← Chapters

အခန်း ၁၉၃

Vol. 13 Ch. 193

အခန်း ၁၉၃

Vol. 13 Ch. 193

အပိုင်း ( 193 )

တစ်ချို့ကိစ္စတွေက ဝန်ခံလိုက်လို့မရဘူး

ပင်လယ်ပြင်အထက်တွင် တိတ်ဆိတ်ငြိမ်သက်မှုသာလျှင် ကြီးစိုးနေလျက်ရှိ၏။

လူတိုင်း နောက်ဆုတ်သွားပြီး ကူချန်ကျွင်းမှာလည်း လုချန်ရှန်းကို ခေါ်ကာ ထိုနေရာမှ ထွက်သွားတော့သည်။

လောင်လျူသည် သူတို့ဘေးဘက်တွင် လမ်းလျှောက်နေရင်းဖြင့် သူက မြင့်မြတ်နယ်မြေတစ်ခုကို အနိုင်ယူခဲ့သည့်အလား ပိုမိုမောက်မာသွားခဲ့သည်။

“ စစ်ပွဲဘုရင်ကတော့ စစ်ပွဲဘုရင် ဖြစ်နေတုန်းပဲ ဘာမှကို မပြောင်းလဲသွားဘူး “ စိတ်ဝိညာဥ် အရှင်သခင်သည် စိတ်ခံစားချက်အပြည့်ဖြင့် စကားပြောလာခဲ့၏။

ဤတိုက်ပွဲအကြောင်းက ဒေသလေးခုစလုံးသို့ ပျံ့နှံ့သွားကာ တစ်ကမ္ဘာလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့မည် ဖြစ်သည်။

သို့ရာတွင် သူတို့ကို ပိုမိုအံ့အားသင့်သွားစေသည့် အရာက ချင်းယီက လုချန်ရှန်းဖြစ်နေခြင်းပင် ဖြစ်သည်။ အဆိုပါ သတင်းက မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

ရုပ်ရည်ကြည့်ကောင်းရုံမှတစ်ပါး သာမန်လူတစ်ဦးနှင့် တူနေပုံရသည့် လူတစ်ဦးက တောင်ပိုင်းဒေသတစ်ခုလုံးကို မုန်တိုင်းထန်သွားစေခဲ့သည့် ပါရမီရှင် ဖြစ်နေခဲ့၏။

ယခင်က သူလုပ်ခဲ့သမျှ အရာတိုင်းတွင် တစ်ကမ္ဘာလုံးကို တုန်လှုပ်သွားစေနိုင်သည့် ကိစ္စမျိုး ကင်းမဲ့နေပါသလော။

ပထမဦးဆုံးအကြိမ်အဖြစ် ပေါ်လာခဲ့သည့် အချိန်တွင် သူသည် ပန်ဘုရင်လေးကို အနိုင်ယူတိုက်ခိုက်ကာ ချူလျူရှန်၏ ကိုယ်ပွားကို သတ်ဖြတ်ခဲ့၏။ ထိုအချိန်မှစကာ သူသည် နေရာတိုင်းတွင် ပေါ်ထွက်လာကာ အမြင့်ပျံနေခဲ့၏။

သူသည် ယွမ်နယ်မြေအတွင်းတွင် တိုက်ပွဲအလံကိုးခုကို သိမ်းယူကာ အကြီးအကျယ် သောင်းကျန်းခဲ့လေသည်။

အဆိုပါ အောင်မြင်မှုများအနက်မှ တစ်ခုကို ရရှိခြင်းကပင် လူတိုင်းကို အံ့အားသင့်သွားစေမည် ဖြစ်သည်။

လုချန်ရှန်းမှာလည်း ကူချန်ကျွင်းအနောက်သို့ နာနာခံခံဖြင့် လိုက်သွားခဲ့ပြီး သွားလာနေစဥ် ကာလအတွင်းတွင် စကားတစ်ခွန်းမှ မပြောခဲ့ပေ။ လောင်လျူကမူ သူတို့နှစ်ဦး၏ ဘေးဘက်တွင် အဆက်မပြတ် ပေါက်ပေါက်ဖောက်နေလျက်ရှိ၏။

