← Chapters

အခန်း ၁၈၈

Vol. 13 Ch. 188

အခန်း ၁၈၈

Vol. 13 Ch. 188

အပိုင်း ( 188 )

လာစမ်းပါ ခပ်ကြမ်းကြမ်းလေး လာရိုက်ကြ

နှစ်ဖက်စလုံးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်နေလျက်ရှိပြီး ချင်ယွမ်မှာ တစ်စက္ကန့်လေးပင် တွေဝေတုံ့ဆိုင်းမနေခဲ့ချေ။

“ သွား “

သူတို့၏ ကနဦးအတွေးများက မည်သည့်အရာပင် ဖြစ်နေခဲ့ပါစေ ယခုလက်ရှိ အချိန်တွင် ၎င်းတို့အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“ မင်းတို့က ဘယ်သွားကြတာလဲ။ လာကြ တိုက်ခိုက်မယ် “

လုချန်ရှန်းသည် ကျယ်လောင်စွာ အော်ပြော၍ ထိုလူများကို တားဆီးရန် ရှေ့သို့ အလောတကြီး ပြေးတက်သွားတော့သည်။

သို့ရာတွင် ထိုလူများက တဟုန်ထိုး ပြေးလွှားနေလျက်ရှိသောကြောင့် သူသည် သူတို့၏အနောက်မှ နီးကပ်စွာ ပြေးလိုက်နေကာ သူ၏လက်ကို မြှောက်၍ ဓားချီများကို ဆက်တိုက်ထုတ်လွှတ်ကာ ထိုလူနှစ်ဦးကို အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိ၏။

ကျယ်ပြန့်သော ကမ္ဘာတစ်ခုအတွင်းတွင် ပုံရိပ်သုံးခုက ဟိုပြေးဒီပြေးဖြင့် စိန်ပြေးလိုက်တမ်း ကစားနေခဲ့ကြသည်။

သို့သော် တစ်ခြားလူများက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ကြပြီး အံ့ဩတကြီး ဖြစ်သွားကာ နေရာမှာပင် အေးခဲတောင့်တင်းသွား၏။

လူငယ်တစ်ဦးသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိပြီး သူ့ခေါင်းပေါ်မှ ပြေးလွှားနေသည့် လူသုံးဦးကို ငေးကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။

“ ငါမြင်လိုက်ရတာက ဘာကြီးလဲဟ “

“ အူတိုင်ဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်က ဟွာရှုနယ်ပယ် ပညာရှင်နှစ်ယောက်ကို လိုက်ဖမ်းနေတာလား “

“ ငါထင်ယောင်ထင်မှား ဖြစ်နေတာလား(ဒါမှမဟုတ်) ငါရူးသွားတာများလား “

“ မင်းရူးသွားပြီလို့ ငါယုံချင်ပါတယ်ကွာ …….. “

“ … “

၎င်းကို မြင်တွေ့လိုက်ရသူတိုင်းက အံ့ဩတုန်လှုပ်သွားကြသည်။

လုချန်ရှန်းသည် အနောက်မှ ပြေးလိုက်ကာ ဓားချီများကို ဆက်တိုက်ဖန်တီး၍ အရှေ့သို့ အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိ၏။

သူသည် သူက ထိုလူများကို မသတ်နိုင်ဘူးဆိုသည်ကို သိနေခဲ့သည် ထို့ကြောင့် သူတို့ကို ဆော့ကစားနေခဲ့ခြင်းဖြစ်သည်။

ရှောင်ကျင်းနဲ့ ချင်ယွမ်တို့မှာလည်း တအံ့တသြ ဖြစ်နေကြ၏ အဲ့ကောင်လေးက အူတိုင်ဖွဲ့စည်းခြင်းနယ်ပယ်မှာပဲ ရှိသေးတာလေ ဘယ်လိုလုပ် ဒီလောက်တောင် မြန်နေရတာလဲဟ။

အစတွင် သူတို့သည် လှည့်ပတ်ပြေးလွှားနေရန်သာ ကြံရွယ်ထားခဲ့ကြသည် သို့သော် မနားမနေ အမဲလိုက်ခံနေခဲ့ကြရသည်။

