← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) - ရှာစမ်း

ချူလျန်က ထိုသို့ အော်လိုက်ချိန်တွင် စိတ်လှုပ်ရှားမှု၊ စိုးရိမ်မှုနှင့် ထိတ်လန့်မှုတို့ ရောပြွမ်းနေ၏။

အမှန်စင်စစ် မိန်းကလေးငယ်က ရေထဲတွင် ငါးတစ်ကောင်ကဲ့သို့ ကျွမ်းကျင်စွာ ကူးခတ်နေကတည်းက သူမသည် သာမန်လူမဟုတ်ကြောင်း ချူလျန်၏ သံသယမှာ အတည်ဖြစ်ခဲ့ပြီးသားပင်ဖြစ်သည်။

ယခု သူမက ငါးဝမ်းဗိုက်ပုံစံ ပုံဆောင်ခဲနန်းတော်သို့ အလွန်တရာ ကျွမ်းကျင်စွာ ပြန်လာပြီး အင်မော်တယ်တက်လှမ်းမြက်ကို ခူးယူကာ အစိမ်းလိုက်စားရန် ပြင်နေချေပြီ။

ယွမ်ချောင်ရှန်းဆိုလျှင် ဤမြင်ကွင်းကို မြင်တွေ့ပါက သူမ၏ထူးခြားမှုကို သိရှိနိုင်မည်ဖြစ်ရာ ချူလျန်ဆိုလျှင် ပြောနေရန်ပင် မလိုတော့ချေ။

သို့သော်လည်း ထိုအရာက အင်မော်တယ်တက်လှမ်းမြက် ဖြစ်နေသည်မဟုတ်လော။

နှစ်ပေါင်းရာချီမှ တစ်ကြိမ်သာ တွေ့ရခဲသည့် အကောင်းဆုံး ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်မှာ မျက်စိရှေ့တွင် ရှိနေ၏။

တစ်စုံတစ်ဦးက ထိုအရာကို အချဥ်ရည်ပင်မတို့ဘဲ ဟင်းရွက်စားသလို အစိမ်းလိုက် စားပစ်တော့မည်ကို မြင်လိုက်ရသည့် မည်သည့်ကျင့်ကြံသူမဆို ရင်တုန်ပန်းတုန် ဖြစ်သွားမည်သာ။

ဒါက ကောင်းကင်ဘုံ၏ လက်ဆောင်ကို အလဟဿ ဖြုန်းတီးပစ်ခြင်းပင်။

ချူလျန်၏ အော်ဟစ်သံကြောင့် မိန်းကလေးငယ်က လှည့်ကြည့်လာ၏။

သူမက ထူးဆန်းသလို ကြည့်နေရင်း သွားလေးများကို စိလိုက်လေသည်။

သူမ၏ ပုံစံမှာ မကျေမနပ် ဖြစ်နေပုံရ၏။ အတိအကျပြောရလျှင် အစားလုခံရမည်ကို စိုးရိမ်နေသည့်အလား။

သူမ၏ အကြည့်က အပြင်ဘက်ရှိ ရွှေပါမိစ္ဆာများကို မတော်တဆဖြစ်စေ၊ တမင်ဖြစ်စေ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် ချူလျန်ကို ရက်စက်စွာ စိုက်ကြည့်လိုက်၏။

ထိုအကြည့်ကြောင့် ချူလျန်၏ ရင်ခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွား၏။

ကြည့်ရသည်မှာ...

အပြင်ဘက်ရှိ ထိုရွှေပါမိစ္ဆာများမှာလည်း သူမ၏ အစားအစာကို လာလုခြင်းကြောင့် အသတ်ခံလိုက်ရခြင်း ဖြစ်ပေမည်။

သူသည် ချက်ချင်းပင် မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်သွားကာ ခင်မင်ရင်းနှီးမှု ပြသသည့်အနေဖြင့် လက်နှစ်ဖက်ကို ဝှေ့ယမ်းပြလိုက်၏။

"ဒါကို ကျုပ်လည်း စားချင်တယ်၊ ကျုပ်ဆီက တစ်ခုခုနဲ့ လဲမလား"

