အခန်း ၁၇၉
Vol. 18 Ch. 179
အခန်း (၁၇၉) - ကောင်းကင်မူလ ဂူဗိမာန်လော
"ဒီည အင်မော်တယ်စိမ့်မြေက တော်တော်လေး ဝရုန်းသုန်းကား နိုင်လှချေလား..."
ကျီးကန်းနက်ကို တင်ဆောင်ထားသော ဓားနှစ်လက်သမားသည် အင်မော်တယ်စိမ့်မြေ၏ ဝေဟင်ယံထက်တွင် ခပ်နိမ့်နိမ့် ပျံသန်းနေ၏။ ကျီးကန်းသည် အောက်ဘက်ရှိ ပြန့်ကျဲနေသော မိစ္ဆာရိပ်များကို ငုံ့ကြည့်ရင်း ပြောလိုက်လေသည်။
"ရွှေပါမိစ္ဆာကလွဲလို့ ကျုပ်ကို ဒုက္ခပေးနိုင်တာ ဘာမှမရှိဘူး”
“ ပါမိစ္ဆာအကောင်ကြီးကြီးတွေ အနားကပ်လာရင် မင်း သတိပေးလိုက်ရုံပဲ”
“ ငါတို့ရဲ့ လှုပ်ရှားမှုကို ဘာမှမထိခိုက်စေရဘူး"
ဓားနှစ်လက်သမားက ဆို၏။
"ပစ်မှတ်ကို ပါမိစ္ဆာတွေကပဲ သတ်လိုက်ရင်တော့ ငါတို့အတွက် အလုပ်ရှုပ်သက်သာတာပေါ့"
ကျီးကန်းက ဆိုပြန်သည်။
နတ်မျက်စိနတ်နား အာရုံခံမန္တန်သည် စွမ်းအင်ကုန်ဆုံးမှု အလွန်များပြားလှသဖြင့် ၎င်းသည် အင်မော်တယ်စိမ့်မြေသို့ ရောက်ရှိမှသာ စတင်အသုံးပြုခဲ့ခြင်းပင်။
ယခုမှသာ ပစ်မှတ်ကို အာရုံခံမိလိုက်ပြီး ချူလျန်ရှိရာ အရပ်သို့ ဦးတည်ပျံသန်းသွားလေသည်။
"အဲဒါကတော့ အကောင်းဆုံး မဖြစ်နိုင်ဘူး"
ဓားနှစ်လက်သမားက ရက်စက်ယုတ်မာသည့် လေသံဖြင့် ပြုံးလိုက်ရင်း ပြောလိုက်၏။
"သူက ကျုပ်ကို ဒုက္ခပေးရဲမှတော့ သူ့ကို ကိုယ်တိုင် သတ်ပစ်နိုင်မှပဲ ကျုပ်ရဲ့ ဒေါသက ပြေပျောက်နိုင်မှာ"
ခဏအကြာတွင် ကျီးကန်းက ဆို၏။
"မကြာခင် ရောက်တော့မယ်…ဒီတစ်ခါတော့ မင်း လက်နဲ့ကိုယ်တိုင်လှုပ်ရှားတာကို ငါ စောင့်ကြည့်နေမယ်"
စကားပြောပြီးသည်နှင့် ဓားနှစ်လက်သမား၏ ဝိညာဉ်အာရုံသည်လည်း ရှေ့နားရှိ သတိကြီးစွာ သွားလာနေသော ပုံရိပ်တစ်ခုကို ထိတွေ့မိလိုက်လေသည်။
ချူလျန်သည် ခန္ဓာကိုယ်ကို နှိမ့်ထားပြီး ဘေးကင်းသော လမ်းကြောင်းကို ရှာဖွေရင်း ဂရုတစိုက် ရှေ့ဆက်နေ၏။
ပတ်ဝန်းကျင်တွင် ပါမိစ္ဆာရိပ်များ မပြတ်မလပ် ရှိနေပြီး ၎င်းတို့အားလုံးသည် အင်မော်တယ်စိမ့်မြေအတွင်းမှ အပြင်ဘက်သို့ ထွက်ပြေးနေကြရာ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်နေသည့်အလားပင်။
သို့သော် လမ်းတစ်လျှောက်တွင် အလွန်အင်အားကြီးမားသော ရွှေပါမိစ္ဆာ သို့မဟုတ် ငွေပါမိစ္ဆာများကိုမူ မတွေ့ရချေ။ ထိုသို့သော ပါမိစ္ဆာမျိုးမှာ အရေအတွက် အလွန်နည်းပါးလှပေသည်။
