← Chapters

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း ၁၇၁

Vol. 18 Ch. 171

အခန်း (၁၇၁) - ရွှီဇီယန်၏ ကျေးဇူးတင်စကား

"ပတ္တမြားနီပန်းကိုင်း"

"ဝိညာဉ်မြွေဝပ်ဆင်း အင်မော်တယ်မြက်"

"ခုနစ်သွယ်သန်းခေါင်ပန်း"

"နှင်းခဲဖြူတိမ်လွှာသစ်ရွက်"

"..."

ချူလျန်နှင့် လင်းပေ့တို့သည် ချိုင့်ဝှမ်းအတွင်း ခေတ္တမျှ သတိထား၍ ရှာဖွေလိုက်ကြပြီးနောက် သက်တန်းရင့်နေပြီဖြစ်သော စိတ်ဝိညာဉ်အပင် လေးပင်ကို ခူးဆွတ်လိုက်ကြသည်။

ထို့နောက်မှသာ သူတို့သည် ကျေနပ်အားရစွာဖြင့် ထွက်ခွာရန် ပြင်ဆင်လိုက်ကြလေသည်။

"ဒီကမ္ဘာမြေရတနာတွေကို အဂ္ဂိရတ်ခန်းမမှာ သွားရောင်းပြီးရင် ကျုပ်တို့ တစ်ဝက်စီ ခွဲကြတာပေါ့"

ချူလျန်က ပြောလိုက်လေသည်။

"ဒါက သိပ်အားနာစရာ ကောင်းနေပြီလေ"

လင်းပေ့က ခေါင်းကုတ်ရင်း ပြောလိုက်သည်။

"ဒီတစ်ခါက မင်းပဲ အဓိကလှုပ်ရှားခဲ့တာဆိုတော့ ငါက ဘာမှတောင် မလုပ်ခဲ့ရဘူးလေ"

"ဒါပေမဲ့ ခင်ဗျားသာ ကျုပ်ကို ဒီတောင်ကြားဆီ မခေါ်လာခဲ့ရင် ကျုပ်က ဓားရွက်ရွှမ်ယန်ပန်းကိုတောင် ရခဲ့မှာမဟုတ်ဘူး"

ချူလျန်က ပြုံးကာ ပြောလိုက်၏။

"ကျုပ်ကို အားနာမနေပါနဲ့ဗျာ.."

"ဟားးး ဟားးး ဟားးး"

လင်းပေ့ကလည်း အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်လေသည်။

"ဒါဆို ပြန်ရောက်တဲ့အခါ ငါ တိတ်တိတ်လေး သိမ်းထားတဲ့ ပန်းချီစာအုပ်တွေကို မင်းကို ငှားပေးမယ်ကွာ"

"အာ... မလိုပါဘူးဗျာ"

ချူလျန်က ရယ်မောကာ ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

လင်းပေ့၏ ပစ္စည်းများကို ကြည့်မိလျှင် တစ်နေ့နေ့၌ မိမိကိုယ်တိုင်လည်း ကိလေသာ ရှောင်ကြဉ်ရေး ဒိုင်ယာရီများ ရေးလာရမည်ကို သူ စိုးရိမ်မိပေသည်။

မည်သည့်အရာမျှ ကျန်ရစ်ခဲ့ခြင်း မရှိကြောင်း သေချာသွားပြီးနောက် သူတို့နှစ်ဦးသည် ရွှေမွေးဟူပေါ်သို့ တက်စီးကာ ထွက်ခွာလာခဲ့ကြတော့သည်။

တောင်ကြားအတွင်းရှိ အခြားဝိညာဉ်အပင်များမှာ များပြားလှသော်လည်း သက်တန်းရင့်လာရန်အတွက် အနည်းဆုံး ဆယ်စုနှစ်ချီ၍ဖြစ်စေ၊ အများဆုံး ရာစုနှစ်ချီ၍ဖြစ်စေ အချိန်ယူရပေမည်။

ပုံမှန်အားဖြင့် တောင်ကြားတစ်ခုတွင် ထိုကဲ့သို့သော ကမ္ဘာမြေရတနာ တစ်ပင်လောက် ရှိနေခြင်းကပင် ရှားပါးသော ကိစ္စတစ်ခုဟု ဆိုနိုင်၏။

