အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း (၁၇၈) - မြင့်မြတ်ဂိုဏ်း (၉)ဂိုဏ်း စုဝေးခြင်း
ဒေါင်...
ဒေါင်...
ဒေါင်...
ကောင်းကင်တက်လှမ်းတောင်ထွတ်ရှိ အကန့်သတ်မဲ့နန်းတော်၏ အနောက်ဘက်တွင် အထီးကျန်နေသော မဏ္ဍပ်ငယ်တစ်ခု၌ ခေါင်းလောင်းကြီးတစ်ခု ချိတ်ဆွဲထား၏။
ထိုခေါင်းလောင်းတွင် ထုစရာတူလည်းမရှိသလို စောင့်ကြပ်နေသူလည်း မရှိပေ။
သို့ရာတွင် ယနေ့၌ ထိုခေါင်းလောင်းကြီးက ရုတ်တရက် မြည်ဟည်းလာခဲ့ပြီး အသံကြီးက ကောင်းကင်တက်လှမ်းတောင်ထွတ်တစ်ခုလုံးကို တုန်ခါသွားစေတော့၏။
အကန့်သတ်မဲ့နန်းတော်အတွင်းမှ တုံ့ပြန်သံ ရုတ်ခြည်းထွက်ပေါ်လာ၏။
"ကောင်းကင်ကြားသိခေါင်းလောင်းပဲ…သုံးချက်မြည်တယ်ဆိုတော့ လူ့လောကမှာ ဘေးဒုက္ခကျရောက်တော့မယ်ထင်တယ်”
“ဂိုဏ်းစောင့်အကြီးအကဲ သွားကြည့်လိုက်ပါ"
"ကောင်းပါပြီ"
တစ်ချိန်တည်းမှာပင် ထိုခေါင်းလောင်းထိုးသံ သုံးချက်သည် ယွမ်ချွယ်ကျောင်းတိုက်၊ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်း၊ ထျန်းကန်းဂိုဏ်း၊ အဆုံးမဲ့ဓားဂိုဏ်း၊ ထိုက်ယင်ဂိုဏ်း၊ မြူခိုးဖုံး အင်မော်တယ်တောင်တန်းနှင့် ကောင်းကင်ဘုရင်ဂိုဏ်းတို့ဆီသို့ပါ ပဲ့တင်ထပ်သွားလေသည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းလုံး တစ်ပြိုင်နက်တည်း လှုပ်ရှားသွားကြချေပြီ။
ဤကောင်းကင်ကြားသိခေါင်းလောင်းသည် အစောပိုင်း မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းဟူ၍ အမည်နာမသတ်မှတ်စဉ်ကတည်းက တည်ထောင်ထားခဲ့ခြင်းဖြစ်၏။
တစ်နေရာမှ ခေါင်းလောင်းထိုးလိုက်လျှင် ကျန်ရှစ်နေရာကပါ ကြားသိနိုင်ပြီး ချက်ချင်းလာရောက်စုဝေးကြရမည် ဖြစ်ပေသည်။
သို့သော် လူ့လောကတစ်ခုလုံးကို ထိခိုက်စေမည့် အရေးကြီးကိစ္စမျိုးမရှိလျှင် မည်သည့်ဂိုဏ်းကမျှ ခေါင်းလောင်းကို အရင်စတင်ထိုးမည်မဟုတ်ပေ။
ယခုအချိန်တွင် ခေါင်းလောင်းသံ သုံးချက်သာမြည်သဖြင့် ရှုတောင်ဂိုဏ်းမှ ဂိုဏ်းစောင့်အကြီးအကဲကိုသာ စေလွှတ်လိုက်ခြင်းပင်။
အကယ်၍ ခေါင်းလောင်းသံ ခုနစ်ချက်သာမြည်ခဲ့ပါက မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းမှ ဂိုဏ်းချုပ်များကိုယ်တိုင် လူစုကြရမည် ဖြစ်လေသည်။
ဂိုဏ်းစောင့်အကြီးအကဲသည် တလူလူလွင့်နေသော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်သောဆံပင်များကို စုစည်းချည်နှောင်ထား၏။
ကြည့်ရသည်မှာ အသက်လေးဆယ် သို့မဟုတ် ငါးဆယ်ဝန်းကျင်အရွယ်ရှိ လူလတ်ပိုင်းတစ်ဦးနှင့်တူပြီး ရှင်းလင်းတောက်ပသော မျက်လုံးများနှင့် ကြယ်ပွင့်သဏ္ဍာန်မျက်ခုံးများ ပိုင်ဆိုင်ထားကာ အတော်လေးခန့်ညားပေသည်။
