အခန်း ၁၇၅
Vol. 18 Ch. 175
အခန်း (၁၇၅) - ဒီနေရာမှာ လေတိုက်တာ တော်တော်ကြမ်းတာပဲ
ရွှေတောင်ပံလင်းယုန်သည် ကောင်းကင်ယံ၌ မြင့်မားစွာ ပျံဝဲနေပြီး သာမန်မျက်စိဖြင့်ကြည့်လျှင် သေးငယ်သော အမည်းစက်လေးတစ်ခုသာ ဖြစ်၏။ သို့သော် ၎င်း၏ နတ်မျက်စိဖြင့် ငုံ့ကြည့်လိုက်သောအခါ မြက်တစ်ပင်၊ သဲတစ်ပွင့်၏ သေးငယ်သော တုန်ခါမှုကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။
၎င်းသည် ကျင့်ကြံသူများ၏ ဝိညာဉ်အာရုံ လွှမ်းခြုံနိုင်စွမ်းထက် များစွာ ပိုမိုကျယ်ပြန့်ပေသည်။
၎င်း၏ အကာအကွယ်အောက်တွင် လူအနည်းငယ်သည် ရှေ့သို့ ခပ်သုတ်သုတ် လျှောက်လှမ်းသွားကြသည်။
သေချာပေါက် မြစ်ကမ်းစပ်၏ နေရာတိုင်းကို အသေးစိတ် ရှာဖွေနေရန် မလိုအပ်ပေ။
အင်မော်တယ်တက်လှမ်းမြက်ပင် ကြီးထွားမှုတွင် ထူးခြားသော ဝိသေသလက္ခဏာအချို့ ရှိလေသည်။
ဥပမာအားဖြင့် အချို့သော စိတ်ဝိညာဉ်အပင်များသည် ပတ်ဝန်းကျင်ရှိ အပင်များနှင့် အတူယှဉ်တွဲမနေဘဲ မိမိကိုယ်တိုင် ကြီးထွားရန်အတွက် တစ်ဝိုက်ရှိ ဝိညာဉ်ချီ အားလုံးကို လုယူတတ်ကြ၏။
သို့သော် အင်မော်တယ်တက်လှမ်းမြက်ပင်ကမူ အခြားသော အပင်အားလုံးနှင့် အတူယှဉ်တွဲနေထိုင်နိုင်ပြီး ၎င်း၏ ပတ်လည်တွင် အမြဲတမ်း သစ်ပင်ပန်းမန်များ စိမ်းလန်းစိုပြည်နေတတ်ပေသည်။
ထို့ကြောင့် အပင်ကျဲပါးသော နေရာများကို အသေးစိတ် ကြည့်ရှုရန် မလိုအပ်ဘဲ ဖြတ်သန်းသွားသော သစ်တောထူထပ်သည့် နေရာများနှင့် မြက်ခင်းပြင်များကိုသာ သေချာစွာ စစ်ဆေးရန် လိုအပ်လေသည်။
ချူလျန်နှင့် အခြားလူနှစ်စုတို့သည် ပေတစ်ရာခန့်စီ ကွာဝေးကြပြီး ဤဒေသတစ်ဝိုက်ကို ဝိညာဉ်အာရုံဖြင့် သေချာစွာ စစ်ဆေးနေကြ၏။
သို့သော် သူ၏ စိတ်ထဲတွင် သံသယအချို့ ရှိနေလေသည်။ သူတို့၏ သွားလာမှုသည် မနှေးကွေးသော်လည်း ဤအရှိန်အဟုန်ဖြင့်ဆိုလျှင် ရက်အနည်းငယ်သာမက ရက်ပေါင်းများစွာ ကြာလျှင်ပင် အင်မော်တယ်ရွှံ့နွံတော တစ်ခုလုံးကို ပြည့်စုံစွာ ရှာဖွေနိုင်မည် မဟုတ်ပေ။
'အလုပ်တွင်ကျယ်မှုက အရမ်းနှေးကွေးမနေဘူးလား'
'ဒီလိုမျိုးဆိုရင် တကယ်လို့ အင်မော်တယ်တက်လှမ်းမြက်ပင် ရှိနေရင်တောင် လွတ်သွားနိုင်ခြေ အများကြီးရှိတယ်’
‘နှစ်ပေါင်းများစွာကြာတဲ့အထိ ရှုတောင်က စီနီယာတွေက ဒီထက် ပိုအလုပ်တွင်ကျယ်တဲ့ နည်းလမ်းကို မရှာတွေ့ခဲ့ကြဘူးလား'
ထိုသို့ တွေးတောနေစဉ် ကောင်းကင်ယံရှိ ရွှေတောင်ပံလင်းယုန်ထံမှ ရုတ်တရက် စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ရွှီး"
'ပါမိစ္ဆာ ပေါ်လာတာလား'
ချူလျန်သည် ချက်ချင်းပင် သတိထားကာ အကဲခတ်လိုက်လေသည်။
အနည်းငယ် ရှာဖွေကြည့်လိုက်သောအခါ ပါမိစ္ဆာသည် သူရှိရာဘက်တွင် ပေါ်လာခြင်းမဟုတ်ဘဲ ရှန်ဇီလျန် ရှိနေသော အခြားတစ်ဖက်တွင် ပေါ်လာခြင်းဖြစ်ကြောင်းကို သူ အာရုံခံမိသွား၏။
'ဟားဟား...'
