← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၃

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပုံမှန်အားဖြင့် အချိန်ပြည့်သည်နှင့် လူတိုင်း ရှေးဟောင်းအမွေအနှစ်နယ်မြေမှ ဆုလာဘ်များ ရရှိပြီး အပြင်သို့ ပို့ဆောင်ခံရလေ့ရှိ၏။ လက်ရှိတွင် လင်းချန်နှင့် ရှင်းရှင်းတို့ ထွက်မလာသေး၍ သူတို့ မျက်မှောင်ကြုတ်သွားကြရသည်။

ထိုစဉ် ဝင်ပေါက်မှ မည်းနက်သောအရိပ်တစ်ခု ထွက်ပေါ်လာရာ အားလုံး၏အာရုံကို ဖမ်းစားသွား၏။

လေချန် အံ့ဩသင့်သွားရသည်။ "သူ ဘယ်လိုလုပ် ရောက်နေတာလဲ။"

အကြောင်းမူကား ထွက်ပေါ်လာသူမှာ အနက်ရောင်သံချပ်ကာအပျော့ ဝတ်ဆင်ထားပြီး အေးစက်သော မျက်နှာထားရှိသည့် လေဟုန်စစ်သည် ဖြစ်နေသောကြောင့်ပင်။ လေဟုန်စစ်သည် ရုတ်တရက် ပေါ်လာမှုကြောင့် နေရာရှိ လူအများစု ကြောင်အမ်းသွားကြ၏။

ဤသို့သောသူကို ယခင်က မမြင်ဖူးခဲ့ကြသလို ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှ အဘယ်ကြောင့် ထွက်လာသနည်းဟု တွေးကာ အံ့ဩနေကြခြင်း ဖြစ်သည်။

မအံ့ဩသူဟူ၍ လေချန်အပါအဝင် နတ်ဓားဂိုဏ်းမှ လူငါးဦးနှင့် ဓားနတ်ဘုရားဂိုဏ်းမှ မာရှောက်ယွမ် ၊ ရှီဆန်းမေ့တို့သာ ရှိသည်။

သူတို့အားလုံး လင်းချန် ဆင့်ခေါ်ခဲ့သော ဤဆန်းကြယ်သည့် လက်အောက်ငယ်သားကို ယခင်က မြင်ဖူးသော်ငြား လေဟုန်စစ်သည် အဘယ်ကြောင့် ထွက်လာသနည်းဆိုသည်ကိုကား နားမလည်နိုင် ဖြစ်နေဆဲပင်။

လေဟုန်စစ်သည်က လေချန်ရှိရာသို့ တည့်တည့်လျှောက်သွားလိုက်၏။ လူတိုင်း စောင့်ကြည့်နေသည့်ကြားမှပင် လေချန်ရှေ့၌ ရပ်တန့်ကာ အရိုအသေပြုလိုက်သည်။

"သခင်လေး လေချန်... ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်နဲ့ သတင်းစကားပါးဖို့ လာတာပါ။ စိတ်မပူဖို့ ပြောခိုင်းလိုက်ပါတယ်။ ဧကရာဇ်မင်းမြတ်နဲ့ ဧကရီတို့က အထဲမှာ ကျင့်ကြံနေကြပြီး မကြာခင် ထွက်လာကြပါလိမ့်မယ်။ စိုးရိမ်စရာ မလိုပါဘူး။"

လေချန်ကမူ နေရာတွင်ပင် ကြောင်ငေးနေခဲ့ပြီး အချိန်အတန်ကြာမှ သတိပြန်ဝင်လာကာ ခေါင်းညိတ်လိုက်သည်။ "အင်း... ကောင်းပြီ။ ငါ သဘောပေါက်ပြီ။"

လေဟုန်စစ်သည်က စကားဆိုအပြီး အရိပ်အဖြစ် ပြောင်းလဲကာ ဝင်ပေါက်ထဲသို့ အရှိန်ဖြင့် ဝင်ရောက်သွားပြီး တောက်ပသော အလင်းရောင်များကြား ပျောက်ကွယ်သွားတော့သည်။

လေဟုန်စစ်သည် ပျောက်ကွယ်သွားသော်လည်း အခြားသူများ၏ တုန်လှုပ်မှုကမူ မလျော့ကျသွားချေါ

ဂိုဏ်းချုပ်ချင်ဝူရွှမ် မျက်လုံးပြူးသွားရ၏။ "လေချန်... အဲတာ ဘယ်သူလဲ။ ဘာတွေ ဖြစ်ခဲ့တာလဲ။"

ဖြစ်ပျက်နေသည့် အရာများက သူ၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေလေပြီ။