သူသည် ကိုယ်တိုင်ကိုယ်ကျ ထွက်မသွားဘဲ ဖျာကြမ်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ မျက်လုံးများကို မှိတ်လိုက်၏။
ထို့နောက် သူ၏မူလဝိညာဉ်သည် မည်သည့်နေရာမှန်းမသိရသော ဝေးကွာလွန်းသည့် စိတ်ကူးယဉ်နယ်ပယ်တစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် အင်မော်တယ်ချီများ ရစ်သိုင်းနေပြီး အင်မော်တယ်ကမ္ဘာနှင့် တူလှပေသည်။
ယင်းကား မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း စုဝေးရာနယ်ပယ်ပင် ဖြစ်လေတော့၏။
ချူလျန်၏ ဝိညာဉ်ချုပ်တံဆိပ်ပြားမှ ဖန်တီးထားသော ဝိညာဉ်နယ်ပယ်သည်လည်း ဤနေရာနှင့် ဆင်တူသော်လည်း အမြင်အာရုံခံစားမှုနှင့် အဆင့်အတန်းပိုင်းတွင်မူ မိုးနှင့်မြေလို ကွာခြားလှပေသည်။
ထိုနယ်ပယ်ထဲတွင် မြင့်မားသောစင်မြင့်ကိုးခုရှိ၏။
ခဏအကြာတွင် တိမ်ခိုးများဖြင့် စုစည်းထားသော ဧရာမပုံရိပ်ကိုးခုသည် ထိုနေရာ၌ ထွက်ပေါ်လာပြီး သက်ဆိုင်ရာနေရာအသီးသီးတွင် နေရာယူလိုက်ကြကာ ထိပ်ဆုံးနေရာမှပုံရိပ်ကို လှမ်းကြည့်လိုက်ကြသည်။
ယခုတစ်ကြိမ် ကောင်းကင်ကြားသိခေါင်းလောင်းကို ထိုးခဲ့သူမှာ ကောင်းကင်မဏ္ဍိုင်မျှော်စင်မှလူဖြစ်ပြီး ထိုတိမ်ခိုးပုံရိပ်သည် ပိန်ချုံးနေသော အဘိုးအိုတစ်ဦးနှင့် ဆင်တူနေ၏။
သူက တိုက်ရိုက်ပင် စကားစလိုက်သည်။
"ကောင်းကင်ကြားသိခေါင်းလောင်းကို မသုံးတာ နှစ်တစ်ရာလောက် ရှိနေပါပြီ”
“ အခုလို အားလုံးကို အနှောင့်အယှက်ပေးရတာက တကယ်ကို အရေးကြီးတဲ့ကိစ္စ ရှိနေလို့ပါ”
“ ကျုပ်တို့မျှော်စင်သခင်က လူ့လောကအတွက် ကံကြမ္မာဟောကိန်းထုတ်ကြည့်လိုက်တော့ အင်မော်တယ်စိမ့်မြေမှာ ကပ်ဘေးပါမိစ္ဆာ ထပ်ပေါ်လာတော့မယ်ဆိုတာကို တွေ့လိုက်ရတယ်"
"ဘာ…သတ္တမအဆင့် ကပ်ဘေးပါမိစ္ဆာ ဟုတ်လား"
ယွမ်ချွယ်ကျောင်းတိုက်မှ ကတုံးနှင့် ဘုန်းတော်ကြီးက အရင်ဆုံး ဝင်ပြောလိုက်၏။
"လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်ကလည်း ပေါ်လာခဲ့သေးတာ မဟုတ်ဘူးလား"
ရှုတောင်ဂိုဏ်းမှ ဂိုဏ်းစောင့်အကြီးအကဲက မေးလိုက်သည်။
"မှန်ပါတယ်…အတိတ်က ရှည်လျားတဲ့ နှစ်ကာလတွေမှာတော့ ကပ်ဘေးပါမိစ္ဆာတွေက နှစ်တစ်ထောင်လောက်နေမှ တစ်ခါ ထွက်ပေါ်လာတတ်တာပါ”
“ ဒါပေမဲ့ ဒါက အင်မော်တယ်စိမ့်မြေမှာ ကပ်ဘေးပါမိစ္ဆာတစ်ကောင် မွေးဖွားဖို့ နှစ်တစ်ထောင် ကြာရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး”
“ တိုက်ဆိုင်မှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ အဘိုးအိုက ထပ်ပြောလိုက်၏။