သူက လုချန်ရှန်း၏ အထောက်အထားကို ယခုမှသာ သိခဲ့ရသော်လည်း ၎င်းမှာ သူက ကူချန်ကျွင်းကို မျက်နှာလိုမျက်နှာရ လုပ်နေခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

လုချန်ရှန်းမှာလည်း စိတ်ထဲတွင် တစ်စုံတစ်ခု ခံစားနေခဲ့ရသည် သို့သော် သူမမျှော်လင့်ထားသည့်အရာမှာ အရှေ့ပိုင်းဒေသသို့ ကူချန်ကျွင်း ပစ်လွှတ်လိုက်သည့် လှံက ထျန်းရီ မြင့်မြတ်နယ်မြေ၏ ဂိတ်တံခါးကို ပြိုကွဲသွားစေခြင်းပင် ဖြစ်၏။

ထိုလူများက ဒေါကြီးမောကြီး ဖြစ်သွားကြသည်မှာ အံ့ဩဖွယ်ရာ မဟုတ်တော့ပေ။

ပို၍အံ့ဖွယ်ကောင်းသည်မှာ ထိုလူများက ထိုကိစ္စကို ရေငုံနှုတ်ပိတ်၍ သည်းခံနေခဲ့ခြင်းပင် ဖြစ်သည်။

သူသည် သူ့ဆရာ၏ ဇာတ်လမ်းအကြောင်းကို ပိုမိုစိတ်ဝင်စားသွားခဲ့သည်။

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး လူသုံးဦးက နတ်ကောင်းကင်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

ယွမ်နယ်မြေကြောင့် သတင်းများ ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ လုချန်ရှန်းသည် များပြားလွန်းလှသော အကြည့်ပေါင်းများစွာ၏ ဝိုင်းရံခြင်းကို ခံထားရကာ လူတိုင်းကို တအံ့တဩ ဖြစ်သွားခဲ့စေခဲ့၏။

ယခင်က သူ့ကို အထင်သေးကာ မကျေမနပ်ဖြစ်နေခဲ့သည့် လူများကပင် တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိ၏။

သူက ကူချန်ကျွင်း၏ တပည့်ဖြစ်လာခွင့် မရှိဘူးဟု တွေးထင်နေသူများက မည်မျှများပြားလိုက်သနည်း။ သို့သော် ယခုတွင်မူ မည်သူကမှ စကားမပြောရဲကြတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ချင်းယီ၏ အောင်မြင်မှုများကို လူတိုင်းက မြင်တွေ့ထားခဲ့ပြီးဖြစ်ကာ မည်သူက ၎င်းတို့ကို ယှဥ်နိုင်ပါမည်နည်း။

ကူချန်ကျွင်း၏ ပိုင်နက်အတွင်းသို့ ပြန်လည်ရောက်ရှိလာသည့် အချိန်မှသာလျှင် ကမ္ဘာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ကျိုးချင်ယုနှင့် ယဲ့တျန်ရီတို့မှာလည်း ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။ သူတို့သည် တစ်ချိန်က ရင်းနှီးခဲ့ဖူးသည့် သူတို့၏ ဂျူနီယာညီငယ်ကို ကြည့်ကာ သူတို့က သူ့ကို နားမလည်နိုင်တော့ဘူးဟု ရုတ်တရက် ခံစားသွားကြရ၏။

အဆုံးတွင် ကူချန်ကျွင်းက စကားစပြောလာခဲ့သည် “ ကြည့်ရတာတော့ မဖြေရှင်းနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်တွေက အခုချိန်မှာ အဖြေရှိသွားတဲ့ပုံပဲ “

