အခန်း (၁၅၇-၁၅၈)
Vol. 16 Ch. 157-158
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၇
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
“ဟေ...” အဖိုးအိုက မျက်မှောင်ကြုတ်ကာ အစိမ်းရောင်ဝတ်ရုံရှင်ကို အထက်အောက် ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ကောင်စုတ်လေး... ပြောစရာရှိတာ မြန်မြန်ပြော။ ဘာတွေ အချိန်ဆွဲနေတာလဲ။”
“ဟုတ်ကဲ့... ကျန်တာ ဆက်နားထောင်ပြီးရင် ခင်ဗျားကြီး ကျွန်တော့်တူအတွက် စိတ်ပူတော့မှာ မဟုတ်ဘူး။” အစိမ်းရောင်ဝတ်ရုံရှင်က မချိုမချဥ် မျက်နှာထားဖြင့် ပြန်ပြော၏။
**--**--**--**--**--**--**--**
ခဏအကြာတွင်...
“ဘာပြောတယ်။ အစီအရင်ဆရာကြီး ငါးဦးစလုံး သေသွားပြီ ဟုတ်လား။”
အစိမ်းရောင်ဝတ်ရုံရှင်၏ စကားကြောင့် ရှေ့မှ လူသုံးဦးမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
“ဟုတ်တယ် သခင်ကြီးယန်။ ကျွန်တော် တူတော်မောင်ရဲ့ အခြေအနေကို စုံစမ်းတုန်းကလိုပဲ ဂါထာ မအောင်မြင်ခဲ့တဲ့အပြင် တစ်ဖက်လူရဲ့ ထူးဆန်းတဲ့ တန်ပြန်တိုက်ခိုက်မှုကို ခံလိုက်ရပြီး တန်ပြန် ကျိန်စာမိသွားတာ။”
“ဒါပေမဲ့ ဒီတစ်ခါတော့ အခြေအနေ မတူဘူး။ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်ခိုက်မှုက အများကြီး ပိုပြင်းထန်တယ်။ သူတို့က သတင်းအချက်အလက် ပိုရသွားရုံမကဘူး။ အစီအရင်ဆရာကြီးငါးဦးကိုပါ ရူးသွားအောင် လုပ်ပြီး တခြားသူတွေကို ရုတ်တရက် ထပြီး သေတဲ့အထိ ပြန်တိုက်ခိုင်းခဲ့တာ။”
“နောက်ဆုံးတော့ အစီအရင်ဆရာကြီးငါးဦးစလုံး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်လိုက်ကြတယ်။ အခု သူတို့ဘက် အကြီးအကျယ် ဆုံးရှုံးသွားပြီး အကြီးအကဲဖူလည်း ဘေးထွက်ဆိုးကျိုးကြောင့် ဒဏ်ရာရသွားတယ်။”
ပြောပြီးနောက် အစိမ်းရောင်ဝတ်ရုံရှင်သည် ကျောက်သလင်းတုံးတစ်တုံး ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအင် ထည့်သွင်းလိုက်ရာ အေးစက်သည့် သတိပေးသံတစ်ခု ထွက်ပေါ်လာ၏။
“ငါ့သတိပေးချက်ကို...”
အသံပျောက်ကွယ်သွားသည်နှင့် အမျိုးသမီးဖြစ်သူက အလျင်အမြန် ပြောလိုက်သည်။ “ဟုတ်တယ်... အသံက နည်းနည်း ကွဲပြားနေပေမဲ့ ဒါ သေချာပေါက် ချန်လေးရဲ့ အသံပဲ။”
“ဒါကို အကြီးအကဲဖူ တိတ်တဆိတ် မှတ်တမ်းတင်ထားခဲ့တာ။ အစီအရင်ဆရာကြီးငါးဦးရဲ့ ဂါထာတွေ တန်ပြန်တိုက်ခိုက်ခံရတဲ့အချိန် အစီအရင်ထဲကနေ ထွက်လာတဲ့ အသံပဲ။”
“ပြီးခဲ့တဲ့အကြိမ် ဖြစ်ရပ်နဲ့ ပေါင်းစပ်ကြည့်ရင် ကျွန်တော့်တူလေးဆီမှာ သူ့အဖေနဲ့ အမေ ထွက်သွားပြီးနောက်ပိုင်း တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တယ်ဆိုတာ သေချာသလောက်ပဲ။”
“စဉ်းစားကြည့်... အစောပိုင်း ဖြစ်ရပ်နဲ့ ဒီအဖြစ်အပျက်ပေါင်းလိုက်ရင် အစီအရင်ဆရာကြီး ခြောက်ယောက်နဲ့ သစ္စာခံ သုံးယောက် သေသွားပြီ။ ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်က လက်သည်က ကျွန်တော့်တူပဲ။”
“ယောက်ဖနဲ့ အစ်မ... ခင်ဗျားတို့သားက တကယ်ကို ထူးခြားလွန်းတယ်။”