လေချန် သက်ပြင်းချလိုက်သည်။ "ဂိုဏ်းချုပ်... သူက ခေါင်းဆောင်လင်းချန် ဆင့်ခေါ်လိုက်တဲ့သူပါ။ သူ ဘယ်သူလဲဆိုတာ ကျွန်တော်လည်း သေချာမသိဘူး။ သူပြောတဲ့ ဧကရာဇ်မင်းမြတ်က သေချာပေါက် ခေါင်းဆောင်လင်းချန်ပဲ ဧကရီကတော့ မရီးယီစင်းပါ။"

လေချန်၏စကားကြောင့် ချင်ဝူရွှမ် အံ့အားသင့်သွားရသည်။ "ဘာ။"

မေယွဲ့ရှာဘက် လှည့်ကြည့်လိုက်ရာ သူမသည်လည်း မည်သည်တို့ ဖြစ်နေမှန်း နားမလည်နိုင်ဘဲ ကြောင်အမ်းနေသည်ကို တွေ့လိုက်ရ၏။

"ဂိုဏ်းချုပ်... နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ကျွန်တော်တို့ ဘာဆုလာဘ်မှ မရခဲ့ဘူး။"

ထိုစကားကြောင့် ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့ အခြားဂိုဏ်းများမှ တပည့်များကို လှမ်းကြည့်လိုက်ကြရာ သူတို့မျက်နှာထက်တွင် စိတ်ပျက်မှုနှင့် ဇဝေဇဝါဖြစ်မှုများကို တွေ့လိုက်ရသည်။

အခြေအနေက လေချန် ပြောသကဲ့သို့ ဖြစ်ပုံရ၏။

ရှေးဟောင်းအမွေအနှစ်နယ်မြေတွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီး သူတို့ မည်သည့်ဆုလာဘ်မျှ မရရှိခဲ့ကြချေ။

ဤကိစ္စတွင် လင်းချန် ပါဝင်ပတ်သက်နေနိုင်သည်ဟု ချင်ဝူရွှမ် ဝိုးတဝါး ခံစားလိုက်ရသည်။ ထို့အပြင် ရှေးဟောင်းအမွေအနှစ်နယ်မြေမှ ထွက်လာသော လေဟုန်စစ်သည် ပြန်ဝင်သွားခြင်းမှာ အလွန်ပင် ထူးဆန်းနေ၏။

ယခင်က စမ်းသပ်မှုပြီးဆုံးသည်နှင့် နယ်မြေဝင်ပေါက် လုံးဝ ပိတ်သွားလေ့ရှိသည်။ လေချန်တို့အဖွဲ့ ထွက်လာပြီးနောက် ဝင်ပေါက် ပွင့်နေသည်မျိုး တစ်ခါမျှ မရှိခဲ့ဖူးချေ။

အပြင်ထွက်လာသော လေဟုန်စစ်သည် ပြန်ဝင်သွားပြီးမှသာ ဝင်ပေါက်အလင်းရောင် လုံးဝ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ ဤသည်ကား ပုံမှန်ထက် နောက်ကျပြီးမှ ပိတ်ရန် တမင် ပြင်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

ချင်ဝူရွှမ်ပင် ဤအခြေအနေကို သတိပြုမိလျှင် အခြားသူများက သတိမထားမိဘဲ နေပါမည်လော။

ရှန်ထျန်ဂိုဏ်းချုပ် ကျန်းတင်းယွင်က မျက်လုံးမှေးစင်းကာ ချင်ဝူရွှမ်ကို စိုက်ကြည့်လိုက်၏။ "ဂိုဏ်းချုပ်ချင်... အခုလေးတင် နယ်မြေထဲက ထွက်လာတဲ့လူက ဘာသဘောလဲ။ ခင်ဗျားရဲ့ နတ်ဓားဂိုဏ်းနဲ့ ပတ်သက်နေပုံရတယ်။ စမ်းသပ်မှုနယ်မြေရဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်က ခင်ဗျားနဲ့ ဆက်စပ်နေတာလား။"

ကျန်းတင်းယွင်၏ စကားကြောင့် အခြားဂိုဏ်းကြီးငါးဂိုဏ်းမှ ခေါင်းဆောင်များကလည်း သူတို့အား ကြည့်လိုက်ကြသည်။

ချင်ဝူရွှမ်က ကျန်းတင်းယွင်ကို အေးစက်စွာ ပြောလိုက်သည်။ "ဟမ့်... ငါတို့ တပည့်တွေလည်း ဘာဆုလာဘ်မှ မရခဲ့ဘူး။ ဒီဖြစ်ရပ်က ငါတို့နဲ့ ဘာဆိုင်လို့လဲ။ ပြီးတော့ အစောက လူအကြောင်းကို ငါက ဘာကိစ္စ မင်းကို ရှင်းပြရမှာလဲ။"