"အဲဒီကောင်သာ အပြင်ထွက်လာရင် ဘေးဒုက္ခတွေ ယူဆောင်လာမှာပဲ… သူ့ကို အင်မော်တယ်စိမ့်မြေထဲမှာတင် သတ်ပစ်ရမယ်"
ထိုက်ယင်ဂိုဏ်းမှ လာသူမှာ ဆံပင်အရှည်ကို ဖရိုဖရဲချထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးနှင့်တူပြီး သူမက အေးစက်စက်အသံဖြင့် ပြောလိုက်သည်။
"သတ်မယ်"
ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းမှ လူလတ်ပိုင်း တာအိုဘုန်းကြီးကမူ အေးစက်စက် စကားတစ်ခွန်းသာ ဟလိုက်၏။
"အရင်တစ်ခေါက်ကလိုပဲ ဂိုဏ်းတိုင်းက သတ္တမအဆင့် တစ်ယောက်စီ စေလွှတ်ပြီး အင်မော်တယ်စိမ့်မြေမှာ သွားစုကြတာပေါ့”
“ သိပ်ပြီး စိုးရိမ်မနေကြပါနဲ့…ကပ်ဘေးပါစ္ဆာသာ ထွက်လာရင် ကောင်းကင်နဲ့မြေကြီး တုန်လှုပ်လောက်အောင် ဖြစ်မှာမို့ ပုန်းကွယ်နေဖို့ အရမ်းခက်ပါတယ်"
မြူခိုးဖုံး အင်မော်တယ်တောင်တန်းမှ လာသူမှာ အသံသြသြနှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး သူ၏စကားများအရ လွန်ခဲ့သော နှစ်နှစ်ရာကျော်က လုပ်ဆောင်ခဲ့သည့် နှိမ်နင်းမှုတွင် ပါဝင်ခဲ့ဖူးပုံရပေသည်။
"ဒါဆိုရင်လည်း စတင်ကြတာပေါ့"
ထျန်းကန်းဂိုဏ်းမှ ယောက်ျားကြီးက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်၏။
ကောင်းကင်ဘုရင်ဂိုဏ်းမှ လူ၏မျက်နှာအမူအရာမှာ မှောင်မိုက်ပြီး ရက်စက်ယုတ်မာသည့်ပုံပေါက်နေကာ အခြားသူများနှင့် သဟဇာတမဖြစ်ပုံပေါ်သည်။
သူက ခေါင်းသာ ညိတ်ပြပြီး ဘာမှ ထပ်မပြောသော်လည်း နောက်ပိုင်း လှုပ်ရှားမှုများတွင် ပျက်ကွက်မည်မဟုတ်သည်ကတော့ သေချာလှပေသည်။
အဆုံးမဲ့ဓားဂိုဏ်းမှ အေးစက်စက် ဓားကျင့်ကြံသူတစ်ဦးတည်းသာ မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ တစ်ချိန်လုံး တိမ်ခိုးရုပ်တုတစ်ခုအလား တိတ်ဆိတ်စွာ ရပ်နေလေသည်။
"ဓားဂိုဏ်းက အကြီးအကဲမော့…သေချာကြားလိုက်ရဲ့လား…"
ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ အဘိုးအိုက တမင်တကာ မေးလိုက်ရ၏။
"အင်း"
ထိုအခါမှ ကျောတွင် ဓားလွယ်ထားသော အကြီးအကဲက အသံပြုလိုက်သည်။
အကယ်၍ သူသာ အသံမပြုပါက ဤလူ ရှိမရှိဆိုသည်ကိုပင် ဆုံးဖြတ်ရန် ခက်ခဲလှပေသည်။
"ဒါဆိုရင်လည်း အားလုံးပဲ ကိုယ့်ဂိုဏ်းကို ပြန်ပြီး ပြင်ဆင်ဖို့ အသိပေးလိုက်ကြပါ… နာရီဝက်ကြာရင် အင်မော်တယ်စိမ့်မြေရဲ့ အထက်ကောင်းကင်ယံမှာ စုကြမယ်"
ကောင်းကင်မဏ္ဍိုင်မျှော်စင်မှ အဘိုးအိုက နောက်ဆုံးအနေဖြင့် ပြောလိုက်၏။
တိမ်ခိုးပုံရိပ်များအားလုံး ချက်ချင်း ပျောက်ကွယ်သွားကြတော့သည်။
...
