အခန်း ၁၈၂
Vol. 13 Ch. 182
အခန်း ၁၈၂ - ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်နှင့် ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်
“ဒီတာဝန်ပေးတဲ့သူက တကယ့်ကို ယုတ်မာတာပဲ မဟုတ်လား... နတ်ဘုရားအဆင့်နယ်ပယ်ကျော်ဖြတ်ဆေး တစ်လုံးတည်းအတွက်နဲ့ ချန်းနန်ကုန်းမြေကြီးကို နှစ်ပေါင်း ၃၀၀၀ တောင် စောင့်ခိုင်းတယ်ဆိုတာက... တကယ့်ကို မတရားတဲ့ တောင်းဆိုမှုပဲ...”
ရီယွင်၏ အမူအရာမှာ အနည်းငယ် ပြောင်းလဲသွားပြီး ဆိုလိုက်၏။
“ငါတို့တွေကတော့ ဘုံရန်သူရှိနေတာ သေချာသလောက်ပဲ...”
အပြာရောင်ဝတ်စုံဝတ် လူအိုကြီးက ဆိုလိုက်သည်။
“အဲ့ဒီလိုတော့လည်း မဟုတ်ဘူး မိတ်ဆွေ... နတ်ဘုရားအဆင့်ကျော်ဖြတ်ဆေးက နတ်ဘုရားနယ်မြေမှာတောင် အရမ်းရှားတာလေ၊ ဈေးနှုန်းသာရှိပြီး ဝယ်လို့မရတဲ့ အရာမျိုးပဲ... ငါသာ စစ်မှန်သောနတ်ဘုရားနယ်ပယ် အဆင့် ၂ ကို မကြာခင် မကျော်ဖြတ်နိုင်ရင် သိပ်ပြီး အသက်ရှည်ရှည် နေရတော့မှာ မဟုတ်ဘူး... ဒါကြောင့် ဒီတာဝန်က ငါ့အတွက်တော့ အလောင်းအစားတစ်ခုပါပဲ... ငါလို အပယ်ခံ တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်အပေါ် သနားကြင်နာတတ်တဲ့ မိတ်ဆွေလို ရက်ရောသူမျိုးနဲ့ တွေ့ရမယ်လို့ ငါ မမျှော်လင့်ထားခဲ့ပါဘူး...”
အပြာရောင်ဝတ်စုံဝတ် လူအိုကြီးက ပြောရင်းနှင့် ဝမ်းနည်းစရာအတိတ်များကို ပြန်လည်သတိရလာကာ သူ၏မျက်ရည်များကို သုတ်လိုက်၏။
ရီယွင်က ပြုံးလျက် ဆိုလိုက်သည်။
“မိတ်ဆွေ... သိပ်ပြီးတော့လည်း စိတ်မပျက်ပါနဲ့ဦး...”
သူသည် ဤအပြာရောင်ဝတ်စုံဝတ် လူအိုကြီးမှာ ယုတ်မာညစ်ပတ်သူတစ်ဦးမဟုတ်ဘဲ စိတ်ဝင်စားစရာကောင်းသူတစ်ဦးဟု ထင်မြင်မိပေသည်။ သူ၏ သိုလှောင်ရုံအတွင်း၌ နတ်ဘုရားအဆင့်ကျော်ဖြတ်ဆေးများမှာ တောင်တစ်လုံးအလား အလွန်အမင်း များပြားလှပေသည်။ ရီယွင် ထုတ်ပေးလိုက်သော ဆေးလုံးမှာ အနိမ့်စား နတ်ဘုရားအဆင့်ကျော်ဖြတ်ဆေးမျှသာ ဖြစ်ပေသည်။ အဆင့်မြင့်ဆေးလုံးများကိုမူ လူအိုကြီး အလွန်အမင်း တုန်လှုပ်သွားမည်စိုးသဖြင့် သူ ထုတ်မပေးခဲ့ချေ။ အပြာရောင်ဝတ်စုံဝတ် လူအိုကြီးအတွက်မူ အနိမ့်စားဆေးလုံးတစ်လုံးကပင် သူ၏နယ်ပယ်ကို ကျော်ဖြတ်ရန် လုံလောက်လှပေပြီ။
“ဘုန်း...”