ဘေးကင်းနေပြီဟု ထင်ရသလော။
သူ ထိုသို့ တွေးနေစဉ်မှာပင် ဝေးကပ်သော နေရာမှ အမည်းရောင် လေပြင်းတစ်စုသည် ဖုံးကွယ်ထားခြင်းမရှိသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့်အတူ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
ဘယ်သူလဲ…။
ဤခန္ဓာကိုယ်ခွဲတွင် မည်သည့်မှော်ဝင်ကိရိယာမျှ ပါမလာသဖြင့် ချူလျန်သည် အလျင်အမြန်ပင် ရှောင်တိမ်းလိုက်ရ၏။
သို့သော် ရောက်လာသူ၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ကို မှီသွားချေပြီ။
ထိုအခါမှသာ ချူလျန်သည် အမည်းရောင်လေပြင်းထဲမှ လူ၏ပုံစံကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။
ထိုသူမှာ မျက်နှာဖုံးစွပ်ထားပြီး ကျောတွင် ဓားနှစ်လက်ကို လွယ်ထားကာ မျက်လုံးများမှာ ခက်ထန်ကြမ်းတမ်းလှ၏။
အနားသို့ ရောက်လာသည်နှင့် ဓားနှစ်လက်သမားသည် ဓားကို ဆွဲထုတ်လိုက်ကာ ခန္ဓာကိုယ်ကို အမည်းရောင် အလင်းတန်းအဖြစ် ပြောင်းလဲလျက် ချူလျန်၏ဘေးမှ ရွှစ်ခနဲ ဖြတ်သန်းသွားလေသည်။
လရောင်အောက်ရှိ မှိန်ဖျော့သော အရိပ်သည် အမည်းရောင်အလင်းတန်းကြောင့် နှစ်ပိုင်းပြတ်သွား၏။
ရွှပ်....
တစ်ချိန်တည်းမှာပင် ချူလျန်၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားကာ ယိုင်နဲ့သွားပြီးလျှင် နှစ်ပိုင်းပြတ်လျက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။
သွေးများ လေထဲတွင် လွင့်စင်သွားပြီး ဝုန်းခနဲ မြေပေါ်သို့ ကျသွား၏။
ဓားနှစ်လက်သမားသည် နောက်သို့ ပြန်လှည့်လာကာ နှစ်ပိုင်းပြတ်နေသော ခန္ဓာကိုယ်ကို ကြည့်ပြီး တစ်ခုခုကို စဉ်းစားလိုက်၏။
ထို့နောက် စိတ်မချရသေးသကဲ့သို့ ခန္ဓာကိုယ်အထက်ပိုင်းမှ ဦးခေါင်းကို ထပ်မံခုတ်ပိုင်းလိုက်ပြန်သည်။
ရွှပ်....
ဤသို့ ခုတ်ပိုင်းပြီးနောက် သူသည် ထပ်မံစဉ်းစားပြန်သည်။
စိတ်မချရသေးသကဲ့သို့ ရှိနေပြန်သဖြင့် လက်ကို မြှောက်ကာ နှလုံးသားကို ထွင်းဖောက်လိုက်ပြန်၏။
သူသည် ထပ်မံ စဉ်းစားပြန်ပြီးလျှင် ဓားနှစ်လက်ကို ဝှေ့ယမ်းကာ ခဏမျှ တတောက်တောက်နှင့် ထပ်မံခုတ်ထစ်နေလေတော့သည်။
"တော်လောက်ပြီ"
သူ့ပခုံးပေါ်မှ ကျီးကန်းက မနေနိုင်ဘဲ ပြောလိုက်၏။
"ထပ်လှီးနေရင် ဖက်ထုပ်လုပ်စားလို့ ရတော့မယ်"
"ဟူး..."
