← Chapters

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း ၁၇၂

Vol. 18 Ch. 172

အခန်း (၁၇၂) - ဒါက ပြောလို့ရတဲ့ကိစ္စလား

ရွှီဇီယန်၏ ဤစကားသည် သူ့အတွက်သူ မေးခြင်း လုံးဝ မဟုတ်ပေ။

ဤကိစ္စကို သူ ပြီးခဲ့သည့်အကြိမ် တံခါးပိတ်ကျင့်စဉ်မှ ထွက်လာချိန်က စပြောရပေမည်။

ထိုအချိန်က သူသည် ပဉ္စမအဆင့်သို့ အဆင့်တက်လှမ်းကာ ထွက်လာခဲ့ပြီး ဤကျင့်ကြံခြင်းအဆင့်ဖြင့် သူ၏ မျိုးဆက်တွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေချေပြီ။

သို့သော် သူ၏ ညီမဖြစ်သူနှင့် တွေ့ဆုံ၍ ရွှီဇီချင်ကို ဤသတင်းအား မျှဝေပြောပြချိန်တွင်တော့ သူမသည် ထင်ထားသလောက် ဝမ်းသာပျော်ရွှင်နေခြင်း မရှိခဲ့ချေ။

ထို့နောက် ရက်အနည်းငယ်အတွင်းတွင် သူ၏ညီမမှာ တွေဝေငေးမောနေသည်ကို ရွှီဇီယန် သတိပြုမိသော်လည်း မေးကြည့်လျှင်လည်း ဘာမျှမပြောပေ။

သူသည် ဖန်တင်းကို ချက်ချင်း သွားရှာလေ၏။

တံခါးပိတ်ကျင့်စဉ် မဝင်မီက သူ၏ညီမကို စောင့်ရှောက်ပေးရန် ဖန်တင်းအား အကူအညီတောင်းခဲ့ဖူးသည်။

ယခု ရွှီဇီချင် စိတ်အခြေအနေ မကောင်းဖြစ်နေသည့်အတွက် သူက ဖန်တင်းထံ သွားရောက်ကာ ရှင်းလင်းအောင် မေးမြန်းရမည်။

ဖန်တင်းက ဤကိစ္စနှင့်ပတ်သက်၍ ရေရေရာရာ မပြောနိုင်ဘဲ တောင်ပိုင်းနယ်မြေတောင်တန်းသို့ တာဝန်ထမ်းဆောင်ရန် သွားရောက်ချိန်အတွင်း စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာအချို့နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ဗလုံးဗထွေးဖြင့်သာ ခန့်မှန်းပြောဆိုလေ၏။

ရွှီဇီယန်မှာ ထိုစဉ်ကပင် ဒေါသထွက်သွားခဲ့သည်။ စိတ်ခံစားချက်ပြဿနာတဲ့လား... လုရန်လား... ဒါမှမဟုတ် လင်းပေ့လား...။

ထိုနှစ်ယောက်စလုံးမှာ တစ်ယောက်မှလူကောင်း မဟုတ်ပေ။

ထိုခဏတွင် သူက ကျောဘက်ရှိ ဓားရိုးကို ကိုင်လိုက်ပြီး တစ်စုံတစ်ရာကို ခုတ်ထစ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေတော့သည်။

ဖန်တင်းက နှစ်ယောက်စလုံး မဟုတ်ကြောင်း ကမန်းကတန်း ရှင်းပြကာ ဂျူနီယာညီမလေးမှာ ငွေဓားတောင်ထွတ်မှ ကောင်လေးကို သဘောကျနေခြင်း ဖြစ်တန်ရာကြောင်း ပြောလေ၏။

ထို့နောက် သူတို့၏ ထိုတာဝန်ထမ်းဆောင်ခဲ့သည့် လုပ်ငန်းစဉ်အကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်မှသာ ရွှီဇီယန် စိတ်အေးသွားတော့သည်။

တစ်ကြိမ်တစ်ခါ တွေ့ဆုံရုံမျှဖြင့် ရွှီဇီချင်က ထိုလူအပေါ် သဘောကျသွားလျှင်တောင် သိပ်နက်ရှိုင်းမည်တော့ မဟုတ်ပေ။