မိန်းကလေးငယ်က အင်မော်တယ်တက်လှမ်းမြက်ကို လက်ထဲတွင် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

ချူလျန်က ရင်ဘတ်ထဲမှ ရွှေရောင်အစင်းကြောင်းပါသည့်အသီးတစ်လုံးကို ထုတ်ယူကာ ကမ်းပေးလိုက်၏။

"ဒီအသီးကို မင်းစားဖူးတယ်မလား၊ အရမ်းမွှေးတယ်မဟုတ်လား”

“ ကျုပ် ဒါနဲ့လဲမယ်လေ"

မိန်းကလေးငယ်က လှုပ်ရှားမှု မရှိသေးချေ။

ချူလျန်ကိုယ်တိုင်ပင် ရွှေရောင်အစင်းကြောင်းပါအသီးတစ်လုံးနှင့် အင်မော်တယ်တက်လှမ်းမြက်ကို လဲလှယ်ရန် ကြိုးစားခြင်းမှာ အတော်လေး ရယ်စရာကောင်းနေသည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူက နောက်ထပ်တစ်လုံးကို ထပ်ထုတ်လိုက်ပြန်သည်။

"နှစ်လုံးနဲ့ တစ်ပင်၊ ရမလား"

သူက ချော့မော့သော လေသံဖြင့် အေးဆေးစွာ ပြောလိုက်သည်။

မိန်းကလေးငယ်၏ အကြည့်က ဝေ့ဝဲသွားသော်လည်း မလှုပ်မယှက် ရှိနေဆဲပင်။

"ကျုပ် ဈေးတစ်ခု ပြောလိုက်မယ်..."

ချူလျန်က ထိုသို့ပြောရင်း အသီးများအပြည့်ပါသည့် သေတ္တာကြီးနှစ်လုံးကို မြေပြင်ပေါ်သို့ ချလိုက်လေသည်။

"ဒီသေတ္တာနှစ်လုံးထဲမှာ အလုံးနှစ်ဆယ်ကျော် ပါတယ်၊ မြက်တစ်ပင်နဲ့ လဲဖို့ဆိုရင် လုံလောက်ပြီမဟုတ်လား"

ထိုအခါမှသာ မိန်းကလေးငယ်၏ မျက်နှာတွင် တုံ့ဆိုင်းနေသော အရိပ်အယောင်လေး တစ်ခု ပေါ်လာတော့သည်။

သူမအတွက်မူ ဤမြက်ကို အကြိမ်ပေါင်းများစွာ စားဖူးပြီးသားဖြစ်ကာ အရသာမှာလည်း ထိုမျှ မထူးကဲလှချေ။

သို့သော် သူမ၏ စွမ်းအားကို သိသိသာသာ တိုးတက်စေနိုင်သည်မှာ အမှန်ပင်။

ဤအသီးကိုမူ ယနေ့မှ ပထမဆုံး စားဖူးခြင်းဖြစ်ပြီး စွမ်းအားမှာ မြက်ကဲ့သို့ မကြီးမားသော်လည်း အရသာမှာမူ အလွန်ကောင်းမွန်လှသည်။

အထူးသဖြင့် သူမကို အလွန်ဆွဲဆောင်နေသည့် ထူးခြားသော ရနံ့တစ်ခု ပါဝင်နေသည်။

အကယ်၍ သူမက ဤအကြောင်းများကို ချူလျန်ကို ပြောပြနိုင်မည်ဆိုလျှင် ချူလျန်သည် ဤအရောင်းအဝယ်ကို ချက်ချင်းရပ်တန့်ပစ်မည်မှာ သေချာ၏။

အကြောင်းမှာ ရွှေရောင်အစင်းကြောင်းပါအသီးထဲတွင် ပါဝင်သော ထူးခြားသည့် အငွေ့အသက်မှာ နဂါး၏သက်ပြင်းအပြင် သွေး၏အငွေ့အသက်ပင် ဖြစ်သောကြောင့်ပင်။

ဒဏ္ဍာရီလာ နဂါးမျိုးနွယ်စုကို အစားအစာအဖြစ် သတ်ဖြတ်စားသောက်သည့် ရက်စက်သော သားရဲများမှလွဲ၍ နဂါး၏သက်ပြင်းကို မက်မောမည့်သူ မရှိသလောက်ပင် ဖြစ်လေသည်။

