အကြီးအကဲ
Vol. 002 Ch. 60
ဟွမ်လုံက ပုလင်းနှစ်လုံးကို ကြည့်ပြီး နှာခေါင်း ရှုံ့လိုက်သည် ...
“တောင်အနောက်ဘက်က စမ်းရေကို အပြင်ကို ယူဆောင်သွားခွင့် မရှိတဲ့အတွက်ကြောင့် ဒီပုလင်းနှစ်လုံးကို ငါယူသွားမယ် ... မင်းကတော့ ပြန်နားလို့ရပြီ ... မှတ်ထားဦး မနက်ဖြန် ငါ့ကို လာတွေ့ပါ ... မင်းအတွက် သင့်တော်မယ့် ကျင့်စဉ် နည်းစနစ်တစ်ခုကို ကျမ်းဆောင်ကနေ ယူပေးမယ် ...”
ထိုစကားကို ကြားပြီး ဝမ်လင်း အလွန် စိတ်လှုပ်ရှားသွား၏။ သူက လေးစားစွာ နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ သူ၏ ကျင့်စဉ်အဆင့်က မြင့်သော်လည်း ကျင့်စဉ် နည်းစနစ်ကတော့ ဆွဲငင်အား ကျင့်စဉ် နည်းစနစ် တစ်ခုသာ ရှိလေသည်။
ဝမ်လင်း ထွက်သွားပြီးတောက် ဟွမ်လုံက လှည့်ပြီး ခါးကို ကိုင်းကာ ရိုသေစွာဖြင့် မေးလိုက်၏ ...
“အကြီးအကဲ ရှန့်ကွမ်းရော ဝမ်လင်း ပြောသွားတာတွေ အမှန်လို့ ထင်ပါသလား ... သူနဲ့ပတ်သက်လို့ ဘယ်လို ကိုင်တွယ် သင့်ပါသလဲ ...”
အပြာရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ပိန်ခြောက်ခြောက် အဘိုးအို တစ်ယောက်က ခန်းမထဲသို့ လမ်းလျှောက် ဝင်လာသည်။ သူက ပြောလိုက်သည် ...
“ဟွမ်လုံ ... ကောင်လေးက တစ်လုံးမှ အမှန်တွေ မပြောသွားဘူးလို့ မပြောနိုင်ဘူးလား...”
ဟွမ်လုံ၏ မျက်နှာတွင် ရှက်ရွံ့သော အရိပ်အယောင်များ ပေါ်လာသည်။
ဟုန်ယွီဂိုဏ်း၏ စည်းမျဉ်းအရ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သို့ ရောက်လျှင် အကြီးအကဲ ဖြစ်လာပြီး အမြုတေ ဖွဲ့တည်ခြင်း အဆင့်သို့ ရောက်လျှင် ပင်မအကြီးအကဲ ဖြစ်လာသည်။ စဦးစိတ်ဝိညာဉ် အဆင့်သို့ ရောက်လျှင် ဟုန်ယွီဂိုဏ်း၏ ဘိုးဘေးဟု သတ်မှတ်ကြသည်။ (ရှေ့မှာရေးတဲ့ အကြီးအကဲ ဆိုတာ စွန်းတဇူးတို့ မျိုးဆက်တွေကို တပည့်တွေက ခေါ်တာနော်၊ အခုရေးတဲ့ အကြီးအကဲနဲ့ အဆင့်ချင်း မတူပါဘူး)
ပုံမှန်အားဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်၁၀ယောက်သည် တံခါးပိတ် ကျင့်ကြံနေလေ့ ရှိသော်လည်း ရွှမ်တောက်ဂိုဏ်းမှ တုန်လှုပ်ဖွယ် သတင်းကို ကြားပြီးနောက် အမြုတေ ဖွဲ့တည်ခြင်းအဆင့် ပင်မအကြီးအကဲ နှစ်ယောက်ကို ထိုကိစ္စအား ပြောပြရန် ဟွမ်လုံက အကြီးအကဲ ၁၀ယောက်ကို အလျင်အမြန် သွားတွေ့ခဲ့သည်။
ဝမ်လင်း၏ လုပ်ဆောင်ချက်များ ကိုလည်း ဟွမ်လုံက မမျှော်လင့်ထားသည့် အတွက် ဝမ်လင်းကို ဤနေရာသို့ ခေါ်လာ မေးမြန်းခဲ့ခြင်း ဖြစ်၏။
အကြီးအကဲ ရှန့်ကွမ်းက ဟွမ်လုံ၏လက်ထဲမှ ပုလင်းကို သူ၏ နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးပြီး ပြောလိုက်သည် ...