ဓားနှစ်လက်သမားသည် လက်ရပ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
"အခုတော့ သူ တကယ် သေသွားပြီမလား"
"လုံးဝ သေတာ သေချာသွားပြီ"
ကျီးကန်းကလည်း အသေအချာ ပြောလိုက်၏။
"မသေရင် ကျုပ် နာမည်ကို မင်းမျိုးရိုးနာမည်နဲ့ လဲလိုက်မယ်"
ထိုအခါမှသာ ဓားနှစ်လက်သမားသည် ကျေနပ်သွားကာ အမည်းရောင် လေပြင်းအဖြစ်သို့ ပြောင်းလဲလျက် ပျံသန်းထွက်ခွာသွားလေတော့သည်။
...
"အာ..."
ချူလျန်သည် အာမေဋိတ်သံနှင့်အတူ လန့်နိုးလာ၏။
ဝိညာဉ်အာရုံသည် ချက်ချင်းပင် ခန္ဓာကိုယ်အတွင်းသို့ ပြန်ရောက်လာပြီး ချွေးစေးများကြောင့် အင်္ကျီမှာလည်း စိုရွှဲနေချေပြီ။
၎င်းမှာ ခန္ဓာကိုယ်ခွဲတစ်ခုသာ ဖြစ်သော်လည်း အာရုံငါးပါးလုံးမှာ အစစ်အမှန်ကဲ့သို့ပင် ဖြစ်သည်။
အသတ်ခံလိုက်ရသည့် ခဏတာတွင် သေခြင်းတရားနှင့် ရင်ဆိုင်လိုက်ရသော ခံစားချက်မှာ အစစ်အမှန်အတိုင်း ခံစားလိုက်ရခြင်းပင်။
သူသည် တစ်ကြိမ် သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။
ထိုမျက်နှာဖုံးစွပ်ထားသူက ဘယ်သူနည်း။
တိုက်ခိုက်မှုမှာ အလွန်ပင် ရက်စက်လှပြီး တွေ့တွေ့ချင်းပင် သတ်ဖြတ်ရန် ကြိုးစားခဲ့ခြင်းမှာ ပစ်မှတ်ကို အသေအချာ သတ်မှတ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ထို့ပြင် မိမိ၏ ခန္ဓာကိုယ်ကို မထိဘဲ အရိပ်ကို ဖြတ်တောက်လိုက်ရုံဖြင့် ခန္ဓာကိုယ်ပါ ပြတ်တောက်သွားစေသည့် ဓားသိုင်းပညာမှာလည်း...။
ထူးဆန်းလွန်းလှချေသည်။
စိတ်ကို အတန်ကြာအောင် တည်ငြိမ်အောင် ထိန်းလိုက်ပြီးမှ ရှေ့မှ မိန်းကလေးငယ်ကို ကြည့်လိုက်၏။
သူမသည် သူ့အနားသို့ အလွန်နီးကပ်စွာ တိုးလာပြီး မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်အဝါတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။
ဤအကြည့်မျိုးကို ချူလျန် ရင်းနှီးနေပေသည်။ အကြောင်းမှာ လျိုရှောင်ယွီနှင့် ခေါင်းကြီးရုပ်သေးရုပ်တို့၏ မျက်လုံးများတွင်လည်း ဤကဲ့သို့သော အလင်းမျိုး မကြာခဏ ရှိနေတတ်သောကြောင့်ပင်။
"မင်း ဗိုက်ဆာနေတာလား"
ချူလျန်က မေးလိုက်၏။
မိန်းကလေးငယ်သည် ခဏမျှ ကြောင်အသွားပြီးမှ ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်လေသည်။
တကယ်ပင် ဗိုက်ဆာနေခြင်း ဖြစ်ချေ၏။