ရွှေရောင်အစင်းကြောင်းပါအသီးထဲတွင် သွေး၏အငွေ့အသက်မှာ အနည်းငယ်မျှသာ ပါဝင်သော်လည်း သွေး၏အငွေ့အသက် အများဆုံး ပါဝင်သော အရာမှာ သက်ရှိများပင် ဖြစ်သည်။

အကယ်၍ သူမသည် သွေး၏ အရသာကို စွဲလန်းသွားမည်ဆိုလျှင် ဘေးဒုက္ခများဆီသို့ ဦးတည်သွားစေမည့် တံခါးတစ်ချပ်ကို ဖွင့်လိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

သူမ တုံ့ဆိုင်းနေသည်ကို မြင်သောအခါ ချူလျန်က ဤကိစ္စမှာ အောင်မြင်နိုင်သည်ဟု တွေးလိုက်မိကာ နောက်ထပ် သေတ္တာနှစ်လုံးကို ထပ်ထုတ်ကာ အရှိန်မြှင့်လိုက်၏။

"ဒါက ကျုပ်ဆီမှာရှိတဲ့ နောက်ဆုံးလက်ကျန်တွေပဲ၊ ဒီဈေးနဲ့ပဲ အပြတ်ဖြတ်ရအောင်"

ချူလျန်က အံကြိတ်ကာ ဆက်ပြောလိုက်၏။

"ဒီရွှေရောင်အစင်းကြောင်းပါအသီးက အရသာလည်းချိုတယ်၊ သွေးကိုလည်း အားဖြည့်ပေးတယ်၊ အလှအပအတွက်လည်း ကောင်းသလို ခရီးသွားရင်း စားဖို့လည်း အကောင်းဆုံးပဲ"

မိန်းကလေးငယ်က ခဏမျှ စဉ်းစားနေပြီးနောက် အသံထွက်ရန် ကြိုးစားလိုက်၏။

'အာဘ... အာဘ...'

သူမက နှစ်ချက်မျှ အသံပြုပြီးမှ မာကျောသော အသံတစ်လုံးကို ထွက်လာစေ၏။

"ရတယ်..."

ချူလျန်က ထိုအခါမှ သိလိုက်ရ၏။

မိန်းကလေးငယ်က စကားမပြောတတ်ခြင်းမဟုတ်ဘဲ သူမနှင့် စကားပြောဖူးသူ မရှိခြင်းကြောင့်သာ ဖြစ်ပေမည်။

ဘာသာစကားဆိုသည်မှာ သင်ယူရန် လိုအပ်သည်မဟုတ်လော။

သူမသည် ပါရမီရှင်တစ်ဦးပင် ဖြစ်စေကာမူ သူမကို မည်သူကမျှ စကားမပြောဖူးလျှင် သူမအနေဖြင့် မည်သည့်စကားတစ်လုံးကိုမျှ သိနိုင်မည်မဟုတ်ချေ။

သူမသည် မွေးကတည်းက ဤနေရာတွင် နေထိုင်ခဲ့ခြင်းများ ဖြစ်နေမည်လော။ ဤနေရာက သူမ၏ အိမ်လော။

ချူလျန်၏ အကြည့်က ထိုပုံဆောင်ခဲ ခေါင်းတလားလေးပေါ်သို့ ကျရောက်သွား၏။ ဤမျှ သေးငယ်သော ခေါင်းတလားမှာ ကောင်းကင်မူလအဆင့် ကျင့်ကြံသူက သူ့အတွက်သူ ပြင်ဆင်ထားခြင်း မဖြစ်နိုင်ချေ။

တွေးကြည့်ရုံမျှဖြင့် သူ၏ ကိုယ်ပေါ်ရှိ အမွေးအမျှင်များပင် ထောင်ထသွားသလို ခံစားလိုက်ရသည်။

သို့သော် မိန်းကလေးငယ်က အင်မော်တယ်တက်လှမ်းမြက်ကို ကမ်းပေးလာသည်ကို မြင်သောအခါ သူက အမြန်လှမ်းယူလိုက်၏။

