← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၉

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြင်းထန်လှသည့် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် နှစ်နှစ်အကြာတွင် လင်းချန်သည် နိဗ္ဗာန်နယ်ပယ်၏ အဆင့် ၆ သို့ အောင်မြင်စွာ ချိုးဖျက် ဝင်ရောက်နိုင်ခဲ့သလို ရှင်းရှင်းသည်လည်း ထိုနည်းတူပင်။

လေချန်ကမူ လင်းချန်နှင့် ရှင်းရှင်းတို့ထက်ပင် ကျော်လွန်သွားခဲ့ပြီး ကောင်းကင်နယ်ပယ်သို့ တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့၏။ သို့သော် သူသည် အဆင့်ချိုးဖျက်ရန် အလျင်မလိုပေ။

ကောင်းကင်လက်မှုပညာဌာန၏ လေ့လာစောင့်ကြည့်ချက်များအရ လေချန်၏ အလားအလာများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ပိုမိုနက်ရှိုင်းစွာ လေ့ကျင့်ရန် လိုအပ်နေသေးသဖြင့် စောစီးစွာ ထပ်မံ အဆင့်ချိုးဖျက်ခြင်းမှာ မသင့်တော်ကြောင်း တွေ့ရှိရ၏။

ထို့ကြောင့် လင်းချန်က လေချန်အား နိဗ္ဗာန်နယ်ပယ်၌သာ ထပ်ပြီး အခြေခံခိုင်မာရန် ကျင့်ကြံရန် အကြံပြုခဲ့သည်။

ရှင်းရှင်းသည်လည်း မူလပြန်လည်ဖြည့်ဆည်းခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီး နိဗ္ဗာန်စက်ဝန်း ဆယ်သွယ်အား ပြီးမြောက်ခဲ့၏။ ထိုမှတစ်ဆင့် နိဗ္ဗာန်နယ်ပယ်၏ အဆင့် ၆ အထိ ပြန်လည် ကျင့်ကြံအားထုတ်ခဲ့သည်။

လင်းချန်၏ နယ်ပယ်တိုးတက်မှု နှေးကွေးရခြင်း အကြောင်းရင်းမှာမူ သူ၏ ပါရမီစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းကာ ဒန်တျန်နှင့် သွေးကြောများက သာမန်လူများထက် ပိုမို ခိုင်မာကျယ်ပြန့်နေသည့်အတွက် အဆင့်ချိုးဖျက်ရန် မလွယ်ကူချေ။

**--**--**--**--**--**--**--**

စွမ်းအားများ တစ်ဟုန်ထိုး တက်လာသည့် လင်းချန်သည် အဆင့်နိမ့် ထိပ်တန်းစစ်သည်များကို အလွယ်တကူ ဆင့်ခေါ်နိုင်ပြီး ထိုစစ်သည်များသည်လည်း ကောင်းကင်နယ်ပယ်၏ အဆင့် ၉ နှင့် ညီမျှကြသည်။

“ရှန်ထျန်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့က မခက်ပါဘူး။ ဒါပေမဲ့ စစ်သည်အများအပြားကို ဆင့်ခေါ်လိုက်ရင် တခြားသူတွေ သတိထားမိသွားမှာ စိုးရိမ်ရတယ်။ ငါတို့အင်အား အပြည့်အဝ မတောင့်တင်းသေးခင်မှာ တခြား အင်အားကြီးအဖွဲ့အစည်းတွေရဲ့ မျက်စိကျတာ ခံရရင် သိပ်မကောင်းဘူး။” လင်းချန်က နတ်ဓားဂိုဏ်းသို့ ဦးတည်နေသည့် တောင်ပေါ်လမ်းအတိုင်း လျှောက်လှမ်းရင်း လေချန်အား ပြော၏။

“ပြီးတော့ ကမ်းရိုးတန်းပြည်နယ်ဆိုတာ နေရာသေးသေးလေးတစ်ခုပဲလေ။ အပြင်ဘက်က ပိုကျယ်ပြန့်တဲ့ ကမ္ဘာကြီးရဲ့ အခြေအနေကို မသိဘဲ မလှုပ်ရှားသင့်သေးဘူး...”

လင်းချန်၏ ရှင်းပြချက်ကို လေချန် နားလည်သွားသည်။ “ဒါပေမဲ့ နတ်ဓားဂိုဏ်းနဲ့ ရှန်ထျန်ဂိုဏ်းရဲ့ တိုက်ပွဲကတော့ ရှောင်လွှဲလို့ မရတော့ဘူးထင်တယ်။ အဲဒီအချိန်ကျရင် ခေါင်းဆောင်က တော်ဝင်တပ်မတော်ကို ဆင့်ခေါ်မှာပဲ မဟုတ်ဘူးလား။”

