အခန်း (၁၅၁-၁၅၂)
Vol. 16 Ch. 151-152
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
"ရှင်းရှင်း ၊ မိန်းကတော့ အဲဒီအင်ပါယာရဲ့ ဧကရီပေါ့။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိန်းကို အဲဒီကို ခေါ်သွားလို့ မရသေးဘူး ဖြစ်နေတယ်။"
လင်းချန် ထိုအချက်အတွက် များစွာ စိတ်မကောင်း ဖြစ်ရ၏။ သူ စမ်းသပ်ကြည့်ခဲ့သလောက် သက်ရှိများကို ဟွာရှာအင်ပါယာထဲသို့ ခေါ်ဆောင်သွား၍ မရနိုင်သေးချေ။ သို့မဟုတ်ပါက ရှင်းရှင်းအား ဟွာရှာအင်ပါယာဆီသို့ ခေါ်ဆောင်သွားကာ ပြသလိုနေလေပြီ။
ရှင်းရှင်း၏ မျက်လုံးများ အရောင်တောက်ပသွားကာ စိတ်ဝင်တစားဖြင့် ရေရွတ်လိုက်သည်။ "အို... အင်ပါယာတစ်ခုရဲ့ ဧကရာဇ်။ ဒါကြောင့် ရှင့်ရဲ့ လက်အောက်ငယ်သားတွေက ရှင့်ကို အရှင်မင်းမြတ်လို့ ခေါ်ပြီး မိန်းကို မိဖုရားခေါင်ကြီးလို့ ခေါ်ကြတာကိုး။ ကြည့်ရတာ ချန်လေးက ထူးခြားဆန်းကြယ်တဲ့ အမွေအနှစ်တစ်ခု ရထားပုံပဲနော်။"
ထိုအခါ လင်းချန် တိတ်ဆိတ်စွာဖြင့်သာ ခေါင်းညိတ်ပြလိုက်၏။ ရှင်းရှင်းက သံသယဝင်မနေတော့ဘဲ လွယ်ကူစွာ လက်ခံလိုက်သဖြင့် သူ များစွာ စိတ်အေးသွားရသည်။
အကြောင်းမူကား သူ၏ အမြင်၌ ဘဝနှစ်ခုဝင်စားခြင်း ၊ ဂိမ်းအင်ပါယာတစ်ခု အသက်ဝင်လာခြင်း စသည့် ကိစ္စရပ်များမှာ လောကကြီးအတွက် အလွန်တရာ တုန်လှုပ်စရာ ကောင်းလွန်းလှ၏။ ဤကဲ့သို့သော လျှို့ဝှက်ချက်များအား ရင်ထဲ၌သာ သိမ်းဆည်းထားခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
ယခုကဲ့သို့ ထူးခြားဆန်းကြယ်လှသော အမွေအနှစ်တစ်ခု ရရှိထားသည်ဟု ထင်မှတ်နေခြင်းကသာလျှင် ပို၍ သင့်လျော်လှ၏။
ချက်ချင်းဆိုသလိုပင် လင်းချန် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အရောင်စုံ ဆေးရည်များ ပါဝင်သည့် ကျောက်သလင်းပုလင်း သုံးလုံးမှာ စားပွဲပေါ်၌ ရုတ်ချည်း ပေါ်ထွက်လာ၏။ ထိုပုလင်းများ၏ ဘေး၌မူ ကြယ်တာရာကျင့်စဉ်ဟု အမည်ရသော ကျမ်းစာအုပ်တစ်အုပ် ရှိနေသည်။ ထိုကျမ်းစာအုပ်မှာ ကောင်းကင်လက်မှုပညာဌာနမှ ရှင်းရှင်းအတွက် အထူးတလည် စီမံဖန်တီးပေးထားသော ကျင့်စဉ်ပင်။
စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်ကာ ရှင်းရှင်းက မျက်တောင်ခတ်လျက် အံ့ဩတကြီး မေးသည်။ "ဟင်... ဒါတွေက..."