“ကောင်လေး ပြောသွားတဲ့ အထဲမှာ မှန်တာ တစ်ခုတော့ ပါတယ် ... အဲဒါက တောင်အနောက်ဘက်က ရေတွေပဲ ... ဒါကိုသာ နေ့စဉ် သောက်သုံးရင် ကျင့်ကြံခြင်းမှာ အထောက်အကူ ပြုလိမ့်မယ် ...”
ဟွမ်လုံက ခဏလောက် တုံ့ဆိုင်း နေပြီးနောက် မေးလိုက်သည် ...
“အကြီးအကဲရှန့်ကွမ်း ... ဝမ်လင်း အသုံးပြုသွားတာ တကယ်ပဲ ဆွဲငင်အား ကျင့်စဉ်လား ...”
အကြီးအကဲ ရှန့်ကွမ်းက ဟွမ်လုံကို ကြည့်ပြီး ဖြေပေးလိုက်သည် ...
“သူ့ပြိုင်ပွဲတွေကို ကြည့်ရသလောက်တော့ သေချာတယ် ... သူသုံးတာ ဆွဲငင်အားကျင့်စဉ်ပဲ ...”
ဟွမ်လုံက ဆက်မေးလိုက်သည် ...
“တကယ်ပဲ ဆွဲငင်အား ကျင့်စဉ်လား ... ဒါပေမဲ့ ဘာလို့ မှော်ရတနာတွေရဲ့ အစွမ်းနဲ့တောင် ယှဉ်နိုင်ရလောက်တဲ့ အထိ အစွမ်းထက် နေရတာလဲ ...”
အကြီးအကဲ ရှန့်ကွမ်းက အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ပြီး ပြောလိုက်သည် ...
“ဘယ်ကျင့်စဉ်မဆို ... အချိန်ကြာကြာ လေ့ကျင့်ပြီးသွားရင် သာမန်ထက်ပိုပြီး အစွမ်းထက် လာလိမ့်မယ် ... ဒါပေမဲ့လည်း အဲဒါက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ကျင့်ကြံတွေ အပေါ်မှာတော့ သုံးလို့ရမှာ မဟုတ်ဘူး ... ဘယ်လိုပဲ ဖြစ်ဖြစ် ဒါက အခြေခံ ကျင့်စဉ် တစ်ခုပဲလေ ...”
“ကောင်လေးရဲ့ ကျင့်စဉ်က တကယ် အလွှာ၃မှာပဲ ရှိသေးတယ် ... ဒါပေမဲ့ သူ့ကိုယ်ထဲမှာ စိတ်စွမ်းအင်တွေ အများကြီး ရှိတယ် ... ဒါကြောင့် ငါလည်း သူ့ကို အားလုံး မစစ်ဆေး နိုင်လိုက်ဘူး ... ငါ ခန့်မှန်း ရသလောက်ဆိုရင် သူက ချီစုစည်းမှုအဆင့် အလွှာ၁၄လောက် ရှိလိမ့်မယ် ... ဒါကြောင့် သူက မကြာခင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်သွားလိမ့်မယ် ... ငါတို့ဂိုဏ်းက အန္တရာယ်ထဲ ရောက်နေတာကြောင့် ဒီလို တပည့် တစ်ယောက်အတွက် လျှို့ဝှက်ချက်ရှိတာ အဆင်ပြေပါတယ် ... ဟမ့် ရွှမ်တောက်ဂိုဏ်းက တကယ်ကို ဂိုဏ်းသေးသေးလေးပဲ ... ချီစုစည်းခြင်းအဆင့် ဂျူနီယာလေးတွေကို အကြီးအကဲအဖြစ် ပို့လိုက်ပြီး ဝမ်လင်းကိုတောင် ငါတို့ရှေ့မှာ အသံ ထုတ်လွှင့်ခြင်းကို သုံးပြီး စည်းရုံးရဲတယ် ...”