ချူလျန်သည် လက်ကို လှုပ်ရှားလိုက်ပြီး နဂါးသက်ပြင်း ရွှေရောင်အစင်းကြောင်း အသီးနှစ်လုံးကို ထုတ်ယူလိုက်၏။
"ဒါပဲရှိတော့တယ်၊ စားလိုက်ပါ"
ချူလျန်က အသီးများကို မိန်းကလေးငယ်အား ကမ်းပေးလိုက်၏။
မိန်းကလေးငယ်သည် အသီးများကို ကြည့်ကာ ခဏမျှ ဝေခွဲမရ ဖြစ်နေပုံရ၏။
"အရမ်းစားလို့ကောင်းတယ်နော်"
ချူလျန်က ထပ်ပြောလိုက်၏။
ထိုအခါမှသာ မိန်းကလေးငယ်သည် အသီးကို ယူကာ အသာအယာ ကိုက်လိုက်လေသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် သူမ၏ မျက်လုံးများ တောက်ပသွားတော့သည်။
ဤအသီးထဲတွင် သူမကို အရသာရှိစေသည့် အရာတစ်ခုခု ပါဝင်နေပုံရပေသည်။
သူမသည် အသီးတစ်လုံးလုံးကို လျင်မြန်စွာ စားပစ်လိုက်ရာ စားသောက်ပုံမှာ ဝံပုလွေပေါက်လေးတစ်ကောင်နှင့်ပင် ဆင်တူနေတော့သည်။
ချူလျန်က နောက်ထပ်တစ်လုံးကို ပေးလိုက်သောအခါတွင်လည်း သူမသည် ချက်ချင်းပင် စားပစ်လိုက်ပြန်၏။
'ဒီကလေး ဘယ်လောက်တောင် ငတ်နေရှာသလဲ'
ချူလျန်သည် လေးငါးလုံးခန့် ဆက်တိုက် ကျွေးလိုက်ပြီးမှ လက်ရပ်လိုက်၏။
"တော်ပြီ၊ အခုလောလောဆယ် ဒါပဲ စားဦး…ငါတို့ အပြင်ရောက်ရင် မင်းကို ကောင်းကောင်း ကျွေးမယ်"
သူသည် ထရပ်လိုက်ကာ မိန်းကလေးငယ်၏ လက်ကို ဆွဲပြီး ဂူအပြင်ဘက်သို့ ခုန်ပျံထွက်ခွာလိုက်လေသည်။
အပြင်ဘက်တွင် ကြယ်တာရာများ လင်းလက်နေပြီး လရောင်မှာလည်း ခပ်ရေးရေး ရှိနေ၏။
သူတို့နှစ်ဦး ထွက်လာသောအခါ အဘယ်ကြောင့်မှန်းမသိဘဲ ခုနက နေရာအနှံ့တွင် တွေ့ခဲ့ရသော မိစ္ဆာများမှာ ရုတ်တရက် ပျောက်ကွယ်သွားကြချေပြီ။
အားလုံး ထွက်ပြေးသွားကြတာလား။
ချူလျန်သည် အနည်းငယ် ထူးဆန်းနေသော်လည်း အများကြီး မစဉ်းစားတော့ချေ။ မည်သို့ပင်ဆိုစေ ဘေးကင်းသွားလျှင်ပင် တော်လှပြီ မဟုတ်ပါလော။
"မင်းကို အပြင်ကို ခေါ်သွားပေးမယ်၊ ပြီးမှ ဒေသခံ အရာရှိတွေကို မင်းရဲ့ မိဘတွေကို ရှာပေးဖို့ ခိုင်းရမယ်"
ချူလျန်က သူမကို ခေါ်သွားရင်း တီးတိုး ရေရွတ်နေ၏။
"တကယ်လို့ ရှာမတွေ့ရင်တော့ ငါ မင်းကို ရှုတောင်ကိုပဲ ခေါ်သွားရတော့မယ် ထင်တယ်"
သို့သော်လည်း ထိုသို့လုပ်ရန်မှာ ခက်ခဲလှသည်ကို သူ သိနေ၏။
ရှုတောင်ဂိုဏ်းမှာ ပရဟိတဂေဟာ မဟုတ်ချေ။
တောင်ပေါ်တွင် မိဘမဲ့ကလေးများ များပြားသော်လည်း ကျင့်ကြံခြင်း ပါရမီရှိသော ကလေးများကိုသာ မွေးစားလေ့ရှိကြသည်။
ဒီလို ထူထူအအ ကလေးမျိုးကိုတော့...