ဤမဟူရာဝေလငါးတောင်အတွင်း၌ မည်သို့သော ထူးခြားဆန်းကြယ်မှုများ ရှိနေသည်ကို မသိရသော်လည်း ဤမျှကျယ်ဝန်းသော မြေကွက်လပ်လေးတစ်ခုထဲတွင် ဤမျှများပြားလှသော ဝိညာဉ်စွမ်းအင်များကို မွေးဖွားပေးနိုင်နေခြင်းမှာ အလွန်ပင် အံ့သြဖွယ်ကောင်းလှပေသည်။

ချူလျန်ကိုယ်တိုင်လည်း ထိုကမ္ဘာမြေရတနာများ၏ တန်ဖိုးကို တိတိကျကျ မခန့်မှန်းနိုင်သော်လည်း သေချာပေါက် နည်းပါးမည်တော့ မဟုတ်ပေ။

ထို့အပြင် ၎င်းတို့အားလုံးမှာ ရှားပါးလှသော ပစ္စည်းများဖြစ်ပြီး ပုံမှန်အားဖြင့် ဈေးကွက်ထဲတွင် တန်ဖိုးဖြတ်၍ပင် မရနိုင်ပေ။

အကယ်၍ အပြင်ဘက်ရှိ တောက်ထျယ်ခန်းမတွင် သွားရောက်ရောင်းချမည်ဆိုပါက ဈေးနှုန်းမှာ အဂ္ဂိရတ်ခန်းမသို့ ရောင်းချသည်ထက် တစ်ဆ၊ နှစ်ဆခန့် ပိုမိုများပြားနိုင်ပေသည်။

သို့သော်လည်း ဉာဏ်ကောင်းသော ရှုတောင်တပည့်များမှာမူ ထိုကဲ့သို့ ပြုလုပ်ကြမည် မဟုတ်ပေ။

အကယ်၍ မိမိကိုယ်တိုင်က ဈေးကောင်းရရန် လောဘတက်ကာ ရှုတောင်ဂိုဏ်းပြင်ပသို့ အရင်းအမြစ်များ ထွက်သွားစေမည်ဆိုပါက အခြားသူများအားလုံးကလည်း ထိုနည်းတူ ပြုလုပ်လာကြပေလိမ့်မည်။

အချိန်ကြာလာသည်နှင့်အမျှ မိမိကိုယ်တိုင်လည်း ရှုတောင်ဂိုဏ်းအတွင်းမှ မည်သည့် အရင်းအမြစ်ကိုမျှ ရယူနိုင်တော့မည် မဟုတ်ပေ။

ထိုအရာကပင် ရှုတောင်ဂိုဏ်း၏ စည်းမျဉ်းတစ်ခု ဖြစ်ပေသည်။

လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်တို့ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက လူသားတို့၏ အကြီးမားဆုံးသော အားသာချက်တစ်ခုမှာ လူ့အဖွဲ့အစည်းအတွင်း၌ ကောင်းမွန်သော စည်းမျဉ်းစည်းကမ်း တစ်ရပ်ကို တည်ဆောက်ထားနိုင်ခြင်းပင် ဖြစ်ပြီး အရင်းအမြစ်များ စီးဆင်းလည်ပတ်မှုအပါအဝင် အရာအားလုံးမှာ အလွန်ပင် အဆင်ပြေချောမွေ့လှပေသည်။

ချူလျန်တို့အနေဖြင့် ရင့်ကျက်နေပြီဖြစ်သော ကမ္ဘာမြေရတနာများကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ၎င်းတို့ကို ကိုယ်တိုင် အသုံးမပြုနိုင်ပါက လိုအပ်မည့်အချိန်အထိ စောင့်ဆိုင်းပြီးကာမှ လာရောက်ယူဆောင်ရန် မခက်ခဲပေ။

ထို့အပြင် ရတနာကို စောင့်ကြပ်ရန် ဤနေရာ၌ နေထိုင်ကာ အခြားသူများ လာရောက်လုယူမည်ကို စိုးရိမ်ထိတ်လန့်နေရန်လည်း မလိုပေ။

"ဈေးကွက်" ဆိုသည့်အရာ ရှိနေသောကြောင့် သူတို့အနေဖြင့် ဤကမ္ဘာမြေရတနာများကို ရောင်းဝယ်ဖောက်ကားနိုင်ပြီး မိမိတို့လိုအပ်သော အရင်းအမြစ်များနှင့် ပြန်လည်လဲလှယ်နိုင်ပေသည်။