ဟွမ်လုံ မှင်တက်သွား၏။ သူက အသံထုတ်လွှင့်ခြင်း အကြောင်း မမေးသော်လည်း တခြား အကြောင်းအရာ တစ်ခုကို မေးလိုက်သည် ...
“ဟွမ်လုံ လုပ်လိုက်ပါ့မယ် ... အကြီးအကဲ ရှန့်ကွမ်း ... ဘိုးလေးတွေ အကြောင်းကရော ...”
အကြီးအကဲရှန့်ကွမ်းက သက်ပြင်း ချလိုက်၏။ သူက ခေါင်းကို ခါယမ်းပြီး ပြောလိုက်သည် ...
“ဘိုးဘေးတွေက ငါတို့ကို အကြောင်းမပြန်တာ နှစ်၃၀ရှိပြီ ... ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီတောင်ထိပ်ကို လိုချင်နေတယ် ... ဒီကိစ္စမှာ ငါတို့ ဘာမှလုပ်နိုင်တာ မရှိဘူး ... ပင်မ အကြီးအကဲ နှစ်ယောက် စဦးစိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်သွားမှ အရှက်ခွဲခဲ့တဲ့ သူအားလုံးကို ပြန်ပေးဆပ်ခိုင်းမယ် ...”
ဟွမ်လုံ၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နေပြီး ခေါင်းညိတ် လိုက်သည်။
ဝမ်လင်းကတော့ ခန်းမထဲမှ ထွက်လာသည်နှင့် ပင်မတပည့် အားလုံးက သူ့ကို လေးစားမှု အပြည့်ဖြင့် လမ်းဖယ် ပေးကြသည်။ သည်အဖြစ်က မနေ့ကနှင့် လုံးဝ ဆန့်ကျင်ဘက်ပင် ဖြစ်၏။
‘ခွန်အား ... ကျင့်ကြံခြင်း လောကမှာ ခွန်အားက အဓိကပဲ ...”
စွန်းတဇူး၏ ဥယျာဉ်သို့ ပြန်လာစဉ် ဝမ်လင်း၏ စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။
သူ ဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် စွန်းတဇူးက သူ့ဆီသို့ လျှောက်လာသည်ကို ချက်ချင်း မြင်လိုက်ရ၏။
စွန်းတဇူး၏ မျက်နှာတွင် အပြုံးပန်းတစ်ပွင့် ဆင်မြန်းထားပြီး ဝမ်လင်းကို ပြောလိုက်သည် ...
“တပည့် တော်တယ် ... ဆရာက မင်းကို စောင့်နေတာ ကြာပြီ ... ဒီမှာ ဆရာကိုယ်တိုင် လုပ်ထားတဲ့ ထိပ်တန်းအဆင့် ပြန်လည် အားပြည့် လက်ဖက်ရည် ... မင်း ဒါကို သောက်လိုက်တာနဲ့ ဆေး ဘယ်လောက်စွမ်းလဲ သိသွားလိမ့်မယ် ...”
ပြောပြီးသည်နှင့် သူက ကျောက်စားပွဲပေါ်မှ ခွက်ကို ယူလိုက်ပြီး ဝမ်လင်းကို ကမ်းပေးလိုက်၏။
ဝမ်လင်း၏ စိတ်ထဲတွင် ထူးဆန်းနေ၏။ စွန်းတဇူး၏ အပြုအမူများက ပြောင်းလဲနေသည့် အတွက် သူ့ကို ခဏတာ မှင်တက် သွားစေသည်။
စွန်းတဇူး ကလည်း ဝမ်လင်း၏ အမူအရာကို မြင်သည်နှင့် ပြုံးပြကာ ရိုးသားမှု အပြည့်ပါသော မျက်လုံးဖြင့် ကြည့်ပြီး ပြောလိုက်သည် ...
“ဝမ်လင်း ... မင်းရဲ့ဆရာက မင်းအပေါ် မကောင်းခဲ့ဘူး ... ပြီးတော့ ငါတို့ကြားမှာ နားလည်မှု လွဲတာလေးတွေ ရှိခဲ့တယ် ...”