အင်မော်တယ်စိမ့်မြေ အောက်ခြေရှိ လိုဏ်ဂူတစ်ခုအတွင်း။
အူကြောင်ကြောင်နိုင်လှသည့် မိန်းကလေးငယ်သည် ချူလျန်ကိုကြည့်ကာ သေးငယ်သော အစွယ်လေးများကို ဖြီးပြလိုက်သည်။
သို့သော် အနည်းငယ် နီးကပ်သွားချိန်တွင် တစ်စုံတစ်ခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရပုံရကာ အနံ့ခံနေသည့်အလား နှာခေါင်းလေး လှုပ်စိလှုပ်စိ ဖြစ်သွား၏။
သူမ၏ မျက်ခုံးလေးများ တွန့်ချိုးသွားပြီး တွေဝေသွားတော့သည်။
ချူလျန်က ချက်ချင်း လှည့်လာပြီး သူမကို မျက်နှာချင်းဆိုင်လိုက်ကာ ပြောလိုက်၏။
"မလောပါနဲ့…မင်းကို ငါ အပြင်ခေါ်သွားပေးပါ့မယ်"
သူက မိန်းကလေးငယ်၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ရင်း သက်ပြင်းချလိုက်သည်။
ကလေးတစ်ယောက်ကို ကောက်ရလာလိမ့်မည်ဟု ဘယ်သူက သိမည်နည်း။ မူလကတည်းက သူသည် အင်မော်တယ်စိမ့်မြေတွင် အန္တရာယ်များနှင့် ဝန်းရံခံနေရခြင်း ဖြစ်သည်။
ယခု အားအထားရဆုံး ဆရာဖေးနှင့် ခွဲခွာလာခဲ့ရပြီး ဝန်ထုပ်ဝန်ပိုးလေးတစ်ခုကိုပါ ခေါ်လာရသဖြင့် တကယ်ပင် စိုးရိမ်မိသွားပေသည်။
ဒီကလေးက စကားလည်း မပြောတတ်သေးသလို သူမရဲ့ မိဘတွေ ဘယ်မှာရှိမှန်းလည်း မသိပေ။
အူကြောင်ကြောင်နှင့် တုံးအအပုံစံလေး ဖြစ်နေရာ သူမသည် မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရတာများလား။
စဉ်းစားကြည့်လျှင်လည်း မဖြစ်နိုင်စရာအကြောင်း မရှိပေ။ တောင်ပိုင်းဒေသတွင် ဆင်းရဲနွမ်းပါးသော နေရာများပြားလှသည်။
ဤသို့ အသက်အရွယ်ရလာသည်အထိ စကားမပြောတတ်သေးသော ကလေးမျိုးကို မိဘများက အင်မော်တယ်စိမ့်မြေအနီးသို့ ခေါ်လာပြီး ဤနေရာ၌ စွန့်ပစ်သွားခြင်းလည်း ဖြစ်နိုင်ပေသည်။
အကယ်၍ အမှန်တကယ်သာ ထိုသို့ဖြစ်ခဲ့လျှင် ဤကလေးမလေးက အတော်လေး သနားစရာကောင်းလှသည်။
အပြင်ဘက်မှာ တိုက်ခိုက်လို့ ပြီးပြီလားဆိုတာကိုလည်း မသိရသေးပေ။ ဆရာဖေးနှင့် ရွှီဇီယန်တို့ ပူးပေါင်း၍ ရွှေရောင်ပါမိစ္ဆာကို ရင်ဆိုင်နေကြသော်လည်း ကြည့်ရသည်မှာ အတော်လေး ခက်ခဲနေပုံရသည်။
အကြမ်းဖျင်း စွမ်းရည်ကိုကြည့်လျှင် သူတို့နှစ်ယောက်က အရှုံးပေးမည့်ပုံမပေါ်သော်လည်း ထိုရွှေရောင်မိစ္ဆာ၏ ခန္ဓာကိုယ်က အလွန်မာကျောပြီး ကာကွယ်မှုစွမ်းရည်က အလွန်မြင့်မားလွန်းသည်။