ကန်ရေပြင် ကမ်းနားတစ်ခုသို့ ဖြတ်သန်းသွားချိန်တွင် မိန်းကလေးငယ်သည် ရုတ်တရက် အင်အားတစ်မျိုး ရလာသကဲ့သို့ ချူလျန်၏ လက်မှ ရုန်းထွက်လိုက်ပြီး ကန်ရေပြင်ထဲသို့ ဝုန်းခနဲ ခုန်ဆင်းသွားလေတော့သည်။
ယနေ့ည အင်မော်တယ်စိမ့်မြေသည် ဝရုန်းသုန်းကား ဖြစ်နေသဖြင့် ရေမျက်နှာပြင်မှာလည်း ဆူပွက်နေသကဲ့သို့ အဆက်မပြတ် လှုပ်ရှားနေ၏။
မိန်းကလေးငယ် ခုန်ဆင်းသွားသည်နှင့် ရေအောက်သို့ နစ်မြုပ်သွားတော့သည်။
"ဟင်"
ချူလျန်သည် အံ့အားသင့်သွားကာ သူမနောက်သို့ ချက်ချင်းပင် ရေထဲသို့ လိုက်ဆင်းသွားလေသည်။
ရေထဲသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီများမှာ ရေအောက်တွင် မီးတောင်ကြီး တစ်ခု ပေါက်ကွဲနေသကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည်ကို ခံစားလိုက်ရ၏။
ရေမျက်နှာပြင် မတည်ငြိမ်ခြင်းမှာ အံ့သြစရာ မရှိတော့ချေ။
ထိုမိန်းကလေးငယ်မှာ ရေကူးတတ်ရုံတင်မကဘဲ အရှိန်မှာလည်း အလွန်ပင် လျင်မြန်လှ၏။
သူမသည် ငါးတစ်ကောင်ကဲ့သို့ အောက်ဘက်သို့ တည့်တည့် ဆင်းသွားရာ ချူလျန်မှာ ခဏအတွင်း မီအောင် မလိုက်နိုင်တော့ချေ။
သူသည် စိတ်ထဲမှ စဉ်းစားလိုက်မိ၏။ ရှုတောင်ကို ပြန်ရောက်လျှင် ရေခွဲမန္တန်ကို သင်ယူရမည် ဖြစ်ချေသည်။
သို့မဟုတ်ပါက ကျင့်ကြံခြင်း အဆင့် မည်မျှပင် မြင့်မားစေကာမူ ရေအောက်တွင် စွမ်းအားများမှာ လျော့ပါးသွားရမည်ပင်။
မကြာမီတွင် မိန်းကလေးငယ်၏ အရှိန်မှာ နှေးကွေးသွားသဖြင့် ချူလျန်သည် ရှေ့သို့ အလျင်အမြန် တိုးသွားကာ သူမကို ပွေ့ဖက်ရန် ကြိုးစားလိုက်၏။
သူ လက်မလှုပ်ရသေးမီမှာပင် ပြင်းထန်သော ဖိအားတစ်ခု စိတ်ထဲတွင် ရုတ်တရက် ပေါ်ပေါက်လာ၏။
ဝိညာဉ်အာရုံထဲတွင် ကြီးမားသော အမည်းရောင် ပုံရိပ်ကြီးတစ်ခု ဖြတ်သန်းသွားသဖြင့် သူ မော့ကြည့်လိုက်လေသည်။
ထိုအခါ အမည်းရောင်ရှိသော ပါးစပ်ကြီးတစ်ခုကို မြင်လိုက်ရ၏။
အပေါ်မှ ကြည့်မည်ဆိုလျှင် ၎င်းမှာ တစ်ကိုယ်လုံး အကြေးခွံများ ဖုံးလွှမ်းနေသော ဗိုက်ပူငါးကြီး တစ်ကောင်ဖြစ်ပြီး ၎င်း၏ ဦးခေါင်းထက်တွင် မီးအိမ်သဏ္ဌာန် အလင်းလုံးလေးတစ်ခု ချိတ်ဆွဲထားလေသည်။
၎င်း၏ ခန္ဓာကိုယ်မှာ အဆောက်အအုံ အထပ်ပေါင်းများစွာကဲ့သို့ ကြီးမားလှပြီး အမှောင်ထုကဲ့သို့ နက်ရှိုင်းသော ပါးစပ်ကြီးကို ဖွင့်ထား၏။
အစွယ်များမှာလည်း ကြောက်မက်ဖွယ် ကောင်းလှကာ မိစ္ဆာတစ်ကောင် ဆင်းသက်လာသည့် အလားပင်။
"ဟိန်း..."