ထို့နောက် ရွှေရောင်အစင်းကြောင်းပါအသီးများကို ထားရစ်ခဲ့ကာ ချက်ချင်းပင် လွတ်ရာသို့ ပြေးရန် ပြင်လိုက်၏။

"အချိန်လည်း မစောတော့ဘူး၊ ကျုပ်လည်း အိမ်ပြန်ရတော့မယ်”

“ ဒီနေ့ မင်းနဲ့ ကစားရတာ အရမ်းပျော်ဖို့ကောင်းတယ်၊ နောက်မှ ပြန်တွေ့မယ်"

ချူလျန်က ထိုစကားကို အမြန်ပြောပြီး ပုံဆောင်ခဲနန်းတော်ထဲမှ ထွက်ခွာရန် ခြေလှမ်းပြင်လိုက်၏။

သို့သော် သူသည် တံခါးဝသို့ မရောက်သေးမီမှာပင် ကျယ်လောင်သော ဝုန်းခနဲ အသံကြီးကို ကြားလိုက်ရ၏။

ခဏချင်းမှာပင် ကမ္ဘာလောကကြီး တစ်လုံးလုံး ပြောင်းပြန်လှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကောင်းကင်ပေါ်မှ ရေတံခွန်ကြီးတစ်ခု သက်ဆင်းလာကာ သူ၏ ခေါင်းပေါ်သို့ အရှိန်အဟုန်ဖြင့် စီးကျလာချေပြီ။

ထိုရေများမှာ အလွန်တရာ ငန်ကျိနေ၏။ ၎င်းမှာ ပင်လယ်ရေများပင် ဖြစ်ချေသည်။

...

အင်မော်တယ်စိမ့်မြေ၏ ညကောင်းကင်ယံတွင်။

ရွှေပြောက်သမင်ကို စီးနင်းထားသော ဝတ်ရုံရှည်နှင့် အဖိုးအိုတစ်ဦးသည် ကောင်းကင်ယံ၌ ကြီးမားသော အက်ကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်၏။ ထိုအက်ကြောင်းထဲမှ အတုမရှိ ရွှေရောင်အလင်းတန်းများ ကျဆင်းလာကာ အင်မော်တယ်စိမ့်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားလေ၏။

ရွှေရောင်ပန်းကန်လုံးကြီး တစ်လုံးကို မှောက်ရက် အုပ်ထားသကဲ့သို့ပင်။

ထိုအချိန်တွင် တိမ်တိုက်တစ်ခု အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး တည်ငြိမ်သော်လည်း သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည့် မျက်နှာတစ်ခု ပေါ်ထွက်လာ၏။

ထိုသူမှာ ရှုတောင်ဂိုဏ်း၏ အကြီးအကဲ ဝမ်ရွှမ်လင်ပင် ဖြစ်၏။

ဝမ်ရွှမ်လင် ရောက်ရှိလာသည်ကို မြင်သောအခါ သမင်စီးထားသော အဖိုးအိုက လက်ယှက်ကာ နှုတ်ဆက်လိုက်၏။

"အကြီးအကဲဝမ်၊ ရှုတောင်က ခင်ဗျားကိုတောင် လွှတ်လိုက်တယ်ဆိုတော့ ဒီတစ်ခါ ကပ်ဘေးပါမိစ္ဆာကို နှိမ်နင်းဖို့ အတော်လေး အလေးထားပုံရတယ်နော်"

"အကြီးအကဲစွန်း"

ဝမ်ရွှမ်လင်ကလည်း ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

"ကျုပ်တပည့်က ဒီအင်မော်တယ်စိမ့်မြေထဲမှာ ရှိနေတာမို့ သူ့ရဲ့ ဘေးကင်းမှုကို စိတ်ပူလို့ ကိုယ်တိုင်လာကြည့်တာပါ"

"အကြီးအကဲဝမ်ရဲ့ တပည့်ဆိုတော့ ရှုတောင်ဂိုဏ်းက ရွှီဇီယန်လား"