ဆရာဖေးမှာ အသက်ရှင်စဉ်က ကွန်ဖြူးရှပ်ကျင့်စဉ်နှင့် ဝိညာဉ်လမ်းစဉ်တို့ကို ကျွမ်းကျင်စွာ ကျင့်ကြံခဲ့သော်လည်း ထိုကျင့်စဉ်နှစ်ခုလုံးမှာ ပြင်းထန်သော တိုက်ခိုက်မှုများအတွက် အားနည်းပေသည်။
ရွှီဇီယန်မှာ စွမ်းအားကြီးမားသော်လည်း အဆင့်အတန်းအရ ကွာဟမှု ရှိနေသေးသည်။
ဤလူနှစ်ယောက်အတွက် ရွှေရောင်ပါမိစ္ဆာ၏ ကာကွယ်မှုကို ဖောက်ထွင်းနိုင်ရန် လတ်တလောတွင် မလွယ်ကူလှပေ။
အချိန်ကြာလာသည်နှင့်အမျှ ဆရာဖေး၏ စွမ်းအင်များ ခန်းခြောက်သွားပေလိမ့်မည်။ ဤသို့တွေးကြည့်လျှင် သူတို့ နိုင်မည်မှာ မသေချာပေ။
မနိုင်လျှင်တောင် အနည်းဆုံးတော့ အင်မော်တယ်စိမ့်မြေထဲမှ ဘေးကင်းစွာ လွတ်မြောက်နိုင်ကြပါစေဟုသာ မျှော်လင့်ရပေမည်။
အခက်ခဲဆုံးမှာ အပြင်ဘက်တွင် ထိုရွှေရောင်ပါမိစ္ဆာ တစ်ကောင်တည်း ရှိနေခြင်းမဟုတ်ဘဲ ရေတွက်၍မရနိုင်သော ငွေရောင်ပါမိစ္ဆာ၊ ကြေးရောင်ပါမိစ္ဆာ၊ သံမဏိပါမိစ္ဆာများလည်း ရှိနေသေးခြင်းပင်။
အင်မော်တယ်စိမ့်မြေတစ်ခုလုံး ကြီးကျယ်သော ပုန်ကန်မှုကြီး ဖြစ်ပွားနေရာ ပါမိစ္ဆာမည်မျှ လှည့်လည်သွားလာနေမည်ကို စဉ်းစားမိရုံဖြင့် သူ ခေါင်းကိုက်သွားရသည်။
ဒီကနေ ဘယ်လိုထွက်ရမလဲ။
'အို... ကိုယ်ပွားကို အရင်လွှတ်ပြီး စူးစမ်းခိုင်းလိုက်ရင် မကောင်းဘူးလား'
ဤအချိန်တွင် သူက ရွှေရောင်အမွေးသုံးပင်ကို ရုတ်တရက် သတိရလိုက်၏။
အခုချိန် မသုံးလျှင် ဘယ်အချိန်စောင့်နေရဦးမည်နည်း။
သို့ရာတွင် ဤပစ္စည်းကို အသုံးပြုရန် ဝိညာဉ်အာရုံတစ်ခုလုံးကို ကိုယ်ပွားပေါ်တွင် ထားရှိရန် လိုအပ်ပြီး မိမိ၏ မူလခန္ဓာကိုယ်မှာ ဤနေရာတွင် ထိုင်လျက် အနည်းငယ်မျှပင် လှုပ်ရှားနိုင်မည် မဟုတ်သလို ပတ်ဝန်းကျင်ကိုလည်း မည်သို့မျှ အာရုံခံနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူ့အနီးအနား ပတ်ဝန်းကျင်၌ လုံးဝ လုံခြုံစိတ်ချရမှု ရှိနေရန် လိုအပ်ပေသည်။
စဉ်းစားကြည့်ပြီးနောက် လက်ရှိနေရာက လုံခြုံသည်ဟု သူ ယူဆလိုက်သည်။ အန္တရာယ်ရှိသည့်အရာဆို၍ သူ့ရှေ့မှ မိန်းကလေးငယ်သာ ရှိလေသည်။
သို့သော် ဤမိန်းကလေးငယ်၏ အရှိန်အဝါက ပုံမှန်ဖြစ်နေပုံရပြီး ဤနေရာတွင် ပေါ်လာခြင်းကသာ အနည်းငယ် ထူးဆန်းနေခြင်း ဖြစ်သည်။
အကယ်၍ သူမသာ မိမိ၏ စူးစမ်းမှုအားလုံးကို ရှောင်လွှဲနိုင်စွမ်းရှိသော စွမ်းအားကြီးမားသည့် မိစ္ဆာယုတ်၏ အယောင်ဆောင်မှု ဖြစ်နေခဲ့လျှင်...