“ရှန်ထျန်ဂိုဏ်းက ဘာမှမဟုတ်ပါဘူးကွာ။ သူတို့အတွက်နဲ့ တော်ဝင်တပ်မတော်ကို အများကြီး ထုတ်သုံးစရာ မလိုပါဘူး။” လင်းချန်က ဘေးရှိ လေချန်၏ ပခုံးကို ပုတ်ရင်း ပူပန်မှုကင်းမဲ့နေသည့် မျက်နှာထားဖြင့် ပြော၏။

“ကိုယ်တိုင် ဖြေရှင်းရတာကမှ ပိုပျော်စရာကောင်းတာလေ။”

“ခေါင်းဆောင်... ဒီဂိုဏ်းအချင်းချင်း ဖြစ်မယ့် စစ်ပွဲကို ကစားပွဲတစ်ခုလို သဘောထားနေတာလား။” လေချန်က နဖူးကို ရိုက်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

“ကစားပွဲတစ်ခု မဟုတ်ပေမဲ့ လေ့ကျင့်ခန်းတစ်မျိုးလို့တော့ သတ်မှတ်လို့ရတယ်။ သံကို ပုံသွင်းချင်ရင် ကိုယ်တိုင် သန်မာနေမှ ရမယ်ဆိုသလိုပေါ့။” လင်းချန်က ရှေ့တည့်တည့်ကို စိုက်ကြည့်ရင်း လေးနက်စွာ ပြော၏။ “ကိုယ်ပိုင်အင်အားကသာ အရေးအကြီးဆုံးပဲ။”

လင်းချန် ဟွာရှာအင်ပါယာကို မသုံးဘဲ နေမည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအင်ပါယာသည် သူကိုယ်တိုင် တည်ထောင်ထားခဲ့ခြင်းဖြစ်ပြီး ဧကရာဇ်တစ်ပါးအနေဖြင့် သူပိုင်ဆိုင်သည့် အာဏာကို အသုံးမပြုခြင်းမှာ မိုက်မဲရာ ကျပေလိမ့်မည်။

သို့သော် သူ ပိုမို သန်မာလာလေလေ ကောင်းကင်လမ်းစဉ်၏ ဖိအားများကို ပိုမို ခံနိုင်ရည်ရှိလာလေလေ ဖြစ်ပြီး ဟွာရှာအင်ပါယာ၏ ပိုမိုကြီးမားသည့် စွမ်းအားများကို အသုံးချနိုင်မည်ဖြစ်ကြောင်း လင်းချန် ကောင်းစွာ သိရှိထား၏။

ထို့ကြောင့် သူသည် အင်ပါယာ၏ စွမ်းအားကို အသုံးပြုမည်ဖြစ်သော်လည်း အလုံးစုံ မှီခိုနေမည်တော့ မဟုတ်ပေ။ အရေးအကြီးဆုံးမှာ သူ၏ ကိုယ်ပိုင်အင်အားသာ ဖြစ်၏။

“မင်းမိဘတွေလည်း ရှန်ထျန်ဂိုဏ်းကြောင့် သေဆုံးခဲ့ရတာ မဟုတ်လား။ မင်းရဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ လက်စားမချေချင်ဘူးလား။”

ထိုစကားကို ကြားပြီးနောက် လေချန် ခေတ္တမျှ ကြောင်အသွားရသည်။ ထို့နောက် သူ၏ မျက်လုံးများထဲ၌ ပြတ်သားမှုများ တဖြည်းဖြည်း ပြည့်နှက်လာ၏။

“ခေါင်းဆောင်... နတ်ဓားဂိုဏ်းကို ပြန်ရောက်ရင် ကျွန်တော့်ကို ဆက်ပြီး လေ့ကျင့်ပေးပါဦး။”

“ဟားဟား... အရင်တုန်းကတော့ ပြန်ရောက်ရင် ငါ့ဆီက အရိုက်မခံချင်တော့ဘူးဆို။ အခု စိတ်ပြောင်းသွားပြီလား။”

“ကျွန်တော် သေချာ စဉ်းစားပြီးပါပြီ။ အရိုက်ခံရတာ နည်းနည်း နာပေမဲ့ ကျွန်တော်ရဲ့ စွမ်းရည်တွေ တိုးတက်လာမယ်ဆိုရင် ပြဿနာမရှိပါဘူး။”

“ဒါဆို အခုပဲ လေ့ကျင့်တာ စလိုက်ကြတာပေါ့။” စကားဆုံးသည်နှင့် လင်းချန်က မည်သည့် စိတ်ဝိညာဉ်စွမ်းအင်ကိုမျှ အသုံးမပြုဘဲ ရုပ်ခန္ဓာခွန်အား သက်သက်ဖြင့် ရှေ့သို့ ဒုန်းစိုင်းပြေးထွက်သွား၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် လေချန်သည်လည်း စိတ်ဝိညာဉ်စွမ်းအင်ကို မသုံးဘဲ ရုပ်ခန္ဓာခွန်အားဖြင့်သာ လင်းချန်၏ နောက်သို့ အပြေးလိုက်သွားလိုက်သည်။