ကျန်းတင်းယွင်က ရယ်မောလိုက်သော်ငြား ချင်ဝူရွှမ်ကို စိုက်ကြည့်နေဆဲပင်။ "ဟားဟား... ဟုတ်လို့လား။ ငါကတော့ သံသယဖြစ်စရာကောင်းတယ်လို့ ထင်တာပဲ။"

ချင်ဝူရွှမ်က ကျန်းတင်းယွင်ကို စိုက်ကြည့်ကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်၏။ "မင်း ဘာဖြစ်ချင်လဲ။"

သူတို့နှစ်ဦး စကားပြောနေစဉ် မေယွဲ့ရှာ စိတ်ဗျာများနေသော်ငြား နောက်ဆုံးတွင် စီနီယာအစ်မတော် ဓားသူတော်စင်မယ်၏ မှာကြားချက်ကို သတိရကာ သက်ပြင်းချလျက် ချင်ဝူရွှမ်ဘေးသို့ သွားရပ်လိုက်သည်။

သူမ၏ အနောက်ရှိ ကမ်းရိုးတန်းဂိုဏ်းချုပ် ဟိုင်ရှောင်ယွင်လည်း တပည့်များကို ခေါ်ဆောင်ကာ နတ်ဓားဂိုဏ်းဘက်သို့ ရောက်လာကြပြီး စကားတစ်ခွန်းမျှ မဆိုသော်ငြား သူတို့၏ ရည်ရွယ်ချက်က ရှင်းလင်းနေ၏။

ထိုမြင်ကွင်းကြောင့် ကျန်းတင်းယွင်၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးမှ ပြန်ဖြေလျှော့လိုက်၏။

အချိန်အနည်းငယ် ကြာသောအခါ ကျန်းတင်းယွင် ပြုံးလိုက်သည်။ "ဂိုဏ်းချုပ်ချင်က ဒီလောက် အခိုင်အမာ ပြောနေမှတော့ ခင်ဗျားပြောတာ အမှန်ဖြစ်မှာပါ။ ကျွန်တော်တို့ ပြန်လိုက်ပါဦးမယ်။"

ထို့နောက် ကျန်းတင်းယွင် နောက်လှည့်ကာ တိမ်တိုက်လှေကို ဆင့်ခေါ်လိုက်သော်ငြား မျက်နှာအမူအရာကမူ အေးစက်လျက် ရှိနေသည်။

တပည့်များ တိမ်တိုက်လှေပေါ် တက်နေသည်ကို ကြည့်ရင်း သူ တွေးလိုက်၏။ 'ဓားနတ်ဘုရားဂိုဏ်းက နတ်ဓားဂိုဏ်းဘက် ပါသွားတဲ့ပုံပဲ။ ကမ်းရိုးတန်းဂိုဏ်းလည်း ပါတယ်။ အခုက လှုပ်ရှားရမယ့် အချိန်ကောင်း မဟုတ်သေးဘူး။ ဒါပေမဲ့ နတ်ဓားဂိုဏ်းနဲ့ ဓားနတ်ဘုရားဂိုဏ်း မဟာမိတ်ဖွဲ့လိုက်တာကို ကြည့်ရင် ဝေဝူရွှမ် တကယ် သေသွားပြီဆိုတာ သေချာသလောက်ပဲ။'

ယခင်က ဝေဝူရွှမ် ပြန်ရောက်လာမှုက ကမ်းရိုးတန်းပြည်နယ်၏ ရှုပ်ထွေးနေသော အခြေအနေကို ငြိမ်သက်သွားစေခဲ့သည်။ စစ်ဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် နတ်ဓားဂိုဏ်း၏ အဆင့်အတန်းသည် အလွန် မြင့်မားခဲ့၏။

ဝေဝူရွှမ် ရှိနေခြင်းကြောင့် ရှန်ထျန်ဂိုဏ်းသည် ဓားနတ်ဘုရားဂိုဏ်းအပေါ် မဆင်မခြင် မပြုမူရဲခဲ့ချေ။

အကြောင်းမူကား တိုက်ပွဲဖြစ်ပါက နှစ်ဖက်စလုံး ပျက်စီးဆုံးရှုံးနိုင်ပြီး နတ်ဓားဂိုဏ်းက အမြတ်ထုတ်ခွင့်ကို ရသွားနိုင်သောကြောင့်ပင်။

ယခုအခါ နတ်ဓားဂိုဏ်းနှင့် ဓားနတ်ဘုရားဂိုဏ်းတို့ မသိမသာ တစ်ဖက်တည်း ရပ်တည်လိုက်ခြင်းက သူတို့၏ ကျောထောက်နောက်ခံ ဝေဝူရွှမ် သေဆုံးသွားပြီဖြစ်ကြောင်း သက်သေပြနေပြီး ထို့ကြောင့်ပင် သူတို့နှစ်ဂိုဏ်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် မဟာမိတ်ဖွဲ့လိုက်ကြခြင်း ဖြစ်မည်ဟု ကျန်းတင်ယွင် ကောက်ချက်ချလိုက်သည်။