"ဟိုမှာ ကြည့်လိုက်… အဲဒါ ဘာကြီးလဲ"
သူက လက်ကို မြှောက်ကာ သူမ၏ အနောက်ဘက်သို့ ညွှန်ပြလိုက်၏။
မိန်းကလေးငယ်က အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ချူလျန်က လေထဲမှ မိစ္ဆာဖော်ရွှေအုတ်ခဲကို ဆွဲထုတ်လိုက်ပြီး အလွန်တရာ ညင်သာလှသော အားဖြင့် မိန်းကလေးငယ်၏ နောက်စေ့ကို ခေါက်ချလိုက်သည်။
ဖောက်...
ဘာမှ ပြောင်းလဲမှု မရှိပေ။ မိန်းကလေးငယ်က မူလပုံစံ ပေါ်မလာသလို သတိမလစ်သွားပေ။
သို့သော် မိစ္ဆာဖော်ရွှေအုတ်ခဲ၏ မူးဝေစေသော အာနိသင်မှာ မူလကတည်းက ရာခိုင်နှုန်းအချို့ဖြင့်သာ အလုပ်လုပ်ခြင်း ဖြစ်သည်။
ထို့အပြင် ယခင်က အုတ်ခဲဖြင့် ထုလိုက်တိုင်း သတိလစ်သွားကြခြင်းမှာ မိမိ အင်အားသုံးလွန်းခြင်းကြောင့် ဖြစ်မည်ဟု ချူလျန်က သံသယဝင်မိသွားပြီး မိစ္ဆာများ၏ ခန္ဓာကိုယ်များသာလျှင် အရိုက်ခံရ၍ သတိမလစ်ခြင်း ဖြစ်နိုင်ပေသည်။
မိန်းကလေးငယ်က ပြန်လှည့်ကြည့်လာသည်ကို မြင်လိုက်ရသဖြင့် ချူလျန်က လက်ကို အမြန်ရုပ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အလား မျက်လုံးများကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်နေလိုက်၏။
မိန်းကလေးငယ်က သူမ၏ နောက်စေ့ကို လက်ဖြင့် စမ်းကြည့်လိုက်ပြီး မျက်လုံးထဲတွင် တွေဝေမှုတစ်ချို့ ပေါ်လာသည်။
"ဘာဖြစ်လို့လဲ…ဘာဖြစ်လို့လဲ”
“ ခုနက ကျောက်ခဲပြုတ်ကျလာပြီး ထိသွားတာ မဟုတ်လား… ပွတ်ပေးမယ်နော်…”
“ မနာတော့ဘူးနော် မနာတော့ဘူး"
ချူလျန်က ကပျာကယာ လက်လှမ်းကာ မိန်းကလေးငယ်၏ ခေါင်းကို ထပ်ပွတ်ပေးလိုက်၏။
မိန်းကလေးငယ်၏ မျက်လုံးထဲမှ တွေဝေမှုက ပို၍ နက်ရှိုင်းလာတော့သည်။
မိစ္ဆာဖော်ရွှေအုတ်ခဲဖြင့် စမ်းသပ်ပြီးနောက် သူမသည် မိစ္ဆာ အယောင်ဆောင်ထားခြင်း မဟုတ်ကြောင်း ချူလျန် အတည်ပြုနိုင်ခဲ့သဖြင့် သူမကို အင်မော်တယ်စိမ့်မြေထဲမှ ဘေးကင်းစွာ ခေါ်ထုတ်သွားရန်သာ ရှိတော့သည်။
"ငါ လမ်းသွားစမ်းဖို့ မန္တန်သုံးတော့မလို့… မင်း ဒီမှာ လိမ်လိမ်မာမာနဲ့ မထွက်သွားဘဲ ငါ့ကို ခဏလောက် ကာကွယ်ပေးထားမလား"
သူက မိန်းကလေးငယ်အား တိုးညင်းစွာ ပြောလိုက်၏။
မိန်းကလေးငယ်က သူ့ကို မော့ကြည့်ကာ တွေဝေသော အကြည့်ဖြင့် ဆက်လက်ကြည့်နေဆဲဖြစ်ပြီး နားလည်သလား၊ နားမလည်ဘူးလား ဆိုသည်ကိုပင် မသိရပေ။
ချူလျန်က သူမကို ဂရုမစိုက်တော့ဘဲ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ ရွှေရောင်အမွေးတစ်ပင်ကို ထုတ်ယူလိုက်တော့သည်။
ရွှစ်...
