အခန်း ၁၉၀
Vol. 13 Ch. 190
အပိုင်း ( 190 )
ဆရာ သူတို့က ကျွန်တော့်ကို သတ်ချင်နေကြတယ်
လုချန်ရှန်းသည် ဘိုးဘေးနဂါး ထွက်ခွာသွားသည်ကို စောင့်ကြည့်နေခဲ့၏။
လောင်လျူသည် ကြောင်အမ်းအမ်း ဖြစ်သွားကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။
လုချန်ရှန်းကမူ ထိုနေရာတွင် အေးအေးလူလူ ထိုင်ချလိုက်ကာ မေးမြန်းလိုက်သည် “ လောင်လျူ ခုနက တိုက်ပွဲမြေပြင်ကို ရှင်းလင်းခဲ့တုန်းက ဘာတွေရခဲ့လဲ “
“ မင်းက စစ်ပွဲရဲ့ အကျိုးအမြတ်တွေအကြောင် စဥ်းစားဖို့ အချိန်ရသေးတာလားဟ “
လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့၏။
လုချန်ရှန်းမှာလည်း မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ တကယ်လို့ ငါက အဲ့တာတွေကို ဂရုမစိုက်ဘူးဆိုရင် မင်းကို ဂရုစိုက်ရမှာလား။ တကယ်လို့ ငါကသာ စစ်ပွဲ၏ အကျိုးအမြတ်တွေကို ဂရုမစိုက်ဘူးဆိုရင် သူတို့ကို ရှင်းလင်းဖို့အတွက် ဘာကိစ္စစွန့်စားခဲ့မှာလဲဟ “
“ မင်း သူတို့ကို အပြတ်ရှင်းခဲ့တာက စစ်ပွဲအကျိုးအမြတ်တွေကြောင့်လား။ ပြီးတော့ မင်းက ဘယ်အချိန်တုန်းက စွန့်စားလိုက်ရတာလဲ “
အဲ့လူတွေထဲမှာ ဘယ်သူက မင်းရဲ့ တိုက်ကွက်ဆယ်ခုကို တောင့်ခံနိုင်ခဲ့လို့လဲဟ
မွေးရာပါ ဝိညာဥ်အဆင့်၉ ပညာရှင်တွေကတောင် သတိလစ်မတတ် အရိုက်ခံခဲ့ရပြီးတော့ ဟွာရှုနယ်ပယ် ပညာရှင်တွေကလည်း ထွက်ပဲပြေးနေခဲ့ရတာလေ
“ ဟူး “ လောင်လျူသည် ဖြည်းဖြည်းချင်း သက်မကြီး ချနေတော့၏ “ နဂါးနစ်မြုပ်ခြင်း နယ်မြေပိတ်ဖို့အတွက် အများဆုံးအနေနဲ့ ဆယ်ရက်ပဲ ကျန်တော့တယ်။ ငါတို့က ဘယ်လိုပြန်ထွက်ကြမလဲဆိုတာကို အရင်စဥ်းစားနေသင့်တယ် မဟုတ်ဘူးလား “
“ လိုအပ်လို့လားဟ “
“ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ရင်ရော “ ဟု လောင်လျူက ရုတ်တရက် မေးမြန်းလိုက်၏။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားကာ တုံ့ပြန်လိုက်သည် “ ဘာကိုဆိုလိုတာလဲ “
“ သူတို့က မင်းကို သတ်ချင်နေကြတာ ငါက အပြစ်ကင်းတယ်လေ။ တကယ်လို့ ငါတို့က အဆက်အသွယ် ဖြတ်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် မသိချင်ယောင်ဆောင်လိုက်မယ်ဆိုရင် သူတို့က ငါတို့ထဲက တစ်ယောက်ကို သက်ညှာပေးလောက်တယ် ဆိုတော့ ငါတို့က နှစ်ယောက်လုံး အပြတ်ရှင်းခံလိုက်ရမှာ မဟုတ်ဘူး “
လောင်လျူသည် ယခုလက်ရှိ အခြေအနေကို ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာခဲ့ကာ ၎င်းက ဖြစ်နိုင်ခြေများသည်ဟု ခံစားနေရတော့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ ဒါပင်မဲ့ အဲ့ဒီ မွေးရာပါ ဝိညာဥ်အဆင့် ပညာရှင်တွေကို သတ်ခဲ့တဲ့လူက မင်းလို့ သူတို့က ထင်နေကြတာလေ။ သူတို့ရဲ့ အမြင်မှာ ငါက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ပညာရှင်တစ်ယောက်သာသာပဲ “
“ အဲ့တာက …. “
လောင်လျူသည် တအံ့တဩဖြစ်သွားခဲ့ကာ အစောပိုင်း အချိန်များအတွင်းက သူပြောခဲ့သည့် စကားများကို ရုတ်တရက် မှတ်မိသွားခဲ့သည်။ ထိုအချိန်က ထိုအကောင်သည် ထိုလူများကို မသိမသာ အရိပ်အမြွက်ပြခဲ့သည်။
သူသည် ချက်ချင်းမျက်မှောင်ကြုတ်သွားကာ မေးခွန်းထုတ်နေတော့၏ “ ချင်းယီ မင်းက ငါ့ကို အကွက်ဆင်ခဲ့တာပဲ “
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟ “
လောင်လျူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ စကားထပ်ပြောလိုက်သည် “ ပြန်ပြီးတော့ သင့်မြတ်နိုင်သေးတယ်လို့ ငါထင်တယ်။ သူတို့ကို ငါသွားရှင်းပြလိုက်မယ် သူတို့က ငါ့ကိုတော့ လွှတ်ပေးလောက်တယ်။ ဒါပင်မဲ့ မင်းက ဘာမှ တွေးပူနေဖို့ မလိုအပ်ဘူး ငါ နှစ်တစ်ထောင် (ဒါမှမဟုတ်) နှစ်ထောင်လောက် ကျင့်ကြံပြီးရင် မင်းအတွက် လက်စားချေပေးမယ် “
“ ဆက်လုပ်လေ “
လုချန်ရှန်းသည် ထိုကိစ္စကို အပြည့်အဝ လျစ်လျူရှုထားကာ များများစားစား ထပ်ပြောမနေတော့ပေ။
“ ဆိုတော့ ငါသွားလို့ရတာလား “
“ သေချာပေါက် ရတာပေါ့ ”
လောင်လျူသည် သူက သဘောတူ လက်ခံလာလိမ့်မည်လို့ မမျှော်လင့်ထားခဲ့သည့်အတွက် အံ့ဩတကြီး ဖြစ်သွားခဲ့၏။
သို့ရာ၌ ထိုအချိန် နဂါးနစ်မြုပ်ခြင်း နယ်မြေ အပြင်ဘက်တွင် အသံတစ်သံ ပျံ့လွင့်လာခဲ့သည်။
“ ချန်ရှန်း ငါရောက်ပြီ “
စစ်ပွဲဘုရင် ကူချန်ကျွင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သို့သော် ၎င်းက အင်အားစု တော်တော်များများကို တအံ့တဩ ဖြစ်သွားစေခဲ့သည်။
“ စစ်ပွဲဘုရင် ဒီနေရာကို ဘာကိစ္စ ရောက်လာရတာလဲဗျ “
ထိုစဥ် အဘိုးအိုတစ်ဦးက ရှေ့ထွက်၍ မေးမြန်းလိုက်သည်။
သူသည် ဟွာရှုနယ်ပယ်သို့ ရောက်ရှိနေကာ အတော်လေး အသက်ကြီးနေခဲ့ပြီဖြစ်သော်လည်း ကူချန်ကျွင်းကို ယဥ်ယဥ်ကျေးကျေးသာ ဆက်ဆံခဲ့၏။
“ ကျုပ်တပည့်ကို လာကြိုတာ “
ကူချန်ကျွင်းက စိတ်ခံစားချက်ကင်းမဲ့သော အေးစက်စက်လေသံမျိုးဖြင့် တုံ့ပြန်လိုက်သည်။
သို့ရာတွင် ထိုလူများက ဇဝေဇဝါ ဖြစ်သွားကာ တစ်ဦးကိုတစ်ဦး မေးမြန်းနေကြတော့၏ “ သူ့တပည့်လား “
“ သူ့နာမည်က လုချန်ရှန်းလေ။ ကူချန်ကျွင်း ခရီးထွက်တဲ့ အချိန်တုန်းက ရခဲ့တဲ့ တပည့်လို့ ပြောကြတာပဲ “
“ သူက ဒီကိုရောက်လာတား။ ဘာလို့ ငါတို့က သူ့အကြောင်းကို မကြားခဲ့ရတာလဲ ”
“ ငါကြားတာတော့ သူက ချီသိပ်သည်းခြင်းနယ်ပယ်မှာပဲ ရှိနေသေးတယ်တဲ့ ထင်ရှားတဲ့ ဂုဏ်သတင်းလည်း မရှိဘူး “
“ ဪ အဲ့လိုကိုး “
“ … “
ဘက်ပေါင်းစုံတွင် ဆွေးနွေးပြောဆိုမှုများ ပေါက်ထွက်လာခဲ့သည်။
စိတ်ဝိညာဥ် အရှင်သခင်က သူ့ကို မြင်တွေ့သွားကာ အလွန်တရာ အံ့ဩသွားပြီး ရှေ့တက်၍ မေးမြန်းလာခဲ့၏ “ စစ်ပွဲဘုရင် ချန်ရှန်းက ဘယ်အချိန်တုန်းက ရောက်လာခဲ့တာလဲ။ ငါဘာလို့ သူ့ကို မမြင်ခဲ့ရတာပါလိမ့် “
ကူချန်ကျွင်းသည် ခေါင်းခါပြကာ ပြန်ပြောလိုက်သည် “ သူဘယ်အချိန်တုန်းက ရောက်လာခဲ့လဲဆိုတာကို ငါလည်း မသိဘူး “
“ ဒါဆိုရင် မင်း …….. “
“ သူက ငါ့ကို သတင်းတစ်ခုပို့ပြီးတော့ သူ့ကို လာကြိုပေးဖို့ ပြောခဲ့တယ် “
“ ဪ “
စိတ်ဝိညာဥ် အရှင်သခင်သည် ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့သည်။
လူတိုင်းက လေသံတိုးတိုးလေးဖြင့် ဆွေးနွေးပြောဆိုနေလျက်ရှိပြီး ကူချန်ကျွင်းကမူ ပင်လယ်ပြင်အထက်တွင် မတ်တပ်ရပ်နေကာ နဂါးနစ်မြုပ်ခြင်း နယ်မြေကို မျက်နှာမူထားခဲ့၏။
လုချန်ရှန်းမှာလည်း ထိုအသံကို ကြားကာ ပြုံးစိစိ ဖြစ်သွားခဲ့သည်။
လောင်လျူက မေးမြန်းလာခဲ့၏ “ မင်းက ဘာကိစ္စပြုံးနေရတာလဲ “
“ ငါ့ဆရာက ငါ့ကို လာကြိုနေပြီလေ “
“ ခုနက အော်လိုက်တဲ့ လူက မင်းဆရာလား “
“ ဟုတ်တယ် “
“ သူက ချန်ရှန်းလို့ ခေါ်လိုက်တာ မဟုတ်ဘူးလား “ လောင်လျူ မျက်မှောင်ကြုတ်သွားခဲ့သည်။
လုချန်ရှန်းက ပြောပြလိုက်၏ “ နာမည်ဆိုတာက လျှို့ဝှက်ကုဒ်လေ သူဘာပဲခေါ်ခေါ် အရေးမကြီးပါဘူး “
လောင်လျူက စကားထပ်ပြောလာခဲ့၏ “ အခုလက်ရှိ အခြေအနေတွေအရဆိုရင် သူ့ကို ဒီနေရာကို ခေါ်လိုက်တာက သူ့ကို ထိခိုက်သွားအောင် လုပ်နေတာပဲ။ မင်းက မြင့်မြတ်နယ်မြေနဲ့ ဂိုဏ်းကြီးတွေကို ရင်ဆိုင်ခဲ့ရတာလေ “
“ ဒါပင်မဲ့ ကောင်းကင်ကြီး ပြိုကျလာမယ်ဆိုရင်တောင်မှ သူက ငါ့အတွက် ထောက်ကန်ပေးထားမယ်လို့ ပြောခဲ့ဖူးတယ်လေ အဲ့တာကြောင့် ဘာကိုမှ ကြောက်နေစရာ မလိုဘူး “
“ ဟက် “ လောင်လျူက တဟားဟား ရယ်မောနေတော့၏ “ သူအဲ့လိုပြောခဲ့တာနဲ့ မင်းက သူ့ကို ယုံလိုက်တာပဲလား။ မင်းရဲ့ ဆရာက မင်းလိုမျိုး မောက်မာလွန်းတယ်။ အဲ့လို အကြွားသန်တဲ့ စကားမျိုးတွေကို ဘယ်သူက ပြောနိုင်မှာလဲ တကယ်လို့ ………… “
“ သူက ကူချန်ကျွင်းလေ “
လုချန်ရှန်းသည် အေးဆေးတည်ငြိမ်သော ဟန်အမူအရာမျိုးဖြင့် တုံ့ပြန်လိုက်သည်။
ထိုအခိုက်အတန့်တွင် လောင်လျူ၏ မျက်ဝန်းများ ချက်ချင်း ပြူးကျယ်သွားကာ မယုံကြည်နိုင် ဖြစ်သွားပုံရသည် “ သူဘယ်သူလို့ မင်းပြောလိုက်တာလဲ။ ကူချန်ကျွင်းလား “
“ ဟုတ်တယ်လေ “
“ ကူချန်ကျွင်းက မင်းဆရာလား။ အတည်ကြီးလား “
လောင်လျူသည် အံ့ဩမှင်သက်ကာ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
သူသည် လုချန်ရှန်းကို ငေးမောကြည့်ရှုကာ မယုံကြည်နိုင် ဖြစ်နေလျက်ရှိသည်။
ကူချန်ကျွင်းဆိုသည်မှာ လွန်ခဲ့သော နှစ်ရာပေါင်းများစွာ အကြာက ဒေသလေးခုလုံးမှ မျိုးဆက်များအကြားတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုပင် ဖြစ်၏။ သာမန်လူများကို မဆိုထားနှင့် မြင့်မြတ်နယ်မြေမှ ဆရာသခင်များကပင် ဆုံတွေ့ကြသည့် အချိန်တွင် သူ့ကို အစ်ကိုကြီးဟု ခေါ်ဆိုကြရ၏။
ယနေ့ခေတ် ကျင့်ကြံရေး လောကတွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များအနက် ငယ်ရွယ်စဥ်အချိန်က သူအနိုင်ယူခဲ့သည့် လူများက မည်မျှများပြားလိုက်သနည်း။
ထို့နောက်တွင် လုချန်ရှန်းက စကားထပ်ပြောလိုက်၏ “ လောင်လျူ ငါအရင်သွားတော့မယ်။ တကယ်လို့ မင်းတစ်ခုခု ဖြစ်သွားတယ်ဆိုရင် နောင်အနာဂတ်မှာ ငါမင်းအတွက် လက်စားချေပေးမယ် “
