘုရားရေ။"

သူမသည် သူ့ကို ကူညီ၍ ထူပေးနေသော်လည်း ပျော့ညံ့နွဲ့လျသော အမျိုးသမီးငယ်ပီပီ ထူပေးပြီးသည်နှင့် လက်ကို မတော်တဆ လွှတ်လိုက်မိရာ... ဗုန်း...

ချန်ရိကျွင်းမှာ မြေပြင်ပေါ်သို့ တစ်ကျော့ပြန် ပြုတ်ကျသွားပြီး ကျောက်တုံးပေါ်သို့ တည့်တည့်ကြီး ကျလေတော့သည်။

ချန်ရိကျွင်း ထပ်မံ၍ အော်ဟစ်ဆဲဆိုလိုက်ကာ

"နင် ငါ့ကို တမင်သတ်မလို့လား..."

ချန်ချင်းယွီ လက်ကို ယမ်းခါကာ ရှိုက်ငိုရင်း

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ သမီး တမင်လုပ်တာ မဟုတ်ပါဘူးရှင်..."

ချန်ရိကျွင်း : "နင်ကများ တမင်မဟုတ်ဘူးလို့ ပြောရဲသေးတယ်။ ငါ့ကို လာမထိနဲ့တော့၊ ငါ့ဘာသာငါ ထမယ်"

ချန်ချင်းယွီ : "ဟုတ်ကဲ့ပါ.. ဟုတ်ကဲ့ပါ"

ချန်ရိကျွင်း ယိုင်တိုင်တိုင်နှင့် ထရပ်လိုက်စဉ် ..ဗုန်း...

ထပ်မံ၍ ပြုတ်ကျသွားပြန်၏။

ချန်ချင်းယွီ အမြန်ပင် ပြောလိုက်ကာ

"ဒီတစ်ခါတော့ သမီး မထိဘူးနော်..."

ချန်ရိကျွင်းသည် သူ၏ တင်ပါးကို ကိုင်ထားမိသည်။ ရှေ့ပိုင်းမှ အောင့်နေသည့်အပြင် ယခုအခါ နောက်ပိုင်းကပါ စတင်နာကျင်လာပြီဖြစ်၏။

"နင်လို သန္ဓေယုတ်မ ငါ့ခြေကျင်းဝတ်ကို ကန်လိုက်တာ မဟုတ်လား..."

ချန်ချင်းယွီ ချန်ရိကျွင်းကို မယုံကြည်နိုင်သကဲ့သို့ စိုက်ကြည့်ကာ

"အဖေရယ်၊ သမီးအပေါ် ဘယ်လိုများ ဒီလို တွေးနိုင်ရတာလဲ... ဘယ်လိုများ သံသယဝင်ရက်တာလဲဟင်... သမီး မလုပ်ပါဘူး၊ တကယ်မလုပ်တာပါ။ ဒီမှာ လူတွေအများကြီးပဲ၊ တကယ်လို့ သမီးသာ အဖေ့ကို ကန်ခဲ့ရင် အားလုံး မြင်ကြမှာပေါ့..ပြီးတော့ သမီးက မလုပ်ရဲပါဘူး..."

သူမ ငြင်းဆိုကာ မျက်နှာကို အုပ်၍ ဆက်လက် ဟန်ဆောင်ငိုနေလေတော့၏။

ရှီကျန့်ရှန်း ရွှီကောင်းမင်ကို အတင်းဆွဲလိုက်ပြီး နှစ်ဦးသား အကြည့်ချင်း ဆုံသွားကြရာ သူတို့၏ မျက်လုံးထဲတွင် အပြင်းအထန် ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။

ကြည့်စမ်း၊ ကြည့်စမ်း... အခု ညနေစောင်းနေပြီ၊ နေလည်း ဝင်တော့မယ်… မှောင်ဖို့ အချိန်အတော်လိုသေးပေမဲ့ နေဝင်ချိန်ဆိုတာ ထူးဆန်းတာတွေ စဖြစ်တတ်တဲ့ အချိန်ပဲလေ..

ချန်ရိကျွင်း တစ်ခုခု ခံရတော့မည်ကို သူမ သိနေတယ်..

တကယ်လည်း မှန်နေတာပဲ.. ဘုရားရေ..

တစ္ဆေ၊ သရဲနှင့် ပတ်သက်သည့် ကိစ္စများမှာ သေးငယ်သည်ဖြစ်စေ၊ ကြီးမားသည်ဖြစ်စေ လူတိုင်း ဂရုမစိုက်ကြသည်မှာ အလွန် မိုက်မဲလှ၏။

အယူသီးသော ထိုလူနှစ်ဦးမှာ အလွန်အမင်း ကြောက်လန့်နေကြသဖြင့် ပြဿနာထဲတွင် မပါဝင်လိုကာ အနားသို့ပင် မကပ်ရဲကြတော့ပေ။ သူတို့မှာ အယူသည်းလွန်းသူများ ဖြစ်ကြသော်လည်း အခြားသူများမှာမူ ထိုမျှအထိ မဟုတ်ကြပေ။ တခြားသူများမှာ ချန်ရိကျွင်းမှာ တမင်သက်သက် ပြဿနာရှာနေခြင်းသာ ဖြစ်သည်ဟု ထင်ကြ၏။

ဒီလူကတော့ တကယ်ပါပဲ…

ချန်ရိကျွင်းမှာ ရိုင်းစိုင်းပြီး အပြုအမူ ဆိုးရွားသော်လည်း ချန်ချင်းယွီမှာ သမီးကောင်းပီပီ သူမ၏ ဖခင်ကို မြောင်းထဲမှ ဆွဲထုတ်ရန် ကြိုးစားနေဆဲဖြစ်သည်။ ချန်ရိကျွင်း တစ်ကိုယ်လုံး ပေတေနေသည်ကို မြင်သောအခါ ချန်ချင်းယွီ ရယ်ချင်စိတ်ကို အောင့်ထားရင်း လေသံပျော့ပျော့လေးဖြင့်

"အဖေ၊ ဆေးရုံ သွားကြရအောင်"

သူမ သူ့ကို တွဲထူလိုက်စဉ် ချန်ရိကျွင်းမှာ ချန်ချင်းယွီ၏ လက်များက ပလာယာနှင့် ညှပ်ထားသကဲ့သို့ သူ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရ၏။

"နင်... အား..."

ချန်ရိကျွင်းမှာ အော်ဟစ်တတ်ရုံမှအပ ဘာမှ မလုပ်တတ်သော လူစားမျိုးဖြစ်ကြောင်း အားလုံး သိကြပြီး ဖြစ်သည်။ ခြေလှမ်းအနည်းငယ်မျှပင် မလှမ်းရသေးမီ သူသည် ခြေချော်သွားပြီး မျက်နှာနှင့် မြေကြီး မိတ်ဆက်လုသွားလုနီးပါး ဖြစ်သွား၍ ချန်ချင်းယွီ သူ့ကို လှမ်းဖမ်းလိုက်သော်လည်း...

ခလွက်..

သူ၏ လက်မောင်းမှာ အဆစ်ပြုတ်သွားတော့သည်။

ချန်ချင်းယွီ : "အားးးး... ဘယ်လိုလုပ်ရမလဲ... သမီး တမင်လုပ်တာ မဟုတ်ပါဘူး၊ အဖေ ပြုတ်ကျမှာ စိုးလို့ လှမ်းဖမ်းလိုက်တာပါ။ ဒါက... ဒါက..."

ဘေးမှ ကြည့်နေသူများ : "..."

သောက်ကျိုးနည်း…

ဒါဟာ ချန်ရိကျွင်းကပဲ ကံဆိုးလွန်းတာလား၊ ဒါမှမဟုတ် ချန်ချင်းယွီကပဲ နိမိတ်မရှိလွန်းတာလား…

ခွဲခြားရခက်လှသည်။

ဒါကတော့...

ခဏတာမျှ လူတိုင်း ဘာပြောရမှန်းမသိ ဖြစ်သွားကြ၏။

ထိုစဉ် အဘွားကြီးဟွမ်၏ အသံမှာ ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာသည်။

"နင်တို့လည်း ကြည့်ပြောဦးလေ၊ ချန်ချင်းယွီက သူမအဖေကို တကယ်ကြီး ကံဆိုးနေစေသလိုပဲနော်"

အားလုံး ပြန်လည်စဉ်းစားကြည့်ရာ တွေးမိလေလေ... အား...

တကယ်လည်း အကြောင်းပြချက် ရှိနေသလိုပဲ..

ချန်ရိကျွင်းတစ်ယောက် ကြောင်အသွားပြီးနောက် အတိတ်မှ အဖြစ်အပျက်များစွာမှာ ခေါင်းထဲသို့ ပြန်လည်ဝင်ရောက်လာသည်။

ရုတ်တရက် ချန်ရိကျွင်းဟိန်းဟောက်လိုက်ကာ

"အားးးး... နင် ငါ့ကို လာမထိနဲ့တော့... နင်က တကယ့် နိမိတ်မရှိတဲ့ မိန်းမပဲ၊ နိမိတ်မရှိတဲ့ အယုတ်မ... ငါ့နားက ထွက်သွားစမ်း..."

ချန်ချင်းယွီ : "သမီးက အဲဒီလို မဟုတ်ပါဘူး..."

"မဟုတ်သေးဘူးလား... ဒီလောက်ဖြစ်နေတာကို ငြင်းရဲသေးတယ်.. နင်ကတော့ တကယ့်ကို နိမိတ်မရှိတဲ့ မိန်းမပဲ..."

ချန်ရိကျွင်း အကျယ်ကြီး အော်ဟစ်ငေါက်ငမ်းလေသည်။ ယခုအခါ သူသည် ဒေါသထွက်နေသည်မဟုတ်ဘဲ တကယ်ပင် စိတ်ဓာတ်ကျဆင်းနေခြင်း ဖြစ်၏။

သူ့မိန်းမသည် ချန်ချင်းယွီကို နိမိတ်မရှိသူဟု ဆဲဆိုခဲ့သည်မှာ လုံးဝ မမှားကြောင်း သူ အခုမှ ခံစားလိုက်ရသည်။

နည်းနည်းလေးမှ မမှားဘူး...

ပြီးခဲ့သည့်တစ်ခေါက် အိမ်ပြန်လာတုန်းကလည်း လူတိုင်း ဒဏ်ရာရကုန်ကြတယ်..

ဒီတစ်ခေါက် သူလာတော့လည်း အလားတူ ထပ်ဖြစ်ပြန်ပြီ..

ဤသည်ကို ကြည့်ခြင်းဖြင့် သိသာလှ၏။ ဤမိန်းကလေးမှာ နိမိတ်မရှိသူဖြစ်ပြီး ဆွေမျိုးသားချင်းများကို ဒုက္ခပေးမည့်သူ ဖြစ်နေသည်သာ..

ခဏလေးအတွင်းမှာတင် သူ ဘယ်လောက်တောင် ကံဆိုးသွားသလဲ…

အဖြစ်အပျက်မှာ တစ်ခါဖြစ်တာဆိုလျှင် သူ ချန်ချင်းယွီကို ဒေါသတကြီး ရန်လုပ်ပေလိမ့်မည်။ သို့သော် သေချာစဉ်းစားကြည့်လေလေ ချန်ယိကျွင်းတစ်ယောက်... ကြောက်လာလေလေပင်။

သူ ဘယ်လိုလုပ် မကြောက်ဘဲ နေပါမလဲ.. ဒါက ကံဆိုးတာလေ…

သေသေချာချာ စဉ်းစားကြည့်ရင် ယောက္ခမ မိသားစုတစ်ခုလုံး သေကျေကုန်ကြပြီ မဟုတ်လား..

ဒါဟာ ချန်ချင်းယွီက နိမိတ်မရှိသူ ဖြစ်တယ်လို့ သက်သေပြနေတာပဲ မဟုတ်လား..

အကယ်၍ သူမကို ဆက်ပြီး အနားပေးကပ်ထားလျှင် ဆေးရုံတံခါးဝတောင် မရောက်သေးဘဲ သူ အသက်ထွက်သွားနိုင်သည်သာ…

ယခုအခါတွင်မူ ချန်ချင်းယွီ

သူ့ကို တမင်သက်သက် နှိပ်စက်နေသည်ဟု မတွေးတော့ဘဲ သူမသည် တကယ်ကို နိမိတ်မရှိကံဆိုးစေသူဟုသာ သူ ထင်မှတ်သွားတော့၏။

"အဖေ..."

"ငါ့ကို မခေါ်နဲ့၊ ငါ့နားကို မကပ်နဲ့..."

ချန်ရိကျွင်းမှာ ယခုအခါ ချန်ချင်းယွီကို အနားသို့ လုံးဝ မကပ်စေချင်တော့ဘဲ

"နင် တွဲပေးစရာ မလိုဘူး၊ ဆေးရုံကို လိုက်ပို့ပေးစရာလည်း မလိုဘူး၊ ငါ့ဘာသာငါ သွားနိုင်တယ်၊ ငါ့နားကနေ အဝေးဆုံးကို ထွက်သွားပေးပါ..."

ချန်ချင်းယွီ အလွန်တရာ ကြေကွဲဝမ်းနည်းပက်လက်ဟန်နှင့် ရပ်နေရင်း

"အဖေရယ်၊ ဒီလို အယူသီးတာတွေကို မယုံပါနဲ့၊ သမီးက..."

"ပါးစပ်ပိတ်ထား..."

ချန်ချင်းယွီ ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာကာ

"သမီး တွဲပေးပါ့မယ်..."

ချန်ရိကျွင်း အလန့်တကြားနှင့် ကုန်းရုန်းရှောင်ဖယ်ရင်း

"နင် အနားမလာနဲ့……"

သူ ဒေါသတကြီးနှင့် ဆဲဆိုပြန်၏။

"နင်လို နိမိတ်မရှိတဲ့ မိန်းမ၊ မြန်မြန် အဝေးဆုံးကို သွားလိုက်စမ်း၊ ဘာအယူသီးတာလဲ၊ ငါ အယူမသီးဘူး၊ ငါက နင့်ကို ရွံနေတာ၊ ရွံနေတာ ဟုတ်ပြီလား..."

ချန်ချင်းယွီ အပြင်းအထန် စိတ်ထိခိုက်သွားဟန်ဖြင့် ယိုင်တိုင်တိုင် ဖြစ်သွားရသည်။

ချန်ယိကျွင်း : "သွား၊ သွား၊ သွား..."

သူသည် ယိုင်တိုင်တိုင်နှင့် ထရပ်လိုက်ရာ ဤတစ်ခေါက် ရရှိသည့် ဒဏ်ရာမှာ ယခင်တစ်ခေါက်ထက် မလျော့ကြောင်း သိလိုက်ရ၏။

အနည်းဆုံးတော့ တစ်လခန့် အနားယူရပေလိမ့်မည်။

သူက မျက်နှာပျက်ပျက်နှင့် ချန်ချင်းယွီကို သတိကြီးစွာ စိုက်ကြည့်နေသည်။ ထို့နောက် အသက်ကို ပြင်းပြင်းရှူကာ ဆေးရုံရှိရာသို့ ထော့နဲ့ထော့နဲ့နှင့် တစ်ယောက်တည်း ထွက်ခွါသွားတော့၏။

ချန်ချင်းယွီ ချက်ချင်းပင် နောက်မှ လိုက်ရန် ပြင်လိုက်သော်လည်း

သူမ အနားမရောက်မီမှာတင် ချန်ရိကျွင်း တစ်ချက် ယိုင်သွား၍ သူ၏ အာရုံကြောများ ချက်ချင်း တင်းမာသွားပြီး ကြက်သီးများထလာကာ အော်ဟစ်လိုက်လေသည်။

"ငါ့နောက်ကို မလိုက်နဲ့... အဝေးမှာပဲ နေစမ်း။ နင် အနားကပ်လာရင် ငါ ကံဆိုးတော့တာပဲ..."

ချန်ချင်းယွီခမျာ အပြစ်ကင်းစင်ကာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ချန်ယိကျွင်းကို ကြည့်နေ၏။

ချန်ယိကျွင်း တတွတ်တွတ် ဆဲဆိုရင်း

"တကယ်ကို နိမိတ်မရှိတဲ့ မိန်းမပဲ..."

သူ ချန်ချင်းယွီကို လက်ညှိုးထိုးကာ

"နင် အဲဒီမှာပဲ ရပ်နေ၊ နောင်ကို ငါ့အနား လုံးဝ မကပ်နဲ့တော့..."

ထိုသို့ ပြောပြီးနောက် အစွမ်းကုန် ပြေးထွက်သွားလေတော့သည်။

အားလုံးမှာ ‘ဝိုး’ ခနဲအံ့အားသင့်ကုန်ကြ၏။

အစ်ကိုကြီး… ဒီလောက်ဒဏ်ရာတွေနဲ့ကို စွမ်းလှချည်လားဗျာ.. ခင်များ အရိုက်ခံရတာ မျက်စိနဲ့သာမမြင်မိရင်.. ခင်များ ဟန်ဆောင်နေတယ်ထင်မိမှာ… ဝိုး.. ဝိုး.. ဝိုး..

ချန်ချင်းယွီ မျက်နှာကို အုပ်၍ ထိုင်ချလိုက်ကာ

"အီးဟီး... အီးဟီး..."

ကဲ... အခုဆိုရင် အနည်းဆုံး တစ်နှစ်၊ တစ်နှစ်ခွဲလောက်တော့ ချန်ရိကျွင်းတစ်ယောက် ပေါ်လာတော့မှာ မဟုတ်ဘူး..

ကိစ္စပြတ်ပြီ...