ထိုအချိန်တွင် ရှန်ဇီလျန်သည် စိတ်ထဲ၌ တိတ်တဆိတ် ဝမ်းသာနေလေသည်။
သူသည် ချုံပုတ်အစွန်းသို့ အရောက်တွင် သစ်ရွက်များ အနည်းငယ်လှုပ်ခတ်သွားပြီး အထက်မှ အမည်းရောင်ပုံရိပ်တစ်ခု ရုတ်တရက် ခုန်ဆင်းလာ၏။
သူသည် အနည်းငယ်သာ လန့်သွားပြီးနောက် ချက်ချင်းပင် သတိပြန်ဝင်လာလေသည်။
'ငါ မျှော်လင့်နေတဲ့ စွမ်းရည်ပြသဖို့ အခွင့်အရေး ရောက်လာပြီ မဟုတ်လား…ဖိနပ်ပေါက်မတတ် ရှာနေရပေမယ့် တကယ်တမ်းကျတော့ အလွယ်လေး ရလာတာပဲ'
ချုံပုတ်ထဲမှ ခုန်ထွက်လာသော အရာသည် တစ်ကိုယ်လုံး သံမဏိကဲ့သို့ မာကျောနေသော သံမဏိပါမိစ္ဆာတစ်ကောင် ဖြစ်နေပေသည်။
၎င်း၏ ကိုယ်ပေါ်တွင် စုတ်ပြဲနေသော အဝတ်အစားများ ရှိနေဆဲဖြစ်ကာ ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး မျက်နှာသွင်ပြင်မှာလည်း ကြမ်းတမ်းရင့်ထော်နေကာ ပုံပန်းသဏ္ဍာန်ကို ရှင်းလင်းစွာ မမြင်ရတော့ချေ။
"ဂါး"
မည်သည့်နှစ်က ဤနေရာတွင် အရိုးဆွေးခဲ့ရသော ကျင့်ကြံသူမှ ပြောင်းလဲသွားသည့် အရာမှန်း မသိရသော ပါမိစ္ဆာကောင်သည် ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်ရင်း သူ့ထံသို့ ပြေးဝင်လာလေသည်။
သွေးနံ့ကို ရှာဖွေခြင်းမှာ ပါမိစ္ဆာများ၏ မွေးရာပါသဘာဝပင် ဖြစ်၏။
ရှန်ဇီလျန်သည် ကိုယ်ကို အနောက်သို့ အရင်ဆုတ်လိုက်ပြီး ပထမဆုံး အဟုန်ဖြင့် ဝင်တိုက်မှုကို ရှောင်တိမ်းလိုက်၏။ ထို့နောက် ဓားကို ဆုပ်ကိုင်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။
"မင်းလို မကောင်းဆိုးဝါးကောင်ကများ…ဒီနေ့ ငါ ရှုတောင်က ရှန်ဇီလျန်နဲ့ တွေ့တာ မင်းရဲ့ ကံဆိုးမှုပဲ"
ပြောပြီးသည်နှင့် သူသည် ဓားကို ကန့်လန့်ဖြတ်ကာ လက်ချောင်းများဖြင့် မန္တန်ပြုလုပ်လိုက်ရာ ချက်ချင်းဆိုသလိုပင် အဖြူရောင်အလင်းတန်းများ ပြင်းထန်စွာ ထွက်ပေါ်လာတော့သည်။
ရွှစ်
"ဂါး"
ထိုသံမဏိပါမိစ္ဆာသည် သေရမည်ကို မကြောက်ရွံ့ဘဲ ၎င်း၏ အရှေ့ရှိ လူသည် အလွန်ဆွဲဆောင်မှုရှိသည်ဟုသာ ခံစားရကာ တစ်ဖန် ပြန်လည်ခုန်အုပ်လာလေသည်။ ၎င်း၏ အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လှပေသည်။