ရုတ်တရက် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့သည်။ အဝေးတစ်နေရာ မြေအောက်အနက်ပိုင်းမှ ဧရာမအရာတစ်ခုခု ထွက်ပေါ်လာတော့မည့်အလား ရှိနေ၏။ ထို့နောက် တောက်ပသော အလင်းတန်းတစ်ခုမှာ ကောင်းကင်ယံသို့ ထိုးတက်သွားတော့သည်။ ဟင်းလင်းပြင်၌ ၎င်းမှာ ဧရာမ လျှို့ဝှက်ဆန်းကြယ်သော နန်းတော်ကြီးတစ်ခုအဖြစ် ပုံပေါ်လာခဲ့၏။
ထိုပုံရိပ်ယောင်နန်းတော်ကြီးကို ကြည့်ရင်း ရီယွင်၏ မျက်ဝန်းများမှာ အနည်းငယ် ကျဉ်းမြောင်းသွားပြီး အတိတ်မှ ဖြစ်ရပ်အချို့ကို ပြန်လည်သတိရသွားသည်။ အပြာရောင်ဝတ်စုံဝတ် လူအိုကြီးမှာလည်း ထိုပုံရိပ်ယောင်ကို ကြည့်ရင်း အမူအရာ ပြောင်းလဲသွားကာ အာမေဍိတ်သံ ပြုလိုက်၏။
“မယုံနိုင်စရာပဲ... ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်တောင် ပေါ်လာပြီလား...”
‘ဒါက တကယ့်ကို ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ပါပဲလား...’
ရီယွင်က အနည်းငယ် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းတုန်းကပင် ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အကြောင်း ကြားဖူးခဲ့ပေသည်။ သို့သော် ၎င်းမှာ နှစ်ပေါင်း သောင်းချီမှ တစ်ကြိမ်သာ ပေါ်လာတတ်သဖြင့် ရီယွင်သည် သူ၏သက်တမ်းတစ်လျှောက်တွင် လွဲချော်ခဲ့ရခြင်း ဖြစ်ပေသည်။
အပြာရောင်ဝတ်စုံဝတ် လူအိုကြီးက အဝေးသို့ လှမ်းကြည့်ရင်း မေးမြန်းလိုက်၏။
“မိတ်ဆွေ... ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ကို သွားဖို့ အစီအစဉ် ရှိလား...”
ရီယွင်က တည်ငြိမ်စွာပင် ခေါင်းခါပြလိုက်သည်။
“ငါ သွားဖို့ မလိုပါဘူး...”
သူ့မှာ အရင်းအမြစ်များ လုံလောက်နေသည်ပင်။ ဤ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ကို သွား၍ ဘာမှမထူးပေ။
အပြာရောင်ဝတ်စုံဝတ် လူအိုကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းရိပ်များ ချက်ချင်း ပေါ်လာခဲ့၏။ သူသည် အဝေးသို့ ငေးကြည့်ရင်း အားကျသော အမူအရာဖြင့် ဆိုလိုက်သည်။
“ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်မှာ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် ရှိတယ်လို့ ငါ ကြားဖူးတယ်... တစ်ယောက်ယောက်က အဲ့ဒါကို ရနိုင်တဲ့ ကံရှိမယ်ဆိုရင် သူတို့ရဲ့ သက်တမ်းကို နှစ်ပေါင်း ထောင်ချီပြီး တိုးစေနိုင်တယ်လို့ ဆိုကြတာပဲ...”
“အဲ့ဒါကို ငါ ကြားဖူးပါတယ်...”
ရီယွင်၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့၏။ သူက ပြုံးလျက် ဆိုလိုက်သည်။
“ဒါပေမဲ့ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အတွင်းမှာ မမြင်ရတဲ့ ကန့်သတ်စွမ်းအားတစ်ခု ရှိတယ်... အဲ့ဒီထဲကို ဝင်သွားတဲ့ ဘယ်ကျင့်ကြံသူမဆို သူတို့ရဲ့ နယ်ပယ်က ကောင်းကင်တံတားနယ်ပယ်အထိ ဖိနှိပ်ခံလိုက်ရမှာပဲ...”
အပြာရောင်ဝတ်စုံဝတ် လူအိုကြီး၏ အမူအရာ ပြောင်းလဲသွားပြီး သက်ပြင်းချကာ ဆိုလိုက်၏။
“မိတ်ဆွေ ပြောတာ အမှန်ပဲ... ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်မှာ ဆွဲဆောင်မှုရှိတဲ့ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် ရှိနိုင်ပေမဲ့ အဲ့ဒါက သာမန်လူတွေ ဝင်နိုင်တဲ့ နေရာမျိုး မဟုတ်ဘူးလေ... ကျင့်ကြံသူတစ်ယောက်ရဲ့ ကျင့်ကြံမှုက မြင့်လေလေ၊ ဝင်သွားတဲ့အခါ အန္တရာယ်က ပိုများလေလေပဲ... အဲ့ဒီမှာ သေဆုံးသွားမယ်ဆိုရင် ရတာထက် ဆုံးရှုံးတာက ပိုများသွားမှာပေါ့...”
“အတိအကျပါပဲ...”
ရီယွင်က ရယ်မောလျက် ခေါင်းညိတ်လိုက်ရာ သူ၏ မျက်ဝန်းများအတွင်း၌ နက်နဲသော အဓိပ္ပာယ်များ ရှိနေပေသည်။ ကြည့်ရတာ ဤအပြာရောင်ဝတ်စုံဝတ် လူအိုကြီးမှာ ချန်းနန်ကုန်းမြေကြီးသို့ ရောက်လာတာ နောက်ကျသော်လည်း အခြေအနေကို ကောင်းစွာ နားလည်ထားပုံရပေသည်။
အပြာရောင်ဝတ်စုံဝတ် လူအိုကြီးက ရှက်ရွံ့စွာ ပြုံးလျက် ရှင်းပြလိုက်၏။
“မိတ်ဆွေ... ငါ့မှာ ချန်းနန်ကုန်းမြေကြီးရဲ့ လျှို့ဝှက်ချက်အချို့ကို ရေးထားတဲ့ စာအုပ်တစ်အုပ် ရှိတယ်လေ၊ ဒါကြောင့် ဒီအချက်တွေကို သိနေတာပေါ့... မဟုတ်ရင် စစ်မှန်သောနတ်ဘုရားနယ်ပယ်က တစ်ကိုယ်တော်ကျင့်ကြံသူတစ်ယောက်က ချန်းနန်ကုန်းမြေကြီးအကြောင်းကို ဒီလောက်အထိ ဘယ်လိုလုပ် သိနိုင်မှာလဲ...”
“ဒါဆိုရင်လည်း ကောင်းတာပေါ့...”
ရီယွင်က ခေတ္တမျှ ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။
အပြာရောင်ဝတ်စုံဝတ် လူအိုကြီးက ပြုံးလျက် ဖိတ်ခေါ်လိုက်၏။
“မိတ်ဆွေ... ငါက မေရုတောင်မှာ နေတာပါ... အချိန်ရရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်... ငါတို့ လက်ဖက်ရည်သောက်ရင်း တရားဓမ္မတွေ ဆွေးနွေးကြတာပေါ့... အဲ့ဒါက တကယ့်ကို မွန်မြတ်မှာပါ...”
“ကောင်းပါပြီ... ဒါဆိုရင် မိတ်ဆွေ အရင်ပြန်နှင့်တော့လေ...”
ရီယွင်က ပေါ့ပေါ့ပါးပါးပင် ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။
အပြာရောင်ဝတ်စုံဝတ် လူအိုကြီးသည် စစ်မှန်သောနတ်ဘုရားနယ်ပယ်၌ နှစ်ပေါင်း ၂၀၀၀ ကျော်တိုင်အောင် ရပ်တန့်နေခဲ့သူ ဖြစ်ပေသည်။ ယခုအခါ နတ်ဘုရားအဆင့်ကျော်ဖြတ်ဆေးကို ရရှိထားပြီဖြစ်ရာ သူသည် အလျင်အမြန် ပြန်လည်ကျင့်ကြံပြီး အဆင့် ၂ သို့ ကျော်ဖြတ်လိုစိတ်များ ပြင်းပြနေပေသည်။ ရီယွင်သည်လည်း သူ့အား အချိန်မဆွဲလိုသဖြင့် ပြန်ရန် တိုက်တွန်းလိုက်ခြင်း ဖြစ်ပေသည်။ အပြာရောင်ဝတ်စုံဝတ် လူအိုကြီးမှာ အလွန်ပင် ဝမ်းသာသွားပြီး ကျေးဇူးတင်စကားများစွာ ပြောဆိုကာ ထွက်ခွာသွားတော့သည်။
ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်တဲ့လား...
ရီယွင်သည် ပုံရိပ်ယောင်နန်းတော်ကြီးကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက် ဆိုသည်ကိုမူ သူ လုံးဝ စိတ်မဝင်စားပေ။ သို့သော် ဤ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ကိုမူ သူ အနည်းငယ် စိတ်ဝင်စားမိပေသည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းတုန်းက သူ ဝင်ခွင့်မရခဲ့သည် မဟုတ်ပါလား။
သူသည် အနည်းငယ် သိချင်စိတ် ဖြစ်ပေါ်လာခဲ့၏။
ရီယွင်၏ ပုံရိပ်မှာ ဝင်းလက်သွားပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲလိုက်သည်။ နောက်တစ်ခဏတွင် သူသည် ပုံရိပ်ယောင်နန်းတော်ကြီး၏ အောက်ခြေသို့ ရောက်ရှိသွား၏။ ဤ ပုံရိပ်ယောင်နန်းတော်ကြီးမှာ မြေအောက်အနက်ပိုင်းရှိ ဧရာမ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ကြီးမှ ထွက်ပေါ်လာသော ပုံရိပ်တစ်ခုမျှသာ ဖြစ်ပေသည်။ ဤကဲ့သို့သော ကောင်းကင်ဘုံဖြစ်စဉ်မှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်ကြီးသည် ချန်းနန်ကုန်းမြေကြီးပေါ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ကြေညာနေခြင်း ဖြစ်ပေသည်။
ရီယွင်သည် မြေပြင်ပေါ်တွင် ရပ်လျက် ကိုက်ရာပေါင်းများစွာ မြင့်သော ဧရာမ တောင်တံခါးကြီးကို ငေးကြည့်နေမိ၏။ တောင်တံခါးကြီးမှာ အလွန်ပင် ရှေးကျလှပြီး ၎င်း၏ တည်ဆောက်ပုံမှာ ရှေးဟောင်းလက်ရာများ ပြည့်နှက်နေပေသည်။ တောင်တံခါး၏ မျက်နှာပြင်ပေါ်တွင် ရေလှိုင်းများအလား ကြည်လင်သော လှိုင်းတွန့်များမှာ လှုပ်ရှားနေပြီး ပြင်းထန်သော ဟင်းလင်းပြင်အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ရီယွင်သည် အထဲသို့ မဝင်သေးဘဲ တောင်တံခါးအနီးသို့ လျှောက်သွားကာ ရေလှိုင်းများ၏ အလယ်ဗဟိုကို သူ၏ လက်ထိပ်ဖြင့် အသာအယာ တို့ထိလိုက်သည်။ ရေလှိုင်းများမှာ ရီယွင်၏ လက်ချောင်းကို တားဆီးနိုင်ခြင်း မရှိချေ။ သူ၏ လက်ချောင်းမှာ ရေလှိုင်းများနောက်ကွယ်ရှိ ဟင်းလင်းပြင်အတွင်းသို့ ရောက်ရှိသွားသည့်အခါ ရီယွင်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အတွင်းရှိ ဟင်းလင်းပြင်မှာ မတည်မငြိမ် ဖြစ်နေကြောင်း သူ တွေ့ရှိသွားခြင်းပင်။
ရီယွင်သည် သူ၏ လက်ချောင်းကို ပြန်လည်ရုပ်သိမ်းလိုက်၏။ သူသည် ခေါင်းခါလျက် သက်ပြင်းချလိုက်မိသည်။ ကြည့်ရတာ သူ၏ ကျင့်ကြံမှုမှာ မြင့်မားလွန်းနေသဖြင့် ဤနေရာသို့ သူ ဝင်၍မရနိုင်ချေ။
‘ကြည့်ရတာ... ကျွင်းမော့ရှောင်ကိုပဲ သွားခိုင်းရတော့မယ် ထင်တယ်...’