အခန်း ၈၆။ အိမ်နီးချင်း၏အကြံပက်စက်မှု

နွေဦးပေါက်စ ဖြစ်သော်ငြားလည်း ယနေ့ညတွင်မူ အပြင်ဘက်၌ လေများ တဝေါဝေါ တိုက်ခတ်နေပါသည်။

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာလည်း အိပ်မပျော်ကြသေးဘဲ မီးပိတ်ကာ လှဲလျောင်းရင်း စကားစမြည် ပြောဆိုနေကြ၏။

အဘွားကြီးကျောက် : "လေတွေ ဒီလောက်တိုက်နေတာ မိုးရွာတော့မှာလား မသိဘူး..."

ချန်ချင်းယွီ : "ဘယ်သူသိမှာလဲ၊ မိုးရွာရင်တော့ ကောင်းတာပေါ့၊ မှိုသွားရှာလို့ ရတာပေါ့"

ချန်ချင်းယွီသည် မှိုရှာရသည်ကို အလွန်ဝါသနာပါလေသည်။ ထိုခေတ် (၇၀ ခုနှစ်များ) ၏ စားသောက်မှုပုံစံမှာ နောင်ဆယ်စုနှစ်အနည်းငယ်အကြာရှိ ခေတ်နှင့်မတူဘဲ ရွေးချယ်စရာ သိပ်မများလှချေ။ နွေဦး၊ နွေရာသီနှင့် ဆောင်းဦးတို့တွင် များများစုဆောင်းထားမှသာ ဆောင်းတွင်းရောက်လျှင် နေ့စဉ်နှင့်အမျှ မုန်လာဥဖြူနှင့် မုန်လာထုပ်ကိုသာ စားနေရသည့်အဖြစ်မှ လွတ်ကင်းမည် ဖြစ်၏။

ဒီခေတ်ရဲ့ ဆောင်းရာသီကတော့…အင်း… အကောင်းအလှအပတို့ စုဝေးရာ၊ မုန်လာဥတို့၏ အစည်းအဝေးပွဲပေတည်း…

ချန်ချင်းယွီ : "သဲမုန်တိုင်းသာ မတိုက်ရင် တော်ပြီ"

ယခင်တွင် ချန်ချင်းယွီသည် ဤခေတ်ကာလ၏ လေထုမှာ သန့်ရှင်းလတ်ဆတ်ကာ ရာသီဥတုကောင်းမွန်သည်ဟု ထင်မြင်ခဲ့သော်လည်း တကယ်တမ်း ဤခေတ်သို့ ကူးပြောင်းရောက်ရှိလာမှသာ ၇၀ ခုနှစ်များတွင်လည်း သဲမုန်တိုင်းများ ရှိနေသည်ကို သိရှိသွားခြင်း ဖြစ်သည်။ သူမသည် ဤအခြေအနေကို အသားမကျသေးချေ။

"အော်... သဲတွေဖုန်တွေအကြောင်း ပြောမိလို့၊ မနက်ဖြန်ကျရင် ပလတ်စတစ်စအချို့ သွားဝယ်ထားဦးမယ်၊ ဆောင်းတွင်းကျရင် ပြတင်းပေါက်တွေ ပိတ်ဖို့အတွက်"

အဘွားကြီးကျောက် : "ကောင်းပြီ၊ နင်ပြောသလိုပဲ လုပ်ကြတာပေါ့"

အဘွားကြီးကျောက်သည် တကယ်ပင် အိပ်မပျော်နိုင်သေးဘဲ ရှိနေ၏။ ယနေ့ ရန်ပွဲတွင် အနိုင်ရလိုက်သဖြင့် ယခုတိုင် စိတ်လှုပ်ရှားနေမိဆဲတည်း။ ချန်ရိကျွင်းသည် နောက်ဆုံး၌ ဆေးရုံသို့ မသွားတော့သဖြင့် ငွေကြေးလည်း သက်သာသွားခဲ့၏။ ထိုကဲ့သို့သော ကိစ္စရပ်များမှာ ဤအတိုင်းသာတည်း… အခင်းဖြစ်ပွါးစဉ် ဆေးရုံသို့အပို့မခံဘဲ နောက်မှလာ၍ တွက်ကပ်နေလျှင် မည်သူမျှ ဂရုစိုက်မည်မဟုတ်ချေ။

ဟမ့်.. သူကိုယ်တိုင်က ဆေးရုံမသွားဘူးလို့ အတင်းငြင်းခဲ့တာ မဟုတ်လား.. သူထိုက်နဲ့ကိုယ့်ကံပဲလေ..

အဘွားကြီးကျောက် : "ဟူး... မင်းအဖေကတော့ တကယ်ကို လူမဆန်တဲ့လူပဲနော်"

ချန်ချင်းယွီ : "အင်း..."

သူမ ဘာမျှ ပြန်မငြင်းပေ.. အမှန်တရားပင် ဖြစ်ပေသည်။

အဘွားကြီးကျောက် : "ဒါနဲ့ သူ နောက်တစ်ခါ ထပ်လာပြီး ပြဿနာရှာဦးမလား..."

ချန်ချင်းယွီ : "နောင်ရေးကိုတော့ ကျွန်မ အတတ်မပြောနိုင်ဘူး၊ ဒါပေမဲ့ ကျွန်မထင်တာကတော့ တစ်နှစ်ခွဲလောက်တော့ သူ လာရဲတော့မှာ မဟုတ်ဘူး"

သူမသည် ချန်ရိကျွင်း၏ အကျင့်စရိုက်ကို သေချာစွာ တွက်ချက်ထားပြီး ဖြစ်သည်။ သူသည် အပြင်ပန်း၌သာ ဟန်ကြီးပန်ကြီး လုပ်ပြနေသော်လည်း တကယ်တမ်း၌မူ ပျော့ညံ့သူတစ်ဦးသာ ဖြစ်၏။ အမျိုးသမီး၏ နောက်ခံကို အမှီပြုကာ ကြီးပွားလာခဲ့သော အမျိုးသားတစ်ဦးသည် မည်မျှလောက် သတ္တိရှိနိုင်မည်နည်း။ ထို့ပြင် လူတို့သည် အမြဲတမ်း အယူသည်းတတ်ကြလေသည်။

သူမ မကူးပြောင်းလာခင်၌ သူမဘေးနားတွင်ရှိကြသော လူများမှာ အယူသီးခြင်းများကို ယုံကြည်သူ ရှားပါးလှပြီး မိမိ၏အင်အားသည်မှာ အစစ်အမှန် အားကိုးရာဟု ယုံကြည်ကြ၏။ သို့သော် ယခု ကူးပြောင်းလာပြီးနောက်တွင် သူမ အနီးနား၌ အယူသီးသူများ အတော်လေး ပေါများကြောင်း သတိထားလိုက်မိသည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများပင်.. အမှန်တကယ်တွင် ယင်းမှာ သိပ်မထူးဆန်းလှပေ၊ သူတို့မှာ ခေတ်ဟောင်းမှ မွေးဖွားကြီးပြင်းလာသူများဖြစ်၍ ခေတ်တစ်ခေတ်၏ လွှမ်းမိုးမှုမှာ သူတို့အပေါ် ရှိနေမြဲပင်။

ချန်ချင်းယွီမှာ ချန်ရိကျွင်း ကြောက်ရွံ့သွားပြီဖြစ်ကြောင်း ခံစားမိနေ၏။

ကြောက်ရွံ့တတ်သူပီပီ အချိန်အတော်ကြာအောင် ငြိမ်သက်နေပေလိမ့်မည်။

ထို့အပြင် ချန်ရိကျွင်း၏ လက်ရှိအခြေအနေမှာလည်း မဆိုးလှချေ။ သူ၏မိသားစုတွင် လေးယောက်ရှိပြီး နှစ်ယောက်မှာ အလုပ်သမားများဖြစ်ကြသဖြင့် အဆင်ပြေသော အနေအထားတွင် ရှိလေသည်။ သူ၏သားကြီးမှာ လစာများကို စုဆောင်းထားပြီး ချန်ရိကျွင်းမှ မိသားစုတစ်ခုလုံးကို ကျွေးမွေးနေရသည်ဆိုဦးတော့ ငတ်ပြတ်နေသည့် အခြေအနေမျိုး မဟုတ်ပေ။

ပေကျင်းရှိ မိသားစုအများစုသည်လည်း ဤကဲ့သို့ပင် နေထိုင်ကြသည်သာ။ အလွန်အမင်းလည်း မချမ်းသာသကဲ့သို့ ဆင်းရဲမွဲတေနေခြင်းမျိုးလည်း မဟုတ်ကြချေ။ ထို့ကြောင့် ချန်ရိကျွင်းသည် ဖြစ်နိုင်ခြေရှိသော အကျိုးအမြတ်ကလေးအတွက်နှင့်မူ စွန့်စားမည်မဟုတ်ပေ။

သူသည် ငွေအမြောက်အမြားကိုလည်း မြင်ဖူးထားသူဖြစ်ရာ ဤငွေအနည်းအကျဉ်းအတွက်နှင့် တကယ်တမ်း ပြဿနာရှာရသည်မှာ မတန်ဟု တွေးတောပေလိမ့်မည်။

ထို့ကြောင့်ပင် ချန်ချင်းယွီသည် မူလကတည်းက သူ့ကို အသေသတ်ရန် မကြိုးစားခဲ့ခြင်း ဖြစ်၏။ "ခွေးကို လမ်းပိတ်၍ ရိုက်ခြင်းမျိုးက မကောင်း" ဆိုသည့် သဘောတရားကို သူမ နားလည်ထားသည်။ လူဟူသည် ဘာမျှမရှိတော့သည့်အခါမှသာ ရူးသွပ်သွားတတ်သော်လည်း အခြေအနေတစ်ရပ်မှာ အဆင်ပြေနေသေးပါက ထောက်ထားညှာတာစရာများစွာ ရှိနေဦးမည်သာ ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူမမှာဆုံးဖြတ်ချက် ချပြီးသားပင် ဖြစ်သည်။ ချန်ရိကျွင်း လာသည့်အခါတိုင်း သူ့ကို ဒုက္ခရောက်အောင် ပြုလုပ်မည်။ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်… ချန်ရိကျွင်း အသက်ကို ဖက်နှင့်ထုပ်ကာ ဆက်လက်လာရဲလိမ့်မည်ဟု သူမ မယုံကြည်ပေ။ အမှန်တကယ်တွင်မူ ဤနှစ်ကြိမ်မျှဖြင့်ပင် သူ့အတွက် မှတ်လောက်သားလောက် ဖြစ်သွားပြီဟု သူမ ထင်မြင်မိ၏။

သူမတွင် လူသတ်ရန် သတ္တိမရှိသကဲ့သို့ ချန်ရိကျွင်းမှာလည်း သူမ၏ အရင်းခေါက်ခေါက် ဖခင်ဖြစ်နေသဖြင့် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ အသာစီးရနေသူ ဖြစ်၏။ ထို့ကြောင့် ချန်ချင်းယွီသည် လူကောင်းယောင်ဆောင်ကာ သူ့ကို နှိပ်စက်နေခြင်း ဖြစ်သည်။ သူမ သူ့ကို ဤကဲ့သို့ပင် တစ်လှည့်စီ ဒုက္ခပေးနေမည်ဖြစ်ရာ သူ နောက်တစ်ကြိမ် လာရဲမည်ကို သူမ မစိုးရိမ်တော့ပေ။

ချန်ချင်းယွီ : "သူက ကျွန်မနဲ့ တစ်ခါတွေ့တိုင်း ဒဏ်ရာရပြီး တစ်လလောက် ဆေးကုနေရမယ်ဆိုရင်၊ အမေသာ သူ့နေရာမှာဆိုရင် လာဦးမလား... အကျိုးအမြတ်လည်း မရဘဲ ဒုက္ခပဲ ရောက်နေတာလေ၊ သူလည်း မအပါဘူး"

အဘွားကြီးကျောက် : "အေးလေ၊ ငါသာဆိုရင်လည်း မလာတော့ဘူး"

အဘွားကြီးကျောက်မှာမူ အခြေအနေအရ အလိုက်သင့်နေတတ်သူ ဖြစ်သည်။ လူဆိုသည်မှာ လိုက်ရောညီထွေရန် လိုအပ်သည်ဟု သူမ ယုံကြည်ထား၏။

အဘွားကြီးကျောက် : "ဒါနဲ့ နငမ့အမေက အရင်တုန်းက နင့်အဖေကို ဘယ်လိုများ သဘောကျသွားတာလဲ... နင့်အမေက မျက်စိမရှိလိုက်တာ"

ချန်ချင်းယွီ : "ကျွန်မ ကြားဖူးတာကတော့ အဖေ့ဘက်က အဒေါ်တစ်ယောက်က အဘိုးတို့အိမ်မှာ အိမ်ဖော်လုပ်ရင်းနဲ့ သူတို့ သိသွားကြတာတဲ့.. နောက်တော့ 'သူရဲကောင်းက အလှလေးကို ကယ်တင်တယ်' ဆိုတဲ့ ဇာတ်လမ်းမျိုးတွေလည်း ရှိတယ်ပြောတာပဲ.. အဘိုးနဲ့အဘွားက ပညာတတ်တွေဖြစ်ပြီး စိတ်ထား

ကောင်းတဲ့သူတွေဆိုတော့ သူတစ်ပါးအတင်းကို ကွယ်ရာမှာ မပြောတတ်ကြဘူး.. ဒါတွေကို ကျွန်မ ငယ်တုန်းက ဦးလေးပြောပြတာ ကြားဖူးတာပါ၊ ဒါပေမဲ့ သူကလည်း အဲဒီတုန်းက ငယ်သေးတော့ သိပ်မမှတ်မိဘူး၊ ကျွန်မက ပိုတောင်ငယ်သေးတော့ ပိုတောင် မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကျွန်မကိုယ်တိုင်ကတော့ အဲဒီ 'သူရဲကောင်း ကယ်တင်ခန်း' ကို မယုံပါဘူး။ အဖေ့ရဲ့ ပျော့ညံ့တဲ့ပုံစံကို ကြည့်ဦးလေ၊ နှစ်ချက်လောက်ဆို လက်လျှော့မည့်သူက ဘယ်လိုလုပ် သူရဲကောင်းလုပ်မှာလဲ... တကယ်လို့ ရှိခဲ့ရင်တောင် အဲဒါက ထောင်ချောက်တစ်ခု ဒါမဟုတ် သူ့ရဲ့ အကွက်ဆင်မှုပဲ ဖြစ်ဖို့များပါတယ်"

အဘွားကြီးကျောက် : "အေးလေ... အဲဒါကြောင့် ပြောတာ၊ ဆင်းရဲဒုက္ခ မကြုံဖူးတဲ့ ချမ်းသာတဲ့ အမျိုးသမီးလေးတွေက လူလိမ်ခံရဖို့ အလွယ်ဆုံးပဲ.. လူကို အရမ်းယုံတတ်တာကိုး.. မိန်းမဆိုတာ နည်းနည်း ကြမ်းကြမ်းတမ်းတမ်း ရှိမှ မထိခိုက်မှာ၊ အူအေးနေလို့ကတော့ အလိမ်ခံရမှာပဲ"

ချန်ချင်းယွီသည် သဘောတူသည့်အနေဖြင့် အသာအယာ "အင်း" ဟု ဆိုလိုက်သည်။

အဘွားကြီးကျောက်သည် ပညာသိပ်မတတ်သော်လည်း သူမ၏ လူမှုပတ်ဝန်းကျင် အတွေ့အကြုံများမှာ ပညာတတ်များထက်ပင် ပိုမိုနက်နဲလှ၏။

သူမ ဆက်လက်၍ ပြောဆိုလိုက်သည်။

“ရှေးလူကြီးတွေပြောတဲ့ ‘လူအမျိုးမျိုး စိတ်အထွေထွေ’ ဆိုတဲ့စကားက တကယ်ကို မှန်တာပဲ.. ငါကြည့်နေတာ တစ်ဦးတစ်ယောက်တည်းတင် မကဘူး.. နင့်အမေက ဆင်းရဲတဲ့ကောင်နဲ့ ယူခဲ့လို့ နောက်ဆုံးတော့ လူလည်းသေ၊ ကိုယ်ရှာသမျှ သူများအတွက်ဖြစ်သွားပြီး ကိုယ့်သမီးကိုတောင် ဒုက္ခပေးသွားခဲ့တယ် မဟုတ်လား... နောက်ပြီး ရှေ့ဝင်းထဲက လင်စန်းရှင်းကို ကြည့်ဦး၊ သူ့ဦးနှောက်က ယောကျ်ားတွေရဲ့ ပေါင်ကြားထဲမှာပဲ ရှိနေတာ၊ တစ်ချိန်လုံး လီချန်ရွှမ်း အကြောင်းပဲ ပြောနေတာ.. ရလဒ်ကို ကြည့်ဦးလေ၊ သူ့သမီးက မျိုးရိုးနာမည် ပြောင်းလိုက်ရတယ်၊ သူက အလုပ်ကနေ ထွက်လိုက်ရတယ်၊ တစ်ချိန်လုံး ယောကျ်ားနောက်ပဲ တကောက်ကောက် လိုက်နေတာ.. သူ့ယောကျ်ားက အပြင်မှာ ဖောက်ပြန်နေတာကို ငါတောင် ပြီးခဲ့တဲ့တစ်ခေါက်က မြင်လိုက်သေးတယ်.. သူက လျှိုကျင့်ကို ၁၀ ယွမ်တောင် ပေးလိုက်တာ.. ဟင်း... လျှိုကျင့်က သူတို့ကို အကုန်အပြတ် လိမ်ပြီး ဖျက်ဆီးပစ်လိုက်ရင် ပိုတောင် ကောင်းဦးမယ်.. ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ ဒီလို အရှက်မရှိတဲ့ ယောကျ်ားတွေဟာ အလိမ်ခံရတာ ထိုက်တန်တယ်”

အဘွားကြီးကျောက် ဆက်လက်၍ ဝေဖန်ပြန်၏။

“လင်စန်းရှင်းကလည်း အိပ်မက်မက်နေတာ၊ ယွမ်ဟောက်ဖုန်းကို သူ့သမီး လီလင်းလင်းနဲ့ သဘောတူစေချင်နေတာ.. ကျောက်ရုံလို လည်တဲ့သူက သူ့သမီးကို ထည့်တွက်ပါ့မလားဆိုတာ သူ မစဉ်းစားမိဘူးလား... အသိဉာဏ် မရှိလိုက်တာ”

ယွမ်မိသားစုအကြောင်း ပါလာသဖြင့် ချန်ချင်းယွီတွင် ပြောစရာ စကားရှိလာ၏။

ချန်ချင်းယွီ : “အော်... အမေ.. ပြောစရာ တစ်ခုရှိသေးတယ်...”