ရှန်ဇီလျန်သည် သံမဏိပါမိစ္ဆာ၏ ရင်ဘတ်ကို ဓားဖြင့် တစ်ချက်တည်း ထိုးစိုက်လိုက်၏။
သို့သော် သူ၏ ဓားချီများက သံမဏိပါမိစ္ဆာ၏ ရင်ဘတ်ကို မဖောက်ထွင်းနိုင်ဘဲ တစ်လက်မချင်းစီ ဖိနှိပ်ခံလိုက်ရသည်ကို တွေ့လိုက်ရလေသည်။
'တော်တော် မာတာပဲ'
ပါမိစ္ဆာများ၏ အကြီးမားဆုံးသော ထူးခြားချက် နှစ်ခုမှာ အရှိန်အဟုန် မြန်ဆန်ခြင်းနှင့် ခန္ဓာကိုယ် မာကျောခြင်းတို့ ဖြစ်၏။ မြန်လည်းမြန်သလို မာလည်းမာကျောပေသည်။
အဆင့်တူ ကျင့်ကြံသူများအတွက် ၎င်းတို့၏ ကာကွယ်မှုကို ဖျက်ဆီးရန်မှာ အလွန်ခက်ခဲလှလေသည်။
သံမဏိပါမိစ္ဆာက ရှန်ဇီလျန်၏ အနီးသို့ ရောက်လာချိန်တွင် သူ၏ ဘယ်ဘက်လက်မှ မန္တန်က ပြောင်းလဲသွားပြီး အော်ဟစ်လိုက်၏။
"ဆုတ်စမ်း"
ဓားဦးကို လှည့်လိုက်သည်နှင့် ပြင်းထန်လှသော ဓားချီများသည် ရုတ်တရက် လေပြေအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထက်ရှမှု လျော့ကျသွားသော်လည်း ထိုလေပြေထဲရှိ နူးညံ့သော အင်အားမှာမူ အလွန်ကြီးမားလာပေသည်။
လေပြေကဲ့သို့ ဓားချက်တစ်ချက်က သံမဏိပါမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင်အရာတစ်ခု ချန်ရစ်ခဲ့သည့် တစ်ချိန်တည်းမှာပင် ၎င်းကို ပေသုံးဆယ်ခန့် အကွာသို့ တွန်းထုတ်ပစ်လိုက်၏။
၎င်းမှာ ရှုတောင်၏ ဓားမန္တန်မဟုတ်ဘဲ ကွန်ဖြူးရှပ်လမ်းစဉ်၏ ဆန်းကြယ်သော စွမ်းရည်များထဲမှ ပညာသင်ဓားစွမ်းရည် ဖြစ်ပေသည်။
ရှုတောင်ပေါ်တွင် တိမ်တိုက်စက်ဝန်းတောင်ထွတ် တစ်ခုတည်းကသာ ၎င်းကို အမွေဆက်ခံထားလေသည်။
ဤတိုက်ခိုက်မှုက သံမဏိပါမိစ္ဆာအပေါ် သက်ရောက်သည့် အမှန်တကယ် ထိခိုက်ဒဏ်ရာမှာ လျစ်လျူရှုထား၍ရလောက်အောင် နည်းပါးလှ၏။ ၎င်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး တစ်ဖန် ပြန်လည် ခုန်တက်လာလေသည်။
"ဂါး"
"ဓားကြိုး"
ရှန်ဇီလျန်က ရှည်လျားသောဓားကို ပစ်ပေါက်လိုက်ပြီး အလျင်အမြန် အော်ဟစ်လိုက်၏။ ရှည်လျားသောဓားသည် ချက်ချင်းပင် အလင်းတန်းများအဖြစ် ရာနှင့်ချီ၍ ကွဲထွက်သွားလေသည်။ ဓားတစ်ရာမန္တန်ပင် ဖြစ်ချေသည်။
ထို့နောက် ဓားတစ်ရာသည် လည်ပတ်သွားပြီး ရှည်လျားသော နဂါးဓားကြိုးများအဖြစ် ပူးပေါင်းသွားကာ သံမဏိပါမိစ္ဆာကို ချက်ချင်း ရစ်ပတ်ချည်နှောင်လိုက်ပြီး တစ်ပြိုင်နက်တည်း လည်ပတ်သွားလေသည်။