ပါးစပ်ကို ဟလိုက်သည်နှင့် ရေပြင်ကျယ်ကြီးကို ဝါးမျိုလိုက်ကာ ချက်ချင်းပင် ပြန်ပိတ်လိုက်၏။
ချူလျန်နှင့် အလွန်ပင် တည်ငြိမ်နေသော မိန်းကလေးငယ်တို့မှာ ပြင်းထန်သော ရေစီးကြောင်းနှင့်အတူ ပါသွားကြလေတော့သည်။
ဝါးမျိုလိုက်ချေပြီ။
ချူလျန်သည် မိန်းကလေးငယ်ကို မထိခိုက်အောင် အတင်းအကျပ် ပွေ့ဖက်ထားရ၏။ သူတို့သည် လိမ့်ဆင်းသွားကြပြီး နောက်ဆုံးတွင် ပျော့ပျောင်းသော မြေပြင်တစ်ခုပေါ်သို့ ကျသွားကြလေသည်။
အတူတူ စုပ်ယူခံလိုက်ရသော ရေများမှာလည်း သူတို့အပေါ်သို့ မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ ဝုန်းခနဲ ကျလာသဖြင့် ရွှဲရွှဲစိုသွားတော့သည်။
"မင်း ငါ့ကို ဒုက္ခပေးလိုက်တာပဲ..."
ချူလျန်သည် ခေါင်းကို ခါယမ်းလိုက်ကာ သူမကို ဆုံးမရန် ပြင်လိုက်စဉ် မိန်းကလေးငယ်သည် အလွန်ပင် တည်ငြိမ်စွာဖြင့် ရှေ့သို့ လျှောက်သွားသည်ကို တွေ့လိုက်ရ၏။
သူ မော့ကြည့်လိုက်သောအခါ ရှေ့တွင် ဖန်သားနန်းတော်ကဲ့သို့သော အဆောက်အအုံတစ်ခုကို တွေ့လိုက်ရ၏။
၎င်းမှာ ဖန်သားများဖြင့် တည်ဆောက်ထားကာ ကြည်လင်တောက်ပနေပေသည်။
ဤငါးဗိုက်ထဲမှာ ကြီးမားသော ဂူကြီးတစ်ခုနှင့် တူနေပြီး ပတ်ဝန်းကျင်ရှိ ဂူနံရံများမှ နူးညံ့သော ခရမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေကာ ဤဖန်သားနန်းတော်ကို ခန့်ညားထည်ဝါပြီး အိပ်မက်ဆန်စေရန် ဖန်တီးပေးထား၏။
ဤငါးဗိုက်ထဲတွင် ဖန်သားနန်းတော် တစ်ခု ရှိနေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ချူလျန်သည် အလွန်ပင် တုန်လှုပ်သွားကာ ထပ်မံ၍ အသံမထွက်ရဲတော့ချေ။
မိန်းကလေးငယ်သည် ရှေ့သို့ တည့်တည့် လျှောက်သွားသည်ကို မြင်သောအခါ သူလည်း မနေနိုင်ဘဲ နောက်မှ လိုက်သွားလေသည်။
ဖန်သားနန်းတော်၏ တံခါးကြီးမှာ ပွင့်နေပြီး ဝင်သွားသည်နှင့် သူ ထပ်မံ၍ အံ့အားသင့်သွားရပြန်၏။
တံခါးဝသို့ ရောက်သည်နှင့် ဖန်သားပြင်ကဲ့သို့ ကြည်လင်သော ကြမ်းပြင်ပေါ်တွင် ခန္ဓာကိုယ်များမှာ ဟိုတစ်စ ဒီတစ်စ လဲကျနေသည်ကို တွေ့လိုက်ရ၏။