ထိုသို့ဆိုလျှင် လူတိုင်းက မိမိတို့အလိုရှိသော အရာများကို ရရှိနိုင်ကြမည် ဖြစ်သည်။

လူသားမျိုးနွယ်က နှစ်ပေါင်းများစွာတိုင်အောင် အခြားသော မျိုးနွယ်စုသောင်းပေါင်းများစွာတို့၏ အထက်တွင် ရပ်တည်နိုင်ခဲ့ခြင်းမှာ ဤအခြေခံ တည်ဆောက်မှုများက အလွန်အရေးပါသောကြောင့် ဖြစ်ပေသည်။

စည်းမျဉ်းစည်းကမ်း ဆိုသည်မှာ လူတိုင်းကို အကျိုးခံစားခွင့် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခြင်းပင် ဖြစ်၏။

အမှောင်ဘုရင်ဂိုဏ်းမှ လူများကဲ့သို့ မိမိတို့၏ အကျိုးစီးပွားအတွက် မီးရှို့၊ သတ်ဖြတ်၊ လုယက်ကာ မကောင်းမှုဟူသမျှကို ရှောင်ကြဉ်ခြင်းမရှိဘဲ ပြုလုပ်နေမည်ဆိုပါက အချိန်တိုအတွင်း၌ အကျိုးအမြတ်များ ရရှိနိုင်မည် ဖြစ်သော်လည်း ရေရှည်တွင်မူ စည်းမျဉ်းစည်းကမ်းများ၏ အခြေခံအုတ်မြစ် ပြိုကျသွားသည်နှင့် လူတိုင်းက လိုက်နာတော့မည် မဟုတ်ပေ။

ထိုအခါ လူတိုင်းက အကျိုးအမြတ်ကိုသာ လိုက်စားလာကြပြီး လူအများ ဒုက္ခရောက်ရပေတော့မည်။

ထို့ကြောင့် စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းရန်မှာလည်း မရှိမဖြစ် လိုအပ်လှပေသည်။

တိမ်တိုက်လှိုင်းလုံးလေးများကြားတွင် တစ်လျှောက်လုံး ပျံသန်းလာခဲ့ကြပြီးနောက် မွန်းလွဲပိုင်းအချိန်သို့ ရောက်ရှိလာမှသာ သူတို့နှစ်ဦးသည် ရှုတောင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာကြတော့သည်။

...

ငွေဓားတောင်ထွတ်သို့ ရောက်ရှိပြီးနောက် ချူလျန်သည် ကမ္ဘာမြေရတနာများကို ရောင်းချရန် အလျင်စလို မပြုလုပ်သေးဘဲ ဆုလာဘ်များကို အရင်ဖွင့်ရန် ပြင်ဆင်လိုက်၏။

ကောင်မလေးတစ်ယောက်တည်း ပျင်းရိနေစဉ် ရွှေမွေးဟူ ပြန်လာသည်ကို မြင်လိုက်ရသောကြောင့် အလွန်ဝမ်းသာသွားပြီး ခုန်ပေါက်ကာ ရွှေမွေးဟူ၏ ခေါင်းကြီးကို လာရောက်ပွတ်သပ်လေသည်။

ရွှေငါးကြင်းလေး ဤနေရာတွင် ရှိနေသောကြောင့် ချူလျန်မှာ အနည်းငယ် စိတ်အေးသွားရ၏။

သူသည် ချက်ချင်းပင် မျက်စိမှိတ်ကာ စိတ်ကို စူးစိုက်လိုက်ပြီး သူ၏ ဝိညာဉ်အာရုံကို စေတီတော်ဖြူအတွင်းသို့ ဝင်ရောက်စေလိုက်သည်။

စေတီတော်၏ နေရာလွတ်အတွင်း၌ ခေါင်းကြီးရုပ်သေးရုပ် နှစ်ရုပ်က ယှဉ်တွဲထိုင်နေကြ၏။ ၎င်းတို့ထဲမှ တစ်ရုပ်မှာ မျက်စိမပွင့်သေးဘဲ အခြားတစ်ရုပ်မှာမူ ရက်ပေါင်းများစွာ ချီလှည့်ပတ်နေခဲ့ပြီဖြစ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ တောက်ပသော မီးခိုးငွေ့တိမ်တိုက်များ ထွက်ပေါ်နေသဖြင့် နိဗ္ဗာန်ဘုံတစ်ခုနှင့်ပင် တူနေလေသည်။