“ဘာလဲ...”

“ယွမ်ရှောင်ချွေက ဒီနေ့ ကျွန်မဆီ လာသွားတယ်၊ လက်မှတ်လဲချင်တဲ့ပုံပဲ.. ဒါပေမဲ့ ကျွန်မက သဘောမတူခဲ့ဘူး။ အမေ မနက်ဖြန်ကျရင် သူ့ကို သွားပြောလိုက်၊ ကျွန်မတို့ အိမ်ကနေ သူ့ကို လဲပေးမယ်..”

အဘွားကြီးကျောက် : “ဒီလိုမျိုး လဲတာက မှောင်ခိုလုပ်ငန်း ဖြစ်မသွားဘူးလား... အဲဒါတော့ မဖြစ်ဘူးလေ...”

ချန်ချင်းယွီ အဓိပ္ပာယ်ပါပါဖြင့် ကြည့်၍ ဆိုလိုက်လေသည်။

“ကျွန်မတို့က ပိုက်ဆံမယူဘူးလေ၊ ကျွန်မတို့ ဒီလိုမျိုး လုပ်ကြမယ်…...”

အဘွားကြီးကျောက် : “ဟယ်... အချိန်ကုန် လူပန်းပဲ ဖြစ်တော့မှာပဲ...”

အဘွားကြီးကျောက် ချန်ချင်းယွီကို ကြည့်ပြီး သူမ၏ အကြံအစည်မှာ အနည်းငယ် စိတ်မချရဟု တွေးမိနေ၏။

ချန်ချင်းယွီ : “နည်းနည်းတော့ ရှုပ်ထွေးပေမဲ့ တကယ်တမ်း ပြဿနာကို ဖြေရှင်းပေးနိုင်တာပဲလေ.. နောက်ပြီး ကျောက်ရုံတို့ကလည်း အရှက်တရား ရှိကြပါသေးတယ်၊ သူတို့ ပြန်ပေးမှာပါ”

အဘွားကြီးကျောက် ခဏမျှ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။

“ကောင်းပြီ၊ နင်ပြောသလိုပဲ လုပ်ကြတာပေါ့...”

ထို့နောက် အဘွားကြီးကျောက် ရေရွတ်ကာ

“တကယ်လို့ အဲဒီအတိုင်းသာဆိုရင် ငါတို့မိသားစုလည်း ပိုပြီး စိတ်အေးရတာပေါ့.. ဒါပေမဲ့ နင်ပြောတာ တကယ်မှန်တယ်၊ စက်ရုံက ငါတို့မိသားစုကို လက်မှတ်တွေ အပုံလိုက်ကြီး ရုတ်တရက် ပေးလျော်တာဟာ စေတနာကြောင့်တော့ မဟုတ်ဘူး.. ကြည့်ဦးလေ၊ နင့်အဖေတောင် ထွက်လာပြီ.. အခြားသူတွေလည်း မက်မောနေကြမှာ အသေအချာပဲ”

ချန်ချင်းယွီ : “အဲဒါ အတိအကျပဲပေါ့။ တကယ်သာ ကျွန်မတို့ကို စနစ်တကျ လျော်ကြေးပေးချင်ရင် စက်ဘီးဖြစ်ဖြစ်၊ အပ်ချုပ်စက်ဖြစ်ဖြစ်၊ ရေဒီယိုဖြစ်ဖြစ် တစ်ခုခု ပေးလိုက်ရုံပဲ.. အခုတော့ သက်တမ်းကန့်သတ်ချက်ရှိတဲ့ လက်မှတ်တွေ အများကြီး ပေးတယ်ဆိုတာ ကျွန်မတို့မှာ အဲဒါတွေကို တစ်ခါတည်း သုံးပစ်ဖို့ အခြေအနေမှ မရှိတာ.. ဒါကို အကွက်ဆင်တာ မဟုတ်ဘူးလို့ ပြောရင် ဘယ်သူက ယုံမှာလဲ...”

၎င်းမှာ သူမက ကျေးဇူးကန်းခြင်း မဟုတ်ဘဲ သေချာစွာ တွက်ချက်ကြည့်ပါက တစ်ခုခု မှားယွင်းနေသည်ကို မြင်နိုင်ခြင်းပင်…

ချန်ချင်းယွီ နှာခေါင်းရှုံ့ကာ ဆိုလိုက်၏။

“သူတို့က လူကောင်းတွေ မဟုတ်ဘူး”

အဘွားကြီးကျောက်လည်း ထောက်ခံကာ

“အေးလေ၊ ဟုတ်တာပေါ့.. စဉ်းစားကြည့်ဦး၊ ချဲယုံဖုန်းရဲ့ ယောက္ခမက ဘယ်လိုလုပ် လူကောင်း ဖြစ်နိုင်မှာလဲ...”

ဤကိစ္စကို ပါတီ အတွင်းရေးမှူး ကျန်း စီစဉ်ညွှန်ကြားခဲ့ခြင်း ဖြစ်သည်ဟု သူတို့အားလုံး တထစ်ချ ယုံကြည်ထားကြသည်။ အကြောင်းမှာ သူတို့သည် အခြားသူ မည်သူ့ကိုမျှ ရန်စထားခြင်း မရှိသောကြောင့်တည်း။

သူတို့မိသားစုသည် ချဲယုံဖုန်း၊ လီတာ့ရှန်းတို့နှင့် မတည့်ကြချေ။ လီတာ့ရှန်းမှာမူ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အားအင်ကုန်ခမ်းနေပြီး ဤကိစ္စများမှ ရုန်းမထွက်နိုင်ဘဲ ရှိနေ၏။ အမှန်စင်စစ် သူအားအင်မကုန်ခမ်းစေဦးတော့၊ ဤသို့သော အကွက်ကျကျ စီစဉ်နိုင်စွမ်းမျိုး သူ့တွင်မရှိပေ။ ဤမျှ နက်နဲသော အကွက်ကို စီစဉ်နိုင်သူမှာ ပါတီ အတွင်းရေးမှူး ကျန်းသာ ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ချဲယုံဖုန်းမှာ သူ၏ သမက်ဖြစ်နေသည်မဟုတ်လော့။

သူကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ သူ၏သမက်ပင် ဖြစ်၏။ မိမိတို့၏အပြုအမူမှာ သူ့ကို အရှက်ရစေခဲ့သဖြင့် ပေါ်ပေါ်ထင်ထင် ပြဿနာမရှာဘဲ နောက်ကွယ်မှ နည်းလမ်းမျိုးစုံဖြင့် နှိပ်ကွပ်လာခြင်းမှာ အံ့သြစရာမဟုတ်ချေ။

ချန်ချင်းယွီ : "ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကတော့ ကိုယ့်ဘဝကိုယ် အေးအေးဆေးဆေးနေပြီး သတိထားသွားကြတာပေါ့"

အဘွားကြီးကျောက် : "ငါ သိပါတယ်အေ.. ဒါနဲ့... မုဆိုးမမိသားစု ဖြစ်ရတာ တကယ်ကို ခက်ခဲပါလားနော်"

ချန်ချင်းယွီ : "အင်း"

"ဒါနဲ့ ချဲယုံဖုန်းကတော့ ဒီတစ်ခေါက် တကယ်ကို ကံဆိုးမိုးမှောင်ကျသွားတာပဲ.. နင်လည်း နောက်ထပ် အကွက်တွေ ဆင်စရာမလိုတော့ဘူး မဟုတ်လား..."

ချန်ချင်းယွီ ခဏမျှ စဉ်းစားပြီးမှ

"ဒါကိုတော့ နောက်မှပဲ ပြောကြတာပေါ့.. လောလောဆယ် ကျွန်မတို့မိသားစုကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးဆိုတော့ ငြိမ်ငြိမ်လေးပဲ နေကြတာ အကောင်းဆုံးပဲ"

"ဟုတ်တယ်၊ ငါတို့လည်း ကလဲ့စားချေပြီးပြီပဲဟာ"

သူတို့နှစ်ဦးမှာ တစ်ညလုံး မအိပ်ဘဲ တိုးတိုးတိတ်တိတ် စကားဆိုနေကြသည်။

အမှန်တကယ်တွင် သူတို့မိသားစုသာမကဘဲ အိမ်နီးနားချင်း မိသားစုအတော်များများမှာလည်း တစ်ညလုံး မအိပ်နိုင်ကြပေ။

ယခုတလော ဤရပ်ကွက်အတွင်း စိတ်လှုပ်ရှားဖွယ်ရာများ ဆက်တိုက်ဆိုသလို ဖြစ်ပျက်နေပြီး သုံးရက်ဆက်တိုက် ရန်ပွဲကြီးများ ဖြစ်ပွါးခဲ့၏။

လွန်ခဲ့သောတစ်ရက်တွင် အဘွားကြီးကျောက်

သည် လီတာ့ရှန်း၏အိမ်တွင် သောင်းကျန်းခဲ့၏။

ယခင်နေ့၌မူ လီတာ့ရှန်းနှင့် ချဲမိသားစုတို့ သေတပန်သက်တစ်ဆုံး တိုက်ပွဲဆင်ခဲ့ကြသည်။

မနေ့ကလည်း အဘွားကြီးကျောက်သည် သူမ၏ ခမည်းခမက်တော်စပ်သူ ချန်ရိကျွင်းနှင့် ရန်ဖြစ်ခဲ့သေးသည်။

ဟုတ်ပါသည်၊ ယနေ့မဟုတ်ဘဲ မနေ့ကပင် ဖြစ်၏… အကြောင်းမှာ ယခုအခါ သန်းခေါင်ကျော်သွားပြီဖြစ်၍ မနေ့ကကိစ္စဟုသာ ဆိုရပါမည်။

ဤကဲ့သို့ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသော ရန်ပွဲများကြောင့် လူတိုင်းမှာ စိတ်လှုပ်ရှားနေကြပြီး "ဒီနေ့ရော ဘာထူးခြားဦးမလဲ" ဟု တွေးတောကာ အိပ်မပျော်နိုင်ကြချေ။

ဆိုရသော် ယခုတလော ဖြစ်ပျက်သမျှမှာ စိတ်လှုပ်ရှားစရာ အလွန်ကောင်းနေပေသည်။

သို့သော် အချို့မှာ ပွဲကြည့်ရသည်ကို သဘောကျနေကြသော်လည်း ရွှီကောင်းမင်နှင့် ရှီကျန့်ရှန်းတို့မှာမူ အယူသည်းသူများဖြစ်ကြသဖြင့် "တစ္ဆေခြောက်နေခြင်းလော" ဟု စိုးရိမ်ကာ အိပ်မပျော်နိုင် ဖြစ်နေကြ၏။ ထိုနှစ်ဦးမှာ မီးပိတ်ရန်ပင် မဝံ့ရဲဘဲ မျက်လုံးအပြူးသားဖြင့် ရှိနေကြသည်။

"တွေ့လား.. ချန်ရိကျွင်း ကံဆိုးတော့မယ်လို့ ကျွန်မပြောသားပဲ၊ တကယ်လည်း ဖြစ်တာပဲ.. လင်းကျန့်ဝမ်သေသွားတာမှန်ပေမဲ့ သူ ထွက်မသွားသေးဘူး~~ မဟုတ်ဘူး၊ သူ့တစ္ဆေက ဒီမှာပဲ ရှိနေတုန်းပဲ.. ကြည့်လေ... သူက နေ့ခင်းဘက်မှာ ထွက်မလာနိုင်ပေမဲ့ နေဝင်သွားတာနဲ့ သူ့ရဲ့စွမ်းအားတွေကို မထိန်းချုပ်နိုင်တော့ဘူးထင်တယ်၊ တကယ်ကို ကြောက်စရာကောင်းလိုက်တာ..."

ရှီကျန့်ရှန်း တိုးတိုးလေး ရေရွတ်မိသည်။

ရွှီကောင်းမင်သည်လည်း ထောက်ခံလိုက်၏။

"မင်းပြောတာ မှန်တယ်"

"မှန်တာပေါ့... ကျွန်မ သေချာစောင့်ကြည့်နေတာ၊ တစ်ခါမှ မှားတာ မရှိသေးဘူး"

သူတို့မှာ ထိုတစ္ဆေပုံပြင်များကို တကယ်ပင် ယုံကြည်နေကြရှာသည်။

ရွှီကောင်းမင် : "ဒီရက်ပိုင်း ကိစ္စတွေက တော်တော်များနေတာ.. လူတွေကလည်း ဝင်းထဲကို စောင့်ကြည့်နေကြတယ်.. ငါတို့ ဘာမှလှုပ်ရှားလို့ မဖြစ်သေးဘူး၊ ခဏလောက် စောင့်ဦး. နောက်မှ စက္ကူပိုက်ဆံလေးဘာလေးဝယ်ပြီး လင်းကျန့်ဝမ်အတွက် ငွေစက္ကူတွေ ရှို့ပေးရမယ်.. အဲဒါမှ သူ ငါတို့ဆီ လာရှာမှာ မဟုတ်တော့ဘူး.. သူက ဒီပိုက်ဆံတွေကို လက်ခံလိုက်ရင် ငါတို့မျက်နှာကို ထောက်ထားရမှာပေါ့၊ ဟုတ်တယ်မလား... အဲဒီကျမှ ငါတို့လည်း စိတ်အေးရမှာ"

ရှီကျန့်ရှန်း: "ဟုတ်တယ်၊ ဟုတ်

တယ်.. ငွေစကားပြောရင် အရာရာ အဆင်ပြေတာပဲ"

သူမ ဆက်လက်၍

"တကယ်ပါပဲ၊ ဘာလို့ လူတိုင်းက ကျွန်မတို့ဝင်းကိုပဲ စောင့်ကြည့်နေကြတာလဲ မသိဘူး.. ဘယ်သူမှ မကြည့်ရင် ကျွန်မ မနက်ဖြန် သွားဝယ်လို့ရတာပေါ့~~ ငွေစက္ကူ စောစောရှို့ပေးနိုင်လေ စောစော အေးချမ်းရလေပဲ"

"အေးလေ၊ ပိုက်ဆံရတာကို ဘယ်သူက ငြင်းမှာလဲ..."

ရွှီကောင်းမင် သက်ပြင်းချရင်း

"ဘာပဲဖြစ်ဖြစ် ငါတို့ သူတို့မိသားစုကို သွားမရှုပ်တာ အကောင်းဆုံးပဲ၊ မဟုတ်ရင် ဒုက္ခရောက်ကုန်လိမ့်

မယ်.. လီတာ့ရှန်းကိုကြည့်ဦး၊ ချဲယုံဖုန်းကိုကြည့်ဦး၊ ချန်ရိကျွင်းကိုလည်း ကြည့်ဦး~~ ဘယ်သူ အဆင်ပြေနေလို့လဲ... 'ငရဲမင်းထက် လက်ထောက်တွေကို ပိုကြောက်ရတယ်' ဆိုတဲ့ စကားပုံတောင် ရှိသေးတယ်မလား.. လင်းကျန့်ဝမ်ကိုတော့ ငါတို့ လုံးဝမစော်ကားမိဖို့ လိုတယ်၊ သူနဲ့ပတ်သက်ရင် ယဉ်ယဉ်ကျေးကျေးနဲ့ သတိထားပြီး ဆက်ဆံရမယ်"

ရှီကျန့်ရှန်း: "နားလည်ပါပြီ..."

ထိုအယူသီးသူ နှစ်ဦးမှာ တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြပြီး မအိပ်ဘဲ နေကြ၏။

မအိပ်ရုံသာမကဘဲ မီးများကိုလည်း လင်းထိန်နေအောင် ထွန်းထားကြပေသည်။

ညသန်းခေါင်ယံအချိန်တွင် အဒေါ်ကြီးမေ့ နိုးလာပြီး စိတ်တုန်လှုပ်စွာဖြင့် တိုးတိုးလေး ရေရွတ်လေ၏။

"တစ်ညလုံး မီးတွေထွန်းထားလိုက်တာ၊ လျှပ်စစ်မီတာခတွေ ဘယ်လောက်ကုန်မလဲ... နှမြောစရာကြီး... သူတို့က လစာတွေကောင်းတိုင်း ဒီလိုဖြုန်းတီးလို့ ရမလား... တကယ်ကို အစိုးမရတဲ့သူတွေပဲ... အဲဒီပိုက်ဆံနဲ့ ဘာတွေအများကြီး လုပ်လို့ရသလဲ... မီတာခကလည်း မသက်သာဘူး... သူတို့တွေ တကယ်ပဲ ပိုက်ဆံကို စနစ်တကျ မသုံးတတ်ကြဘူး"

အဒေါ်ကြီးမေ့ ညသန်းခေါင်ယံမှာ ရေရွတ်နေသကဲ့သို့ အစ်မကြီးဖန်သည်လည်း ညသန်းခေါင်ယံမှာ ရေရွတ်နေဆလသည်။ သူမသည် ပြတင်းပေါက်နားတွင် ထိုင်ကာ မျက်လုံးကို ပွတ်ရင်း ပြောဆိုနေသည်မှာ ..

"ယောကျာ်း ကြည့်ဦး၊ ကြည့်ဦး... ရွှီကောင်းမင်တို့မိသားစု ညဘက်အိပ်လေ့မရှိဘူးလို့ ကျွန်မပြောသားပဲ... ကြည့်၊ ဒီညလည်း မီးတွေထွန်းထားပြန်ပြီ၊ သုံးရက်ဆက်တိုက် ရှိနေပြီ... သူတို့ မီးကို ဘယ်တော့မှ မပိတ်ဘူး... ဘာတွေဖြစ်နေတာလဲ... သူတို့အိမ်မှာ ဘယ်သူမှလည်း ညဘက်စာမကျက်ကြပါဘဲနဲ့..."