သူတို့သည် ကျောက်စိမ်းဓားတောင်ထွတ်၏ တပည့်များဖြစ်ရာ ငွေဓားတောင်ထွတ်မှ လူများနှင့် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ထားခြင်းက ပိုကောင်းပေမည်။

ဤကိစ္စနှင့်ပတ်သက်၍ သူက ထပ်မံဝင်ရောက်စွက်ဖက်ခြင်း မပြုတော့ချေ။

တကယ်တမ်းတွင်လည်း ထိုအတိုင်းပင် ဖြစ်၏။ ရွှီဇီချင်သည် ချူလျန်ကို နှစ်ကြိမ်သုံးကြိမ်ခန့်သာ တွေ့ဖူးရာ မည်သို့လုပ်၍ နက်ရှိုင်းသော ခံစားချက်မျိုး ရှိနိုင်မည်နည်း။

မူလက ကောင်မလေးသည် သူ့အပေါ် အနည်းငယ်မျှသာ သဘောကျမိခြင်း ဖြစ်နိုင်သည်။

သို့သော် သူမကို အမှန်တကယ် စိတ်မချမ်းမသာ ဖြစ်စေသည့် အကြောင်းရင်းမှာ ချူလျန်က သူမအား ရှောင်ဖယ်နေခြင်းကြောင့်ပင် ဖြစ်လေသည်။

တောင်ပိုင်းနယ်မြေတောင်တန်းမှ ပြန်လာပြီးနောက် သူမက ချူလျန်အား သဘောကျကြောင်း ပြသရန် ကြိုးစားခဲ့သည့် လုပ်ရပ်မှာ သနားညှာတာမှုကင်းမဲ့စွာဖြင့် ငြင်းပယ်ခံခဲ့ရသည်။

ငယ်စဉ်ကတည်းက ကျောက်စိမ်းဓားတောင်ထွတ်တွင် ကြယ်များခြံရံထားသော လမင်းကဲ့သို့ အလိုလိုက်ခံကာ ကြီးပြင်းလာခဲ့ရသည့် ဂျူနီယာညီမလေးသည် အရွယ်ရောက်လာပြီးနောက် တွေ့ဆုံခဲ့ရသည့် အမျိုးသားများမှာလည်း အများအားဖြင့် သူမအပေါ် အလွန်ဂရုတစိုက် ရှိခဲ့ကြသည်။

ရုတ်တရက် ငြင်းပယ်ခံလိုက်ရချိန်တွင် ဘဝကို သံသယဝင်သွားမိသည်မှာ သဘာဝပင် ဖြစ်၏။

မူလက အနည်းငယ်မျှသာ သဘောကျခြင်း ဖြစ်နိုင်ပြီး ချူလျန်က တုံ့ပြန်မှုတစ်ခုခု လုပ်ခဲ့လျှင်ပင် သူတို့နှစ်ယောက်ကြား၌ အမှန်တကယ် တိုးတက်မှုရှိလာရန် မသေချာပေ။

သို့သော် ဤကဲ့သို့ ငြင်းပယ်ခံလိုက်ရခြင်းက သူမအား ညဘက်အိပ်မပျော်သည်အထိ ဝမ်းနည်းကြေကွဲသွားစေခဲ့လေသည်။

ရက်ပေါင်းများစွာ ကြာမြင့်သွားပြီးနောက် ကောင်မလေး၏ စိတ်အခြေအနေမှာလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

သို့သော် လွန်ခဲ့သောနှစ်ရက်ခန့်က ကျန်းယွဲ့ပိုင်၏ တရားဟောပွဲတွင် ချူလျန်က အလွန်နာမည်ကြီးသွားခဲ့၏။

ထိုအရာက ကောင်မလေး၏ စိတ်တွင်းရှိ ကိစ္စရပ်များကို ပြန်လည်ပေါ်ပေါက်လာစေရုံသာမက ရွှီဇီယန်ကိုပါ ချူလျန်၏ ထူးချွန်မှုကို သိရှိသွားစေခဲ့သည်။

ရွှီဇီယန်မှာ စိတ်ထဲတွင် မတွေးဘဲ မနေနိုင်တော့ချေ။

'ဒီလူက တီနွီဖုန့်ရဲ့ တပည့်ဖြစ်နေပဲ... ဇာစ်မြစ်နည်းနည်းညံ့ပေမယ့် ရုပ်ရည်ချောမောတယ်၊ စကားပြောဆိုရာမှာ အတိုင်းအတာရှိတယ်၊ မွေးရာပါ ဉာဏ်ရည်ထက်မြက်တယ်ဆိုတော့ ကောင်းမွန်တဲ့ ဖက်စပ်မှုတစ်ခု မဖြစ်နိုင်ဘူးလို့ မဆိုသာဘူးပဲ...'