ကျန်းတင်းယွင် တိမ်တိုက်လှေပေါ်၌ ရပ်ရင်း ချင်ဝူရွှမ်ရှိရာသို့ အေးစက်စွာ လှမ်းကြည့်လိုက်၏။ 'လောလောဆယ်တော့ မင်းတို့ကို လှုပ်ရှားခွင့် ပေးထားလိုက်မယ်။ အချိန်တန်ရင် ကမ်းရိုးတန်းပြည်နယ်ကို လွှမ်းမိုးဖို့ ရှန်ထျန်ဂိုဏ်းရဲ့အလှည့် ရောက်လာလိမ့်မယ်။'

ရှန်ထျန်ဂိုဏ်း ထွက်ခွာသွားပြီးနောက် ချင်ဝူရွှမ်နှင့် အခြားသူများ သက်ပြင်းချလိုက်ကြသည်။ လက်ရှိတွင် သူတို့ ကျန်းတင်းယွင်နှင့် ထိပ်တိုက် မတွေ့ချင်ကြသေးချေ။

မကြာမီ၌ မဟာလှံတံဂိုဏ်းနှင့် သားရဲသခင်ဂိုဏ်းမှ လူများလည်း ထွက်ခွာသွားကြပြီး ဂမ္ဘီရနတ်ဆေးဂိုဏ်းနှင့် ပန်းပဲမီးလျှံဂိုဏ်းတို့သည်လည်း နယ်မြေမှ အသီးသီး ထွက်ခွာသွားကြသည်။

မေယွဲ့ရှာက ချင်ဝူရွှမ်ကို ကြည့်လိုက်၏။ "ဂိုဏ်းချုပ်ချင်... အခု ဘာဆက်လုပ်မလဲ။"

ချင်ဝူရွှမ်က တိတ်ဆိတ်နေသော ဝင်ပေါက်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ "ကျွန်တော် ဒီမှာပဲ စောင့်တော့မယ်။ လင်းချန်ကို ပြန်မခေါ်လာနိုင်ရင် အသေဆိုးနဲ့ သေရဖို့ များတယ်။"

မေယွဲ့ရှာသာမက မထွက်ခွာသေးသည့် ကမ်းရိုးတန်းဂိုဏ်းချုပ် ဟိုင်ရှောင်ယွင်ကပါ ချင်ဝူရွှမ်ကို အံ့ဩတကြီး ကြည့်လိုက်ကြသည်။

"ဘာ။" လင်းချန်ကို ပြန်မခေါ်လာနိုင်ပါက ချင်ဝူရွှမ် အဘယ်ကြောင့် သေရမည်ကို သူတို့ နားမလည်နိုင်ကြချေ။

နတ်ဓားဂိုဏ်း၏ အမြွှာကြယ်ပွင့်များထဲမှ တစ်ဦးဖြစ်ခဲ့သူ ၊ လက်ရှိ နတ်ဓားဂိုဏ်းချုပ် ချင်ဝူရွှမ်၏ အဆင့်အတန်းနှင့် အင်အားမှာ ကမ်းရိုးတန်းပြည်နယ်တွင် ထိပ်တန်းအဆင့်၌ ရှိနေသည်။

မည်သူကများ သူ၏ အသက်ကို လိုချင်နေရသနည်း။

မေယွဲ့ရှာနှင့် ဟိုင်ရှောင်ယွင်တို့၏ နားမလည်နိုင်သော မျက်နှာထားများကို မြင်လိုက်ရသော် ချင်ဝူရွှမ် ခါးသက်သက် ပြုံးလိုက်မိသည်။

အခြားသူများက သူ၏ စီနီယာအစ်ကို အဆိပ်မိ သေဆုံးသွားပြီဟု ထင်မှတ်နေကြသော်ငြား ယခုထက်တိုင် တက်ကြွနေသေးကြောင်း ချင်ဝူရွှမ် ကောင်းကောင်း သိထားသည်။

လင်းချန်ကိုသာ ဘေးကင်းစွာ ပြန်မခေါ်လာနိုင်ပါက သူ့အား အရှင်လတ်လတ် အရေခွံနွှာပစ်မည်မှာ သေချာလှ၏။

"ဝီီးးး"

ချင်ဝူရွှမ် စိတ်ဒုက္ခရောက်နေစဉ် အစီအရင်၏ စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်ကို လူတိုင်း အာရုံခံမိလိုက်ကြ၏။ သူတို့အားလုံး ခေါင်းမော့ကာ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်ကို ကြည့်လိုက်ကြသည်။

