အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း (၁၇၄) - သေချာပေါက် ကောင်းကောင်းစွမ်းဆောင် ပြရမယ်
"မင်း အောင်မြင်ခဲ့ပြီလား"
"ဟုတ်ကဲ့"
"အဲဒီ ချူလျန် သေချာပေါက် သေသွားပြီဆိုတာ သေချာရဲ့လား"
"သေချာတာပေါ့"
"ဒါဆိုရင် ဒီနေ့မနက် ကောင်းကင်တက်လှမ်းတောင်ထွတ်မှာ သူ ဘာလို့ ပေါ်လာသေးတာလဲ"
မှောင်မိုက်နေဆဲဖြစ်သော အခန်းငယ်လေးထဲတွင် အရိပ်မည်းက စားပွဲခုံရှေ့၌ မတ်မတ်ထိုင်နေပြီး ကျောတွင် ဓားနှစ်လက်လွယ်ထားသော မျက်နှာဖုံးစွပ်လူကမူ အခန်းအောက်ဘက်တွင် ရပ်နေ၏။
အရိပ်မည်း၏ စစ်ဆေးမေးမြန်းမှုကြောင့် ဓားနှစ်လက်သမားမှာ မှင်တက်သွားလေသည်။
"ဘာပြောလိုက်တယ်"
"ချူလျန်ဆိုတဲ့ ရှုတောင်ဂိုဏ်းသားက ရှုတောင်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရုံတင်မကဘဲ ရွှေအမြုတေအဆင့်အတွက် လိုအပ်တဲ့ ပစ္စည်းတွေကိုပါ အမွေးတစ်မျှင်တောင် မထိခိုက်ဘဲ ယူလာခဲ့သေးတယ်"
အရိပ်မည်း၏ စကားသံတွင် ဒေါသတရားများ ကိန်းအောင်းနေ၏။
"မင်း တကယ် သတ်ခဲ့တာက ဘယ်သူလဲ"
သူသည် အဖွဲ့အစည်းထဲတွင် ကြီးကြပ်ရေးမှူးနှင့်တူသော တာဝန်ကို ယူထားပြီး ဤလူများအားလုံးကို သူကသာ ဆက်သွယ်ရခြင်း ဖြစ်လေသည်။ မူလက ဓားနှစ်လက်သမားမှ ချူလျန်အား သတ်ပြီးပြီပြောသဖြင့် သူက အမှန်ဟုယုံကြည်ကာ သတင်းပို့ခဲ့၏။
သို့သော်လည်း ယနေ့မနက်တွင် ရှုတောင်ဂိုဏ်းအတွင်းရှိ သူလျှိုက ရုတ်တရက် ရောက်လာပြီး ချူလျန်မှာ ကောင်းကင်တက်လှမ်းတောင်ထွတ်တွင် အကောင်းပကတိအတိုင်း ထပ်မံပေါ်လာကြောင်း လာပြောလေသည်။
ခြေလက်အင်္ဂါများ ကောင်းမွန်နေပြီး မျက်နှာသွင်ပြင်ကလည်း ပုံမှန်သာဖြစ်ကာ ခန္ဓာကိုယ်ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာပါ အကောင်းပကတိ ရှိနေချေသည်။
အသတ်ခံရဖို့ နေနေသာသာ ထိခိုက်ဒဏ်ရာရထားသည့် လက္ခဏာ တစ်စက်လေးမျှပင် မတွေ့ရပေ။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ဓားနှစ်လက်သမား၏ အသံတွင် သံသယများ ပါဝင်နေ၏။
"ကျုပ်က အမှောင်ဓား အရိပ်ခုတ်ထစ်ခြင်း ကျင့်စဉ်ကိုသုံးပြီး သူ့ကို တစ်ချက်တည်းနဲ့ နှစ်ပိုင်းပိုင်းပစ်ခဲ့တာ… သူ လုံးဝပြန်တောင် မခုခံနိုင်ဘဲ သေသွားခဲ့တာ…”
“ ဒါက အတုအယောင် လုံးဝမဖြစ်နိုင်ဘူး"
"မင်း အလောင်းကို သေချာစစ်ဆေးခဲ့ရဲ့လား"
အရိပ်မည်းက ထပ်မံမေးမြန်းလိုက်သည်။
"ကျုပ်..."
