အခန်း (၁၅၅-၁၅၆)
Vol. 16 Ch. 155-156
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၅
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
မေယွဲ့ရှာ ပြောနေသည်မှာ ဖူဟန်၏ အဖွားဖြစ်သူ ဓားနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲကို ဆိုလိုမှန်း လင်းချန် သိသည်။
လင်းချန်က အပြုံးဖြင့် ပြော၏။ “သူ သေချင်ရင် ကျွန်တော့်ဆီ လာခိုင်းလိုက်ပါ။”
စစ်ဧကရာဇ်ဝေဝူရွှမ် ကာကွယ်ပေးထားသမျှ ကာလပတ်လုံး လင်းချန်သည် ဓားနတ်ဘုရားဂိုဏ်း၏ မဟာအကြီးအကဲဆိုသူ ပြဿနာလာရှာမည့် ကိစ္စကို လုံးဝ မကြောက်ပေ။
ထို့အပြင် မေယွဲ့ရှာအား ပေးအပ်လိုက်သည့် သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများသည် ဓားနတ်ဘုရားဂိုဏ်း၏ ထောက်ခံမှုကို ရယူရန် လုံလောက်သည်ဟု လင်းချန် အခိုင်အမာ ယုံကြည်ထား၏။
အကယ်၍ သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများ၏ တန်ဖိုးက မေယွဲ့ရှာ၏ စိတ်ကို မလှုပ်ရှားစေနိုင်ပါက မေယွဲ့ရှာသည် လင်းချန်ကို သတိပေးစကား ဆိုမည် မဟုတ်ပေ။ ယခုအခါ သတိပေးလာပြီ ဖြစ်သောကြောင့် လင်းချန်ကို သူ့လူအဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း ထင်ရှားနေသည်။
အချိန်အတန်ကြာမှ ချင်ဝူရွှမ်တစ်ယောက် အံ့ဩတုန်လှုပ်နေမှုမှ သတိပြန်ဝင်လာပြီး လင်းချန်ကို စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။ “လင်းချန်... ဒီပစ္စည်းတွေ ရှေးဟောင်းအမွေအနှစ်နယ်မြေထဲက ရခဲ့တာလား။”
လင်းချန် ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... မဟုတ်ရင် ကျွန်တော်က ဒီလောက်အဖိုးတန်တဲ့ ပစ္စည်းတွေ ဘယ်ကရမှာလဲ။”
ချင်ဝူရွှမ်မှာ ဂိုဏ်းချုပ်တစ်ဦး၏ တည်ငြိမ်မှုများ လုံးဝပျောက်ဆုံးသွားကာ သိုလှောင်လက်စွပ်ကို ရတနာတစ်ခုသဖွယ် ပွတ်သပ်ကြည့်ရှုနေတော့၏။ တည်ငြိမ်မှု ကင်းမဲ့နေခြင်းမှာ သူ၏ အပြစ် မဟုတ်ပေ။ လင်းချန် ထည့်ပေးလိုက်သော ပစ္စည်းမျိုးကို ယခင်က တစ်ခါမျှ မမြင်ဖူးသောကြောင့်ပင်။
သိုလှောင်လက်စွပ်ထဲ၌ ပထမတန်းအဆင့် ကျင့်စဉ်ကျမ်းများ ၊ ဆေးလုံးများ ၊ မူလလက်နက်များနှင့် စိတ်ဝိညာဉ်ရတနာများ ပါဝင်ကြောင်း သိထားသင့်သည်။ ဒုတိယအဆင့်နှင့် တတိယအဆင့် ပစ္စည်းများမှာမူ ပို၍ပင် များပြားသေး၏။
သိုလှောင်လက်စွပ်ထဲရှိ ပစ္စည်းများ၏ တန်ဖိုးကို အကြမ်းဖျဉ်း ခန့်မှန်းတွက်ချက်ကြည့်ပြီးနောက် ထိုပစ္စည်းများဖြင့် နတ်ဓားဂိုဏ်းပေါင်း နှစ်ဆယ်ကျော်ကို ဝယ်ယူနိုင်သည်ဟု အခိုင်အမာ ပြောရဲ၏။
လင်းချန် ငွေရောင်ဆံပင်ပိုင်ရှင် မေယွဲ့ရှာကို ကြည့်လိုက်၏။ “ဂိုဏ်းချုပ်မေ... ဒီသိုလှောင်လက်စွပ်ထဲက ပစ္စည်းတွေက ဓားနတ်ဘုရားဂိုဏ်း ဆယ်ဂိုဏ်းစာလောက် တန်ဖိုးရှိတယ်။ နောင် ရှန်ထျန်ဂိုဏ်း ပြဿနာရှာလာရင် ဘယ်သူနဲ့ မဟာမိတ်ဖွဲ့သင့်လဲဆိုတာ ဂိုဏ်းချုပ်မေ နားလည်လောက်ပြီလို့ ထင်တယ်။”
မေယွဲ့ရှာမှာ လက်ထဲရှိ သိုလှောင်လက်စွပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး လင်းချန်ကို ခေါင်းညိတ်ပြလိုက်သည်။ “ဓားနတ်ဘုရားဂိုဏ်းက နတ်ဓားဂိုဏ်းနဲ့ အတူတက် အတူဆုတ်မယ်ဆိုတာ သံသယဖြစ်စရာ မလိုဘူး။ ဒီလောက်များတဲ့ ပစ္စည်းတွေနဲ့ဆိုရင် နောက်ပိုင်းတိုက်ပွဲတွေမှာ ရှန်ထျန်ဂိုဏ်း အခွင့်အရေး ရတော့မှာ မဟုတ်ဘူး။”
မေယွဲ့ရှာ၏ ရပ်တည်ချက်ကို မြင်သောအခါ လင်းချန် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ချင်ဝူရွှမ် ၊ မေယွဲ့ရှာနှင့် ထွက်ခွာသွားသော ဟိုင်ရှောင်ယွင်တို့၏ မျက်လုံးထဲတွင် လင်းချန် ပေးလိုက်သော ပစ္စည်းများသည် တစ်ခါမျှ မမြင်ဖူးသော အလွန်တန်ဖိုးရှိသည့် အရာများ ဖြစ်နေသည်။ သို့သော် တန်ယွမ်ဂိုဏ်း၏ ဘဏ္ဍာတိုက်နှင့် နှိုင်းယှဉ်လျှင် ထိုအရာများသည် သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ဖြစ်ပြီး ထည့်ပြောရန်ပင် မတန်ပေ။
ဤပစ္စည်းများကို အသုံးပြု၍ ဓားနတ်ဘုရားဂိုဏ်းနှင့် ကမ်းရိုးတန်းဂိုဏ်းများကို စည်းရုံးကာ နတ်ဓားဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ခြင်းကို ခိုင်မာအောင် လုပ်ဆောင်ခြင်းသည် အကျိုးရှိပြီး လုံးဝ အန္တရာယ်ကင်းသော ကိစ္စဖြစ်၏။
ချင်ဝူရွှမ်နှင့် မေယွဲ့ရှာတို့၏ မျက်နှာပေါ်မှ ပျော်ရွှင်မှုများကို မြင်လိုက်ရသောအခါ လင်းချန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ကမ်းရိုးတန်းပြည်နယ် တစ်ခုလုံးသည် အမှန်တကယ်ပင် သေးငယ်လွန်းပြီး ဝေးလံခေါင်ဖျားလွန်းလှ၏။
တန်ယွမ်ဂိုဏ်း ဘဏ္ဍာတိုက်မှ အသေးအဖွဲ ပစ္စည်းလေးများကပင် ထိပ်သီးဂိုဏ်းကြီးသုံးဂိုဏ်းနှင့် ဂိုဏ်းကြီးငါးဂိုဏ်းထဲမှ ဂိုဏ်းချုပ်နှစ်ဦးကို ဤမျှတိုင် အံ့ဩဝမ်းသာ ဖြစ်စေနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ကမ်းရိုးတန်းပြည်နယ်၏ အတိုင်းအတာသည် မည်မျှ သေးငယ်ကြောင်းနှင့် ဤဂိုဏ်းများသည် အောက်ဆုံးအဆင့် အင်အားစုများသာ ဖြစ်ကြောင်း ထင်ရှားနေသည်။
အဘယ်ကြောင့်ဆိုသော် တန်ယွမ်ဂိုဏ်းသည် ရှေးဟောင်းခေတ်ကာလက ဒေသတွင်း အကြီးအကဲ ဖြစ်ခဲ့သော်လည်း ကမ္ဘာကြီးတစ်ခုလုံး၏ အတိုင်းအတာနှင့် ကြည့်လျှင် အောက်ဆုံးအဆင့် အင်အားစုအဖြစ်သာ သတ်မှတ်ခံခဲ့ရကြောင်း ကျန်းကျွင်းချန်ထံမှ လင်းချန် သိရှိထားသောကြောင့်ပင်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ကမ္ဘာလောကကြီးထဲတွင် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် နက်နဲသော ပိုမို အစွမ်းထက်သည့် အင်အားစုများ ရှိနေသည်မှာ သေချာသည်။
သို့သော်လည်း လင်းချန် စိတ်ထဲတွင် ပြင်းပြစွာ မျှော်လင့်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ အင်အား တိုးတက်လာသည်နှင့်အမျှ ဟွာရှာအင်ပါယာ၏ စစ်မှန်သော အင်အားစုများသည် ဆက်လက် ထွက်ပေါ်လာပြီး ဤကမ္ဘာလောကကို အစိုးရဖို့ ကြိုးစားရမည် ဖြစ်သောကြောင့်ပင်။
ဤကမ္ဘာလောကကြီးထဲ၌ အမျိုးမျိုးသော အစွမ်းထက် အင်အားစုများ ဆက်တိုက် ပေါ်ထွက်လာနေပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် မရေမတွက်နိုင်သော ထူးဆန်းသည့် လူမျိုးနွယ်များ တည်ရှိနေကာ အဆုံးမဲ့ ပဋိပက္ခများ ဖြစ်ပွားနေ၏။
အကယ်၍ ဟွာရှာအင်ပါယာတွင် ပြိုင်ဘက်မရှိလျှင် ဘာပျော်စရာ ရှိတော့မည်နည်း။ လွယ်ကူလွန်းနေလျှင် ဘာပျော်စရာ ရှိတော့မည်နည်း။
လင်းချန်က ချင်ဝူရွှမ်၏ ရယ်မောသံကို ဖြတ်လိုက်သည်။ “ဦးလေး... အရင်ပြန်နှင့်။ ကျွန်တော် ခဏ ဆက်ကျင့်ကြံဖို့ လိုသေးလို့။”
ချင်ဝူရွှမ် အံဩသင့်သွားရသည်။ “ဟေ... ဆက်ကျင့်ကြံဦးမယ်။ မင်းက ဘယ်မှာ ကျင့်ကြံမှာလဲ။”
လင်းချန် ပခုံးတွန့်ပြလိုက်၏။ “ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာလေ။ ဦးလေး ပြန်ရောက်ရင် ဆရာ့ကို ကျွန်တော့်အစား ပြောပြပေးပါဦး။”
စကားဆုံးသည်နှင့် လင်းချန်က လေချန်ကို ခေါင်းညိတ်ပြလိုက်၏။ “လာ... အတူ ကျင့်ကြံဖို့ ဝင်ရအောင်။”
လေချန် ခေါင်းညိတ်လိုက်သည်။ “အော်...”
ထို့နောက် သူသည် အနည်းငယ် ကြောင်အမ်းအမ်းဖြစ်နေပြီး မသိစိတ်ဖြင့် သဘောတူလိုက်ကာ ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်ဆီသို့ သွားနေသော လင်းချန်၏ နောက်သို့ လိုက်ပါသွား၏။
လင်းချန် လှည့်ထွက်သွားသည်ကို မြင်သောအခါ မေယွဲ့ရှာ အလျင်အမြန် လှမ်းတားလိုက်သည်။ “နေပါဦး... ရှင်းရှင်းရော ဘယ်မှာလဲ။ သူ အခု ဘယ်လိုနေလဲ။”
လင်းချန်က မေယွဲ့ရှာကို ပြုံးပြလိုက်၏။ “ဓားသူတော်စင်မယ်ကို ကျွန်တော့်အစား နှုတ်ဆက်ပေးပါ။ ရှင်းရှင်းကို နှစ်ပေါင်းများစွာ စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်လို့လည်း ပြောပေးပါ။ နောက်ပိုင်း ကျွန်တော်နဲ့ စေ့စပ်ထားသူကို ကျွန်တော်ပဲ ကောင်းကောင်း စောင့်ရှောက်ပါ့မယ်လို့ ပြောပေးပါ။ သူ စိတ်ပူစရာ မလိုတော့ပါဘူး။”
ထို့နောက် လင်းချန် ဝင်ပေါက်၏ တောက်ပသော အလင်းရောင်များကြားထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။ လေချန်သည်လည်း ချင်ဝူရွှမ်ကို ဦးညွှတ်လိုက်ပြီး ဝင်ပေါက်၏ တောက်ပသော အလင်းရောင်ထဲသို့ အလျင်အမြန် လိုက်ပါသွား၏။
လင်းချန်နှင့် လေချန်တို့၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ဝင်ပေါက်သည် နောက်တစ်ကြိမ် ပြန်လည် ပိတ်သွားတော့ပြီး ချင်ဝူရွှမ်နှင့် အခြားသူများကို ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်စေခဲ့၏။
ပုံမှန်ပြန်ဖြစ်သွားသည့် ဝင်ပေါက်ကို ကြည့်ရင်း ချင်ဝူရွှမ် တီးတိုးရေရွတ်လိုက်မိသည်။ “ဒီကောင်လေး ရှေးဟောင်းအမွေအနှစ်နယ်မြေထဲမှာ ဘာတွေများ တွေ့ခဲ့လို့လဲ။”
ထို့နောက် သူ၏ လက်ထဲမှ သိုလှောင်လက်စွပ်ကို ငုံ့ကြည့်ကာ ခံစားချက်များဖြင့် ပြည့်နှက်သွားတော့၏။ ဘေး၌ ရပ်နေသည့် မေယွဲ့ရှာ၏ မျက်နှာအမူအရာမှာလည်း ရှုပ်ထွေးနေရသည်။
ဤနေရာသို့ မလာခင်က စီနီယာအစ်မတော် ဓားသူတော်စင်မယ်သည် ရှန်ထျန်ဂိုဏ်းမှ ကျန်းတင်းယွင်သာ ပုံမှန်မဟုတ်သော လှုပ်ရှားမှု တစ်စုံတစ်ရာ ပြုလုပ်လာပါက နတ်ဓားဂိုဏ်းဘက်တွင် မဖြစ်မနေ ရပ်တည်ပေးရမည်ဟု မှာကြားခဲ့သည်။
စီနီယာအစ်မတော်၏ စကားကို နားထောင်ခဲ့ခြင်းကြောင့်သာ လင်းချန် ပေးသော သိုလှောင်လက်စွပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
လင်းချန်နှင့် ကမ်းရိုးတန်းဂိုဏ်းမှ ဂိုဏ်းချုပ် ဟိုင်ရှောင်ယွင်တို့၏ စကားပြောဆိုမှုကို ထောက်ချင့်ကြည့်လျှင် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ ရောက်နေသော်လည်း အပြင်လောကကို သတိပြုမိနိုင်ကြောင်း သိသာထင်ရှားသည်ဟု မေယွဲ့ရှာ ကောင်းစွာ နားလည်လိုက်၏။
သို့မဟုတ်ပါက လင်းချန်သည် ရှေးဟောင်းအမွေအနှစ်နယ်မြေမှ ထွက်လာလာချင်း ယခုလေးတင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို မည်သို့ သိရှိနိုင်ပါမည်နည်း။
လက်ထဲရှိ သိုလှောင်လက်စွပ်ကို လင်းချန်က ရှင်းရှင်းအတွက် သက်သက် ပေးခဲ့ခြင်း မဟုတ်ဘဲ ကျန်းတင်းယွင်၏ ဖိအားပေးမှုကို ခံရချိန်တွင်ပင် မေယွဲ့ရှာက ချင်ဝူရွှမ်ဘက်မှ ရပ်တည်ပေးခဲ့သောကြောင့် ပေးအပ်ခြင်း ဖြစ်၏။
မေယွဲ့ရှာမှာ စိတ်ထဲတွင် တုန်လှုပ်ဖွယ်ရာ အဖြေတစ်ခုကို တွေးမိလိုက်ပြီး ဝင်ပေါက်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ “လင်းချန်က... ဒီရှေးဟောင်းအမွေအနှစ်နယ်မြေကို လုံးဝ ထိန်းချုပ်လိုက်တာများလား...။”
**--**--**--**--**--**--**--**
ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ ပထမအလွှာအတွင်းတွင် လင်းချန်နှင့် လေချန်တို့ သေခြင်းနယ်မြေရှိရာ လမ်းကြောင်းအတိုင်း လျှောက်သွားနေကြရင်း လင်းချန်က နောက်ကွယ်တွင် ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုံး ရှင်းပြလိုက်၏။
နားထောင်ပြီးနောက် လေချန်က လင်းချန်ကို စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ “ဒါဆို ကျွန်တော် ဒီရှေးဟောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို မကြာခင် တွေ့ရတော့မှာလား။”
လင်းချန် ခေါင်းညိတ်လိုက်ပြီး လေချန်၏ ပခုံးကို ပုတ်လိုက်၏။ “လေချန်... နောက်ပိုင်း စီနီယာကျန်းနဲ့ လေ့ကျင့်ရမှာက ငါ့အထူးလေ့ကျင့်ခန်းထက် ပိုဆိုးနိုင်တယ်နော်။”
လင်းချန် စကားဆုံးသည်နှင့် လေချန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ “အစ်ကိုကြီး... ကျွန်တော့်ကို နောက်နေတာမလား။”
လင်းချန် ခေါင်းရမ်းလိုက်၏။ “မနောက်ဘူး။ ငါတောင် သေလုမျောပါး အရိုက်ခံရတယ်။”
လေချန်က နောက်ဆုတ်သွားမိသည်။ “ကျွန်တော် မလိုက်တော့လို့ ရမလား။”
လင်းချန် ပြုံးလိုက်၏။ “မင်းဘာသာ စဉ်းစားကြည့်ပေါ့။”
လေချန်မှာ ငိုတာထက်ပင် ရုပ်ဆိုးသည့် အပြုံးတစ်ခုကို ပြလိုက်ပြီး နောက်လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သည်။ “ဟဲဟဲ...”
**--**--**--**--**--**--**--**
ခဏအကြာတွင် သေခြင်းနယ်မြေ၏ ဒုတိယအလွှာ၌ ဝက်ခေါင်းတစ်လုံးကဲ့သို့ ဖူးရောင်နေသည်အထိ အရိုက်ခံထားရသည့် လူငယ်တစ်ဦးက ဂါရဝပြုလိုက်သည်။
“ဂိုဏ်းချုပ်ကျန်း။”
ထိုသို့ ကောင်းမွန်စွာ ဂါရဝပြုနေသည်ကို ကြည့်ပြီး ကျန်းကျွင်းချန် အံ့သြသွားရသည်။
“မိတ်ဆွေလေး... ဒါက ဘယ်သူလဲ။”
ကျန်းကျွင်းချန်၏ မေးခွန်းထုတ်သည့် အကြည့်ကို မြင်သောအခါ လင်းချန်က အရေးမကြီးဟန်ဖြင့် လက်ကာပြလိုက်၏။ “ကျွန်တော့် ဂျူနီယာညီလေးလေ။ ဒီမှာ အထူးလေ့ကျင့်ရမယ်ဆိုတာ ကြားတော့ ထွက်ပြေးချင်နေလို့ လိုက်ခဲ့ဖို့ တော်တော် ဖျောင်းဖျလိုက်ရတယ်။”
ရှင်းရှင်းက ရယ်မောလိုက်သည်။ “ဖူး... ချန်လေး... ရှင်က အဲဒါကို ဖျောင်းဖျတယ်လို့ ခေါ်တာလား။”
လင်းချန်က လက်များကို ဆန့်တန်းလိုက်၏။ “ကဲ... အားလုံး စုံပြီဆိုတော့ ကျင့်ကြံတာ စကြရအောင်။ စီနီယာကျန်းမှာ အချိန်နှစ်နှစ်ပဲ ရှိတော့တယ်။ အဲဒီအချိန်ကို ကောင်းကောင်း အသုံးချရမယ်။”
ထို့နောက် လေချန်ဘက်သို့ လှည့်လိုက်သည်။ “နောက်ဆို ငါတို့က အတွင်းစည်းတပည့်အဆင့်ကို ရည်မှန်းမယ်။ မင်းအဘိုးကို အံ့သြသွားအောင် မလုပ်ချင်ဘူးလား။”
"အာ..." လေချန်၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် ရောင်ခြည်များ ပြည့်နှက်လာသည်။ “အတွင်းစည်းတပည့်။”
ရုတ်တရက် ကျန်းကျွင်းချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားတော့သည်။ “တစ်ယောက်ယောက်က ဒီကမ္ဘာငယ်လေးရဲ့ အတားအဆီးကို ဖြိုခွင်းဖို့ ဂါထာတစ်ခု သုံးလိုက်တယ်။ ဒီဂါထာက အရမ်း အစွမ်းထက်လွန်းတယ်။ တားဆီးလို့ မရဘူး။”
ကျန်းကျွင်းချန်၏ စကားသံ ဆုံးသည်နှင့် သွေးရောင်အလင်းတန်းတစ်ခုက လင်းချန်ထံသို့ လာရောက်ရိုက်ခတ်လာ၏။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၅ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၆
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းချန် သွေးနီရောင်အလင်းတန်းများ၏ ဝန်းရံခြင်းကို ခံလိုက်ရပြီး သိပ်သည်းသော သွေးနီရောင်က သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေသကဲ့သို့ ဖြစ်သွားသည်။
လင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်ကို မြင်လိုက်ရသောအခါ ကျန်းကျွင်းချန် မျက်နှာပျက်သွား၏။ “ငါသာ အထွတ်အထိပ်ကို ပြန်ရောက်ရင် ဒီဂါထာက ပြောပလောက်တဲ့အရာ မဟုတ်ပေမဲ့ အခုက...”
လင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ် သွေးနီရောင်ကို မြင်သောအခါ ယီစင်းသည်လည်း အလွန်အမင်း စိုးရိမ်ပူပန်သွားသည်။ ထို့နောက် သူမက မေးလိုက်၏။ “ချန်လေးကို ဘယ်သူက ဂါထာနဲ့ တိုက်ခိုက်တာလဲ။”
လင်းချန်၏ ပုံရိပ်တွင် ပုံမှန်မဟုတ်မှု ဖြစ်ပေါ်နေသည်ကို ကြည့်ရင်း လေချန်သည်လည်း လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး ခေါ်လိုက်သည်။ “ခေါင်းဆောင်...”
လင်းချန် သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်ကို ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။ “ဘာလို့ ဒီအရာက တစ္ဆေတစ်ကောင်လို တောက်လျှောက် လိုက်ကပ်နေရတာလဲ။”
လင်းချန် စကားဆုံးသည်နှင့် သူတို့၏ ရှေ့မှောက်မှ ပျောက်ကွယ်သွားတော့၏။
**--**--**--**--**--**--**--**
နောက်တစ်ခဏအကြာတွင် ဟွာရှာအင်ပါယာ၏ နည်းဗျူဟာခန်းမအတွင်း၌ လင်းချန် ရုတ်တရက် ပေါ်လာပြီး မြင့်မားသော စင်မြင့်ဗဟိုသို့ လျှောက်သွားလိုက်သည်။
လင်းချန် ပေါ်လာပြီး မကြာမီမှာပင် ကျူးကော့မင်သည်းလည်း ထွက်ပေါ်လာပြီး သူ၏ ဘေးသို့ အလျင်အမြန် ရောက်လာ၏။
လင်းချန်၏ ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်ကို မြင်သောအခါ ကျူးကော့မင် အမျက်ချောင်းချောင်းထွက်သွားတော့သည်။ “ရဲတင်းလိုက်ကြတာ... အဲဒီလူတွေက ဧကရာဇ်မင်းမြတ်ကို ဂါထာနဲ့ ထပ်ပြီး အန္တရာယ်ပေးဖို့ ကြိုးစားကြပြန်ပြီ။ ခေါင်းဖြတ်သတ်သင့်တဲ့ ကောင်တွေပဲ။”
ထို့နောက် သူက ဆက်ပြောလိုက်၏။ “ဒီဂါထာရဲ့ စွမ်းအားကို ကြည့်ရတာ ဧကရာဇ်မင်းမြတ်ကို သေစေဖို့ ရည်ရွယ်ထားတာ သေချာတယ်။”
လင်းချန်ကမူ သူ့အပေါ် ကျရောက်နေသော ကျိန်စာကို သိပ်ဂရုမစိုက်ဘဲ အေးစက်စွာ အမိန့်ပေးလိုက်၏။
“တန်ပြန်တိုက်ခိုက်ဖို့ ပြင်ထား။ ဒါကနေ သတင်းအချက်အလက်တွေ ရမယ်လို့ မျှော်လင့်တယ်။”
ကျူးကော့မင်ကို ယုံကြည်သလို ကောင်းကင်လက်မှုပညာဌာန၏ စွမ်းရည်များကိုလည်း လင်းချန် ယုံကြည်၏။ ဤသာမန် ဂါထာလေးတစ်ခုဖြင့် သူ့ကို ထိခိုက်နိုင်မည်ဟု ထင်နေခြင်းသည် မိုက်မဲလွန်းသည်။
စင်မြင့်တဝိုက်ရှိ ပညာရှင်များသည် စာရွက်လိပ်များကို ကိုင်ဆောင်ထားပြီး အရွယ်အစားအမျိုးမျိုးရှိသည့် နည်းဗျူဟာမှန်ပြင်များကို ထိန်းချုပ်ကာ အချက်အလက်များ ပေးပို့နေကြရင်း ကျူးကော့မင်ကို သတင်းပို့လိုက်ကြ၏။ “နည်းဗျူဟာမှန်ပြင်အတွက် အဆင့်မြှင့်တင်မှု အဆင်သင့် ဖြစ်ပါပြီ။”
ပညာရှင်၏ စကားဆုံးသွားသောအခါ ကောင်းကင်လက်မှုပညာဌာန ခန်းမအတွင်း၌ အစီအရင် ပုံစံများသည် လေထဲမှ ထွက်ပေါ်လာပြီး နည်းဗျူဟာမှန်ပြင်တစ်ခုထဲသို့ ဝင်ရောက်သွားကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းချန်ဆီသို့ တည့်တည့် ပစ်လွှတ်လိုက်သည်။
ပညာရှင်များက သတင်းပို့ကြ၏။ “ခြေရာခံခြင်း နှောင့်ယှက်မှု စွမ်းရည် အောင်မြင်စွာ စတင်ပါပြီ။ ပြိုင်ဘက်ရဲ့ ခြေရာခံ တည်နေရာကို ရှုပ်ထွေးအောင် လုပ်လိုက်ပါပြီ။ ဆန့်ကျင်ဘက် ညာဘက်လမ်းကြောင်းကို အောင်မြင်စွာ လမ်းလွှဲပေးနိုင်ခဲ့ပါပြီ။”
“ခွဲခြမ်းစိတ်ဖြာခြင်း စွမ်းရည် စတင်ပါပြီ။ ဂါထာရဲ့ ဖွဲ့စည်းပုံကို စတင်ဖော်ထုတ်နေပါပြီ။”
“တန်ပြန်ခြေရာခံခြင်း အောင်မြင်ပါတယ်။ ပြိုင်ဘက်ရဲ့ တည်နေရာကို အတိအကျ ရှာဖွေတွေ့ရှိပါပြီ။”
“တန်ပြန်နှောင့်ယှက်မှု စတင်ပါပြီ။ တန်ပြန်လုပ်ဆောင်မှု စတင်နိုင်ပါပြီ။”
“အကျိုးသက်ရောက်မှု တန်ပြန်ခြင်း ၊ ရှုပ်ထွေးစေမယ့် အကျိုးသက်ရောက်မှုကို အောင်မြင်စွာ ထည့်သွင်းလိုက်ပါပြီ။ ဂါထာ တန်ပြန်သက်ရောက်မှု စတင်ပါပြီ။”
အောက်ဘက်ရှိ ပညာရှင်များသည် စနစ်တကျ လှုပ်ရှားနေကြပြီး နည်းဗျူဟာမှန်ပြင်မှ အလင်းတန်းတစ်ခုစီ ရိုက်ခတ်လိုက်တိုင်း လင်းချန်၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးနီရောင်များသည် တဖြည်းဖြည်း ဆွဲထုတ်ခံရကာ တိုက်စားခံလိုက်ရသည်။
"ရွှပ်... ရွှပ်... ရွှပ်..."
နည်းဗျူဟာမှန်ပြင်များမှ စွမ်းအားများ ဝင်ရောက်လာမှုနှင့်အတူ လင်းချန်၏ ခန္ဓာကိုယ်မှ ဆွဲထုတ်ခံလိုက်ရသည့် သွေးနီရောင် အလင်းတန်းများတွင် ပုံရိပ်ပေါင်း ၃၀ ခန့် ပေါ်လာ၏။
ထိုမြင်ကွင်းများကို ဂရုတစိုက် ကြည့်ပြီးနောက် မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ကို လင်းချန် နားလည်သွားသည်။
ပုံရိပ်များအရ သူ၏ မိဘများ ထွက်ပြေးလွတ်မြောက်သွားသည်ကို လင်းချန် ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။ သူတို့နှင့်အတူ အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးတို့လည်း ပါဝင်နေသည်။
သက်ကြီးရွယ်အိုသည် သူ၏ မိဘများသာမက အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသားကိုပါ ကာကွယ်ပေးနေသည်ကို တွေ့ရ၏။ ထို့ပြင် သက်ကြီးရွယ်အိုနှင့် အမျိုးသားနှစ်ဦးစလုံး၏ မျက်နှာသည် သူ၏ မိခင်နှင့် ဆင်တူနေသဖြင့် ဆွေမျိုးတော်စပ်မှု ရှိနိုင်ကြောင်း ဖော်ပြနေသည်။
ထိုပုံရိပ်များကို ကြည့်ရင်း လင်းချန် စိတ်ထဲတွင် တွေးလိုက်၏။ “အမေက ငါ့မှာ ဦးလေးတစ်ယောက် ရှိတယ်လို့ ပြောဖူးတယ်။ ဒီအမျိုးသားက ငါ့ဦးလေး ဖြစ်ပုံရတယ်။ ပြီးတော့ အဖိုးအိုက ငါ့အဖိုး ဖြစ်နိုင်တယ်။”
ထို့နောက် လင်းချန် သူ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး နည်းဗျူဟာမှန်ပြင်၏ အလင်းတန်းဖြင့် တိုက်စားခံထားရသည့် သွေးရောင်အလင်းတန်းထဲသို့ ထိုးထည့်ကာ အေးစက်စွာ ပြောလိုက်သည်။
“ငါ့သတိပေးချက်ကို လစ်လျူရှုခဲ့ပုံရတယ်။ မင်းတို့ကို အကြံပေးမယ်... ဂါထာတွေက ငါ့အတွက် အသုံးမဝင်ဘူး။ ဒါက အလကား သေဆုံးမှုတွေပဲ ပိုများလာလိမ့်မယ်။”
လင်းချန် လက်ကို ပြန်ရုပ်လိုက်ပြီး ကျူးကော့မင်ကို အမိန့်ပေးလိုက်၏။ “တန်ပြန်နည်းလမ်းတွေကို သုံးပြီး ဂါထာစီရင်တဲ့သူတွေကို ကွပ်မျက်လိုက်။”
ကျူးကော့မင်က ဦးညွှတ်လိုက်သည်။ “အမိန့်တော်အတိုင်းပါ ဧကရာဇ်မင်းမြတ်... သူတို့က ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေနဲ့ ထိပါးရဲမှတော့ သေဒဏ်နဲ့ပဲ ထိုက်တန်ပါတယ်။ ဒီတစ်ခါတော့ သူတို့ကို လွယ်လွယ် အသေခံခိုင်းမှာ မဟုတ်ပါဘူး။”
လင်းချန်က တည်ငြိမ်စွာ ခေါင်းညိတ်၏။ “ကောင်းပြီ... အမတ်ချုပ်... ဒီကိစ္စကို ကိုင်တွယ်ဖို့ ခင်ဗျားကို ယုံမယ်။”
ထို့နောက် အဖြူရောင် အလင်းတန်းများ ဝန်းရံလျက် ထိုနေရာမှ ပျောက်ကွယ်သွားကာ ဟွာရှာအင်ပါယာမှ ထွက်ခွာသွားလိုက်သည်။
လင်းချန် ထွက်ခွာသွားသည်နှင့် ကျူးကော့မင်သည် နောက်လှည့်ကာ ချုပ်နှောင်ခံထားရသည့် သွေးရောင်အလင်းတန်းကို ကြည့်လိုက်ပြီး သူ၏ မျက်နှာအထက်၌ ခက်ထန်သည့် အမူအရာများ ပေါ်လာ၏။
ကျူးကော့မင်က သွားကြားထဲမှ လေသံဖြင့် သွေးဆာစွာ ကြုံးဝါးလိုက်သည်။ “ဧကရာဇ်မင်းမြတ်ကို တိုက်ခိုက်ရဲတာ ခွင့်မလွှတ်နိုင်တဲ့ အပြစ်ပဲ။ လုံးဝ သည်းခံလို့ မရဘူး...”
**--**--**--**--**--**--**--**
လဝက်ခန့် ကြာမြင့်သွားလေပြီ။
ကမ်းရိုးတန်းပြည်နယ်နှင့် ဝေးကွာသော တောင်ကြားရှိ လျှို့ဝှက်စခန်းအတွင်း၌ လှိုဏ်ဂူတစ်ခု ရှိပြီး အတွင်းပိုင်းမှာ လှိုဏ်ဂူနှင့် မတူဘဲ သပ်ရပ်သော ခြံဝင်းတစ်ခုနှင့် တူနေ၏။
စခန်း၏ နက်ရှိုင်းသည့် နေရာ၌ စုံတွဲတစ်တွဲသည် သူတို့ရှေ့၌ တင်ပျဉ်ခွေ ထိုင်နေသည့် အဖိုးအိုတစ်ဦးကို စိုးရိမ်တကြီး ကြည့်နေကြသည်။
အဖိုးအိုမှာ နာကျင်စွာဖြင့် ညည်းတွားလိုက်ရသည်။ “ဟူး...”
ထို့နောက် ခဲနေသည့် သွေးတစ်ခဲကို ထွေးထုတ်လိုက်ကာ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
ထိုသည်ကို မြင်လိုက်ရသောအခါ စုံတွဲသည် အဖိုးအိုကို တွဲကူရန် အလျင်အမြန် ရှေ့တိုးလာကြပြီး ဇနီးသည်က စိုးရိမ်တကြီး မေးလိုက်၏။ “အဖေ... အဆင်ပြေရဲ့လား။”
အဖိုးအိုက လက်ကာပြလိုက်ပြီး ရှေ့ရှိ စုံတွဲကို ကြည့်လိုက်သည်။ “ဘာမှမဖြစ်ပါဘူး... ဒဏ်ရာဟောင်း ပျောက်သွားပြီ။ အပြည့်အဝ ပြန်ကောင်းသွားတာနဲ့ ငါ သေချာပေါက် ပြန်သွားနိုင်မှာပါ။ ဒါတွေအားလုံး ငါ့အမှားတွေပါ။ အစကတည်းက မင်းတို့ကို မကန့်ကွက်ခဲ့ရင် အခုလို အကြပ်အတည်း ကြုံရမှာ မဟုတ်ဘူး။”
ဇနီးသည်က ပြန်ပြော၏။ “အဖေ... အဖေ့အမှား မဟုတ်ပါဘူး။ အခုလို အတူတူ ရှိနေရတာနဲ့တင် သမီးတို့အတွက် လုံလောက်ပါပြီ။ ဒါပေမဲ့ ချန်လေးကတော့...”
ထိုနေရာအရောက်တွင် ဇနီးသည်၏ မျက်နှာအမူအရာသည် ဝမ်းနည်းပူဆွေးသွားသည်။
အမျိုးသားကလည်း သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်နေ၏။ “အခု ငါတို့ မဆင်မခြင် မလုပ်သင့်ဘူး။ သူ့ကို သွားရှာရင် ခြေရာခံမိသွားနိုင်တယ်။”
ထိုအချိန်မှာပင် အစိမ်းရောင်ဝတ်ရုံဝတ် အမျိုးသားတစ်ဦး အလျင်အမြန် ရောက်လာပြီး သူ၏ မျက်နှာတွင် အံ့ဩမှုနှင့် ပျော်ရွှင်မှုများ ရောထွေးနေကာ အော်ပြောလိုက်သည်။ “အဖေ... အစ်ကိုကြီး... အစ်မကြီး... အကြီးအကဲဖူဆီက သတင်းရောက်လာတယ်။”
အဖိုးအိုက ထိုအမျိုးသား၏ အမူအရာကို မြင်ပြီး မျက်မှောင်ကြုတ်လိုက်၏။ “အလောတကြီးနဲ့ အကြီးအကဲဖူက ဘာသတင်း ပေးပို့လိုက်တာလဲ။”
ထိုအမျိုးသားက တံတွေးမျိုချလိုက်ပြီး အချိန်အတန်ကြာမှ ပြောသည်။ “ဒုတိယဦးလေးက အစီအရင်ဆရာကြီးငါးဦးရဲ့ အကူအညီနဲ့ အစ်ကိုကြီးရဲ့ သွေးကို သုံးပြီး
ချန်လေးကို ရှာဖို့ ဂါထာတစ်ခု သုံးဖို့ ပြင်နေကြတယ်တဲ့။”
ထိုစကားကို ကြားသောအခါ အဖိုးအိုက ပေါင်ကို ရိုက်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။ “သူက မင်းရဲ့ ဒုတိယဦးလေး မဟုတ်ဘူး။”
အဖေဖြစ်သူ၏ ဒေါသကို မြင်လိုက်ရသောအခါ အမျိုးသားသည် လည်ပင်းကျုံ့သွားပြီး စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။
ဇနီးသည်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မျက်လုံးများ နီရဲလာကာ မျက်ရည်များ ဝဲလာသည်။ “ဘာ... အစီအရင်ဆရာကြီးငါးဦး ဟုတ်လား။ ဒါဆို ချန်လေး ဒုက္ခရောက်တော့မှာပေါ့။”
ထိုသည်ကို မြင်လိုက်ရသောအခါ အမျိုးသားက ဇနီးသည်ကို ဖက်ထားလိုက်ပြီး သက်ပြင်းချလိုက်ရသည်။ သူ၏ မျက်နှာထက်၌လည်း စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။
"ဟူး..." အဖိုးအိုက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဒေါသကို မထိန်းချုပ်နိုင်အောင် ဖြစ်နေကာ ရေရွတ်လိုက်သည်။ “ဒီကောင်စုတ်... ငါ့မြေးကို ဖမ်းပြီး ငါတို့ကို အပြင်ထွက်လာအောင် ဖိအားပေးချင်နေတာပဲ။”
"ဒါပေမဲ့...။" သူတို့သုံးဦး၏ တုံ့ပြန်မှုများကို စောင့်ကြည့်ပြီးနောက် အစိမ်းဝတ်အမျိုးသားက ထူးဆန်းစွာ ပြော၏။ “အခြေအနေက သိပ်မဆိုးသေးပါဘူး။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၆ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team