မသိမသာဖြင့် နောက်ထပ် တစ်လ ကုန်ဆုံးသွားလေပြီး လင်းချန်နှင့် လေချန်တို့သည် ရုပ်ခန္ဓာကြံ့ခိုင်မှုကိုသာ အားပြုလျက် နတ်ဓားဂိုဏ်း၏ တံခါးဝသို့ ရောက်ရှိလာကြ၏။

“အင်း... ဂိုဏ်းက တပည့်သစ်တွေ လက်ခံထားပုံရတယ်။” ဂိုဏ်းတံခါးကို ကျော်ဖြတ်၍ အပြင်စည်းဧရိယာသို့ ဝင်ရောက်လာပြီးနောက် လင်းချန် လူငယ် မျက်နှာသစ် အများအပြားကို တွေ့လိုက်ရသဖြင့် ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်၏။

“နှစ်နှစ်ကျော် ကြာသွားပြီဆိုတော့လည်း ပြောင်းလဲမှုတွေ ရှိနေမှာပေါ့။” လင်းချန် ပြုံးလိုက်၏။

လေချန်က ပြောသည်။ “ခေါင်းဆောင်... ကျွန်တော် အိမ်အရင်ပြန်လိုက်ဦးမယ်။ အဘိုး စိတ်ပူနေလောက်ပြီ။”

“အင်း... သွားလေ။” လင်းချန် ခေါင်းညိတ်လိုက်၏။

လေချန်နှင့် လမ်းခွဲပြီးနောက် သူသည်လည်း မော်ချင်းတောင်ထွတ်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

လင်းချန် လမ်းတစ်ဝက်သို့ ရောက်သည့်အခါ ပျံသန်းစင်္ကြံလမ်းပေါ်မှဆင်း၍ အတွင်းစည်းတပည့်များ နေထိုင်ရာ တောင်တစ်လုံးပေါ်သို့ ရောက်ရှိလာ၏။ ထိုမှတစ်ဆင့် အခြား စင်္ကြံလမ်းတစ်ခုသို့ ကူးပြောင်းရန် ပြင်ဆင်နေစဉ် အမျိုးသမီးတပည့်တစ်ဦး ပျာပျာသလဲဖြင့် သူ့ဘက်သို့ ပြေးလာနေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ထိုအမျိုးသမီးတပည့်သည် ထိတ်လန့်တကြားဖြစ်နေပြီး လမ်းကို တွေ့ကရာ ရွေးချယ်ကာ ပြေးလွှားနေပုံရသည်။ သူမက နောက်ကိုသာ လှည့်ကြည့်နေသဖြင့် စင်္ကြံလမ်းပေါ်မှ ဆင်းလာသည့် လင်းချန်ကို သတိမထားမိဘဲ အရှိန်ဖြင့် တည့်တည့် ဝင်တိုက်မိ၏။

လင်းချန်၏ ခွန်အားမှာ သာမန်မဟုတ်ဘဲ ရုပ်ခန္ဓာမှာလည်း အလွန် သန်မာလှသည်။ ထိုနေရာတွင် ရပ်နေသည့် သူသည် မလှုပ်မယှက်နိုင်သော တောင်ကြီးတစ်လုံးကဲ့သို့ ဖြစ်နေပြီး အမျိုးသမီးတပည့်လေး ဝင်တိုက်ရုံမျှဖြင့် အနည်းငယ်မျှပင် ယိမ်းယိုင်သွားမည် မဟုတ်ပေ။

အမျိုးသမီးတပည့်သည် လင်းချန်နှင့် ဝင်တိုက်မိသည့်အခါ ကြီးမားသော တွန်းကန်အားတစ်ခုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားသည်။

ထိုအချိန်တွင် လူတစ်ယောက်က သူမ၏ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး မလဲကျသွားစေရန် တားဆီးကာ ပြန်လည် ဆွဲထူပေးလိုက်သည်။

“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ။ ဘာဖြစ်လို့လဲ။”

ပြန်လည် တည်ငြိမ်သွားပြီးနောက် အမျိုးသမီးတပည့်သည် တစ်ဖက်လူ၏ မေးခွန်းကို ကြားလိုက်ရသည်။ ထိုအသံသည် သူမအတွက် အလွန် ရင်းနှီးနေသဖြင့် မော့ကြည့်လိုက်ရာ မျက်နှာပေါ်၌ အံ့ဩဝမ်းသာမှုများ ပေါ်လာ၏။

“ကိုကြီးလင်းချန်...”