မြူခိုးဖုံးအင်မော်တယ်တောင်တန်းမှ အကြီးအကဲစွန်းက မေးလိုက်၏။

ဝမ်ရွှမ်လင်၏ မျက်နှာမှာ အတော်လေး မှိုင်းညို့နေသည်ကို မြင်ရသဖြင့် ထိုကဲ့သို့သော ပါရမီရှင် တပည့်မှလွဲ၍ မည်သူကမျှ သူ့ကို ဤမျှ စိုးရိမ်ပူပန်အောင် လုပ်နိုင်မည်မဟုတ်ဟု သူက တွေးလိုက်မိခြင်းပင်။

"ဟုတ်ပါတယ်"

ဝမ်ရွှမ်လင်က ခေါင်းညိတ်လိုက်၏။

"ကျုပ် အခုလေးတင် ကောင်းကင်ယံကို ဖွင့်လိုက်ပြီး မြူခိုးဖုံးအင်မော်တယ်တောင်တန်းရဲ့ ပါကွရှစ်ပါး တန်ခိုးရှင်ကြေးမုံ အစွမ်းကို သုံးပြီး အင်မော်တယ်စိမ့်မြေ တစ်ခုလုံးကို ထိန်းချုပ်ထားလိုက်ပြီ”

“ အခု ပါမိစ္ဆာအားလုံး ဒီနေရာမှာ ပိတ်မိနေပြီ… ဒါပေမဲ့ ကပ်ဘေးပါမိစ္ဆာရဲ့ အရိပ်အယောင်ကိုတော့ ရှာမတွေ့သေးဘူး”

“ အကြီးအကဲဝမ်အနေနဲ့ တပည့်ရဲ့ ဘေးကင်းမှုကို စိတ်ပူတယ်ဆိုရင် ကိုယ်တိုင်ဝင်ပြီး အမြန်ရှာကြည့်လိုက်ပါဦး"

အကြီးအကဲစွန်းက ပြောလိုက်၏။

ပါကွရှစ်ပါး တန်ခိုးရှင်ကြေးမုံမှာ ကမ္ဘာပေါ်တွင် တတိယမြောက် အစွမ်းထက်ဆုံး မှော်လက်နက်ဖြစ်ရာ ၎င်းကို ဂိုဏ်းပြင်ပသို့ အလွယ်တကူ ယူဆောင်သွား၍ မရချေ။

သို့သော် သူသည် ဤနည်းလမ်းဖြင့် ပါကွရှစ်ပါး တန်ခိုးရှင်ကြေးမုံ၏ စွမ်းအားကို လှမ်း၍ အသုံးပြုနိုင်ပေသည်။

"ကျုပ်လည်း အဲဒီလိုပဲ စိတ်ကူးထားပါတယ်….”

“ခဏနေရင် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းက တန်ခိုးရှင်တွေ ရောက်လာခဲ့ရင် ကျုပ်သွားတဲ့နေရာကို ပြောပြပေးဖို့ အကြီးအကဲစွန်းကို အကူအညီတောင်းပါရစေ"

ဝမ်ရွှမ်လင်က အပိုစကားမပြောဘဲ မှာကြားပြီးနောက် ချက်ချင်းပင် လှုပ်ရှားလိုက်၏။

သူ ပျံသန်းသွားသည်နှင့်အမျှ တိမ်တိုက်များက ဝန်းရံသွားပြီး သူ၏ ဝိညာဉ်အာရုံမှာလည်း အင်မော်တယ်စိမ့်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားကာ သဲတစ်ပွင့် မြက်တစ်ပင်မကျန် အသေးစိတ် ရှာဖွေတော့၏။

သတ္တမအဆင့် ကျင့်ကြံသူတစ်ဦးအတွက်မူ ဤကဲ့သို့ ကန့်သတ်ထားသော နယ်မြေအတွင်း ဝိညာဉ်အာရုံဖြင့် ရှာဖွေခြင်းမှာ အင်မော်တယ်မျက်စိဖြင့် ကြည့်နေသကဲ့သို့ပင် အစွမ်းထက်လှသည်။