“ နေဦး “
“ ဘာလဲ “
“ အစ်ကိုချင်း “ လောင်လျူ၏ ပုံမှန်ရှိနေကြ သဘောထား ပျောက်ကွယ်သွားပြီး ချိုသာ၍ ဖားယားနေသော အပြုံးမျိုး ပေါ်ထွက်လာခဲ့သည် “ ငါတို့က ညီအစ်ကိုတွေလေ ရှေ့တက်လည်းတူတူ နောက်ဆုတ်လည်းတူတူ အသက်ရှင်တော့လည်းတူတူ သေတော့လည်း တူတူပဲပေါ့ကွ။ ငါ့ကို မခေါ်သွားဘူးလား “
“ အို့ “
“ ရေစက်ပါလို့ ဆုံကြရတယ်လေ။ ငါတို့က ဒီလိုအခြေအနေမျိုးအထိ အတူတူ ရောက်လာဖို့အတွက် ဘယ်လောက်တောင်ခက်ခဲလိုက်လဲ “
“ တကယ်ကို မလွယ်ခဲ့ဘူး အဲ့တာကြောင့်ပဲ ငါမင်းအတွက် လက်စားချေပေးမှာလေ။ စိတ်ကို တည်ငြိမ်အောင်ထားပြီးတော့ သွားလိုက် ငါမင်းကို အပြစ်တင်နေမှာ မဟုတ်ဘူး “ လုချန်ရှန်းက ခေါင်းငြိမ့်ပြလိုက်၏။
“ အစ်ကိုကြီး ငါမှားသွားပါတယ်ကွာ “
လောင်လျူသည် လုချန်ရှန်း၏ ပေါင်ကို ဖက်ကာ ငိုချလုမတတ် ဖြစ်သွားခဲ့၏။
လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ လောင်လျူ အဲ့လိုမျိုးကြီး မလုပ်စမ်းပါနဲ့ကွာ။ သူများတွေက ငါတို့ကို မြင်သွားရင် မကောင်းဘူးဟ သူတို့က နားလည်မှုလွဲသွားနိုင်တယ် ပြီးတော့ ငါတို့က ဆက်ဆံရေးတွေ ဖြတ်တောက်ခဲ့ပြီးပြီလေ “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လောင်လျူ၏ အော်သံများက ပိုမိုကျယ်လောင်လာခဲ့၏။
ယခင်က လုချန်ရှန်းမှာ သူ့ထံတွင် စွမ်းအားကြီး ဆရာတစ်ဦးရှိကြောင်း ပြောပြခဲ့ဖူးသည် သို့သော် သူသည် ၎င်းကို အလေးအနက်မထားခဲ့ပေ။
၎င်းက စစ်ပွဲဘုရင် ကူချန်ကျွင်းဖြစ်သည် သူသာ ရှိနေမည်ဆိုပါက မည်သည့်အရာကို ကြောက်လန့်နေရတော့မည်နည်း။ အသက်ရှင်လျက် ထွက်သွားခြင်းကို မဆိုထားနှင့် ဘေးတစ်စောင်း ထွက်သွားမည်ဆိုလျှင်တောင်မှ မည်သည့်ပြဿနာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။
၎င်းက နှစ်ရာနှင့်ချီ၍ ကျော်ကြားနေခဲ့သည့် ဆရာသခင်တစ်ဦးဖြစ်ပြီး ယခုလက်ရှိ အချိန်တွင် သူ၏စွမ်းအားများက အထွတ်အထိပ်တွင်သာ ရှိနေဦးမည် ဖြစ်သည်။
သိပ်မကြာခင် အချိန်မှာပင် လုချန်ရှန်းသည် လောင်လျူကို နဂါးနစ်မြုပ်ခြင်း တောင်တန်း အပြင်ဘက်သို့ ဦးဆောင်သွား၏။
ထိုအခိုက်အတန့်တွင် ဘက်ပေါင်းစုံမှ အကြည့်ပေါင်းများစွာ စုစည်းနေလျက်ရှိပြီး ကူချန်ကျွင်းက တစ်ဦးတည်း ရပ်နေခဲ့သော်လည်း မည်သူကမှ သူ့အနားသို့ မချဥ်းကပ်သွားရဲကြပေ။ သူ၏အရှိန်အဝါ အနည်းငယ်ကပင် ချဥ်းကပ်လာသူတိုင်းကို ဟန့်တားရန် လုံလောက်နေခဲ့သည်။
အားလုံး အတွေးနက်နေသည့် အချိန်မှာပင် လုချန်ရှန်း ပေါ်ထွက်လာခဲ့၏။
သူသည် နဂါးနစ်မြုပ်ခြင်း တောင်တန်းအပြင်ဘက်သို့ လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ရဲရဲဝံ့ဝံ့ လမ်းလျှောက်လာခဲ့ပြီး လူအုပ်ကြီးကို လုံးဝလျစ်လျူရှုထားခဲ့သည်။
လောင်လျူက သူ့ဘေးတွင် လမ်းလျှောက်နေခဲ့ကာ သူ့ထပ်ပင် ပိုမိုမောက်မာနေလျက်ရှိ၏။ မြင့်မြတ်နယ်မြေ၏ သူတော်စင်တစ်ဦးက လောကအတွင်းသို့ ပထမဦးဆုံး လျှောက်လှမ်းလာသကဲ့သို့ သူ့အရှေ့တွင် ရှိနေသည့် လူတိုင်းကို လုံးဝလျစ်လျူရှုထားခဲ့သည်။
“ ချင်းယီ “
ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ဘက်ပေါင်းစုံရှိ ကောင်းကင်ယံသို့ သတ်ဖြတ်လိုစိတ်များ ထောင်တက်လာခဲ့၏။
သူက နဂါးနစ်မြုပ်ခြင်း နယ်မြေအတွင်းမှ ပေါ်ပေါ်တင်တင် ထွက်လာခဲ့လိမ့်မည်ဟု မည်သူကမှ မမျှော်လင့်ထားခဲ့ပေ။
အားလုံး၏ အကြည့်များ ကျရောက်လာသည့်အချိန်တွင် လုချန်ရှန်းက တုံ့ပြန်လိုက်သည် “ ဘာလို့ ငါ့ကို ခေါ်လိုက်တာလဲ ”
“ မင်းကို သတ်ဖို့ပေါ့ “
ရှောင်ကျင်းသည် အော်ဟစ်ဟိန်းဟောက်ကာ ရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့သည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ ချက်ချင်းဖြစ်တည်လာခဲ့၏။
ချင်ယွမ်မှာလည်း သူနှင့်အတူ လှုပ်ရှားလာခဲ့သည် အဆုံးမဲ့ မှော်စွမ်းအားများ ပျံ့လွင့်လာခဲ့ပြီး ပင်လယ်ပြင်တစ်ခုလုံးကို လှိုင်းထန်သွားစေခဲ့၏။
ထိုအခိုက်အတန့်တွင် လူတိုင်း စိတ်တင်းကြပ်သွားကြသည်။
သို့ရာတွင် လုချန်ရှန်းက အေးဆေးတည်ငြိမ်နေလျက်ရှိပြီး သူ၏ဦးခေါင်းကို ကူချန်ကျွင်းဆီသို့ ဖြည်းဖြည်းချင်း လှည့်လိုက်ကာ စကားပြောလိုက်သည် “ ဆရာ သူတို့က ကျွန်တော့်ကို သတ်ချင်နေကြတယ် “
သူ၏စကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက နေရာမှာတင် အေးခဲတောင့်တင်းသွားကြသည်။
--
………………………………………………………………………………………………………………………………….