သူ့ရှေ့မှ အမျိုးသမီးတပည့်မှာ ယီလင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။ လွန်ခဲ့သည့် နှစ်နှစ်ကနှင့် ယှဉ်လျှင် သူမသည် ကျက်သရေရှိပြီး ကျော့ရှင်းသော မိန်းမပျိုတစ်ဦးအဖြစ် အရွယ်ရောက်လာပြီ ဖြစ်၏။ သို့သော် သူမ၏ မျက်နှာထက်၌ ထိတ်လန့်မှုများ ရှိနေသည်။

ယီလင်း စကားမပြန်နိုင်ခင်မှာပင် သူမ ပြေးလာသည့် လမ်းဘက်မှ အတွင်းစည်းတပည့် နှစ်ယောက် လိုက်လာသည်ကို လင်းချန် တွေ့လိုက်ရ၏။

“ယီလင်း... မင်း ဘယ်ကို ပြေးမလဲ။” ဘယ်ဘက်မှ တပည့်က ယီလင်းကို လက်ညှိုးထိုးပြီး စူးရှသည့်အသံဖြင့် အော်ပြောသည်။

“ဟိုမှာ ရပ်နေတဲ့ကောင်... အမြန်လစ်လိုက်တော့။” အခြား အတွင်းစည်းတပည့်တစ်ဦးသည်လည်း လင်းချန်ကို လက်ညှိုးထိုးပြီး ရိုင်းစိုင်းစွာ အော်ပြောလိုက်၏။

သူ့ကို ထွက်သွားရန် ပြောနေသည်ကို ကြားသည့်အခါ လင်းချန် အံ့ဩသွားပြီး ယီလင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ “မဖြစ်နိုင်တာ... ငါ့ကို မမှတ်မိတဲ့ အတွင်းစည်းတပည့်တွေ ရှိသေးတာလား။”

“သူတို့က အစကတည်းက နတ်ဓားဂိုဏ်းသားတွေ မဟုတ်ကြဘူး။ ဇာတ်လမ်းက ရှည်တယ်။ နောက်မှ ရှင်းပြတော့မယ်။” လင်းချန် ရောက်လာသည်ကို မြင်သည့်အခါ ယီလင်းသည်လည်း စိတ်အေးသွားပြီး ရှင်းပြလိုက်၏။

လင်းချန်ကမူ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ယီလင်းကို သေချာကြည့်လိုက်သည်။ “မဆိုးပါဘူး။ နိဗ္ဗာန်နယ်ပယ်ကို ချိုးဖျက်ပြီး အတွင်းစည်းတပည့် ဖြစ်လာပြီပဲ။ ဘာရှန်းမြို့အတွက်တော့ ဂုဏ်ယူစရာပဲ။”

“ဒါပေါ့... အစ်မရှင်းရှင်းကို မယှဉ်နိုင်ပေမဲ့ ငါလည်း သိပ်မကွာတော့ပါဘူးနော်။” ယီလင်းက ပြုံးဖြဲဖြဲဖြင့် ပြန်ပြောလိုက်သည်။

လင်းချန်နှင့် ယီလင်းတို့ အေးဆေးတည်ငြိမ်စွာ စကားပြောနေသည်ကို မြင်သည့်အခါ အတွင်းစည်းတပည့် နှစ်ယောက်သည် ဒေါသကို မထိန်းနိုင်တော့ဘဲ ဟိန်းဟောက်လိုက်ကြ၏။

“ယီလင်း... မင်း တော်တော် သတ္တိကောင်းနေပါလား။ ငါတို့ကို လျစ်လျူရှုရဲတယ်ပေါ့လေ။”

“ထွီး... သောက်ရေးမပါတာတွေ... နင်တို့ရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ကြည့်လိုက်စမ်း။ ဒါ ငါ့ရဲ့ ခဲအို... လူငယ်ဧကရာဇ် လင်းချန်ပဲ။” လင်းချန် ရှိနေသဖြင့် ယီလင်းက ကြောက်ရွံ့ခြင်းမရှိဘဲ ပြန် အော်ပြောလိုက်သည်။

“လူငယ်ဧကရာဇ်... ဂိုဏ်းအပြင်ဘက်မှာ ပုန်းနေတဲ့ ကောင်စုတ်လား။” ယီလင်းပြောသည်ကို ကြားပြနောက် ညီအစ်ကိုနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ရယ်မောလိုက်ကြသည်။

ရယ်မောပြီးနောက် မျက်နှာဖိုင့်ဖိုင့်နှင့် အတွင်းစည်းတပည့်က လင်းချန်ကို လက်ညှိုးထိုးလိုက်၏။ “ဟေ့ကောင်... မင်းက သောက်ကျိုးနည်း လူငယ်ဧကရာဇ် ဆိုတဲ့ကောင်လား။”

“အစ်ကိုကြီး... သောက်ကျိုးနည်း လူငယ်ဧကရာဇ်ဆိုတဲ့ကောင်က ဘာမှလည်း အထင်ကြီးစရာ မရှိပါဘူးကွာ။ နိဗ္ဗာန်နယ်ပယ် အဆင့် ၆ ပဲ ရှိတယ်တဲ့ ဟားဟား။”

