အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇) - ပါမိစ္ဆာအဆောင် အသုံးပြုခြင်း
အလွန်တရာ အန္တရာယ်များလှသော အခြေအနေပင် ဖြစ်ချေ၏။
ရွှီဇီယန်က ရွှေတောင်ပံလင်းယုန်ကို ချက်ချင်းပျံတက်ရန် အမိန့်ပေးလိုက်ရခြင်းမှာ ရွှေရောင်ပါမိစ္ဆာသာ အနီးသို့ကပ်လာနိုင်ပါက လင်းယုန်မှာ ထိခိုက်ဒဏ်ရာရသွားနိုင်ပြီး ထိုအချိန်ရောက်လျှင် မည်သူမျှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်သောကြောင့် ဖြစ်လေသည်။
ဤကဲ့သို့ အခြေအနေမျိုးတွင် လွတ်နိုင်သူများ အရင်လွတ်အောင် ထွက်ပြေးရမည်ဖြစ်ပြီး အချိန်အနည်းငယ်မျှပင် နှောင့်နှေးကြန့်ကြာခံ၍ မရပေ။
ပြတ်သားသော ဆုံးဖြတ်ချက်ပင် ဖြစ်၏။
သို့သော် နောက်ချန်ရစ်ခံခဲ့ရသော ရှန်ဇီလျန်မှာမူ အလွန် မျှော်လင့်ချက်မဲ့နေလေပြီ။
ရွှေတောင်ပံလင်းယုန်က သူနှင့် ခြေတစ်လှမ်းအကွာမှနေ၍ ပျံတက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ဝေးကွာသွားတော့မည်ကို ကြည့်နေရ၏... ။
အကယ်၍သာ ဤနေရာတွင် ကျန်ရစ်ခဲ့ရပါက ရွှီဇီယန်တွင် ထွက်ပြေးလွတ်မြောက်နိုင်မည့် ထူးခြားသော နတ်ဘုရားစွမ်းရည်များ ရှိကောင်းရှိနိုင်သော်လည်း သူကမူ နတ်ဘုရားများကိုသာ ကယ်မရန် ဆုတောင်းရတော့မည် ဖြစ်ချေသည်။
သူ၏ဖခင်မှာ ရှုတောင်၏ တောင်ထွတ်သခင်တစ်ဦး ဖြစ်နေလျှင်တောင်မှ ယခုတစ်ကြိမ် သူ့အတွက် ပေးလိုက်သော ကာကွယ်ရေးပစ္စည်းမှာ 'ကျန်းယန်ကြေးမုံပြင်' တစ်ခုသာဖြစ်ပြီး ဆဋ္ဌမအဆင့် ရွှေရောင်ပါမိစ္ဆာကို ကာကွယ်နိုင်မည့်အရာ မပါဝင်ပေ။
ဤအင်မော်တယ်စိမ့်မြေသို့ လာရောက်ခြင်းမှာ ရှုတောင်ဂိုဏ်း၏ ထုံးစံတစ်ခုလို ဖြစ်နေပြီး ပဉ္စမအဆင့် တပည့်များက အစောင့်အရှောက်အဖြစ် လိုက်ပါလာခြင်းမှာ လုံခြုံစိတ်ချရမှု ရှိသည်ဟု ယူဆထားခဲ့ကြ၏။ ယနေ့ကဲ့သို့ ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု မည်သူက ထင်မှတ်ထားခဲ့မည်နည်း။
အကွာအဝေးမှာ အလွန်နီးကပ်လွန်းလှသဖြင့် ချူလျန်သည် ရှန်ဇီလျန်၏ အလွန်အမင်း စိုးရိမ်ပူပန်မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကြောင့် တွန့်လိမ်သွားသော မျက်နှာပေါ်ရှိ အရေးအကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နေရ၏။
သို့သော်လည်း အနောက်ဘက်ရှိ ရွှေရောင်ပါမိစ္ဆာ၏ အကွာအဝေးမှာလည်း အလွန်နီးကပ်နေပြီး ထိုရွှေရောင် ပုံရိပ်ယောင်ထဲမှ သွေးညှီနံ့များကလည်း ပြင်းထန်စွာ တိုက်ခတ်လာလေသည်။
ထိုခဏလေးအတွင်းမှာပင် ချူလျန်ကလည်း ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချလိုက်လေသည်။
သူသည် ကိုယ်ကိုတစ်ပတ်လှည့်လိုက်ပြီး ရွှေတောင်ပံလင်းယုန်၏ ခြေသည်းများကြားမှ ရုန်းထွက်ကာ အောက်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။
အနောက်မှ အသည်းအသန် လိုက်လာသော်လည်း မီနိုင်ခြင်းမရှိသော ရှန်ဇီလျန်နှင့် အောက်သို့ တည့်တည့်မတ်မတ် ပြုတ်ကျလာသော သူတို့နှစ်ဦးသည် လေထဲတွင် ရုတ်တရက် ဖြတ်သန်းသွားကြ၏။
ရှန်ဇီလျန်၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသော အရိပ်အယောင်တစ်ခု ထင်ရှားစွာ ပေါ်ထွက်လာသည်ကို မြင်တွေ့နိုင်ပေသည်။
ပို၍ တွေးတောနေရန် အချိန်မရလိုက်ခင်မှာပင် ချူလျန်က သူ၏ အနောက်ဘက်သို့ ရောက်ရှိသွားပြီး ခန္ဓာကိုယ်ကို လှည့်ကာ လေထဲတွင် ခြေတစ်ဖက်ဖြင့် ကန်ထည့်လိုက်လေသည်။
ဘန်း...
