ပြီးဆုံးခြင်း
Vol. 002 Ch. 58
အကြီးအကဲ အိုးယန်က ဝမ်လင်းကို အထင်သေးသည့် အကြည့်ဖြင့် ကြည့်ပြီး ပြောလိုက်၏။
“မင်းက အခုမှ ဂျူနီယာလေးပဲ ရှိသေးတယ် ... ငါနဲ့လဲဖို့ ဘာရှိမှာ မို့လို့လဲ ... ဒါပေမဲ့ မင်းက ဟုန်ယွီဂိုဏ်း တည်ထောင်သူရဲ့ ရတနာပစ္စည်းကို ထုတ်ပြ လာရင်တော့ ကင်းခြေများ အဆိပ်တစ်စက်နဲ့ လဲကောင်း လဲလှယ်နိုင်မယ် ...”
ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး စိတ်ထဲမှ ကျိတ်လှောင်ပြောင် လိုက်၏။ ထို့နောက် သူက ဆွဲငင်အား ပညာကို အားကုန် ထုတ်သုံးပြီး ဆွဲယူလိုက်သည်။
ချက်ချင်း အကြီးအကဲ အိုးယန်၏ အမူအရာက ပြောင်းလဲ သွားသည်။
“ဝမ်လင်း ... မင်း လုပ်ရဲတယ်ပေါ့ ...”
အကြီးအကဲ အိုးယန်သည်လည်း ပြောပြီးသည်နှင့် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ဟောင်းနေဟန် ရှိသည့် ဓားတစ်လက် ထွက်လာ၏။ ဓားထွက်ပေါ် လာသည်နှင့် ဓားပတ်လည်တွင် လေထုက စုစည်းလာပြီး ကြီးမားသော ဓားတစ်လက်ပုံစံ ဖြစ်ပေါ်လာပြီး အောက်သို့ ခုတ်ပိုင်း ချလိုက်သည်။
ဓား ထွက်ပေါ် လာသည်နှင့် တစ်ပြိုင်နက် အကြီးအကဲ အိုးယန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒ အရိပ်အယောင်များ ပေါ်လာ၏။ ဝမ်လင်းက သန်မာလွန်းသည့် အတွက် နောင်တစ်ချိန်တွင် ရွှမ်တောက်ဂိုဏ်းကို ခြိမ်းခြောက်နိုင်မည့် လူတစ်ယောက် ဖြစ်လာနိုင်သည်။ ထို့ကြောင့် ဒီအခွင့်အရေးကို အရယူပြီး ဝမ်လင်း၏ ကျင့်ကြံမှုကို ဖျက်ဆီးရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။
ဟွမ်လုံ မျက်နှာပျက် သွားသည်။ အကြီးအကဲ အိုးယန်၏ ရည်ရွယ်ချက်ကို သူနားလည် လိုက်သည်နှင့် သူ၏ဓားကို ထုတ်ယူလိုက်သည်။ ဝမ်လင်းကတော့ ရယ်မောလိုက်၏။ သူ၏ ဆွဲငင်အား ပညာရပ်သည် ဆွဲငင်အား ပညာရပ်၏ အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရုတ်တရက် ဝမ်လင်းက သူ ဖန်တီးထားသည့် မမြင်နိုင်သော လက်ကြီးကို မြင်နိုင်အောင် ပြုလုပ်လိုက်၏။
ကြီးမာသော လက်ကြီးနှစ်ဖက်သည် အဖြူရောင် အလင်းများ ထွက်ပေါ်နေပြီး ထို အဖြူရောင် အလင်းများက လက်ကို လျင်မြန်စွာ လှည့်ပတ်နေသည်။ ပတ်ဝန်းကျင်မှ တိမ်များ အားလုံးကလည်း ထို လှည့်ပတ်မှုကြောင့် ကွဲသွားကုန်၏။
လက်ကြီး တစ်ဖက်က ကင်းခြေများ၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က အပေါ်သို့ မြှောက်ကာ ကျလာသည့် ဓားကို ဖမ်းဆုပ်ထား လိုက်သည်။
ကျလာသည့်ဓားက တဖြည်းဖြည်း အရှိန် လျော့ကျလာပြီး နောက်ဆုံးတွင် လေထဲ၌ ရပ်တန့်သွား၏။ အကြီးအကဲ အိုးယန်၏ မျက်နှာကလည်း နီရဲသွားပြီး ကြောက်ရွံ့သည့် အမူအရာများ ပေါ်လာသည်။
တခြား အကြီးအကဲ နှစ်ယောက်သည်လည်း အံကြိတ်ပြီး သူတို့၏ အဆင့်အတန်းကို လျစ်လျူရှုကာ တစ်ယောက်က သက်တံရောင် အလင်းကို ထုတ်လိုက်သည်။ ထိုအလင်းက သက်တံရောင် ဖဲကြိုးအဖြစ် ပြောင်းကာ ဝမ်လင်းဆီသို့ တိုးဝင်သွား၏။