ဝမ်လင်းက ခွက်ကို မယူပေ။ သူက လက်ဖက်ရည်ခွက်ကို နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ စိတ်စွမ်းအင် လှိုင်းများကို တွေ့လိုက်ရသည့်အတွက် လက်ဖက်ရည် သောက်ရန် ငြင်းပယ်လိုက်၏ ...
“တပည့် အရမ်း ပင်ပန်းနေတာမို့ ... လက်ဖက်ရည် မသောက်တော့ပါဘူး ...”
စွန်းတဇူးက လျင်မြန်စွာ ပြောလိုက်သည် ...
“ပင်ပန်းနေတာလား ... အနားယူရမှာပေါ့ ... ဒီအခန်းက မင်း အနားယူဖို့အတွက် ကျဉ်းလွန်းတယ် ... ဒီနေ့ကစပြီး ငါ့အခန်းမှာ လာနေနိုင်တယ် ...”
ဝမ်လင်း၏ အသွင်အပြင်က အပြင်ဘက်တွင် တည်ငြိမ် နေသော်ငြားလည်း သူ့စိတ်ထဲတွင် အချက်ပေးသံများ ဆူညံနေ၏။ ပြောရလျှင် စွန်းတဇူး တစ်ယောက်သာ သူ့အတွက် သံသယဖြစ်ဖွယ် အကောင်းဆုံး ဖြစ်နေသည်။ ထို့ကြောင့် ဝမ်လင်းက ခေါင်းကို ခါပြီး ပြောလိုက်သည် ...
“ဒီအခန်းက အဆင်ပြေပါတယ် ... ပြီးတော့ ဒီမှာ အကြာကြီး နေမှာလည်း မဟုတ်ဘူးလေ ... ကျွန်တော်က နောက်ရက် အနည်းငယ်လောက် တောင်အနောက်ဘက်ကို သွားပြီး တံခါးပိတ် ကျင့်ကြံရဦးမှာ ...”
စွန်းတဇူးက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဝမ်လင်းက လျင်မြန်စွာ နှုတ်ဆက်ပြီး ထွက်သွား၏။ စွန်းတဇူးက လက်ထဲမှ လက်ဖက်ရည်ခွက်ကို ကြည့်ပြီး မျက်လုံးထဲတွင် ရက်စက်သည့် အရိပ်အယောင်များ ပေါ်လာသည်။
ရုတ်တရက် ဝမ်လင်းက နောက်သို့ လှည့်လိုက်ပြီး စွန်းတဇူးကို ကြည့်လိုက်သည်။
စွန်းတဇူး၏ မျက်နှာက ချက်ချင်း လူသေကောင် မျက်နှာကဲ့သို့ ဖြစ်သွားပြီး ပြောလိုက်သည် ...
“တပည့် ... တခြားကိစ္စ ရှိသေးလို့လား...”
ဝမ်လင်းက ခနဲ့ချင်သည့် အမူအရာနှင့် ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းပြီး ပြောလိုက်၏ ...
“ဆရာကို ကြည့်ရတာ တစ်ခုခုကို အရမ်း ထိတ်လန့် နေသလိုပဲနော် ...”
စွန်းတဇူး၏ နှလုံးခုန်သံက မြန်လာပြီး နောက်သို့ ခြေလှမ်း ဆုတ်လိုက်သည်။ ထိုအခါမှ အနည်းငယ် တည်ငြိမ်သွား၏။
“ဆရာ တကယ်ကို ထိတ်လန့်နေတာ ... တပည့်က ဆရာ့ထက်တောင် သန်မာနေတယ် ... ဆရာက အခုမှ အလွှာ၅ကိုပဲ ရောက်သေးတာလေ ...” စွန်းတဇူးက ပြောလိုက်သည်။
ဝမ်လင်းက လက်ဖက်ရည်ခွက်ကို ကြည့်ပြီး ပြောလိုက်၏ ...
“ဆရာ ... တပည့်အတွက် ဖျော်ထားတဲ့ လက်ဖက်ရည်ကို ဆရာ သောက်လိုက်ပါလား ...”