ထိုအမွေးသည် ဝိညာဉ်အာရုံ၏ လှုံ့ဆော်မှုနှင့်အတူ ရွှေရောင်အလင်းတစ်ချက် လင်းလက်သွားပြီး ချူလျန်၏ အရပ်အမောင်း၊ ရုပ်ရည်သွင်ပြင်များနှင့် လုံးဝတူညီသော ခန္ဓာကိုယ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
အရှိန်အဝါနှင့် မျက်နှာအမူအရာများပါမကျန် အရာအားလုံးက တစ်ပုံစံတည်းဖြစ်နေရာ အရင်းနှီးဆုံးလူများပင်လျှင် အတုမှန်း သိနိုင်မည်မဟုတ်ပေ။
ချူလျန်၏ ဝိညာဉ်အာရုံတစ်ခုလုံး ဤကိုယ်ပွားပေါ်သို့ ချက်ချင်း ပြောင်းရွှေ့သွားပြီးနောက် လိုဏ်ဂူအထက်ပိုင်းရှိ အပေါက်ဆီမှနေ၍ လျင်မြန်စွာ ပျံသန်းထွက်ခွာသွားတော့၏။
သူ ထွက်သွားပြီးနောက် မိန်းကလေးငယ်က ထိုနေရာတွင် တုံးအအရပ်နေရင်း သူ့ကို ကြည့်နေကာ အချိန်အတော်ကြာ ကြည့်ပြီးနောက် မျက်ခုံးလေးများ ထပ်မံ တွန့်ချိုးသွားသည်။
ထို့နောက် တဖြည်းဖြည်း တိုးကပ်လာပြန်၏။ သူမက သွားများဖြီးပြလိုက်ပြီး ချူလျန်ရှေ့တွင် နှာခေါင်းလေးဖြင့် အဆက်မပြတ် အနံ့ခံကြည့်လိုက်ရာ အလွန် ထူးဆန်းနေသည်ဟုသာ ခံစားရသည်။
ဤလူ၏ ခန္ဓာကိုယ်ပေါ်တွင် သူမကို စားချင်စိတ်ဖြစ်ပေါ်စေသော မွှေးပျံ့သည့် ရနံ့တစ်ခု ရှိနေသလိုမျိုးဖြစ်ကာ တစ်ကိုက်လောက် ကိုက်ချင်စိတ်များ ပေါ်လာရသည်။
သို့သော် ထိုအနံ့ထဲတွင် အင်မော်တယ်စိမ့်မြေ နေရာအနှံ့၌ ရှိနေသော ဆိုးရွားသည့် အနံ့ဆိုးကြီးလည်း ရောနှောနေသဖြင့် သူမ အလွန် ရွံရှာမိပြန်သည်။
အချုပ်အားဖြင့် ပြောရလျှင် နံလည်းနံသလို၊ မွှေးလည်းမွှေးနေခြင်းပင်။
ယခုလောက် အချိန်ကြာလာသည့်တိုင်အောင် တစ်ကိုက်လောက် ကိုက်ရမလား၊ မကိုက်ရဘူးလား ဆိုသည်ကို သူမ၏ ပင်ကိုအသိစိတ်ထဲတွင် လွန်ဆွဲနေဆဲ ဖြစ်သည်။
သူမ တွေဝေနေစဉ်မှာပင် လိုဏ်ဂူအထက်မှ ကောင်းကင်အလင်းရောင် ရုတ်တရက် ဖုံးကွယ်ခံလိုက်ရပြီး မြင့်မားသော ပုံရိပ်ကြီးတစ်ခု ထိုနေရာတွင် ပေါ်လာ၏။
ထိုပုံရိပ်သည် စုတ်ပြဲနေသော ရွှေရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်နှင့် ခန္ဓာကိုယ်တစ်ခြမ်း ပျောက်ဆုံးနေကာ ညာဘက်ရင်ဘတ်တွင်လည်း အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ အကယ်၍ လူတစ်ယောက်သာဆိုလျှင် သေချာပေါက် သေဆုံးနေပြီ ဖြစ်သော်လည်း ၎င်းက ပါမိစ္ဆာဖြစ်နေသည့်အတွက် ဆက်လက် အသက်ရှင်နေနိုင်ခြင်း ဖြစ်ပေသည်။