ဓားနှစ်လက်သမားမှာ စကားဆွံ့အသွားပြီးနောက် ပြန်ပြောလိုက်၏။
"အဲဒီအချိန်က ရွှေမွေးဟူ အမြန်ရောက်လာလို့ ကျုပ်မှာ သေချာစစ်ဆေးဖို့ အချိန်မရလိုက်ဘူး”
“ ဒါပေမဲ့ တတိယအဆင့် ကျင့်ကြံသူတစ်ယောက်က ခါးကနေ နှစ်ပိုင်းပိုင်းခံရပြီးတာကို ဘယ်လိုလုပ် ပြန်ရှင်လာနိုင်မှာလဲ... ကျုပ် သတ်ခဲ့တာက သူမဟုတ်ရင်တော့တစ်မျိုးပေါ့"
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုတော့ သူ အသက်ရှင်နေသေးတယ်"
အရိပ်မည်းက ပြောလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စကို အရင်ကတည်းက ခေါင်းဆောင်ဆီ သတင်းပို့ထားပြီးပြီ”
“ တကယ်လို့ ဒီ ချူလျန်ဆီက နောက်ထပ် သတင်းတစ်ခုခု ထွက်လာရင် ခေါင်းဆောင်က ငါတို့ လိမ်ပြီး သတင်းပို့တယ်လို့ မထင်သွားနိုင်ဘူးလား…သူ့ရဲ့ လုပ်ထုံးလုပ်နည်းကို မင်းလည်း သိတာပဲ"
ဓားနှစ်လက်သမား၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ပေါ်ထွက်လာပြီး ချက်ချင်းပင် ပြောလိုက်၏။
"သူ့ကို နောက်တစ်ခါ ထပ်သွားသတ်လိုက်ပါ့မယ်"
"ငါဆိုလိုတာကလည်း အဲဒါပဲ"
အရိပ်မည်းက ကြက်သီးမွေးညင်းထစရာ ကောင်းသောအသံဖြင့် ပြောလိုက်သည်။
"ခေါင်းဆောင်က အနောက်ဘက်ဒေသကို ကိစ္စသွားရှင်းနေတယ်…သူ မပြန်လာခင် မင်း အဲဒါကို ဖြေရှင်းထားနိုင်တာ အကောင်းဆုံးပဲ”
“မဟုတ်ရင်တော့ အလုပ်ကို သေချာမလုပ်နိုင်တဲ့ အပြစ်ကို မင်းကိုယ်စား ငါကတော့ လုံးဝခံပေးမှာ မဟုတ်ဘူး"
"အင်း.."
ဓားနှစ်လက်သမားက တစ်ခွန်းတည်းသာ ပြန်ဖြေလိုက်၏။
အရိပ်မည်းက စားပွဲခုံရှေ့မှ စုတ်တံတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး မှင်တို့ကာ စက္ကူဖြူပေါ်တွင် ငှက်တစ်ကောင်၏ ပုံကို ဆွဲလိုက်လေသည်။
ထို့နောက် လက်ချောင်းများဖြင့် မန္တန်ပုံစံဖော်ကာ အနည်းငယ် ထိလိုက်၏။
ထိုစက္ကူမှာ ရုတ်တရက် မီးလောင်ကျွမ်းသွားပြီး မီးတောက်များ လောင်ကျွမ်းသွားချိန်တွင် ပြာအနည်းငယ်မျှပင် ကျန်ရစ်မနေပေ။
အသက်ဝင်နေသော ကျီးကန်းနက် တစ်ကောင်သာ ပေါ်လာပြီး လေထဲတွင် ဝဲပျံကာ ဓားနှစ်လက်သမား၏ ပခုံးပေါ်သို့ ဆင်းသက်လာလေသည်။
"သူ အခု အင်မော်တယ်တက်လှမ်းမြက်ပင် ရှာဖို့ အင်မော်တယ်စိမ့်မြေဆီကို သွားနေလောက်ပြီ”
“ တိကျတဲ့ တည်နေရာကိုတော့ ကျီးကန်းမန္တန်နောက်သာ လိုက်သွားလိုက်တော့"
အရိပ်မည်းက ပြောလိုက်၏။
ဤကျီးကန်းတွင် မိုင်ပေါင်းထောင်ချီ ကွာဝေးသော နေရာမှ လူတစ်ယောက်ကို ရှာဖွေနိုင်လောက်သည်အထိ စွမ်းရည်မရှိပေ။ သူ၏ နှုတ်ကိုယ်စားအဖြစ်သာ အသုံးပြုခြင်း ဖြစ်လေသည်။
သူက ကောင်းကင်အမြင်နှင့် မြေကမ္ဘာအကြား မန္တန်ကို အသုံးပြုကာ ပစ်မှတ်၏ တည်နေရာကို စောင့်ကြည့်မည်ဖြစ်ပြီး ကျီးကန်းမန္တန်မှတစ်ဆင့် လှုပ်ရှားသူထံသို့ သတင်းပေးပို့မည် ဖြစ်သည်။
"အင်မော်တယ်စိမ့်မြေ..."