မျက်နှာပိန်ပိန်နှင့် အတွင်းစည်းတပည့်က လှောင်ပြောင်သရော်ရင်း ပြော၏။ “အဲဒါက ငါတို့ဆရာသခင် ပြန်မရောက်သေးလို့ပါ။ နတ်ဓားဂိုဏ်းက လူတွေက အပြင်လောကကို မမြင်ဖူးကြဘူးလေ။ ဒီလို သာမန်ကောင်ကိုများ လူငယ်ဧကရာဇ်တဲ့... ကမ်းရိုးတန်းပြည်နယ်က လူတွေက တကယ့် တောသားတွေပဲ။” မျက်နှာဖိုင့်ဖိုင့်နှင့် တပည့်က မောက်မာသည့် မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။ “ငါ အမြဲပြောတယ်မလား... နတ်ဓားဂိုဏ်းက တပည့်တွေက အမှိုက်တွေပါလို့။”

သူ့ရှေ့မှ ညီအစ်ကိုနှစ်ယောက် ပြောနေသည်ကို နားထောင်ရင်း လင်းချန်သည် နှုတ်ဆိတ်နေသော်လည်း တိုက်ခိုက်ရန် ခန္ဓာကိုယ်ကို တိတ်တဆိတ် အသင့်ပြင်ထားပြီ ဖြစ်သည်။

လက်ရှိအချိန်၌ လင်းချန် ခံစားနေရသည်မှာ တစ်ခုတည်းသာ ရှိသည်။ ဒေါသ... သူ အလွန် ဒေါသထွက်နေလေပြီ။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၉ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၀

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

"နိဗ္ဗာန်နယ်ပယ် အဆင့် ၉ ဆိုတာ အထင်ကြီးစရာများ မှတ်နေလား။ ကျင့်ကြံခြင်းအဆင့်က အရာရာမဟုတ်ဘူး။ ငါ နားမလည်တာက မင်းတို့လို အစွမ်းအစလောက်နဲ့ ဘယ်ကများ သတ္တိတွေရပြီး ဒီလောက် မောက်မာနေရတာလဲဆိုတာကိုပဲ။"

လင်းချန်က လက်ခါလိုက်ရင်း အေးအေးလူလူ ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သစ်ပင်ကြီးတစ်ပင်၏ရှေ့၌ ခပ်ဝဝနှင့် ခပ်ပိန်ပိန် ညီအစ်ကိုနှစ်ယောက်တို့သည် အဝတ်အစားများ လုံးဝမရှိတော့ဘဲ ကိုယ်လုံးတီးဖြစ်နေကာ လက်ကောက်ဝတ်များကို ကြိုးဖြင့် အချည်ခံထားရလျက် သစ်ပင်ပေါ်၌ တွဲလောင်းကျနေကြ၏။

ဘေးနား၌ ရပ်နေသည့် ယီလင်းသည်လည်း ပါးစပ်အဟောင်းသားဖြင့် ကြောင်အမ်းနေရသည်။

လင်းချန် လှုပ်ရှားလိုက်သည်ကို သူမ သေချာပင် မမြင်လိုက်ရဘဲ ညီအစ်ကိုနှစ်ယောက်မှာ မြေပြင်ပေါ်၌ သတိလစ် မေ့မြောသွားကြသည်။

ထို့နောက် လင်းချန်က လက်ကို ဝှေ့ယမ်းလိုက်ရာ လေထဲမှ ရွှေရောင်ကြိုးနှစ်ချောင်း ထွက်ပေါ်လာပြီး ညီအစ်ကိုနှစ်ယောက်၏ လက်ကောက်ဝတ်များကို ချည်နှောင်ကာ သစ်ပင်ပေါ်သို့ ဆွဲတင်သွားကြ၏။

ယီလင်း၏ မျက်နှာကို ရဲသွားစေသည်မှာ လင်းချန်က ထိုလူနှစ်ယောက်ကို ဆွဲတင်ပြီးနောက် သူတို့၏ အဝတ်အစားများအားလုံးကို ချွတ်ပစ်လိုက်ခြင်းပင်။

ထိုအရာအားလုံးကို ပြုလုပ်ပြီးနောက် လင်းချန် ထိုလူနှစ်ယောက်၏ နားရွက်ကိုဆွဲကာ နှိုးလိုက်ပြီး ခုနကစကားများကို ပြောလိုက်​သည်။

ယခုအချိန်တွင် သစ်ပင်ပေါ်၌ တွဲလောင်းကျနေသည့် ညီအစ်ကိုနှစ်ယောက်သည် ရှက်ရွံ့ခြင်းများ ဖုံးလွှမ်းနေကြ၏။ အဘယ်ကြောင့်ဆိုသော် ဤတောင်သည် အတွင်းစည်းတပည့်များ နေထိုင်ရာ နေရာဖြစ်ပြီး သူတို့အနားသို့ အတွင်းစည်းတပည့်များစွာ စုဝေးရောက်ရှိနေကြသောကြောင့်ပင်။

"ဒါ အမြဲတမ်း ဗိုလ်ကျနေတဲ့ ဟိုကောင်နှစ်ကောင် မဟုတ်လား။ ဒီနေ့တော့ ဝက်ဝက်ကွဲ ပွဲတွေ့ပြီဟေ့။"

"ကြည့်စမ်း... အဲဒါ လူငယ်ဧကရာဇ် လင်းချန်ပဲ။ သူ ပြန်ရောက်လာပြီ။"