'ဒီလူက တီနွီဖုန့်ရဲ့ တပည့်ဖြစ်နေတာတောင်... ဒီလောက် ယဉ်ကျေးသိမ်မွေ့တဲ့ အမူအကျင့်မျိုး ပျိုးထောင်နိုင်တယ်ဆိုတာ သူက ရွှံ့နွံထဲက ပေါက်လာပေမယ့် ရွှံ့မပေဘူးဆိုတာကို ပြသနေတာပဲ…ပိုပြီးတောင် အထင်ကြီးစရာ ကောင်းသေးတယ်...'

'တီနွီဖုန့်ရဲ့ တပည့်ဖြစ်နေတာတောင်... ဒီလို ကျင့်ကြံခြင်း တိုးတက်မှုမျိုး ရှိနိုင်သေးတယ်…’

‘ဒီအသက်အရွယ်နဲ့ ရွှေအမြုတေအဆင့်ကို ချဉ်းကပ်လာနိုင်တာက လုံးဝ ပါရမီရှင်လို့ ခေါ်ဆိုနိုင်တယ်...'

ထိုသို့ တွေးတောမိကာ ယနေ့ ကျေးဇူးတင်စကား လာရောက်ပြောဆိုသည့် အခွင့်အရေးကို အသုံးချ၍ ချူလျန်အား ဤကဲ့သို့ မေးမြန်းလိုက်ခြင်း ဖြစ်၏။

အကယ်၍ ချူလျန်က မရှိဘူးဟု ပြောလာလျှင် ရွှီဇီယန်က ချူလျန်အား မိမိ၏ညီမနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံခွင့်ပြုရန် ရည်ရွယ်ထားလေသည်။

သူ၏ လုပ်ရပ်များမှာ အမြဲတမ်း ဤကဲ့သို့ပင် တည့်တိုးဆန်လှသည်။

ထိုအမေးက ချူလျန်ကို ဆွံ့အသွားစေခဲ့၏။

'ခင်ဗျားက တော်တော် ရိုင်းတာပဲ...'

ချူလျန်က အနေရခက်စွာ ပြုံးလိုက်ပြီး ခေတ္တရပ်တန့်ကာ ပြောလိုက်သည်။

"လောလောဆယ်တော့ ဒီကိစ္စတွေကို မစဉ်းစားသေးပါဘူး"

'ရှိရင်တောင် ခင်ဗျားကို ပြောလို့မရပါဘူး.. ကျုပ်တို့က အဲဒီလောက်အထိ ရင်းနှီးတဲ့ အနေအထားမှ မဟုတ်တာ...'

"ဒါဆိုရင် မရှိဘူးပေါ့"

ရွှီဇီယန်က ကျေနပ်စရာ အဖြေကို ကြားလိုက်ရသဖြင့် ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ဒါဆို မင်းက ငါ့ညီမနဲ့ ပိုပြီး ထိတွေ့ဆက်ဆံကြည့်လို့ ရတယ်..”

“ သူမက မင်းအပေါ် အမြင်မဆိုးပါဘူး... ဒါပေမယ့် စည်းကမ်းတွေကိုတော့ သတိထားရမယ်"

ပြောရင်းဆိုရင်းဖြင့် သူက စကားတစ်ခွန်း ဖြည့်စွက်လိုက်လေသည်။

'ဟမ်...'

ချူလျန်က ထိုအခါမှ သဘောပေါက်သွားတော့သည်။ ဒီလူက သူ့ရဲ့ ယောက်ဖလုပ်ချင်နေတာလား။

ဤသည်မှာ မျှော်လင့်မထားသော ကိစ္စတစ်ခုပင် ဖြစ်၏။

အရင်က လင်းပေ့က သူ့အား ရွှီဇီယန် တံခါးပိတ်ကျင့်စဉ်မှ ထွက်လာပြီဖြစ်၍ ညီမဖြစ်သူ၏ ကိစ္စကြောင့် လာရှာနိုင်ကြောင်း သတိပေးခဲ့ဖူးသည်။

သို့သော် ဤလူက ဤမျှ တိုက်ရိုက်ဆန်လိမ့်မည်ဟု မည်သို့မျှ တွေးမထားခဲ့ပေ။

ချူလျန်က ကမန်းကတန်း လက်ခါပြကာ ပြုံး၍ ပြောလိုက်သည်။

"ဂိုဏ်းတူအစ်ကိုရွှီက နောက်မနေပါနဲ့ဗျာ…ဂျူနီယာညီလေးဖြစ်တဲ့ ကျုပ်က ဘာစွမ်းဆောင်ရည်တွေ ရှိလို့လဲ…”

“ ဒါ့အပြင် ကျုပ်က အခုချိန်မှာ ရှုတောင်ကို ပြန်လည်နိုးကြားလာစေဖို့နဲ့ မဟာတာအိုကို ရှာဖွေဖို့ပဲ အာရုံစိုက်နေတာပါ…မိန်းမကိစ္စတွေကို စဉ်းစားဖို့ အချိန်မရှိပါဘူးဗျာ"

'အင်...'

ရွှီဇီယန်က ထိုစကားကို ကြားလိုက်ရသောအခါ ရင်းနှီးနေသလို ခံစားလိုက်ရ၏။

သူ တံခါးပိတ်ကျင့်စဉ်မှ ထွက်လာချိန်က ဆရာသခင်ကိုလည်း ဤအတိုင်း ပြောခဲ့သည် မဟုတ်ပါလား။

ထိုစဉ်က ဆရာသခင်၏ တုံ့ပြန်မှုမှာ...

သူက ခေတ္တမျှ ပြန်လည်စဉ်းစားလိုက်ပြီး ချူလျန်ကို ဆက်ပြောလိုက်သည်။

"ငါ့ဆရာသခင်ကလည်း အဲဒီလိုပဲ…တစ်သက်လုံး ရှုတောင်ကို ပြန်လည်နိုးကြားလာစေဖို့နဲ့ မဟာတာအိုကို ရှာဖွေဖို့ပဲ အာရုံစိုက်ခဲ့ပြီး သားသမီးအချစ်ရေးတွေကို စိတ်မဝင်စားခဲ့ဘူး”

“ အခု အသက်ကြီးလာတော့... သူ ဘယ်လောက်တောင် နောင်တရနေလဲဆိုတာ မင်း သိလား"

"ဗျာ..."

ချူလျန်မှာ အလွန်အမင်း တုန်လှုပ်သွားချေပြီ။

'ဒီစကားသာ ပျံ့နှံ့သွားရင် သိုင်းလောက သတင်းစုံမှတ်တမ်းရဲ့ မျက်နှာဖုံးမှာ တစ်ခါလောက် ပြန်ပါလာနိုင်တယ်”

“ ရှုတောင် ကျောက်စိမ်းဓားတောင်ထွတ်ရဲ့ အကြီးအကဲတပည့်က လျှို့ဝှက်ချက်ကို ဖွင့်ချလိုက်တယ်... “

“ဆရာသခင်က တစ်သက်လုံး လူပျိုကြီးလုပ်ခဲ့ရတာကို အလွန်နောင်တရနေ... တောင်ထွတ်အသီးသီးက ခေါင်းဆောင်တွေက အသက်ကြီးမှ အချစ်ကို တမ်းတနေ...'

'ဒါက ပြောလို့ရတဲ့ကိစ္စလား'

...

စကားအနည်းငယ်ပြောဆိုကာ ရွှီဇီယန်ကို အနိုင်နိုင် ဖြတ်ကျော်ပြီးနောက်တွင်မှ ချူလျန်က သက်ပြင်းချနိုင်တော့သည်။

သူက အနည်းငယ် သိမ်းဆည်းလိုက်ပြီး ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ အလောတကြီး ပြေးသွားကာ အဂ္ဂိရတ်ခန်းမအတွင်းသို့ ရောက်ရှိသွား၏။

နီရဲသော ကျောက်စိမ်းပန်းခက်... ဝိညာဉ်မြွေအင်မော်တယ်မြက်... သွေးကြောခုနစ်သွယ် ညမွှေးပန်း... နှင်းခဲဖြူ တိမ်လွှာသစ်ရွက်…။

ဤအရာအားလုံးမှာ အလွန်အဆင့်မြင့်သော ဝိညာဉ်အပင်များ ဖြစ်ကြပြီး သာမန်အချိန်များတွင် တစ်ခုရရန်ပင် ခက်ခဲလှသည်။

သို့သော် သူက တစ်ပြိုင်နက်တည်း ဤမျှများပြားစွာ ထုတ်ပြလာနိုင်သည့်အတွက် အဂ္ဂိရတ်ခန်းမမှ ကမ္ဘာမြေရတနာများကို လက်ခံသိမ်းဆည်းရသော တာဝန်ခံတပည့်မှာ အံ့သြလွန်း၍ ပါးစပ်ပင် မပိတ်နိုင်တော့ချေ။

တတိယအဆင့် တပည့်တစ်ယောက်အနေဖြင့် ဤမျှများပြားသော ဝိညာဉ်အပင်များကို မည်သို့ စုဆောင်းနိုင်ခဲ့မည်နည်းဆိုသည်မှာ တွေးကြည့်၍ပင် မရနိုင်ပေ။

မည်မျှကြီးမားသော ကံကြမ္မာကောင်းမျိုးနှင့် ကြုံတွေ့ခဲ့ရသနည်း။

ချူလျန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ရုံမှလွဲ၍ အများကြီး ရှင်းမပြခဲ့ပေ။

နောက်ဆုံး တွက်ချက်ကြည့်လိုက်ရာ ကမ္ဘာမြေရတနာ လေးမျိုးစလုံးကို ရောင်းချလိုက်သဖြင့် ဓားဒင်္ဂါး တစ်သောင်းကျော် ရရှိခဲ့သည်။

ဤမျှများပြားသော ဓားဒင်္ဂါးများဖြင့် ရွှေမွေးဟူတစ်ကောင်ကို ဝယ်ယူရန်ပင် လုံလောက်သည်ထက် ပိုနေချေပြီ။

ထို့အပြင် ဤစျေးနှုန်းမှာ အလွန်နည်းပါးနေပြီ ဖြစ်သည်။

အကယ်၍ တောက်ထျယ်ခန်းမတွင် သွားရောက်ရောင်းချမည်ဆိုပါက အနည်းဆုံး တစ်ဆ သို့မဟုတ် နှစ်ဆခန့် ပိုရနိုင်ပေမည်။

သို့သော် အင်မော်တယ်ဂိုဏ်း၏ သဘောသဘာဝက ဤသို့ပင် ဖြစ်၏။

ချူလျန် ဝယ်ယူခဲ့သော ရွှေအမြုတေအဆင့်အတွက် လိုအပ်သည့် ပစ္စည်းများကို တောက်ထျယ်ခန်းမတွင် သွားဝယ်မည်ဆိုပါက စျေးနှုန်းက အဆပေါင်းများစွာ ပိုမိုမြင့်မားနိုင်ပေသည်။

အလွန်အမင်း တိတိကျကျ တွက်ချက်နေ၍ မရချေ။

မမျှော်လင့်ဘဲ ဓားဒင်္ဂါးအများအပြား ရရှိသွားပြီးနောက် သူက ဓားလဲလှယ်ရေး မဏ္ဍပ်သို့ အလိုက်သင့် ဆက်သွားကာ ဝမ်ယွဲ့လုံအား ရှာဖွေလိုက်သည်။

"ဂိုဏ်းတူအစ်ကိုချူ ဒီလောက်မြန်မြန် ပြန်ရောက်လာတာဆိုတော့ ဒီတစ်ခေါက် ခရီးစဉ်က တော်တော်လေး အဆင်ပြေခဲ့ပုံပဲ…”

“ခင်ဗျားရဲ့ ရွှေအမြုတေအဆင့်ကို ရောက်ဖို့လည်း သိပ်မလိုတော့ဘူးပေါ့"

သူက ပြုံးရွှင်သော မျက်နှာဖြင့် ဆီးကြိုနှုတ်ဆက်လိုက်၏။

"ဒီလို စကားကြီးစကားကျယ်တွေကို ကြိုမပြောရဲပါဘူး"

ချူလျန်က ဤမျှ မြှောက်ပင့်ပေးမှုကို ကမန်းကတန်း ငြင်းဆန်လိုက်သည်။

ထိုင်လိုက်ပြီးနောက် သူက အတွင်းပိုင်း ပျက်စီးနေသော မီလော့သစ်ရွက်စိမ်း မှော်ဝင်ကိရိယာကို ထုတ်ယူကာ ဝမ်ယွဲ့လုံအား ပြသလိုက်၏။

"ဟာဗျာ..."

ဝမ်ယွဲ့လုံက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

"ခင်ဗျားက ဘာလို့ အပြင်ထွက်တိုင်း သူ့ကို ဒီလောက်အထိ ဆိုးဆိုးရွားရွား ပျက်စီးစေရတာလဲ ပြီးတော့..."

သူက စစ်ဆေးကြည့်လိုက်ပြီး ထပ်မေးလိုက်၏။

"ဒီတစ်ခေါက်က ဘာလို့ အတွင်းပိုင်း ပျက်စီးနေရတာလဲ"

"မိုးကြိုးဗုံး ပေါက်ကွဲသွားလို့ပါ"

ချူလျန်က အားနာဟန်ဖြင့် ပြုံးလိုက်ပြီး တိုက်ပွဲဖြစ်စဉ်ကို ဝမ်ယွဲ့လုံအား ရှင်းပြလိုက်သည်။

ဝမ်ယွဲ့လုံ၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်နေသည့် အမူအရာများ ပေါ်လွင်နေ၏။

"ဒီကာကွယ်ရေး မှော်ဝင်ကိရိယာကို ဘယ်လိုများ ဒီလိုမျိုး အသုံးပြုရတာလဲဗျာ... ဒါပေမယ့် ပြောရမယ်ဆိုရင် ကျုပ် သွန်းလုပ်ထားတဲ့ မှော်ဝင်ကိရိယာက တကယ်ကို အစွမ်းထက်တာပဲ”

“ စတုတ္ထအဆင့် မိစ္ဆာသားရဲကိုတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်"

"တကယ်ပါပဲ"

ချူလျန်က ထောက်ခံလိုက်သည်။

"ဒါဆိုရင် ကျုပ်ဆီမှာပဲ ထားခဲ့လိုက်ပါ… ဒီအထဲမှာ ပျက်စီးနေတဲ့ အစီအရင်မျဉ်းတွေက အရမ်းများတယ်”

“ သင့်တော်တဲ့ ပစ္စည်းတွေ မရှိရင် လုံးဝပြန်လည် ပြုပြင်ဖို့ ခက်ခဲလိမ့်မယ်"

ဝမ်ယွဲ့လုံက ပြောလိုက်၏။

"ကံစမ်းကြည့်ရတာပေါ့ဗျာ…ပစ္စည်းတွေ ရှာတွေ့ပြီးသွားရင်လည်း ကျုပ်ရဲ့ ပြုပြင်ရေး အလုပ်က တော်တော်လေး ကြီးမားဦးမှာ"

"အချိန်အကြာကြီး ယူရမှာလား"

ချူလျန်က မေးလိုက်သည်။

"ဒါပေါ့ဗျ အတွင်းပိုင်းနဲ့ အပြင်ပိုင်းက မတူဘူးလေ"

ဝမ်ယွဲ့လုံက ရှင်းပြလေ၏။

"အတွင်းပိုင်း ပျက်စီးသွားတာက ပြန်လည်ပြုပြင်ဖို့ အရမ်းခက်တယ်"

ချူလျန်က ဤသို့မေးရခြင်းမှာ သူ၏ အင်မော်တယ်စိမ့်မြေ ခရီးစဉ်အတွက် မကြာမီ ထွက်ခွာရတော့မည်ဖြစ်ရာ အကယ်၍ မီလော့သစ်ရွက်စိမ်း မှော်ဝင်ကိရိယာကို ဤနေရာတွင် အချိန်ကြာမြင့်စွာ ထားခဲ့ရမည်ဆိုပါက ထိုအချိန်ရောက်လျှင် ယူဆောင်သွားနိုင်မည် မဟုတ်သောကြောင့် စိုးရိမ်၍ ဖြစ်သည်။

သို့သော် အမှန်တကယ် ပြင်၍မရလျှင်လည်း တတ်နိုင်မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ အင်မော်တယ်စိမ့်မြေသို့ သွားရောက်ရခြင်းမှာ ကံစမ်းရန်သာ ဖြစ်ပြီး တိုက်ပွဲများ ဖြစ်လာရန် မသေချာသောကြောင့် ထိုသို့တွေးလိုက်မိချိန်တွင် သူ စိတ်အေးသွားတော့သည်။

"ပစ္စည်းတွေကို စိတ်ချလက်ချသာ ရှာပါ ပြီးတော့ အကောင်းဆုံးတွေကို သုံးဖို့ ကြိုးစားပါ”

“ ဓားဒင်္ဂါးအတွက် စိတ်မပူနဲ့"

ချူလျန်က ရှေ့သို့ တိုးသွားကာ ပြောလိုက်၏။

ဝမ်ယွဲ့လုံနှင့် အလွန်ရင်းနှီးနေပြီ ဖြစ်ကာ သူက ဤအရာများကို သိပ်ဂရုမစိုက်တတ်ကြောင်း သိထားသဖြင့် သူ၏ ကြွယ်ဝမှုကို ထုတ်ပြရန်လည်း စိုးရိမ်မနေတော့ပေ။

"အို..."

ဝမ်ယွဲ့လုံက ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။

"ဂိုဏ်းတူအစ်ကိုချူရဲ့ ဒီတစ်ခေါက် အပြင်ထွက်တဲ့ ခရီးစဉ်က ရလိုက်တဲ့အကျိုးအမြတ်တွေ တော်တော်လေး မနည်းဘူး ထင်တယ်"

ချူလျန်က မဟူရာဝေလငါးတောင်ရှိ ထိုအံ့ဖွယ် တောင်ကြားအကြောင်းကို အနည်းငယ် ပြောပြလိုက်သည်။

မည်သို့ပင်ဖြစ်စေ တောင်ကြားအတွင်းရှိ ရင့်မှည့်နေသော စိတ်ဝိညာဉ်အပင်များ အားလုံးကို ခူးယူသွားပြီးဖြစ်ကာ အတိုဆုံးဆိုလျှင်ပင် နောက်ထပ် ဆယ်စုနှစ်များစွာ ကြာမှသာ ရင့်မှည့်လာမည်ဖြစ်ရာ သူက ဤကိစ္စကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။

ထို့အပြင် ဝမ်ယွဲ့လုံကလည်း ဂရုမစိုက်ပေ။ သူက တိကျသော တည်နေရာကို လုံးဝမမေးမြန်းဘဲ ခေတ္တမျှ စဉ်းစားကာ ပြောလိုက်၏။

"ဒါဆိုရင် မဟူရာဝေလငါးတောင်ရဲ့ ဒဏ္ဍာရီက အမှန်ဖြစ်နိုင်တာပေါ့ဗျာ"

"ဒဏ္ဍာရီလား..."

ချူလျန်က မေးလိုက်သည်။

"မင်းပြောတာက မဟူရာဝေလငါး မိစ္ဆာလား"

"ဟုတ်တယ်ဗျ"

ဝမ်ယွဲ့လုံက ပြောလိုက်၏။

"တောင်ကြားတစ်ခုက သဘာဝအရ ဒီလောက်စွမ်းအားကြီးတဲ့ ဝိညာဉ်စွမ်းအင်တွေ မရှိနိုင်ဘူးလေ…”

“ တစ်ပြိုင်နက်တည်းမှာ ဒီလောက်များပြားတဲ့ ကမ္ဘာမြေရတနာတွေကို သန္ဓေတည်ပေးနိုင်တယ်ဆိုတာက အရင်တုန်းက စိတ်ကူးနဲ့တောင် မှန်းဆလို့မရတဲ့ သက်ရှိတစ်ကောင် အဲဒီမှာ မြှုပ်နှံခံထားရမှသာ ဒေသတစ်ဝိုက်ရဲ့ မြေနဲ့ရေကို ပြောင်းလဲပေးနိုင်ပြီး ဝိညာဉ်အပင်တွေကို ပိုမိုများပြားစွာ သန္ဓေတည်ပေးနိုင်မှာပေါ့”

“ စွမ်းအားကြီးပုဂ္ဂိုလ်တွေရဲ့ သင်္ချိုင်းရှေ့က မြက်ပင်တွေကတောင် ကမ္ဘာမြေရတနာတွေချည်းပဲလေ"

"ဒီလိုကိုး"

ချူလျန်က အနည်းငယ် စဉ်းစားကြည့်လိုက်ပြီးနောက် သဘောပေါက်သွားလေသည်။ မည်သို့ပင်ဖြစ်စေ သူကိုယ်တိုင်ပင် သတ္တမအဆင့်ဟု ယူဆရသော အရိုးစုတစ်ခုက ပျားအုပ်တစ်အုပ်ကို အဆင့်တက်သွားစေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။

ထိုဒဏ္ဍာရီထဲမှ မဟူရာဝေလငါး မိစ္ဆာသာ အမှန်တကယ် တည်ရှိနေမည်ဆိုပါက ဤမျှလောက်နှင့် ပြီးသွားမည် မဟုတ်သည်မှာ သေချာပေသည်။

ဘာပဲဖြစ်ဖြစ် အလောင်းကောင်၏ ဝိညာဉ်စွမ်းအင်မှာ နှစ်ပေါင်းမည်မျှ ကြာမြင့်သွားသည်ကိုပင် မသိနိုင်သော်လည်း စိတ်ဝိညာဉ်အပင်များကို ဆက်လက် ပေါက်ဖွားစေနိုင်သေးသည် မဟုတ်ပါလား။

'ဝိညာဉ်စွမ်းအင် တည်မြဲခြင်းနိယာမလိုမျိုး တစ်ခုခု ရှိနေနိုင်မလား…’

‘ ကျင့်ကြံသူတွေက အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ဖြတ်ပြီး ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေကို မိမိခန္ဓာကိုယ်ထဲ စုစည်းထားပေမယ့် သေဆုံးသွားပြီးတဲ့နောက်မှာတော့ ကောင်းကင်နဲ့ မြေကြီးဆီကိုပဲ ပြန်လည်ရောက်ရှိသွားပြီး လေထဲမှာတော့ အလကား ပျောက်ကွယ်သွားမှာ မဟုတ်ဘူးပဲ...'

'ဒီလိုပြောရရင်... အဲဒီနေ့က ငါကိုယ်တိုင် မြေအောက်မှာ မြှုပ်နှံခဲ့တဲ့ အဲဒီစွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ အရိုးစုကရော အချိန်တစ်ခုကြာလာရင် ဝိညာဉ်အပင်တွေ ပေါက်လာနိုင်မလား…’

‘ တော်တော်လေးတော့ ခက်ခဲနိုင်တာပဲ…ဘာပဲဖြစ်ဖြစ် ဝိညာဉ်စွမ်းအင်အပြင် မျိုးစေ့တွေလည်း လိုသေးတာကိုး...'

'နေပါဦး...'

'အကယ်၍ ငါကိုယ်တိုင် မျိုးစေ့တွေကို ချစိုက်လိုက်မယ်ဆိုရင်ကော...'

ထိုသို့ တွေးမိလိုက်ချိန်တွင် ချူလျန်၏ နှလုံးခုန်နှုန်းမှာ အနည်းငယ် မြန်ဆန်သွားတော့သည်။

'သင်္ချိုင်းပေါ်မှာ မြက်စိုက်ရမယ်ပေါ့...'

'ဒါပေမယ့်...'

'ဒီလိုလုပ်တာက သိပ်မကောင်းဘူး မဟုတ်ဘူးလား...'

All Chapters