ထို့အပြင် စွမ်းအားကြီးမားသော ရွှေရောင်ပါမိစ္ဆာကြီး ဖြစ်နေ၏။
မှန်ပေသည်၊ယင်းသည်ကား ယခင်က သူတို့နှင့် ခဏတာ တိုက်ခိုက်ခဲ့သော ဆဋ္ဌမအဆင့် ရွှေရောင်ပါမိစ္ဆာကြီးပင်။
သူသည် ရွှီဇီယန်နှင့် ဖေးချီတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုမှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်လေသည်။
ရွှေရောင်ပါမိစ္ဆာကြီး၏ တစ်ကိုယ်လုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေပြီး ဟာလာဟင်းလင်း ဖြစ်နေသော မျက်လုံးအိမ်များဖြင့် ချူလျန်ကို စိုက်ကြည့်နေကာ ပြင်းထန်သော လောဘနှင့် သတ်ဖြတ်လိုစိတ်တို့ကို ခံစားရစေသည်။
နောက်ဆုံးတော့ မင်းကို ရှာတွေ့သွားပြီဟု ပြောနေသည့်အလားပင်။
သို့သော် ချက်ချင်းဆိုသလိုပင် အခြား အရှိန်အဝါတစ်ခုကို သူ အာရုံရလိုက်၏။
"ဟား..."
ထိုမိန်းကလေးငယ်သည် လိုဏ်ဂူထဲမှနေ၍ မော့ကြည့်လာပြီး အပေါ်မှ စွမ်းအားကြီး ရွှေရောင်ပါမိစ္ဆာကြီးကို ကြည့်ကာ သွားဖြီးပြလိုက်ပြီး ကလေးသံလေး ပါနေသော်လည်း ရက်စက်ကြမ်းကြုတ်စွာ သတိပေးခြိမ်းခြောက်လိုက်သည့်အလား အသံထုတ်လွှတ်လိုက်သည်။
ရွှေရောင်ပါမိစ္ဆာကြီး၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး ရုတ်တရက် တုန်ခါလာကာ ခြေထောက်နှစ်ဖက်စလုံး ယိုင်နဲ့သွားတော့သည်။
ထို့နောက် ချက်ချင်း ကိုယ်ကိုလှည့်ကာ နောက်သို့ပင် ပြန်မကြည့်ဝံ့တော့ဘဲ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ထွက်ပြေးသွားတော့၏။
ကျင့်ကြံသူသုံးဦးကို ရင်ဆိုင်ရန်ပင် ကြောက်ရွံ့ခြင်းမရှိဘဲ တိုက်ခိုက်ရဲခဲ့သည့် ဤရွှေရောင်ပါမိစ္ဆာကြီးသည် မိန်းကလေးငယ်၏ သွားဖြီးပြခြင်းကို ခံလိုက်ရုံဖြင့် ရူးသွပ်မတတ် ကြောက်ရွံ့ကာ ထွက်ပြေးသွားရချေပြီ။
ထိုအနံ့ဆိုးကြီးကို ခြောက်လှန့်မောင်းထုတ်လိုက်ပြီးနောက်မှ မိန်းကလေးငယ်သည် မျက်စိရှေ့ရှိ နံလည်းနံ၊ မွှေးလည်းမွှေးနေသော အရာကို ပြန်လှည့်ကြည့်လိုက်သည်။
လွန်ဆွဲနေပြန်လေပြီ။