လင်းချန်က ရှင်းပြသည်။ "အင်း... ဒီဆေးရည် သုံးမျိုးကို သောက်ပြီးရင် အဆိပ်အတောက်တွေကို ကာကွယ်ပေးနိုင်လိမ့်မယ်။ ပြီးတော့ အသား ၊ အကြောနဲ့ ဒန်ထျန်ကို သန့်စင်ပေးလိမ့်မယ်။"
သူက အလေးအနက်ထားကာ ဆက်ပြောသည်။ "ကျင့်စဉ်ကတော့ ဟွာရှာအင်ပါယာရဲ့ ကောင်းကင်လက်မှုပညာဌာနက မိန်းအတွက် အထူးဖန်တီးပေးထားတာပဲ။ ဘယ်သူ့ကိုမှတော့ ပေးမသိစေနဲ့နော်။"
လင်းချန် ပြောဆိုပြီးသည်နှင့် တပြိုင်နက် ရှင်းရှင်းမှာ စားပွဲပေါ်ရှိ ပစ္စည်းများကို အံ့ဩတကြီး ငေးကြည့်နေမိသည်။
ထို့နောက် သူမ ကြယ်တာရာကျင့်စဉ် စာအုပ်အား ယူလိုက်ပြီး စာမျက်နှာများကို တစ်ရွက်ချင်း လှန်လှောကြည့်ရှုလိုက်ရာ စိတ်လှုပ်ရှားလာ၏။
သူမ လေ့ကျင့်နေခဲ့သည့် ကြယ်ဓားသိုင်းကျင့်စဉ်သည် သူမအတွက် အသင့်တော်ဆုံးဟု ထင်မှတ်ထားခဲ့သော်ငြား လင်းချန်၏ ကျင့်စဉ်အား မြင်တွေ့လိုက်ရသောအခါ သူမ၏ အတွေးများမှာ မည်မျှအထိ ရယ်စရာကောင်းလှကြောင်း သိလိုက်ရသည်။
ဤကျင့်စဉ်အား လေ့ကျင့်လိုက်မည် ဆိုပါက သူမ၏ စွမ်းအားများ သိသိသာသာ တိုးတက်လာမည်ဖြစ်ကာ ကျင့်ကြံခြင်း အရှိန်အဟုန်သည်လည်း ယခင်ကနှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် မြန်ဆန်လာမည်ဟု ရှင်းရှင်း ယုံကြည်မိသည်။
စာအုပ်အား ဖတ်ရှုပြီးနောက် သူမ လင်းချန်ကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်လိုက်သည်။ "အို... ချန်လေး... ဒီကျင့်စဉ်က တကယ်ကို..."
ရှင်းရှင်း၏ စိတ်လှုပ်ရှားနေသော ပုံစံကို ကြည့်ကာ လင်းချန်က ပြုံးစစဖြင့် ပြော၏။ "ဟားဟား... ကိုယ့်ရဲ့ မိဖုရားက အားနည်းနေလို့မှ မဖြစ်တာလေ။ ဒီမှာ သဘာဝစွမ်းအင်တွေ ကြွယ်ဝနေတုန်း ကောင်းကောင်း ကျင့်ကြံလိုက်ပါ။ ဆေးရည်တွေ သောက်ဖို့လည်း မမေ့နဲ့ဦးနော်။"
ရှင်းရှင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကတိပေးလိုက်၏။
သူမ၏ မျက်လုံးများအတွင်း၌ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလေပြီ။
ထို့နောက် လင်းချန်ပေးသည့် ဆေးရည်များကို သောက်သုံးလိုက်ပြီး ကြယ်တာရာကျင့်စဉ်ကို ကျင့်ကြံရန် စတင်အားထုတ်လိုက်၏။
ကျင့်စဉ်အသစ် တစ်ခုအား စတင်လေ့လာခြင်းနှင့် ပြောင်းလဲခြင်းမှာ အချိန်ယူရမည် ဖြစ်သဖြင့် ရှင်းရှင်းသည် ယခုအခွင့်အရေးကို အသုံးချကာ သူမ၏ ကျင့်ကြံခြင်းအခြေခံကို ပိုမိုခိုင်မာလာစေရန် ပြင်ဆင်လိုက်သည်။
လင်းချန်သည်လည်း အလုပ်မရှိ ဖြစ်နေသဖြင့် ကျန်းကျွင်းချန် ရှိရာသို့ ထွက်သွားလိုက်၏။
**--**--**--**--**--**--**--**
လင်းချန်၏ ရည်ရွယ်ချက်ကို ကြားလိုက်ရသောအခါ ကျန်းကျွင်းချန် အံ့ဩသွားသည်။ "ဘာ... မင်းက ငါနဲ့ လေ့ကျင့်ချင်တာလား။"