ရီယွင်သည် သူ၏ အပြုံးကို ထိန်းချုပ်လိုက်ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ရထားလုံးဆီသို့ ပြန်လာခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ကျွင်းမော့ရှောင်ကို ချက်ချင်း မခေါ်ယူသေးပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် ပေါ်ထွက်လာခြင်းနှင့် ကောင်းကင်ဘုံဖြစ်စဉ်များမှာ အစပျိုးခြင်းမျှသာ ဖြစ်သောကြောင့် ဖြစ်ပေသည်။ ကောင်းကင်ယံရှိ ပုံရိပ်ယောင်နန်းတော်ကြီးမှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်သည် ထျန်းရှင်းမင်းဆက်အတွင်းရှိ တစ်နေရာ၌ ပေါ်ထွက်လာပြီဖြစ်ကြောင်း ချန်းနန်ကုန်းမြေကြီးတစ်ခုလုံးကို ကြေညာနေခြင်း ဖြစ်ပေသည်။ ထိုအရာ အမှန်တကယ် ပွင့်ရန်အတွက် ရက်အနည်းငယ် လိုသေးပေသည်။
အချိန်များ ကုန်ဆုံးသွားပြီးနောက်...
ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်၏ တောင်တံခါးရှေ့သို့ အင်အားစုအသီးသီး ရောက်ရှိလာကြတော့သည်။ ထျန်းရှင်းမင်းဆက်အတွင်းရှိ ဂိုဏ်းအသီးသီးနှင့် မိသားစုကြီးများသာမက အနီးရှိ အခြားသော မင်းဆက်များပင်လျှင် သတိပြုမိသွားကြပေသည်။ သို့သော် ဤ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် ပွင့်ခြင်းမှာ လောကီအမတနယ်မြေတုန်းကကဲ့သို့ များပြားလှသော အင်အားစုများကို ဆွဲဆောင်နိုင်ခြင်း မရှိချေ။
အင်အားစုတစ်ခုစီမှာ လူတစ်ယောက်ထက် ပို၍ မစေလွှတ်ကြချေ။ ဤသည်မှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်၏ မရေးသားထားသော စည်းကမ်းတစ်ခုဖြစ်ပြီး နှစ်ပေါင်း သောင်းချီတိုင်အောင် လက်ဆင့်ကမ်းလာခဲ့ခြင်း ဖြစ်ပေသည်။ ဤသည်မှာ တရားမျှတမှုရှိစေရန်အတွက်လည်း ဖြစ်ပေသည်။ အင်အားကြီးအဖွဲ့အစည်းများက ကျင့်ကြံသူများစွာ စေလွှတ်လိုက်မည်ဆိုပါက အခြားသူများအတွက် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် အင်အားစုတစ်ခုစီမှာ လူတစ်ဦးသာ စေလွှတ်ခွင့် ရှိပေသည်။ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်မှာ တင်းကျပ်သော စစ်ဆေးမှုများကို အသုံးပြုထားပြီး လိမ်လည်ရန် ကြိုးစားသူ မည်သူမဆို ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ပျက်စီးရပေလိမ့်မည်။ ထို့ကြောင့် နှစ်ပေါင်း သောင်းချီတိုင်အောင် လူတိုင်းမှာ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်၏ စည်းကမ်းများကို ရိုသေစွာ လိုက်နာခဲ့ကြသည်။
ရှစ်ရက်မြောက်နေ့တွင်...
“ ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် ပေါ်လာပြီး ကိုးရက်အကြာမှာ သူ့ရဲ့ ပို့ဆောင်ရေးတံခါးက တရားဝင် ပွင့်လိမ့်မယ်လို့ ဆိုကြတယ်၊ အဲ့ဒီအချိန်ကျမှပဲ တကယ် ဝင်လို့ရမှာပေါ့...”
ရီယွင်က ဝိညာဉ်ကိုးပါးမြေအောက်နန်းတော် တည်ရှိရာဘက်သို့ ကြည့်ရင်း ပြုံးလျက် ပြောလိုက်၏။
ရီယွင်သည် စိတ်အာရုံကို အသုံးပြုကာ ကျွင်းမော့ရှောင်ကို ခေါ်ယူလိုက်ပြီး ဝိညာဉ်ကိုးပါးမြေအောက်နန်းတော်အကြောင်းကို ပြောပြလိုက်သည်။
ကျွင်းမော့ရှောင်က စိတ်လှုပ်ရှားစွာဖြင့် အလေးအနက် ဆိုလိုက်၏။
“ဘိုးဘေးကြီး... စိတ်ချပါ... ကျွန်တော် ထာဝရအသက်ရှင်ခြင်း နတ်ဆေးမြက်ကို သေချာပေါက် ရှာဖွေပြီး ဘိုးဘေးကြီးဆီကို ဆက်သပါ့မယ်...”
အခန်း ၁၈၂ ပြီးပါပြီ။
--