အစိမ်းရောင်ဝတ်ရုံရှင် စကားဆုံးသွားသောအခါ အဖိုးအိုနှင့် စုံတွဲတို့ နှုတ်ဆိတ်သွားကြသော်လည်း သူတို့မျက်လုံးများထဲ၌မူ နက်ရှိုင်းလှသည့် တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကြ၏။
“ရိုးရိုးသားသား ပြောရရင် ကျွန်တော် တူတော်မောင်ကို အခုချက်ချင်း သွားတွေ့ချင်နေပြီ။ သူ ဘယ်လို လုပ်လိုက်သလဲ တကယ် သိချင်မိတယ်။”
**--**--**--**--**--**--**--**
တစ်ချိန်တည်းမှာပင် ကမ်းရိုးတန်းပြည်နယ်၏ ရှေးဟောင်းအမွေအနှစ်နယ်မြေ ၊ မြေအောက် ဒုတိယအလွှာ၌ ကျယ်ပြန့်သည့် မြေပြင်ပေါ်တွင် လူသုံးဦးတို့က ဆံပင်ဖြူဖြူနှင့် လူကြီးတစ်ဦးကို ဝိုင်းဝန်း တိုက်ခိုက်နေကြ၏။
သုံးဦးသား ပူးပေါင်း တိုက်ခိုက်နေကြသော်လည်း ဆံပင်ဖြူနှင့်လူကြီးသည် စနစ်တကျ ပြန်လည် ခုခံနေပြီး တိုက်ကွက် ၁၀ ကွက်ကျော်အကြာတွင် ထိုလူစုကို လွှင့်စင်သွားစေနိုင်လိုက်သည်။
ထိုဆံပင်ဖြူနှင့် လူကြီးမှာ ကျန်းကျွင်းချန်ဖြစ်ပြီး သူ့ကို တိုက်ခိုက်နေသူများမှာ လင်းချန် ၊ ရှင်းရှင်းနှင့် လေချန်တို့ ဖြစ်ကြ၏။
ကျန်းကျွင်းချန်၏ တွန်းထုတ်မှုကို ခံလိုက်ရပြီးနောက် သူတို့သုံးဦးသည် အသက်ရှူနှုန်းကို ထိန်းညှိကာ တိုက်ခိုက်မှုကို ပြန်လည် စတင်လိုက်ကြသည်။
ဝိုင်းဝန်းတိုက်ခိုက်ခြင်း နာရီဝက်ကြာတိုင်း ကျန်းကျွင်းချန်က တိုက်ပွဲကို ရပ်တန့်စေကာ တစ်ဦးချင်းစီ၏ အားနည်းချက်များကို ထောက်ပြပေး၏။ ညရောက်မှသာ လင်းချန်နှင့် အခြားနှစ်ဦးသည် နိဗ္ဗာန်မီးလျှံရေချိုးခြင်းနည်းလမ်းဖြင့် စတင် ကျင့်ကြံကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ကျန်းကျွင်းချန်သည် သူတို့၏ လေ့ကျင့်ရေးကို မြေအောက်ခန်း၌သာ ကန့်သတ်မထားတော့ဘဲ ပထမဇုန်ရှိ သစ်တော ၊ ဒုတိယဇုန်ရှိ ရေပြင်နှင့် သဲသောင်ပြင် စသည့် မတူညီသော ပတ်ဝန်းကျင်များသို့ ခေါ်ဆောင်သွား၏။
ကျန်းကျွင်းချန်၏ အဆိုအရ မတူညီသည့် ပတ်ဝန်းကျင်များသည် တိုက်ပွဲရလဒ်ကို များစွာ သက်ရောက်မှု ရှိစေနိုင်သည်။ သူ၏ အထူးလေ့ကျင့်ပေးမှုအောက်တွင် လင်းချန်နှင့် အခြားသူများသည် ကိုယ်ပိုင်အားသာချက်များကို အပြည့်အဝ အသုံးချလာနိုင်ကြပြီး တိုက်ခိုက်ရေးစွမ်းရည်များ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
အထူးလေ့ကျင့်မှုနှင့်အတူ လင်းချန်သည် ရှင်းရှင်းအတွက် နိဗ္ဗာန်စက်ဝန်းဆယ်သွယ် တက်လှမ်းရေး စီမံကိန်းကို စတင်ခဲ့၏။ ကျူးကော့မင်၏ နည်းလမ်းအတိုင်း ရှင်းရှင်းသည် ဒန်တျန်အတွင်းသို့ စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ထည့်သွင်းလိုက်ပြီး သူမ၏ နယ်ပယ်ကို အပြည့်အဝ ဖိနှိပ်ထားကာ နယ်ပယ်အသစ်သို့ ချိုးဖောက်မဝင်ရောက်သေးဘဲ စိတ်ဝိညာဉ်စွမ်းအင် ပမာဏနှင့် အရည်အသွေးကိုသာ တိုးမြှင့်လိုက်သည်။
အခြေခံအုတ်မြစ် ခိုင်မာစေခြင်း... ထိုအရာက လင်းချန် ရှင်းပြသည့် စကားလုံး ဖြစ်၏။ သူ ပြောပြသည့်တိုင် အခြေခံအုတ်မြစ်ခိုင်မာခြင်း ဆိုသည်ကို သူတို့ ကောင်းကောင်း နားမလည်ကြပေ။
ရှင်းရှင်း၏ ဒန်တျန်အတွင်း ဖိနှိပ်ထားသည့် စိတ်ဝိညာဉ်စွမ်းအင်သည် နိဗ္ဗာန်နယ်ပယ်ကိုးဆင့်သို့ တစ်ကြိမ်တည်းနှင့် ချိုးဖောက်ဝင်ရောက်ရန် လုံလောက်သောအခါမှသာ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်ပစ္စည်းကို ဖြိုခွဲပြီး နိဗ္ဗာန်နယ်ပယ်ကိုးဆင့်သို့ တရှိန်ထိုး တက်လှမ်းမည် ဖြစ်သည်။
လေချန်က နားမလည်နိုင်စွာဖြင့် မေးသည်။ “ဒီနည်းလမ်းနဲ့ဆို နိဗ္ဗာန်နယ်ပယ်က အရမ်း မတည်မငြိမ် ဖြစ်မသွားဘူးလား။ မတည်မငြိမ် ဖြစ်လာရင် အသက်အန္တရာယ်တောင် ရှိနိုင်တယ်လေ။”
“သဘောတရားအရဆို မင်း တကယ် လိုအပ်နေတာက မတည်ငြိမ်တဲ့ နယ်ပယ်တစ်ခုပဲ။ မတည်ငြိမ်တဲ့ နယ်ပယ်နဲ့မှ စိတ်ဝိညာဉ်စွမ်းအင် ပြိုကွဲမှုက ပိုလွယ်ကူလာပြီး မူလပြန်လည်ဖြည့်ဆည်းခြင်း လုပ်ငန်းစဉ်ကို အလွန် ချောမွေ့သွားစေလိမ့်မယ်။”
လင်းချန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းကျွင်းချန်က ချီးကျူးလိုက်၏။ “အရင်တုန်းက နိဗ္ဗာန်ဆယ်သွယ်အထိ အောင်မြင်စွာ ပြန်လည်ဖြည့်ဆည်းချင်ကြတဲ့ မျိုးဆက်တစ်ဆက်မှာ တစ်ယောက်လောက်သာ ပေါ်ထွန်းတဲ့ ပါရမီရှင်တွေဟာ အလွန်မြင့်မားတဲ့ ပါရမီ လိုအပ်ရုံမကဘူး။ တန်ဖိုးကြီးမားတဲ့ ရတနာတွေကိုလည်း အများကြီး အသုံးပြုခဲ့ကြရတာ။”
“မင်းရဲ့ နည်းလမ်းအတိုင်းသာ လုပ်ရင် လုံလောက်တဲ့ ပါရမီရှိပြီး ဒီလို အံ့ဖွယ် စိတ်ဝိညာဉ်ပစ္စည်းတွေကို အသုံးပြုတာနဲ့ သဘာဝကျကျ လွယ်ကူသွားမှာဖြစ်သလို အရင်းအမြစ် အများအပြားကိုလည်း သက်သာစေလိမ့်မယ်။”
ကျန်းကျွင်းချန်က သူ၏ နည်းလမ်းကို ထောက်ခံပေးသည်ကို မြင်သောအခါ လင်းချန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ “မှန်တယ်... ဒါက တကယ်ကို အခြေခံသဘောတရားပဲ။”
ထို့နောက် လင်းချန်၏ နည်းလမ်းအတိုင်း ရှင်းရှင်းသည် ကျူးကော့မင် ဖန်တီးပေးလိုက်သည့် စိတ်ဝိညာဉ်ပစ္စည်းကို ဒန်တျန်အတွင်းသို့ ထည့်သွင်းလိုက်ပြီး လင်းချန်၏ အစီအစဉ်အတိုင်း မူလပြန်လည်ဖြည့်ဆည်းခြင်းကို စတင်လိုက်၏။
လေချန်သည်လည်း ဤနည်းလမ်းကို အသုံးပြုပြီး နိဗ္ဗာန်ဆယ်သွယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်မလားဟု တွေးမိလိုက်၏။ သို့သော် ကျန်းကျွင်းချန်က မူလပြန်လည်ဖြည့်ဆည်းခြင်းကို တစ်ကြိမ်သာ ပြုလုပ်နိုင်ကြောင်း လေချန်ကို စိတ်မကောင်းစွာဖြင့် အသိပေးလိုက်သည်။ သူသည် ရှစ်သွယ်မှ ကိုးသွယ်သို့ မူလပြန်လည်ဖြည့်ဆည်းခြင်းကို အသုံးပြုပြီး အောင်မြင်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်သဖြင့် နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်၍ မရနိုင်တော့ပေ။
**--**--**--**--**--**--**--**
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ် ကုန်ဆုံးသွားလေပြီ။ ယခုဆိုလျှင် လင်းချန်နှင့် အခြားသူများ ရှေးဟောင်းအမွေအနှစ်နယ်မြေတွင် စတင် ကျင့်ကြံခဲ့သည်မှာ နှစ်နှစ်နှင့် တစ်လ ရှိသွားခဲ့ပြီ ဖြစ်၏။
"ဘုန်းးး ဘုန်းးး ဘုန်းးး"
ရှေးဟောင်းအမွေအနှစ်နယ်မြေ ပထမအလွှာရှိ သစ်တောအုပ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များ ပွတ်တိုက်မိရာမှ ဖြစ်ပေါ်လာသည့် ပေါက်ကွဲသံကြီးများ ဆက်တိုက် ထွက်ပေါ်လာနေ၏။
ယခုအချိန်တွင် ပထမအလွှာရှိ သစ်တောအုပ်တစ်ခုလုံးသည် ဖရိုဖရဲဖြစ်ကာ လုံးဝ ပျက်စီးလုနီးပါး ဖြစ်နေလေပြီ။
“မိန်း ဆက်မတိုက်နိုင်တော့ဘူး။ ချန်လေး... ရှင်က အရမ်း အစွမ်းထက်လွန်းတယ်။”
အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခုသည် အပေါ်မှ ဆင်းသက်လာ၏။ ရှင်းရှင်းပင်။
ယခုအချိန်၌ သူမ၏ ဘေးပတ်ဝန်းကျင်ရှိ သစ်ပင်များသည် လှန်ထားသည့် မြေကြီးများနှင့် ရောနှောကာ လွှစာပုံများအဖြစ် ကြေမွသွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် အဖြူရောင်ဝတ်ရုံရှင် လင်းချန်သည်လည်း သူမ၏ မျက်နှာချင်းဆိုင်သို့ ဆင်းသက်လာပြီး ရှင်းရှင်းကို ပြုံးပြလိုက်သည်။
“မိန်းက အရမ်းကို အစွမ်းထက်လာပြီပဲ။ ကိုယ့်ကိုတောင် တစ်နာရီတိတိ ပြန်တိုက်လာနိုင်ပြီ။ နာရီဝက်လောက်နဲ့ ရှုံးသွားတဲ့ လေချန်နဲ့ ကွာပါ့။”
လင်းချန်၏ စကားဆုံးသည်နှင့် ကပ်လျက် သစ်တောအုပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ “အစ်ကိုကြီး... ခင်ဗျားက နိဗ္ဗာန်စွမ်းရည်နှစ်မျိုး ပိုင်ဆိုင်ထားပြီး သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကို တပြိုင်နက်တည်း အသုံးပြုနိုင်တဲ့ သိုင်းဝိညာဉ်နှစ်ခု ရှိနေတာလေ။ ခင်ဗျားလို ဘီလူးသဘက်နဲ့ နာရီဝက်လောက် တောင့်ခံနိုင်တာက တော်တော် ဟုတ်နေပြီ။”
လင်းချန်က လေချန်နှင့် ရှင်းရှင်းကို ကြည့်ကာ တွေးတောဆင်ခြင်ဟန်ဖြင့် ပြောလိုက်သည်။ “အင်း... ဘာလိုလိုနဲ့ နှစ်နှစ်တောင် ရှိသွားပြီ။”
လေချန်က သူ့လက်များကို ငုံ့ကြည့်ပြီးနောက် လင်းချန်ကို ကျေးဇူးတင်သော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။ “တကယ်ပဲ... ဒီနှစ်နှစ်အတွင်း ကျွန်တော်တို့ရဲ့ တိုးတက်မှုက အရမ်း အံ့သြဖို့ကောင်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ်တောင် မယုံနိုင်ဘူး။ ဂိုဏ်းကို ပြန်ရောက်ရင် အဘိုးတော့ ပါးစပ်အဟောင်းသား ဖြစ်သွားမှာ သေချာတယ်။”
ယနေ့ သူတို့ ရရှိထားသည့် အတွေ့အကြုံများအားလုံးသည် လင်းချန်၏ အကူအညီကြောင့်သာ ဖြစ်၏။ သူသာ မရှိလျှင် သူတို့အနေဖြင့် ဤမျှ ကံကောင်းသော အခွင့်အရေးများ မည်သို့ ရနိုင်ပါမည်နည်း။
“ဂိုဏ်းကို ပြန်ဖို့ အချိန်တန်ပြီ။” လင်းချန် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ရှင်းရှင်းထံသို့ လျှောက်သွားလိုက်၏။
“မိန်း... ကိုယ်နဲ့ လိုက်ခဲ့မလား။ ဒါမှမဟုတ် ဓားနတ်ဘုရားဂိုဏ်းကို ပြန်မလား။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၇ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၈
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
“ဆရာက မိန်းကို သမီးအရင်းလို စောင့်ရှောက်ပေးခဲ့တာလေ။ ဒါကြောင့် မိန်း နှုတ်မဆက်ဘဲ ချန်လေးနဲ့ လိုက်သွားရင် ရိုင်းလွန်းရာကျလိမ့်မယ်။” ရှင်းရှင်းက လင်းချန်ကို ညင်သာစွာ ရှင်းပြလိုက်၏။ “ဂိုဏ်းပြန်ရောက်ရင် ဆရာ့ကို အသိပေးပြီးမှ မိန်း ရှင့်ကို လာရှာမယ်။”
ရှင်းရှင်း၏ ဆုံးဖြတ်ချက်ကို လင်းချန် နားလည်ပေးလိုက်သည်။ ဓားနတ်ဘုရားဂိုဏ်း၏ ဓားသူတော်စင်မယ်သည် သူမကို သွေးသားရင်းပမာ အချိန်အကြာကြီး စောင့်ရှောက်ပေးခဲ့သည် မဟုတ်ပါလော။ နှုတ်ဆက်စကားတစ်ခွန်းမျှ မဆိုဘဲ ထွက်ခွာသွားခြင်းသည် လွန်စွာ ရိုင်းစိုင်းရာ ကျပေလိမ့်မည်။
နောက်ဆုံးတွင် လင်းချန်က သေခြင်းနယ်မြေရှိရာသို့ လှည့်ကြည့်ကာ အလေးအနက် ဦးညွှတ်လိုက်၏။
“စီနီယာကျန်း... ကျွန်တော်တို့ကို ခွင့်ပြုပါဦး။”
ကျန်းကျွင်းချန်သည် နန်ရှင်း၏ ဝိညာဉ်ကို သူ၏ ရုပ်ခန္ဓာဖြင့် ချိတ်ပိတ်ထားခဲ့ပြီး သူ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်သည် နန်ရှင်းကို ဖိနှိပ်ရန်အတွက် အစီအရင်ထဲသို့ ဝင်ရောက်ခဲ့ရသဖြင့် မူလရုပ်ခန္ဓာမှာ များစွာ ထိခိုက်ပျက်စီးခဲ့ရ၏။
သူသာ အမြန်ဆုံး ကျင့်ကြံပြီး ဒဏ်ရာများ ပြန်လည် မသက်သာလာပါက အသက်အန္တရာယ်နှင့် ကြုံတွေ့ရနိုင်ခြေ များနေသည်။
ကံကောင်းထောက်မစွာဖြင့် လင်းချန်၏ ညွှန်ကြားမှုအောက်တွင် ကောင်းကင်လက်မှုပညာဌာနမှ ပညာရှင်များသည် နန်ရှင်းကို အသွေးအသား အနှစ်သာရအဖြစ် သန့်စင်ရန် အစီအရင်ကို ပြောင်းလဲပေးခဲ့ကြ၏။
သို့မဟုတ်ပါက သူသည် လမ်းပျောက်နေသော စိတ်ဝိညာဉ်တစ်ခု ဖြစ်လာပေလိမ့်မည်။
**--**--**--**--**--**--**--**
ရှင်းရှင်းနှင့် လေချန်တို့သည်လည်း လင်းချန်ကဲ့သို့ပင် သေခြင်းနယ်မြေရှိရာသို့ ဦးညွှတ်လိုက်ကြ၏။
ဤနှစ်နှစ်တာကာလအတွင်း သူတို့သည် ကျန်းကျွင်းချန်၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံခဲ့ကြပြီး တစ်သက်တာ အကျိုးရှိစေမည့် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိခဲ့ကြသည်။
လက်ရှိ တိုက်ခိုက်ရေး စွမ်းရည်အဆင့်အရ ဆိုရလျှင် လင်းချန်နှင့် ရှင်းရှင်းတို့သည် သူတို့၏ ဆရာများဖြစ်ကြသော စစ်ဧကရာဇ် ဝေဝူရွှမ်နှင့် ဓားနတ်ဘုရားဂိုဏ်းမှ ဓားသူတော်စင်မယ်တို့ကိုပင် ကျော်တက်သွားခဲ့ကြပြီ ဖြစ်၏။ သူတို့၏ ဆရာများပင်လျှင် ယခုအခါ တပည့်များနှင့် ယှဉ်နိုင်စွမ်း မရှိကြတော့ပေ။
သေခြင်းနယ်မြေ ၊ မြေအောက် ဒုတိယအလွှာသည် အမိုးခုံးပေါ်ရှိ အစီအရင်မှ ထွက်ပေါ်နေသော အလင်းရောင်များကြောင့် တောက်ပလျက် ရှိနေသည်။
အစီအရင်၏ အလယ်ဗဟိုမှ အလင်းတိုင်တစ်ခုသည် မျက်လုံးများကို တင်းတင်းပိတ်ကာ ကျင့်ကြံနေသော ကျန်းကျွင်းချန်၏ ပလ္လင်ဆီသို့ ထိုးဆင်းတောက်ပနေ၏။
သူ့ရှေ့၌မူ စွမ်းအားကြီးမားလှသည့် တုန်ခါမှုများ ထွက်ပေါ်နေသည့် သွေးလုံးတစ်လုံး ပျံဝဲနေပြီး ထိုသွေးလုံးမှ ထွက်ပေါ်လာသည့် သွေးမြူခိုးများသည် ကျန်းကျွင်းချန်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်နေ၏။
ရှေးဟောင်းအမွေအနှစ်နယ်မြေ ကမ္ဘာငယ်လေး၏ ပထမဇုန်မှ လင်းချန်နှင့် အခြားသူများ ထွက်ခွာသွားကြသည်နှင့် ကျန်းကျွင်းချန်က မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။
“အင်း... ဒီတစ်ခါတော့ ဒီလူငယ်လေးကို တကယ် အားကိုးလိုက်ရတာပဲ။”
“သူသာရှိရင် လူသားမျိုးနွယ်စုကြီး သေချာပေါက် တိုးတက်လာလိမ့်မယ်။” ထိုသို့ ရေရွတ်ပြီးနောက် ကျန်းကျွင်းချန် မျက်လုံးများကို ပြန်ပိတ်လိုက်ပြီး ဒဏ်ရာများကို ကုစားရန် အာရုံစိုက်ကာ ကျင့်ကြံခြင်းတွင် နှစ်မြှုပ်လိုက်တော့သည်။