ငြိမ်သက်နေသော ဝင်ပေါက် ရုတ်တရက် ပြန်လင်းလက်လာပြီး အတွင်းမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။

ထိုလူကို မြင်လိုက်ရသောအခါ ချင်ဝူရွှမ် အံ့ဩဝမ်းသာစွာ အော်ဟစ်လိုက်မိသည်။

"လင်းချန်...။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၃ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၄

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

"ဦးလေး... ကျွန်တော့်ကို မြင်တာနဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားနေဖို့ လိုလို့လား။" ချင်ဝူရွှမ်၏ မျက်နှာအမူအရာကို မြင်သောအခါ လင်းချန်က ရယ်မောလိုက်၏။

ချင်ဝူရွှမ်ကမူ လင်းချန်အနီးသို့ အလျင်အမြန် သွားလိုက်ပြီး တူတော်မောင်၏ ဂရုမစိုက်သည့်ပုံစံကို မြင်လိုက်ရသဖြင့် စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။ "ဟေ့ကောင်လေး... ဘာတွေ ဖြစ်ကုန်တာလဲ။ မင်းက နည်းနည်း ရဲတင်းလွန်းမနေဘူးလား။ ဘယ်လိုလုပ် သေခြင်းနယ်မြေထဲကို ဝင်သွားရဲရတာလဲ။"

"သေခြင်းနယ်မြေကို သွားတော့ရော ဘာဖြစ်လဲ။ ကျွန်တော်တို့ အဲဒီမှာ အများကြီး ရခဲ့တယ်လေ။ မယုံရင် လေချန်နဲ့ တခြားသူတွေကိုသာ မေးကြည့်... သူတို့ သေခြင်းနယ်မြေထဲက အပျက်အစီးတွေကြားမှာ ရတနာတွေ ဘယ်လောက်တောင် ရှာတွေ့ခဲ့သလဲဆိုတာကိုလေ။" လင်းချန်က အေးအေးဆေးဆေး အမူအရာဖြင့် ပြန်ပြောလိုက်၏။

လင်းချန်၏စကားကို ကြားသောအခါ ချင်ဝူရွှမ်က လေချန်နှင့် အခြားသူများရှိရာသို့ လှည့်ကြည့်လိုက်သည်။ ချင်ဝူရွှမ်၏ အကြည့်ကို သတိထားမိသောအခါ လေချန်နှင့် သူ၏ အဖွဲ့က ရှက်ကိုးရှက်ကန်းဖြင့် တဟဲဟဲ ရယ်မောလိုက်ကြ၏။

"မင်းတို့ ကောင်စုတ်လေးတွေ... ဘာမှမရလို့ စိတ်ပျက်နေချင်ယောင် ဆောင်နေကြတာကိုး။ ကြည့်ရတာ နောက်ကွယ်မှာ အတော်လေး ရခဲ့ကြတဲ့ပုံပဲ။ ဒါပေမဲ့ ငါမေးချင်တာက လင်းချန်... အထဲမှာ ဘာတွေဖြစ်ခဲ့တာလဲ။"

ထိုအချိန်တွင် မေယွဲ့ရှာသည်လည်း အလျင်အမြန် ရှေ့တိုးလာကာ လင်းချန်အား စိုးရိမ်တကြီး မေးလိုက်သည်။ "ဘယ်လိုဖြစ်လို့ မင်းတစ်ယောက်တည်း ထွက်လာတာလဲ။ ရှင်းရှင်းရော ဘယ်မှာလဲ။"

"ရှင်းရှင်းက ကျင့်ကြံလို့ မပြီးသေးဘူး။ ဂိုဏ်းချုပ်မေ စိတ်မပူပါနဲ့။" လင်းချန်က မေယွဲ့ရှာ၏ မေးခွန်းကို ဦးစွာ ဖြေလိုက်ပြီးနောက် ချင်ဝူရွှမ်ဘက်သို့ လှည့်လိုက်၏။

"ဦးလေးမေးတဲ့ မေးခွန်းအတွက်ကတော့ အဖြေက ရိုးရှင်းပါတယ်။ ဒီရှေးဟောင်းအမွေအနှစ်နယ်မြေက အခုကစပြီး ဘယ်တော့မှ ပွင့်လာတော့မှာ မဟုတ်ဘူး။"

"မင်း ဘာပြောလိုက်တာလဲ။" ချင်ဝူရွှမ် ၊ မေယွဲ့ရှာနှင့် ဟိုင်ရှောင်ယွင်တို့အားလုံး အံ့ဩသွားကြသည်။ လေချန်နှင့် အခြားပါရမီရှင် တပည့်များကလည်း လင်းချန်ကို ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေကြ၏။

"အထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြောပြလို့မရဘူး။ မမျှော်လင့်ထားတဲ့ ကိစ္စတချို့ ဖြစ်ခဲ့တယ်လို့ပဲ ပြောရလိမ့်မယ်။" လင်းချန် ထပ်ရှင်းပြလိုစိတ် မရှိသည်မှာ သိသာနေသည်။

ချင်ဝူရွှမ်နှင့် အခြားသူများ၏ မျက်နှာအမူအရာများမှာ ဆက်တိုက် ပြောင်းလဲသွားပြီး လင်းချန်၏ စကားကြောင့် တုန်လှုပ်နေဆဲဖြစ်၏။

ရှေးဟောင်းအမွေအနှစ်နယ်မြေကို စတင်တွေ့ရှိချိန်မှစ၍ ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးခုမှ နိဗ္ဗာန်နယ်ပယ်တပည့်များအတွက် ပန်းတိုင်တစ်ခု ဖြစ်ခဲ့ကာ စမ်းသပ်မှုများကို ဖြတ်ကျော်ပြီးနောက် တန်ဖိုးရှိသော ဆုလာဘ်များ ရရှိနိုင်သည့် နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ၌ ဤရှေးဟောင်းအမွေအနှစ်နယ်မြေမှာ နောက်ထပ် ဘယ်တော့မှ ပွင့်တော့မည် မဟုတ်ကြောင်း လင်းချန်က ဆိုနေလေပြီ။

"ဂိုဏ်းချုပ်ဟိုင်... အစောက နတ်ဓားဂိုဏ်းဘက်က ရပ်တည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးတုံ့ပြန်မှု လက်ဆောင်ပါ။" လူတိုင်း အတွေးကိုယ်စီ နစ်မြောနေစဉ် လင်းချန်က ဟိုင်ရှောင်ယွင်ထံသို့ လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်၏။

လင်းချန် ကမ်းပေးသော လက်စွပ်ကို မြင်သောအခါ ဟိုင်ရှောင်ယွင်မှာ အစပိုင်းတွင် ကြောင်အမ်းသွားပြီးနောက် မည်သည့်ပစ္စည်းဖြစ်ကြောင်း သဘောပေါက်သွားကာ တိုးညှင်းစွာ ရေရွတ်လိုက်သည်။

"သိုလှောင်လက်စွပ်ပါလား။"

အိတ်တစ်လုံးကဲ့သို့ပင် အတွင်းဘက်၌ ပစ္စည်းများ သိမ်းဆည်းရန် နေရာလွတ်ပါရှိသော စိတ်ဝိညာဉ်ရတနာ တစ်မျိုးဖြစ်၏။

အနိမ့်ဆုံးအဆင့် သိုလှောင်လက်စွပ်များသည်ပင်လျှင် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ရတနာများ ဖြစ်ကြသည်။ နတ်ဓားဂိုဏ်းတစ်ခုလုံးတွင်မှ သိုလှောင်လက်စွပ် နှစ်ကွင်းသာ ရှိပြီး နှစ်ကွင်းစလုံးမှာ အလယ်အလတ်အဆင့် လက်စွပ်များသာ ဖြစ်ကြ၏။

ဟိုင်ရှောင်ယွင်၏ လက်တွင် ထိုကဲ့သို့သော သိုလှောင်လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားသော်လည်း အရောင်မှိန်ဖျော့ကာ သေးငယ်လွန်းသော အာကာသကျောက်တုံးတစ်တုံးကိုသာ မြှုပ်နှံထားသဖြင့် ပုံစံမှာ ရိုးရိုးသံလက်စွပ်တစ်ကွင်းနှင့်ပင် သွားတူနေသည်။

လင်းချန် သူ့ကို ကမ်းပေးသော သိုလှောင်လက်စွပ်မှာမူ အပြာရောင်သတ္တုဖြင့် ပြုလုပ်ထားပြီး လှိုင်းတွန့်ပုံစံများ ရေးထိုးထား၏။ ထို့ပြင် လက်စွပ်၏ မျက်နှာပြင်တစ်ခုလုံးကို အာကာသကျောက်တုံးအလွှာဖြင့် ဖုံးအုပ်ထားသည်။ ဤလက်စွပ်နှင့် သူဝတ်ဆင်ထားသည့် သိုလှောင်လက်စွပ်ကို နှိုင်းယှဉ်လိုက်လျှင် မိုးနှင့်မြေကဲ့သို့ ကွာခြားလှ၏။

"ဂိုဏ်းချုပ်ဟိုင်... လက်စွပ်ပုံစံကို ကျွန်တော်ကိုယ်တိုင် ရွေးချယ်ထားတာပါ။ ဘယ်လိုလဲ... သဘောကျရဲ့လား။" ဟိုင်ရှောင်ယွင် ကြောင်ငေးနေသည်ကို မြင်သောအခါ လင်းချန်က မေးလိုက်သည်။