"ကြည့်ရတာ သူ လက်စွမ်းပြထားပုံပဲ။ ငါတို့ကိုယ်စား ကောင်းကောင်း ပညာပေးလိုက်တာပဲ။"

ဘေးပတ်လည်၌ တဖြည်းဖြည်း စုဝေးလာကြသည့် အတွင်းစည်းတပည့်များသည် တွဲလောင်းကျနေသော ညီအစ်ကိုနှစ်ယောက်ကို ကြည့်ပြီး ပျစ်ပျစ်နှစ်နှစ် ဝေဖန်ပြောဆိုနေကြကာ အတော်လေး စိတ်လှုပ်ရှားနေကြ၏။

ဘေးမှ အတွင်းစည်းတပည့်များ၏ ပြောစကားများကို ကြားသည့်အခါ လင်းချန်က ပြုံးလျက် တွဲလောင်းကျနေသော လူနှစ်ယောက်ရှေ့သို့ လျှောက်သွားလိုက်သည်။

"မင်းတို့ ဂုဏ်သတင်းက သိပ်မမွှေးလှဘူးနဲ့ တူတယ်။"

"လင်းချန်... မင်း တော်တော် သတ္တိကောင်းနေပါလား။ ငါတို့ကို အမြန် ပြန်ချပေးဖို့ ပြောလိုက်မယ်။ မဟုတ်ရင် ငါတို့ရဲ့ ခေါင်းဆောင်ကောက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။" ညီအစ်ကိုနှစ်ယောက်အနက် ခပ်ဝဝလူက ခြိမ်းခြောက်လိုက်၏။

လင်းချန်က မျက်နှာဖောင်းဖောင်းနှင့် သကောင့်သားကို တစ်ချက်စိုက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပါးရိုက်လိုက်သည်။

"ဖြောင်းးး" ကျယ်လောင်ပြတ်သားသည့် ပါးရိုက်သံ ထွက်ပေါ်လာပြီး တွဲလောင်းကျနေသော မျက်နှာဖောင်းဖောင်းနှင့် လူငယ်မှာ ဂျင်တစ်လုံးကဲ့သို့ လည်ထွက်သွား၏။

"ကျေနပ်စရာကြီးကွာ။"

မျက်နှာဖောင်းဖောင်းနှင့် လူငယ် ပါးရိုက်ခံရပြီး လည်ထွက်သွားသည်ကို မြင်သည့်အခါ ဘေးမှ ကြည့်နေကြသော အတွင်းစည်းတပည့်များက ကျယ်လောင်စွာ အော်ဟစ်အားပေးလိုက်ကြသည်။

ပါးရိုက်ပြီးနောက် လင်းချန်က ဆက်လက်ပြီး မျက်နှာပိန်ပိန်နှင့် လူငယ်ဘက်သို့ လှည့်လိုက်၏။

"မင်းတို့နာမည် ဘယ်လိုခေါ်လဲ။ ဘယ်ကလာတာလဲ။ မင်းတို့ခေါင်းဆောင်က ဘယ်သူလဲ။"

မျက်နှာပိန်ပိန်နှင့် လူငယ်သည် လည်နေဆဲဖြစ်သည့် သူ၏ အစ်ကိုကို ကြည့်ကာ တံတွေးမျိုချလိုက်သည်။ "ကျွန်တော့်နာမည်က ရှီဖေး ၊ အစ်ကို့နာမည်က ရှီဟန်ပါ။ ကျွန်တော်တို့က ချင်းဟွာနယ်မြေက လာတာပါ။ ကျွန်တော်တို့ ခေါင်းဆောင်က ကောပန်လီပါ။"

"ဖြောင်းးး" စကားဆုံးသည်နှင့် လင်းချန်က လက်ကိုမြှောက်ကာ ထိုလူ၏မျက်နှာအား ထပ်မံရိုက်ချလိုက်၏။

ထိုရိုက်ချက်ကြောင့် ညီဖြစ်သူ ရှီဖေး၏ မျက်နှာအထက်တွင် နီရဲရောင်ရမ်းနေသည့် လက်ဝါးရာတစ်ခု ချက်ချင်း ထင်ကျန်ရစ်ခဲ့သည်။

လင်းချန်က ရိုက်ပြီးပြီးချင်းမှာပင် သူ့ကို ဖမ်းထိန်းထားသောကြောင့် ရှီဖေးသည် ရှီဟန်ကဲ့သို့ အဆက်မပြတ် လည်ထွက်မသွားဘဲ ရိုက်ချက်ကြောင့် အနည်းငယ် ကြောင်အမ်းသွားရ၏။

"ကျွန်တော်... ကျွန်တော် အကုန် ပြောပြီးပြီလေ။ ဘာလို့ ထပ်ရိုက်တာလဲ။" ရှီဖေးက ဝမ်းနည်းစွာဖြင့် လင်းချန်ကို မေးလိုက်သည်။