ရွှစ် ရွှစ် ရွှစ်
ချက်ချင်းပင် သံမဏိပါမိစ္ဆာသည် မြွေဟောက်ဖြူ အကောင်ရေများစွာ၏ ရစ်ပတ်ခြင်းကို ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး ခုတ်ထစ်၊ ဖြတ်တောက်၊ ကြိတ်ချေခံရကာ သတ္တုချင်း ပွတ်တိုက်သည့် စူးရှသော အသံများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာတော့သည်။
"ဝုန်း"
၎င်းသည် ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့သော နာကျင်မှု တစ်စိတ်တစ်ပိုင်းကို သတိထားမိသွားပုံရသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ အဝတ်အစားများအားလုံး စုတ်ပြဲပျက်စီးသွားပြီး သေးငယ်သော ဒဏ်ရာပေါင်းများစွာ ထွက်ပေါ်လာလေသည်။
၎င်း၏ အရေပြားနှင့် အသားစများသည် သံမဏိထက် မာကျောမနေပါက မျက်တောင်တစ်ခတ်အတွင်းမှာပင် အပိုင်းပိုင်းအစစ ခုတ်ထစ်ခံရမည်မှာ သေချာပေသည်။
အန္တရာယ်ကြုံလာချိန်တွင် ၎င်းသည် ခွန်အား အဆပေါင်းများစွာကို ပေါက်ကွဲထုတ်လိုက်ပြီး ဓားကြိုးနှစ်ချောင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အားကုန် ဆွဲဖြဲလိုက်လေသည်။
ဘန်း…ဘန်း…ဖြောင်း…
မျက်စိကျိန်းမတတ် တောက်ပနေသော ဓားအလင်းတန်းများကို ၎င်းက အလွန်ကြီးမားသော ခွန်အားဖြင့် အတင်းအဓမ္မ ဆွဲဖြဲလိုက်၏။
"ဟား"
သံမဏိပါမိစ္ဆာ၏ လည်ချောင်းထဲမှ လေးလံသော အသံတစ်ခု ထွက်ပေါ်လာပြီး လက်နှစ်ဖက်ဖြင့် ဓားကြိုးနှစ်ချောင်းကို ထပ်မံဆွဲဖြဲကာ ဓားအလင်းတန်း အားလုံးကို အပြီးတိုင် ရိုက်ခွဲပစ်လိုက်လေသည်။
ကောင်းကင်အနှံ့ ပြန့်ကျဲနေသော ဓားအလင်းတန်းများသည် ပျံသန်းနေသော ဓားတစ်လက်အဖြစ် ပြန်လည်ပေါင်းစည်းသွားပြီး ရှန်ဇီလျန်၏ အရှေ့သို့ လည်ပတ်ကာ ပြန်လည်ရောက်ရှိလာ၏။
ဤအချိန်တွင်မူ သူသည် တည်ငြိမ်နေပြီဖြစ်ကာ လက်နှစ်ဖက်ဖြင့် ကြေးမုံပြင်တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
ဤသည်မှာ ယခုတစ်ခေါက် ခရီးစဉ်အတွက် သူ၏ဖခင်က သူ့ကို ယူဆောင်သွားစေခဲ့သော သက်စောင့် မှော်ဝင်ပစ္စည်းဖြစ်သည့် ကျန်းယန်ကြေးမုံပြင်ပင် ဖြစ်ချေသည်။
မူလက ဤပစ္စည်းကို နောက်ပိုင်းမှ အသုံးပြုရန် ချန်ထားလိုသော်လည်း ယခု သံမဏိပါမိစ္ဆာနှင့် တိုက်ခိုက်ရာတွင် သူ အနည်းငယ် အခက်တွေ့နေပြီဖြစ်သဖြင့် ရှန်ဇီလျန်သည် ဤမှော်ဝင်ပစ္စည်းကို တိုက်ရိုက် ထုတ်သုံးလိုက်ခြင်း ဖြစ်လေသည်။
နေရောင်ခြည်တစ်တန်းသည် ကြေးမုံပြင်မှတစ်ဆင့် အလင်းယိုင်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သံမဏိပါမိစ္ဆာ၏ ကိုယ်ပေါ်သို့ ကျရောက်သွားရာ ချက်ချင်းဆိုသလို မီးခိုးငွေ့များစွာ ထွက်ပေါ်လာပြီး စူးရှသော အသံများ ထွက်ပေါ်လာတော့သည်။
"ဂါး"
သံမဏိပါမိစ္ဆာသည် ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် ချက်ချင်းပင် မြေပြင်ပေါ်သို့ လဲကျသွားကာ လူးလှိမ့်နေပြီး နာကျင်စွာ အော်ဟစ်နေလေသည်။
ဤကျန်းယန်ကြေးမုံပြင်သည် အမြင့်ဆုံးသော ယန်အလင်းတန်းများကို သိုလှောင်ထားနိုင်၏။ သာမန်လူများကို ထိုးပြပါက ပူလောင်သည်ဟုသာ ခံစားရမည်ဖြစ်သော်လည်း ယင်သဘာဝရှိသော အရာများကို ထိုးပြလိုက်ပါက မျက်တောင်တစ်ခတ်အတွင်းမှာပင် ပြာကျသွားစေနိုင်ပေသည်။
သံမဏိပါမိစ္ဆာ လူးလှိမ့်နေသည်ကို မြင်လိုက်ရသဖြင့် ရှန်ဇီလျန်သည် ချက်ချင်းပင် အရှေ့သို့ လက်ညှိုးညွှန်လိုက်ရာ ဓားပျံတစ်လက် ပျံသန်းသွားလေသည်။
ရွှစ်
ဤဓားချက်က နောက်ဆုံးတွင် သံမဏိပါမိစ္ဆာ၏ ခေါင်းကို လုံးဝ ဖြတ်တောက်လိုက်နိုင်သည်။ ခေါင်းပြတ်သွားသော ပါမိစ္ဆာသည် မလှုပ်ရှားနိုင်တော့ဘဲ အပြီးတိုင် သေဆုံးသွားပြီဟု ဆိုနိုင်လေသည်။
"ဟူး"
သူက သက်ပြင်းတစ်ချက် ချလိုက်၏။
ကျန်းယန်ကြေးမုံပြင်နှင့် ဓားပျံကို သိမ်းဆည်းလိုက်ပြီးနောက် သူသည် ယုံကြည်မှုရှိသော အပြုံးတစ်ခုကို ပြသလိုက်လေသည်။
သံမဏိပါမိစ္ဆာတစ်ကောင်ကို ဤမျှ ပြတ်သားစွာ သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ ယောက်ဖဖြစ်သူက ၎င်းကို တွေ့မြင်ခဲ့မည်မှာ သေချာလှပေသည်။
သူသည် ကိုယ်ကို တစ်ချက်လွှဲကာ ရွှီဇီယန်၏ အရှေ့သို့ ရောက်လာပြီး မျက်နှာလိုမျက်နှာရ လုပ်ရန် ပြင်ဆင်လိုက်ကာ ပြုံး၍ ပြောလိုက်လေသည်။
"စီနီယာအစ်ကိုရွှီ... စောစောက ကျုပ်ရဲ့ စွမ်းရည်ပြသမှုက မဆိုးဘူးမလား..."
စကားတစ်ဝက်သာ ပြောရသေးချိန်တွင် ကောင်းကင်ယံရှိ ရွှေတောင်ပံလင်းယုန်ထံမှ နောက်ထပ် အော်သံတစ်ခု ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
"ရွှီး"
'နောက်ထပ် ပါမိစ္ဆာ ရှိနေသေးတာလား'
'ပြီးတော့ ဒီတစ်ခါ အော်သံက ပိုကျယ်နေတယ်'
ထိုအခါမှသာ ရွှီဇီယန်၏ အကြည့်များက စူးရှထက်မြက်လာလေသည်။
စောစောက ပေါ်လာသည်မှာ သံမဏိပါမိစ္ဆာသာ ဖြစ်ပြီး တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသော တပည့်များက အလွယ်တကူ ကိုင်တွယ်နိုင်သဖြင့် သူ ဝင်ပါရန် မရည်ရွယ်ခဲ့ပေ။
သို့သော် ယခု ကြားလိုက်ရသော အသံအရ ကြေးနီပါမိစ္ဆာ ပေါ်လာပြီဆိုသည်ကို ကိုယ်စားပြုနေလေသည်။
'အန္တရာယ်ရှိတယ်'
ဤစကားလုံးများက ချူလျန်၏ စိတ်ထဲတွင်လည်း ပေါ်လာခဲ့၏။
မူလက ဟိုဘက်တွင် ရှန်ဇီလျန်နှင့် သံမဏိပါမိစ္ဆာတို့ တိုက်ခိုက်နေသည်ကို ကြည့်ကာ ဤအရာ၏ အားနည်းချက်ကို စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ပွဲကြည့်ပြီးသည်နှင့် ချူလျန်သည် လှည့်ကာ ဆက်လျှောက်ရန် ပြင်လိုက်လေသည်။
သို့သော် မြက်ခင်းပြင်တစ်နေရာမှ ပုံရိပ်တစ်ခုက လျှပ်စီးကဲ့သို့ လျင်မြန်စွာ ခုန်ထွက်လာလိမ့်မည်ဟု သူ ကြိုတင် သတိမထားမိခဲ့ပေ။
ချူလျန်သည် မသိစိတ်ကပင် သူ့ကိုယ်သူ ဖက်ထုပ်ကဲ့သို့ ထုပ်ပိုးရန် ပြင်လိုက်မိသော်လည်း သစ်ရွက်စိမ်း မှော်ဝင်ပစ္စည်းက သူ့အနားတွင် မရှိသည်ကို သတိရသွားကာ မျက်စိတစ်မှိတ်အတွင်း ဓားတစ်ရာမန္တန်ကိုသာ ထုတ်ဖော်လိုက်ရတော့သည်။
ဓားတစ်ရာက ဒိုင်းအဖြစ် ပြောင်းလဲသွားပြီး သူ၏ အရှေ့တွင် ကာရံလိုက်လေသည်။
ဓားအလင်းတန်းများ၏ အဟကြားမှတစ်ဆင့် သူ့ထံသို့ ပြေးဝင်လာသော ပုံရိပ်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရ၏။
တစ်ကိုယ်လုံးမှာ ကြေးနီရင့်ရောင် ဖြစ်နေပြီး မျက်လုံးအိမ်များက ဟာလာဟင်းလင်း ဖြစ်နေကာ စုတ်ပြဲနေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
'ကြေးနီပါမိစ္ဆာ'
၎င်းသည် အနီးသို့ ဝုန်းခနဲ ပြေးဝင်လာပြီး လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
ဘန်း
ဓားအလင်းတန်း တစ်ရာဖြင့် ဖွဲ့စည်းထားသော ဒိုင်းဝိုင်းကြီးသည် တစ်ခဏလေးပင် မတားဆီးနိုင်ဘဲ ချက်ချင်း ရိုက်ခွဲခံလိုက်ရလေသည်။
ကြေးနီပါမိစ္ဆာ၏ ခွန်အားက သံမဏိပါမိစ္ဆာထက် ဆယ်ဆမက ပိုမိုကြီးမားပေသည်။ သူ၏ ဓားတစ်ရာမန္တန်က မည်သို့ တားဆီးနိုင်မည်နည်း။
သို့သော် တစ်ခဏခန့် နှောင့်နှေးသွားစေရန်သာ လိုအပ်ပေသည်။
ထိုတစ်ခဏအတွင်းမှာပင် ချူလျန်သည် နောက်ထပ် ဓားတစ်လက်ဖြစ်သော ဝူချန်ဓားကို ထုတ်ဖော်လိုက်ပြီ ဖြစ်လေသည်။
'ရေခဲ၊ မီး၊ မိုးကြိုး'
ဝူချန်ဓားပေါ်တွင် တိမ်တိုက်များ လည်ပတ်နေပြီး မျက်တောင်တစ်ခတ်အတွင်း အဆောင်စာလုံး သုံးလုံးကို ရေးဆွဲလိုက်ကာ အရောင်သုံးရောင်ရှိသော အလင်းတန်းများနှင့်အတူ ပျံသန်းသွားလေသည်။ ၎င်း၏ အရှိန်အဝါမှာ အလွန် ကြီးမားလှပေသည်။
"ဝုန်း"
ဓားအလင်းတန်းများ ရောက်လာချိန်တွင် ကြေးနီပါမိစ္ဆာသည် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
ဘုန်း…
ပြင်းထန်သော ပေါက်ကွဲသံကြီးက ကန်စပ်တစ်လျှောက် ပဲ့တင်ထပ်သွားပြီး မိုးကြိုးအလင်းတန်းများနှင့် မီးတောက်များသည် ခဏတာမျှ တောက်ပသွား၏။
ဝူချန်ဓားသည် ကြေးနီပါမိစ္ဆာ၏ အနောက်ဘက်တွင် ပေါ်လာချိန်၌ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ မူလနေရာတွင် ရပ်တန့်နေပြီ ဖြစ်လေသည်။
တစ်ကိုယ်လုံးတွင် ရေခဲလွှာများ ဖုံးလွှမ်းနေပြီး ရင်ဘတ်တွင်မူ အမည်းရောင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေချေပြီ။
'ရေခဲနဲ့မီးက ကာကွယ်မှုကို ဖျက်ဆီးပြီး မိုးကြိုးက မကောင်းဆိုးဝါးကို သတ်ဖြတ်တာပဲ'
'ရေခဲ၊ မီး၊ မိုးကြိုး အဆောင်ဓားသုံးလက်'
'တစ်ချက်တည်းနဲ့ အပြတ်ရှင်းတာပဲ'
လောကရှိ ထိပ်တန်း ဓားသွန်းလုပ်သူများ ဖန်တီးထားသော ဝူချန်ဓားနှင့် ပေါင်းစပ်လိုက်သောအခါ ဤဓားချက်၏ အစွမ်းအစမှာ ရွှီဇီယန်၏ အကြည့်များထဲတွင်ပင် အံ့အားသင့်မှုများ ပေါ်လာစေခဲ့လေသည်။
'သတ်ဖြတ်နိုင်စွမ်းက တော်တော်ပြင်းထန်တာပဲ'
ကြေးနီပါမိစ္ဆာ၏ ခန္ဓာကိုယ်ကို ဓားတစ်ချက်တည်းဖြင့် ဖောက်ထွင်းရန် သူကိုယ်တိုင်လည်း ခက်ခဲမည်မဟုတ်ကြောင်း သိထား၏။
သို့သော် သူ၏ ကျင့်ကြံမှုအဆင့်က မည်မျှရှိပြီး ချူလျန်၏ ကျင့်ကြံမှုအဆင့်က မည်မျှရှိသနည်း။
ဤသို့ဆိုလျှင် တစ်နေ့နေ့၌ အဆင့်တူဖြစ်လာပါက ချူလျန်၏ တိုက်ခိုက်နိုင်စွမ်းက သူ့ကို အပြတ်အသတ် ဖိနှိပ်နိုင်မည် မဟုတ်လော။
ရွှစ်
ဓားအလင်းတန်း တစ်တန်း ပြန်လည်ရောက်ရှိလာပြီး ချူလျန်သည် ဝူချန်ဓားကို သိမ်းဆည်းလိုက်ကာ တည်ငြိမ်အေးချမ်းစွာ ရပ်နေလေသည်။
စောစောက သူ၏ စွမ်းရည်ပြသမှုအတွက် သူ လုံးဝ အံ့သြမနေခဲ့ပေ။
သူ၏ ကျင့်ကြံမှုသည် တတိယအဆင့်တွင်သာ ရှိသေးသော်လည်း သူ အသုံးပြုခဲ့သည်မှာ သာမန် တတိယဆင့်များ လုံးဝ မတတ်မြောက်နိုင်သော အဆောင်ဓားမန္တန်ဖြစ်ပြီး ယင်သဘာဝရှိသော အရာများကို အဖိနှိပ်နိုင်ဆုံးသော အဆောင်သုံးခု ဖြစ်လေသည်။
ထို့အပြင် သူ၏ ဓားပျံသည်လည်း သာမန် တတိယအဆင့်များ ပိုင်ဆိုင်နိုင်သည့် အဆင့်မျိုးမဟုတ်ဘဲ ကမ္ဘာမြေ ရတနာတစ်သောင်း မှတ်တမ်း၏ ထိပ်တန်းစာရင်းတွင် ပါဝင်နိုင်ပေသည်။
သူ၏ စစ်မှန်သောချီများသည်လည်း ပြီးပြည့်စုံသော ချီလှည့်ပတ်မှု၏ ကြီးမားလှသော ထောက်ပံ့မှုအောက်တွင် သာမန် တတိယအဆင့်များထက် များစွာ ပိုမိုအားကောင်းနေပေသည်။
ဤအရာသုံးခု ပေါင်းစပ်သွားသောအခါ ပေါက်ကွဲအား အလွန်ပြင်းထန်ပုံရသော ဤဓားချက်သည် သူ့အတွက်မူ အလွန် ပေါ့ပါးလွယ်ကူနေလေသည်။
ရွှီဇီယန်မှာမူ စောစောက ဓားချက်၏ အသေးစိတ် အချက်အလက်များကို ပြန်လည် စဉ်းစားနေပုံရကာ မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ပေါ်လွင်နေ၏။
ချန်စုမှာမူ ပါးစပ်ပင် မပိတ်နိုင်တော့ဘဲ သူမ၏ အံ့အားသင့်နေသော အမူအရာကို လုံးဝ ဖုံးကွယ်မထားနိုင်ချေ။
ရှန်ဇီလျန်၏ မျက်နှာမှာမူ ပြာနှမ်းနေပြီး အရာအားလုံး ပျက်စီးသွားသကဲ့သို့ ခံစားနေရလေသည်။ အစပိုင်းက စိတ်ထဲတွင် နှိုင်းယှဉ်ကြည့်ခဲ့စဉ် ချူလျန်၏ ကျင့်ကြံမှုသည် အဖတ်လုပ်ရန်ပင် မတန်ဟု သူ ထင်မှတ်ခဲ့သည် မဟုတ်လော။
အခုမှ အချိန်ဘယ်လောက်မှ မကြာသေးခင်မှာတင် သူသည် ယှဥ်၍ပင်မရနိုင်သော အခြေအနေအား မည်ကဲ့သို့ ရောက်သွားပါသနည်း။
စောစောက ကျန်းယန်ကြေးမုံပြင်သာ မရှိပါက သူသည် သံမဏိပါမိစ္ဆာတစ်ကောင်ကို ကိုင်တွယ်ရန်ပင် အတော်လေး အားစိုက်ခဲ့ရမည် ဖြစ်၏။
သို့သော် ချူလျန်၏ ပေါ့ပေါ့ပါးပါး ဓားတစ်ချက်တည်းက ကြေးနီပါမိစ္ဆာကို ချက်ချင်း အပြတ်ရှင်းသွားခဲ့သည်။ ဤကိစ္စကို သေချာစဉ်းစားကြည့်ရန်ပင် မရဲတော့ချေ။
တခဏမျှ တိတ်ဆိတ်သွား၏။
နောက်ဆုံးတွင် ရွှီဇီယန်က ခေါင်းလှည့်ကာ ရှန်ဇီလျန်ကို ကြည့်၍ မေးလိုက်လေသည်။
"မင်း စောစောက ဘာပြောလိုက်တာလဲ"
"အာ... ဟီးဟီး..."
ရှန်ဇီလျန်သည် ခေါင်းကုတ်ကာ အရှက်ပြေ ရယ်မောရင်း ပြောလိုက်လေသည်။
"ဒီနေရာမှာ လေတိုက်တာ တော်တော်ကြမ်းတယ်လို့ ကျုပ် ပြောလိုက်တာပါ..."