မူလက သူသည် ဆေးလုံးများဖြင့် အားအင် ပြန်လည်ဖြည့်တင်းနေခြင်း ဖြစ်၏။ လင်းချန် ရုတ်တရက် ရောက်ရှိလာပြီး အကူအညီတောင်းခံလိမ့်မည်ဟု မထင်ထားခဲ့ချေ။
လင်းချန်က လေးစားစွာဖြင့် တောင်းဆိုလိုက်၏။ "ဟုတ်ပါတယ်။ အကြီးအကဲကျန်းက ရှေးဟောင်းခေတ်က ပညာရှင်တစ်ယောက် ၊ ဂိုဏ်းချုပ်ဟောင်းတစ်ယောက် ဖြစ်တဲ့အတွက် စွမ်းအားကြီးမားပြီး တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝမှာ သေချာပါတယ်။ အကြီးအကဲရဲ့ လမ်းညွှန်မှုကိုသာ ရမယ်ဆိုရင် ကျွန်တော့်ရဲ့ တိုက်ခိုက်စွမ်းရည် သိသိသာသာ တိုးတက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။"
ခဏတာ စဉ်းစားလိုက်ပြီးနောက် ကျန်းကျွင်းချန်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။ "အင်း... ကောင်းပြီလေ မိတ်ဆွေလေး ၊ ငါ ကူညီပေးပါ့မယ်။"
လင်းချန်အား ကူညီလေ့ကျင့်ပေးခြင်းက သူ၏ အားအင် ပြန်လည်ဖြည့်တင်းမှုကို နှောင့်နှေးကြန့်ကြာစေနိုင်သော်ငြား လင်းချန် သူ့အတွက် လုပ်ဆောင်ပေးခဲ့သည်များကို ပြန်လည်တွေးတောကြည့်လိုက်သောအခါ ငြင်းဆန်ရန် မသင့်တော်လှဟု ယူဆလိုက်၏။
အကြောင်းမူကား နန်ရှင်းကဲ့သို့သော စွမ်းအားကြီး ဂြိုဟ်သားတစ်ဦး၏ အသားနှင့် သွေးတို့မှ ရရှိလာမည့် အနှစ်သာရမှာ တန်ဖိုးဖြတ်၍မရနိုင်လောက်အောင် အဖိုးတန်လှသည်။ လင်းချန်သာ လိုချင်မည်ဆိုပါက သူ့ဘာသာသူ သိမ်းဆည်းထားလိုက်၍ ရနိုင်သည် မဟုတ်ပါလော။
သို့သော်လည်း လင်းချန်က သူ့အား ရက်ရက်ရောရော ပေးကမ်းခဲ့၏။ ထို့အပြင် သူ၏ အသက်ကို ကယ်တင်ပေးခဲ့ပြီး တန်ယွမ်ဂိုဏ်းအတွက်ပါ လက်စားချေပေးခဲ့သေးသည် မဟုတ်လော။
လင်းချန်က ပြုံးကာ ပြောသည်။ "ဒါဆို... အကြီးအကဲကျန်း ၊ ကျွန်တော် စပြီနော်။"
ထို့နောက် လင်းချန်၏ မျက်လုံးများ ထက်ရှလာပြီး မိုးကြိုးစိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာကာ ကျန်းကျွင်းချန် ရှိရာဆီသို့ အလျင်အမြန် ပြေးဝင်သွားလိုက်၏။
မိုးခြိမ်းသံများ မြေအောက်ခန်းမဆောင်အတွင်း၌ ပဲ့တင်ထပ်သွားပြီး လင်းချန် ပြေးဝင်သွားရာ လမ်းကြောင်းတစ်လျှောက်တွင် လေပြင်းများ ပြင်းထန်စွာ တိုက်ခတ်သွားသည်။ ကျန်းကျွင်းချန်၏ ဆံပင်ရှည်ကြီးများလည်း လေထဲ၌ လွင့်ပျံသွားရတော့၏။
"ဘုန်း..."
မည်သည့်အရာများ ဖြစ်ပျက်သွားမှန်း သေချာစွာ မသိလိုက်ခင်မှာပင် ရင်ဘတ်ကို တစ်စုံတစ်ရာဖြင့် ပြင်းထန်စွာ ရိုက်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး လင်းချန် နောက်သို့ လွင့်စင်သွား၏။
ကြမ်းပြင်ပေါ်၌ အကြိမ်အနည်းငယ် လိမ့်သွားပြီးမှသာ ရပ်တန့်သွားသည်။ လင်းချန် သူ၏ ရင်ဘတ်ကို ဖိကာ ခက်ခဲစွာ ထရပ်လိုက်ရင်း ချောင်းဆိုးလိုက်သည်။ "အဟွတ်... အဟွတ်..."