ဓားနှစ်လက်သမားက ရေရွတ်လိုက်ပြီး သူ၏ ဩရှရှအသံတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေ၏။
"ဒီတစ်ကြိမ် သူ့ကို မသတ်နိုင်ရင် ကျုပ်ခေါင်းကို ဖြတ်ပြီး ပြန်လာခဲ့မယ်"
...
"အရမ်းကြီးမားတာပဲ"
ဝိညာဉ်အသိအမြင် အဆင့် တပည့်သုံးယောက်မှာ အင်မော်တယ်စိမ့်မြေအထက်သို့ ပျံသန်းရောက်ရှိလာချိန်တွင် သူတို့၏ စိတ်ထဲ၌ ထိုသို့သော အာမေဋိတ်များ အသီးသီး ထွက်ပေါ်သွားကြလေသည်။
ဒဏ္ဍာရီများအရ ရှေးခေတ်အခါက အင်မော်တယ်စိမ့်မြေမှာ ကျွန်းများစွာရှိသည့် အဆုံးအစမရှိ ကျယ်ပြောလှသော စိမ့်မြေတစ်ခုဖြစ်ပြီး ကမ္ဘာမြေ၏ အကြီးမားဆုံး ရေကန်ကြီး ဖြစ်ခဲ့ဖူးပေသည်။
နောင်တွင် ရေမြေတောတောင်တို့၏ အပြောင်းအလဲများကြားတွင် ရေမျက်နှာပြင်မှာ တဖြည်းဖြည်း နိမ့်ကျသွားခဲ့ပြီး ရေကန်ထဲရှိ နေရာများစွာမှ ကုန်းမြေများ ပေါ်ထွက်လာကာ ထိုကျွန်းများမှာ တောင်တန်းများ ဖြစ်လာကြသည်။
ယခု မြင်တွေ့နေရသည်မှာ ကြီးငယ်အကုန် ဆက်စပ်နေသော ရေကန်ရာပေါင်းများစွာဖြစ်ပြီး မိုင်ရာနှင့်ချီသော နယ်မြေကို ဖြန့်ကြက်ဖုံးလွှမ်းထားလေသည်။
အင်မော်တယ်တက်လှမ်းမြက်ပင်သာ ပေါ်လာမည်ဆိုလျှင် ထိုရေကန်များ၏ ဘေးပတ်လည်တွင် ပေါက်ရောက်နေမည် ဖြစ်သည်။
အင်မော်တယ်တက်လှမ်းမြက်ပင်ကို လာရောက်ရှာဖွေကြသည့် ကျင့်ကြံသူများမှာ ရေကန်တစ်လျှောက် သေချာစွာ လမ်းလျှောက်၍ ဖြစ်နိုင်ခြေရှိသော နေရာများကို ရှာဖွေရမည် ဖြစ်သည်။
အကယ်၍ လေထဲမှနေကာ ဝိညာဉ်အာရုံဖြင့် အကြမ်းဖျင်း ဖြတ်ကျော်ရှာဖွေလိုက်မည်ဆိုလျှင် လွတ်သွားနိုင်ခြေ အလွန်များပြားပေသည်။
ထို့အပြင် ရေကန်ထဲရှိ "ပါ" ဟုခေါ်သော မိစ္ဆာဖုတ်ကောင်များကိုပါ ဆွဲဆောင်မိသလို ဖြစ်သွားနိုင်သေး၏။
တစ္ဆေသရဲများထဲတွင် "ဖုတ်ကောင်" ဟုခေါ်သော ထူးခြားသည့် တည်ရှိမှုတစ်ခု ရှိလေသည်။ ယေဘုယျအားဖြင့် နားလည်ထားသော တစ္ဆေသရဲများဆိုသည်မှာ ရုပ်ခန္ဓာ ဆုံးရှုံးသွားသော ယင်ဝိညာဉ်များက နာကြည်းချက်တစ်စုံတရာကို စွဲလမ်းကာ ပြောင်းလဲလာခြင်း ဖြစ်သည်။