စုစုပေါင်း ခြောက်လောင်းပင် ရှိလေသည်။ ခန္ဓာကိုယ်တိုင်း၏ အသားအရောင်မှာ ရွှေအိုရောင် ဖြစ်နေပြီး ပြင်းထန်သော စွမ်းအားများ ကိန်းအောင်းနေသည်ကို ခံစားနေရ၏။
အားလုံးမှာ ရွှေပါမိစ္ဆာများပင်။
သူတို့ကို အလွန်ပင် အခက်တွေ့စေခဲ့သော ရွှေပါမိစ္ဆာမျိုးမှာ ဤနေရာတွင် ခြောက်လောင်းတောင် ရှိနေခြင်းပင်။
သေချာကြည့်လိုက်သောအခါတွင်မူ ၎င်းတို့မှာ သေဆုံးနေသည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရ၏။
သေဆုံးပြီးနောက် မည်မျှကြာမှ ရွှေပါမိစ္ဆာအဖြစ် ပြောင်းလဲသွားသနည်း၊ ပြောင်းလဲပြီးနောက်မှာရော မည်မျှကြာအောင် သေဆုံးနေခဲ့သနည်း မသိနိုင်ချေ။
ဤအလောင်းများမှာ အလွန်ပင် နှစ်ပရိစ္ဆေဒ ကြာမြင့်လှချေပြီ။
မိန်းကလေးငယ်မှာမူ မည်သည်ကိုမျှ ဂရုမစိုက်ဘဲ ထိတ်လန့်ခြင်းလည်း မရှိချေ။
ဘာကိုမှ မမြင်သကဲ့သို့ပင် ထိုရွှေပါမိစ္ဆာများကို ဖြတ်ကျော်ကာ ဖန်သားနန်းတော်၏ အတွင်းဆောင်သို့ ရောက်သွားလေသည်။
အတွင်းဆောင်မှာမူ ဖန်သားကြမ်းပြင် မဟုတ်တော့ဘဲ ကျယ်ဝန်းပြီး ညီညာသော မြက်ခင်းပြင်တစ်ခု ဖြစ်နေ၏။
အလယ်တွင် ကြီးမားသော ကျောက်စာတိုင်ကြီး တစ်ခု ရှိနေလေသည်။
ကျောက်စာတိုင်ပေါ်တွင် ရှေးဟောင်းစာလုံးများဖြင့် ထွင်းထုထားရာ ချူလျန်သည် အဓိပ္ပာယ်ကို ခန့်မှန်းကြည့်နိုင်၏။
ရှေ့ဆုံးတွင် ကြီးမားသော စာလုံးကြီးများဖြင့် "ကျန်းခွေ၏ ဂူဗိမာန်" ဟု ရေးထုထားလေသည်။
စာလုံးကြီးများ၏ နောက်တွင် စာတန်းလေးတစ်ခု ရှိနေသေး၏။
"အင်မော်တယ်စိမ့်မြေ၏ ပါမိစ္ဆာဘေးဒုက္ခမှာ ငါ့ထံမှ အစပြုခဲ့ခြင်းပင်..။”
“မိမိ၏ အပြစ်မှာ ကြီးလေးလှသည်ကို သိသော်လည်း သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သဖြင့် ထိုပြဿနာများကို မဖြေရှင်းနိုင်တော့ချေ…။”
“သို့ဖြစ်ပါ၍ ငါ၏ ကျင့်ကြံခြင်း စွမ်းအားများကို အင်မော်တယ်တက်လှမ်းမြက် အဖြစ် ပြောင်းလဲစေကာ ငါတို့ လူသားမျိုးနွယ်၏ ပါရမီရှင်များကို ထာဝရ ကူညီပေးနိုင်ပါစေကြောင်း ကြီးမြတ်သော ဆုတောင်းကို ပြုခဲ့ပါသည်…။"
ကျောက်စာတိုင်၏ အောက်ဘက်ကို ကြည့်လိုက်သောအခါ မြက်ပင်တစ်ပင် ရှိနေသည်ကို တွေ့လိုက်ရ၏။