ဤခြေကန်ချက်တွင် ချူလျန်သည် ကျားဆယ်ကောင်စာ ခွန်အားများကို အကုန်အစင် ထုတ်သုံးထားပြီး ရှန်ဇီလျန်၏ အမြီးပိုင်း ကျောရိုးပေါ်သို့ ပြင်းထန်စွာ ကန်ချလိုက်ခြင်းပင် ဖြစ်ပေသည်။
"အား..."
ရှန်ဇီလျန်က စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ခါးဆီမှ 'ကလပ်' ဟူသော အသံတစ်ခု ထွက်ပေါ်လာကာ အရိုးများ ကျိုးသွားပြီဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သို့သော် ဤခြေကန်ချက်ကြောင့်ပင် သူ၏ ပျံသန်းမှု အရှိန်အဟုန်မှာ အဆပေါင်းများစွာ တိုးတက်သွားပြီး ရွှေတောင်ပံလင်းယုန်၏ ခြေသည်းများနှင့် တိုက်မိသွားကာ သူသည်လည်း ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ လင်းယုန်၏ ချွန်ထက်သော ခြေသည်းများကို အတင်းဖမ်းဆုပ်ထားလိုက်တော့၏။
ရွှစ်...
ရွှေတောင်ပံလင်းယုန်မှာ လခြမ်းပုံစံ အလင်းတန်းတစ်ခုအလား ညကောင်းကင်ယံကို ဖြတ်သန်း၍ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
ချူလျန်ကမူ အောက်သို့ ဖြည်းညင်းစွာ ကျဆင်းသွားပြီး ရွှီဇီယန်နှင့် အဝေးမှနေ၍ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့နှစ်ဦး၏ အလယ်တွင်မူ ရပ်တန့်သွားသော ရွှေရောင်ပါမိစ္ဆာ ရှိနေလေသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့၏။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား လွန်ဆွဲနေရသော အချိန်တွင် ချူလျန်က သူ၏ကိုယ်ကို ပစ်ချကာ ရှန်ဇီလျန်နှင့် နေရာချင်းလဲလှယ်ပြီး လွတ်မြောက်နိုင်မည့် အခွင့်အရေးကို သူ့အတွက် ချန်ထားပေးခဲ့မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပေ။
သို့သော် ချူလျန်အတွက်မူ ဤဆုံးဖြတ်ချက်ကို ချမှတ်ရန် သိပ်မခက်ခဲလှပေ။
အကြောင်းမှာ သူ့ထံတွင် ဆဋ္ဌမအဆင့် ဝိညာဉ်တစ်ပါးကို ဆင့်ခေါ်နိုင်သေးပြီး တန်ဖိုးအနည်းငယ် ပေးဆပ်ရမည်ဆိုသော်လည်း ဤရွှေရောင်ပါမိစ္ဆာနှင့် တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်လေသည်။
အကယ်၍ ရှန်ဇီလျန်နှင့် ရွှီဇီယန်တို့ကိုသာ ကျန်ရစ်စေခဲ့ပါက သေကြေဒဏ်ရာရမှုများ ဖြစ်ပေါ်လာနိုင်ခြေ အလွန်များပြားပေသည်။
အမှန်တကယ်တွင် ကျောက်စိမ်းဓားတောင်ထွတ်ဖြစ်စေ၊ တိမ်တိုက်စက်ဝန်းတောင်ထွတ်ဖြစ်စေ ငွေဓားတောင်ထွတ်နှင့် ဆက်ဆံရေး သိပ်မကောင်းလှပေ။
သူတို့နှစ်ဦးသာ ဤနေရာတွင် သေဆုံးသွားပါက ချူလျန်အနေဖြင့် ရှုတောင် အစည်းအဝေးပွဲတွင် ရန်သူနှစ်ယောက် လျော့နည်းသွားမည်ပင် ဖြစ်ချေ၏။
သို့သော်...