ရှီရှန်းမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ် လှုပ်နှိုးခံလိုက်ရသဖြင့် စိတ်တိုတိုနှင့် ပြောလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း... အိပ်နိုင်ရင်အိပ်၊ မအိပ်နိုင်ရင် အပြင်ထွက်သွား။ ညသန်းခေါင်ယံကြီးမှာ ဘာလို့ အသံဗလံတွေ လုပ်နေရတာလဲ... နင်မအိပ်နိုင်ပေမဲ့ ငါက အိပ်ချင်သေးတယ်”

အစ်မကြီးဖန်: "ယောကျာ်းကလည်း..."

"ပါးစပ်ပိတ်ထားလို့ ပြောနေတယ်လေ"

အစ်မကြီးဖန်သည် စိတ်ပျက်လက်ပျက်ဖြင့် နောက်ထပ် မပြောဝံ့တော့ပေ။ သူမက လေသံတိုးတိုးဖြင့် "အမြဲတမ်း ဘာဖြစ်နေတဲ့ အမူအရာလဲ မသိဘူး" ဟု ရေရွတ်လိုက်သည်။

ဒုတိယဝင်းထဲမှ လူအများအပြား မအိပ်ကြသေးသကဲ့သို့ ရှေ့ဝင်းထဲမှ လူအချို့မှာလည်း အိပ်မပျော်သေးပေ။

ဝမ်ကျန့်ကော်သည် ထိုညက ဇနီးဖြစ်သူနှင့် ကိစ္စပြီးစီးပြီးနောက် ချွေးတပြိုက်ပြိုက်နှင့် ရေထသောက်ရင်း ပြောဆိုနေ၏။

"ငါ့အမေ လုပ်ပေးထားတဲ့ တိုင်းရင်းဆေးကို သောက်ဖို့ မမေ့နဲ့ဦး"

ဝမ်မေ့လန်သည်လည်း ချွေးများဖြင့် စိုရွှဲနေ၏။ သူမမျက်မှောင်ကြုတ်ကာ

"ဒီတိုင်းရင်းဆေးတွေက စိတ်မချရပါဘူး.. တိုင်းရင်းဆေးသောက်ရုံနဲ့ သားရနိုင်တယ်ဆိုတာ ကျွန်မတစ်ခါမှ မကြားဖူးဘူး.. တကယ်သာ အစွမ်းထက်ရင် ဟိုးအရင်ကတည်းက သတင်းတွေ ထွက်နေမှာပေါ့၊ အခုတော့ ရှေးကတည်းကနေ ဒီနေ့အထိ ဘာသံမှ မကြားရဘူး.. ကလေးမရတဲ့သူတွေအတွက် တိုင်းရင်းဆေး ရှိတယ်ဆိုတာပဲ ကြားဖူးတယ်၊ သားရမလား သမီးရမလားဆိုတာကို ခွဲခြားနိုင်တဲ့ဆေးတော့ မကြားဖူးပါဘူး"

ဝမ်ကျန့်ကော် : "လူကြီးပြောသလိုပဲ လုပ်လိုက်ပါ၊ ဒါက သူ့ရဲ့စေတနာပဲဟာ.. ဒီလိုအရာတွေက ဆုတောင်းကောင်းတွေနဲ့ လုပ်ကြတာပဲ၊ မယုံတာထက် ယုံတာက ပိုကောင်းပါတယ်၊ ဒါမှ သူ့စိတ်လည်း အေးမှာပေါ့"

သူက ဝမ်မေ့လန်ကို ပုတ်ကာ ဆက်လက်ပြောဆိုပြန်သည်။

"မင်း ဒါတွေကို မယုံဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါ့မျက်နှာကို ထောက်ပြီး ငါ့အမေ စိတ်ချမ်းသာအောင် လုပ်ပေးလိုက်ပါ.. သူ တကယ်ကို စိုးရိမ်နေတာ"

ဝမ်မေ့လန် : "ကောင်းပါပြီ၊ ရှင်ပြောသလိုပဲ ကျွန်မ လုပ်ပါ့မယ်.. သူ စိုးရိမ်နေသလို ကျွန်မလည်း စိုးရိမ်တာပဲ၊ ဒါပေမဲ့ ကလေးက မရလာတော့ ကျွန်မ ဘာလုပ်နိုင်မှာလဲ... ကျွန်မလည်း သားတစ်ယောက် လိုချင်တာပေါ့.. သမီး သုံးယောက်ဆက်တိုက် ရထားတော့ အပြင်က အတင်းအဖျင်းတွေကို ကျွန်မလည်း ကြားရတာပဲ၊ ဒါပေမဲ့ ဒါက ကျွန်မ မလိုချင်လို့မှ မဟုတ်တာ"

ဝမ်ကျန့်ကော်: "ကဲပါ၊ ဒါတွေကို ဆက်မပြောနဲ့တော့၊ အချိန်ကျလာရင် ဖြစ်လာမှာပါ"

ဝမ်မေ့လန်က နှုတ်ခမ်းစူကာ သဘောတူသည့်အနေဖြင့် အင်း ဟု ဆိုလိုက်၏။

ထိုနှစ်ဦးမှာ အဝတ်အစားများ သပ်သပ်ရပ်ရပ် ပြန်ဝတ်ပြီးနောက် ပြန်လှဲလိုက်ကြသည်။ ဝမ်ကျန့်ကော်က ရုတ်တရက် မေးလိုက်၏။

"ဟေး၊ ဒီနေ့ အဘွားကြီးကျောက် ပြဿနာ ထပ်ရှာပြန်ပြီလား..."

သူသည် အလုပ်ပြီးနောက် လူမှုရေးကိစ္စတစ်ခုရှိ၍ အပြင်သွားခဲ့ရာ ပြန်ရောက်လာသည့်အချိန်တွင် ရန်ပွဲက ပြီးသွားပြီဖြစ်၍ ဘာမှ မမြင်လိုက်ရရှာပေ။

ဝမ်မေ့လန် : "ဟုတ်တယ်၊ ဆူညံသွားတာပဲ၊ ဒါပေမဲ့ အထူးအဆန်းတော့ မဟုတ်ပါဘူး.. ဒေါ်ကြီးကျောက်

ရန်ဖြစ်တယ်ဆိုတာ ပုံမှန်ကိစ္စပဲဟာ.. ကျွန်မ ကြားတာတော့ သူ့ရဲ့ ခမည်းခမက်တွေက တစ်ယောက်ယောက်စကားကနေ လက်မှတ်တွေ ရထားတယ်ဆိုတာ ကြားလို့ လာပြီး အခွင့်ကောင်းယူတာတဲ့"

ဝမ်ကျန့်ကော် မျက်လုံးများ အရောင်တောက်သွားကာ

"ဒေါ်ကြီးကျောက်က သူတို့ကို ပေးလိုက်လား..."

"ဘယ်လိုလုပ် ပေးမှာလဲ..."

ဝမ်မေ့လန် ရယ်မောလိုက်ပြီး

"ဒေါ်ကြီးကျောက်က ဘယ်လောက် ကပ်စေးနှဲတဲ့သူလဲ... ဒီလောက်အများကြီးကို သူ ဘယ်လိုမှ မပေးနိုင်ဘူး... အမှန်အတိုင်းပြောရရင် ရှင်တို့စက်ရုံက ပိုကောင်းပါတယ်၊ သိက္ခာရှိရှိ လုပ်တတ်တယ်.. လျော်ကြေးကို ကြည့်ဦးလေ၊ တစ်ပြားမှ မလျော့ဘူး.. ကျွန်မတို့စက်ရုံသာဆိုရင် ဒီလောက် ရက်ရက်ရောရော ပေးမှာ မဟုတ်ဘူး"

ဝမ်ကျန့်ကော်: "ဟုတ်တယ်၊ အများကြီးပဲ..သူတို့ ဒါတွေကို အကုန်သုံးနိုင်မှာတောင် မဟုတ်ဘူးလို့ ငါလောင်းရဲတယ်"

ဝမ်မေ့လန် : "တကယ်ပဲ၊ ဟူး... သက်တမ်းကုန်သွားရင် ဘယ်လိုလုပ်မလဲ..."

ဝမ်ကျန့်ကော် : "ဘယ်သူသိမှာလဲ..."

သူ အဓိပ္ပာယ်ပါပါဖြင့်

"တကယ်တော့ ဒါတွေကို ရောင်းပစ်တာက ပိုကောင်းပါတယ်.. မဟုတ်ရင် သက်တမ်းကုန်သွားတာက နှမြောစရာကြီး.. ဝင်းထဲမှာပဲ လဲနေမယ်ဆိုရင် ဘယ်လောက်တောင် လဲနိုင်မှာမို့လဲ... ဒီလောက်အများကြီးကို သိမ်းထားရင် သူခိုးတွေ ရောက်လာဦးမယ်"

"ဟင်... သူခိုး ဟုတ်လား..."

ဝမ်ကျန့်ကော် : "ငါက ပိုပြောနေတယ်လို့ မထင်နဲ့.. သေချာစဉ်းစားကြည့်ဦး.. ဒီဘက်ခေတ်မှာ ပစ္စည်းဝယ်ဖို့ လက်မှတ်တွေ လိုအပ်တာပဲ..ပိုက်ဆံရှိရုံနဲ့ မပြီးဘူး.. အလုပ်ရှိပြီး လစာရနေရင် လူတော်တော်များများက ပိုက်ဆံကို စုနိုင်ကြပေမဲ့ လက်မှတ်ရဖို့က ခက်ခဲတယ်.. ဒီမိသားစုမှာ လက်မှတ်တွေ အများကြီးရှိတယ်ဆိုတာ ကြားရင် သူခိုးက လှုပ်ရှားတော့မှာပဲ.. ဒါတွေအားလုံးက တန်ဖိုးရှိတာပဲဟာ"

သူ အလေးအနက် ပြောဆိုလေသည်။

"လူဆိုးတွေကို ဆွဲဆောင်သလို ဖြစ်နေရင် မကောင်းဘူး.. ဒါတွေကို အနှောင့်အယှက် မဖြစ်ခင် စောစောစီးစီး ထုတ်ပစ်လိုက်တာက ပိုကောင်းလိမ့်မယ်"

ဝမ်မေ့လန် : "ရှင်ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ဒါတွေကို တစ်ခါတည်း ဘယ်လို ထုတ်ပစ်နိုင်မှာလဲ..."

ဝမ်ကျန့်ကော် : "ဘာလို့ မရရမှာလဲ... မှောင်ခိုဈေးကွက်မှာ လက်မှတ်ဝယ်တဲ့သူတွေ ရှိတာပဲ”

သူ ဆက်လက်၍ ပြောဆိုနေ၏။

"မှောင်ခိုဈေးကွက်ကို မသွားဖူးတဲ့သူ ဘယ်သူရှိလို့လဲ... ဒါက ပြဿနာကြီး မဟုတ်ပါဘူး"

ဝမ်မေ့လန် : "ရှင်ပြောတာလည်း ဟုတ်တာပဲ"

ဝမ်ကျန့်ကော် : "ကဲ အိပ်တော့။ ငါက ဒီအတိုင်း ပြောပြတာပါ.. ဒါက ငါတို့မိသားစုနဲ့လည်း မဆိုင်ပါဘူး"

သူသည် တံခါးဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်၏။ သူ၏စကားများကို တံခါးနောက်မှ ချောင်းမြောင်းနားထောင်နေသော မိခင်ဖြစ်သူ ကြားသွားပြီဖြစ်ကြောင်း သေချာစေပြီးမှ မျက်လုံးကိုမှိတ်ကာ ခပ်ပြုံးပြုံး အမူအရာလုပ်လိုက်သည်။

သူ့မိခင်၏ မာနကြီးသော အသွင်အပြင်ကို ကြည့်၍ အထင်မမှားစေချင်ပေ.. ကွယ်ရာတွင်မူ သူမသည် အခြားသော အဘွားကြီးများထက်ပင် ပို၍ အတင်းအဖျင်းပြောတတ်ကာ ချောင်းမြောင်းနားထောင်ခြင်းမှာ သူမအတွက် ထမင်းစားရေသောက် အလုပ်ပင် ဖြစ်၏။ ဝမ်ကျန့်ကော်မှာမူ ဂရုမစိုက်ပေ၊ မည်သို့ပင်ဖြစ်စေ သူမမှာ သူ၏မိခင်အရင်း မဟုတ်လော့။

နားထောင်ပါစေ၊ သူမအတွက် အန္တရာယ်မှ မရှိတာ…

သူသည် ဤအခွင့်အရေးကို အသုံးချ၍ သူ၏အတွေးများကို မိခင်ဖြစ်သူမှတစ်ဆင့် "လက်ဆင့်ကမ်း" ပေးလိုက်ခြင်းဖြင့် ဝင်းထဲရှိလူတိုင်း သိသွားပေလိမ့်မည်။ အဘွားကြီးကျောက်နှင့် သူမ၏ ခမည်းခမက်များပင်လျှင် ကြားသိသွားကြပေမည်။ သူတို့ ကြောက်ရွံ့သွားသည်နှင့် ထိုလက်မှတ်များကို ထုတ်ပစ်ရန် အလျင်အမြန် ကြိုးစားကြပေတော့မည်။

မှောင်ခိုဈေးကွက်သို့ သွားလိုက်ရုံဖြင့် အရာအားလုံး ပြီးမြောက်သွားပေလိမ့်မည်။

ဝမ်ကျန့်ကော်သည် သူတို့နှင့် မည်သည့်ပဋိပက္ခမျှ မရှိပေ။ သို့သော် အထက်လူကြီးအတွက် အလုပ်လုပ်ပေးရသည့်အခါ ပါးနပ်ဖို့ လိုအပ်သည်။သူသည် သွယ်ဝိုက်သော အရိပ်အမြွက်များကို ကောင်းစွာ နားလည်သူ ဖြစ်၏။ ပဋိပက္ခမရှိသည့်အတွက်ကြောင့်လည်း သူ၏စကားများကို မည်သူမျှ သံသယဝင်မည်မဟုတ်ချေ။

တကယ်လို့သာ ရွှီကောင်းမင်တို့ အုပ်စုက ပြောမည်ဆိုလျှင် အဘွားကြီးကျောက်မှာ ပါးစပ်ဟလိုက်သည်နှင့် သတိထားမိသွားပေလိမ့်မည်။

သူသည် အထက်လူကြီးနှင့် နီးစပ်ခွင့်ရခဲသဖြင့် ရရှိလာသော အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်လိုစိတ်ရှိနေသည်။

ဒါဟာ သူ၏အပြစ်မဟုတ်ပေ…

အဲ့အဘွားကြီးတို့မိသားစုကသာ ဟိုဟိုဒီဒီ ပြဿနာရင်း လူတွေကို လိုက်ပြီးရုန်းရင်းဆန်ခတ် လုပ်နေကြတာလေ..

လူတစ်ဖက်သားကို ပေါ်ပေါ်ထင်ထင် ရန်မမူသော်လည်း သွယ်ဝိုက်သောနည်းဖြင့် နှိပ်ကွပ်ရန်မှာ မခက်ခဲလှချေ။ ထို့ပြင် လောဘမကြီးဘဲ ငွေမက်မနေလျှင်လည်း ဤထောင်ချောက်ထဲသို့ ကျရောက်မည်မဟုတ်ပေ။ ထို့ကြောင့် အကယ်၍ ထောင်ချောက်ထဲ ဆင်းမိပါကလည်း လောဘကြီးသော မိမိတို့၏ အပြစ်သာဖြစ်ရာ မည်သူ့ကိုမျှ အပြစ်တင်၍မရနိုင်ချေ။

သူသည် အထက်လူကြီး၏ အမိန့်ကိုသာ နာခံနေခြင်းဖြစ်၍ သူ့ကို အပြစ်ဆိုစရာ မရှိပေ။ ဤအခွင့်အရေးမှတစ်ဆင့် အထက်လူကြီးများနှင့် ပိုမိုနီးစပ်ကာ ရာထူးတိုးတက်နိုင်မည်ဆိုလျှင် သူ့အတွက် အလွန်ကြီးမားသော အားသာချက် ဖြစ်ပေလိမ့်မည်။

အမှန်တကယ်တွင် သူ၌ မည်သည့်အဆက်အသွယ်မှ မရှိသကဲ့သို့ ထူးချွန်သော အလုပ်စွမ်းဆောင်ရည်လည်း မရှိရာ ရာထူးတက်ရန်မှာ အလွန်ခက်ခဲလှ၏။ ဤသည်မှာ ရခဲသော အခွင့်အရေးဖြစ်၍ လက်မလွှတ်သင့်ပေ။ သို့သော်လည်း သိသာလွန်း၍လည်း မဖြစ်ပေ~~ အကယ်၍ သိသာလွန်းပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို ရိပ်မိသွားပါက ထိုအရူးမကြီး အဘွားကြီးကျောက်မှာ တကယ်ပင် ပြဿနာရှာလာနိုင်၏။

အကယ်၍ သူမ ပြဿနာရှာပြီး အထက်လူကြီး၏ ဂုဏ်သိက္ခာကို ထိခိုက်စေလျှင် သူလည်း အဆုံးသတ်သွားပေလိမ့်မည်။ ထို့ကြောင့် သူသည် သွယ်ဝိုက်သောနည်းဖြင့် လူကောင်းယောင်ဆောင်ကာ ကစားရပေမည်။

ဝမ်ကျန့်ကော်သည် မျက်လုံးများကို မှိတ်ထားလိုက်၏။

တကယ်တော့ ဒါက မခက်ခဲပါဘူး..