လုချန်ရှန်းမှာလည်း ဟွာရှုနယ်ပယ် ပညာရှင်များက ထိုမျှမြန်ဆန်စွာ ထွက်ပြေးနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက ပျံသန်းခြင်းတာအိုကို နှစ်ပေါင်းများစွာ လေ့လာထားခဲ့သောကြောင့် အလွန်တရာ မြန်ဆန်နေခဲ့ပြီဖြစ်သည် အထူးသဖြင့် မိုးကြိုးနည်းစနစ်များကို ကနဦး ထိတွေ့နိုင်ခဲ့သည့် အချိန်တွင်ဖြစ်ပြီး ၎င်းက သူ့ကို ပိုမိုမြန်ဆန်သွားစေခဲ့၏။

သို့သော် သူသည် ထိုလူနှစ်ဦးကို အမှီမလိုက်နိုင်သေးပေ။

" စိတ်ညစ်စရာကြီးပဲ "

သူသည် စကားပြောနေရင်းဖြင့် တိုက်ခိုက်မှုများကို ဆက်တိုက်ထုတ်လွှတ်ကာ ပွဲကြည့်ပရိတ်သတ်တိုင်းကို ကြောင်အသွားစေခဲ့၏။

ပို၍အံ့ဖွယ်ကောင်းသည့် အရာမှာ အစမှအဆုံးအထိ​​ အဆိုပါ ကျင့်ကြံသူနှစ်ဦးက လက်စားချေလိုသည့် မည်သည့်လက္ခဏာရပ်(သို့) အရိပ်အမြွက်ကိုမှ မပြသခဲ့ခြင်းပင် ဖြစ်သည်။

ဤကာလအတွင်းတွင် တတိယမြောက် ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး ပေါ်လာခဲ့ပြီး အစတွင် သူသည် ပြင်းထန်သော အရှိန်အဝါဖြင့် လုချန်ရှန်းကို ဖိနှိပ်ကာ သတ်ဖြတ်ရန်ကြံရွယ်လိုက်သည်။

သို့သော် သူမတိုက်ရသေးခင် အချိန်မှာပင် ချင်ယွမ်နှင့် ရှောင်ကျင်းတို့က သူ့ကို အဝေးသို့ ဆွဲခေါ်သွားကာ အပြင်သို့ ထွက်ပြေးသွားကြသည်။ သူ့ကို ဆွဲထုတ်ရင်းဖြင့် ရှောင်ကျင်းကပင် နှစ်ချက်တိတိ အရိုက်ခံခဲ့ရသေးသည်။

“ ဘုရားရေ ဒီကမ္ဘာကြီးမှာ ဘာတွေ ဖြစ်နေတာလဲဟ “

အာမေဋိတ်သံများ ဟိန်းထွက်လာခဲ့၏။

လောင်လျူသည် သတင်းများကို ကြားလိုက်ရပြီး ချက်ချင်းပြေးလာခဲ့ကာ ထိုမြင်ကွင်းကို ငေးကြည့်ရင်းဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

မိုချင်မှာလည်း အချိန်အတိုင်းအတာတစ်ခုအထိ တိတ်ဆိတ်ငြိမ်သက်သွားပြီး ကမ္ဘာတစ်ခုလုံး ထပ်မံ၍ ငြိမ်ကျသွား၏။

အစပိုင်းတွင် ဘိုးဘေးနဂါးနှင့်သာဆိုပါက ဟွာရှုနယ်ပယ် ကျင့်ကြံသူများက ထိုလူ့ကို မထိရဲဘူးဟုသာ သူထင်နေခဲ့သည် သို့သော် ထိုလူက ထိုအချက်ကို အခွင့်ကောင်းယူကာ ရမ်းကားနေလျက်ရှိ၏။

ချက်ချင်းဆိုသလိုပင် လုချန်ရှန်းသည် လိုက်မမှီတော့သောကြောင့် အော်ပြောလိုက်ကာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့၏ “ ဟွာရှုနယ်ပယ် ကောင်စုတ်လေးသုံးယောက် မင်းတို့က ငါ့ကို မတိုက်ရဲကြဘူးလား “

“ ဘာမြင့်မြတ်နယ်မြေ ဘာဂိုဏ်းကြီးတွေလဲ ငါနဲ့လာတိုက်လှည့် အချီသုံးရာအထိ တိုက်ကြမယ် “

“ အမှိုက်ကောင်သုံးကောင် မပြေးနဲ့ မင်းတို့ဘိုးဘိုး ချင်းယီဆီမှာ လာအရိုက်ခံလိုက် “

“ … “

သူသည် အော်ဟစ်ရင်းဖြင့် ပြေးလိုက်နေလျက်ရှိ၏။

ကျင့်ကြံသူသုံးဦး၏ မျက်နှာများက အလွန်တရာ မည်းမှောင်သွားခဲ့သည်။ သူတို့ထဲတွင် အသက်ကြီး၍ ရိုသေလေးစားခြင်း မခံရသူဟူ၍ ရှိပါသလော။ သူတို့က ကြီးမားသော အခွင့်အာဏာများကို ပိုင်ဆိုင်ထားသည့် အဆင့်မြင့် ပညာရှင်များ ဖြစ်သည်။

သို့သော် သူတို့သည် အသက်နစ်ဆယ်ပင် မပြည့်သေးသည့် ဂျူနီယာတစ်ဦး၏ လိုက်ဖမ်းခြင်းကို ခံနေခဲ့ရပြီး သူသည် သူတို့ကို လိုက်ဖမ်းနေရင်းဖြင့် ကျိန်ဆဲနေသေးသည် အဆိုပါ ကျိန်ဆဲမှုများက အတော်လေး စိတ်မချမ်းမြေ့ဖွယ်ကောင်းကာ သူတို့ကို မျက်နှာပျက်သွားရစေခဲ့သည်။

ဤကိစ္စပြီးဆုံးသွားသည့်နောက်တွင် သူတို့ထံတွင် ဂုဏ်သိက္ခာတစ်မှုန်တစ်လေပင် ကျန်နေပါဦးမည်လော။

“ သူပဲလေ ဒီလိုပဲ ဖြစ်နေရမှာပေါ့ “

လောင်လျူသည် စိတ်ခံစားချက်တို့ဖြင့် သက်ပြင်းချနေတော့၏ ဒီကောင်က တကယ်ကို ထိန်းသိမ်းရခက်တဲ့ လူတစ်ယောက်ပဲ။ အမြဲတမ်းပြဿနာ လိုက်ရှာနေပြီးတော့ သူ့ကို လူတိုင်းက သိသွားအောင် လုပ်နေတယ်။

ဒီကောင်က နတ်ဆိုးပဲ သူ့ကို မြင်လိုက်ရတာနဲ့ လူတိုင်းက ရှောင်ရှားသွားကြတယ် ဘယ်သူကမှ အနားမကပ်ရဲကြဘူး။

ထိုလူသုံးဦးက နဂါးနစ်မြုပ်ခြင်း နယ်မြေအတွင်းမှ ထွက်သွားသည့် အချိန်မှသာလျှင် လုချန်ရှန်း ရပ်တန့်သွားခဲ့သည်။ ထိုလူများက ဒဏ်ရာကြီးကြီးမားမား မရရှိသွားခဲ့ပေ။

သူသည် ဆက်မလိုက်တော့ဘဲ ထိုနေရာတွင် မတ်တပ်ရပ်ကာ စကားထပ်ပြောနေတော့၏ “ အိုတာက အိုတာပါပဲ။ ခင်ဗျားတို့သုံးယောက်က ကျုပ်တစ်ယောက်တည်းကိုတောင် မသတ်ရဲဘူး။ တကယ့်အမှိုက်တွေ အသုံးကို မကျဘူး ဟက် “

“ မင်း …….. “

ထိုလူသုံးဦးသည် သူ့ကို ငေးကြည့်နေရင်းဖြင့် သွေးအန်လုမတတ် ဖြစ်သွားခဲ့သည်။

စောင့်ကြည့်နေသူတိုင်း အံ့ဩတကြီး ဖြစ်သွားကာ မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်နိုင် ဖြစ်သွားခဲ့သည်။

သူကလည်း ဟွာရှုနယ်ပယ် ကျင့်ကြံသူတစ်ယောက် ဖြစ်နေတာများလား။

“ ဘာတွေ ဖြစ်နေတာလဲဟ “ ဟု တစ်စုံတစ်ဦးက မေးမြန်းလာခဲ့၏။

ထိုလူသုံးဦးသည် အမူအရာများ မည်းမှောင်သွားကြသော်လည်း အမှန်တရားကို တဖြည်းဖြည်း ပြောပြလိုက်သည်။

၎င်းကို ကြားခဲ့ရပြီးသည့်နောက်တွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

လူငယ်တစ်ဦးက ဘိုးဘေးနဂါးကို ဆွဲဆောင်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေခဲ့၏။

“ ငါ့ကို လာတိုက်ပြီးတော့ သေချင်တဲ့ လူရှိသေးလား “

အသံတစ်သံ ဟိန်းထွက်လာပြီး ဘက်ပေါင်းစုံကို ငြိမ်သက်သွားစေခဲ့သည်။

အချိန်အတော်ကြာ စောင့်ခဲ့ပြီးသည့်နောက်မှာပင် မည်သည်တုံ့ပြန်မှုမှ ပြန်မရခဲ့ပေ။

“ ကျွတ် ကျွတ် ကိုယ့်ကိုကိုယ် မြင့်မြတ်နယ်မြေတို့ ဂိုဏ်းကြီးတို့ဘာတို့ဆိုပြီး ခေါ်နေကြပင်မဲ့ အားလုံးက ပန်းထိုးခေါင်းအုံးတွေချည်းပဲ အနှစ်သာရမရှိတဲ့ ဟန်ပြကြီးတွေပါကွာ “

ထိုစကားတစ်ခွန်းက လူတိုင်းကို ဒေါသတကြီး ဖြစ်သွားစေခဲ့သည်။

အားလုံးသည် လူငယ်တစ်ဦးက သူတို့ကို လှောင်ပြောင်စော်ကားနေသည်ကို ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေကြရသည်။ မည်သူက ဒေါသမထွက်ဘဲ နေမည်နည်း။

အဆုံးတွင် တစ်စုံတစ်ဦးက စကားထပ်ပြောလာခဲ့၏ “ ချင်းယီ မင်းက ငါတို့တွေကို စော်ကားခဲ့တယ်‌။ နောက်ဆက်တွဲ အကျိုးဆက်တွေကို တကယ်ကြီး မတွေးထားဘူးလား “

“ ကြွက်အိုတစ်သိုက် မင်းတို့က ငါနဲ့ ပြန်သင့်မြတ်ဖို့ အစီအစဥ်မရှိတဲ့ဟာကို ငါက မင်းတို့ရဲ့ ခြိမ်းခြောက်မှုတွေကို ကြောက်နေရမှာလား။ မင်းတို့ဆီမှာ ဦးနှောက်ရော ရှိကြရဲ့လား “

“ မင်း ……. “

“ အော်နေတာကို တော်လိုက်တော့ အစွမ်းထက်တဲ့ လူနှစ်ယောက်ပို့လိုက် ငါ့ဒေါသကို ဖျေဖျောက်ဖို့အတွက် မင်းတို့ကို ရိုက်သတ်ပေးမယ် “

လုချန်ရှန်းသည် အားလုံး၏ အရှေ့တွင် ပေါ်တင်ပြောဆိုလိုက်ကာ သူတို့၏ ဂုဏ်သိက္ခာများကို လုံးဝလျစ်လျူရှုထားခဲ့သည်။