ရှုတောင်ပေါ်တွင် အားလုံးကြား မည်မျှပင် သဘောထားကွဲလွဲမှုများ ရှိနေပါစေ၊ အပြန်အလှန် တိုက်ခိုက်နေကြသည်ဆိုလျှင်တောင်မှ ယင်းမှာ ရှုတောင်ပေါ်တွင်သာ ဖြစ်လေ၏။
ရှုတောင်မှ ထွက်လာသည်နှင့် သူတို့အားလုံးသည် ဂိုဏ်းတူညီအစ်ကိုများ ဖြစ်ကြပေသည်။
သွေးကွဲ၍ ရေမကြည်နိုင်သော ရှုတောင်တပည့်များပင် ဖြစ်ကြပေသည်။
ထိုအသေးအဖွဲ ပဋိပက္ခများသည် ဂိုဏ်းတူညီအစ်ကိုများ၏ အသက်အန္တရာယ်နှင့် ရင်ဆိုင်လာရချိန်တွင် ပြောဆိုနေရန်ပင် မတန်တော့ပေ။
အနည်းငယ်မျှ စွန့်စားရုံဖြင့် သူတို့ကို ကယ်တင်နိုင်မည်ဆိုပါက အကြိမ်တစ်သောင်း ရွေးချယ်ခိုင်းလျှင်တောင်မှ ချူလျန်အနေဖြင့် တစ်ကြိမ်လေးမျှ တုံ့ဆိုင်းနေမည် မဟုတ်ပေ။
...
ထိုရွှေရောင်ပါမိစ္ဆာကလည်း ရွှေတောင်ပံလင်းယုန်ကို မီအောင် လိုက်နိုင်တော့မည် မဟုတ်ကြောင်း သိရှိသွားပြီးနောက် လိုက်လံဖမ်းဆီးခြင်းကို ရပ်တန့်ကာ လေထဲတွင် ရပ်တန့်နေလိုက်လေသည်။
ယင်းသည် ထူးခြားသော ပိတ်သားဖြင့် ပြုလုပ်ထားသည့် ရွှေရောင်ရင့်ရင့် ဝတ်စုံကို ဝတ်ဆင်ထားပြီး သေဆုံးသွားသည်မှာ နှစ်မည်မျှ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုထက်တိုင် အကောင်းပကတိ ရှိနေဆဲဖြစ်၏။
ဆံပင်အဖြူများနှင့်အတူ မျက်လုံးအိမ်များမှာ ချိုင့်ဝင်၍ ဟာလာဟင်းလင်း ဖြစ်နေကာ မျက်နှာမှာလည်း တွန့်လိမ်ပိန်ချုံးနေသော်လည်း မျက်နှာသွင်ပြင်ကို အနည်းငယ် ခွဲခြားနိုင်သေးပြီး အရေပြားနှင့် ကြွက်သားများမှာမူ ကြေးပါမိစ္ဆာ၊ သံပါမိစ္ဆာတို့ထက် ပိုမိုပြည့်ဖြိုးနေပေသည်။
ဉာဏ်ရည်မှာလည်း ပို၍မြင့်မားပုံရလေ၏။
၎င်းက ရွှီဇီယန်ဘက်သို့ လှည့်လိုက်ပြီး ဤသားကောင်မှာ ကျင့်ကြံမှုအဆင့် ပို၍မြင့်မားကြောင်းကို သိရှိထားပုံရကာ သူ့ကိုသာ ဖြေရှင်းလိုက်နိုင်ပါက ဤအသက်ရှင်နေသော လူနှစ်ဦး၏ သွေးသားများမှာ မိမိ၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း နားလည်ထားလေသည်။
ရွှီဇီယန်က ဓားကိုကိုင်ဆောင်ကာ မတ်မတ်ရပ်နေပြီး မျက်လုံးများမှာ လျှပ်စီးများအလား တောက်ပနေကာ အရှိန်အဝါမှာလည်း အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိပေ။
သူကလည်း ချူလျန်၏ အကူအညီကို အရေးမစိုက်သကဲ့သို့ ရှိနေပြီး နောက်ဆုံးအကြိမ်အဖြစ် အသေခံတိုက်ခိုက်မည့် ဆုံးဖြတ်ချက်ကို ချမှတ်ထားပုံရလေသည်။
ဘေးဘက်ရှိ ချူလျန်က မိမိကိုယ်ကို လျစ်လျူရှုခံထားရကြောင်း ခံစားလိုက်ရသဖြင့် အခြေအနေအရ နောက်သို့ တိတ်တဆိတ် ဆုတ်ခွာလိုက်လေသည်။
ထို့နောက် ကျောက်စိမ်းကရားတစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ခေါ်လိုက်၏။
"ဆရာဖေး... နိုးတော့လေ..."
ရွှစ်...
ကျောက်စိမ်းကရားထဲမှ မီးခိုးငွေ့တစ်တန်း ဖြည်းညင်းစွာ ထွက်ပေါ်လာလေသည်။
"ဒါက... အင်မော်တယ်စိမ့်မြေက ရွှေရောင်ပါမိစ္ဆာပဲ…သောက်ကျိုးနည်း ဒီကောင်က အကောင်ကြီးပဲဟ..."