ထိုအချိန်တွင် ကျန်အကြီးအကဲ တစ်ယောက်ဆီမှလည်း ကျောက်စိမ်းလေး တစ်ခု ပစ်လွှတ်လိုက်သည်။ ထိုကျောက်စိမ်းမှ တစ္ဆေလိုလိုပုံနှင့် မီးလုံး(၈)လုံး ထွက်ပေါ်လာပြီး ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။
ပြင်းထန်သော အပူလှိုင်းများက ဝမ်လင်းဆီသို့ အရင် ရောက်လာသော်လည်း ဝမ်လင်း၏ အမူအရာက လုံးဝ မပြောင်းလဲချေ။ သူက ဆွဲငင်အားပညာဖြင့် နောက်လက် တစ်ခုကို ဖန်တီးလိုက်သည်။ ထိုလက်က ဝမ်လင်း၏ ပတ်လည်တွင် လေပွေတစ်ခု ဖန်တီးပြီး တစ္ဆေမီးလုံးများကို တဖြည်းဖြည်း ပျောက်ကွယ် သွားစေသည်။
အရာအားလုံးက အချိန် ခဏလေးအတွင်း အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခြင်း ဖြစ်၏။ ဟွမ်လုံက ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ဖြင့် အစီအရင် တစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ ခရမ်းရောင် လဓားပျံက လျှပ်တစ်ပြတ် သက်တံရောင် ဖဲကြိုးဆီသို့ ပျံသန်းသွား၏။
ဝမ်လင်းက အချိန်ကို အလဟဿ အဖြစ်မခံဘဲ ခြေတစ်ထောင် ကင်းခြေများ အနီးသို့ ရွေ့သွား၏။ သူ၏ ဆွဲငင်အားပညာဖြင့် ချုပ်နှောင် ထားသဖြင့် ကင်းခြေများကြီး အပြင်းအထန် ရုန်းကန်သော်လည်း မလွတ်မြောက်နိုင်ပေ။ ဝမ်လင်းက သူ့ညာလက်ကို ကင်းခြေများ၏ ဦးခေါင်းပေါ်တင်ပြီး သူ၏ စိတ်စွမ်းအင်များကို နှိုးဆွလိုက်သည်။ ကင်းခြေများဆီမှ နာကျင်သည့် အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး ကင်းခြေများကြီးက အနက်ရောင် အမှုန်အမွှားများ အန်ထုတ်လိုက်၏။
စက္ကန့် အနည်းငယ် အချိန် အတွင်းမှာပင် အားလုံး ဖြစ်ပြီး သွားသည်။ မည်သူမှ တုံ့ပြန်ရန် အချိန် မရှိလိုက်ပေ။ နှစ်ဖက်စလုံးမှ အကြီးအကဲများက ကင်းခြေများ၏ ဘေးနှစ်ဖက်တွင် တိုက်ခိုက်ရန် အတွက် အသင့် ဖြစ်နေကြ၏။ ကင်းခြေများကြီးက အဆိပ်ကို အန်လိုက်သည်ကို တောက်ရှုက မြင်လိုက်သောအခါ ဝမ်လင်းထံတွင် အဆိပ်ထည့်စရာ ပစ္စည်းမရှိမှာ စိုးရိမ်သွားပြီး အဖြူရောင် ပုလင်းသေး တစ်လုံးကို ပစ်ပေးလိုက်သည်။
“တပည့်ဝမ်လင်း ... အဆိပ်ထည့်ဖို့ ဒီပုလင်းကို သုံးလိုက် ...”
ပစ်ပေးပြီးသည်နှင့် ဓားပျံကို ထုတ်ယူလိုက်ပြီး တစ္ဆေမီးလုံးများ ပစ်လွှတ်ခဲ့သည့် ရွှမ်တောက်ဂိုဏ်း၏ အကြီးအကဲကို တိုက်ခိုက်လိုက်သည်။
ရွှမ်တောက်ဂိုဏ်းမှ အကြီးအကဲ(၃)ယောက်သည် ဟုန်ယွီဂိုဏ်းမှ အကြီးအကဲများက သူတို့ကို တားဆီး ထားသည့်အတွက် ဒေါသတကြီး ဖြစ်နေကြ၏။ ဝမ်လင်းကိုလည်း မတားဆီးနိုင်တော့ပေ။
ကင်းခြေများကြီး အဆိပ်များ အန်ထုတ်သည်ကို မြင်လိုက်သောအခါ ဝမ်လင်းက လျင်မြန်စွာ နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။ သူက ပုလင်းကို ဖမ်းယူလိုက်ပြီး သူ၏ စိတ်စွမ်းအင်များကို သုံးကာ အဆိပ်များကို ပုလင်းထဲသို့ ဝင်သွားအောင် လုပ်လိုက်၏။
အကြီးအကဲအိုးယန်က ဒေါသတကြီး အော်ပြောလိုက်သည်။
“ဟုန်ယွီဂိုဏ်းက တော်တော် လွန်နေပြီနော် ...”