လောဘကြီးပြီး အသိဉာဏ်နည်းသော အဘွားကြီးကျောက်မှာ မလွဲမသွေ ထောင်ချောက်ထဲ ဆင်းမိလိမ့်မည်ဟု သူ ခံစားမိနေသည်။

အကယ်၍ အဘွားကြီးကျောက်မှာ မှောင်ခိုဈေးကွက်တွင် လက်မှတ်ရောင်းချရင်း အဖမ်းခံရပါက အများဆုံး ခြောက်လမှ တစ်နှစ်အထိ ထောင်ကျပေလိမ့်မည်။ စက်ရုံမှ ကူညီပေးမည်ဆိုလျှင်မူ ထိုမျှကြာအောင် ထောင်ကျမည် မဟုတ်ပေ။ အဘွားကြီးကျောက်မှာ ကြမ်းတမ်းလှသူဖြစ်ရာ ထောင်ထဲတွင်ပင် ဒုက္ခရောက်လိမ့်မည် မဟုတ်ချေ။

သူမသည် အမြဲတမ်း မာနထောင်လွှားနေသူဖြစ်ရာ သင်ခန်းစာတစ်ခု ပေးသင့်လှပေသည်။ အကယ်၍ အဘွားကြီးကျောက်မှာ ပြဿနာကြီးကြီးမားမား တက်ပြီး သိက္ခာကျသွားပါက ချဲယုံဖုန်းအတွက် အကျိုးရှိပေလိမ့်မည်။

သူ ဝင်ရောက်စွက်ဖက်သည်ဖြစ်စေ၊ မစွက်ဖက်သည်ဖြစ်စေ အဘွားကြီးကျောက်မှာ ပစ်မှတ်ထားခံရမည်ဖြစ်ရာ သူလည်း ဤကိစ္စမှ အကျိုးအမြတ်တစ်ခုခု ရအောင် ယူသင့်၏။

သူသည် နှစ်ပေါင်းများစွာ ရာထူးမတိုးဘဲ ရှိနေခဲ့ရာ ယခုအချိန်မှာ ရာထူးတိုးရန် အချိန်တန်ပြီ ဖြစ်၏။

ဝမ်ကျန့်ကော်သည် ထိုကိစ္စများကို စဉ်းစားရင်း ဖြည်းဖြည်းချင်း အိပ်ပျော်သွားလေသည်။

ဝမ်ကျန့်ကော်၏ အကြံအစည်မှာ အလွန်ကောင်းလှသော်လည်း အဘွားကြီးကျောက်မှာလည်း သူထင်သလို မအလှကြောင်း သူ မသိရှိခဲ့ချေ။ သူမနှင့် ချန်ချင်းယွီတို့မှာ ကြိုတင်တိုင်ပင်ထားကြပြီး ဖြစ်ရာ ညကတည်းက အစီအစဉ်ဆွဲထားပြီးသားပင် ဖြစ်၏။

ထင်သည့်အတိုင်းပင်၊ နံနက်

စောစော၌ အဘွားကြီးကျောက်သည် အိမ်သာသွားရန် အပြင်ထွက်လာစဉ် ယွမ်ရှောင်ချွေကို တွေ့လိုက်ရသည်။ သူမသည် ရှောင်ချွေ့ကို တစ်ဖက်သို့ ခေါ်သွားကာ မေးမြန်းလိုပ်၏။

"ရှောင်ချွေ၊ နင် လက်မှတ်အချို့ လဲချင်တယ်လို့ ငါကြားတယ်..."

ယွမ်ရှောင်ချွေ၏ မျက်လုံးများ အရောင်တောက်သွားပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်မ ပိုက်ဆံပေးပါ့မယ်၊ စိတ်မပူပါနဲ့၊ အလကား မယူပါဘူး"

အဘွားကြီးကျောက်မှာ အဓိပ္ပာယ်ပါပါဖြင့်

"ငါက ပိုက်ဆံမလိုချင်ပါဘူး၊ ဒီလိုလုပ်ကြရအောင်၊ နင် ငါ့ကို အကြွေးစာချုပ် (IOU) တစ်ခု ရေးပေး..."

ယွမ်ရှောင်ချွေ : "ဟင်..."

အဘွားကြီးကျောက် : "နင် ငါ့ဆီက လက်မှတ်တွေ ချေးယူတယ်၊ ပြီးတော့ နင် လက်မှတ်တွေကိုပဲ ပြန်ပေး၊ ပိုက်ဆံအကြောင်း မပြောကြေး"

ယွမ်ရှောင်ချွေမှာ အံ့သြသွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရကာ

"အဘွားကျောက်၊ ကျွန်မကို အသေးစိတ် ရှင်းပြပေးပါဦး၊ သိပ်နားမလည်လို့ပါ"

အဘွားကြီးကျောက်သည် လေသံကိုနှိမ့်ကာ တိုးတိုးလေး မေးလိုက်၏။

"နင် ကျေးလက်ကို ဆင်းရတော့မှာ မဟုတ်လား..."

ယွမ်ရှောင်ချွေ အောင့်သီးအောင်

သက်ဖြင့်

"ဘယ်သူပြောလဲ..."

"ဟန်ဆောင်မနေပါနဲ့အေ၊ နင့်အဖေနဲ့ ကျောက်ရုံက နင့်အတွက် စီစဉ်ပေးလိမ့်မယ်လို့ ငါမယုံဘူး.. နင် ကျေးလက်ဆင်းရမှာဆိုတော့ နင့်လက်ထဲမှာ တစ်ခုခုရှိနေမှ ဖြစ်မယ်.. မဟုတ်ရင် နင် အဲဒီမှာ ဒုက္ခရောက်လိမ့်မယ်၊ တစ်ခုခုရှိနေရင်တော့ အဆင်ပြေတာပေါ့.. နင့်လက်ထဲမှာ ပစ္စည်းရှိနေရင် ကျေးလက်ရောက်တဲ့အခါ အခြားသူတွေထက် အသာစီးရမှာပေါ့၊ ဟုတ်တယ်မလား..."

ယွမ်ရှောင်ချွေမှာ ခေါင်းခါချင်သော်လည်း အမှန်အတိုင်းပင် ခေါင်းညိတ်ပြလိုက်မိသည်။

အဘွားကြီးကျောက် : "နင် သွားရတော့မှာဆိုတော့ ငါတို့ အကွက်တစ်ခု ဆင်ကြရအောင်.. ငါ နင့်ကို လက်မှတ် ဆယ်စောင် ချေးပေးမယ်၊ နင်က ငါ့ကို အစောင် နှစ်ဆယ်စာ အကြွေးစာချုပ် ရေးပေးရမယ်.. ငါ နင့်ဆီက ပိုက်ဆံရော လက်မှတ်ရော ပြန်မတောင်းဘူး. ဒီစာချုပ်ကို ငါ သိမ်းထားမယ်၊ နင် ကျေးလက်ဆင်းသွားတဲ့အခါ ဒီစာချုပ်ကိုယူပြီး နင့်အဖေနဲ့ ကျောက်ရုံဆီမှာ ငါ သွားတောင်းမယ်.. ဘယ်လိုလဲ... သူတို့က ပြန်ပေးမယ်ဆိုရင် နင့်ဆီက ငါပြန်မတောင်းတော့ဘူး၊ သူတို့က မပေးဘူးဆိုမှ နင့်ဆီက ငါပြန်တောင်းမယ်.. ဘယ်လိုလဲ... ငါလည်း အန္တရာယ်ကြီးပါတယ်အေ.. နင် ရွာကနေ ဘယ်တော့ ပြန်လာမလဲ ဘယ်သူမှ မသိဘူး.. အကယ်၍ ကျောက်ရုံတို့ လင်မယားကလည်း မပေး၊ နင်လည်း ပြန်ပေါ်မလာဘူးဆိုရင် ငါကတော့ အရင်းပြုတ်မှာပဲ"

ယွမ်ရှောင်ချွေမှာ ထိတ်လန့်သွားကာ

"ဒါ မဖြစ်နိုင်တာ... ဒါက အတိုးကြီးစားတာထက်တောင် ပိုဆိုးသေးတယ်၊ နှစ်ဆတောင် ဖြစ်နေပြီ..."

ယွမ်ရှောင်ချွေမှာ သတိထားနေဆဲပင် ဖြစ်၏။

"ကျွန်မ အဘွားကို မယုံဘူး.. တကယ်လို့ အဘွားက ကျွန်မစာချုပ်ကို ကိုင်ထားပြီး ကျွန်မမှာ အကြွေးတွေ အများကြီး ရှိပါတယ်လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ..."

အဘွားကြီးကျောက် မျက်စောင်းထိုးကာ

"စကားကို ဘာလို့ ဖြတ်ပြောနေတာလဲ... ငါပြောလို့ မပြီးသေးဘူး"

"ကဲ ဆက်ပြောမယ်.. နင် ငါ့ကို ယွမ်နှစ်ဆယ်စာ အကြွေးစာချုပ် ရေးပေးရမယ်၊ ငါက နင် ယွမ်ဆယ်ဆယ် ပြန်ဆပ်ပြီးသား ဖြစ်ကြောင်း ပြေစာတစ်ခု ပြန်ရေးပေးမယ်.. ဒါကြောင့် လက်တွေ့မှာ နင် ဆယ်ယွမ်ပဲ ကြွေးကျန်တော့တာပေါ့.. ဒါပေမဲ့ အခြားသူတွေကတော့ မသိဘူး.. နင့်အဖေနဲ့ ကျောက်ရုံက နင့်အပေါ် ဘယ်လိုဆက်ဆံသလဲဆိုတာ နင် သိပါတယ်.. သူတို့က ပြန်ပေးပါ့မလားဆိုတာတောင် ပြောရခက်တယ်.. ပေးရင်တောင် တစ်ခါတည်း အကုန်ပေးနိုင်မှာ မဟုတ်ဘူး၊ လတိုင်း အရစ်ကျ ပေးကြမှာပဲ.. သူတို့ ဆယ်ယွမ် ပြန်ဆပ်ပြီးသွားတဲ့အခါ ငါ နင့်ဆီ စာရေးလိုက်မယ်၊ အဲဒီကျမှ ငါတို့ ကြွေးမြီးတွေ အပြတ်ရှင်းကြတာပေါ့.. ငါ ပိုတောင်းမှာကိုတော့ မပူနဲ့၊ နင်က တစ်ဝက်ပေးပြီးသား ပြေစာကို ကိုင်ထားတာပဲ.. ငါ ပိုတောင်းရင် အဲဒီပြေစာနဲ့ ပြန်ပြောလို့ရတယ်.. ငါက ဘယ်မှ ထွက်ပြေးမှာ မဟုတ်ဘူး၊ နင် မယုံရင် မာကျန့်ယီဖြစ်ဖြစ်၊ နင် ယုံကြည်ရတဲ့ အခြားအိမ်နီးနားချင်းတွေဆီဖြစ်ဖြစ် စာရေးပြီး စုံစမ်းလို့ရတာပဲ.. အဲဒီလိုဆိုရင် အခြေအနေမှန်ကို သိရမှာဖြစ်လို့ ပြဿနာရှိရင် ချက်ချင်း ဖြေရှင်းလို့ရတယ်လေ"

ယွမ်ရှောင်ချွေ: "ဘုရားရေ~"

အမယ်လေး… အကွက်အကြီးကြီးပါလား..

သူမသည် ခေါင်းကိုကုပ်ရင်း အဘွားကျောက်မှာ ဝင်းတစ်ခုလုံးတွင် အလည်ဆုံး၊ အပတ်ဆုံး အဘွားကြီးဆိုသည့် ဂုဏ်သတင်းနှင့်အညီ တကယ်ပင် ထိုက်တန်လှသည်ဟု သက်ပြင်းချမိတော့သည်။ ဤကဲ့သို့သော အကြံမျိုးကို သူမတစ်ဦးတည်းသာ စဉ်းစားမိနိုင်ပေမည်။

သို့သော် ဘာကြောင့်လဲ...

သူမ ဉာဏ်စွမ်းကုန် စဉ်းစားကြည့်သော်လည်း အဘွားကြီးကျောက်အနေဖြင့် ဤသို့ပြုလုပ်ခြင်းကြောင့် မည်သည့်အကျိုးအမြတ် ရရှိမည်ကို နားမလည်နိုင်သေးချေ။

ဒါဟာ အပိုအလုပ်တွေ လုပ်နေတာမျိုး မဟုတ်ဘူးလား...

အဘွားကြီးကျောက်လည်း ဘာမှဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။

"ငါ့အိမ်မှာ လက်မှတ်တွေ ရှိနေသေးတယ်ဆိုတာ ဘယ်သူ့ကိုမှ မသိစေချင်လို့ပါ.. သူခိုးခိုးမှာကို မကြောက်ဘူး၊ သူခိုးမျက်စိကျပြီး လူကိုဒုက္ခပေးမှာကိုပဲ ကြောက်တာ.. နင်ကလည်း မကြာခင် သွားရတော့မှာဆိုတော့ သေချာစဉ်းစားကြည့်၊ နင့်အတွက် ဘာမှနစ်နာစရာမရှိဘူး.. အကြွေးပြန်တောင်းရမယ့် ဒုက္ခကို ငါကပဲ ခံရမှ.. နင့်အဖေနဲ့ ကျောက်ရုံကသာ အရှက်မရှိဘဲ ပြန်မဆပ်ဘူးဆိုရင် ငါက အရင်းပြုတ်မှာပဲ.. နင့်ဆီ လိုက်တောင်းလို့ရတယ်ဆိုပေမဲ့ နင်က ဘယ်တော့ပြန်လာမလဲ၊ ဘယ်မှာသွားရှာရမလဲဆိုတာ ဘယ်သူသိမှာလဲ... ငါက ပိုပြီး စွန့်စားရတာပါ.. နင့်အတွက်ကတော့ လက်မှတ်တွေယူသွားတော့ ကျေးလက်မှာ နေရထိုင်ရတာ ပိုအဆင်ပြေတာပေါ့.. အလွန်ဆုံးရှိမှ ချေးထားတာ ပြန်ဆပ်ရုံပဲလေ.. ကျောက်ရုံတို့က ပြန်ဆပ်ပေးမယ်ဆိုရင်တော့ နင် ပိုတောင်သက်သာသေးတယ်.. နင်ကပဲ အကျိုးရှိတာပါ.. တွက်ကြည့်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အခြေအနေပေါ့.. ဒီကြားထဲမှာ နင်က ငါ့ထက်တောင် ပိုပြီး အသာစီးရသေးတယ်.. ကဲ... ပြောဦး၊ လုပ်မှာလား မလုပ်ဘူးလား... နင်လည်း သိတဲ့အတိုင်း ကျောက်ရုံက နင့်

အပေါ် စေတနာမရှိဘူး.. ခုတလော နင့်ဂုဏ်သိက္ခာကိုတောင် ဖျက်ဆီးထားသေးတာ.. နင် မသွားခင် သူ့ကို ပြဿနာလေး တစ်ခုလောက် ချန်ထားခဲ့ချင်ဘူးလား..."

ယွမ်ရှောင်ချွေသည် နှုတ်ခမ်းကိုကိုက်ကာ စဉ်းစားခန်း ဝင်သွားလေ၏။

အဘွားကြီးကျောက် : "သေချာစဉ်းစားဦး.. ရက်ပိုင်းလောက်တော့ အချိန်ရှိပါသေးတယ်.. ဆုံးဖြတ်ပြီးရင် ငါ့ကိုလာရှာ၊ မလုပ်ချင်ဘူးဆိုရင်လည်း ထားလိုက်တော့.. ငါကလည်း နင့်ကို မဖြစ်မနေ လိုက်ဆက်သွယ်နေစရာ မလိုပါဘူး.. အဆိုးဆုံးကတော့ ငါဒါတွေကို အကုန်သုံးပစ်လိုက်မှာပေါ့... အကြွေးလိုက်တောင်းရမယ့် ဒုက္ခလည်း မရှိတော့ဘူးပေါ့"

ယွမ်ရှောင်ချွေ : "..."