'ဒီအရာက အရမ်းမြန်မြန် လည်ပတ်နေလို့ လောင်ကျွမ်းသွားတာမျိုးတော့ မဖြစ်နိုင်ဘူးမလား… အနားပေးဖို့ရော လိုအပ်မလား'

ထိုအခြေအနေက ချူလျန်ကို အနည်းငယ် စိုးရိမ်သွားစေ၏။

သူက လက်လှမ်းကာ ခေါင်းကြီးရုပ်သေးရုပ်ကို စမ်းသပ်ကြည့်လိုက်ရာ ပူနွေးနေသည့် လက္ခဏာမျိုး မတွေ့ရသဖြင့် ထိုအခါမှသာ စိတ်သက်သာရာ ရသွားတော့သည်။

ထို့နောက် သံတိုင်အချုပ်ခန်းရှေ့သို့ ရောက်သွားပြီး ဖွင့်ခလုတ်ကို ညင်သာစွာ နှိပ်လိုက်၏။

ဝုန်း...

အလင်းရောင်များ လင်းလက်သွားပြီးနောက် သေးငယ်လှသော အလင်းတန်းဖြူ သုံးခု ထွက်ပေါ်လာလေသည်။

'ဒီလောက်တောင် သေးတာလား'

ချူလျန်မှာ အနည်းငယ် အံ့သြသွား၏။

[ရွှေရောင်အမွေးအမျှင်] : မိမိနှင့် ရုပ်သွင်ချင်း လုံးဝတူညီသော ပုံတူကိုယ်ပွားတစ်ခုအဖြစ် ဖန်တီးနိုင်ပြီး အချိန်သုံးနာရီကြာ တည်တံ့နိုင်သည်။

ကိုယ်ပွားသည် ကိုယ်ပိုင် အသိဉာဏ် မရှိဘဲ နေ့စဉ်ဘဝနှင့် တိုက်ပွဲစသည့် အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်သည်။

သို့သော် အချို့သော အထူးအခြေအနေများတွင် မပါဝင်ဘဲ ပျက်စီးသွားနိုင်ခြေ ရှိသည်။

'အချိန်သုံးနာရီကြာ တည်တံ့နိုင်တဲ့ ကိုယ်ပွားတစ်ခုလား'

ချူလျန်သည် ထိုအရာကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားသွား၏။

၎င်းက အင်မော်တယ်မန္တန်ဖြစ်သည့် ခန္ဓာကိုယ်ပြင်ပ ကိုယ်ပွားဖန်တီးခြင်းပညာရပ်ကို သုံးကြိမ်တိုင်တိုင် အသုံးပြုနိုင်ခြင်းနှင့် တူညီနေသည် မဟုတ်ပါလော။

သို့သော် တစ်ချက်ပြန်တွေးကြည့်လိုက်သောအခါတွင်မူ ထိုသို့မဟုတ်မှန်း သိလိုက်ရသည်။

ခန္ဓာကိုယ်ပြင်ပ ကိုယ်ပွားဖန်တီးခြင်းပညာရပ်ကို လေ့ကျင့်တတ်မြောက်ထားသူများသည် ဝိညာဉ်အာရုံကို ခွဲခြမ်းကာ ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်စွမ်းရှိပြီး ၎င်းမှာ စွမ်းအားနှစ်ဆ တိုးလာခြင်းနှင့် ညီမျှပေသည်။

သို့သော် မိမိကိုယ်တိုင်မှာမူ ထိုကဲ့သို့သော နတ်ဘုရားစွမ်းရည်မျိုးကို လေ့ကျင့်ထားခြင်း မရှိပေ။ ထို့ကြောင့် ကိုယ်ပွားတစ်ခု ပိုလာလျှင်ပင် တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်မည် မဟုတ်ပေ။

အကယ်၍ မိမိအနေဖြင့် ကိုယ်ပွားကို အသုံးပြုမည်ဆိုပါက မိမိ၏ ဝိညာဉ်အာရုံကို မူလခန္ဓာကိုယ်မှနေ၍ ကိုယ်ပွားထံသို့ ပြောင်းရွှေ့လိုက်ခြင်းနှင့် သာ ညီမျှပေလိမ့်မည်... တစ်နည်းအားဖြင့် ခန္ဓာကိုယ်တစ်ခု ပြောင်းလဲလိုက်ခြင်းပင် ဖြစ်၏။