ဟွမ်လုံက မသိမသာ သက်ပြင်း ချလိုက်ပြီး သူ့ဓားကို သိမ်းကာ နောက်ကို ဆုတ်လိုက်သည်။ တခြား အကြီးအကဲများလည်း ထိုနည်းတူစွာပင် နောက်ဆုတ် သွားကြ၏။
ဝမ်လင်း၏ မျက်နှာတွင် နောင်တရသည့် အရိပ်အယောင် တစ်စွန်းတစ်စ ပေါ်ထွက်လာသည်။ ခြေတစ်ထောင် ကင်းခြေများ၏ အဆိပ်က သူ့အဖေ ခံစားနေရသည့် အအေးဓာတ် ရောဂါကို ကုသကောင်းကုသ နိုင်ပေလိမ့်မည်။ ထို့ကြောင့် မည်သို့ပင် ဖြစ်နေပါစေ အဆိပ်ကို ရအောင် ယူရပေမည်။ သူက အကြီးအကဲ အိုးယန်ကို လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးကာ ပြောလိုက်သည်။
“အကြီးအကဲအိုးယန် ... ဒီကင်းခြေများ အဆိပ်က ကျွန်တော့်အတွက် အလွန် အရေးပါနေလို့ပါ ... ဒီပစ္စည်းလေးနဲ့ဆို အဆိပ်နဲ့ လဲလှယ် နိုင်မယ်လို့ ထင်ပါတယ် ...”
ဝမ်လင်းက ပြောပြီးသည်နှင့် တစ်ပြိုင်နက် သာမန် ကျောက်စိမ်းပုလင်း တစ်လုံးကို ပစ်ပေးလိုက်သည်။ ကျောက်စိမ်း ပုလင်းထဲတွင် တောင်အနောက်ဘက်မှ စမ်းရေများ အပြည့် ထည့်ထား၏။ ဝမ်လင်း တောင်အနောက်ဘက်မှ ထွက်မလာခင် သူ သိုလှောင်ထားသည့် ဘူးသီးခြောက်များ ထဲမှ ကျန်နေသေးသည့် စမ်းရေများ ဖြစ်၏။
အကြီးအကဲအိုးယန်၏ မျက်နှာက သုန်မှုန်နေသည်။ သူက ကျောက်စိမ်းပုလင်းကို ဂရုတစိုက် စစ်ဆေးကြည့်ရာ မျက်မှောင်ကြုတ် သွားပြီး ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ်(၅၀၀)က ဟုန်ယွီဂိုဏ်းရဲ့ စဦး စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အမြောက်အမြားက စိတ်စွမ်းအင်များ သာမန်ထက် အဆပေါင်းများစွာ သိပ်သည်းသည့် ကျင့်ကြံရာ နေရာတစ်ခုကို ဖန်တီး ထားတယ်လို့ ကြားဖူးတယ် ... ငါ့အထင် ဒီပုလင်းထဲကရေက အဲဒီနေရာက ရေမလား ... ”
သူက ပုလင်းအဖုံးကို ဖွင့်လိုက်သောအခါ ပြင်းထန်သော စိတ်စွမ်းအား အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ဟွမ်လုံက ကျောက်စိမ်းပုလင်းကို ကြည့်ပြီး မုတ်ဆိတ်ကို ပွတ်သပ်ကာ ပြောလိုက်၏။
“ဒီကောင်လေးကတော့ တောင်အနောက်ဘက် စမ်းရေကိုတောင် ယူလာတယ် ...”
အကြီးအကဲ အိုးယန်က ပုလင်းကို လက်ထဲတွင် ကိုင်ထားရင်း အလေးချိန်ကို ခန့်မှန်း ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။
“သူငယ်ချင်းဟွမ်လုံ ... မင်းမှာ တကယ်တော်တဲ့ တပည့်တစ်ယောက် ရှိတာပဲ ... နှုတ်ဆက်ပါတယ် ...”