ဖေးချီက အပြင်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် အလန့်တကြား အော်ဟစ်လိုက်၏။
"စိတ်ချပါ... ခင်ဗျားအတွက်လည်း မနစ်နာစေရပါဘူး"
ချူလျန်က ပြောလိုက်သည်။
ဤမျှ အရှိန်အဟုန် လျင်မြန်လှသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လျှို့ဝှက်ကတ်ကို ပထမဆုံးအချိန်၌ပင် ထုတ်သုံးရမည်မှာ သဘာဝပင် ဖြစ်၏။
အကယ်၍ အနည်းငယ်မျှ စောင့်ဆိုင်းနေပါက မည်သည့်အချိန်တွင် သေဆုံးသွားမည်ကိုပင် သိနိုင်မည် မဟုတ်ပေ။
ဖေးချီ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် အခြေအနေမှာ ချက်ချင်းဆိုသလို အပြောင်းအလဲများ ဖြစ်သွားတော့၏။
မူလက ဆဋ္ဌမအဆင့် ရွှေရောင်ပါမိစ္ဆာသည် ပဉ္စမအဆင့် ရွှီဇီယန်နှင့် တတိယအဆင့် ချူလျန်တို့ကို ရင်ဆိုင်ရာတွင် အသာစီးရနေပြီး ၎င်း၏ အဆင့်အတန်းမှာ မုဆိုးတစ်ဦးပင် ဖြစ်ချေသည်။
သို့သော် ဤဆဋ္ဌမအဆင့် ဝိညာဉ် ထွက်ပေါ်လာချိန်တွင်မူ အခြေအနေမှာ ချက်ချင်းပင် ပြောင်းပြန်လှန်သွားတော့၏။
ရွှေရောင်ပါမိစ္ဆာ၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးအိမ်များက အနည်းငယ် လှုပ်ရှားသွားပုံရပြီး နောက်တစ်စက္ကန့်တွင် ၎င်း၏ ခန္ဓာကိုယ်မှာ အနောက်သို့ ပြင်းထန်စွာ ဆုတ်ခွာသွားကာ ဘေးဘက်ရှိ သစ်တောထဲသို့ တိုးဝင်သွားတော့၏။
'ထွက်ပြေးသွားတာလား...'
၎င်းမှာ ထွက်ခွာသွားပုံရသော်လည်း ဤနေရာရှိ သုံးဦးစလုံးမှာ အရူးများ မဟုတ်ကြပေ။
ထို့ကြောင့် တစ်ခဏအတွင်း မည်သူကမျှ သတိလက်လွတ် မနေကြဘဲ ထိုရွှေရောင်ပါမိစ္ဆာ ပြန်လည်ရောက်ရှိလာမည်ကို စိုးရိမ်ကာ ပတ်ဝန်းကျင်ကို ပိုမို၍ သတိထား စောင့်ကြည့်နေလိုက်ကြ၏။
အချိန်အတော်ကြာသည့်တိုင်အောင် အမှန်တကယ်ပင် အသံများ ပျောက်ကွယ်သွားပုံရ၏။
ချူလျန်က စိတ်အေးလက်အေး ဖြစ်သွားမည့်အချိန်တွင် သူ၏ ခြေအောက်မှ 'ဖူး' ဟူသော အသံတစ်ခုကို ကြားလိုက်ရပြီး... ရွှေရောင်ရင့်ရင့် အရေပြားနှင့် လက်ဝါးတစ်ဖက် ထွက်ပေါ်လာကာ သူ၏ ခြေမျက်စိကို ဆတ်ခနဲ လှမ်းဆွဲလိုက်လေသည်။
မြေအောက်သို့ ဝင်ရောက်ခြင်းပင်။
သူတို့သုံးဦးစလုံး အလွန်အမင်း အံ့အားသင့်သွားကြ၏။
အလန့်ဆုံးသူမှာ သဘာဝကျကျပင် ချူလျန် ဖြစ်လေသည်။
ဤသည်မှာ မိစ္ဆာတစ်ကောင် တတ်မြောက်နိုင်သော နတ်ဘုရားစွမ်းရည် လုံးဝ မဟုတ်ပေ။ အကယ်၍ ၎င်းမှာ အသက်ရှင်စဉ်က နတ်ဘုရားစွမ်းရည် မှတ်ဉာဏ်အချို့ ကျန်ရှိနေမှသာ ဤကဲ့သို့ အသုံးပြုနိုင်မည် ဖြစ်ချေ၏။
ထို့အပြင် ၎င်းက အုပ်စုလိုက် တိုက်ခိုက်ခံရချိန်တွင် တစ်ဖက်ရန်သူ၏ အားနည်းချက်ကို ဦးစွာ ရွေးချယ်၍ ထိုးဖောက်ရမည်ဖြစ်ကြောင်းကိုလည်း သိရှိထားပုံရလေသည်။
အားအနည်းဆုံးသူမှာလည်း သဘာဝကျကျပင် ချူလျန် ဖြစ်နေလေ၏။