သူ ကျန်းကျွင်းချန်ကို ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ မျက်နှာတွင် အံ့ဩထိတ်လန့်နေသော အမူအရာကို တွေ့လိုက်ရသည်။
လင်းချန် ပြန် ထရပ်လာနိုင်သည်ကို မြင်တွေ့လိုက်ရသည့် အတွက် ကျန်းကျွင်းချန် များစွာ အံ့ဩသွားရခြင်း ဖြစ်၏။
သူက အံ့ဩတကြီးဖြင့် ပြောသည်။ "အို... မိတ်ဆွေလေး ၊ မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ထင်ထားတာထက် ပိုပြီးတော့ ကောင်းနေပါလား။ ဒါပေမဲ့ မင်းရဲ့ တိုက်ကွက်တွေမှာ ဟာကွက်တွေက များလွန်းနေတယ်။"
သူက သေချာစွာ လမ်းညွှန်ပြလိုက်၏။ "အင်း... ဘယ်လို အခြေအနေမျိုးမှာမဆို လှုပ်ရှားနေတဲ့အချိန်မှာ အမြဲတမ်း သတိရှိနေရမယ်။ တိုက်ခိုက်ခံရရင် ချက်ချင်း ကာကွယ်နိုင်ရမယ်။ ဒါမှမဟုတ် ပြန်တိုက်ခိုက်နိုင်ရမယ်။"
ကျန်းကျွင်းချန်၏ စကားကြောင့် လင်းချန် ခါးသက်သက် ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
သို့သော် သူ၏ စိတ်ထဲ၌မူ များစွာ တုန်လှုပ်နေမိ၏။
'ရှေးဟောင်းပညာရှင် ဆိုတဲ့အတိုင်းပဲ တိုက်ခိုက်ရေးပညာမှာ ငါ့ဆရာထက် အများကြီး သာလွန်တာပဲ။'
ကျန်းကျွင်းချန်က ပြုံးလျက် သတိပေးသည်။ "ဒါနဲ့... မိတ်ဆွေလေး ၊ ဘာလို့ အစွမ်းကုန် မထုတ်တာလဲ။ ဒါမှ မင်း တိုးတက်လာအောင် ကူညီပေးနိုင်မှာပေါ့"
သူက ဆက်လက်၍ ရယ်မောကာ ပြောသည်။ "ဟားဟား... ငါ အပြည့်အဝ ပြန်မကောင်းသေးပေမဲ့လည်း မင်းက ငါ့ကို ထိခိုက်အောင် လုပ်နိုင်ဖို့ဆိုတာတော့ လုံးဝ မဖြစ်နိုင်သလောက်ပါပဲကွာ။"
ထိုအခါ လင်းချန် သူ၏ ရင်ဘတ်ကို ပွတ်သပ်လိုက်ပြီး အသက်ပြင်းပြင်း တစ်ချက် ရှူထုတ်လိုက်၏။
ထို့နောက် လေးနက်လှသည့် မျက်နှာထားဖြင့် ကျန်းကျွင်းချန်အား ကြည့်လိုက်သည်။ "ဟုတ်ကဲ့... အကြီးအကဲကျန်း ၊ ကျွန်တော် နားလည်ပါပြီ။"
အစွမ်းကုန် ထုတ်ရမည်လော။ လင်းချန် စိတ်လှုပ်ရှားမှုကြောင့် ပြုလိုက်မိသည်။ ဟွာရှာအင်ပါယာ၌ သိုင်းဝိညာဉ် နိုးထလာခဲ့ပြီးကတည်းက သူ အစွမ်းကုန် ထုတ်သုံးခွင့် တစ်ကြိမ်တစ်ခါမျှ မရရှိခဲ့သေးချေ။
လင်းချန်ထံ၌ ဧကရာဇ် ၊ မိုးကြိုး ၊ ရေခဲ စသည့် စိတ်ဝိညာဉ်စွမ်းအား သုံးမျိုးရှိ၏။ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအင် ငါးဆ တိုးမြှင့်နိုင်သည့် နိဗ္ဗာန်စွမ်းရည် ၂ ခုလည်း ရှိနေသေးသည်။
သိုင်းဝိညာဉ်လက်နက် ၂ လက်လည်း ရှိ၏။ ဤအရာများ အားလုံးကိုသာ အစွမ်းကုန် ထုတ်သုံးလိုက်မည် ဆိုပါက လင်းချန် မည်မျှအထိ အစွမ်းထက်လာမည်နည်း။ လင်းချန် ပြုံးလိုက်သည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန်သည် နိဗ္ဗာန်နယ်ပယ်အဆင့်တွင်သာ ရှိနေသော်ငြား သူ၏ ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တို့ကမူ ကောင်းကင်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်နေသူများနှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားခြင်း မရှိတော့ချေ။