"အာ..." လင်းချန်၏ စကားကို ကြားလိုက်ရမှ ဟိုင်ရှောင်ယွင် သတိပြန်ဝင်လာပြီး ခေါင်းကို ဆက်တိုက်ညိတ်လိုက်၏။ "အင်း... သဘောကျပါတယ်... ဒီသိုလှောင်လက်စွပ်က အနည်းဆုံး ပထမတန်းအဆင့်တော့ ရှိလောက်တယ်။"

"ဂိုဏ်းချုပ်ဟိုင်က မျက်စိရှင်သားပဲ။ တကယ်ကို အထင်ကြီးစရာပါ။ ဟုတ်ပါတယ် ၊ ပထမတန်းအဆင့် သိုလှောင်လက်စွပ်ပါ။" လင်းချန် ပြုံး၍ ခေါင်းညိတ်လိုက်သည်။

ဟိုင်ရှောင်ယွင် အံ့ဩနေရင်းဖြင့် သူ၏ အသိစိတ်ကို သိုလှောင်လက်စွပ်ထဲသို့ စေလွှတ်လိုက်ရာ အတွင်း၌ သိမ်းဆည်းထားသော ပစ္စည်းများကို ချက်ချင်း အာရုံခံမိသွား၏။

အတွင်းရှိ ပစ္စည်းများကို ရှင်းရှင်းလင်းလင်း သိမြင်လိုက်ရသောအခါ ဟိုင်ရှောင်ယွင်၏ မုတ်ဆိတ်ဖြူများ တုန်ရီသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် မထိန်းချုပ်နိုင်တော့ဘဲ သိုလှောင်လက်စွပ်မှာ သူ၏လက်ထဲမှ လွတ်ကျသွားသည်။

လင်းချန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သိုလှောင်လက်စွပ်ကို ဖမ်းယူကာ ရယ်မော၍ ဟိုင်ရှောင်ယွင်ထံသို့ ပြန်ပေးလိုက်၏။

"ဂိုဏ်းချုပ်ဟိုင်... ဒါက ရှေးဟောင်းအမွေအနှစ်နယ်မြေမှာ ဆုမရခဲ့တဲ့အတွက် ကမ်းရိုးတန်းဂိုဏ်းကို ပေးတဲ့ ကျေးဇူးတုံ့ပြန်မှု လက်ဆောင်ပါ။ အဲဒီကိစ္စက ကျွန်တော့်ကြောင့် ဖြစ်သွားရတာဆိုတော့ ဒီလောက်ကြီး စိတ်လှုပ်ရှားမနေပါနဲ့။"

ဟိုင်ရှောင်ယွင်က တုန်ယင်နေသည့် လက်များဖြင့် လင်းချန်ထံမှ သိုလှောင်လက်စွပ်ကို ပြန်ယူလိုက်ပြီး အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ "လူငယ်ဧကရာဇ်... ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင်ကို ရလိုက်တော့ ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒါပေမဲ့ စိတ်ချပါ... ကျွန်တော်တို့ဂိုဏ်းက နတ်ဓားဂိုဏ်းဘက်ကနေ သေချာပေါက် ရပ်တည်ပေးပါ့မယ်။"

"ဂိုဏ်းချုပ်ဟိုင်ရဲ့ ဒီစကားနဲ့တင် ကျွန်တော်လည်း စိတ်အေးရပါပြီ။ ကမ်းရိုးတန်းဂိုဏ်းက အနာဂတ်မှာ ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရလာနိုင်မယ်လို့ ကျွန်တော် ယုံပါတယ်။" လင်းချန်က ဟိုင်ရှောင်ယွင်ကို အနည်းငယ် ဦးညွှတ်ကာ ပြုံးလိုက်၏။ "ကျွန်တော် လိုက်မပို့တော့ဘူးနော်။"

လင်းချန်၏ သဘောထားကို နားလည်သဖြင့် ဟိုင်ရှောင်ယွင်သည် ကျေးဇူးတင်စကား ထပ်ခါတလဲလဲ ဆိုလိုက်သည်။

ထို့နောက် တပည့်များ၏ အံ့အားသင့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ သူတို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့၏။

ဟိုင်ရှောင်ယွင်နှင့် သူ၏တပည့်များ မြင်ကွင်းမှ ပျောက်ကွယ်သွားပြီးမှသာ ချင်ဝူရွှမ် ၊ မေယွဲ့ရှာနှင့် အခြားသူများ သတိပြန်ဝင်လာကြသည်။ ဟိုင်ရှောင်ယွင်သည် လင်းချန်၏ ရှေ့တွင် အဘယ်ကြောင့် ဤမျှ နှိမ့်ချနေပြီး လူငယ်ဧကရာဇ်ဟုပင် ခေါ်ဝေါ်ခဲ့ရသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြ၏။