**--**--**--**--**--**--**--**
ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်မှ အလင်းတန်းတစ်ခု ပစ်ထွက်လာကာ တောင်တန်းကြီးများကို ကျော်လွန်၍ ရေကန်တစ်ခုဘေးသို့ ကျရောက်သွား၏။
အလင်းတန်း ပစ်လွှတ်လိုက်ပြီးနောက် ရှေးဟောင်းအမွေအနှစ်နယ်မြေ ဝင်ပေါက်သည် ပြင်းထန်စွာ ကွဲအက်သွားပြီး ကျောက်တုံးပုံများအဖြစ် ပြိုကျသွားတော့သည်။
ထို့နောက် ဝင်ပေါက်ပတ်ဝန်းကျင်ရှိ မြေပြင်သည်လည်း လုံးဝ ပြိုကျပျက်စီးသွား၏။ ယခုအချိန်မှစ၍ ကမ်းရိုးတန်းပြည်နယ်မှ လူများသည် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်နိုင်ကြတော့မည် မဟုတ်ပေ။
ရေကန်ဘေး၌ အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း လူသုံးဦး ပေါ်လာ၏။ ထိုသူတို့မှာ လင်းချန် ၊ ရှင်းရှင်းနှင့် လေချန်တို့ပင်။
နှစ်နှစ်တာ ကုန်ဆုံးသွားခဲ့ပြီဖြစ်၍ လင်းချန်နှင့် ရှင်းရှင်း နှစ်ဦးစလုံးသည် ၁၈ နှစ်အရွယ်သို့ ရောက်ရှိလာကြပြီ ဖြစ်ကာ ကိုယ်လုံးကိုယ်ပေါက် ပိုမိုဖွံ့ဖြိုးလာပြီး ရင့်ကျက်သည့်အသွင် ရှိလာကြသည်။
လေချန်က ဘေးပတ်ဝန်းကျင်ကို ကြည့်ကာ အံ့ဩသွား၏။ “ဟမ်... ကျွန်တော်တို့ ဘယ်လိုလုပ် ဒီရောက်လာတာလဲ။”
“ငါ တမင် လုပ်လိုက်တာ။” လေချန်၏ နားမလည်နိုင်သည့် အမူအရာကို မြင်သောအခါ လင်းချန်က ရှေးဟောင်းအမွေအနှစ်နယ်မြေရှိရာသို့ လှမ်းကြည့်လိုက်၏။
“ငါတို့ ထွက်လာတာနဲ့ ဝင်ပေါက်က ပြိုကျသွားမှာ။ အဲဒီမှာ ဆက်နေရင် ပြဿနာနည်းနည်း ရှိလာနိုင်တယ်။”
ရှင်းရှင်းဘက်သို့ လင်းချန် လှည့်ကာ ဆက်ပြောသည်။ “ဂိုဏ်းကိုပြန်ရောက်ရင် ပိုသတိထား မိန်း။ အဲဒီအကြီးအကဲက မိန်းကို တိတ်တဆိတ် ဒုက္ခပေးမှာ ကိုယ် စိုးရိမ်တယ်။” ရှင်းရှင်းသည်လည်း လင်းချန်၏ လက်ကို ဆုပ်ကိုင်လိုက်၏။ “စိတ်မပူပါနဲ့ ချန်လေးရယ်... ဆရာရှိနေမှတော့ သူ မဆင်မခြင် မလုပ်ရဲပါဘူး။”
လင်းချန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ ဟွာရှာအင်ပါယာစနစ်နှင့် ချိတ်ဆက်လိုက်သည်။ သူ၏ အမိန့်နှင့်အတူ ပုံရိပ်ကိုးခုတို့က သူ့ပတ်လည်တွင် ရုတ်တရက် ပေါ်လာပြီး ရိုသေစွာ ဒူးထောက်လိုက်ကြသည်။
“ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။”
ထိုပုဂ္ဂိုလ်များသည် ရုပ်ရည်ကွဲပြားကြပြီး အားလုံးမှာ အမျိုးသမီးများဖြစ်ကြ၏။ သူတို့အနက် တစ်ဦးမှာ ကြေးညိုရောင်အသားအရေနှင့် အမျိုးသမီးစစ်သည်တစ်ဦး ဖြစ်ပြီး ဧရာမဒိုင်းကြီးကို ကိုင်ဆောင်ထားသည်။
ကျန်ရှိနေသည့် အမျိုးသမီးစစ်သည် ရှစ်ဦးမှာ အနက်ရောင် သံချပ်ကာအပျော့ ဝတ်ဆင်ထားသော လေဟုန်စစ်သည် နှစ်ဦး ၊ ဓားရှည် ကိုင်ဆောင်ထားသူ နှစ်ဦး ၊ ဓားကောက်ရှည် ကိုင်ဆောင်ထားသူ နှစ်ဦးနှင့် လေးကိုင်းရှည် ကိုင်ဆောင်ထားသူ နှစ်ဦးတို့ ဖြစ်ကြသည်။
ထို့အပြင် အံ့သြစရာ ကောင်းသည်မှာ ထိုအမျိုးသမီးစစ်သည်များ၏ နယ်ပယ်သည် ကောင်းကင်နယ်ပယ် အထွတ်အထိပ်သို့ ရောက်ရှိနေခြင်းပင်။
ရှင်းရှင်းက အမျိုးသမီးစစ်သည် ကိုးဦးကို ကြည့်ကာ အံ့အားသင့်သွားတော့သည်။ "အယ်..."
လင်းချန်သည် သူ၏ အမိန့်ကို နာခံမည့် စစ်သည်များကို ဆင့်ခေါ်နိုင်ကြောင်း ရှင်းရှင်း နားလည်ထားပြီး ဖြစ်၏။ သို့သော် ကောင်းကင်နယ်ပယ် စစ်သည်များကိုပါ ဆင့်ခေါ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။
ဓားနတ်ဘုရားဂိုဏ်း၏ အကြီးအကဲများပင် ကောင်းကင်နယ်ပယ် အဆင့်၌သာ ရှိကြသေး၏။ ယခုအခါ လင်းချန်က ကောင်းကင်နယ်ပယ် စစ်သည် ကိုးယောက်ကို အလွယ်တကူ ဆင့်ခေါ်လိုက်သည်။ ရှင်းရှင်း တစ်ယောက် အံ့ဩလွန်း၍ မျက်ဝိုင်းကြီးများဖြင့် လင်းချန်အား စိုက်ကြည့်နေမိသည်။
လင်းချန် အမျိုးသမီးစစ်သည် ကိုးဦးကို လေးနက်စွာ အမိန့်ပေးလိုက်၏။ “မယ်မင်းတို့... ဧကရီကို အနီးကပ် စောင့်ရှောက်ပြီး သူ့ရဲ့ အမိန့်ကို နာခံကြ။ အန္တရာယ် ကြုံလာရင် မယ်မင်းတို့ရဲ့ အသက်နဲ့ရင်းပြီး ကာကွယ်ကြ။”
“အမိန့်တော်အတိုင်းပါ...။ ဧကရာဇ်မင်းမြတ်” အမိန့်ကို လက်ခံပြီးနောက် အမျိုးသမီးစစ်သည်တို့သည် မတ်တတ်ရပ်လိုက်ကြပြီး ရှင်းရှင်း၏ ဘေး၌ နေရာယူကာ သူမအား ကာကွယ်သည့် ပုံစံခွက် ယူလိုက်ကြ၏။
ရှင်းရှင်းအား ဝိုင်းထားသည့် အမျိုးသမီးစစ်သည်များကို သေချာကြည့်ကာ လင်းချန် စဉ်းစားလိုက်သည်။ “အင်း... ကိုးယောက်ဆိုတော့ နည်းမနေဘူးလား။”
“ရှင်းရှင်း... ကိုယ် မိန်းကို ကောင်းကင်နယ်ပယ် အမျိုးသမီးစစ်သည် သုံးထောင်လောက် ပေးလိုက်ရင်ရော။ ဒါဆို အဲဒီ မဟာအကြီးအကဲ ဘာမှ မကြံစည်ရဲလောက်တော့ဘူးမလား။”
လင်းချန်စကားဆုံးသည်နှင့် ရှင်းရှင်းက အလျင်အမြန် ပြေးဖက်လိုက်သည်။ “နေပါဦး ချန်လေး... စိတ်လျော့ပါဦး။”
“ကာကွယ်ဖို့အတွက် ဒီကိုးယောက်ဆို လုံလောက်ပါပြီ။ ပြီးတော့ မိန်းရဲ့ ဆရာလည်း ရှိနေသေးတယ်လေ။ ကောင်းကင်နယ်ပယ် အမျိုးသမီးစစ်သည် သုံးထောင် တကယ်ပေးလိုက်ရင် ဂိုဏ်းချုပ်ဦးလေးက မိန်း ဓားနတ်ဘုရားဂိုဏ်းကို ဖျက်ဆီးဖို့ ကြိုးစားနေတယ်လို့ ထင်သွားလိမ့်မယ်။”
“ကောင်းပြီလေ... မိန်း သဘောအတိုင်းပါပဲ။” ရှင်းရှင်း ထိုသို့ ပြောလာသဖြင့် လင်းချန် သဘောတူကာ ခေါင်းညိတ်လိုက်၏။
ရှင်းရှင်းကို အရည်အသွေးမြင့် ပြန်လည်ကုစားရေး ဆေးရည်အချို့ ပေးလိုက်ပြီး သူမ ထွက်ခွာမသွားမီ အထူးသတိထားရန် ထပ်ခါတလဲလဲ မှာကြားလိုက်သေးသည်။
“လေဟုန်စစ်သည်တွေက ပတ်ဝန်းကျင်ကို နားစွင့်ပြီး ဒိုင်းကိုင်စစ်သည်တွေက ကာကွယ်ပေးမယ်။ ဓားကိုင်စစ်သည်တွေနဲ့ လေးသမားတွေက တိုက်ခိုက်ပေးမယ်ဆိုရင် မိန်းကို အပြည့်အဝ ကာကွယ်ပေးနိုင်လောက်တယ်။”