ကျန်းကျွင်းချန် ထိုနေရာတွင် ရပ်နေရင်း စိတ်ထဲမှ တိတ်တဆိတ် အံ့ဩနေမိ၏။
ရုတ်တရက် လင်းချန်၏ အရှိန်အဝါများ ပြောင်းလဲသွားလေရာ ကျန်းကျွင်းချန် မော့ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏ မျက်နှာအမူအရာမှာ မသိမသာ ပြောင်းလဲသွား၏။
တစ်ချိန်တည်းမှာပင် လင်းချန်၏ ခန္ဓာကိုယ်အား တောက်ပနေသည့် ရွှေဝါရောင် စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် နဂါးကိုးကောင်က ဝန်းရံကာကွယ်ထားလေ၏။
ထိုမျှမကသေးဘဲ ထိုနဂါးများမှာ အသက်ဝင်နေသယောင် ရှိပြီး ကျန်းကျွင်းချန်၏ အာရုံကို အဖမ်းစားဆုံးအရာမှာ ရေခဲသလင်းကျောက်များကဲ့သို့ ဖြစ်နေသော နဂါးအကြေးခွံများပင်။
တစ်ချိန်တည်းမှာပင် ရွှေနီရောင် မိုးကြိုးလျှပ်စီးများက နဂါးလက်သည်းများ တစ်ဝိုက်တွင် ရစ်ပတ်နေလေ၏။
“သိုင်းဝိညာဉ် အသွင်ပြောင်းခြင်း”
လင်းချန်၏ အသံ ထွက်ပေါ်လာသည်နှင့်အတူ ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်လက်နက် အမြုတေနှစ်ခုတို့က သူ့ရှေ့ရှိ လေပေါ်သို့ ပျံဝဲတက်လာ၏။ တစ်ဖက်လျှင် ကိုးခုစီရှိသည့် စိတ်ဝိညာဉ်အစိတ်အပိုင်း ၁၈ ခုသည် သက်ဆိုင်ရာ စိတ်ဝိညာဉ်လက်နက်အမြုတေများထဲသို့ ပေါင်းစပ်ဝင်ရောက်သွားကြသည်။
ဓားတစ်လက်မှာ ဗြက်အနည်းငယ် ကျယ်ပြန့်ပြီး တစ်လက်လုံး မည်းနက်နေကာ ရွှေနီရောင် မိုးကြိုးမြွေပုံစံများ တန်ဆာဆင်ထားပြီး ရွှေနီရောင် မိုးကြိုးများဖြင့် ဝန်းရံထားသည်။
အခြားဓားတစ်လက်မှာမူ ဗြက်ပိုကျဉ်းပြီး ဖြူစင်ကာ အပြာနုရောင် ရေခဲတိမ်တိုက် ပုံစံများ ပါရှိပြီး ဖျော့တော့သော်ငြား အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်နေ၏။
မိုးကြိုးလျှပ်စီးဓားနှင့် တိမ်တိုက်ဓား သိုင်းဝိညာဉ်အသွင်ပြောင်းခြင်း ပြီးဆုံးသွားသောအခါ လက်တစ်ဖက်စီ၌ ဓားတစ်လက်စီကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး ရှေ့ရှိ ကျန်းကျွင်းချန်အား စူးစိုက်ကြည့်လိုက်၏။
“ရှီး...” လင်းချန်၏ ပုံစံကို မြင်လိုက်ရသောအခါ ကျန်းကျွင်းချန် လေအေးတစ်ချက်ကို ရှူသွင်းလိုက်မိသည်။
နိဗ္ဗာန်နယ်ပယ်တွင် နိဗ္ဗာန်စွမ်းရည် နှစ်မျိုး ပိုင်ဆိုင်ထားခြင်း ၊ ဘိုးဘေးအဆင့် သိုင်းဝိညာဉ် နှစ်ခုလုံး ရှိနေခြင်းနှင့် ပို၍ ထူးခြားသည်မှာ သမိုင်းတွင် တစ်ခါမျှ မကြုံဖူးသော နိဗ္ဗာန်စက်ဝန်း ဆယ့်နှစ်သွယ်ကိုလည်း အောင်မြင်ထားသေးသည်။
“ကောင်းကင်ဘုံ...။” ကျန်းကျွင်းချန်တစ်ယောက် လင်းချန်အား ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားကာ ပါးစပ်ပင် မပိတ်နိုင်တော့ချေ။
“စီနီယာ... ကျွန်တော် လာပြီ။” စကားသံ ဆုံးသည်နှင့် လင်းချန်၏ ပုံရိပ်မှာ နေရာမှ ပျောက်ကွယ်သွားပြီး ကျန်းကျွင်းချန် ရှိရာဆီသို့ ပြေးဝင်တိုက်ခိုက်လိုက်သည်။
“မြန်တယ်။” နဂါးကိုးကောင် ရစ်ပတ်ထားသည့် လင်းချန် ပြေးဝင်လာသည်ကို မြင်သောအခါ ကျန်းကျွင်းချန်၏ မျက်ဝန်းများ ကျုံ့သွားပြီး စိတ်ထဲ၌ သက်ပြင်းချလိုက်မိ၏။
လင်းချန်မှာ သူ၏ အကြံပေးစကားများကို နှလုံးသွင်းထားသဖြင့် အားနည်းချက်များမှာလည်း သိသိသာသာ လျော့နည်းသွားလေပြီ။
ကျန်းကျွင်းချန်သည်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ဓားရှည်တစ်လက်အဖြစ် စုစည်းလိုက်ပြီး လင်းချန်၏ အနက်နှင့် အဖြူရောင် ဓားများကို ဝှေ့ယမ်းကာ တန်ပြန်တိုက်ခိုက်လိုက်၏။
ဓားချင်းရိုက်ခတ်သွားပြီးနောက် ဓားသွားမှတစ်ဆင့် တိုးဝင်လာသော အားအင်ကို ခံစားလိုက်ရသောအခါ ကျန်းကျွင်းချန် အံ့အားသင့်သွားရသည်။ လင်းချန်၏ စွမ်းအားသည် သူမျှော်လင့်ထားသည်ထက် လုံးဝကို ကျော်လွန်နေပြီး သူ့ကိုပင် ခြေလှမ်းသုံးလှမ်းခန့် နောက်ဆုတ်သွားစေသည်။
“ထိရောက်သားပဲ။”
ကျန်းကျွင်းချန်အား ခြေလှမ်းသုံးလှမ်း နောက်ဆုတ်သွားစေနိုင်သည်ကို မြင်သောအခါ လင်းချန်၏ မျက်နှာပေါ်၌ ပျော်ရွှင်မှုများ ပေါ်လာ၏။ ထို့နောက် ဓားများကို ဆက်လက်ဝှေ့ယမ်းပြီး ကျန်းကျွင်းချန်အား ပြင်းပြင်းထန်ထန် လိုက်လံတိုက်ခိုက်တော့သည်။
တိုက်ကွက် သုံးကွက်အကြာ၌... “ဘုန်း...” လင်းချန် နောက်တစ်ကြိမ် လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။ သို့သော် သူ စိတ်ဓာတ်ကျခြင်း မရှိဘဲ ပြန်ထရပ်ရင်း ခါးသက်သက် ပြုံးကာ ပြောသည်။
“စီနီယာက ရှေးဟောင်းဂိုဏ်းက အစွမ်းထက်ပုဂ္ဂိုလ်ဆိုတဲ့ အတိုင်း တကယ်ကို လက်ရည်ပြည့်ဝပါတယ်။”
ယခုအချိန်၌ ကျန်းကျွင်းချန်၏ အမြင်တွင် လင်းချန်သည် မသွေးရသေးသည့် ကျောက်စိမ်းရိုင်းတုံးတစ်တုံး ဖြစ်နေ၏။ အောင်မြင်စွာ သွေးပြီးသွားပါက ကမ္ဘာမြေအား တုန်လှုပ်သွားစေမည့် အထူးခြားဆုံး ကျင့်ကြံသူတစ်ဦး ဖြစ်လာပေလိမ့်မည်။
အစောပိုင်းက ကျန်းကျွင်းချန်သည် တာဝန်အရသာ လင်းချန်အား လက်ရည်စမ်းပြီး လမ်းညွှန်ရန် သဘောတူခဲ့ခြင်း ဖြစ်သော်ငြား ယခုအခါ၌မူ စိတ်ပါလက်ပါ သင်ကြားပေးချင်နေလေပြီ။
သူ့ကဲ့သို့ အင်အားကြီးမားသည့် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်ခဲ့ဖူးသူ တစ်ဦးအနေဖြင့် ရှားပါးပါရမီရှင်များအား နှစ်သက်သဘောကျခြင်းမှာ သဘာဝကျ၏။
လင်းချန်ကဲ့သို့သော ဘီလူးသဘက်မျိုးဆိုလျှင် ပို၍ပင် ပြောစရာ မလိုတော့ချေ။
လင်းချန်သာ သူ၏ လမ်းညွှန်မှုဖြင့် လက်တွေ့တိုက်ပွဲ အတွေ့အကြုံများ လျင်မြန်စွာ တိုးတက်လာပြီး ခွန်အားကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်လာပါက မည်မျှ အစွမ်းထက်လာမည်ကို သူ မြင်တွေ့ချင်နေမိ၏။