အချို့သော အခြေအနေများတွင် ဥပမာအားဖြင့် လမ်းကြောင်းရှာဖွေခြင်း၊ အန္တရာယ်ရှိသော နေရာများသို့ သွားရောက်ခြင်း စသည်တို့၌ ၎င်းကို အသုံးချနိုင်ပေသည်။

တိုက်ပွဲအတွင်းတွင်မူ အင်မော်တယ်မန္တန်ဖြစ်သည့် ခန္ဓာကိုယ်ပြင်ပ ကိုယ်ပွားဖန်တီးခြင်းပညာရပ်လောက် စွမ်းအားကြီးမားမည် မဟုတ်ပေ။

သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းက ကောင်းမွန်သော ဆုလာဘ်တစ်ခုပင် ဖြစ်၏။

သူသည် ထိုရွှေရောင်အမွေးအမျှင် သုံးချောင်းကို သိမ်းဆည်းလိုက်ပြီးနောက် မျက်လုံးပွင့်လာခဲ့၏။

ထို့နောက် အဂ္ဂိရတ်ခန်းမသို့ သွားရောက်ကာ ကမ္ဘာမြေရတနာများကို ရောင်းချရန် ပြင်ဆင်လိုက်စဉ်မှာပင် ဓားအလင်းတန်းတစ်ခု ရုတ်တရက် ကျဆင်းလာသည်ကို မြင်လိုက်ရသည်။

သူ့ရှေ့တွင် လူရိပ်တစ်ခု ထပ်မံပေါ်လာလေသည်။

ဓားကဲ့သို့ ဖြောင့်တန်းသော မျက်ခုံးများ၊ ကြယ်ပွင့်များကဲ့သို့ တောက်ပသော မျက်လုံးများ၊ မားမားမတ်မတ် ရှိသော ကိုယ်ဟန်အမူအရာနှင့် လျှပ်စီးကဲ့သို့ စူးရှသော အကြည့်များရှိပြီး ထိုသူ၏ တစ်ကိုယ်လုံးမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ထက်မြက်သည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေလေသည်။

"ဂိုဏ်းတူအစ်ကိုရွှီ"

ချူလျန်မှာ အနည်းငယ် သတိထားမိသွား၏။

ကျောက်စိမ်းဓားတောင်ထွတ်၏ ထိပ်တန်းပါရမီရှင်က ငွေဓားတောင်ထွတ်၏ နယ်မြေအတွင်းသို့ ရုတ်တရက် ရောက်ရှိလာခြင်းဖြစ်ရာ သူ၏ ပထမဆုံးတုံ့ပြန်မှုမှာ တစ်ဖက်လူက ပြဿနာလာရှာခြင်းများ ဖြစ်နေမည်လား ဟူ၍ပင် ဖြစ်သည်။

မိမိကိုယ်တိုင်ကလည်း ငွေဓားတောင်ထွတ်၏ ဂိုဏ်းတူအစ်ကိုကြီး ဖြစ်သော်လည်း ဂိုဏ်းတူအစ်ကိုကြီး အချင်းချင်းကြားတွင် ကွာဟချက်များ ရှိနေပေသည်။

"မင်း ပြန်ရောက်ပြီလို့ လင်းပေ့ဆီက ကြားတာနဲ့ ချက်ချင်း လာရှာတာပဲ"

ရွှီဇီယန်က မျက်နှာသေဖြင့် အသံထွက်ကာ ပြောလိုက်လေသည်။

ချူလျန်မှာ ရွှီဇီယန်နှင့် မျက်နှာချင်းဆိုင် သီးသန့်စကားပြောဖူးသည်မှာ ယခုမှ ပထမဆုံးအကြိမ် ဖြစ်၏။

တစ်ဖက်လူက မည်သည့် ဖိအားပေးသည့် လုပ်ရပ်မျိုးမျှ မလုပ်သော်လည်း သူ၏ အကြည့်တိုင်းကပင် လူများကို အလွန်အမင်း ထိတ်လန့်သွားစေလောက်အောင် ဖိအားများ ပေးစွမ်းနိုင်သည်ကို သူ ခံစားလိုက်ရသည်။