ရှင်းရှင်း ထွက်ခွာသွားပြီးနောက် လင်းချန် ငေးကြည့်နေစဉ် ရုတ်တရက် တစ်စုံတစ်ယောက်က သူ့လက်အင်္ကျီစကို လာဆွဲနေသည်ကို သတိထားမိလိုက်၏။ လှည့်ကြည့်လိုက်ရာ လေချန် ဖြစ်နေသည်။
လေချန်က သူ့ကို မျှော်လင့်တကြီး ကြည့်နေသောကြောင့် လင်းချန် မျက်မှောင်ကြုတ်လိုက်၏။
“ဘာလိုချင်လို့လဲ။”
“အစ်ကိုကြီး... အရင်က ဆင့်ခေါ်တဲ့ စစ်သည်တွေအကုန်လုံးက ယောက်ျားချည်းပဲ။ ဒီတစ်ခါကျမှ ဘာလို့ အမျိုးသမီးတွေ ဖြစ်နေရတာလဲ။”
လင်းချန် ပခုံးတွန့်ပြလိုက်၏။ “အမျိုးသမီးစစ်သည်တွေက ပေါ့ပါးသွက်လက်ပေမယ့် တခြားအရာတွေမှာတော့ အမျိုးသားစစ်သည်တွေလောက် မကောင်းဘူး။ ရှင်းရှင်းသာမရှိရင် ငါ သူတို့ကို ဖန်တီးဖို့ စိတ်ကူးမှာ မဟုတ်ဘူး။”
လေချန် စူးစမ်းချင်စိတ် ပြင်းပြသွားသည်။ “ဖန်တီးတယ် ဟုတ်လား။ အစ်ကိုကြီး... ခင်ဗျား ကောင်းကင်နယ်ပယ် စစ်သည် ဘယ်နှစ်ယောက်လောက် ဆင့်ခေါ်နိုင်လဲ။ နိဗ္ဗာန်နယ်ပယ်ရော ရလား။ သုံးထောင်က တကယ်ပဲ အကန့်အသတ်လား။”
လင်းချန်က ဆန်းကြယ်သည့် အပြုံးဖြင့် ပြောလိုက်သည်။ “ဟက်... သုံးထောင် ဟုတ်လား။ ဒီလို အနိမ့်ဆုံးအဆင့် စစ်သည်တွေဆိုရင် သန်းသုံးဆယ်တောင် အသေးအဖွဲလေးပဲ ရှိသေးတယ်။ သုံးထောင်ဆိုတာ ပြောမနေနဲ့တော့...”
“လေချန်... ငါ့နောက်လိုက်နေမှတော့ ဒီထက်ပိုပြီး ရဲရဲတင်းတင်း တွေးစမ်းပါကွ။”
လင်းချန်၏ အပြောကြောင့် လေချန်မှာ ခြေထောက်များ ပျော့ခွေသွားကာ တုန်လှုပ်မှုကြောင့် မြေကြီးပေါ်သို့ လဲကျသွားရသည်။
“ဗျာ... သန်း... သန်း... သုံးဆယ် ဟုတ်လား။ အဲဒါက အသေးအဖွဲလေးပဲ ရှိသေးတယ်တဲ့လား။ နောက်နေတာမလား။ ဒါဆို အစ်ကိုကြီးသာ ဆန္ဒရှိရင် ရှန်ထျန်ဂိုဏ်းကို ဖျက်ဆီးပစ်ဖို့က လွယ်လွယ်လေးပေါ့။”
လေချန်၏ အဖြစ်ကို မြင်သောအခါ လင်းချန်က ရယ်မောလျက် သကောင့်သားအား မြေကြီးပေါ်မှ ဆွဲထူလိုက်၏။ “ဟားဟား... ရှန်ထျန်ဂိုဏ်းကို ဖျက်ဆီးဖို့က လုပ်နိုင်ပေမယ့် မလိုအပ်ပါဘူး။ အချိန်ကုန်ရုံပဲ ရှိမယ်။ ပြီးတော့ ငါ့လက်ရှိအင်အားက လုံလောက်အောင် မစွမ်းဆောင်နိုင်သေးဘူး။ လောလောဆယ် သိုသိုသိပ်သိပ် နေတာ ပိုကောင်းတယ်။”
ထိုသို့ပြောပြီးနောက် လင်းချန် နတ်ဓားဂိုဏ်းသို့ ဦးတည်လိုက်သည်။
ကျန်ရစ်ခဲ့သည့် လေချန်ကမူ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်မိ၏။ “ငါ ဘယ်လို ခေါင်းဆောင်မျိုးနောက် လိုက်မိနေတာပါလိမ့်။”
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၆ ၊ အတွဲ ၁ ၊ အပိုင်း ၁၅၈ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team