"မင်း ဖြေတာ နှေးလွန်းတယ်။ ငါ့ကို သုံးစက္ကန့်တောင် စောင့်ခိုင်းတယ်။ ဒါ ငါ့ကို အလေးမထားတာပဲ။"

လင်းချန်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်ပြီး ရှီဟန်ဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုလူမှာ လည်နေခြင်းမှ ရပ်တန့်သွားပြီ ဖြစ်၏။

ရှီဟန်သည် အကြိမ်ပေါင်းများစွာ လည်ထွက်သွားသော်လည်း နိဗ္ဗာန်နယ်ပယ်၏ အဆင့် ၉ သိုင်းဝိညာဉ်ပညာရှင် ဖြစ်သဖြင့် သတိမလစ်သေးပေ။

"ခေါင်းဆောင်ကောက မင်းကို လွှတ်ထားမှာ မဟုတ်ဘူး။ လင်းချန်... မင်း သေလမ်းရှာနေတာပဲ။" လည်ပတ်မှု ရပ်တန့်သွားပြီးနောက် ရှီဟန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

လင်းချန်ကမူ ဒေါသထွက်မနေဘဲ ရယ်မောလိုက်သည်။ "ဟားဟား..." ထို့နောက် ရှေ့တိုးကာ ရှီဟန်၏ ပါးဖောင်းဖောင်းအား ထပ်မံ ရိုက်ချလိုက်၏။

"အားးး" ရိုက်ချက်ကြောင့် ရှီဟန်၏ ပါးစပ်မှ တံတွေးများ လွင့်စဉ်ထွက်သွားပြီး လျင်မြန်စွာ ထပ်မံ လည်ထွက်သွားပြန်သည်။

"ဖြောင်းးး ဖြောင်းးး ဖြောင်းးး"

လင်းချန် တစ်ချက်တည်းနှင့် မကျေနပ်ဘဲ ရှီဟန်၏ မျက်နှာလည်ထွက်သွားရာ လမ်းကြောင်းအတိုင်း ဂျင်တစ်လုံးအား ရိုက်သကဲ့သို့ တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ရိုက်နှက်နေသဖြင့် ရှီဟန်မှာ ပိုမို လျင်မြန်စွာ လည်ပတ်သွားတော့၏။

"ရှူးးး" ထိုမြင်ကွင်းကို ကြည့်နေကြသည့် အတွင်းစည်းတပည့်များသည် မျက်နှာကို အုပ်ထားလိုက်ကြပြီး တည့်တည့်ပင် မကြည့်ရဲကြတော့ပေ။

ရှီဟန်အား ရိုက်ပြီးနောက် လင်းချန်က ရှီဖေးဘက်သို့ အကြည့် ပြောင်းလိုက်ပြန်သည်။ လင်းချန် ကြည့်လာသည်ကို မြင်သည့်အခါ ရှီဖေး၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး လင်းချန်အား မျက်နှာချိုသွေးကာ ပြုံးပြလိုက်၏။

"ဟီး... ဟီးဟီးဟီး။"

"ဖြောင်းးး"

"ဘာ... ဘာလို့ ထပ်ရိုက်ပြန်တာလဲဗျာ။" ရှီဖေး မျက်နှာ ပျက်သွားပြီး လင်းချန်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ သူ တကယ်ပင် ကြောင်အမ်းနေပြီ ဖြစ်၏။

လင်းချန်က သူ၏ လက်ဖဝါးကို ပြန်ကြည့်လိုက်သည်။ "မင်းအပြုံးက ရုပ်ဆိုးလွန်းလို့။"

"မင်းတို့ခေါင်းဆောင် ကောပန်လီဆိုတာ ဘယ်သူလဲ။"

"သူက နတ်ဓားဂိုဏ်း ဂိုဏ်းချုပ်ဟောင်းရဲ့ မြေးအရင်းပါ။ ငယ်ငယ်ကတည်းက ကမ်းရိုးတန်းပြည်နယ်ကို စွန့်ခွာသွားတာပါ။ ကျွန်တော်တို့က ကမ်းရိုးတန်းပြည်နယ်က မဟုတ်ပါဘူး။ အပြင်ဘက်ကနေ ခေါင်းဆောင်ကော နောက်ကို လိုက်လာခဲ့ကြတာပါ။"

ရှီဖေး စကားဆုံးရုံရှိသေး လင်းချန်က ထပ်မံ၍ ပါးရိုက်လိုက်ပြန်သည်။

"ဖြောင်းးး"

"အစ်ကိုကြီး... ဘာလို့ ထပ်ရိုက်ရပြန်တာလဲ။" လင်းချန်က နောင်တရဟန်ဖြင့် လက်ကို ပွတ်လိုက်ပြီး ရှီဖေးအား အားနာဟန်ဖြင့် ပြောလိုက်သည်။ "အော်... ငါ အကျင့်ပါနေလို့။ မစဉ်းစားဘဲ ရိုက်လိုက်မိတာ။ လက်က သူ့အလိုလို ရောက်သွားတာ။"