ခဏအကြာတွင် သူသည် ရေကန်တစ်ခု၏ ဘေး၌ ရွှီဇီယန်၏ ပုံရိပ်ကို တွေ့လိုက်ရ၏။

ထိုအခါမှသာ ဝမ်ရွှမ်လင်၏ တင်းမာနေသော မျက်နှာမှာ အနည်းငယ် လျော့ကျသွားသည်။

"ဆရာ"

ဝမ်ရွှမ်လင် ရောက်လာသည်ကို မြင်သောအခါ ရွှီဇီယန်ကလည်း ချက်ချင်းပင် အရိုအသေပေးလိုက်၏။

သူ၏ လက်ရှိအခြေအနေမှာ အတော်လေး သနားစရာကောင်းနေချေသည်။

အဝတ်အစားများ စုတ်ပြဲနေသည်မှာ ပြောနေရန်ပင် မလိုတော့ဘဲ ပါးပြင်ပေါ်တွင်လည်း သွေးစွန်းနေကာ ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာကြီးအချို့ ရရှိထားသည်ကို တွေ့ရ၏။

"အင်မော်တယ်စိမ့်မြေမှာ ဒီလောက် အခြေအနေတွေ ရှုပ်ထွေးနေတာ၊ မင်းက ဘာလို့ စောစောမထွက်သွားတာလဲ"

ဝမ်ရွှမ်လင်က မျက်နှာထားတင်းတင်းဖြင့် မေးလိုက်၏။

သူ၏ လေသံမှာ ပြင်းထန်သော်လည်း အဓိပ္ပာယ်မှာမူ တပည့်ဖြစ်သူကို အလွန်စိုးရိမ်နေခြင်းပင်။

"ဆရာ... တပည့်က ဒီတစ်ခေါက် ဂျူနီယာညီလေးတွေကို စောင့်ရှောက်ဖို့ တာဝန်ယူထားတာပါ…..”

“… အခု ဂျူနီယာညီလေးတစ်ယောက် ပျောက်ဆုံးနေလို့ ရှာနေတာပါ"

ရွှီဇီယန်က ပြန်လည်ဖြေကြားလိုက်၏။

"ဩော်... အဲဒီလိုကိုး"

ဝမ်ရွှမ်လင်က ခေါင်းညိတ်လိုက်ပြီး သူ၏ တပည့်တွင် တာဝန်သိစိတ် ရှိသည်ကို ကျေနပ်သွားကာ ထပ်မေးလိုက်သည်။

"ဘယ်တပည့် ပျောက်နေတာလဲ"

"ငွေဓားတောင်ထွတ်က ချူလျန်ပါ"

ရွှီဇီယန်က ဖြေလိုက်၏။ ဝမ်ရွှမ်လင်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"ဘာ..."

ထိုကလေးမှာ ငွေဓားတောင်ထွတ်၏ တစ်ဦးတည်းသော တပည့်ဖြစ်ပြီး တိနွီဖုန့်၏ တစ်ဦးတည်းသော တပည့်လည်း ဖြစ်သည်။

ပြီးခဲ့သည့်အကြိမ်က တစ်စုံတစ်ဦးသည် သူ၏ ဓားဒင်္ဂါးအချို့ကို လုယူခဲ့ခြင်းကြောင့် တိနွီဖုန့်က တိမ်တိုက်စက်ဝန်းတောင်ထွတ်အထိ လိုက်ရှင်းခဲ့သည့် ကိစ္စမှာ ရှုတောင်ဂိုဏ်း တစ်ခုလုံးတွင် ကျော်ကြားနေပြီးသားပင်။

ထိုကိစ္စတွင် ချူလျန်က တမင်လုပ်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း တိနွီဖုန့်က သူမ၏ တပည့်ကို မည်မျှ ကာကွယ်တတ်ကြောင်း သိသာလှ၏။

အကယ်၍ သူသာ သေသွားခဲ့လျှင်...

ဝမ်ရွှမ်လင်သည် ထိုအကြောင်းကို တွေးကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှသည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် သူက ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ပြီး မဆိုင်းမတွဘဲ အမိန့်ပေးလိုက်တော့သည်။

"ရှာစမ်း"

"ငါလည်း မင်းနဲ့အတူ လိုက်ရှာမယ်.."

"တစ်ညလုံး ရှာစမ်း.."

All Chapters