ထို့ကြောင့် ကျန်းကျွင်းချန်၏ တိုက်ခိုက်မှုများမှာ နောက်ပိုင်း၌ ပို၍ ပြင်းထန်လာ၏။ လင်းချန်သည် ဆက်တိုက်ဆိုသလို နောက်ဆုတ်နေရပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာများ ဖုံးလွှမ်းလာရသည်။
လင်းချန်၏ ယခုအခြေအနေသည် လေချန်အား လေ့ကျင့်ပေးစဉ်ကနှင့် အတိအကျ တူညီနေ၏။ ယခု ပြင်းပြင်းထန်ထန် အရိုက်ခံနေရသူမှာ လင်းချန်ကိုယ်တိုင် ဖြစ်နေခြင်းသာ ကွာခြားသည်။
သို့သော် လင်းချန်သည် ဤအခွင့်အရေးကို အလွန် တန်ဖိုးထားလေ၏။ ဤမျှ အဆင့်မြင့်သော ကျွမ်းကျင်ပညာရှင်တစ်ဦး၏ လမ်းညွှန်မှုကို ခံယူရခြင်းမှာ ရှားရှားပါးပါး ရနိုင်သော အခွင့်အရေး ဖြစ်သည် မဟုတ်လော။
ဟွာရှာအင်ပါယာထဲတွင် ကျန်းကျွင်းချန်ထက် ပိုမို ကြောက်မက်ဖွယ်ကောင်းသော စစ်သူကြီးများစွာ ရှိနေသော်ငြား... ဂိမ်း၏ သတ်မှတ်ချက်များအရ သစ္စာရှိသော တော်ဝင်တပ်ဖွဲ့ဝင်များသည် လင်းချန်အား စတင်တိုက်ခိုက်၍ မရသလို မည်သည့် သွေးထိုးလှုံ့ဆော်မှုများကမှလည်း အရာထင်မည်မဟုတ်ချေ။ ထို့ကြောင့် အင်ပါယာ၏ စစ်သူကြီးများနှင့် လက်ရည်ယှဉ်ရန်မှာ မဖြစ်နိုင်ပေ။
လင်းချန်က ဤအခွင့်အရေးကို တန်ဖိုးထားပြီး ကြိုးစား ကျင့်ကြံနေချိန်တွင် ကျန်းကျွင်းချန်သည်လည်း လင်းချန်၏ သင်ယူနိုင်စွမ်း ကြောက်ခမန်းလိလိ ကောင်းမွန်လွန်းနေမှုကြောင့် စိတ်ထဲ၌ တိတ်တဆိတ် အံ့ဩနေမိ၏။
အချိန်များ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းချန်နှင့် အခြားသူများ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်သွားသည်မှာ တစ်လတိတိ ပြည့်သွားခဲ့ပြီ ဖြစ်၏။ တစ်လကြာပြီးနောက် မွန်းတည့်ချိန်၌ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်သည် တောက်ပစွာ လင်းလက်လာပြီး လူပုံရိပ်များသည် ဝင်ပေါက်ရှေ့ရှိ ရင်ပြင်ပေါ်သို့ ရောက်ရှိလာကြသည်။
တပည့်များ ထွက်ပေါ်လာသည်ကို မြင်သောအခါ ဂိုဏ်းချုပ်တို့သည် သူတို့၏ တပည့်များအား ကြိုဆိုရန် ရှေ့သို့ တိုးသွားလိုက်ကြသည်။
“ဘာဖြစ်တာလဲ... ဘာလို့ မင်းတို့နှစ်ယောက်တည်း ရှိနေတာလဲ။”
ဓားနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ် မေယွဲ့ရှာက မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့အား မျက်နှာထားတင်းတင်းဖြင့် မေးလိုက်၏။ အကြောင်းမူကား ဝင်ရောက်သွားခဲ့သော ရှင်းရှင်းနှင့် ဖူဟန်တို့သည် ဂိုဏ်းအတွက် အလွန် အရေးပါသူများ ဖြစ်ပြီး ယခု သူတို့ ပြန်ထွက်မလာကြသောကြောင့်ပင်။