စွန်းတဇူးသည် အမူအရာ ပျက်သွားပြီး အားတင်းကာ ပြုံးပြလိုက်သည် ...
“မင်း မသောက်ချင်ရင်လည်း လွှင့်ပစ်လိုက်လို့ ရတာပဲ ...”
ထိုသို့ ပြောပြီး ချက်ချင်း လက်ဖက်ရည်ခွက်ကို မြေပြင်ပေါ်သို့ ပစ်လိုက်ပြီး သူ့ခြေထောက်က ဥယျာဉ် ဂိတ်ထိတိုင်အောင် နောက်သို့ ဆုတ်သွား၏။
“ဆရာ သောက်လိုက်ပါ ...” ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်သည်။ သူက မြေပြင်သို့ ကျတော့မည့် ခွက်ကို ဆွဲငင်အား ပညာရပ်ဖြင့် ဖမ်းယူပြီး စွန်းတဇူး၏ ရှေ့သို့ ပို့ပေးလိုက်၏။ လက်ဖက်ရည်ခွက်က စွန်းတဇူး၏ရှေ့ လေထဲတွင် ရှိနေသည်။ ဝမ်လင်းက သက်ပြင်ချလိုက်၏။ စွန်းတဇူးသည် သူ့အပေါ်တွင် ရန်သူကဲ့သို့ သဘောထားသည်ကို သူသိသည်။ ထို့ကြောင့် လက်ဖက်ရည်နှင့် ပတ်သက်ပြီး တစ်ခုခုမှားနေသည်ကို ခန့်မှန်းမိခြင်း ဖြစ်၏။
စွန်းတဇူးသည် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ချေ။ သူက အချိန် တော်တော်ကြာအောင် စဉ်းစားပြီးနောက် ပြောလိုက်သည် ...
“ဝမ်လင်း ... မင်းက ဆရာ့ကို နားလည်မှု လွဲနေတယ် ထင်တယ်.. လက်ဖက်ရည်နဲ့ပတ်သက်ပြီး ဘာမှ မှားနေတာ မရှိဘူး ဆိုတာ ယုံပါ ... မင်းယုံအောင် ငါသောက်ပြမယ် ...”
စွန်းတဇူးက လက်ဖက်ရည်ခွက်ကို ယူပြီး သောက်လိုက်သည်။ ထို့နောက် ခွက်ကို မြေပြင်ပေါ်သို့ ပစ်ချပြီး ပြောလိုက်၏ ...
“ဒါဆို အဆင်ပြေပြီလား ... ဂိုဏ်းခေါင်းဆောင်က စကားပြောဖို့ ခေါ်ထားသေးတယ် ... နောက်ကျရင် မကောင်းဘူး ... ဒါကြောင့် တခြားကိစ္စ မရှိတော့ရင် နောက်မှ ပြောကြတာပေါ့ ...”
စွန်းတဇူးသည် ထိုသို့ ပြောပြီးသည်နှင့် နောက်လှည့်ပြီး ထွက်သွား၏။
ဝမ်လင်း၏ မျက်လုံးက အရောင်လက်သွားပြီး သူ့ခန္ဓာကိုယ်က လှုပ်ရှား သွားသည်။ စွန်းတဇူးသည် ဝမ်လင်း လှုပ်ရှားလာသည်ကို မြင်လိုက်သည်နှင့် နောက်သို့ လျင်မြန်စွာ ဆုတ်သွားသည်။ သို့သော်လည်း ချီစုစည်းမှု အလွှာ၅တစ်ယောက်က ဝမ်လင်းကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။
ဝမ်လင်းသည် စွန်းတဇူး၏ ဘေးနားသို့ ရောက်သည်နှင့် တစ်ပြိုင်နက် စွန်းတဇူး၏ ရင်ဘတ်ကို ရိုက်လိုက်သည်။ စွန်းတဇူး လက်ဖက်ရည်ကို သောက်ခဲ့စဉ်က စွန်းတဇူးသည် လက်ဖက်ရည်ကို အမှန်တကယ် သောက်ခဲ့ခြင်း မဟုတ်ဘဲ စိတ်စွမ်းအင်ဖြင့် ထိန်းထားခြင်း ဖြစ်၏။
တစ်ချက် ရိုက်လိုက်ရုံမျှဖြင့် စွန်းတဇူး၏ စိတ်စွမ်းအင်များက ပြန့်ကျဲသွားပြီး လက်ဖက်ရည်ကလည်း စွန်းတဇူး၏ ကိုယ်ထဲသို့ လျင်မြန်စွာ ပျော်ဝင်သွား၏။
စွန်းတဇူး၏ အမူအရာက ပျက်ယွင်းသွားကာ ဒေါသ အရိပ်အယောင်များ ထွက်ပေါ်လာသည်။ စွန်းတဇူးက ချက်ချင်းပဲ ပြောလိုက်သည် ... ၏။
“ဝမ်လင်း ... မင်း ဘာလုပ်နေတာလဲ ... မင်းရဲ့ ဆရာကို သတ်နေတာလား ... မင်း ငါ့ကိုသတ်ရင် ဟုန်ယွီဂိုဏ်းကလည်း မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး ...”
ဝမ်လင်းက ငြိမ်သက် သွားသည်။ ထို့နောက် သူက နတ်ဘုရား စိတ်အာရုံဖြင့် စစ်ဆေးကြည့်ရာ လက်ဖက်ရည်က စွန်းတဇူး၏ ကိုယ်ထဲတွင် အပြည့်အဝ ပျော်ဝင်သွားသည်ကို တွေ့လိုက်ရ၏။ လက်ဖက်ရည်မှ ဖြစ်လာသည့် ငွေရောင်ကြိုးလေးများက စွန်းတဇူး၏ ဦးခေါင်းဆီသို့ သွားနေသည်ကိုလည်း သတိပြုမိလိုက်သည်။
စွန်းတဇူးလည်း တစ်ခုခု မှားနေသည်ကို ခံစားမိလိုက်သည်။ ထိုအချိန်တွင် ငွေရောင်ကြိုးလေးများက စွန်းတဇူး၏ ဦးခေါင်းထဲသို့ ရောက်ရှိသွားပြီ စွန်းတဇူး၏ ခက်ထန်နေသော မျက်နှာထားက ချက်ချင်း ပြေလျော့သွား၏။
စွန်းတဇူး၏ မျက်နှာကို ကြည့်ပြီး တစ်ခုခု ဖြစ်သွားသည်ကို ဝမ်လင်း နားလည်လိုက်သည်။ စွန်းတဇူး အမူအရာက ယခုအချိန်တွင် လေးလံ ထိုင်းမှိုင်းသကဲ့သို့ ဖြစ်နေလေသည်။
ဝမ်လင်းက အနည်းငယ် စဉ်းစားပြီး မေးလိုက်သည် ...
“ဆရာ ... တပည့်က ဆရာ့ကို သတ်ဖို့ ကြိုးစားတာ မဟုတ်ပါဘူး ... ဒါပေမဲ့ ဆရာကသာ လက်ဖက်ရည်ကို တကယ်သောက်ခဲ့ရင် တပည့် ဒီလိုလုပ်စရာ မလိုဘူး ...”
စွန်းတဇူးက လေးလံ ထိုင်းမှိုင်းနေသော အမူအရာဖြင့် ပြောလိုက်သည် ...
“လက်ဖက်ရည်က မသောက်သင့်ဘူး ...”
ဝမ်လင်း အံ့ဩသွားပြီး စွန်းတဇူးကို သေသေချာချာ ကြည့်လိုက်ပြီး ထပ်မေးလိုက်သည် ...
“ဘာကြောင့် မသောက်သင့်တာလဲ ...”
“လက်ဖက်ရည်ထဲမှာ ငွေကြိုး၃ခု မြက်ပါတယ် ...” ဝမ်လင်း၏မျက်လုံးက အရောင်လက် သွားသည်။
“ငွေကြိုး၃ခုမြက်မှာ ဘာအာနိသင်ရှိလဲ ...” ဝမ်လင်းက မေးလိုက်၏။
“ငွေကြိုး၃ခုမြက် သောက်သုံးလိုက်တဲ့ လူကို အချိန် အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိသွားလိမ့်မယ် ... ငွေကြိုး၃ခုမြက်က ရုပ်သေးလုပ်ဖို့ အတွက် အဓိက ပါဝင်ပစ္စည်းပဲ ...”
အဖြေကို ကြားပြီး ဝမ်လင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
“ဘာကြောင့် ငါ့အပေါ် ဒီလို လုပ်ချင်တာလဲ ...”
“ငါ မင်းရဲ့ ဘူးသီးခြောက်ကို တွေ့တဲ့အချိန်က မင်းအပေါ် သံသယရှိခဲ့တယ် ... ဒါကြောင့် မင်းကို တပည့်အဖြစ် ခေါ်ယူခဲ့တာပဲ ... အစက မင်းကို ပထမအလွှာ ရောက်အောင် လုပ်ပေးပြီး စိတ်ဝိညာဉ် ရှာဖွေခြင်း နည်းလမ်းကို အသုံးပြုချင်ခဲ့တယ် ... ဒါပေမဲ့ မင်းကို ချီပြိုကွဲခြင်း မြက်ကို တိုက်ကျွေးပြီးသား ဖြစ်နေတယ် ... ဒါကြောင့် ငါတွေးလိုက်တယ် ... မင်း ပထမအလွှာကို ရောက်ဖို့ဆိုရင် ၁၀နှစ်ကျော်အောင် ကြာလိမ့်မယ် ဆိုတာ ငါ တွေးမိလိုက်တယ် ... ဒါကြောင့်ပဲ ငါ့အကြံကို လက်လျှော့ခဲ့တာ ... ပြိုင်ပွဲမှာ မင်းရဲ့အစွမ်းတွေကို တွေ့လိုက်ရတော့ မင်းမှာ ဘူးသီးခြောက် တစ်ခုထက် ပိုရှိဦးမယ် ဆိုတာကို ငါ တွေးမိလိုက်တယ် ... ဘူးသီးခြောက်တွေ အပြင် တခြား လျှို့ဝှက်ချက်တွေလည်း ရှိလည်း ရှိနိုင်သေးတယ်လို့ တွေးခဲ့တယ် ... ငါလည်း ငါ့ရဲ့ကျင့်စဉ်ကို တိုးတက်ချင်တယ် ... ဒါကြောင့် ဒီလက်ဖက်ရည်လုပ်ပြီး မင်းကို တိုက်ဖို့ စိတ်ကူးခဲ့တာပဲ ...”
ဝမ်လင်းက အသက်ပြင်းပြင်း ရှူလိုက်ပြီး ဆက်မေးသည် ...
“ချီပြိုကွဲခြင်း မြက်ဆိုတာ ဘာလဲ ... ငါ့အကြောင်းကိုရော တခြားသူတွေကို ပြောသေးလား ... ပြီးတော့ အရင်ကတည်းက ငွေကြိုး၃ခုမြက်ကို မသုံးခဲ့တာလဲ ...”
“ချီပြိုကွဲခြင်းမြက်က မင်းကျင့်စဉ် ကျင့်နေစဉ်အတွင်း မင်းကိုယ်တွင်းမှာ ချီမဖွဲ့စည်းလာအောင် တားဆီးပေးတယ် ... ဒီကိစ္စကို ငါ ဘယ်သူ့ကိုမှ မပြောခဲ့ဘူး ... မင်းဆီက ဘူးသီးခြောက်တွေကို ဘယ်သူမှ မရစေချင်ဘူး ... ငွေကြိုး ၃ခုမြက်ကျတော့ အရင်က ငါ့မှာ မရှိဘူး ... အရင်နှစ်က ဂိုဏ်းကနေ ထွက်သွားတော့ အပြင်က ကျင့်ကြံသူ တစ်ယောက်ဆီက ရလာခဲ့တာ ... အဲဒီ ကျင့်ကြံသူ ပြောတာတော့ ငွေကြိုး၃ခုမြက်ကို ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်အောက်က လူတွေကိုပဲ သုံးမယ်ဆိုရင် အောင်မြင်နှုန်းက ၉၀ရာခိုင်နှုန်း ရှိတယ်လို့ ပြောခဲ့တယ် ... ငါက ဒီဟာကို လုယွင်ကျဲအပေါ်မှာ သုံးဖို့ စဉ်းစားထားခဲ့တာ ... ဒါမှ သူ့ဆီက ဆေးလုံးတချို့ ငါရနိုင်လိမ့်မယ် ...”