သူမတည်တည်ငြိမ်ငြိမ်ဖြင့်

"ကျွန်မ သေချာစဉ်းစားပြီး အမြန်ဆုံး အကြောင်းပြန်ပါ့မယ်"

အဘွားကြီးကျောက် ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ထိုနှစ်ဦးမှာ အသီးသီး လမ်းခွဲသွားကြ၏။

အမှန်အတိုင်းပြောရလျှင် ယွမ်ရှောင်ချွေမှာ အလွန်စိတ်လှုပ်ရှားသွားပါသည်။ သူမအတွက် နစ်နာစရာမရှိသည့်အပြင် ပစ္စည်းအချို့ပါ ယူသွားနိုင်မည်ဖြစ်ရာ မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။

အဘွားကြီးကျောက်ပြောသည်မှာ မှန်သည်ဟု သူမ ခံစားမိသည်။ အကြွေးလိုက်တောင်းရမည့် ဒုက္ခမှာ ပို၍ပင် ကြီးမားသေး၏။ လက်တွေ့တွင် အဘွားကြီးကျောက်ကသာ ပို၍ နစ်နာသူ ဖြစ်နေသည်။

သူမသာ အဘွားကြီးကျောက် နေရာမှာဆိုရင် ဒါမျိုး ဘယ်တော့မှ လုပ်မည်မဟုတ်ဘူး… အရှုံးပေါ်မယ့်ကိစ္စကြီးလေ…

သို့သော် ယွမ်ရှောင်ချွေသည် သူမ၏ သိပ်မလည်လှသော ဦးနှောက်ဖြင့် အချိန်အတော်ကြာအောင် စဉ်းစားပြီး အပြင်ကကောလာဟလအချို့ကို ကြားပြီးမှသာ အရာအားလုံးကို နားလည်သွား၏။ ဤသည်မှာ သူမ တကယ်ပင် မလည်လှကြောင်း ပြသနေခြင်းပင်။ အဘွားကြီးကျောက်အမှန်တရားကို ပြောပြခဲ့သော်လည်း သူမက ချက်ချင်း ရိပ်မိခြင်း မရှိခဲ့ချေ။

သူမသည် ပါးနပ်သူတစ်ဦး မဟုတ်သည်မှာ ထင်ရှားလှပေသည်။

ပါးနပ်မှု မရှိသော်ငြားလည်း ယွမ်ရှောင်ချွေသည် ပြတ်သားသူတစ်ဦးဖြစ်ပြီး အနိုင်ကျင့်ခံမည့်သူ မဟုတ်ပေ။ လူတစ်ဦး၏ ငယ်ဘဝ အတွေ့အကြုံမှာ ဘဝတစ်ခုလုံးအပေါ် သက်ရောက်မှုရှိသည်ဆိုသော စကားမှာ အလွန်မှန်ကန်သည်။

ယွမ်ရှောင်ချွေသည် ငယ်စဉ်က ကျေးလက်ရွာတွင် သူမ၏ အဘိုးအဘွားများ၊ မိခင်ဖြစ်သူတို့နှင့်အတူ နေထိုင်ခဲ့ရ၏။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူအများမှာ သူမကို အဖေမရှိသော ကလေး၊ သူမမိခင်ကိုမူ အနိုင်ကျင့်ရလွယ်သောသူဟု သတ်မှတ်ကာ အထင်အမြင်သေးကြပြီး ကဲ့ရဲ့ရှုတ်ချမှုများစွာ ကြုံတွေ့ခဲ့ရသည်။ အဘိုးအဘွားများနှင့် နေထိုင်သော်လည်း အိမ်ထောင်ဦးစီး ယောကျ်ားသားမရှိသဖြင့် အနှိမ်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်းများ ရှိခဲ့၏။

သူမ၏မိခင်မှာမူ အမြဲတမ်း အနစ်နာခံတတ်သူဖြစ်ပြီး သူမကိုလည်း အမြဲသည်းခံရန်သာ သွန်သင်လေ့ရှိသည်။ နောင်တွင် အဆင်ပြေသွားလိမ့်မည်ဟု ဆိုကာ သူတစ်ပါးအကျိုးအတွက် မိမိကိုယ်ကိုယ် အနစ်နာခံရန်သာ အမြဲကြိုးစားခဲ့သူ ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် သူမ၏ အဘိုးအဘွားများမှာမူ အရှုံးမခံတတ်သူများဖြစ်သဖြင့် ယွမ်ရှောင်ချွေမှာ အလိမ်အညာခံရခြင်းမျိုး မရှိခဲ့ချေ။

အဘိုးအဘွားများသည် ဟောက်ဖုန်းနှင့် ဟောက်ရွှယ်တို့ကို ပို၍ မျက်နှာသာပေးကာ သူမနှင့် သူမမိခင်ကို အထင်သေးကြသည်ကို သိသော်လည်း ထိုကာလများတွင် သူမမှာ တစ်ဦးတည်းသော မြေးမလေး ဖြစ်နေခဲ့သည်။ အဒေါ်ဖြစ်သူ၏ ကလေးများနှင့် နှိုင်းယှဉ်လျှင် သူမ၏ဘဝမှာ အကောင်းဆုံးမဟုတ်သော်လည်း သက်တောင့်သက်သာ ရှိခဲ့သည်မှာ အမှန်ပင်။

မှန်ပေသည်~~ အဘိုးအဘွားများ၏ ရှေ့တွင်မူ သူမမှာ အဒေါ်ဖြစ်သူ၏ ကလေးများထက် ပို၍ မျက်နှာပွင့်သူ ဖြစ်ခဲ့၏။

အဘိုးအဘွားများသည် သူမအပေါ် သင့်တင့်ရုံသာ ဆက်ဆံသော်လည်း သူမ၏ အဒေါ်ဖြစ်သူ၏ ကလေးများထက်မူ ပို၍ ကောင်းမွန်စွာ ဆက်ဆံကြသည်။

အဘိုးအဘွားများ၏ အဆိုအရ သူမ၏အဒေါ်တွင် သားရှိစေကာမူ ထိုသားမှာ ယွမ်မျိုးရိုး မဟုတ်ချေ။ ယွမ်ရှောင်ချွေမှာ မိန်းကလေးဖြစ်သော်လည်း ယွမ်မျိုးရိုးကို ဆက်ခံထားသဖြင့် သူမ၏ အဒေါ်ဘက်က မြေးများထက် ပို၍ အရေးပါသည်ဟု သတ်မှတ်ခဲ့ကြသည်။ ထိုစဉ်က ဝမ်းကွဲမောင်နှမများကြားတွင် သူမမှာ နှိုင်းယှဉ်စရာရှိနေခဲ့သလို ဟောက်ဖုန်းနှင့် ဟောက်ရွှယ်တို့မှာလည်း အလည်အပတ် လာခဲသဖြင့် သူမမှာ အချစ်ခံရသူတစ်ဦး ဖြစ်ခဲ့ရ၏။

ဤကဲ့သို့ အနည်းငယ် မျက်နှာသာပေးခံရမှုကြောင့်ပင် သူမသည် ငယ်စဉ်ကတည်းက အရှုံးမပေးတတ်သည့် စရိုက်နှင့် ပြိုင်ဆိုင်လိုသည့် စရိုက်များ ဖြစ်ပေါ်လာခဲ့၏။ သူမသည် သူမမိခင်ကဲ့သို့ ဖြစ်၍မရကာ၊ ထိုသို့ဖြစ်ပါက ဆင်းရဲဒုက္ခများသာ ကြုံတွေ့ရမည်ဖြစ်ကြောင်း သိရှိထားသည်။ သူမသည် သူမ၏ အဘိုးအဘွားများကဲ့သို့ မိမိကိုယ်ကိုယ်သာ ကြည့်တတ်ပြီး တစ်ကိုယ်ကောင်းဆန်တတ်မှသာ ဘဝမှာ အဆင်ပြေမည်ဟု ခံယူထားသူ ဖြစ်၏။

တစ်စုံတစ်ခု နစ်နာတော့မည်ဟု ခံစားရတိုင်း သူမသည် မိမိကိုယ်ကိုယ်သာ အရင်ဆုံး ထည့်သွင်းစဉ်းစားလေ့ရှိသည်။ မိမိအပေါ် မကောင်းသူများကိုလည်း ပြန်လည် တုံ့ပြန်ရန် ဝန်မလေးခဲ့ချေ။

ဤအတွေ့အကြုံများကို သူမ မှတ်သားထားသဖြင့် သူမ၏ဖခင်နှင့် ကျောက်ရုံတို့ သူမအပေါ် အကွက်ဆင်သည်ကို သိလျှင်သိချင်းပင် ပြန်လည်တုံ့ပြန်ရန် ဝန်မလေးခဲ့ခြင်း ဖြစ်၏။ သူမသည် သူမမိခင်ကဲ့သို့ ပျော့ညံ့သော အမျိုးသမီး မဟုတ်ဘဲ သူမ၏ အဘိုးအဘွားများကဲ့သို့ မိမိကိုယ်ကိုယ်သာ ရှေ့တန်းတင်လိုသူ ဖြစ်သည်။

သူတို့၏ အမှားများမှာ သူမ၏အပြစ် မဟုတ်ချေ။

အဘိုးအဘွားများ ကွယ်လွန်သောအခါ အိမ်မှလွဲ၍ ကျန်ရှိသမျှကို သူမဖခင်အား အကုန်ပေးခဲ့ကြသည်။ အိမ်ကိုမူ သူမမိခင် အားကိုးရာရစေရန် ပေးခဲ့သော်လည်း မိခင်ဖြစ်သူ ဖျားနာလာသောအခါ ထိုအိမ်ကိုရောင်း၍ ငွေများကို သူမဖခင်အား ပေးရန် စီစဉ်ခဲ့ပြန်၏။ နောက်ဆုံးတွင် အသက်ဆယ်နှစ်အရွယ် ယွမ်ရှောင်ချွေမှာ ဖခင်ဖြစ်သူနှင့်အတူ မြို့ပေါ်သို့ လိုက်လာခဲ့ရစဉ် လက်ဗလာဖြင့်သာ ဖြစ်ခဲ့၏။

သူမ၏မိခင်မှာမူ သူမကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သော ဖခင်အတွက်သာ သူမ၏ ငွေကြေးအားလုံးကို ချန်ထားခဲ့လေသည်။

ယွမ်ရှောင်ချွေသည် အတိတ်က ကိစ္စများကို ပြန်လည်စဉ်းစားမိရင်း စိတ်မချမ်းမြေ့စွာဖြင့် မျက်လုံးလှန်လိုက်မိ၏။

ဘာကြောင့် သူမက ဒုက္ခခံရမှာလဲ... သူမ မြို့ပေါ်မှာ လာနေရတာဟာ သူမဖခင်က ကျွေးမွေးထားလို့ မဟုတ်ဘူး.. သူမမိခင်က ကျွဲလိုနွားလို အလုပ်လုပ်ပြီး ရှာဖွေပေးခဲ့တာလေ၊ သမီးဖြစ်သူအနေနဲ့ အဲဒီငွေတွေကို သုံးစွဲခွင့် မရှိသင့်ဘူးလား... ဖခင်ဖြစ်သူက သမီးကို ကျွေးမွေးရတယ်ဆိုတာ သဘာဝကျတဲ့ ကိစ္စပဲ မဟုတ်ဘူးလား...

ယွမ်ရှောင်ချွေ၏ စိတ်အစဉ်မှာ အတွေးပေါင်းစုံဖြင့် ရှုပ်ထွေးနေသော်လည်း မကြာမီမှာပင် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချမှတ်လိုက်သည်။

သူမသည် အမည်စာရင်း ပေးသွင်းပြီးပြီဖြစ်ရာ နောက်ထပ် ဆယ်ရက်ကျော်လျှင် ကျေးလက်သို့ ဆင်းရတော့မည်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သွားရတော့မည်ဖြစ်ရာ သူမ၏ဘဝ အဆင်ပြေချောမွေ့စေရန် သေချာအောင် လုပ်ဆောင်လိုပါသည်။ အဘွားကြီးကျောက်

ပြောသည်မှာ မှန်၏။ လက်ထဲတွင် ပစ္စည်းပစ္စယအချို့ ရှိနေခြင်းသည် သူမကို ဒုက္ခမရောက်အောင် ကာကွယ်ပေးနိုင်လိမ့်မည်။

ထို့အပြင် သူမ မထွက်ခွာမီ လုပ်ဆောင်ခဲ့သည့် လုပ်ရပ်များသည် ကျောက်ရုံနှင့် အခြားသူများအတွက် ပြဿနာအရှုပ်အထွေးများကို ချန်ထားခဲ့သလို ဖြစ်သွားပေလိမ့်မည်။

ဟင်း... သူတို့ ဒါကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့...

သူတို့က အသိုင်းအဝိုင်းကြားမှာ မျက်နှာပွင့်ချင်ကြတဲ့သူတွေ မဟုတ်လား...

သူတို့က အပြင်ပန်း သိက္ခာရှိတဲ့လူတွေဖြစ်ချင်နေပြီး သူမကလည်း သူတို့ရဲ့ သမီးဖြစ်နေတာမှတော့ သူမ ချန်ခဲ့တဲ့ ပြဿနာတွေကို သူတို့ပဲ ရှင်းပေးကြရမှာပေါ့..

သူတို့ ဒုက္ခရောက်နေတာကို မြင်ရသည်မှာ ယွမ်ရှောင်ချွေအတွက် ပျော်စရာတစ်ခုပင်။

သူမ သူတို့ကို မိသားစုဝင်နှယ် ဆက်ဆံချင်သည့်အခါ အဆပေါင်းများစွာ ကာကွယ်ပေးတတ်သော်လည်း ထိုသို့မဟုတ်သည့်အခါမျိုးတွင်မူ သူတို့ အရှက်တကွဲ အကျိုးနည်းဖြစ်သည်ကိုသာ မြင်ချင်မိ၏။ ဤသို့တွေးတောရင်း ယွမ်ရှောင်ချွေ၏ အတွေးများမှာ ပို၍ နယ်ကျွံလာပြန်သည်။

သူမ မထွက်ခွာမီ တစ်စုံတစ်ယောက်ထံမှ ပိုက်ဆံအချို့ ချေးသွားလျှင်ရော...

သူမ အကြွေးစာချုပ် ရေးပေးရန် အသင့်ရှိ၏။

အကယ်၍ ကျောက်ရုံတို့က ပြန်မဆပ်ပေးရင် သူတို့ပဲ အရှက်ကွဲကြမှာပေါ့...

သို့သော် ပြန်စဉ်းစားကြည့်ပြန်​သောအခါ သူမ ထင်သလောက် မလွယ်ကူလှချေ။ သူမ အကြွေးစာချုပ် ရေးပေးချင်သော်လည်း လူတိုင်း ပိုက်ဆံချေးချင်ကြမည် မဟုတ်ပေ။ ယနေ့ခေတ်တွင် ပိုက်ဆံချေးရန်မှာ အလွန်ခက်ခဲလှသည်။ သာမန် ခင်မင်ရင်းနှီးမှုမျိုးဖြင့် ချေးရန်မှာ အလွန်ပင် မဖြစ်နိုင်သလောက်ပင်။

ယွမ်ရှောင်ချွေသည် ခေတ္တမျှ စဉ်းစားပြီးနောက် အဘွားကြီးကျောက်၏ တောင်းဆိုချက်ကို သဘောတူရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ အဘွားကြီးကျောက်သည် နောင်တွင် အကြွေးလိုက်တောင်းရဦးမည်ဖြစ်ရာ အဆင်ပြေချောမွေ့ပါစေဟုသာ သူမ ဆုတောင်းပေးနိုင်၏။

အကယ်၍ အဆင်ပြေသွားပါက သူမဘက်မှ ပြန်ဆပ်ရန် မလိုတော့ပေ။ ဟဲဟဲ… အကယ်၍ အဆင်မပြေပါလျှင်လည်း သူမ အနားမှာ မရှိသဖြင့် အဘွားကြီးကျောက် အနေဖြင့် သူမကို လာရှာနိုင်မည် မဟုတ်ချေ။ သူမအတွက် နစ်နာစရာ မရှိပေ။ နောင်မှသာ ဖြည်းဖြည်းချင်း ပြန်ဆပ်နိုင်၏။ လုံးဝ ပြန်မဆပ်ဘဲ နေရန်မှာမူ မဖြစ်နိုင်ချေ။

အမှန်အတိုင်းပြောရလျှင် ယွမ်ရှောင်ချွေသည် ချေးပြီး ပြန်မဆပ်မည့်သူမျိုးဟု မိမိကိုယ်ကိုယ် မယူဆသဖြင့် ထိုသို့လုပ်ရန် တစ်ခါမှ မစဉ်းစားဖူးပေ။

ဤသို့တွေးတောရင်း သူမ၏ ကိုယ်ပိုင်လမ်းကြောင်းကို သတ်မှတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင်အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်တယ်.. မဟုတ်ရင် သူမဖခင်နဲ့ ကျောက်ရုံကို အားကိုးနေလို့ ဖြစ်မလား...

ထိုနှစ်ယောက်မှာ သူမကို သက်တောင့်သက်သာ နေခွင့်ပေးမည့်သူများ မဟုတ်ချေ။ ဤသည်ကို တွေးမိသောအခါ ယွမ်ရှောင်ချွေမှာ အနည်းငယ် ဝမ်းနည်းမိပြီး ချန်ချင်းယွီနှင့် စကားပြောနိုင်သည့် ခေါင်းစဉ်တချို့ ရှိလေသည်ဟု ခံစားလိုက်ရ၏။

သူမသည် ချန်ချင်းယွီထက် အများကြီး ပို၍ ပြတ်သားသူ ဖြစ်၏။

ချန်ချင်းယွီမှာမူ ပြဇာတ်ထဲမှ သနားစရာ ကလေးမလေးလိုပင် အလွန် ပျော့ညံ့လွန်းလှသည်။

သူမမှာမူ သတ္တိရှိ၏။ မထွက်ခွာမီ ကျောက်ရုံနှင့် သူမ၏ ယုတ်မာသောဖခင်ကို ကောင်းကောင်းကြီး ပညာပေးခဲ့သေးသည် မဟုတ်လား...

ဟုတ်တယ်…သူတို့ကို သင်ခန်းစာ ပေးရမယ်..

မိမိကိုယ်ကိုယ် အားပေးပြီးနောက် ယွမ်ရှောင်ချွေသည် ချန်ချင်းယွီထံသို့ သွားကာ ကြွားဝါချင်စိတ် ပို၍ ပြင်းပြလာသည်။ သေချာစဉ်းစားကြည့်လျှင် သူတို့နှစ်ဦးမှာ ဘဝတူများပင် ဖြစ်ကြ၏။

ယွမ်ရှောင်ချွေ လမ်းလျှောက်လာပြီး ချန်ချင်းယွီကို ရှာလိုက်ရာ သူမမှာ ကလေးများကို နာရီကြည့်နည်း သင်ပေးနေသည်ကို တွေ့ရပြီး သိသိသာသာပင် စိတ်တိုနေပုံရသည်။

ယွမ်ရှောင်ချွေ : "..."

ဒါက သူမမြင်ဖူးနေကျ ချန်ချင်းယွီ မဟုတ်ဘူး…

သူမ ထစ်ထစ်ငေါ့ငေါ့ဖြင့်

"ဟဲဟဲ... ချန်ချင်းယွီ၊ နင် ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး ထင်တယ်"

ချန်ချင်းယွီ အသက်ပြင်းပြင်းရှူကာ ဖျစ်ညှစ်ပြုံးလိုက်ပြီး

"နင်တို့နှစ်ယောက် အပြင်ထွက်ကစားကြတော့။ ဒါကို နောက်မှ ဖြည်းဖြည်းချင်း သင်ကြတာပေါ့"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ အမြွှာနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြိုင်တူပင် ထွက်ပြေးသွားကြတော့သည်။

ချန်ချင်းယွီ နောက်ထပ် အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြန်၏။

ထို့နောက် ရေရွတ်လိုက်ကာ

"ငါ တကယ်ပဲ ဆရာမ မလုပ်သင့်ဘူး"

ယွမ်ရှောင်ချွေ : "နင် အိပ်မက် မက်နေတာလား.. အလုပ်ရဖို့ ဘယ်လောက်ခက်သလဲ..ငါသာ အလုပ်ရှိရင် ကျေးလက်ကို ဆင်းနေစရာ မလိုဘူး"

ချန်ချင်းယွီ မျက်ခုံးပင့်လိုက်၏။

ယွမ်ရှောင်ချွေ : "ငါ မကြာခင် သွားရတော့မယ်၊ စကားစမြည် ပြောကြရအောင်"

ချန်ချင်းယွီ စကားမပြောရသေးမီမှာပင်...

ယွမ်ရှောင်ချွေ အလျင်အမြန်ပင် ပြောလိုက်သည်။

"ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော်၊ ငါ သူတို့ကို အလစ်အငိုက် ဖမ်းချင်လို့"

ချန်ချင်းယွီ ယွမ်ရှောင်ချွေကို မော့ကြည့်ကာ အလေးအနက် မေးလိုက်မိ၏။

"နင့်မှာ သူငယ်ချင်း မရှိဘူးလား... ငါတို့က အဲဒီလောက်လည်း မရင်းနှီးကြပါဘူး"

ယွမ်ရှောင်ချွေ : "..."

ဒီမိန်းမကတော့ တကယ်ကို စကားပြောမတတ်ဘူး..ဒါကြောင့်လည်း လူမချစ်တာ ဖြစ်မှာ..

သူမ နှာခေါင်းရှုံ့လိုက်၏။ ထို့နောက် နှုတ်ခမ်းစူကာ

"ငါတို့က ဘဝတူတွေပဲဟာ၊ ငါ့ကိုကြည့်စမ်း၊ ငါ အိမ်ကနေ ထွက်သွားနိုင်ပြီ၊ နင်က ဘာလို့ အဲဒီလောက်တောင် ပျော့ညံ့ပြီး အသုံးမကျဖြစ်နေရတာလဲ..."

ချန်ချင်းယွီ ယွမ်ရှောင်ချွေကို သေချာကြည့်ပြီး

"ငါ အိမ်ထောင်ကျတာ ကြာပြီ၊ အိမ်ကနေ ထွက်လာတာလည်း ကြာလှပြီ"

ယွမ်ရှောင်ချွေ : "..."

ဒီနေ့ ချန်ချင်းယွီ၏ အမူအရာမှာ သိပ်မကောင်းလှဘူး…

မည်သို့ပင်ဖြစ်စေ ဂရုစိုက်နေစရာ မလိုပေ…

"နင့်ယောက္ခမကရော... သူကလည်း နင့်အပေါ် မကောင်းဘူး မဟုတ်လား"

ချန်ချင်းယွီ : "အင်း"

သူမသည် ယွမ်ရှောင်ချွေကို နားမလည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်မိသည်။ ယွမ်ရှောင်ချွေမှာ တကယ်ပင် လုပ်စရာမရှိ ကိုင်စရာမရှိ ဖြစ်နေပုံရ၏။

"ဒီလို အချိန်ပိုတွေရှိနေရင် ကျေးလက်က ဘယ်နေရာကို သွားရမှာလဲ၊ အဲဒီက ရာသီဥတုက ဒီနဲ့တူရဲ့လား၊ ဘာတွေပြင်ဆင်ဖို့ လိုမလဲဆိုတာကိုပဲ သေချာစဉ်းစားသင့်တယ်..ရွာရောက်မှ အကုန်ဝယ်မယ်လို့ တကယ်ပဲ စိတ်ကူးထားတာလား... ဝေးလံခေါင်ဖျားတဲ့ နေရာမျိုးကို သွားရမယ်ဆိုရင် လက်မှတ်တွေရှိရုံနဲ့တင် ပစ္စည်းအစုံအလင်ဝယ်ဖို့ မလွယ်ဘူးနော်.. ပေကျင်းက မြို့တော်ဖြစ်လို့သာ အရာအားလုံး အလွယ်တကူ ရနေတာ"

ချန်ချင်းယွီ ပြောလိုက်၏။

ယွမ်ရှောင်ချွေ : "ဟုတ်သားပဲ"

ချန်ချင်းယွီ: "..."

ဒီကောင်မလေးကတော့ တကယ့်ကို ထူးခြားဆန်းပြားလွန်းတယ်.. သူမ ဦးနှောက်က ဘာအတွက် ရှိနေတာပါလိမ့်...

ယွမ်ရှောင်ချွေ : "နင်ပြောတာ မှန်တယ်၊ ငါ ပစ္စည်းတချို့ ဝယ်ဖို့ လိုတယ်"

သူမသည် အရာအားလုံးကို ထုတ်ပြောရလောက်အောင် ပေါ့ပေါ့ဆဆ မရှိသူဖြစ်၍ ချက်ချင်းပင် ထရပ်ကာ

"ငါ ပစ္စည်းတွေ ပြင်ဆင်ဖို့ လိုပြီ"

"ဒါဆို ငါ သွားတော့မယ်"

သူမ ပြောကာ အလျင်အမြန်ပင် ထွက်သွားလေသည်။ တံခါးဝသို့ ရောက်သောအခါ ယွမ်ရှောက်ချွေ နောက်သို့ လှည့်ကြည့်ပြီး ဆိုလိုက်သေး၏။

"ချန်ချင်းယွီ၊ ငါတို့က ဘဝတူတွေပဲ..ကိုယ့်အဖေအရင်းကိုတောင် အားကိုးလို့ မရဘူး.. ငါကတော့ အဆုံးထိ တိုက်ပွဲဝင်သွားမှာ၊ နင်လည်း သိပ်ပြီး ပျော့ညံ့မနေနဲ့ဦး.. နင်သာ သိပ်ကြောက်နေမယ်ဆိုရင် ငါ နင့်ကို အထင်သေးမိလိမ့်မယ်"

ချန်ချင်းယွီမှာ မြန်မြန်သွားတော့ဟူသော အဓိပ္ပာယ်ဖြင့် လက်ဝေ့ယမ်းပြလိုက်၏။

ယွမ်ရှောင်ချွေ : "ဟွန့်... ကျေးဇူးမသိတဲ့လူ"

သူမသည် တံခါးပြင်သို့ ခုန်ဆွခုန်ဆွဖြင့် ထွက်သွားတော့သည်။ လူအချင်းချင်းကြား ဆွဲဆောင်မှုဆိုသည်မှာ တကယ်ပင် ခန့်မှန်းရခက်လှသည်ဟု ချန်ချင်းယွီ တွေးမိ၏။ ယွမ်ရှောင်ချွေသည် ဆိုးသွမ်းသည့်သူတစ်ဦး မဟုတ်သော်လည်း သူတို့နှစ်ဦး၏ စရိုက်မှာမူ လုံးဝ ထပ်တူမကျလှချေ။ ပညာတတ်လူငယ်များ ကျေးလက်သို့ ဆင်းရသည့် လှိုင်းလုံးကြီးမှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့ပြီး လူငယ်ပေါင်းများစွာ ကျေးလကမသို့ သွားခဲ့ကြရသည်။

သို့သော် ချန်ချင်းယွီ အနေဖြင့် ကျေးလက်သို့ အမှန်တကယ် ဆင်းရသူများထဲတွင် ယွမ်ရှောင်ချွေမှာ သူမ ပထမဆုံး တွေ့ဖူးသည့်သူ ဖြစ်လာ၏။

ယွမ်ရှောင်ချွေမှာ မြို့ပေါ်မှာ ဆက်နေချင်သော်လည်း မြို့မှာ ဆက်နေနိုင်ဖို့ မလွယ်ကူလှချေ။ အချို့သော အရာများသည် ရှောင်လွှဲ၍ မရနိုင်ပေ။

သို့သော်လည်း ယွမ်ရှောင်ချွေမှာ အလွန်အမင်း ဒုက္ခရောက်လိမ့်မည် မဟုတ်ဟု ချန်ချင်းယွီ ခံစားမိသည်။ ယွမ်ရှောင်ချွေတွင် အနည်းငယ် ဦးနှောက်မရှိသော်လည်း ပွင့်လင်းပြတ်သားသော စရိုက်ရှိပြီး အချက်ကျကျ လုပ်ဆောင်တတ်သူ ဖြစ်၏။ ထို့အပြင် ဖြစ်ရပ်အချို့ကို ကြည့်ခြင်းအားဖြင့် သူမတွင် ကံကောင်းမှုအချို့ ရှိပုံရရာ ကျေးလက်သို့ ရောက်သွားသော်လည်း သူမ၏ဘဝမှာ အဆင်ပြေကောင်း ပြေနေနိုင်လေသည်။

ယွမ်ရှောင်ချွေမှာ ကျေးလက်သို့သွားရန် အလုပ်များစွာဖြင့် ပြင်ဆင်နေစဉ် ဝင်းထဲရှိ အခြားသော လူငယ်များမှာမူ စာကြိုးစားနေကြဆဲ ဖြစ်၏။ သူတို့အားလုံးမှာ အသက်နှင့်လဲ၍ စာကျက်နေကြသကဲ့သို့ပင်။ နောက်ပိုင်းတွင် အလွန်တက်ကြွပြီး ဝီရိယရှိလှသော ဟောက်ရွှယ်ပင်လျှင် အပြင်ထွက်၍ အချိန်ဖြုန်းခြင်း မရှိတော့ချေ။

သူမ အပြင်မထွက်တော့သဖြင့် ရှီရှောင်ဝေနှင့် လီလင်းလင်းတို့လည်း စာစကျက်ရတော့သည်။ စာကျက်ခြင်းသည်လည်း ပြိုင်ဆိုင်မှုတစ်မျိုးပင် ဖြစ်၏။

"အား... အား အား..."

ရှီရှောင်ဝေသည် စာကျက်နေရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။

ရှောင်ကျား၊ ရှောင်ယွမ်နှင့် အခြားကလေးတစ်အုပ်မှာ ဝင်းထဲတွင် ကစားနေကြရာ ရှီမိသားစုအိမ်ဘက်သို့ ထိတ်လန့်စွာ လှည့်

ကြည့်ကြ၏။ ရှီရှောင်ဝေမှာမူ သူ၏ စိတ်ပျက်အားလျော့မှုများကို အော်ဟစ်ပေါက်ကွဲနေဆဲပင်။

ရှောင်ကျား ခေါင်းကိုကုပ်ရင်း "ဘာဖြစ်တာလဲဟင်..." ဟု မေးလိုက်သည်။

ရှောင်ယွမ် တိုးတိုးလေး ပြန်ဖြေကာ

"စာကျက်ရတာ အရမ်းခက်လို့နေမှာ..."

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ကြ၏။

"ရှောင်ကျားနဲ့ ရှောင်ယွမ်ရေ~"

ချန်ချင်းယွီ လှမ်းခေါ်လိုက်သဖြင့် ကလေးငယ်နှစ်ဦးမှာ သူတို့၏ ခြေတိုလေးများဖြင့် အပြေးအလွှား ရောက်လာကြသည်။

"မေမေ~"

ချန်ချင်းယွီ : "ရှေ့ဝင်းကို သွားပြီးတော့ တစ်ယောက်ယောက်မှာ သစ်ကြားသီးနဲ့ နှမ်းရှိမလားဆိုတာ သွားမေးပေးဦး.. မေမေ ပစ္စည်းတစ်ခုခုနဲ့ လဲချင်လို့ပါ"

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ မိခင်ဖြစ်သူအတွက် အလုပ်အကျွေးပြုရသည်ကို အလွန်နှစ်သက်ကြသဖြင့် ရှေ့ဝင်းသို့ စကားတပြောပြောနှင့် ပြေးသွားကြတော့သည်။ ပိုင်ဖုန်းရှန်းမှာ ကလေးနှစ်ယောက်ကို ပြောလိုက်ကာ

"ငါ့မှာ ရှိတယ်လေ.. ဘယ်လိုလဲချင်တာလဲဆိုတာ နင့်မေမေကို သွားမေးလိုက်ဦးမယ်"

"အို၊ အဒေါ်ပိုင်ကတော့ တကယ်ပဲ အံ့သြစရာကောင်းလိုက်တာ... ဒီလို ပစ္စည်းမျိုးတွေတောင် ရှိသေးတယ်ပေါ့"

ပိုင်ဖုန်းရှန်း အနည်းငယ် ဂုဏ်ယူသော အမူအရာဖြင့်

"ဒါတွေက ငါ့သားကြီး ရွာကနေ ပြန်လာတုန်းက ယူလာပေးတာလေ။ သူ ကျေးလက်သွားနေတာ ကြာပြီဆိုပေမဲ့ လူကြီးတွေအပေါ် တကယ် သိတတ်ပါတယ်၊ ငါတို့ကို အမြဲတမ်း သတိရနေတာ"

သူမသည် သင့်တော်သော အချိန်တွင် သူမ၏သားအကြောင်းကို ကြွားဝါလိုက်ခြင်း ဖြစ်၏။

"ဒါ တကယ် ကောင်းတာပဲ"

"ကျေးလက်ဘက်မှာက သယံဇာတတွေ အလွန်ပေါတာကိုး"

သို့သော်လည်း အချို့လူများအတွက် ဤစကားကို ကြားရသည်မှာ စိတ်မချမ်းသာလှပေ။ အဘွားကြီးဝမ်မှာ ဤကဲ့သို့ ကြွားဝါစကား ကြားရသည်မှာ မနှစ်မြို့လှပေ… သူမအတွက်မူ သူမသားသည်သာ အကောင်းဆုံးဖြစ်သည်။

အဘွားကြီးဟွမ်သည်လည်း ထိုနည်းတူပင် ဖြစ်၏။

သူမ၏သားသည်သာ အတော်ဆုံးဟု ထင်နေလေသည်။

သို့သော်လည်း ပိုင်ဖုန်းရှန်းသည် သူတို့၏ သရော်စာစကားများကို စောင့်မနေခဲ့ပေ။ သူမသည် ထိုင်ရာမှထကာ ချန်ချင်းယွီရှိရာသို့ အမြန်သွားပြီး မေးလိုက်၏။

"ချင်းယွီလေး၊ ဘယ်လောက်လဲချင်လို့လဲ..."

ချန်ချင်းယွီ : "ကျွန်မ ယိုချာခေါက်ဆွဲဖတ် လုပ်မလို့ပါ.. တော်တော်များများ လုပ်ချင်တာ၊ ဒါပေမဲ့ အဒေါ်လဲနိုင်သလောက်ပဲပေါ့။ ဘယ်လောက်လဲပေးနိုင်မလဲ..."

ခေတ္တရပ်ပြီးနောက် သူမက ထပ်မေးလိုက်ကာ

"ဘယ်လိုလဲချင်လဲဟင်..."

"ငါ့ကို လက်မှတ်အချို့နဲ့ လဲပေးရင်ရော အဆင်ပြေမလား..."

ပိုင်ဖုန်းရှန်း ဆိုလိုက်၏။

ချန်ချင်းယွီ ဝမ်းသာအားရဖြင့် "ဘာလို့ မရရမှာလဲ..." ဟု အာမေဍိတ်သံဖြင့် ဆိုလိုက်သည်။

သူမသည် ထိုလက်မှတ်များကို အမြန်ဆုံး လဲလှယ်ပစ်ချင်နေသူ ဖြစ်၏။ အကယ်၍ ဤသို့သာ လဲလှယ်၍ ရနေပါက သူမတို့မိသားစုအနေဖြင့် ယွမ်ရှောင်ချွေနှင့် ထိုသို့သော သဘောတူညီချက်မျိုးကို အဘယ်ကြောင့် စွန့်စားလုပ်ကိုင်နေတော့မည်နည်း။ ထိုသို့လုပ်ခြင်းမှာ မလိုအပ်ဘဲ ပြဿနာသာ ဖိတ်ခေါ်ရာ ရောက်ပေလိမ့်မည်။

တချို့တလေကိုပဲ ဝှက်ထားရင်ရနေပြီ…

ကျန်ရှိသည်များကိုလည်း အန္တရာယ်နည်းသွားအောင် ပမာဏအနည်းငယ်စီ ခွဲ၍ လဲလှယ်ပစ်ရမည်။

တစ်ခါတစ်ရံတွင် ဆင်းရဲသော မိသားစုတစ်ခု ရုတ်တရက် ချမ်းသာလာခြင်းမှာ ကောင်းသောကိစ္စဟု အမြဲတမ်း မဆိုနိုင်ပေ။

ကံကောင်းသည်မှာ ယခုခေတ်တွင် လူများမှာ တစ်ဦးနှင့်တစ်ဦး စိမ်းစိမ်းကားကား မရှိကြခြင်းပင်။ ဝင်းကြီးတစ်ခုလုံးမှာ အမြဲစည်ကားနေပြီး လူတိုင်း တစ်ဦးအကြောင်း တစ်ဦး သိနေကြ၍သာ… မဟုတ်ပါက ပထမဆုံးနေ့၌ပင် သူခိုးမျက်စိကျခြင်း ခံရပေလိမ့်မည်။

ဤဝင်းကြီးမှာ ဝင်းငယ်ငါးခု စုထားခြင်းဖြစ်သဖြင့် လူအလွန်များပြီး အသံဗလံ အနည်းငယ်ထွက်ရုံဖြင့်ပင် တစ်စုံတစ်ယောက်က သတိထားမိနိုင်ရာ ဘေးကင်းသည်ဟု ဆိုရမည်။

သူခိုးတစ်ယောက်မှ ဤသတင်းကို သိသွားလျှင်ပင် အခြေအနေ ငြိမ်သက်သွားသည်အထိ စောင့်ဆိုင်းပေလိမ့်မည်။

ထိုအချိန်အတောအတွင်း ချန်ချင်းယွီတို့မှာ ဤအရာများကို အမြန်ဆုံး ရှင်းလင်းပစ်ရန် အချိန်ရနေ၏။

တောက်...