၎င်းမှာ ပြည့်ဖြိုးကာ ဝေဆာနေပြီး မြက်ရွက်မှ အကြောများမှာ ရွှေရောင်ရှိကာ ပင့်ကူအိမ်ကဲ့သို့ ပြန့်နှံ့နေ၏။
ဤပုံစံမှာ မှတ်တမ်းထဲရှိ အင်မော်တယ်တက်လှမ်းမြက်နှင့် တစ်ပုံစံတည်းပင်။
ကျောက်စာတိုင်၏ ဘေးတွင် သေးငယ်သော ဖန်သား ခေါင်းတလားတစ်ခု ရှိနေသော်လည်း ယခုအခါ အဖုံးမှာ ပွင့်နေပြီး ပတ်ဝန်းကျင်မှာလည်း ရှုပ်ပွနေချေပြီ။
အခြားကိစ္စများကို ချူလျန် မစဉ်းစားတော့ဘဲ သူ၏ အကြည့်များမှာ ထိုအင်မော်တယ်တက်လှမ်းမြက်ထံသို့သာ ရောက်ရှိသွားတော့သည်။
ရှာရခက်လှသည့် အရာမှာ ယခုမူ လွယ်လွယ်ကူကူပင် ရရှိသွားချေပြီ။
မိမိ ဤမျှလောက် ဒုက္ခခံခဲ့ရခြင်းမှာ ဤအရာအတွက် မဟုတ်ပါလော။
ကျောက်စာတိုင်ပေါ်ရှိ အဓိပ္ပာယ်အရ ဤနေရာရှိ အင်မော်တယ်တက်လှမ်းမြက်မှာ ဤနေရာတွင် မြှုပ်နှံထားသော ပုဂ္ဂိုလ်ကြီး သေဆုံးပြီးနောက် ဝိညာဉ်အသိအမြင်ဖြင့် ပြောင်းလဲခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အင်မော်တယ်တက်လှမ်းမြက်သည် လူသားများအနားသို့ အဘယ်ကြောင့် အလိုလို ကပ်လာသနည်းဆိုသည်မှာလည်း ထိုသူ၏ ဆုတောင်းကြောင့်ပင် ဖြစ်ပေမည်။
ဤသို့ဆိုလျှင် ဤနေရာတွင် လဲလျောင်းနေသော ပုဂ္ဂိုလ်မှာ အဌမအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်ချေ ရှိပေသည်။
သတ္တမအဆင့် ကျင့်ကြံသူများမှာ ရှားပါးလှသော်လည်း သေဆုံးပြီးနောက် ဤကဲ့သို့ ဝိညာဉ်အသိအမြင် ရှိသည်ဟု မကြားဖူးချေ။
ကောင်းကင်မူလအဆင့်ကို ပိုင်စိုးထားသူများသာ သေဆုံးခါနီးတွင် ဤကဲ့သို့သော ဆန္ဒကို ပြုနိုင်ပေလိမ့်မည်။
ဤနေရာမှာ ကောင်းကင်မူလ ဂူဗိမာန် တစ်ခုပင်။
သူ၏ စိတ်ထဲတွင် ရင်ခုန်လှုပ်ရှားနေစဉ်မှာပင် မိန်းကလေးငယ်သည် တည်ငြိမ်မြဲအတိုင်း ရှိနေကာ မဆိုင်းမတွပင် ထိုမြက်ပင်ရှေ့သို့ သွားကာ ဆွဲနုတ်လိုက်လေသည်။
သူမသည် အင်မော်တယ်တက်လှမ်းမြက်ကို ဆွဲနုတ်လိုက်ကာ လက်ဖြင့် မြှောက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။
သူမသည် အင်မော်တယ်တက်လှမ်းမြက်ကို အစိမ်းစားတော့မည်လော။
ချူလျန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ဟန့်တားလိုက်လေသည်။
"နေဦး… ပါးစပ်ပိတ်ထားစမ်း"