ဖုတ်ကောင်များမှာမူ တိုက်ရိုက်ဆန့်ကျင်ဘက်ဖြစ်ပြီး ဝိညာဉ်ဆုံးရှုံးသွားသော ရုပ်ခန္ဓာကိုယ်က နာကြည်းချက်တစ်စုံတရာကို စွဲလမ်းကာ ထလာခြင်း ဖြစ်လေသည်။
ဖုတ်ကောင်များထဲတွင် ပိုမိုဆန်းကြယ်သော တည်ရှိမှုများကိုမူ "ပါ" ဟု ခေါ်ဝေါ်ကြ၏။
ယေဘုယျအားဖြင့် ကျင့်ကြံသူများ၏ အလောင်းများကသာ ဝိညာဉ်စွမ်းအင်များ ပါဝင်နေပြီး အလောင်းကောင်အဖြစ် ထလာပြီးနောက် စွမ်းအားကြီးမားလွန်းသဖြင့် "ပါ" အဖြစ် ပြောင်းလဲသွားတတ်ကြသည်။
အင်မော်တယ်ရေကန်ရှိ "ပါ" များမှာ တစ်ချိန်က ကပ်ဘေးတစ်ခုအဖြစ် ပြန့်နှံ့ခဲ့ဖူးလေသည်။ ဤနေရာရှိ အားအနည်းဆုံး သံမဏိ "ပါ" များသည်ပင်လျှင် တတိယအဆင့် စွမ်းအားရှိကြပြီး သက်ရှိလူများ၏ သွေးချီများကို စုပ်ယူပြီးနောက် သံ၊ ကြေး၊ ငွေ၊ ရွှေ ဟူ၍ အဆင့်ဆင့် ပြောင်းလဲသွားနိုင်သည်။
အသန်မာဆုံး ရွှေရောင် "ပါ" များမှာ ဆဋ္ဌမအဆင့် စွမ်းအားရှိကြသော်လည်း အလွန်ရှားပါးလှသောကြောင့် ရှုတောင်ဂိုဏ်းအနေဖြင့် အများအားဖြင့် ပဉ္စမအဆင့် တပည့်တစ်ယောက်ကိုသာ အစောင့်အဖြစ် စေလွှတ်လေ့ရှိသည်။
ရွှေရောင် "ပါ" များအထက်တွင် သတ္တမအဆင့် စွမ်းအားရှင်များနှင့် ညီမျှသော "ကပ်ဘေး ပါ" များ ပေါ်လာနိုင်ခြေ ရှိသေး၏။
ထိုအထဲတွင် အလောင်းများ ပုံကျနေပြီး မိုင်ထောင်ချီ ကန္တာရဖြစ်စေသော မိုးခေါင် "ပါ"၊ ရောက်လေရာနေရာတိုင်း ရေလွှမ်းမိုးစေသော ရေကြီး "ပါ"၊ ဇွန်လမှာပင် ရေခဲဖုံးလွှမ်းစေသော နှင်းခဲ "ပါ" များ ပါဝင်လေသည်။
ဤသို့သော "ကပ်ဘေး ပါ" များမှာ နှစ်တစ်ထောင်လျှင် တစ်ကောင်နီးပါးသာ ပေါ်ထွက်လာတတ်သော်လည်း အင်မော်တယ်ရေကန်မှ ထွက်လာသည့် အကြိမ်တိုင်း၌ သက်ရှိပေါင်းများစွာ၏ အသက်များကို နှုတ်ယူလေ့ရှိပြီး ကိုင်တွယ်ဖြေရှင်းရန် အလွန်ခက်ခဲလှပေသည်။
ထို့ထက်ပင် "ကပ်ဘေး ပါ" များသည် လုံလောက်သော သက်ရှိများ၏ အသက်များစွာကို နှုတ်ယူပြီးနောက် အဋ္ဌမအဆင့်၊ နဝမအဆင့်တို့နှင့် ညီမျှသော အင်မော်တယ် "ပါ" နှင့် နတ်ဘုရား "ပါ" များအဖြစ်သို့ ကြီးထွားလာနိုင်ကြောင်း ဒဏ္ဍာရီများပင် ရှိလေသည်။
သို့သော်လည်း ထိုအဆင့်ရှိသည့် "ပါ" များမှာ သမိုင်းတွင် ပေါ်ထွက်လာခဲ့ခြင်း မရှိဘဲ ဒဏ္ဍာရီတစ်ခုမျှသာ ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာကျော်က ယွီမင်းဆက်သည် "ကပ်ဘေး ပါ" ၏ တိုက်ခိုက်မှု တစ်ကြိမ်ကို ခံရပြီးနောက် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့ ပူးပေါင်းကာ အင်မော်တယ်စိမ့်မြေအတွင်း ပိုမိုများပြားလာသော "ပါ" များကို ရှင်းလင်းရန် ခိုင်မာစွာ ဆုံးဖြတ်ချက်ချခဲ့ဖူး၏။
သို့သော်လည်း တစ်ကြိမ်တစ်ခါ ရှင်းလင်းသတ်ဖြတ်ပြီးနောက် ရလဒ်မှာ သာမန်မျှသာ ဖြစ်ခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် "ပါ" များသည် ရေအောက်သို့ ငုပ်လျှိုးသွားနိုင်ပြီး ရေကန်များ၏ ရေအောက်ပိုင်းမှာ အချင်းချင်း ဆက်စပ်နေသောကြောင့် ဖြစ်သည်။ အင်မော်တယ်ရေကန် တစ်ခုလုံးကို ကြီးမားလှသော မှော်စွမ်းအင်များဖြင့် လွှမ်းခြုံထားခြင်းမရှိလျှင် အပြီးတိုင် ရှင်းလင်းရန် မဖြစ်နိုင်ပေ။
"ပါ" များမှာ ကျင့်ကြံသူများ၏ အလောင်းမှ ပြောင်းလဲလာခြင်းဖြစ်ရာ အင်မော်တယ်စိမ့်မြေအတွင်းသို့ လူများကို လုံးဝပေးမဝင်တော့လျှင်မူ"ပါ" များ ဖြစ်ပေါ်လာမှုကို အရင်းအမြစ်မှ အဆုံးသတ်နိုင်ပေမည်။
သို့သော်လည်း ဤအရာက ပို၍ပင် ခက်ခဲလှပေသည်။
အကြောင်းမှာ ဤနေရာတွင် ဝိညာဉ်ချီများ ပေါကြွယ်ဝပြီး ကျင့်ကြံသူများ အသက်စွန့်ဝင်ရောက်ရကျိုးနပ်သည့် ကမ္ဘာမြေရတနာများစွာ ရှိနေသောကြောင့် ဖြစ်၏။
အင်မော်တယ်တက်လှမ်းမြက်ပင်ကဲ့သို့သော စိတ်ဝိညာဉ်အပင်များဆိုလျှင် ဤနေရာတွင်သာ ပေါက်ရောက်နိုင်လေသည်။ ကျယ်ပြောလှသော အင်မော်တယ်စိမ့်မြေကို အပြီးတိုင် ပိတ်ဆို့ထားရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် ဤအတိုင်းသာ လွှတ်ထားခဲ့ရလေတော့သည်။
"မင်းတို့သုံးယောက် နည်းနည်းလောက် လူစုခွဲလိုက်ကြ…အနောက်ဘက်ကနေ အရှေ့ဘက်ကို ရွေ့လျားသွားလို့ရတယ် ဒါပေမဲ့ အရမ်းမြန်မြန် မသွားကြနဲ့”
“ ရွှေတောင်ပံလင်းယုန်က လေထဲကနေ စောင့်ကြည့်ပေးနေလိမ့်မယ်…”
“ 'ပါ' တွေ ပေါ်လာတာနဲ့ ချက်ချင်း အချက်ပြလိမ့်မယ်…ကိုင်တွယ်လို့မရတဲ့ 'ပါ' နဲ့ တွေ့ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး အချိန်ဆွဲထားကြ။ ငါ ချက်ချင်း ရောက်လာခဲ့မယ်"
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ရွှီဇီယန်က ပြောလိုက်သည်။
"ဖြစ်နိုင်ခြေ အရမ်းနည်းပေမဲ့ တကယ်လို့ အင်မော်တယ်တက်လှမ်းမြက်ပင်နဲ့ တွေ့ခဲ့ရင် အရင်ဆုံး ရတဲ့သူက ပိုင်ဆိုင်ရမယ်… ထပ်ပြီးတော့ လုယက်တာတွေ မဖြစ်စေရဘူး"
အန္တရာယ်များသော နေရာတွင် သွားလာရာ၌ အုပ်စုဖွဲ့သွားခြင်းက သဘာဝကျကျ အလုံခြုံဆုံး ဖြစ်ပေသည်။
သို့သော်လည်း လူတိုင်းက အင်မော်တယ်တက်လှမ်းမြက်ပင်ကို ရှာဖွေရန် လာကြခြင်းဖြစ်ရာ ရတနာကို တစ်ပြိုင်နက်တည်း တွေ့မြင်သွားပါက လုယက်မှုများ ဖြစ်လာရန် ရှောင်လွှဲနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့ကို အနည်းငယ် လူစုခွဲခိုင်းလိုက်ခြင်း ဖြစ်၏။
ဤအရာများအားလုံးမှာ ရှုတောင်ဂိုဏ်းမှ နှစ်ပေါင်းများစွာ စုဆောင်းရရှိထားသော အတွေ့အကြုံနှင့် သင်ခန်းစာများပင် ဖြစ်လေသည်။
ဂိုဏ်းတူအစ်မချန်စုက အရင်ဆုံး ပြုံးကာ ပြောလိုက်၏။
"ညီမကတော့ ဂိုဏ်းတူအစ်ကို ရွှီနောက်ကပဲ လိုက်ပါတော့မယ်… ဒီလိုဆိုရင် ပိုပြီး လုံခြုံမှုရှိတာပေါ့"
လမ်းတစ်လျှောက်လုံးတွင် ချူလျန် ကြည့်မိသလောက် သူမမှာ ရွှီဇီယန်၏ အမာခံပရိသတ်လေး ဖြစ်နေကြောင်း သိသာနေပေသည်။
ဤခရီးစဉ်သို့ လာရောက်ခြင်းမှာ ဂိုဏ်းတူအစ်ကိုရွှီနှင့် ရင်းနှီးမှုရယူရန်အတွက်သာ ဖြစ်နိုင်ပြီး အင်မော်တယ်တက်လှမ်းမြက်ပင်ကို သိပ်ပြီး ဂရုမစိုက်လှပေ။
တကယ်တမ်းတွင် ရှန်ဇီလျန်မှာလည်း ထိုနည်းတူပင် ဖြစ်လေသည်။
သူ၏ ဤတစ်ခေါက် လာရောက်ရသည့် ရည်ရွယ်ချက်မှာ ရွှီဇီယန်နှင့် သေချာရင်းနှီးအောင် လုပ်ရန်ဖြစ်ပြီး ဤယောက်ဖကြီး၏ အသိအမှတ်ပြုမှုကိုသာ ရရှိပါက သူနှင့် ရွှီဇီချင်တို့၏ ကိစ္စက အဆင်ပြေသွားမည် မဟုတ်ပါလော။
သို့သော် ရောက်ရောက်ချင်းတွင် ချူလျန်ကို မြင်တွေ့လိုက်ရမည်ဟု မည်သူက သိထားမည်နည်း။
ကိုယ့်စိတ်နှင့် နှိုင်းယှဉ်ကြည့်လိုက်ရာ ရှန်ဇီလျန်အနေဖြင့် ချူလျန်သည် သူနှင့် အတွေးတူနေမည်ဟုသာ ခံစားလိုက်ရသည်။
ဤတစ်ခေါက် လာရောက်ခြင်းမှာ ရွှီဇီယန်၏ ရှေ့တွင် စွမ်းဆောင်ရည်ကောင်းပြရန် ဖြစ်ကြောင်း သေချာနေ၏။ ဤသို့ တွေးလိုက်မိသည်နှင့် ရန်ကြွေးဟောင်း၊ ရန်ကြွေးသစ်များအားလုံး တစ်ပြိုင်နက် ပေါက်ကွဲထွက်လာတော့သည်။
ရွှီဇီယန်၏ ရှေ့တွင် ချူလျန်ကို တိတ်တဆိတ် လုပ်ကြံရန် အကြံအစည်များ သူ မတွေးရဲတော့ပေ... အရင်ကလည်း အကြိမ်များစွာ အရှုံးပေါ်ခဲ့ရသည် မဟုတ်ပါလော။
သို့သော်လည်း ယှဉ်ပြိုင်လိုစိတ်မှာ လျော့ပါးမသွားခဲ့ပေ။ ချက်ချင်းပင် သူ၏ မျက်လုံးများထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များ လောင်ကျွမ်းလာပြီး မိမိကိုယ်ကိုယ် ဤကောင်ထက် ပိုကောင်းအောင် စွမ်းဆောင်ပြရမည်ဟု စိတ်ထဲမှ တေးမှတ်လိုက်လေသည်။
အနာဂတ် ယောက်ဖကြီးကို သူ ဘယ်လောက်ထူးချွန်ကြောင်း ပြသပေးလိုက်မည်။
အဲဒီအချိန်ရောက်ရင်...
"မင်း သွားမှာလား၊ မသွားဘူးလား"
ရွှီဇီယန်က ခေါင်းလှည့်ကာ အေးစက်စက် ပြောလိုက်၏။
တကယ်တော့ ချူလျန်မှာ တစ်ယောက်တည်း တစ်လမ်းခွဲထွက်သွားပြီဖြစ်ပြီး ချန်စုမှာလည်း ရွှီဇီယန်၏နောက်မှ လိုက်ကာ ပေပေါင်းဆယ်နှင့်ချီ ဝေးကွာသွားပြီ ဖြစ်လေသည်။
ရှန်ဇီလျန် တစ်ယောက်တည်းသာ နေရာမှာတင် ကြောင်အမ်းကာ ငတုံးတစ်ယောက်လို ပြုံးနေပြီး ဘယ်လို အောက်တန်းကျသည့် ကိစ္စများကို တွေးနေသည်မသိပေ။
"အင်မော်တယ်စိမ့်မြေထဲမှာ အချိန်တိုင်း သတိဝီရိယရှိဖို့ လိုတယ်…မဟုတ်ရင် ဘယ်အချိန်မှာ အသက်အန္တရာယ် ကျရောက်လာမလဲဆိုတာ ပြောလို့မရဘူး"
ရွှီဇီယန်က ထပ်မံသတိပေးလိုက်သည်။
"အာ... ဟုတ်ကဲ့၊ ဟုတ်ကဲ့ "
ရွှီဇီယန်၏ စကားကို ကြားလိုက်ရသဖြင့် ရှန်ဇီလျန်မှာ ချက်ချင်း သတိပြန်ဝင်လာကာ ခေါင်းတဆတ်ဆတ် ညိတ်ရင်း အပြေးလေး လိုက်သွားတော့သည်။
ချူလျန်က ဤလုပ်ဖော်ကိုင်ဖက် နှစ်ယောက်၏ အပြုအမူများကို ကြည့်ကာ မနေနိုင်ဘဲ အနည်းငယ် တွေးလိုက်မိတော့၏။
'ဒီအဖွဲ့ထဲမှာ အင်မော်တယ်တက်လှမ်းမြက်ပင်ကို တကယ် အလေးအနက် လိုက်ရှာနေတာ ငါတစ်ယောက်တည်း ဖြစ်မနေလောက်ပါဘူးနော်...'