“ ချင်းယီ ဘိုးဘေးနဂါးက အနှေးနဲ့ အမြန်ဆိုသလို မင်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်သွားမှာပဲ ပြီးတော့ နဂါးနစ်မြုပ်ခြင်း နယ်မြေ ပိတ်သွားဖို့ အချိန်သိပ်မကျန်တော့ဘူး။ မင်းပြေးစရာမြေ မရှိတော့ဘူး မင်းက ဖြည်းဖြည်းချင်း သေသွားရမှာပဲ “ ဟု ထျန်းရီမြင့်မြတ် နယ်မြေက ခြိမ်းခြောက်လာခဲ့၏။

လုချန်ရှန်းက အေးအေးလူလူ တုံ့ပြန်လိုက်သည် “ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တွေးပူနေဖို့ မလိုပါဘူးကွာ “

“ လူယုတ်မာ “

“ မင်းတို့တစ်မိသားစုလုံးကမှ လူယုတ်မာတွေ “ လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ ပြန်ပြောလိုက်သည် “ ကောင်းပြီလေ မင်းတို့နဲ့ လေကုန်ခံနေရမှာကို ငါပျင်းတယ် တကယ်လို့ ဘယ်သူမှ မလာရဲဘူးဆိုရင် ဒီသခင်လေးက အရင်သွားတော့မယ် “

“ မင်း ….. “

“ မင်းတို့ရဲ့ သဘောထားတွေကို ပြင်လိုက်တာက ပိုကောင်းမယ်လို့ ငါသတိပေးလိုက်မယ်။ အဲ့လိုမှမဟုတ်ဘူးဆိုရင် မင်းတို့ရဲ့ တပည့်နှစ်ယောက်ကို သွားဆွဲခေါ်ပြီးတော့ ကျုပ်ကို အကြိမ်အနည်းငယ်လောက် ရိုက်ခွင့်ပေးလိုက်မယ် အဲ့တာဆိုရင် ခင်ဗျားတို့ ….. “

ထိုအချိန်တွင် လူတိုင်း တိတ်ဆိတ်ငြိမ်သက်သွားပြီး သူတို့၏ အမူအရာများ ပိုမိုမည်းမှောင်သွားခဲ့သည်။

ထိုအကောင်က သူတို့ကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက်နေသော်လည်း သူတို့ထံတွင် မည်သည့်နည်းလမ်းမှ ရှိမနေခဲ့ပေ။

သို့ရာတွင် လုချန်ရှန်းက သူ့စကားကို ပြီးဆုံးအောင် မပြောရသေးခင် အချိန်မှာပင် သူ့အနောက်မှ အသံပေါင်းများစွာ ဟိန်းထွက်လာခဲ့သည်။

“ ချင်းယီ မင်းက ငါ့ရဲ့ ဂိုဏ်းကို ဘယ်လိုတောင် စော်ကားရဲနေတာလဲ ငါမင်းကို သတ်မယ် “

ဟမ်

ထိုအသံကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး လူငါးဦးခန့်က သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် သူ့ထံသို့ တဟုန်ထိုး ပြေးဝင်လာနေသည်ကို မြင်တွေ့သွား၏။

“ မဟုတ်ဘူး “

“ ရပ်လိုက် “

အပြင်ဘက်မှ စောင့်ကြည့်နေသူများသည် ကြောက်ကြောက်လန့်လန့်ဖြင့် ကျယ်လောင်စွာ အော်ပြောလာခဲ့ကြသည်။

လူတစ်ချို့ကမူ လုချန်ရှန်းက ကိုယ့်ကိုကိုယ် အရိုက်ခံရလောက်သည်အထိ မိုက်မဲနေမည် မဟုတ်ဘူးဟုသာ ထင်နေခဲ့သည်။ သို့ရာတွင် သူတို့က သူ့ကို အထင်သေးခဲ့မိကြသည်။

သူက အရိုက်ခံရမည်ကို စောင့်ဆိုင်းနေရုံတင် မဟုတ်ဘဲ တက်တက်ကြွကြွပင် ပူးပေါင်းပေးနေတော့၏။

“ နောက်ဆုံးတော့ သတ္တိခဲလေးတွေ ရောက်လာပြီပေါ့။ ငါက မင်းတို့လို တကယ့်ယောကျာ်းတွေကို လေးစားတယ် သုံးကွက်အကြောပေးမယ်ကွာ “

အချိန်တိုအတွင်းမှာပင် သူသည် အဆိုပါ ကျင့်ကြံသူများဆီသို့ ပြေးဝင်သွားကာ မည်သို့မျှ မတုံ့ပြန်ဘဲ သူ၏ခန္ဓာကိုယ်ပေါ်သို့ တိုက်ကွက်များကို ကျဆင်းခွင့်ပြုနေတော့သည်။

“ အဲ့တာက ……. “

ထိုမြင်ကွင်းက လူတိုင်းကို မှင်သက်သွားစေခဲ့၏။

တိုက်ခိုက်လာကြသည့် လူများကလည်း ၎င်းကို မမျှော်လင့်ထားခဲ့ပေ။ အစတွင် သူတို့သည် အကြောက်အရွံ့ကင်းမဲ့သော စိတ်နှလုံးသားတို့ဖြင့် ရောက်လာခဲ့ပြီး သစ္စာရှိသော စိတ်ဓာတ်များကို သူတို့၏ ဂိုဏ်းများအရှေ့တွင် ချပြကြွားဝါချင်နေလျက်ရှိ၏။

ထို့အပြင် သူတို့သည် သူတို့၏ ဟွာရှုနယ်ပယ် ဘိုးဘေးများက ပထဝီဝင် အနေအထားကြောင့် မတိုက်ခိုက်နိုင်ကြဘဲ ထို့ကြောင့်သာလျှင် လုချန်ရှန်းက သူတို့ကို လိုက်ဖမ်းနေသည်ဟု ထင်နေခဲ့ကြသည်။ သူက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦး ဖြစ်နေနိုင်သည့် ဖြစ်နိုင်ခြေက %အားဖြင့် အလွန်တရာ နည်းပါးလွန်းသည်ဟုသာ ထင်နေခဲ့ကြ၏။

သို့သော် ရလဒ်ကမူ မထင်မှတ်ထားသော အရာများ ဖြစ်နေခဲ့သည်။

လုချန်ရှန်းသည် မည်သို့မျှ ပြောင်းလဲသွားပုံမရဘဲ အဆိုပါ လူငယ်များကို ငေးကြည့်ကာ စကားထပ်ပြောလိုက်သည် “လူတွေကို ရိုက်ဖို့အတွက် မင်းတို့ဆီမှာ အားမရှိဘူးဘူးလားဟ မင်းတို့က မင်းတို့ ဂိုဏ်းတွေကို ဟန်ဆောင်ကာကွယ်နေကြတာလားဟ “

သူ့အရှေ့တွင် ရှိနေသည့်လူများက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၈(သို့) အဆင့်၉ ကျင့်ကြံရေးများကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ တိုက်ခိုက်မှုများက သူ့ကို မည်သို့မျှ မနာကျင်သွားစေခဲ့ပေ။

သို့သော် သူ၏ စကားလုံးများက ထိုလူများကို ဒေါကြီးမောကြီး ဖြစ်သွားစေခဲ့သည်။

သူက သူတို့ကို လူမထင်သည့်အထား ပြောဆိုလိုက်သောကြောင့် ၎င်းကို မည်သူက သည်းခံနိုင်ကြမည်နည်း။

လုချန်ရှန်းက သူ၏ခန္ဓာကိုယ်ပေါ်သို့ အမျိုးမျိုးသော တိုက်ခိုက်မှုများ ကျဆင်းခဲ့သည့် အချိန်မှာပင် ညီးသံတစ်သံမထွက်ခဲ့ချေ သို့သော် သူစကားပြောလိုက်သည့် အချိန်တွင်မူ စကားတစ်ခွန်းတည်းဖြင့် လူတိုင်းကို အံ့အားသင့်သွားစေခဲ့ပြန်သည်။

“ လာကြစမ်းကြပါ ခပ်ကြမ်းကြမ်းလေး လာရိုက်ကြ “

--

……………………………………………………………………………………………………………………………………..

All Chapters