တကယ့်ကို အလုပ်ရှုပ်စရာပဲ...

အကျိုးအမြတ်တစ်ခု ရလာသည့်အခါတွင်ပင် နောက်ဆက်တွဲ ပြဿနာများက ပါလာစမြဲပင်။

ချန်ချင်းယွီ : "ဒေါ်လေး ဘယ်လိုလက်မှတ်မျိုး လဲချင်လဲ... ကျွန်မ ကြည့်ရသလောက်တော့ ဒီမှာ ရိက္ခာလက်မှတ်တော့ မရှိသလောက်ပဲ၊ သကြားလက်မှတ်ကိုလည်း မနေ့က သုံးလိုက်ပြီ…စက်မှုထုတ်ကုန်

လက်မှတ်တွေ အများဆုံးရှိပြီး အပ်ချုပ်စက်ဝယ်ခွင့် လက်မှတ်တစ်စောင်ရှိတယ်။"

"အပ်ချုပ်စက် ဝယ်ဖို့ကတော့ ငါတို့ မတတ်နိုင်ပါဘူး.. စက်မှုထုတ်ကုန်လက်မှတ်ပဲ လဲပေးပါ၊ ငါ့ချွေးမ မြို့ပေါ်လာတော့မှာမို့လို့..မျက်နှာသစ်ဇလုံနဲ့ ရေနွေးခွက်တို့ ဝယ်ဖို့ လိုလိမ့်မယ်.."

ချန်ချင်းယွီ : "ဒေါ်လေးတို့ဆီမှာ မရှိလို့လား..."

ပိုင်ဖုန်းရှန်း : "ငါ့သားကြီး ချွေးမပါ မြို့ပေါ်လာမှာဆိုတော့ အိမ်မှာ လူများလာပြီလေ၊ အဲဒါကြောင့် ပစ္စည်းအသစ်တွေ ဝယ်သင့်တယ်လို့ ထင်လို့ပါ"

ချန်ချင်းယွီ ခေါင်းညိတ်ကာ

"ဟုတ်ပါတယ်လေ"

ပိုင်ဖုန်းရှန်း : "ဒီမှာ ခဏစောင့်ဦး၊ ငါ အိမ်ပြန်ပြီး ပစ္စည်းတွေ သွားယူလိုက်ဦးမယ်"

ချန်ချင်းယွီ : "ဟုတ်ကဲ့ပါ~"

ထိုနှစ်ဦးမှာ အလျင်အမြန်ပင် အလဲအလှယ် လုပ်လိုက်ကြသည်။ ချန်ချင်းယွီသည် ငွေကြေးကိစ္စများကို မကိုင်တွယ်ဝံ့သော်လည်း အိမ်နီးနားချင်းအချင်းချင်း ဤသို့ ပစ္စည်းချင်းလဲလှယ်ခြင်းမှာမူ အလွန်ရိုးရှင်း၏။ ချန်ချင်းယွီသည် သစ်ကြားသီးနှင့် နှမ်းတို့ကို လဲယူခဲ့ပြီးနောက် သူမ၏ ကိုယ်ပိုင်မြေပဲအချို့ကိုလည်း ထုတ်လိုက်သည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့မှာ ဘေးမှနေ၍ စပ်စုသော မျက်လုံးလေးများဖြင့် ကြည့်နေကြ၏။

ချန်ချင်းယွီ လက်ညှိုးလေးဖြင့် လှမ်းခေါ်လိုက်ရာ ကလေးနှစ်ဦးမှာ တံတွေးများ မြိုချရင်း မိခင်ဖြစ်သူထံသို့ အပြေးအလွှား ရောက်လာကြပြီး မျက်လုံးလေးများ တောက်ပလျက် ကြည့်နေကြသည်။

ချန်ချင်းယွီ : "ကဲ... လက်နှစ်ဖက်လုံးကို ဖြန့်လိုက်ကြဦး"

"ဟုတ်ကဲ့..."

ကလေးငယ်များမှာ လိမ္မာပါးနပ်စွာ ပြန်တုံ့ပြန်ကြသည်။

ချန်ချင်းယွီ : "ဘယ်ဘက်လက်ထဲမှာ မြေပဲ၊ ညာဘက်လက်ထဲမှာ သစ်ကြားသီး၊ ကဲ... သွားစားကြတော့..."

ကလေးနှစ်ဦးမှာ စိတ်လှုပ်ရှားစွာဖြင့် ဖင်လေးများကို လှုပ်ခါလျက် ဝမ်းသာအားရ ခုန်ပေါက်နေကြ၏။

သို့သော် ဤကလေးငယ်များကို အထင်သေးလျှင် မှားမည်သာ~~ သူတို့သာ် အလွန်ပါးနပ်သည်။ အပြင်မှာ အခြားကလေးများရှိနေသဖြင့် ဤမုန့်များကို အပြင်ယူသွား၍ မစားရကြောင်း သူတို့ သိကြ၏။ ထို့ကြောင့် ကလေးနှစ်ဦးမှာ ခုံပုလေးများကို ရှာ၍ ထိုင်ကာ မိခင်ဖြစ်သူ အလုပ်ရှုပ်နေသည်ကို ကြည့်နေကြလေသည်။

ချန်ချင်းယွီသည် မြေပဲ၊ သစ်ကြားသီးနှင့် နှမ်းတို့ကို မီးအေးအေးဖြင့် စတင်လှော်ကာ အလုပ်စလုပ်တော့၏။

အမှန်တကယ်တွင် သူမအတွက် ပထမဆုံးအကြိမ် လုပ်ဖူးခြင်း ဖြစ်သော်လည်း ဗီဒီယိုတိုလေးများထဲတွင် မြင်ဖူးခဲ့သည့် မှတ်ဉာဏ်အချို့ ရှိနေသည်။

ချန်ချင်းယွီမှာ ပျင်းပျင်းရှိသဖြင့် ယိုချာခေါက်ဆွဲ မုန့်ဖက်များ ပြုလုပ်ရန် စဉ်းစားလိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ရှေးမူအတိုင်း စစ်စစ်ကြီး မဟုတ်ဘဲ ခေတ်သစ်ပုံစံ မွမ်းမံထားသည့် နည်းလမ်းမျိုးသာ ဖြစ်လိမ့်မည်။ ယိုချာခေါက်ဆွဲ မုန့်ဖက်ကို ပြုလုပ်ထားပါက အလျင်လိုသည့် အချိန်မျိုးတွင် အလွယ်တကူ ဖျော်သောက်နိုင်သဖြင့် အလွန်အဆင်ပြေစေ၏။

ချန်ချင်းယွီသည် အလုပ်များနေစဉ်အတွင်း မကြာမီမှာပင် ဝင်းတစ်ခုလုံး၌ မွှေးကြိုင်သော ရနံ့များ ပျံ့နှံ့သွားတော့သည်။ ရှေ့ဝင်းရှိ အိမ်ရှင်မများမှာ နှာခေါင်းတရှုံ့ရှုံ့လုပ်ရင်း မေးမြန်းကြ၏။

"ဘာတွေ ဒီလောက်မွှေးနေတာလဲ..."

"ဟုတ်ပ၊ တစ်ယောက်ယောက်တော့ စားကောင်းသောက်ဖွယ်တွေ ထပ်လုပ်နေပြန်ပြီ။ တကယ်ပဲ လူတွေကို ခက်အောင်လုပ်နေတာလား မသိဘူး"

"မေ့နေပြီလား... ချန်ချင်းယွီလေ၊ ခုနတင်ပဲ ပစ္စည်းတွေ လဲသွားတယ်မဟုတ်လား”

"ဪ... ဟုတ်သားပဲ”

ပိုင်ဖုန်းရှန်း ဝင်ပြောလိုက်ကာ

"ချင်းယွီလေးက သစ်ကြားသီးတွေရော ဘာတွေရော သူ့ဘာသာသူ လှော်နေတာ၊ ယိုချာခေါက်ဆွဲဖက်

လုပ်ဖို့ ပြင်နေတာလေ"

"ဒါကတော့ တကယ့်ကို ထူးခြားတာပဲ"

အဘွားကြီးဟွမ် ခပ်ဖွဖွ ဆိုလိုက်၏။ သူမသည် ယခုအချိန်တွင် ချန်ချင်းယွီကို မပြစ်မှားဝံ့တော့ဘဲ လေသံတိုးတိုးဖြင့်သာ မကျေမနပ် ရေရွတ်နိုင်တော့သည်။

လူကြီးများ ရနံ့ရသလို ကလေးများလည်း အနံ့ရကြသည်မှာ သဘာဝပင်။ သူတို့သည် ချန်ချင်းယွီ၏ တံခါးဝတွင် လာရောက် ချောင်းကြည့်နေကြ၏။ ချန်ချင်းယွီသည် လူကောင်းယောင်ဆောင်ကာ သူတို့ကို ဝေမျှပေးရန် မကြိုးစားခဲ့ပေ။ အကယ်၍ ဝေမျှမည်ဆိုလျှင်လည်း အားလုံးအတွက် လောက်ငမည် မဟုတ်ချေ။

အခြားသူများသည်လည်း သူတို့၏ စားကောင်းသောက်ဖွယ်များကို သူမ၏ ကလေးငယ်များအား ဝေမျှလေ့မရှိသဖြင့် ချန်ချင်းယွီသည်လည်း ထိုကဲ့သို့ စေတနာမျိုး မထားခဲ့ပေ…

လက်ရှိမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း ခေတ်ကြီးမဟုတ်ပေ၊ ယခုအချိန်တွင် လူတိုင်းမှာ ဆင်းရဲကြသည်ဖြစ်ရာ သူမအနေဖြင့် အနိုင်ကျင့်ခံ ပျော့ညံ့သူတစ်ဦး မဖြစ်လိုပေ။

ချန်ချင်းယွီသည် သူမ၏အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်နေပြီး ကလေးများမှာမူ တံခါးဝတွင် စုပြုံကာ သူမလှော်နေ၊ ကြော်နေ၊ ထို့နောက် ပစ္စည်းများကို စဉ်းနေသည်တို့ကို စိတ်ဝင်တစား ကြည့်နေကြသည်။ ချန်ချင်းယွီ အလုပ်လုပ်နေစဉ် ကလေးများက စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ပြောနေကြ၏။

"ဘာလုပ်နေတာလဲဟင်..."

"ငါလည်း မသိဘူး၊ ဒါပေမဲ့ မြေပဲတွေတော့ တွေ့တယ်.. ငါ့အဖေက အရက်နဲ့မြည်းဖို့ မြေပဲလှော်တာကို သိပ်ကြိုက်တာ"

"မြေပဲကြော်က ပိုစားကောင်းတာ"

"နင်ကလည်း ကြွားလိုက်တာ၊ ဆီတွေအများကြီးကုန်တဲ့ မြေပဲကြော်ကို..."

"မုန့်လုံးရေပေါ် လုပ်နေတာလား... ဒါတွေက မုန့်လုံးရေပေါ်ထဲ ထည့်တဲ့ အစာတွေ မဟုတ်လား"

"ငါ ထင်တာတော့..."

ကလေးများ တစာစာ ပြောနေကြသော်လည်း ချန်ချင်းယွီက ဂရုမစိုက်လှပေ။ သို့သော်လည်း လူတစ်ယောက်မှာမူ သည်းမခံနိုင်တော့ပေ။

ရှီရှောင်ဝေသည် ပြတင်းပေါက်မှ ခေါင်းပြူထွက်လာပြီး အော်ဟစ်လိုက်ကာ

"ဒီကလေးတွေ၊ အကုန်ထွက်သွားကြစမ်း... အပြင်မှာ သွားကစားကြ... ငါ့ကို သတ်မလို့လား... ဒုတိယဝင်းထဲမှာ အုပ်စုလိုက်လာစုနေတာ ငါစာကျက်တာကို နှောင့်ယှက်ဖို့လား...... ကံဆိုးတဲ့ ကလေးတွေ၊ ငါသာ စာမေးပွဲ ကျခဲ့ရင် ဒါတွေအားလုံး မင်းတို့ကြောင့်ပဲ..."

ကလေးများ: ‘……’

ကြည့်စမ်း... လူကြီးတစ်ယောက်က အပြစ်ရှာပြီး တရားခံလွှဲနေပြီ...

ရှီရှောင်ဝေ ဆက်လက်အော်ဟစ်နေကာ

"ထွက်သွားကြ၊ အကုန်ထွက်သွား... တကယ် နားငြီးစရာပဲ... မသွားရင် ရိုက်ပစ်မယ်။ တကယ်ပဲ၊ ကလေးတွေကို ဘယ်လိုများ ဆုံးမထားကြတာလဲ... သူတစ်ပါး စာကျက်နေတာကို နှောင့်ယှက်ရင် မိုးကြိုးပစ်ခံရမယ်ဆိုတာ မသိကြဘူးလား... မင်းတို့တွေ တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ..."

"ရှီရှောင်ဝေ၊ နင်က ဘယ်လိုစကားမျိုး ပြောတာလဲ... နင် စာမေးပွဲအမှတ်မကောင်းတာကို သူများကို အပြစ်လာတင်လို့ မရဘူးလေ။ ကိုယ်က မပျံနိုင်တာကို ဘောင်းဘီက လေတိုက်လို့ ဖောင်းနေတာကို အပြစ်တင်နေသလိုပဲ"

"ဟုတ်ပ၊ တခြားလူတွေကျတော့ နင်လောက် ပြဿနာမများပါလား.. ကိုယ်က စာမလုပ်နိုင်တိုင်း ကလေးတွေကို လိုက်ဆူနေတာ၊ နင်က ဘာကောင်မို့လို့လဲ"

"နင်က ကလေးတွေကိုပဲ အနိုင်ကျင့်တတ်တာ၊ တကယ်သာ တော်ရင် အမှတ်ကောင်းကောင်းရအောင် လုပ်ပြလေ..."

ရှေ့ဝင်းထဲရှိ အဘွားကြီးမှာလည်း သည်းမခံနိုင်တော့ချေ။ ရှီရှောင်ဝေ သူမ၏မြေးကို အနိုင်ကျင့်နေသဖြင့် ငြိမ်ကြည့်မနေနိုင်ဘဲ ပြန်ပြောရတော့သည်။

"ဒီမိန်းမတွေ၊ တကယ့်ကို အတင်းအဖျင်း မိန်းမတွေပဲ... ဒီလိုမိန်းမမျိုးတွေမို့လို့ ဒီလိုကလေးမျိုးတွေ ထွက်လာတာပေါ့။ အပင်က ဘယ်လိုလဲ အသီးကလည်း အဲဒီလိုပဲ..."

ရှီရှောင်ဝေ အားရပါးရ အော်ဟစ်ဆဲဆိုနေဆဲပင်။ သူသည် အလွန်ရိုင်းစိုင်းနေပြီး လူတစ်ဖက်သားကို ဝါးစားမတတ် အမူအရာဖြင့်

"ခင်များတို့ အဘွားကြီးတွေ တစ်နေ့ကုန် ဘာလုပ်နေကြတာလဲ... ဟိုအကြောင်း ဒီအကြောင်း အတင်းပြော၊ လျှာအရိုးမရှိတဲ့ မျက်နှာတွေကို ကြည့်ဦး၊ အမြဲတမ်း သူတစ်ပါးအကြောင်းချည်းပဲ.. ခင်များတို့တွေက အရှက်မရှိဘူး၊ ဒါကြောင့်လည်း ကလေးတွေကို မထိန်းနိုင်တာ..."

ဟိုက်...

ဒါက နွားနို့အိုးထဲ ထုံးရည်နဲ့ ပက်လိုက်သလိုပါပဲ...

တကယ့်ကို စော်ကားလွန်းလှသည်။

ဘယ်သူက ဒီလို ဆဲဆိုတာမျိုး သည်းခံပါ့မလဲ......

"ရှီရှောင်ဝေ၊ နင် ရူးနေတာလား... ဘယ်သူ့ကို ဆဲနေတာလဲ... ငါတို့ နင့်ကို ဘာမှ မလုပ်ရသေးဘူးနော်... နင် ရူးနေရင်လည်း ဆေးသောက်ဦး ဘယ်သူ့ကို လာစိန်ခေါ်နေတာလဲ... ငါက နင့်အမေကိုတောင် မကြောက်တာ၊ နင်လို နို့နံ့မစင်သေးတဲ့ကောင်ကို ကြောက်မယ် ထင်နေလား..."

"အမှားအမှန်ဆိုတာ အသက်နဲ့ မဆိုင်ဘူး..."

သည်လိုနှင့် ဆူညံပွက်လောရိုက်ကာ ပြင်းထန်သော ရန်ပွဲကြီး ဖြစ်ပွားပါလေတော့သည်…

ချန်ချင်းယွီ: "…"

ဒီကောင်က ခုတလော တော်တော်လေး စိတ်တိုလွယ်နေတာပဲ..

အသေးအမွှားလေးကအစ အော်ဟစ်ပြီး ဒေါသထွက်နေတာပဲ...

တကယ်ပါပဲ၊ အနာဂတ်ကလိုပါပဲ.. ဘယ်ပျင်းရိတဲ့သူမှ အစိုးရဝန်ထမ်းစာမေးပွဲ ဖြေချင်တဲ့ စိတ်ဆန္ဒကို မတွန်းလှန်နိုင်ကြဘူး..

ဟူး... ဒီဘက်ခေတ်မှာ စက်မှုစက်ရုံတွေက နိုင်ငံပိုင် လုပ်ငန်းကြီးတွေဆိုတော့ ဒါကလည်း အစိုးရဝန်ထမ်းစာမေးပွဲ ဖြေနေရတာနဲ့ အတူတူပဲပေါ့..

ဟုတ်တာပေါ့၊ အတူတူပါပဲ...

All Chapters