ထိုခံစားချက်က... သူက အလွန်အမင်း ထက်မြက်လွန်းနေခြင်းပင် ဖြစ်၏။

ယင်းကား ဓားအိမ်မပါသော ပြိုင်ဘက်ကင်းဓားတစ်လက်ရှေ့ ရပ်နေရသလိုဖြစ်ပြီး ထိုးစိုက်မလာလျှင်ပင် ဓားသွားဖြင့် ရှသွားမည်ကို စိုးရိမ်နေရသကဲ့သို့ပင်။

စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်နေသော်လည်း ချူလျန်၏ မျက်နှာထက်တွင်မူ တည်ငြိမ်သောအမူအရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ကာ မေးလိုက်သည်။

"ဂိုဏ်းတူအစ်ကိုရွှီက ကျုပ်ကို လာရှာတာ ကိစ္စများ ရှိလို့လားဗျ"

"ငါက မင်းကို ကျေးဇူးတင်ဖို့ လာခဲ့တာပါ"

ရွှီဇီယန်က ပြောလိုက်၏။

'ဟင်'

ထိုစကားကြောင့် ချူလျန်မှာ အနည်းငယ် အံ့သြသွားရ၏။

'မင်းတို့ ကျောက်စိမ်းဓားတောင်ထွတ်က လူတွေအကုန်လုံးက အကြွေးလာတောင်းတဲ့ မျက်နှာထားမျိုးနဲ့ အိမ်တိုင်ရာရောက် ကျေးဇူးလာတင်တတ်ကြတာလား'

"ပြီးခဲ့တဲ့တစ်ခေါက်က မင်းရဲ့ လမ်းညွှန်မှုကြောင့် ငါ ပြန်ရောက်တဲ့အခါ ဆေးလုံးတွေကို သုံးပြီး ခန္ဓာ၊ ချီနဲ့ ဝိညာဉ် သုံးခုလုံးကို တစ်ပြိုင်နက်တည်း မြှင့်တင်လိုက်တာ နောက်ဆုံးတော့ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းရဲ့ အဆင့်ကို လှမ်းတက်နိုင်ခဲ့ပြီ"

ရွှီဇီယန်က ဆက်ပြောလိုက်သည်။

'ဒီလိုကိုး'

ထိုအခါမှသာ ချူလျန်သည် စိတ်သက်သာရာရသွားပြီး ရယ်မောကာ ပြောလိုက်၏။

"ဒါက ဂိုဏ်းတူအစ်ကိုရွှီရဲ့ ပါရမီထူးကဲမှုကြောင့်သာ ဒီလို အောင်မြင်မှုမျိုး ရခဲ့တာပါ”

“ဒါ့အပြင် ဒီလိုနည်းလမ်းနဲ့ ပြီးပြည့်စုံတဲ့ ကျင့်စဉ်ပတ်လမ်းကို ပြီးမြောက်ဖို့ဆိုတာက ပေးဆပ်ရတဲ့ တန်ဖိုးအရမ်းကြီးလွန်းလို့ နေ့စဉ်လေ့ကျင့်ဖို့ မသင့်တော်သလို အကျိုးကျေးဇူးလည်း သိပ်မများပါဘူး”

“ ဒါကြောင့် ဂိုဏ်းတူအစ်ကိုရွှီက ကျေးဇူးတင်စရာ မလိုပါဘူးဗျာ"

"အမြဲတမ်း ဒီလိုလုပ်လို့ မရဘူးဆိုပေမဲ့ အရေးကြီးတဲ့ အချိန်တချို့မှာ ဆေးစားပြီး အကျိုးသက်ရောက်မှုရအောင် လုပ်လို့တော့ ရပါသေးတယ်"

ရွှီဇီယန်က ပြောလိုက်သည်။

"အမှန်ပါပဲ"

ချူလျန်က ခေါင်းညိတ်လိုက်၏။

"ဒါကြောင့် ငါ မင်းကို ဘယ်လို ကျေးဇူးဆပ်ရမလဲလို့ တွေးနေတာ…"

ရွှီဇီယန်က ထပ်ပြောလိုက်ပြန်သည်။

"ဟား... ဂိုဏ်းတူအစ်ကိုရွှီက သိပ်အားနာနေပြန်ပါပြီ"

ချူလျန်က လက်ကာပြရင်း ပြောလိုက်၏။

"ဂိုဏ်းတူအချင်းချင်း ကျင့်ကြံခြင်း အတွေ့အကြုံတွေကို မျှဝေတာက လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စတစ်ခုပါ…”