ထို့နောက် သူက ဝမ်လင်းကို ကြည့်ပြီး ခဏလောက် တွေးကာ အသံ ထုတ်လွှင့်ခြင်းဖြင့် စကားတချို့ လှမ်းပို့လိုက်သည်။
“ဝမ်လင်း ... အဆိပ်ထုတ်ယူတဲ့ ကိစ္စကို ခွင့်ပြုပေးနိုင်တယ် ... ဒါပေမဲ့ ဟုန်ယွီဂိုဏ်းမှာ စဦး စိတ်ဝိညာဉ်အဆင့် တစ်ယောက်မှ မရှိတော့ဘူး ... ဒါကြောင့် ဒီမှာနေတာက မင်းအတွက် အန္တရာယ်များတယ် ...”
ထို့နောက် သူက ခြေတစ်ထောင် ကင်းခြေများကြီးကို ထွက်ခွာရန် အချက်ပေးလိုက်သည်။ ကင်းခြေများကြီးက ဝမ်လင်းကို တစ်ချက် ကြည့်ပြီး မြောက်အရပ်သို့ ပျံသန်းသွား၏။
ထိုအချိန်တွင် ဝမ်လင်းသည် ကင်းခြေများကြီးပေါ်မှ သူ့ကို ကြည့်နေသော လှပသည့် မျက်ဝန်းတစ်စုံကို သတိပြုမိသွား၏။
ဝမ်လင်း မှင်တက်နေသည်။ သူ့စိတ်ထဲတွင် အကြီးအကဲအိုးယန် ပြောသည့် စကားလုံးများ ပဲ့တင် ထပ်နေ၏။ ဆွဲဆောင်မှု အပြည့်နှင့် မျက်ဝန်းပိုင်ရှင်ကတော့ တစ်ခါ ကြည့်မိသွားကတည်းက ရင်ထဲ မထိတော့ချေ။
ရွှမ်တောက်ဂိုဏ်း ထွက်ခွာ သွားပြီးနောက် ထင်းရှူးတောင်ထိပ် တစ်ခုလုံး တိတ်ဆိတ်သွား၏။ ဟွမ်လုံက တပည့်များဘက် လှည့်ပြီး ပြောလိုက်သည်။
“ဒီနေ့ပြိုင်ပွဲမှာ ငါတို့ဂိုဏ်းက အနိုင်ရခဲ့ပြီ ... ပင်မ တပည့်အားလုံးကို ဆုပေးမယ် ... မင်းတို့အားလုံး ဆေးဝါးအဆောင်ကို သွားပြီး တစ်ယောက်ကို စိတ်စွမ်းအင် စုစည်းဆေးလုံး တစ်ပုလင်းစီ သွားယူနိုင်တယ် ... မင်းတို့အားလုံး ဝမ်လင်းကို အတုယူပြီး ကြိုးစားကြပါ ...”
ပင်မ တပည့်အားလုံး ပျော်ရွှင်သွားကြ၏။ ယခုအချိန်မှစပြီး ဝမ်လင်းကို မည်သူမှ အသုံးမကျသည့် ကောင်ဟု ခေါ်ရဲတော့မည် မဟုတ်ပေ။
ဝမ်ကျောက်၏ စိတ်ကတော့ မတည်ငြိမ်နိုင်တော့ချေ။ သူက ရွှမ်တောက်ကို ပြောလိုက်သည်။
“ဆရာ ... တပည့် ရှင်ခြင်း သေခြင်းလမ်းကို သွားချင်တယ် ... ဒါဆို တပည့် တခြားကိစ္စတွေနဲ့ ပက်သက်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပူတော့မှာ မဟုတ်ဘူး ...”
တောက်ရှုက သက်ပြင်း ချလိုက်သည်။ ဝမ်ကျောက်က သူ၏အချစ်ဆုံး တပည့်ဖြစ်၏။ ထို့ကြောင့် ဝမ်လင်းနှင့် သူ့တပည့်ကြား ကိစ္စများကို သိရှိနေသည်။ သူက ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။
“ကောင်းပြီ ... မင်းကို ဝမ်လင်းနဲ့ မတွေ့စေဖို့အတွက် ခွင့်ပြုပေးပါ့မယ် ...”
ဝမ်ကျောက်က ခါးသက်စွာ ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမှ ထပ်မပြောတောချေ။
ထိုအချိန်တွင် ဟွမ်လုံက ထပ်ပြောလိုက်သည်။
“မင်းတို့ အားလုံး ပြန်နိုင်ပြီ ... ဝမ်လင်း ငါနဲ့လိုက်ခဲ့ ...”
ဝမ်လင်းက ခေါင်းညိတ် လိုက်သည်။ သူက လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူ့အကြည့်က လုယွင်ကျဲထံသို့ ရောက်သွားပြီး ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကို တတိယခေါင်းဆောင်လု ... ခဏစောင့်ပါဦး ...”
***