"လင်းချန်... မင်း ဘာတွေလုပ်လိုက်တာလဲ။ အဘိုးကြီး ဟိုင်ရှောင်ယွင်က မင်းကို ဒူးထောက်ပြီး ကျေးဇူးတင်မတတ်တောင် ဖြစ်သွားပါလား။" ချင်ဝူရွှမ်က စူးစမ်းလိုစိတ်ဖြင့် လင်းချန်ကို မေးလိုက်သည်။

လင်းချန်က ပြုံးလိုက်ပြီး ချင်ဝူရွှမ်ကို ပြန်မေးလိုက်၏။ "ဦးလေး... အကယ်၍ ဦးလေးသာ သူ့နေရာမှာဆိုရင် ၊ ကျွန်တော် ပေးလိုက်တဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေက သူ့ဂိုဏ်းလို ဂိုဏ်းမျိုး ဒါဇင်ပေါင်းများစွာကိုတောင် ဝယ်လို့ရမယ်ဆိုရင် ဦးလေးရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲ။"

"သူ့ဂိုဏ်းလို ဂိုဏ်းမျိုး ဒါဇင်ပေါင်းများစွာ ဝယ်လို့ရတယ် ဟုတ်လား။ မင်းပေးလိုက်တဲ့ သိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေက သူ့ဂိုဏ်းတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုထက် အဆပေါင်းများစွာ ပိုတန်ဖိုးရှိတယ်လို့ ပြောချင်တာလား။" လင်းချန်၏ စကားကြောင့် ချင်ဝူရွှမ် မယုံနိုင်စွာ အော်ဟစ်လိုက်သည်။ "မဖြစ်နိုင်တာ။"

မေယွဲ့ရှာသည်လည်း အံ့ဩမှင်သက်စွာ ရပ်နေပြီး လင်းချန်ကို မယုံနိုင်စွာ စိုက်ကြည့်နေ၏။ ဂိုဏ်းချုပ်နှစ်ဦး၏ အံ့အားသင့်နေသော မျက်နှာအမူအရာများကို မြင်သောအခါ လင်းချန်က ရယ်မောလိုက်ပြီး ပုံစံမတူသည့် သိုလှောင်လက်စွပ် နှစ်ကွင်းကို ထုတ်ယူလိုက်သည်။

"ဦးလေး... ကျွန်တော်က ဆွေမျိုးထက် သူစိမ်းကို ပိုဦးစားပေးတယ်လို့ ဦးလေး မပြောရအောင် ဒါကို ယူလိုက်ပါ။ ဂိုဏ်းချုပ်မေ... ရှင်းရှင်းက ကျွန်တော့်ရဲ့ စေ့စပ်ထားသူဆိုတော့ ကျွန်တော့်မှာ ဓားနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်မှု ရှိပါတယ်။ ဒါကို ယူပါ။"

လင်းချန်ထံမှ သိုလှောင်လက်စွပ်များကို လက်ခံရယူပြီးနောက် ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့ အတွင်းသို့ တစ်ပြိုင်နက် စစ်ဆေးကြည့်လိုက်ကြ၏။ သိုလှောင်လက်စွပ်များ အတွင်းရှိ ပစ္စည်းများကို စစ်ဆေးပြီးသွားသောအခါ ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် မယုံနိုင်မှုများကို အထင်းသား မြင်နေရသည်။

ယခုအခါ ဟိုင်ရှောင်ယွင် အဘယ်ကြောင့် ထိုသို့ အမူအရာမျိုး ဖြစ်သွားခဲ့ရသည်ကို နှစ်ဦးစလုံး ကောင်းစွာ နားလည်သွားကြလေပြီ။ မေယွဲ့ရှာသည် သိုလှောင်လက်စွပ်ထဲရှိ ကြွယ်ဝချမ်းသာမှုများဖြင့် ရှန်ထျန်ဂိုဏ်းကို ကျော်တက်ရန်မှာ အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်လာလိမ့်မည်ဟုပင် တွေးလိုက်မိသည်။

"လင်းချန်... မင်း ပေးလိုက်တဲ့အရာက ဓားနတ်ဘုရားဂိုဏ်းအတွက် ကြီးမားတဲ့ ကျေးဇူးတစ်ခု ဖြစ်ပေမယ့် ငါ့ရဲ့ စီနီယာအစ်မတော်ကတော့ ဒီအရာကြောင့် စိတ်ပြောင်းမယ့်ပုံ မပေါ်ဘူး။ မင်းက သူ့ရဲ့ တစ်ဦးတည်းသော မြေးကို သတ်ခဲ့တာလေ။ သူက သေချာပေါက် မင်းကို လက်စားချေလိမ့်မယ်။" မေယွဲ့ရှာက စိုးရိမ်တကြီး ပြောသည်။

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters