← Chapters

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း ၁၇၃

Vol. 18 Ch. 173

အခန်း (၁၇၃) - စီနီယာ၊ ကျေးဇူးပြုပြီး ကူညီပေးပါ

"စိတ်ဝိညာဉ်အပင် မျိုးစေ့တွေ ရှိလားဗျ"

ဝမ်ယွဲ့လုံထံမှ ထွက်ခွာလာပြီးနောက် ချူလျန်က အဂ္ဂိရတ်ခန်းမသို့ ချက်ချင်း ပြန်သွားကာ စိတ်ဝိညာဉ်အပင် မျိုးစေ့များနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းလိုက်၏။

ရှုတောင်ပေါ်တွင် ကိုယ်ပိုင်စိုက်ပျိုးထားသော စိတ်ဝိညာဉ်အပင်စိုက်ခင်းများ ရှိပြီး ကမ္ဘာမြေရတနာများ၏ မျိုးစေ့များလည်း ရှိသည်မှာ သဘာဝပင် ဖြစ်ချေသည်။

သို့သော်လည်း ပုံမှန်အားဖြင့် ယင်းတို့ကို လာရောက်ဝယ်ယူသည့် တပည့်များမှာ အလွန်နည်းပါးသောကြောင့် တာဝန်ခံတပည့်မှာ ကြားလိုက်ရချိန်တွင် အနည်းငယ် ကြောင်အမ်းသွားလေသည်။

"ကျွန်တော် ကိုယ်တိုင် ပန်းခြံလေးတစ်ခု လုပ်ထားတာတော့ရှိတယ်ဗျ”

“စိတ်ဝိညာဉ်အပင် မျိုးစေ့တချို့ စိုက်ကြည့်ပြီး အညှောက်ထွက်လာမလား ဆိုတာကို စမ်းသပ်ချင်လို့ပါ"

ချူလျန်က အပြစ်ကင်းစင်ပြီး ရိုးသားပုံပေါက်သော အပြုံးဖြင့် ပြောလိုက်၏။

မျိုးစေ့လာရောက်တောင်းခံရသည့် အကြောင်းရင်းအမှန်မှာ အနည်းငယ် ဖုံးကွယ်ထားရမည့် ကိစ္စဖြစ်သောကြောင့် တိုက်ရိုက်ပြောပြရန် မသင့်တော်ပေ။

ထိုတာဝန်ခံတပည့်က သူ့ကို လမ်းလျှောက်နေသော နေ့ခင်းအိပ်မက်တစ်ခုအား ကြည့်နေသည့်အလား အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

"ဂိုဏ်းတူညီလေး လိုအပ်မယ်ဆိုရင်တော့ ဒီမှာ တချို့တလေ ရှိပါတယ်…ဒါပေမဲ့ ဈေးနှုန်းကတော့ နည်းနည်း ပိုကြီးလိမ့်မယ်"

ဈေးကြီးသည်ဆိုသည်မှာ လုံးဝ အရာမထင်နိုင်သည့် ရလဒ်နှင့် နှိုင်းယှဉ်ကာ ပြောလိုက်ခြင်း ဖြစ်၏။

အမှန်တကယ်တော့ သူက ချူလျန်ကို ထုတ်ပြလိုက်သည့် စိတ်ဝိညာဉ်အပင် မျိုးစေ့အချို့၏ ဈေးနှုန်းမှာ ဓားဒင်္ဂါး တစ်ရာပင် မပြည့်ချေ။

ကျင့်ကြံခြင်းလောကတွင် စိတ်ဝိညာဉ်အပင် မျိုးစေ့များကို အရောင်းအဝယ် ပြုလုပ်သူမှာ အလွန်နည်းပါးလှပေသည်။

အကြောင်းမှာ ဤအရာသည် မျိုးစေ့ရှိရုံမျှဖြင့် စိုက်ပျိုး၍ရသော အရာမဟုတ်သောကြောင့်ပင်။

စိတ်ဝိညာဉ်အပင် တစ်ပင်မှ မျိုးစေ့များစွာ ထွက်ရှိနိုင်သော်လည်း၊ ထိုမျိုးစေ့များ အားလုံးကို ရှင်သန်အောင် ပြုစုပျိုးထောင်ရန်မှာ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီးများပင်လျှင် ထိုမျှလောက် အင်အားမရှိကြချေ။

တစ်ခါတစ်ရံတွင် ဤသို့ အရူးအမူး မျှော်လင့်ချက်ထားသော ရှုတောင်တပည့်အချို့ လာရောက်မေးမြန်းကာ ဝိညာဉ်အပင်များကို ကိုယ်တိုင်စိုက်ပျိုးရန် ကြိုးစားတတ်ကြသော်လည်း၊ နောက်ဆုံးရလဒ်မှာ အမြဲလိုလို စိတ်ပျက်ရခြင်းသာ ဖြစ်လေသည်။

"ဒါက ထိုက်ယန်မြက်ပင်..ဒါကတော့..."

တာဝန်ခံတပည့်က ချူလျန်ကို စတင် မိတ်ဆက်ရှင်းပြလေသည်။

ချူလျန်က လက်တစ်ဖက်ကို မြှောက်လိုက်၏။

"ဂိုဏ်းတူအစ်ကို၊ ကျွန်တော့်ကို ရှင်းပြနေစရာ မလိုပါဘူး…”

“ဘယ်အပင်က စိုက်လို့အောင်မြင်ရင် ဈေးအကြီးဆုံးလဲ ဆိုတာကိုပဲ ပြောပြပေးပါ"

သူက ရိုးရှင်းကြမ်းတမ်းစွာပင် မေးလိုက်လေသည်။

တာဝန်ခံတပည့်က ရယ်မောလိုက်သည်။

"အဲဒါဆိုရင်တော့ သဘာဝကျကျပဲ အင်မော်တယ်မြက်ပင် မျိုးစေ့ပေါ့"

"အင်မော်တယ်မြက်ပင် ဟုတ်လား"

ချူလျန်က မေးလိုက်၏။

"ရှုတောင်ပေါ်မှာ အဲ့အပင်မျိုးစေ့တွေတောင် ရှိနေသေးတာလား"

"သမိုင်းတစ်လျှောက်မှာ ရှုတောင်က စီနီယာတွေ အင်မော်တယ်မြက်ပင်ကို အကြိမ်အနည်းငယ် ယူဆောင်လာနိုင်ခဲ့ဖူးပြီး မျိုးစေ့နှစ်စေ့ ကျန်ရစ်ခဲ့တယ်”

“အဲဒီအထဲက တစ်စေ့ကို အဂ္ဂိရတ်ခန်းမက စီနီယာ အကြီးအကဲတွေ စမ်းသပ်စိုက်ပျိုးခဲ့ပေမဲ့ ဘယ်လိုမှ အသက်ရှင်အောင် မစိုက်ပျိုးနိုင်ခဲ့ဘူး”

“ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိကြဘူး…နောက်ထပ်တစ်စေ့ကတော့ ဒီမှာ ကျန်နေခဲ့တာပဲ"

တာဝန်ခံတပည့်က နို့နှစ်ရောင်ရှိသော ကြီးမားသည့် မျိုးစေ့ကြီးကို လက်ညိုးထိုးပြလိုက်သည်။

"ဒါဆို ကျွန်တော် ဒီတစ်စေ့ကိုပဲ ယူမယ်.. ဘယ်လောက်လဲဗျ"

ချူလျန်က မေးလိုက်၏။

အိပ်မက်တစ်ခုကို စမ်းသပ်ကြည့်မည်ဆိုမှတော့ ကြီးကြီးမားမားတစ်ခုကိုသာ စမ်းသပ်လိုက်သည်က ပိုကောင်းပေသည်။

အကယ်၍ အင်မော်တယ်မြက်ပင် တစ်ပင်သာ စိုက်ပျိုး၍ အောင်မြင်သွားပါက အခြားသော ကမ္ဘာမြေရတနာများထက် မိမိအတွက် တန်ဖိုး များစွာပိုကြီးမားလေသည်။

"မင်း ယူမယ်ဆိုရင်တော့ ဓားဒင်္ဂါး တစ်ရာနဲ့ ယူသွားလိုက်…"

တာဝန်ခံတပည့်က ပြောလိုက်သည်။

"ကောင်းပြီလေ"

ချူလျန်က တက်ကြွစွာဖြင့် ငွေရှင်းလိုက်၏။

"မင်း စိုက်လို့ မထွက်လာရင် ငါတို့ဆီ ပြန်လာပေးလှည့်ပါ….ဓားဒင်္ဂါး နှစ်ဆယ်နဲ့ ပြန်ဝယ်ပေးပါ့မယ်"

တာဝန်ခံတပည့်က ထပ်မံဖြည့်စွက်ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ရှားပါးစိတ်ဝိညာဉ်အပင် မျိုးစေ့ဆိုတော့ သိမ်းဆည်းထားဖို့ တန်ဖိုးတော့ ရှိသေးတာပေါ့"

"..."

ချူလျန်မှာ ခေတ္တမျှ ဆွံ့အသွားလေသည်။

‘ကောင်းရော’

မည်းညစ်ပြီး ရက်စက်ယုတ်မာလိုက်တာ….။

အဂ္ဂိရတ်ခန်းမမှ ထွက်လာပြီးနောက်၊ သူသည် ချက်ချင်းပင် လေကဲ့သို့ အရှိန်အဟုန်ဖြင့် ပြေးလွှားသွားကာ ထိုရွှေရောင်အရိုးစုကို မြှုပ်နှံခဲ့ဖူးသော တောင်ဂူထဲသို့ ရောက်ရှိသွား၏။

ပတ်ဝန်းကျင်တွင် မည်သည့်ပြောင်းလဲမှုမျှ မရှိသည်ကို တွေ့ရသဖြင့် မည်သူမျှ ရောက်လာခဲ့ခြင်း မရှိကြောင်း သေချာသွားမှသာ သူ စိတ်အေးသွားတော့သည်။

"စီနီယာ၊ ရိုင်းစိုင်းမိတဲ့အတွက် ခွင့်လွှတ်ပါ"

သူသည် ယခင်က အရိုးစုကို မြှုပ်နှံခဲ့သော နေရာသို့ သွားရောက်ကာ အရိုအသေပေးလိုက်သည်။ထို့နောက်မှ တူးဆွကြည့်လိုက်ရာ ထိုရွှေရောင်အရိုးစုမှာ အတွင်း၌ ရှိနေဆဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထို့နောက် အင်မော်တယ်မြက်ပင် မျိုးစေ့ကို အရိုးစု၏ ရင်ဘတ်နေရာတွင် သေချာစွာ မြှုပ်နှံလိုက်ပြီး မြေကြီးပြန်ဖုံးလိုက်သည်။

ရေအနည်းငယ် လောင်းပေးလိုက်ပြီး၊ သစ်ပင်ပန်းပင်တို့အတွက်လိုအပ်သော စိတ်ဝိညာဉ်ဓာတ်အချို့ကိုလည်း ဖြန်းပက်ပေးလိုက်၏။

အချုပ်အားဖြင့်ဆိုရလျှင် မိမိ စဉ်းစားနိုင်သမျှ အရာအားလုံးကို အပြည့်အဝ ပေးစွမ်းလိုက်ခြင်းပင် ဖြစ်သည်။

အားလုံး ပြီးစီးသွားပြီးနောက်၊ သူက ပြန်လည်မတ်တတ်ရပ်လိုက်သည်။

"စီနီယာ၊ ကျွန်တော့်ကို အင်မော်တယ်မြက်ပင် တစ်ပင်လောက် ပေးနိုင်မယ်ဆိုရင် နောက်နောင် နှစ်တိုင်းနှစ်တိုင်း ပူဇော်ပသမှုတွေ ပြုလုပ်ပြီး အမွှေးတိုင်တွေ ထွန်းညှိပေးပါ့မယ်”

“စီနီယာ့ဆီက မြက်ပင်ကို အလကားတော့ မခံယူဝံ့ပါဘူး"

"စီနီယာ၊ ကျေးဇူးပြုပြီး ကူညီပါ"

...

နောက်တစ်နေ့တွင် ချူလျန်သည် ဓားလဲလှယ်ရေး မဏ္ဍပ်ထံမှ ပျံသန်းလာသော စာတစ်စောင်ကို လက်ခံရရှိလေသည်။

ထိုစာထဲတွင် အင်မော်တယ်စိမ့်မြေသို့ သွားရောက်မည့် အဖွဲ့ကို ဖွဲ့စည်းပြီးစီးကြောင်းနှင့် အသင့်ဖြစ်ပါက ထွက်ခွာနိုင်ကြောင်း အကြောင်းပြန်ရန် အကြောင်းကြားထား၏။

မည်သို့ပင်ဖြစ်စေ အချိန်ဆွဲနေလျှင်လည်း သစ်ရွက်စိမ်း မှော်ဝင်ပစ္စည်း ပြုပြင်ပြီးစီးသည်အထိ ဆွဲထား၍ မရနိုင်သောကြောင့်၊ ချူလျန်က ချက်ချင်းပင် အကြောင်းပြန်လိုက်သည်။

မကြာမီမှာပင် စာပြန်လည်ရောက်ရှိလာပြီး၊ သူ့ကို ဓားလဲလှယ်ရေး မဏ္ဍပ်သို့ ချက်ချင်းလာရောက် စုဝေးရန် အကြောင်းကြားလာလေသည်။

အတော်လေး မြန်ဆန်လှပေသည်။

ချူလျန်အတွက် ပြင်ဆင်စရာ သိပ်မရှိသောကြောင့် သူတစ်ယောက်တည်း ပေါ့ပေါ့ပါးပါးဖြင့်ပင် ထွက်သွားလိုက်တော့၏။

အင်မော်တယ်စိမ့်မြေသို့ သွားရောက်ခြင်းကဲ့သို့သော ကိစ္စမျိုးကို ရှုတောင်တပည့်တိုင်း ရွှေအမြုတေအဆင့်သို့ တက်လှမ်းချိန်တွင် ပြုလုပ်လေ့ရှိကြသည်။

သို့သော်လည်း နှစ်ပေါင်းထောင်နှင့်ချီသော ကာလတစ်လျှောက် အင်မော်တယ်မြက်ပင်ကို အမှန်တကယ် ရှာတွေ့နိုင်သူမှာ မည်မျှများ ရှိခဲ့ပါသနည်း။

လူတိုင်းက ဤအရာကို ကံစမ်းသည့် လှုပ်ရှားမှုတစ်ခုအဖြစ်သာ သဘောထားကြပြီး၊ ကြီးမားသော မျှော်လင့်ချက်ကိုလည်း မထားရှိကြပေ။

ဝမ်းနည်းစရာကောင်းသည်မှာ အင်မော်တယ်စိမ့်မြေတွင် အန္တရာယ်များ ရှိသောကြောင့် ရွှေငါးကြင်းလေးကို ခေါ်သွား၍ မရခြင်းပင်။ ထိုသို့မဟုတ်ပါက အင်မော်တယ်မြက်ပင်နှင့် ကြုံတွေ့ရနိုင်ခြေမှာ အနည်းငယ် ပိုများလာနိုင်ချေသည်။

ဓားလဲလှယ်ရေး မဏ္ဍပ်သို့ ရောက်ရှိသွားချိန်တွင်၊ သပ်ရပ်သော ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အေးစက်စက် အမူအရာရှိနေသည့် ရွှီဇီယန်က ထိုနေရာတွင် စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

သူ၏ တစ်ကိုယ်လုံးမှာ ဖြောင့်မတ်စွာ ရပ်နေပြီး အရှိန်အဝါ ကြီးမားလှသောကြောင့် ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာ တပည့်များမှာ အကြည့်မလွှဲနိုင်အောင် ဖြစ်နေကြသည်။

အချို့လူများမှာ ဤသို့ပင် ဖြစ်သည်။ အမှောင်ထုထဲတွင် ရှိနေလျှင်ပင် ပိုးစုန်းကြူးလေးတစ်ကောင်ကဲ့သို့ တောက်ပနေတတ်ကြ၏။

ကျန်းယွဲ့ပိုင်လည်း ထိုသို့ဖြစ်ပြီး၊ ရွှီဇီယန်လည်း ထိုနည်းတူပင် ဖြစ်သည်။ ချူလျန်သည် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူကိုယ်တိုင်လည်း ဤကဲ့သို့သော ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသည့် ပါရမီရှင်တစ်ဦးအဖြစ် ကြီးထွားလာနိုင်ရန် မျှော်လင့်မိလေသည်။

"ဂိုဏ်းတူအစ်ကိုရွှီ"

ချူလျန်က ခေါင်းညိတ်ကာ နှုတ်ဆက်လိုက်သည်။

"အင်း"

ရွှီဇီယန်က ခေါင်းကို ဖွဖွလေး ညိတ်ပြလိုက်၏။

'အတော်လေးကို အေးတိအေးစက်နိုင်တာပဲ'

ချူလျန်က စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ ယောက်ဖတော်စပ်ရန် သူ၏ လျှောက်ထားမှုကို မိမိက ငြင်းပယ်ခဲ့သောကြောင့်များလား ဆိုသည်ကိုတော့ မသိပေ။

ချူလျန်တစ်ယောက် သူ့ကို မည်သို့ စကားစမြည်ပြောရမည်ကို မသိဖြစ်နေစဉ်မှာပင်၊ ထိုဘက်မှ ဝမ်းသာအားရ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဂိုဏ်းတူအစ်ကိုရွှီ"

အရပ်မြင့်မြင့်၊ ရိုးရှင်းသော အဝတ်အစားကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးက ကွင်းပြင်ပေါ်မှ အပြေးကလေး လာနေသည်ကို မြင်လိုက်ရ၏။ သူမက ဇာပန်းနားကွပ်ထားသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး၊ ဆန်ကွဲရောင် ဘောင်းဘီရှည်ကို ထပ်ဝတ်ထားသည်။

ခေါင်းပေါ်တွင် ဆံပင်ကို မြင့်မြင့် စည်းနှောင်ထားပြီး၊ နဖူးရှေ့တွင် ဆံပင်အနည်းငယ်က လွင့်မျောနေ၏။ ငွေရောင်လင်ပန်းကဲ့သို့ ဝိုင်းစက်သော မျက်နှာ၊ နူးညံ့သိမ်မွေ့သော မျက်ခုံးနှင့် မျက်လုံးများရှိပြီး၊ လှုပ်ရှားနေသော မျက်ဝန်းအကြည့်များကြားတွင် သဘာဝအလျောက် ဆွဲဆောင်မှုတစ်ခု ပါဝင်နေလေသည်။

"အင်း"

ရွှီဇီယန်က ခေါင်းကို ဖွဖွလေး ညိတ်ပြလိုက်သည်။

လှပသော မိန်းကလေးအပေါ်တွင်ပင် ဤမျှ အေးစက်နေသည်ကို မြင်လိုက်ရသောအခါ၊ ချူလျန်၏ စိတ်ထဲတွင် မျှတသွားတော့သည်။

ဤလူက မည်သူ့ပေါ်မဆို ဒီလောက်ထိ မာနကြီးပြီး အေးစက်စက်နိုင်တာ ဖြစ်ပေမည်။

"မင်္ဂလာပါ ဂိုဏ်းတူအစ်မ"

ချူလျန်က သူမသည်လည်း အတူခရီးသွားမည့်သူ ဖြစ်ကြောင်း မြင်လိုက်သဖြင့်၊ ချက်ချင်းပင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ကျွန်တော်က ချူလျန်ပါ…. ငွေဓားတောင်ထွတ်ကပါ"

ထိုမိန်းကလေးမှာ သူ့ထက် အသက်ပိုကြီးပုံရရုံသာမက၊ ရွှီဇီယန်ထက်ပင် အနည်းငယ် ပိုကြီးကောင်း ကြီးနိုင်ပေသည်။ ထို့ကြောင့် ဂိုဏ်းတူအစ်မ ဟု ခေါ်လိုက်ခြင်းမှာ လုံးဝ မမှားနိုင်ချေ။

"ဟားဟား... ဂိုဏ်းတူမောင်လေးချူ"

မိန်းကလေးက နူးညံ့စွာ ပြုံးလိုက်သည်။

"မင်းကို ငါသိတယ်…ဟိုတစ်နေ့က ကျန်းကျန်းရဲ့ တရားဟောပွဲမှာ မင်း အရမ်းကို တောက်ပခဲ့တာပဲ”

“ရှုတောင်ရဲ့ တတိယအဆင့်နယ်ပယ်မှာ မင်းထက် ပိုတော်တဲ့သူ မရှိလောက်တော့ဘူး"

"ဒီလို အချီးကျူးခံရဖို့ မထိုက်တန်ပါဘူးဗျာ"

ချူလျန်က အမြန်ပင် နှိမ့်ချကာ ပြောလိုက်၏။

"ငါ့နာမည်က ချန်စုပါ…လင်းရှီးတောင်ထွတ်ကပါ"

မိန်းကလေးက ထပ်ပြောသည်။

"တစ်ချိန်တည်းမှာပဲ ငါက အဂ္ဂိရတ်ခန်းမက ဆေးဖော်စပ်တဲ့ တပည့်တစ်ယောက်လည်း ဖြစ်တယ်”

“ နောက်ပိုင်းကျရင် မင်းတို့ ပါဝင်ပစ္စည်းတွေ အဆင်သင့်ဖြစ်ပြီဆိုရင် ငါက မင်းတို့အတွက် ပြင်ပအမြုတေကို အခမဲ့ ဖော်စပ်ပေးလို့ရတယ်"

"အဲဒါဆိုရင် ဂိုဏ်းတူအစ်မချန်ကို အရမ်းကျေးဇူးတင်တာပေါ့"

ချူလျန်က ပြုံးကာ ပြောလိုက်သည်။

ရွှေအမြုတေဖွဲ့တည်ခြင်း ကိစ္စဆိုသည်မှာ ပြင်ပအမြုတေကို အတွင်းအမြုတေအဖြစ် ပြောင်းလဲရခြင်းဖြစ်ပြီး၊ တိကျသော လုပ်ငန်းစဉ်မှာ အတော်လေး ရှုပ်ထွေးလှပေသည်။ အချုပ်အားဖြင့်ဆိုရလျှင် ပထမအဆင့်၏ အစမှာ ကြိုတင်ပြင်ဆင်ထားသော ပါဝင်ပစ္စည်းများကို ပြင်ပအမြုတေတစ်ခုအဖြစ် ဖော်စပ်ရခြင်းပင် ဖြစ်သည်။

ပြင်ပအမြုတေ ဖော်စပ်ခြင်းမှာ မခက်ခဲလှသော်လည်း၊ ဆေးဖော်စပ်ခြင်း လမ်းစဉ်ကို လုံးဝ နားမလည်ပါက အဆင်မပြေနိုင်သည်မှာ သေချာပေသည်။ လူအများစုက အဂ္ဂိရတ်ခန်းမကို ကိုယ်စားဖော်စပ်ပေးရန် အကူအညီ တောင်းလေ့ရှိကြ၏။

ဤဘက်တွင် စကားစမြည် ပြောဆိုနေစဉ်မှာပင်၊ အနောက်ဘက်မှ အသံတစ်သံကို ထပ်မံ ကြားလိုက်ရသည်။

"ဂိုဏ်းတူအစ်ကိုရွှီ"

လူအားလုံးက လှည့်ကြည့်လိုက်သောအခါ၊ ခန္ဓာကိုယ် ပိန်ပိန်ပါးပါး၊ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများရှိသည့် ပညာတတ်ဝတ်စုံနှင့် အမျိုးသားတစ်ဦးက ခပ်သုတ်သုတ် လျှောက်လာနေသည်ကို မြင်လိုက်ရ၏။

သူက လျှောက်လာရင်းဖြင့် နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုရွှီ၊ တောင်းပန်ပါတယ်… ကျွန်တော် လာတာ နောက်ကျသွားတယ်”

“ ဒီက ဂိုဏ်းတူအစ်မ... တောင်းပန်ပါတယ်.. ဒီက..."

ချူလျန်ကို မြင်လိုက်ရချိန်တွင် သူက ကြောင်အမ်းသွားလေသည်။

ချူလျန်လည်း သူ့ကို ကြည့်ရသည်မှာ အတော်လေး ရင်းနှီးနေသလို ခံစားရ၏။

ဤလူမှာ ယခင်က တွေ့ဖူးခဲ့သည့် တိမ်တိုက်စက်ဝန်းတောင်ထွတ် သခင် ရှန်ရှုးဝမ်၏ သားဖြစ်သော ရှန်ဇီလျန် ဖြစ်ပုံရပြီး၊ အရင်က တစ်ကြိမ် တွေ့ဆုံဖူးခဲ့သည်။

သို့သော်လည်း တောင်ထွတ်သခင်ရှန်နှင့် ရှိခဲ့သော "ဆက်ဆံရေး" ကို စဉ်းစားကြည့်ပါက အမှန်တကယ်ပင် အနည်းငယ် အနေရခက်စရာ ကောင်းနေလေသည်။

သေချာ စဉ်းစားကြည့်မည်ဆိုပါက၊ အဖွဲ့ထဲတွင် သူမှလွဲ၍ သူ၏ဆရာသခင်နှင့် ရန်ငြိုးရှိသူများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ရှန်ဇီလျန်၏ စိတ်ထဲတွင် ချူလျန်အပေါ် မှတ်မိနေမှုမှာ ချူလျန်က သူ့ကို မှတ်မိနေခြင်းထက် များစွာ ပိုမိုနက်ရှိုင်းလှပေသည်။

ယခင်က ချူလျန်ကို တိတ်တဆိတ် အကွက်ဆင်ခဲ့သော်လည်း၊ ရလဒ်မှာ အကြိမ်တိုင်း၌ ချူလျန်သာ အကျိုးအမြတ် ရရှိသွားခဲ့ပြီး၊ သူကိုယ်တိုင်မှာမူ ပြင်းထန်သော ထိုးနှက်ချက်များကိုသာ ခံစားခဲ့ရလေသည်။

ပြီးခဲ့သည့်အကြိမ်က တိနွီဖုန့်၏ ခြိမ်းခြောက်ငွေညှစ်ခြင်းကို ခံရပြီးနောက်၊ ရှန်ရှုးဝမ်က ကိစ္စရပ်များကို အလျင်အမြန် စုံစမ်းစစ်ဆေးခဲ့ရာ မိမိ၏ သားကိုယ်တိုင်က နောက်ကွယ်မှ ဒုက္ခပေးနေခြင်းဖြစ်ကြောင်း သိရှိသွားခဲ့သည်။

ဒေါသထွက်သွားသည့်အဆုံး ရှန်ဇီလျန်ကို တိုက်ရိုက်ပင် အကျဉ်းချထားလိုက်တော့၏။

ယခုအကြိမ် အင်မော်တယ်မြက်ပင် ရှာဖွေရန် အပြင်ထွက်ရမည် ဖြစ်သောကြောင့်သာ သူ့ကို လွှတ်ပေးလိုက်ခြင်း ဖြစ်သော်လည်း၊ မျှော်လင့်မထားစွာဖြင့် ချူလျန်နှင့် တစ်ဖွဲ့တည်း ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အကျဉ်းချခံထားရသည့်အတွက်၊ သူသည် တရားဟောပွဲသို့ သဘာဝကျကျပင် မမီလိုက်သလို ချူလျန်၏ စွမ်းဆောင်ရည်ကိုလည်း မသိခဲ့ချေ။

သူသိထားသည်မှာ ချူလျန်ကို ပထမဆုံးအကြိမ် တွေ့ခဲ့ချိန်က ချူလျန်မှာ စိတ်ဝိညာဉ်အသိအမြင်အဆင့် အစောပိုင်း ကျင့်ကြံခြင်းသာ ရှိသေးကြောင်းပင်။

'အချိန် ဘယ်လောက်ကြာသွားလို့လဲ'

'သူက ရွှေအမြုတေတောင် ဖွဲ့တည်နိုင်နေပြီလား'

'တစ်နေရာရာများ လွဲမှားနေတာလား..'

'မဟုတ်မှလွဲရော... ငါ အချိန်တွေ မှတ်မိတာ မှားနေတာများလား.. ဂူထဲမှာ တစ်ရက်နေလိုက်တာ၊ အပြင်ကမ္ဘာမှာ နှစ်တစ်ထောင် ကြာသွားတာများလား..'

ရှန်ဇီလျန်မှာ ကြောင်အမ်းသွားလေတော့သည်။

ဘေးဘက်ရှိ ရွှီဇီယန်မှာမူ သူ၏ နှုတ်ဆက်မှုကို လုံးဝ ဂရုမစိုက်ဘဲ၊ ကျောခိုင်းလှည့်လိုက်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

"သွားကြမယ်"

"အင်း" ဆိုသည့် အသံလေးပင် မထွက်ခဲ့ချေ။

ရွှီဇီယန်က ကွင်းပြင်အစွန်းသို့ လျှောက်သွားကာ လေချွန်လိုက်သည်။

ထိုအခါ တစ်ကိုယ်လုံး တောက်ပနေသော ဧရာမ ရွှေလင်းယုန်ကြီးတစ်ကောင်က စူးရှသော အော်မြည်သံနှင့်အတူ ထိုးဆင်းလာပြီး၊ ပြင်းထန်သော လေပြင်းများနှင့်အတူ သူတို့၏ အရှေ့တွင် ရုတ်တရက် ရပ်တန့်သွား၏။

ဝှီး...

တိုက်ခတ်လာသော လေပြင်းများကြောင့် လူများကိုပင် မတ်တတ်ရပ်၍မရနိုင်အောင် ဖြစ်စေသည်။

ပဉ္စမအဆင့် ဝိညာဉ်သားရဲ၊ ရွှေတောင်ပံ လင်းယုန်။

ရွှီဇီယန်၏ စီးတော်ယာဥ် ဖြစ်ပြီး၊ ဒဏ္ဍာရီများအရ သတ္တမအဆင့်သို့ ရောက်ရှိပါက ရွှေတောင်ပံ ပန်လင်းယုန်ကြီးအဖြစ် ဆင့်ကဲပြောင်းလဲနိုင်သည့် သတ္တဝါပင် ဖြစ်သည်။

သူက ရွှေလင်းယုန်ပေါ်သို့ ဦးစွာ တက်သွားပြီးနောက် ကျန်သုံးယောက်ကလည်း အနောက်မှ လိုက်တက်သွားကြသည်။

ထို့နောက် 'ရွှစ်' ခနဲ အသံနှင့်အတူ လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ပျံတက်သွားရာ၊ လူအားလုံးမှာ မနေနိုင်ဘဲ လင်းယုန်ကြီး၏ အမွေးအတောင်များကို အမြန်ဆွဲကိုင်ထားလိုက်ရသည်။

'အရမ်းမြန်တာပဲ'

အချိန်အတန်ကြာမှသာ ဤအလွန်မြန်ဆန်သော အမြန်နှုန်းနှင့် အသားကျသွားတော့သည်။

သူတို့ တဖြည်းဖြည်း တည်ငြိမ်သွားသည်ကို မြင်သောအခါ၊ ရွှီဇီယန်က လှည့်ကြည့်လိုက်ပြီး စတင်ပြောဆိုလာသည်။

"ငါတို့ ဒီတစ်ကြိမ် သွားရမယ့်နေရာက အင်မော်တယ်စိမ့်မြေပဲ..အင်မော်တယ်မြက်ပင်ကို ရှာဖွေရမှာပေါ့။ အင်မော်တယ်မြက်ပင် ရှာဖွေတာနဲ့ ပတ်သက်ပြီး အကြီးမားဆုံး အချက်တစ်ချက်ကို မင်းတို့လည်း သိထားကြမယ်လို့ ငါယုံကြည်တယ်။”

“အဲဒါကတော့... ဘာမျှော်လင့်ချက်မှ မထားကြနဲ့… မဟုတ်ရင် သေချာပေါက် စိတ်ပျက်ရလိမ့်မယ်။ မင်းတို့အနေနဲ့ ဒါကို အတွေ့အကြုံယူတဲ့ ခရီးစဉ်တစ်ခုအနေနဲ့ပဲ သဘောထားလိုက်ပါ။ ဒါမှ စိတ်ထဲမှာ ခံစားချက် ကွာဟမှု ရှိမှာ မဟုတ်ဘူး။"

"ဒဏ္ဍာရီတွေထဲမှာတော့ အင်မော်တယ်စိမ့်မြေဆိုတာ ကောင်းကင်ဘုံက အင်မော်တယ်တွေနဲ့ လူ့လောကက မိစ္ဆာနတ်ဘုရားတွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ကျဆင်းလာတဲ့ သွေးတွေကနေ ကြီးမားတဲ့ စိမ့်မြေကြီး အဖြစ် ပြောင်းလဲသွားတာလို့ ဆိုကြတယ်…”

“ပြီးတော့ အင်မော်တယ်တွေ ဒီနေရာမှာ ကျဆုံးသွားတဲ့ အခါမှသာ အင်မော်တယ်မြက်ပင်က ပေါ်ထွက်လာတာတဲ့"

"ဒီစကားက သဘာဝကျကျကို နည်းနည်းတော့ ချဲ့ကားထားတာပါ.. ဒါပေမဲ့ ဘယ်လောက်တောင် မျှော်လင့်ချက် နည်းပါးလဲဆိုတာကိုတော့ မြင်နိုင်ပါတယ်”

“နှစ်တစ်ရာမှာ တစ်ကြိမ် ကြုံရခဲတယ်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး..ပြီးတော့ ငါတို့ အင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းတည်းက ထိပ်တန်းအဆင့် ရွှေအမြုတေတွေအတွက် အင်မော်တယ်မြက်ပင်ကို ပါဝင်ပစ္စည်းအဖြစ် လိုအပ်တာ မဟုတ်ဘူး”

“အင်မော်တယ်မြက်ပင် ပေါ်ထွက်လာတာနဲ့ ကြုံတွေ့ခဲ့ရင်တောင် တခြားအင်မော်တယ်ဂိုဏ်းတွေက တပည့်တွေနဲ့ ယှဉ်ပြိုင်ရဦးမှာပဲ.."

အလေးအနက်ထားရမည့် ကိစ္စများကို ပြောဆိုချိန်တွင် သူ၏ စကားများမှာ အနည်းငယ် ပိုများလာလေသည်။

"ဒါပေါ့လေ..အရေးကြီးဆုံး အချက်ကတော့ ကိုယ့်ကိုယ်ကိုယ် သေချာ ကာကွယ်ဖို့ပဲ..."

သူက နောက်ဆုံးတွင် အထူးပြု၍ လေးနက်စွာ ပြောလိုက်သည်။

"ငါ့အနားမှာပဲ အမြဲတမ်း နေကြ..အရမ်းဝေးတဲ့နေရာကို ထွက်မသွားကြနဲ့.."

"အင်မော်တယ်စိမ့်မြေထဲမှာ ကံတရားရဲ့ ဖန်တီးမှုတွေ ရှိရုံတင်မကဘူး..နောက်ထပ် ရှိသေးတာက..."

"မိုးခေါင်မိစ္ဆာဖုတ်ကောင်တွေပဲ…"

All Chapters