နားထဲတွင် ဝုန်းဒိုင်းကျဲနေသော အသံကြီးများ ဝင်ရောက်လာပြီး ထိုရွှေရောင်ပါမိစ္ဆာက သူ့ကို မြေအောက်သို့ ဆွဲချသွားလေသည်။ ၎င်းက ချူလျန်ကို အထုပ်အပိုးပမာ သယ်ဆောင်သွားလိုခြင်း ဖြစ်၏။ အသက်ရှူကျပ်လုမတတ် ဖိနှိပ်မှုနှင့် ပွတ်တိုက်မှုတို့က ရုတ်တရက် ကျရောက်လာတော့၏။
ချူလျန်က သူ၏ လက်ကိုလှည့်ကာ ယခုလေးတင် ရရှိထားသော မိစ္ဆာအဆောင်ကို ပစ်ပေါက်လိုက်ရာ လေထဲတွင် ပြာအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ ကြေးပါမိစ္ဆာ၏ စွမ်းအားအားလုံးက သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာလေသည်။
ပါမိစ္ဆာအဆောင် အသုံးပြုခြင်းပင်။
ဤကဲ့သို့ ပြုလုပ်လိုက်မှသာ ကမ္ဘာမြေကြီး၏ ပွတ်တိုက်မှုကြောင့် ရရှိလာသော ထိခိုက်မှုများကို ထက်ဝက်ကျော် လျှော့ချနိုင်မည် ဖြစ်၏။ သို့မဟုတ်ပါက ခန္ဓာကိုယ် အနည်းငယ် အားနည်းသော ကျင့်ကြံသူများဆိုလျှင် မြေကြီး၏ ဖိနှိပ်မှုနှင့် ပွတ်တိုက်မှုများကို လုံးဝ ခံနိုင်ရည်ရှိမည် မဟုတ်ဘဲ ဤတစ်ကြိမ် ဆွဲခေါ်ခံရမှုတွင် မသေလျှင်တောင်မှ ပြင်းထန်စွာ ဒဏ်ရာရသွားမည် ဖြစ်ပေသည်။
တစ်သက်ရှူစာမျှ အချိန်မရောက်ခင်မှာပင် ဧရာမ ဓားအလင်းတန်းတစ်ခုက မြေကြီးကို ထိုးဖောက်လာပြီး ထိုရွှေရောင်ပါမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်သို့ စိုက်ဝင်သွားလေသည်။
ရွှီဇီယန်ပင် ဖြစ်လေ၏။
ထို့နောက်တွင် ရှင်းလင်းပြတ်သားသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။
"အချင်းဝက် ငါးကျန်အတွင်း... မင်း ထွက်လို့မရဘူး"
ဖေးချီပင် ဖြစ်လေသည်။
ဤအမိန့်သံ ထွက်ပေါ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်တွင် ဥပဒေသစွမ်းအားများ ကျဆင်းလာပြီး ရွှေရောင်ပါမိစ္ဆာ၏ လှုပ်ရှားမှု အတိုင်းအတာကို ငါးကျန်းအတွင်း၌သာ ဖိနှိပ်ထားလိုက်၏။
ငါးကျန်းဆိုသည်မှာ မျက်စိတစ်မှိတ်မျှသာ ဖြစ်ပြီး ချက်ချင်းဆိုသလိုပင် ၎င်းသည် မမြင်ရသော နံရံတစ်ခုနှင့် ဝင်တိုက်မိသွားသကဲ့သို့ ဖြစ်သွားတော့လေသည်။
ဘန်း...
အင်မော်တယ်မန္တန်... နှုတ်ထွက်စကား ဥပဒေသ….။
ယင်းမှာ ကွန်ဖြူးရှပ်ဂိုဏ်း၏ ဂန္ထဝင် အင်မော်တယ် မန္တန်များထဲမှ တစ်ခုဖြစ်၏။
စကားတစ်ခွန်းတည်းဖြင့်ပင် ရွှေရောင်ပါမိစ္ဆာကို ဤနေရာတွင် ပိတ်လှောင်ထားနိုင်ခဲ့ပြီး ရွှီဇီယန်၏ ဓားအလင်းတန်းကလည်း အကြင်နာကင်းမဲ့စွာ ဖိနှိပ်လာကာ ရွှေရောင်ပါမိစ္ဆာ၏ ကျောပြင်တစ်လျှောက် ဓားချီများ ပြန့်ကျဲသွားတော့၏။
ရွှေရောင်ပါမိစ္ဆာမှာလည်း အသေခံမည့်သူမျိုး မဟုတ်ပေ။ ၎င်းက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
"ဂါး..."
မြေကြီးများ တုန်ခါ၍ တောင်တန်းများ လှုပ်ရမ်းသွားတော့၏။
ပတ်ဝန်းကျင်ရှိ မြေကြီးများ အက်ကွဲသွားပြီး အနီးနားရှိ တောင်တန်းများမှာလည်း လှုပ်ရမ်းသွားကာ ၎င်းက တစ်တောင်လုံးကို မ,တင်လိုက်သကဲ့သို့ ရှိနေလေသည်။
ဖေးချီ၏ ဝိညာဉ်ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းယိုင်သွားပြီး စွမ်းအင်များစွာ ကုန်ဆုံးသွားသည်မှာ ထင်ရှားလှပေသည်။
ကွန်ဖြူးရှပ်ဂိုဏ်း၏ 'နှုတ်ထွက်စကား ဥပဒေသ' မှာလည်း လုံးဝ သေချာပေါက် အောင်မြင်သည်တော့ မဟုတ်ပေ။ ဥပဒေသဆိုသည်မှာ ကိရိယာတစ်ခုနှင့် ပို၍တူပြီး တစ်ဖက်ရန်သူ၏ ခုခံအားမှာ အဆမတန် မြင့်တက်လာပါက မိမိ၏ သက်ဆိုင်ရာ စွမ်းအားက အမီမလိုက်နိုင်လျှင် အချိုးဖျက်ခံရမည်သာ ဖြစ်ချေ၏။
သို့သော် ရွှေရောင်ပါမိစ္ဆာ၏ စွမ်းအားများမှာ အကန့်အသတ်မရှိသကဲ့သို့ ဖြစ်နေပြီး ဖေးချီတွင်မူ ဤဝိညာဉ်ခန္ဓာကိုယ် တစ်ခုသာရှိကာ စွမ်းအင်များ ခန်းခြောက်သွားပါက သေဆုံးသွားမည်သာ ဖြစ်၏။ သူသည် ဤရွှေရောင်ပါမိစ္ဆာကို အချိန်အကြာကြီး ဖိနှိပ်ထားနိုင်စွမ်း လုံးဝ မရှိပေ။
ရွှီဇီယန်၏ ကောင်းကင်ဓားသိုင်းကသာ ခံစစ်ကို ဖောက်ထွင်းနိုင်ခဲ့ပြီး ရွှေရောင်ပါမိစ္ဆာ၏ ကျောပြင်ကို လက်မအနည်းငယ်ခန့် ထိုးဖောက်သွားနိုင်ခဲ့သော်လည်း အရင်းအမြစ်ကိုမူ ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘဲ ၎င်း၏ ရက်စက်ကြမ်းကြုတ်မှုကိုသာ ပို၍ နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေသည်။
သိုင်းပညာရှင်များ၏ တိုက်ပွဲတွင် အရှိန်အဟုန်မှာ စွမ်းအားမြင့်မားမှုနှင့်အတူ တိုးတက်လာတတ်၏။ လျှပ်စီးလက်သကဲ့သို့ မျက်စိတစ်မှိတ်အတွင်း အရာအားလုံး ပြောင်းလဲသွားနိုင်ပေသည်။
ချူလျန်မှာ အစိုးရိမ်ဆုံးသူဖြစ်ပြီး သူသည် ဝူချန်ဓားကို ကိုင်ဆောင်ကာ ဤကောင်ကို ပြင်းပြင်းထန်ထန် တစ်ချက်လောက် ခုတ်ပိုင်းချင်စိတ်များ ပေါက်နေသော်လည်း ကြက်သွေးရောင်ကွပ်မျက်သူ၏ အကူအညီ မပါဘဲနှင့် တတိယအဆင့်နှင့် ဆဋ္ဌမအဆင့်ကြားတွင် ဖြတ်သန်း၍မရသော ကြီးမားလှသည့် ချောက်ကမ်းပါးကြီးတစ်ခု ရှိနေ၏။
ထိုမျှမကသေးဘဲ ဆဋ္ဌမအဆင့် ရွှေရောင်ပါမိစ္ဆာဆိုသည်မှာ အမြဲတမ်း မာကျောမှုဖြင့် နာမည်ကျော်ကြားလှပေသည်။
သူ့အနေဖြင့် ခံစစ်ကို ဖောက်ထွင်းရန် ဆိုထားဘိ၊ ဓားတစ်ချက် ခုတ်လိုက်လျှင်တောင် ထိုရွှေရောင် အရေပြားကို ပွန်းပဲ့အောင်ပင် လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် သူသည် ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ မည်သို့လွတ်မြောက်ရမည်ကိုသာ ခေါင်းထဲတွင် လျင်မြန်စွာ တွေးတောနေလိုက်၏။
တည်ငြိမ်မှုများကြားတွင် သူသည် ဘေးဘက်နှစ်ဖက်မှ 'ဝုန်း' ဟူသော အသံများကို ကြားလိုက်ရပြီး တိတ်တဆိတ် ပုန်းကွယ်နေသော စွမ်းအားများ စီးဆင်းနေသကဲ့သို့ ခံစားလိုက်ရလေသည်။
ချူလျန်က ချက်ချင်းပင် အံကြိတ်ကာ ဝူချန်ဓားကို မြှောက်လိုက်လေသည်။ သူသည် ရွှေရောင်ပါမိစ္ဆာကို မခုတ်ဘဲ တစ်ဖက်ရှိ ကျောက်တုံးနံရံကို ခုတ်ချလိုက်လေသည်။
ဝုန်း... ဝုန်း...
ခန္ဓာကိုယ်တစ်ခုလုံးရှိ ကျင့်ကြံမှုစွမ်းအား အားလုံးကို ထုတ်ယူကာ ခုတ်ချလိုက်သော ဓားချက်က ထူထဲလှသော နံရံကြီးကို ရုတ်တရက် ထိုးဖောက်သွားပြီး လေပြင်းမုန်တိုင်းများ တိုက်ခတ်လာသကဲ့သို့ ဆူညံသောအသံကြီးများ ထွက်ပေါ်လာကာ နောက်တစ်စက္ကန့်တွင် အလွန်ပြင်းထန်သော ရေနဂါးကြီးတစ်ကောင်က ရွှေရောင်ပါမိစ္ဆာနှင့် သူ့ကို တစ်ပါတည်း မျိုချသွားတော့၏။
သူ့အလောင်းအစား မှန်ကန်သွားခဲ့လေပြီ။
အင်မော်တယ်စိမ့်မြေ၏ မြေအောက်ရေကြောများမှာ ရှုပ်ထွေးစွာ ယှက်နွှယ်နေပြီး မြေအောက်မြစ်များမှာလည်း မရေမတွက်နိုင်အောင် ရှိနေ၏။ အထူးသဖြင့် ရွှေရောင်ပါမိစ္ဆာက ဤနေရာတွင် ရမ်းကားနေသဖြင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးနံရံများမှာ စောစောစီးစီးကတည်းက ဒဏ်မခံနိုင်တော့ပေ။
ယခုလေးတင် အင်မော်တယ်စိမ့်မြေ တစ်ခုလုံး ဆူပူလှုပ်ရှားနေပြီး မြေအောက်နှင့် ဆက်သွယ်ထားသော ရေစီးကြောင်းများမှာလည်း ရေဆူနေသကဲ့သို့ အလွန်ပြင်းထန်နေခဲ့၏။ ယခုနေရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာချိန်တွင် ဧရာမ စွမ်းအားကြီးတစ်ခု ပါဝင်လာတော့၏။ ရွှေရောင်ပါမိစ္ဆာမှာလည်း ဝင်တိုက်ခံလိုက်ရသည့်တိုင် ဖေးချီ၏ 'နှုတ်ထွက်စကား ဥပဒေသ' ကြောင့် ချုပ်နှောင်ခံထားရဆဲပင် ဖြစ်လေသည်။
ဤစွမ်းအားများ၏ ရောထွေးမှုကြောင့် ချူလျန်သည် ရွှေရောင်ပါမိစ္ဆာ၏ ထိန်းချုပ်မှုမှ တစ်ဟုန်ထိုး ရုန်းထွက်နိုင်ခဲ့၏။
သို့သော် သူ၏ ခန္ဓာကိုယ်မှာ ရေစီးကြောင်းများ၏ လွှမ်းမိုးမှုအောက်တွင် ပါသွားပြီး အခြားတစ်ဖက်ရှိ ကျောက်တုံးနံရံကို ဖောက်ထွက်ကာ ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုဆီသို့ ရောက်ရှိသွားတော့လေသည်။
ဝူး...
ဦးနှောက်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားပြီး ဤစွမ်းအားများကြောင့် လွှင့်စဉ်သွားကာ မြေကြီးပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။
လက်ကြီးတစ်ဖက်က ဤအရာအားလုံးကို ထိန်းချုပ်ထားသကဲ့သို့ ဖြစ်နေကာ အချိန်အတော်ကြာသည်အထိ ငြိမ်သက်သွားခြင်း မရှိပေ။
...
ချူလျန် မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူသည် ရေအောက်တွင် ရှိမနေဘဲ ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုတွင် ရောက်နေကြောင်းကို တွေ့လိုက်ရ၏။
ခေါင်းအထက်တွင် ကောင်းကင်အလင်းရောင်များ ကျဆင်းနေပြီး ပတ်ဝန်းကျင်မှာ စက်ဝိုင်းပုံစံ ကျောက်ဂူတစ်ခုဖြစ်ကာ ဖုန်မှုန့်များက အလင်းတန်းများကြားတွင် လွင့်မျောနေပြီး အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။
'ဒါက ဘယ်နေရာလဲ...'
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး နောက်သို့ လှည့်လိုက်ချိန်တွင် ရုတ်တရက် ထပ်မံ၍ လန့်ဖျပ်သွားတော့၏။
သူ၏ အနောက်ဘက်တွင် အသက်ငါးနှစ်၊ ခြောက်နှစ် အရွယ်ခန့်သာ ရှိသေးသော မိန်းကလေးငယ်တစ်ဦးက ဆောင့်ကြောင့်ထိုင်နေခြင်းပင် ဖြစ်၏။
သူမသည် အနက်ရောင် ဆံပင်ရှည်များကို ချထားပြီး ပွယောင်းယောင်း အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ဖြူဖွေးနုဖတ်နေသော မျက်နှာလေးပေါ်တွင် ဖုန်မှုန့်တစ်စက်မျှပင် မရှိဘဲ နုနယ်၍ ချစ်စရာကောင်းလှပေသည်။
မည်းနက်နေသော မျက်လုံးဝိုင်းကြီးများဖြင့် သူ့ကို သိချင်စိတ်ပြင်းပြစွာ စိုက်ကြည့်နေပြီး နားမလည်နိုင်မှုများ ပါဝင်နေသကဲ့သို့ ရှိနေလေသည်။
သူမကို မြင်လိုက်ရချိန်တွင် ချူလျန်၏ ပထမဆုံး တုံ့ပြန်မှုမှာ သတိထားလိုက်ခြင်းပင် ဖြစ်လေသည်။
ဤကဲ့သို့ ထူးဆန်းသော နေရာမျိုးတွင် ကလေးတစ်ယောက်ကို တွေ့ရခြင်းမှာ မည်သို့ကြည့်ကြည့် လူနှင့် လုံးဝ မတူလှပေ။
သို့သော် ဝိညာဉ်အာရုံဖြင့် ဖြတ်သန်းကာ အသေးစိတ် စစ်ဆေးကြည့်လိုက်သောအခါ ဤမိန်းကလေးငယ်၏ ခန္ဓာကိုယ်ပတ်လည်တွင် အသက်ရှူသံမှလွဲ၍ အခြားမည်သည့် ချီလှိုင်းမျှ မရှိကြောင်းကို တွေ့ရှိလိုက်ရ၏။
သူမက သာမန် မိန်းကလေးငယ်လေး တစ်ဦးသာ ဖြစ်နေလေသည်။
တစ္ဆေတစ်ကောင်ထက် လူဖြစ်နေခြင်းက ပို၍ ထူးဆန်းနေလေသည်။
"ညီမလေး... မင်း... မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ…မင်းရဲ့ အဖေနဲ့ အမေရော..."
ချူလျန်က မနေနိုင်ဘဲ မေးလိုက်မိသည်။
မိန်းကလေးငယ်က အသံမထွက်ဘဲ တိတ်တဆိတ်သာ ခေါင်းခါပြလိုက်လေသည်။
"ဒါဆိုရင် အစ်ကို မင်းကို အပြင်ခေါ်သွားပေးမယ်လေ... ဟုတ်ပြီလား"
ချူလျန်က ထပ်မံ၍ မေးလိုက်ပြန်သည်။
ယခုတစ်ကြိမ်တွင်မူ မိန်းကလေးငယ်က ခေါင်းမခါသလို ခေါင်းလည်း မညိတ်ဘဲ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။
"ထူးဆန်းလိုက်တာ..."
ချူလျန်က သက်ပြင်းတစ်ချက်ချကာ လက်ဖြင့် နဖူးကို စမ်းလိုက်လေသည်။
ယခုလေးတင် ပြင်းထန်လှသော ဝင်တိုက်မှုများကြောင့် သူ၏ ဦးနှောက်မှာ ယခုထက်တိုင် မူးဝေနေဆဲ ဖြစ်၏။
အနည်းငယ် စိတ်ကို တည်ငြိမ်အောင်ထားကာ တွေးတောကြည့်လိုက်ရာ သူသည် မြေအောက်ရေနဂါး၏ တိုက်ခိုက်မှုကြောင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပြီး ဖြောင့်တန်းစွာ လာခဲ့ရသော အကွာအဝေးမှာ သိပ်မဝေးလှကြောင်း ခံစားလိုက်ရလေသည်။ မြေပြင်ပေါ်သို့ ရောက်ရှိနိုင်ပါက မူလနေရာသို့ ပြန်သွားရန် မခက်ခဲလှပေ။
သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဤကျောက်ဂူကို သေချာစွာ အကဲခတ်ကြည့်လိုက်ရာ မူလက ရေကန်အောက်ရှိ ရေဂူတစ်ခု ဖြစ်ပုံရပြီး ယခုအခါ ရေအမှတ် ကျဆင်းသွားကာ ဤနေရာမှာ ခြောက်သွေ့သွားသဖြင့် မြေအောက်ဂူတစ်ခု ဖြစ်လာခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။
ပတ်ပတ်လည်တွင် ကျောက်တုံးနံရံများ ရှိနေပြီး ထွက်ပေါက်မှာ အပေါ်ဘက်တွင် ဖြစ်လေသည်။
သူသည် ထွက်ပေါက်ကို ရှာဖွေနေသည့် ထိုစက္ကန့်လေးအတွင်း အနောက်ဘက်ရှိ မိန်းကလေးငယ်လေးက သူမ၏ သွားများကို ဖြည်းညင်းစွာ ဖြဲပြလိုက်ရာ ဖြူဖွေးညီညာကာ လှပသော သွားတန်းလေးများ ပေါ်လာလေသည်။
ထိုအထဲတွင် အထင်ရှားဆုံးမှာ သေးငယ်သော အစွယ်လေးနှစ်ချောင်းပင် ဖြစ်နေလေတော့သည်။