ဒေါသထွက်နေသည့် ဂိုဏ်းချုပ်၏ ရှေ့မှောက်၌ မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့သည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲတော့ဘဲ ဖြစ်ကြောင်းကုန်စင်အား အမှန်အတိုင်း ရှင်းပြရန် ပြင်ဆင်လိုက်ကြ၏။
“ဘာ... မင်းတို့က သေခြင်းနယ်မြေထဲ ဝင်သွားတာလား။ လင်းချန်က ဖူဟန်ကိုပါ ခေါ်သွားတယ်ဟုတ်လား။”
မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့ ရှင်းပြ၍ မပြီးခင်မှာပင် မေယွဲ့ရှာက ဒေါသတကြီး ဖြတ်ပြောလိုက်၏။ ထို့နောက် သူမ ဂိုဏ်းချုပ် ချင်ဝူရွှမ်ဘက်သို့ လှည့်ကာ ရေခဲတမျှ အေးစက်သော မျက်နှာထားဖြင့် ဒေါသတကြီး စိုက်ကြည့်လိုက်၏။
“ဂိုဏ်းချုပ်ချင်... ဒီကိစ္စအတွက် ရှင် ကျွန်မကို ရှင်းပြချက် ပေးသင့်တယ် ထင်တယ်။”
“ဟမ့်...။ ရှင်းပြရမယ် ဟုတ်လား... တကယ်တမ်း ရှင်းပြရမှာက ခင်ဗျားရဲ့ ဓားနတ်ဘုရားဂိုဏ်းလို့ ထင်တာပဲ။”
မေယွဲ့ရှာက လာရောက် စွပ်စွဲသည်ကို မြင်သောအခါ ချင်ဝူရွှမ်က အေးစက်စွာ ပြန်ပြော၏။
အကြောင်းမူကား သူသည် လေချန်နှင့် အခြားသူများထံမှ ဇာတ်လမ်းစုံကို ရှင်းလင်းစွာ သိရှိထားပြီးဖြစ်သောကြောင့်ပင်။
“ရှင် ဘာကို ဆိုလိုတာလဲ။”
“ဘာကို ဆိုလိုတာလဲ ဟုတ်လား။ လေချန်... အခြေအနေကို ဂိုဏ်းချုပ်မေ သိအောင် ရှင်းပြလိုက်စမ်း။”
ချင်ဝူရွှမ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လေချန်အား အမူအရာပြလိုက်သည်။ လေချန်က ခေါင်းညိတ်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အစီအစဉ်ကျကျ ရှင်းလင်းပြောပြလိုက်၏။ ဖူဟန်က ရှင်းရှင်းအား စော်ကားရန် ပြောဆိုခဲ့သည့် စကားများကိုပင် တစ်ခွန်းမကျန် ပြန်လည် ပြောပြလိုက်သေးသည်။
ရှင်းပြချက် အပြည့်အစုံကို ကြားလိုက်ရသောအခါ မေယွဲ့ရှာ၏ မျက်နှာထားသည် အစွမ်းကုန် အေးစက်သွားပြီး မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့အား ပြန်လည် စူးစိုက်ကြည့်လိုက်၏။ “နတ်ဓားဂိုဏ်းတပည့်တွေ ပြောတာ မှန်သလား။”
မာရှောက်ယွမ်နှင့် ရှီဆန်းမေ့တို့က ပြူးကျယ်နေသည့် မျက်လုံးများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မြေကြီးပေါ်သို့ အလျင်အမြန် ဒူးထောက်ချလိုက်ကြ၏။
“ဂိုဏ်းချုပ်... ဖူဟန်က သူ့ကို ကူညီဖို့ ကျွန်တော်တို့ကို အတင်းအကျပ် ခိုင်းစေခဲ့တာပါ။ ကျွန်တော်တို့က သူ့နဲ့ လိုလိုလားလား ပူးပေါင်းကြံစည်ခဲ့တာ မဟုတ်ပါဘူး။”
“အသုံးမကျတဲ့ကောင်တွေ...” မေယွဲ့ရှာ၏ မျက်နှာမှာ ရေခဲကဲ့သို့ အေးစက်နေ၏။ သူမ၏ အမြင်၌ ဤကိစ္စမှာ ဖူဟန်၏ အမှားသာ ဖြစ်သည်။ သို့သော် သူမ၏ တစ်ခုတည်းသော ပူပန်မှုမှာ လေချန် ပြောစကားအရ လင်းချန်နှင့် ရှင်းရှင်းတို့သည် သေခြင်းနယ်မြေထဲ၌ အတူတူ ကျန်ရစ်ခဲ့ပြီး ယခုထက်ထိ ပြန်ထွက်မလာသေးခြင်းပင်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team