"ဝူးးး ဝူးးး ဝူးးး" လင်းချန်၏ အဖြေကို ကြားသည့်အခါ ရှီဖေးမှာ အမှန်တကယ်ပင် သနားစဖွယ် ငိုကြွေး၏။

ကောပန်လီနောက်လိုက်ပြီး ကမ်းရိုးတန်းပြည်နယ်သို့ ရောက်လာကတည်းက နတ်ဓားဂိုဏ်းတွင် သူတို့ညီအစ်ကိုနှစ်ယောက်ကသာ သူတပါးကို အနိုင်ကျင့်ခဲ့ဖူးသည်။ ယခုကဲ့သို့ ကြိုးဖြင့်ချည်နှောင်ခံရကာ အရိုက်ခံရသည့် အဖြစ်မျိုး ကြုံရမည်ဟု အိမ်မက်ထဲပင် ထည့်မမက်ဖူးခဲ့ချေ။

ရှီဖေး တကယ် ငိုနေသည်ကို မြင်သည့်အခါ လင်းချန် အံ့အားသင့်သွားပြီး ခဏအကြာတွင် ခေါင်းရမ်းလိုက်၏။ "ကျောရိုးမရှိတဲ့ကောင်... ပါးလေး နှစ်ချက်လောက် အရိုက်ခံရတာနဲ့ ငိုစရာလား။"

ထို့နောက် လင်းချန်က ယီလင်းကို လက်ယပ်ခေါ်လိုက်သည်။ "သွားမယ်... မော်ချင်းတောင်ကို လိုက်ခဲ့။ ကောပန်လီ အကြောင်း ငါ့ကို ရှင်းပြ။"

ယီလင်းက ခေါင်းညိတ်လိုက်သည်။ "အင်း...။" ထို့နောက် ရှီဟန်ဘေးမှ ဖြတ်သွားစဉ် လင်းချန်၏ ပုံစံကို အတုခိုးကာ ပါးတစ်ချက် ထပ်ရိုက်ချလိုက်၏။

လည်ပတ်မှု နှေးကွေးလုနီးပါး ဖြစ်နေသည့် ရှီဟန်မှာ ယီလင်း၏ ရိုက်ချက်ကြောင့် အော်ဟစ်လိုက်ရပြီး ပြန်လည် လည်ထွက်သွားပြန်သည်။

လင်းချန်နှင့် ယီလင်းတို့ ထွက်ခွာသွားပြီးနောက် ကိုယ်လုံးတီးဖြင့် တွဲလောင်းကျနေသော ညီအစ်ကိုနှစ်ယောက်သာ ကျန်ရစ်ခဲ့၏။ တစ်ယောက်က ဂျင်လို လည်နေပြီး နောက်တစ်ယောက်က ငိုယိုလျက် ရှိနေကြသည်။

ဘေးမှ ကြည့်နေကြသည့် အတွင်းစည်းတပည့်များအနက် မည်သူကမှ သူတို့နှစ်ယောက်ကို သနားခြင်းမရှိကြပေ။ ထိုအစား ကျေနပ်နေကြ၏။ သတ္တိရှိသည့် အတွင်းစည်းတပည့် အချို့ကမူ ရှေ့တိုးလာကြပြီး ညီအစ်ကိုနှစ်ယောက်ကို လင်းချန်ကဲ့သို့ပင် ပါးဝင်ရိုက်ကြတော့သည်။

လင်းချန် ထွက်သွားပြီးနောက် ရှီဟန်မှာ အခြား အတွင်းစည်းတပည့်များ၏ လက်ချက်ဖြင့် တစ်နာရီကျော်ကြာအောင် လည်ပတ်နေရပြီး ရှီဖေး၏ မျက်နှာမှာလည်း ဖရဲသီးကဲ့သို့ ရောင်ကိုင်းလာသည်ကို လင်းချန် မသိလိုက်ပေ။

**--**--**--**--**--**--**--**

မော်ချင်းတောင်သို့ ပြန်ရောက်ပြီးနောက် လင်းချန် ခြံဝင်းထဲတွင် ထိုင်လိုက်ပြီး ယီလင်းကို သူ့ရှေ့၌ ထိုင်ရန် ပြလိုက်၏။ "ကိုကြီးလင်းချန်... ခုနက တော်တော် ပျော်စရာ ကောင်းတာပဲ။"

ယီလင်းက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးရင်း ပြောလိုက်သည်။ သို့သော် သူမ၏ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်များ ပေါ်လာ၏။ "ဒါပေမဲ့ အစ်ကိုသာ စောစော ပြန်ရောက်ရင် ပိုင်ရန်... သူ... အခုလိုဖြစ်သွားမှာ မဟုတ်ဘူး။"

ယီလင်း၏ ပုံစံကို မြင်သည့်အခါ လင်းချန်၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်လာပြီး အလျင်အမြန် မေးလိုက်သည်။ "ပိုင်ရန် ဘာဖြစ်သွားလို့လဲ။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၀ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters