← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း (၁၇၆) - ကျုပ် လင်းယုန်ပေါ် မရောက်သေးဘူးဗျ

ညအချိန်သို့ ရောက်ရှိလာ၏။

မီးပုံဘေးတွင် လူလေးယောက် ဝိုင်းထိုင်နေကြသည်။

ရွှီဇီယန်က မျက်နှာထား တည်တင်းစွာဖြင့် စကားဆိုလာ၏။

"ဒီနေ့ကိစ္စတွေက နည်းနည်း ပုံမှန်မဟုတ်ဘူး…ထုံးစံအရဆိုရင် အင်မော်တယ်စိမ့်မြေရဲ့ အပြင်ဘက်ပိုင်းမှာ သာမန် သံပါမိစ္ဆာတွေပဲ ရှိတတ်တာ”

“ အတွင်းပိုင်းကို တဖြည်းဖြည်း ဝင်သွားမှသာ ကြေးပါမိစ္ဆာ၊ ငွေပါမိစ္ဆာတွေကို တွေ့ရလေ့ရှိတယ်…”

“ရွှေပါမိစ္ဆာဆိုတာ အင်မော်တယ်စိမ့်မြေရဲ့ အနက်ရှိုင်းဆုံးနေရာမှာပဲ ရှိတာမျိုးလေ.. ပုံမှန်အခြေအနေမှာဆိုရင် သူတို့ရဲ့ သက်ဆိုင်ရာ နယ်မြေတွေက ပြောင်းလဲလေ့ မရှိဘူး"

"ဒါဆိုရင် ကျုပ်တို့ ဒီနေ့..."

ရှန်ဇီလျန်က နားမလည်နိုင်စွာ ဆိုလေသည်။

"ဟုတ်တယ်…ငါတို့ဒီနေ့ ကြေးပါမိစ္ဆာနဲ့ သံပါမိစ္ဆာကို တစ်ပြိုင်တည်း တွေ့ခဲ့ရတယ်”

“ဒါက အင်မတန် ရှားပါးတဲ့ အခြေအနေပဲ"

ရွှီဇီယန်က မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဆက်ပြောလေ၏။

"အရင်ကဆိုရင် ကပ်ဘေးပါမိစ္ဆာ ပေါ်ထွက်လာတဲ့ နှစ်တွေမှာမှ အတွင်းပိုင်းက ပါမိစ္ဆာတွေဟာ မွေးရာပါ အကြောက်တရားကြောင့် တစ်ပြိုင်နက်တည်း အပြင်ကို ထွက်ပြေးတတ်ကြတာ”

“ ရက်စက်ကြမ်းကြုတ်တဲ့ ပါမိစ္ဆာအမြောက်အမြား အပြင်ဘက်ကို ထွက်ပေါ်လာတာကလည်း ကပ်ဘေးပါမိစ္ဆာ ပေါ်ထွက်လာခြင်းရဲ့ ကြီးမားတဲ့ ဖျက်ဆီးမှုတွေထဲက တစ်ခုပဲ"

ကပ်ဘေးပါမိစ္ဆာတစ်ကောင်ဆိုလျှင်ပင် သေချာပေါက် သာမန်ကိစ္စ မဟုတ်ပေ။

၎င်းတွင် သတ္တမအဆင့်နှင့် ညီမျှသော စွမ်းအားရှိ၏။

မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့တွင် သတ္တမအဆင့် သိုင်းပညာရှင်များ မရှားပါးသော်လည်း၊ လောကရှိ သိုင်းပညာရှင်များသည် မည်သည့်ဂိုဏ်းမှဖြစ်စေ၊ နတ်ဆိုးမိစ္ဆာများပင်ဖြစ်စေ ထိုအဆင့်သို့ ရောက်ရှိသွားသည်နှင့် တစ်ပြိုင်နက် ကန့်သတ်ချက်အချို့ ရှိလာတတ်ကြသည်။

သူတို့သည် တရားမျှတမှုဖြစ်စေ၊ ဆိုးယုတ်မှုဖြစ်စေ စည်းကမ်းတကျရှိစေရန် အချို့သော စည်းမျဉ်းများကို လိုက်နာရပေသည်။

သို့သော် ကပ်ဘေးပါမိစ္ဆာကမူ ကွဲပြားချေသည်။

၎င်းသည် သတ်ဖြတ်ရန်အတွက်သာ မွေးဖွားလာခြင်းဖြစ်ပြီး တစ်ခုတည်းသော ရည်မှန်းချက်မှာ သက်ရှိများ၏ သွေးချီများကို စုပ်ယူရန်သာ ဖြစ်၏။

ဤကဲ့သို့ ထင်တိုင်းကြဲတတ်သော သတ္တမအဆင့် တစ်ကောင်တည်းရှိရုံဖြင့် ကြီးမားလှသော သတ်ကြေပျက်စီးမှုများကို ဖြစ်ပေါ်စေနိုင်ပေသည်။

မြို့များကို သတ်ဖြတ်ပြီး နိုင်ငံများကို ဖျက်ဆီးရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်တော့မည် ဖြစ်ချေ၏။

"ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်ကမှ ကပ်ဘေးပါမိစ္ဆာ တစ်ကြိမ် ပေါ်လာခဲ့တာလေ”

“ယုတ္တိကျကျ တွေးကြည့်မယ်ဆိုရင် ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ နောက်ထပ် ကပ်ဘေးပါမိစ္ဆာအသစ်တစ်ကောင် ထပ်မွေးဖွားလာဖို့ဆိုတာ မလုံလောက်နိုင်ဘူး"

ရွှီဇီယန်က ထပ်ပြောလိုက်၏။

ယခုအကြိမ်တွင် သူက အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာခြင်းဖြစ်ရာ ကျန်သုံးဦး၏ လုံခြုံရေးအတွက် တာဝန်ယူရမည်ဖြစ်သောကြောင့် စဉ်းစားစရာများစွာ ရှိနေလေသည်။

"တိုက်ဆိုင်မှုတစ်ခု သက်သက်လည်း ဖြစ်နိုင်တာပဲ မဟုတ်လား"

ရှန်ဇီလျန်က ရယ်မောကာ ပြောလိုက်၏။

"နောက်ပိုင်းလည်း ကျုပ်တို့ ပါမိစ္ဆာတွေနဲ့ ထပ်မတွေ့တော့ဘူးလေ"

"အင်း၊ ဆက်ပြီး စောင့်ကြည့်ကြတာပေါ့…အကယ်လို့ အတွင်းပိုင်းက ပါမိစ္ဆာတွေ အပြင်ထွက်လာတဲ့ လက္ခဏာတွေကို သေချာပေါက် တွေ့ရမယ်ဆိုရင်တော့ ငါတို့ ချက်ချင်း ပြန်ကြမယ်"

ရွှီဇီယန်က ပြတ်သားစွာ ပြောလိုက်၏။

အကယ်၍ ရွှေပါမိစ္ဆာတစ်ကောင် အပြင်ဘက်သို့ ရောက်ရှိလာပါက သူကိုယ်တိုင်ပင် ရင်ဆိုင်နိုင်မည်မဟုတ်ကြောင်း သိထားလေသည်။

"ဒါပေမဲ့ ကျုပ်တို့က အင်မော်တယ်တက်လှမ်းခြင်းမြက်ပင်ကို ရှာချင်တယ်ဆိုရင် အင်မော်တယ်စိမ့်မြေ တစ်ခုလုံးကို ပတ်သွားနေရမှာ မဟုတ်ဘူးလားဗျ...”

ချူလျန်က နားမလည်နိုင်စွာ မေးလိုက်၏။

နေ့ခင်းဘက်ကတည်းက ဤမေးခွန်းနှင့် ပတ်သက်၍ သူ သိချင်နေခဲ့ခြင်း ဖြစ်သည်။

"မလိုပါဘူး"

ဘေးရှိ ချန်စုက ရွှီဇီယန်ကိုယ်စား ရှင်းပြလိုက်၏။

"အင်မော်တယ်တက်လှမ်းခြင်းမြက်ပင်က တခြား ကမ္ဘာမြေရတနာတွေနဲ့ လုံးဝ မတူဘူး… ပုံမှန်အားဖြင့် စိတ်ဝိညာဉ်အပင်တွေမှာ အကျိုးအမြတ်ကို ရှာပြီး အန္တရာယ်ကို ရှောင်ရှားတတ်တဲ့ ဗီဇရှိကြတယ်”

“ လူသူကင်းမဲ့တဲ့ နေရာမှာပဲ ပေါက်ရောက်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဆန်းကြယ်တဲ့ စွမ်းအင်တွေ ဖန်တီးတတ်ကြတယ်…ဒါပေမဲ့ အင်မော်တယ်တက်လှမ်းခြင်းမြက်ပင်ကတော့ လုံးဝ ဆန့်ကျင်ဘက်ပဲ”

“ အကယ်လို့ သူသာ ရှိနေမယ်ဆိုရင် လူတွေရဲ့ အငွေ့အသက်ရှိတဲ့ဆီကို ရွေ့လျားလာလိမ့်မယ်…”

“တကယ်လို့များ ရှိနေခဲ့ရင် ငါတို့ အင်မော်တယ်စိမ့်မြေရဲ့ အတွင်းပိုင်းအထိ ဝင်သွားစရာ မလိုဘဲ အပြင်ဘက်မှာ တစ်ပတ်လောက် လှည့်ပတ်နေရုံနဲ့တင် သူကိုယ်တိုင် ငါတို့အနီးအနားကို ရောက်လာလိမ့်မယ်...”

"အင်မော်တယ်တက်လှမ်းခြင်းမြက်ပင်က ရွေ့လျားနိုင်တယ်ပေါ့….ပြီးတော့ လူတွေဆီကို တမင်သက်သက် ချဉ်းကပ်လာတယ်ပေါ့လေ...”

ရှန်ဇီလျန်သည်လည်း အနည်းငယ် အံ့သြသွား၏။

"ဒါက လုံးဝကို..."

"လူတွေစားဖို့ သီးသန့်ဖြစ်တည်လာသလိုမျိုးပဲ...”

ချူလျန်က ဝင်ထောက်လိုက်သည်။

"မှန်တယ်"

ချန်စုက ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်၏။

"အင်မော်တယ်တက်လှမ်းခြင်းမြက်ပင်ဟာ ပတ်ဝန်းကျင်က အပင်တွေကို အာဟာရဖြစ်စေပြီး လူတွေရဲ့ ရွှေအမြုတေကို အဆင့်မြင့်တင်ပေးနိုင်တယ်… သူက အကြင်နာတရားအရှိဆုံး ကမ္ဘာမြေရတနာပါပဲ...”

“အမှန်ပဲ...”

ချူလျန်က သဘောတူလိုက်၏။

ဤသို့ပြောရလျှင် အင်မော်တယ်တက်လှမ်းခြင်းမြက်ပင်ကို ဂုဏ်ပြုဆုတံဆိပ်ပင် ပေးသင့်နေပြီ ဖြစ်ချေသည်။

အချိန်အနည်းငယ်ကြာ စကားစမြည်ပြောပြီးနောက် ရွှီဇီယန်က ဘေးရှိ ရွှေတောင်ပံလင်းယုန်ကို လက်ညှိုးထိုးပြလိုက်၏။

"ဒီည ငါ အပြင်ဘက်မှာ ကင်းစောင့်မယ်.. မင်းတို့သုံးယောက် အလှည့်ကျ နားကြ…နှစ်နာရီတစ်ကြိမ် တစ်ယောက်အလှည့်ကျ ငါနဲ့အတူ ညကင်းစောင့်ရမယ်...”

"ဟီးဟီး၊ ကျုပ် နားစရာ မလိုပါဘူး"

ရှန်ဇီလျန်က သူ၏စွမ်းရည်ကို ပြသရန် အခွင့်အရေးရသွားသဖြင့် ရင်ဘတ်ကိုပုတ်ကာ ကျယ်လောင်စွာ ပြောလိုက်၏။

"ဂိုဏ်းတူအစ်ကိုရွှီ၊ ကျုပ် ခင်ဗျားနဲ့အတူ တစ်ညလုံး ကင်းစောင့်ပါ့မယ်...”

"မရဘူး...”

ရွှီဇီယန်က မျက်နှာသေဖြင့် ခေါင်းယမ်းကာ ငြင်းဆိုလိုက်ပြီး ပြင်းထန်သော လေသံဖြင့် သတိပေးလိုက်၏။

"မင်းတို့က စိတ်ဝိညာဉ်အသိအမြင်အဆင့်ပဲ ရှိသေးတာ…အချိန်အကြာကြီး မနားဘဲနေရင် စွမ်းအင်နဲ့ စိတ်ဝိညာဉ်တွေ ကုန်ခမ်းသွားလိမ့်မယ်”

“ ရှုတောင်ပေါ်မှာဆိုရင်တော့ ကိစ္စမရှိပေမဲ့ ဒီလို အန္တရာယ်တွေ ဖုံးလွှမ်းနေတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း အကောင်းဆုံး အခြေအနေမှာ ရှိနေဖို့ လိုအပ်တယ်"

"ဟုတ်ကဲ့ပါ၊ ဟုတ်ကဲ့ပါ"

ရှန်ဇီလျန်သည် မျက်နှာချိုသွေးရာမှ အဆင်မပြေဖြစ်သွားသဖြင့် အလျင်အမြန် ကုပ်ကုပ်လေး သဘောတူလိုက်ရ၏။

သို့သော်လည်း သူ၏ တက်ကြွသော စိတ်နေသဘောထားကြောင့် ရွှီဇီယန်နှင့်အတူ ညကင်းစောင့်ရန် ပထမဆုံး အလှည့်ကို ရရှိခဲ့ပေသည်။ ရှန်ဇီလျန်၏ စိတ်ထဲတွင် အနည်းငယ် ရွှင်မြူးသွားပြီး ခဏနေလျှင် သူ၏ ယောက္ခဖလောင်းနှင့် မည်သို့မည်ပုံ ရင်းနှီးစွာ စကားပြောကာ သူ၏ ကောင်းကွက်များကို "မတော်တဆ" သိရှိသွားစေရန် တိတ်တဆိတ် စီစဉ်နေလေသည်။

အခြားတစ်ဖက်တွင်မူ ရွှေတောင်ပံလင်းယုန်သည် ခြေသည်းများကို ကွေးကာ ငုံ့နေပြီး တောင်ပံနှစ်ဖက်ကို အနည်းငယ် ဖြန့်ထားသဖြင့် ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် လူဆယ်ဂဏန်းခန့် အတူတကွ လဲလျောင်းအနားယူရန် လုံလောက်သော နေရာကျယ်ကြီးတစ်ခုကို ဖန်တီးပေးထား၏။

ထို့ပြင် ရွှေတောင်ပံလင်းယုန်၏ ကာကွယ်မှု ရှိနေသဖြင့် အမှန်တကယ်တော့ အပိုကင်းစောင့်ရန် မလိုအပ်ပေ။

ရွှီဇီယန်က သူတို့ကို အလှည့်ကျ ကင်းစောင့်ခိုင်းခြင်းမှာ အများအားဖြင့် အတွေ့အကြုံရစေရန် ရည်ရွယ်ချက်ကြောင့် ဖြစ်ပေမည်။

ချန်စုနှင့် ချူလျန်တို့က ခေတ္တမျှ ဘေးတစ်ဖက်စီသို့ ဝင်ရောက်သွားကြပြီး ရှန်ဇီလျန်နှင့် ရွှီဇီယန်တို့သာ တစ်ဖက်တစ်ချက်စီတွင် ထိုင်ကာ ကင်းစောင့်ကျန်ရစ်ခဲ့ကြသည်။

ချူလျန်သည် ရွှေတောင်ပံလင်းယုန်၏ တောင်ပံအောက်တွင် လုံခြုံမှုကို အပြည့်အဝ ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် ဤသည်က စိတ်ဝိညာဉ်သားရဲကို အသုံးပြုပုံအသစ်တစ်ခု ဖြစ်ကြောင်းကိုလည်း တွေးမိလိုက်သည်။

'နောက်ပိုင်း ငါ တောထဲထွက်လာရင် ညဘက် ရွှေမွေးဟူကို မှီပြီး အိပ်လို့ရမလားပဲ'

ပြန်တွေးကြည့်လျှင်မူ မဖြစ်နိုင်ကြောင်း သူ သိလိုက်သည်။

'ခေါင်းကြီးက ဟောက်သံပြင်းပြင်းနဲ့ အာငွေ့ကလည်း နံစော်နေတာ… သူ့ဘေးမှာ အိပ်ပျော်ဖို့ဆိုတာ သိပ်ကို ခက်ခဲလိမ့်မယ်”

“ အိပ်မက်ယောင်ရင်း သူ တစ်ဖက်ကို လှည့်လိုက်ရင် ငါ့ကို ဖိသတ်မိသွားနိုင်တယ်…အဲဒါဆို သိပ် တွက်ခြေမကိုက်ဘူး'

...

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေ၏။

ချူလျန်သည် ချက်ချင်း အိပ်မပျော်သေးဘဲ သူ၏ စိတ်ဝိညာဉ်အာရုံကို နစ်မြုပ်လိုက်ကာ စေတီတော်ဖြူအတွင်းသို့ ရောက်ရှိသွားလေသည်။ ထို့နောက် သူတို့ သတိမထားမိချိန်တွင် မိမိကိုယ်ကို တိတ်တဆိတ် ဆုချရန် ပြင်ဆင်လိုက်၏။

စေတီတော်ဖြူအတွင်း၌ ခေါင်းကြီးရုပ်သေးရုပ်မှ ထွက်ပေါ်လာသော မြူခိုးများမှာ နေရာအနှံ့ ပျံ့နှံ့နေပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံထားလုနီးပါး ဖြစ်နေသည်။

ကြေးပါမိစ္ဆာ၏ ပုံရိပ်ယောင်ကမူ ထိုနေရာတွင် အကျဉ်းချခံထားရသကဲ့သို့ တိတ်ဆိတ်စွာ ရှိနေပြီး ၎င်းတို့၏ ဝမ်းနည်းဝမ်းသာ ခံစားချက်များမှာ အလွန်ကွာခြားလှသည်။ ချူလျန်က ရှေ့သို့ တက်သွားကာ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ "သန့်စင်ခြင်း" ဟူသော စာလုံးကို နှိပ်လိုက်လေသည်။

ဝုန်း...

အလင်းရောင်တစ်ခု လက်သွားပြီး ပါးလွှာသော အလင်းဖြူတစ်တန်း လွင့်ပျံလာ၏။

[ကြေးပါမိစ္ဆာအဆောင်]- အသုံးပြုသူအား ကြေးပါမိစ္ဆာ၏ စွမ်းအားများကို ရရှိစေပြီး ၎င်းနှင့်တူညီသော မာကျောသည့် ခန္ဓာကိုယ်၊ ကြီးမားသည့် စွမ်းအားနှင့် လျင်မြန်သည့် အရှိန်အဟုန်တို့ကို နှစ်နာရီကြာ ရရှိစေသည်။

'ပါမိစ္ဆာအဆောင်လား'

ချူလျန်သည် မကြာသေးမီက "အဆောင်တာအို အစစ်အမှန် ရှင်းလင်းချက်ကျမ်း" ကို အသေးစိတ် လေ့လာနေခဲ့ရာ အခြေခံ အဆောင်စာလုံးများအားလုံးကို နားလည်ပြီးနောက် ရှုပ်ထွေးသော အဆောင်စာလုံးအချို့ကိုလည်း စတင် ထိတွေ့ပြီး သင်ယူလာနိုင်ခဲ့ပြီ ဖြစ်သည်။

သူသိထားသလောက် ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင် ပါမိစ္ဆာအမည်ဖြင့် မှည့်ခေါ်ထားသော မန္တန်အဆောင်ဟူ၍ တစ်ခုမျှ မရှိခဲ့ပေ။

တစ်ခါတစ်ရံတွင် စေတီတော်ဖြူအတွင်းရှိ ဤမျှများပြားသော အရာများက မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု သူ တွေးတောမိတတ်သည်။ ၎င်းက သူနှင့်တူပြီး ဤကမ္ဘာမြေနှင့် မသက်ဆိုင်သည်များ ဖြစ်နေမည်လောဟု တွေးမိသည်။

ဤအဆောင်၏ အာနိသင်မှာ ရိုးရှင်းပြတ်သားပုံရပြီး ကြေးပါမိစ္ဆာတစ်ကောင်၏ စွမ်းအား၊ အရှိန်အဟုန်နှင့် ခုခံကာကွယ်မှုတို့ကို အပြည့်အဝ မြှင့်တင်ပေးနိုင်ခြင်းပင် ဖြစ်၏။ ယခင်က ချူလျန်ရရှိခဲ့သော ဝိညာဉ်ကြောင် ခုန်ပျံအဆောင်နှင့် ယှဉ်လျှင် ဘက်စုံစွမ်းရည် တိုးတက်မှုဟု ဆိုနိုင်ပေသည်။

ထို့ပြင် ကြေးပါမိစ္ဆာအဆောင်က...

ဤသည်က သူ့ကို စိတ်ကူးယဉ်စရာများ ဖြစ်လာစေသည်။

'နောင်တစ်ချိန် ရွှေပါမိစ္ဆာတစ်ကောင်ကို သတ်လိုက်ရင်ရော ရွှေပါမိစ္ဆာအဆောင် ရလာမလား…တကယ်လို့ ကပ်ဘေးပါမိစ္ဆာ တစ်ကောင်ကို သတ်လိုက်ရင်ကော...'

"ဟင်"

သူ ငေးမောနေစဉ် အဝေးမှ တရှပ်ရှပ်မြည်သံတစ်ခု ထွက်ပေါ်လာသဖြင့် ချူလျန် မတ်တတ်ထရပ်လိုက်၏။

သူ မတ်တတ်မရပ်ခင်မှာပင် ရွှီဇီယန်က လေထဲသို့ ခုန်တက်သွားပြီး အော်ဟစ်လိုက်လေသည်။

"ပါမိစ္ဆာတွေ လာနေပြီ...”

ရွှေတောင်ပံလင်းယုန်က မတ်မတ်ရပ်ကာ တောင်ပံများကို ဖြန့်ကားလိုက်၏။ ဤတောင်ပံတစ်စုံသည် ၎င်း၏ ပျံသန်းရန် အားထားရာသာမက၊ အထက်မြက်ဆုံး လက်နက်လည်း ဖြစ်ပေသည်။ မည်သည့်အရာမဆို ဖျက်ဆီးနိုင်စွမ်း ရှိချေသည်။

ရှန်ဇီလျန်နှင့် ချန်စုတို့လည်း မတ်တတ်ထရပ်ကာ ကင်းစောင့်လိုက်ကြသည်။

ထို့နောက်တွင် ကြေးပါမိစ္ဆာ၊ သံပါမိစ္ဆာများ အပါအဝင် အရိပ်မည်းများစွာသည် ဘေးတစ်ဖက်စီမှ ဖြတ်ပြေးသွားကြသည်ကို မြင်တွေ့လိုက်ရသည်။ လေခွင်းသံများ တရွှီရွှီ ထွက်ပေါ်နေသော်လည်း သူတို့ကို တိုက်ခိုက်ခြင်းမရှိဘဲ ဘေးတစ်ဖက်စီမှ ရှေ့သို့ တိုက်ရိုက် ပျံသန်းသွားကြခြင်း ဖြစ်လေသည်။

"အယ်...”

ဝိညာဉ်အသိအမြင်အဆင့် သုံးဦး၏ ပထမဆုံး တုံ့ပြန်မှုမှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားခြင်းပင်။ ပါမိစ္ဆာများသည် သွေးချီကို မွေးရာပါ လိုလားတောင့်တမှု ရှိကြရာ၊ ယခုကဲ့သို့ အနီးကပ် ရှိနေပါလျက် တိုက်ခိုက်ခြင်း မပြုကြသည်မှာ အံ့သြစရာပင် မဟုတ်ပါလော။

သို့သော် ရွှီဇီယန်က ထိုအခြေအနေကို မြင်လိုက်သောအခါ မျက်နှာချက်ချင်း ပျက်သွားလေသည်။

"ပါမိစ္ဆာတွေကို သွေးချီရဲ့ ဆွဲဆောင်မှုကနေ လျစ်လျူရှုနိုင်စေတာက ပိုအဆင့်မြင့်တဲ့ ပါမိစ္ဆာပဲ ရှိနိုင်တယ်"

သူက အော်ဟစ်လိုက်၏။

"ဒီနေရာမှာ သေချာပေါက် အပြောင်းအလဲတစ်ခု ဖြစ်နေပြီ… ရွှေတောင်ပံလင်းယုန်ပေါ် တက်ကြ၊ ငါတို့ အင်မော်တယ်စိမ့်မြေကနေ ထွက်ခွာကြမယ်...”

ရွှေတောင်ပံလင်းယုန်၏ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်မတ်သွားပြီး ဓားလှံများ စိုက်ထူထားသကဲ့သို့ ဖြစ်သွားကာ၊ စူးရှသော မျက်လုံးတစ်စုံသည် အဝေးရှိ ကောင်းကင်ယံ၏ အမှောင်ထုကို ထိုးဖောက်ကြည့်ရှုနေလေသည်။

ရန်လိုမှုများ ထင်ရှားစွာ ပေါ်လွင်နေ၏။

ရွှစ်...

နောက်တစ်ခဏတွင် ထိုနေရာမှ ရွှေရောင်အလင်းတန်းတစ်ခု အမြီးတန်းလျက် ဝင်ရောက်လာလေသည်။

"ရွှေပါမိစ္ဆာပဲ.. သူတို့ကို ချက်ချင်း ခေါ်သွားတော့...”

ရွှီဇီယန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ပျံလွှားဓားကို ထုတ်ယူကာ ဆီးကြိုတိုက်ခိုက်လိုက်လေသည်။

ဆဋ္ဌမအဆင့်နှင့် ညီမျှသော စွမ်းအားရှိသည့် ရွှေပါမိစ္ဆာက ဤနေရာတွင် ရုတ်တရက် ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။

"ဂါး..."

ရွှေတောင်ပံလင်းယုန်သည် အမိန့်ကို ချက်ချင်း လက်ခံလိုက်ကာ အသံရှည်ကြီး အော်ဟစ်လိုက်ပြီး၊ အောက်တွင်ရှိနေသော ချူလျန်နှင့် ချန်စုတို့ကို ခြေသည်းများဖြင့် ဆုပ်ကိုင်၍ လှည့်ထွက်ကာ ပျံသန်းရန် ပြင်လိုက်လေသည်။

ရှန်ဇီလျန်သည် အနည်းငယ် ဝေးသောနေရာတွင် ရှိနေသဖြင့် အပြင်းအထန် အပြေးအလွှား ရောက်လာရန် ကြိုးစားနေသော်လည်း၊ ရွှေတောင်ပံလင်းယုန် ပျံသန်းသွားပါက သူ မည်သို့မျှ မီနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ရွှေတောင်ပံလင်းယုန်က သူ့ကို ကျောပေါ်တက်ရန် စောင့်ဆိုင်းရင်း နေရာတွင် အနည်းငယ် ရပ်တန့်နေလိုက်၏။

သို့သော် ဤသို့ အနည်းငယ် ရပ်တန့်လိုက်သည့် အခိုက်အတန့်တွင် ထိုဘက်မှ ပြင်းထန်သော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ရွှီဇီယန်၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်လာလေသည်။

ဝုန်း...

အမှန်တကယ်တော့ ထိုရွှေရောင်အလင်းတန်းသည် အဝေးကောင်းကင်မှ ပျံသန်းလာစဉ် ရွှီဇီယန်သည် ဓားကို ထုတ်ယူလိုက်ပြီး လက်ကို မြှောက်လိုက်သည်နှင့် ကြမ်းတမ်းပြင်းထန်လှသော ကောင်းကင်ဓားမန္တန်တစ်ခု ထွက်ပေါ်လာခဲ့ခြင်း ဖြစ်၏။

သေရေးရှင်ရေး အင်အားကြီးသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် စမ်းသပ်မှုများ မလုပ်တော့ဘဲ အစကတည်းက အပြင်းထန်ဆုံး တိုက်ခိုက်မှုဖြင့် စတင်ခဲ့ခြင်းပင်။

သူ အသုံးပြုလိုက်သော ကောင်းကင်ဓားမန္တန်မှာ ပဉ္စမအဆင့် ကျင့်ကြံခြင်းအဆင့်ရှိနေပြီ ဖြစ်ရာ ယခင်နေ့က ကျန်းယွဲ့ပိုင် အသုံးပြုခဲ့သည်ထက် ပိုမို အားကောင်းနေလေသည်။

တဝုန်းဝုန်း မြည်ဟည်းသံများကြားတွင် ဆယ်ကျန်းခန့် ရှည်လျားသော ဧရာမဓားအလင်းတန်းကြီးသည် ပျံသန်းလာသော ရွှေရောင်အလင်းတန်းကို ဦးတည်၍ ခုတ်ချလိုက်လေသည်။ ထို့နောက် အချင်းချင်း တိုက်မိသွားကြ၏။

ပြင်းထန်သော ပေါက်ကွဲမှုလှိုင်းများ ရုတ်တရက် ပြန့်နှံ့သွားပြီး ကောင်းကင်ဓားမန္တန်ကို ဖျက်ဆီးပစ်လိုက်ကာ ရွှီဇီယန်လည်း ကျန်းဆယ်ဂဏန်းခန့် အဝေးသို့ လွင့်စင်သွားလေသည်။

အနီးအနားတွင် ရှိနေသော ရှန်ဇီလျန်သည်လည်း ရုတ်တရက် လွင့်စင်သွားခဲ့၏။ သူသည် အကြိမ်အနည်းငယ် လိမ့်ကျသွားပြီးမှသာ ရပ်တန့်သွားလေသည်။

ရွှစ်...

သို့သော် တစ်ခဏမျှသာ ရပ်တန့်သွားပြီးနောက် ထိုရွှေရောင်အလင်းတန်းသည် ထပ်မံ၍ ပြင်းထန်စွာ ထွက်ပေါ်လာကာ ရွှေတောင်ပံလင်းယုန်ဆီသို့ ပျံသန်းလာလေသည်။

စောစောက ပေါက်ကွဲမှုသည် ၎င်းကို အနည်းငယ်မျှပင် ဒဏ်ရာမရစေခဲ့ပေ။

ဤနေရာတွင် ရွှေတောင်ပံလင်းယုန်သာလျှင် ၎င်းလိုက်မမီနိုင်သည့် အရာဖြစ်ကြောင်း သိနေပုံရသည်။ ၎င်းကိုသာ အရင်ဆုံး ရှင်းလင်းလိုက်ပါက ဤလူများထဲမှ တစ်ဦးတစ်ယောက်မျှ ပြေးလွတ်မည် မဟုတ်ပေ။

"ရွှေတောင်ပံလင်းယုန်၊ ပြေးတော့...”

ရွှီဇီယန်သည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ အမိန့်ပေးလိုက်၏။

အကယ်၍ သူတစ်ယောက်တည်း ကျန်ခဲ့မည်ဆိုလျှင် လွတ်မြောက်ရန် အခွင့်အရေး မရှိသည်တော့ မဟုတ်ပေ။

သို့သော် စိတ်ဝိညာဉ်အသိအမြင်အဆင့် တပည့်အချို့နှင့် သူတစ်ပြိုင်နက်တည်း ကျန်နေခဲ့မည်ဆိုလျှင် ၎င်းက ဝန်ထုပ်ဝန်ပိုး ဖြစ်သွားနိုင်ပြီး အားလုံး အတူတကွ သေဆုံးသွားနိုင်ချေ ရှိလေသည်။

ဤရွှေပါမိစ္ဆာ၏ အရှိန်အဟုန်နှင့် စွမ်းအားမှာ စိတ်ကူးယဉ်သည်ထက်ပင် ကျော်လွန်နေပြီး အချိန်တိုင်းတွင် ကျန်ရစ်ခဲ့သော ပုံရိပ်ယောင်တစ်ခုအဖြစ်သာ မြင်တွေ့ရကာ မည်သူမျှ ၎င်း၏ ခန္ဓာကိုယ်ကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။

ရွှေတောင်ပံလင်းယုန်က အမိန့်ကို လက်ခံကာ ခုန်တက်လိုက်ပြီး လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ရွှေရောင်အလင်းတန်းအဖြစ် ပျောက်ကွယ်သွားလေသည်။ မြေပြင်ပေါ်ရှိ ရှန်ဇီလျန်မှာမူ ကုန်းရုန်းထကာ ကြိုးပြတ်နေသော ခွေးရိုင်းတစ်ကောင်ကဲ့သို့ အရူးအမူး ပြေးလိုက်သွားရင်း ပါးစပ်မှ အော်ဟစ်နေလေသည်။

"ဟေး၊ ကျုပ် လင်းယုန်ပေါ် မရောက်သေးဘူးဗျ...”

All Chapters