“ ဟီးဟီး “

လုချန်ရှန်းသည် ပြုံးစိစိ ဖြစ်သွားခဲ့သည်။

ကျိုးချင်ယုမှာလည်း သူက ချင်းယီကို ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့သည့် အချိန်က ချင်းယီက မည်သည့်အတွက်ကြောင့် သူ့ကို လမ်းညွှန်ပေးကာ သူသိသမျှအရာအားလုံးကို ပြောပြခဲ့လဲဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

သို့ရာ၌ သူ့ထံတွင် မေးခွန်းတစ်ခု ရှိနေသေး၏။

“ ဂျူနီယာညီလေး “

“ ဟမ် “

ကျိုးချင်ယုက ရှေ့တက်ကာ မေးမြန်းလိုက်၏ “ ငါသတိလစ်သွားတဲ့ အချိန်တွေက မင်းလုပ်လိုက်တာလား “

“ အမ် …… “

လုချန်ရှန်း ဆွံ့အသွား၏။ သူသည် သူ၏ စီနီယာအစ်ကိုက ဓားဆန္ဒ(သို့) ကျင့်ကြံရေးကိစ္စမျိုးကို မေးလာခဲ့မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည် သို့သော် ၎င်းတို့အစား ထိုကိစ္စကိုသာ အမေးခံခဲ့ရ၏။

“ ဟုတ်ပါတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျိုးချင်ယု၏ အမူအရာ ပြောင်းလဲသွားသည်။ အမြဲလိုလို အေးဆေးတည်ငြိမ်နေခဲ့သည့် သူ၏ အကြည့်များထဲတွင် စိတ်ခံစားချက်များ လှိုက်တက်လာလေသည်။

ဒီကောင်လေးကတော့ ….. ငါ့ကို တိုက်ရိုက်ပြောလိုက်လို့မရဘူးလားကွ။ လူတွေကို သတိလစ်အောင် လုပ်နေရမှာလား

၎င်းကို မြင်လိုက်ရသောအခါတွင် လောင်လျူက ချက်ချင်းစကားဝင်ပြောနေတော့သည် “ ချင်းကြီး မင်းက ဘယ်လိုလုပ် အဲ့လိုမျိုး ဖြစ်နေရတာလဲ။ အဲ့တာက မင်းရဲ့ စီနီယာအစ်ကို မင်းရဲ့ သူငယ်ချင်း မင်းရဲ့ဆွေမျိုးလေ။ ဒီလောက်တောင်ရက်စက်နေတာက မနာကျင်ရဘူးလားဟ “

လုချန်ရှန်းက တုံ့ပြန်လိုက်၏ “ အဲ့တာကမင်းနဲ့ဘာဆိုင်လို့လဲ။ ဒီနေရာမှာ လာပြီးတော့ လူကောင်းဖြစ်ချင်ယောင်ဆောင်မနေစမ်းနဲ့ “

“ ငါက ချင်ယုနဲ့ ဆက်ဆံရေး တစ်ခုရှိတယ်လို့ အခုလေးတင် ခံစားလိုက်ရတယ်လေ ပြီးတော့ ဒီအတိုင်း ရပ်ကြည့်မနေနိုင်ဘူး အဲ့တာကြောင့် သူ့အတွက် စကားဝင်ပြောပေးတာ “

ကျိုးချင်ယုသည် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။

ယဲ့တျန်ရီမှာလည်း အတွေးနက်သွားခဲ့ကာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ပြီးသည့်နောက်မှ စကားဝင်ပြောလာခဲ့၏ “ ဂျူနီယာညီလေး မင်းဆီမှာ အခက်အခဲတစ်ခုခု ရှိနေတာလား “

“ စီနီယာအစ်ကိုက ကျွန်တော့်ကို တကယ်ကြီး နားလည်နေတာပဲ “

လုချန်ရှန်းသည် ချက်ချင်း သက်ပြင်းချနေတော့သည်။

“ ဘာလို့လဲ “

“ ကျွန်တော့်ရဲ့ စွမ်းရည်တွေကို ဖုံးထားဖို့အတွက်ပေါ့။ တကယ်လို့ ကျွန်တော်ကသာ အဲ့လိုပါရမီရှင်မျိုးဆိုတာကို လူတွေသိသွားရင် မနာလိုမှုတွေကို ဆွဲဆောင်မိသွားမှာ မဟုတ်ဘူးလား။ တကယ်လို့ ကျွန်တော်သာ ကံကောင်းနေခဲ့မယ်ဆိုရင် သူတို့က ကျွန်တော့်ကို သူတော်စင်လုပ်ခိုင်းဖို့အတွက် ပြန်ပေးဆွဲသွားကြမှာ။ တကယ်လို့ ကံမကောင်းဘူးဆိုရင် အတင်းအကြပ် လက်ထပ်ခိုင်းမှာလေ။ အဲ့အချိန်တုန်းက ကျွန်တော့်ဆီမှာ ဘာကျောထောက်နောက်ခံမှ မရှိခဲ့ဘူးလေ စီနီယာအစ်ကိုတို့ကိုပါ ဆွဲထည့်မိသွားမှာကို ကျွန်တော်ကြောက်တယ် ဟူးးးးး …….. “

လုချန်ရှန်း၏ စကားပြောဆိုမှု ပြီးဆုံးသွားခဲ့သည့်နောက်တွင် သူတို့၏ အမူအရာများ ရှုံ့မဲ့သွားခဲ့သည်။ သူတို့သည် စိတ်ခံစားချက်များ ရောထွေးသွားကြသော်လည်း သူ့အတွက် ပျော်ရွှင်ဝမ်းမြောက်သွားကြ၏။

သို့ရာတွင် လောင်လျူက စကားထပ်ပြောလာခဲ့၏ “ ငါကတော့ မင်းလိုမျိုး ရဲရဲတင်းတင်း အိမ်မက်တောင် မမက်ရဲဘူး။ မင်းကတော့ တကယ်ကို ပြောရဲဆိုရဲရှိတာပဲ “

လုချန်ရှန်းသည် သူ့ကို လျစ်လျူရှုထားလိုက်သည်။

ကျိုးချင်ယုက ထပ်မံ၍ မေးမြန်းလာခဲ့သည် “ ဆိုတော့ ညနတ်ဆိုးကလည်း မင်းလား “

“ မဟုတ်ဘူး “ လုချန်ရှန်းက ပြတ်ပြတ်သားသား ခေါင်းခါပြလိုက်သည်။

သူဝန်ခံမည်လော။ မည်သို့မျှ ဝန်ခံမည် မဟုတ်ပေ။

အကယ်၍ သူကသာ ဝန်ခံလိုက်မည်ဆိုပါက ၎င်းက များပြားလွန်းလှသော ရာဇဝတ်မှုများ ဖြစ်သွားပေလိမ့်မည်။ ကန်းယွင်ဂိုဏ်းတစ်ခုလုံးက မနက်မှညအထိ သူ့ကို တစ်နေ့လုံး ကျိန်ဆဲနေကြမည် ဖြစ်သည်။

ထိုစဥ် ကူချန်ကျွင်းက စကားဝင်ပြောလာခဲ့၏ “ ဒါဆိုရင် နတ်ကောင်းကင်ဂိုဏ်းရဲ့ လူရွေးပွဲကာလတုန်းက တွေ့ခဲ့ရတဲ့ အနက်ဝတ်လူက မင်းလား “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်း၏ မျက်လုံးများ တလက်လက် တောက်ပသွားပြီး သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

၎င်းကို ဝန်ခံလိုက်၍ မဖြစ်ချေ။ အကယ်၍ သူဝန်ခံလိုက်မည်ဆိုပါက သူ၏ဆရာက မျက်နှာပျက်သွားရမည် ဖြစ်သည်။ အကယ်၍ သူကသာ သူအခက်တွေ့အောင် လုပ်လာခဲ့မည်ဆိုပါက ……

သူသည် ကူချန်ကျွင်း၏ တိုက်ခိုက်ရေးစွမ်းအားကို မြင်ခဲ့ရပြီးပြီ ဖြစ်သည် သူက သူ၏ဆရာနှင့်အတော်လေး အလှမ်းဝေးနေသေးသည်။

ထို့အပြင် ဝန်မခံလိုက်ခြင်းက သူ၏ဆရာကို မျက်နှာသာ ပေးလိုက်ခြင်းပင် ဖြစ်သည်။ တပည့်ဖြစ်သူ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရသည့် ဆရာတစ်ဦးအကြောင်းကို ကြားလိုက်ရမည်ဆိုပါက လူတိုင်းက အူလှိမ့်အောင်လှောင်ပြောင်ရယ်မောကြလိမ့်မည် ဖြစ်သည်။

ကူချန်ကျွင်းကမူ ထပ်မံ၍ မမေးမြန်းတော့ဘဲ ခေါင်းငြိမ့်ရုံသာ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုလူက ထိုအချိန်ကတည်းက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး အကယ်၍ လုချန်ရှန်းကသာ ထိုလူဖြစ်နေခဲ့မည်ဆိုပါက သူက ထိုအချိန်ကတည်းက မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေခဲ့မည် မဟုတ်လော။

ယခု သူ၏ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ကျင့်ကြံရေးကပင် အတော်ပင် အံ့ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူကသာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေမည်ဆိုပါက ၎င်းက မယုံကြည်နိုင်စရာ ကောင်းနေပေလိမ့်မည်။

သို့ရာတွင် လုချန်ရှန်းကို ထပ်ကြည့်လိုက်သည့် အချိန်တွင် သူ့မျက်များလုံးများအတွင်းတွင် ရှိနေသည့် သဘောကျမှု အရိပ်အငွေ့များက ပိုမိုအားကောင်းလာခဲ့၏။ ဆယ်နှစ်တာ လမ်းညွှန်သင်ပြပေးခြင်းကို မခံယူခဲ့ရဘဲ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆ ကျင့်ကြံရေးနှင့် ဓားနှလုံးသား သန့်စင်မှုတို့ကို ပိုင်ဆိုင်ထားခြင်းမှာ အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။

ထိုကလေး၏ အနာဂတ်အောင်မြင်မှုများက မိုးထိမြင့်မားနေမည်မှာ မြေကြီးလက်ခတ်မလွဲပင် သူ၏ အောင်မြင်မှုများထပ် မည်သို့မျှ နိမ့်ကျနေလိမ့်မည် မဟုတ်ပေ။

" ချန်ရှန်း မင်းအရမ်းတော်တယ် " ဟု ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည်။

လုချန်ရှန်းက တပြုံးပြုံး ဖြစ်သွားတော့၏။

ကူချန်ကျွင်းက စကားဆက်ပြောလာခဲ့သည် " မင်းက အဲ့လိုစွမ်းရည်မျိုးတွေကို ပိုင်ဆိုင်ထားတယ်ဆိုမှတော့ အဲ့တာတွေကို ဖြုန်းတီးလို့မရဘူး။ အခုချိန်ကနေစပြီးတော့ မင်းရဲ့ အလားအလာတွေကို အမြင့်ဆုံးအ​ခြေအနေမျိုးထိ ဆွဲထုတ်ဖို့အတွက် မင်းရဲ့ ကျင့်ကြံရေး အစီအစဥ်ကို ငါကိုယ်တိုင် ကြီးကြပ်ပေးမယ် "

" ဘာအစီအစဥ်မျိုးလဲ "

တစ်ပြိုင်နက်ဆိုသလိုပင် လုချန်ရှန်း၏ စိတ်ထဲတွင် ဆိုးရွား​သော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာ၏။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည် " မနက်ဖြန်ကျရင် မင်းက အဲ့တောင်ကို သယ်ပြီးတော့ ဂိုဏ်းကို ပတ်ပြေးရမယ် "

" ဘာပြောတယ်။ တောင်ကို သယ်ပြီးတော့ ပတ်ပြေးရမှာလို့ ပြောလိုက်တာလား။ ဘယ်တစ်ခုကိုလဲ "

လုချန်ရှန်းသည် မျက်လုံးများ ပြူးကျယ်သွားကာ ကောင်းကင်ဘုံသို့ ရောက်ရှိသည်အထိ မြင့်မားပြီး ခမ်းနားထည်ဝါသော တောင်တစ်လုံးကို ငေးကြည့်ရင်းဖြင့် အတွေးနက်သွားခဲ့၏။

တောင်ကို သယ်ပြေးရမှာလား။ အဲ့တာက ဘယ်လို ကျင့်ကြံရေး နည်းစနစ်မျိုးလဲ။ သူက ငါ့ကို လာပြောင်နေတာလားဟ

သို့ရာတွင် လောင်လျူကမူ မအောင့်ထားနိုင်တော့ဘဲ ​ရယ်မောနေတော့၏။ လုချန်ရှန်းက ထိုကဲ့သို့ အကြပ်ရိုက်သွားရသည်ကို မြင်တွေ့ရခြင်းမှာ အမှန်ပင် ရှားပါးလွန်းလှသည်။

သို့သော် သူက နှစ်ကြိမ်မျှသာ ရယ်မောရသေးသည့် အချိန်မှာပင် ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည် " လောင်လျူ နှစ်ငါးရာအထိ ပိတ်မိနေခဲ့ပြီးတဲ့နောက်မှာ မင်းကလည်း တော်တော်လေးကို နောက်ကျကျ​န်နေခဲ့​ပြီ။ မင်းလည်း သေ​ချာလေ့ကျင့်ဖို့ အချိန်ကျပြီ "

" မင်း …….. ဘယ်လိုလုပ် ငါဆိုတာကို သိသွားရတာလဲ "

ကူချန်ကျွင်း၏ စကားကို ကြားလိုက်ရသောအခါတွင် လောင်လျူ၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် သူ့အ​ရှေ့တွင် ရှိနေသည့် လူကို ငေးကြည့်နေမိတော့၏။

ငါရုပ်ဖျက်ထားတာက ပြစ်ချက်မရှိဘူးလေ သူက ဘယ်လိုလုပ် သိသွားရတာလဲဟ

ကူချန်ကျွင်းကမူ မည်သို့မျှ မတုံ့ပြန်လာခဲ့ဘဲ ပြုးရုံသာပြုံးနေခဲ့သည် သို့သော် သူ၏ အပြုံးမှာ အနည်းငယ် ဆန်းကြယ်နေလျက်ရှိ၏။

လောင်လျူ၏ အမူအရာ အေးခဲတောင့်တင်းသွားသည်။

" ရယ်နိုင်သေးလားဟေ့ " ​ဤတစ်ကြိမ်တွင်မူ လုချန်ရှန်းက ရယ်မောနေတော့လေသည်။

" စစ်ပွဲဘုရင် ခင်ဗျား ......... "

" မကြောက်ပါနဲ့ ငါမင်းကို ဘာမှလုပ်မှာ မဟုတ်ဘူး။ ဒီနေရာမှာ စိတ်အေးလက်အေး နေလို့ရတယ် "

" စစ်ပွဲဘုရင်ကို ကျေးဇူးတင်ပါတယ် " လောင်လျူက ဦးညွတ်၍ အရိုအသေပေးလိုက်၏။

ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည် " တကယ်လို့ မင်းရဲ့ကျမ်းစာကို ငါ့တပည့်နှစ်ယောက်နဲ့ မျှဝေပေးမယ်ဆိုရင် ငါကလည်း မင်းကို ကျမ်းစာတွေ ဖလှယ်ပေးမယ် မင်းဘာမှမဆုံးရှုံးရပါဘူးကွာ "

ထို့နောက်တွင် သူသည် လုချန်ရှန်းကို စကားပြောကာ လှည့်ထွက်​သွားတော့သည်။

" ချန်ရှန်း ငါနဲ့လိုက်ခဲ့ "

--

......................................................................................................................................................

All Chapters