ဝမ်လင်းက စွန်းတဇူးစကားကို ကြားပြီး အလွန် ဒေါသထွက်နေပြီ ဖြစ်သည်။ ဝမ်လင်းက လှောင်ပြောင် ခနဲ့သလို့ ထပ်မေးလိုက်သည် ... “ငါ သိသွားမှာ မကြောက်ဘူးလား ...”
“မင်းရဲ့ လျှို့ဝှက်ချက်ကို ရှာတဲ့ကိစ္စမှာ ငါ အများကြီး မတွေးထားဘူး ... ငါက အိုနေပြီ ... ငါသာ အခုချိန် တိုးတက်လာအောင် မလုပ်နိုင်ရင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်တော့ဘူး ... အမှန်ပြောရရင် မင်း ဒီနေ့ပြန်လာမယ်လို့ ငါ သေချာမသိဘူး ... မင်းသာ ပြန်လာခဲ့ရင်ဆိုပြီး စွန့်စားပြီးတော့ လက်ဖက်ရည်ကို ပြင်ဆင်ခဲ့တာပဲ ... မင်းသာ ပြန်လာခဲ့ရင် မင်းကို လက်ဖက်ရည် သောက်ဖို့ ပြောမယ် ... မင်းမလာခဲ့ရင် မင်းက ဂိုဏ်းခေါင်းဆောင်နဲ့ တောင်အနောက်ဘက်မှာ အချိန်အများစု ရှိနေတော့မယ်.. ဒါဆို ငါ့အတွက် နောက်ထပ် အခွင့်အရေးရှိမှာ မဟုတ်တော့ဘူးလို့ ငါ ယူဆခဲ့တယ် ...”
အေးစက်စက် အလင်းရောင် တစ်ခုက ဝမ်လင်း၏ မျက်လုံးထဲတွင် ထွက်ပေါ်လာပြီး ခက်ထန်စွာ မေးလိုက်သည် ...
“စောနက မင်းပြောတဲ့ ဂိုဏ်းခေါင်းဆောင်က မင်းကို ရှာနေတယ်ဆိုတာ အမှန်လား ...”
“မဟုတ်ဘူး ...”
စွန်းတဇူး၏ပါးစပ်မှ ‘မဟုတ်ဘူး’ဆိုသည့် အဖြေကို ဖြေပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်လင်းက သူ့လက်ဖြင့် စွန်းတဇူး၏ ဦးခေါင်းပေါ်သို့ အရှိန်ပြင်းပြင်း ရိုက်ချလိုက်၏။ သွေးများက စွန်းတဇူး၏ ဒွါရအပေါက်များမှ စီးကျလာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။
ဝမ်လင်းက စွန်းတဇူး၏ အလောင်းကို စူးစိုက် ကြည့်လိုက်၏။ ထိုအချိန်တွင် ဝမ်လင်းသည် ဖော်မပြနိုင်သော ခံစားမှုတစ်ခုကိုလည်း ခံစားလိုက်ရသည်။ သူ့အတွက် ဒါဟာ ပထမဆုံး လူသတ်ဖူးခြင်း ဖြစ်သည့်အပြင် သူသတ်လိုက်သည့် လူကလည်း သူ့ဆရာ ဖြစ်နေသည်။
အချိန် တော်တော်ကြာအောင် စဉ်းစားနေပြီးနောက် ဝမ်လင်းက စွန်းတဇူး၏ ခန္ဓာကိုယ်ကို သိမ်းဆည်း လိုက်သည်။ ထို့နောက် သူ ဟုန်ယွီဂိုဏ်းမှ လေးလံ ထိုင်းမှိုင်းသော အမူအရာဖြင့် ထွက်လာပြီး တောင်ပေါ်သို့ တက်သွားကာ အလောင်းကို ပစ်ချလိုက်သည်။
***