“ တကယ်လို့ ကျေးဇူးတင်ချင်တယ်ဆိုရင်တောင် အဓိက ကျေးဇူးတင်ရမှာက ဂိုဏ်းတူအစ်မကျန်းကိုပါ"

"မင်းကို ကျေးဇူးတင်ပါတယ်ဆိုမှတော့ မင်းကိုပဲ ကျေးဇူးတင်ရမှာပေါ့…"

ရွှီဇီယန်က ချူလျန်ကို စိုက်ကြည့်လိုက်သည်။

"မင်းက ရွှေအမြုတေအဆင့်ကို တက်လှမ်းတော့မယ်လို့ ငါ ကြားထားတယ်..”

“မင်း ကံစမ်းဖို့ အင်မော်တယ်စိမ့်မြေကို သွားရမှာဖြစ်လို့ မင်းအတွက် ငါ အစောင့်အရှောက် လုပ်ပေးနိုင်တယ်"

'အာ...'

ထိုစကားက ချူလျန်ကို နောက်တစ်ကြိမ် အံ့သြသွားစေပြန်သည်။

ရှုတောင်ဂိုဏ်း၏ ရိုးရာအရ တပည့်တိုင်းသည် ရွှေအမြုတေအဆင့်သို့ မတက်လှမ်းမီ အင်မော်တယ်တက်လှမ်း မြက်ပင်ကို ရရှိရန် အခွင့်အရေးများ ရှိမရှိ သိနိုင်ရန် အင်မော်တယ်စိမ့်မြေသို့ သွားရောက်ကာ ကံစမ်းလေ့ရှိကြသည်။

အကြိမ်တိုင်း၌ ရွှေအမြုတေအဆင့်သို့ တက်လှမ်းမည့် တပည့်မှာ တစ်ဦးတည်းသာ ရှိမည်မဟုတ်သောကြောင့် တစ်ချိန်တည်းတွင် အဆင့်တက်လှမ်းမည့် လူအနည်းငယ်က အဖွဲ့လိုက် သွားရောက်လေ့ရှိကြသည်။

သို့သော် အင်မော်တယ်စိမ့်မြေဆိုသည်မှာ အလွန်တရာ အန္တရာယ်များပြားသော နေရာဖြစ်သည့်အတွက် ပုံမှန်အားဖြင့် ပဉ္စမအဆင့်(ဓာတ်ကြီးငါးပါးနယ်ပယ်)ရှိ တပည့်တစ်ဦးက အဖွဲ့ကို ဦးဆောင်ကာ အစောင့်အရှောက်အဖြစ် လိုက်ပါလေ့ရှိလေသည်။

‘ရွှီဇီယန်က ဒီစကားကို ပြောလာတာဆိုတော့ သူက ဓာတ်ကြီးငါးပါးအဆင့်သို့ ရောက်ရှိသွားပြီလား’

ဒါကတော့ အနည်းငယ် ချဲ့ကားလွန်းနေပြီ မဟုတ်ပါလော….။

ထိုသို့ဆိုလျှင် ရှုတောင်တောင်ထွတ်များ တွေ့ဆုံပွဲတွင် ဘာကို ယှဉ်ပြိုင်တိုက်ခိုက်နေစရာ လိုတော့မည်နည်း။

သူ့ကို တိုက်ရိုက် ဆုပေးလိုက်လျှင်ပင် ပြီးသွားပြီ မဟုတ်ပါလော..။

"ဒါ့အပြင် ငါ့မှာ မေးစရာ မေးခွန်းတစ်ခု ရှိသေးတယ်"

ရွှီဇီယန်က ချူလျန် ငေးမောနေသည်ကို မြင်လိုက်ရသဖြင့် ထပ်မံ၍ အသံထွက်ကာ မေးလိုက်၏။

"ဘာမေးခွန်းလဲဗျ"

ချူလျန်က သတိပြန်ဝင်လာသည်။

ရွှီဇီယန်က ရှားရှားပါးပါး အနေခက်နေသည့် အမူအရာမျိုး ပြသလာပြီးနောက် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ စကားစလိုက်လေသည်။

"မင်းမှာ သဘောကျနေတဲ့ ကောင်မလေး ရှိလားလို့ ငါ မေးချင်လို့ပါ"

"..."

ချူလျန်မှာ ဆွံ့အသွားတော့သည်။

All Chapters