အခန်း ၁၉၅
Vol. 13 Ch. 195
အပိုင်း ( 195 )
ကောင်းကင်ဘုံကပ်ဘေးမှာ လူပါလာတာလားဟ
နောက်ရက်များအတွင်း၌ နတ်ကောင်းကင်ဂိုဏ်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေခဲ့၏။
ဤနေရာသို့ သက်ပေါင်းစုံမှ လူအများအပြား ရောက်ရှိလာခဲ့သည်။
သူတို့သည် တစ်ဦးပြီးတစ်ဦး ရောက်လာခဲ့ကာ ကူချန်ကျွင်းကို နှုတ်ဆက်ချင်နေကြ၏။
အမှန်တိုင်းပြောရမည်ဆိုပါက ၎င်းမှာ သူတို့က မျက်နှာလုပ်လိုခြင်း(သို့) လုချန်ရှန်းကို ခေါ်ယူလိုခြင်းတို့ကြောင့် ဖြစ်သည်။
သူတို့အားလုံးက သူက ချင်းယီဆိုသည်ကို သိနေကြပြီး မြင်းနက်တစ်ကောင်ဖြစ်သည့် ချင်းယီက အမှန်ပင် တပ်မက်ဖွယ်ကောင်းလွန်းလှသည် လူတစ်ချို့ကမူ လက်ထပ်ထိမ်းမြားခြင်းကိစ္စများကို အဆိုပြုရန် ရောက်လာကြခြင်း ဖြစ်သည်။
လုချန်ရှန်းကမူ ကူချန်ကျွင်းက ၎င်းတို့ကို ယခင်ကကဲ့သို့ လျစ်လျူရှုထားလိမ့်မည်ဟုသာ ထင်နေခဲ့၏။
သို့ရာတွင် သူကိုယ်တိုင် ထွက်လာခဲ့ပြီး လက်ထပ်ပွဲကိစ္စ အဆိုပြုလာခဲ့သည့် လူတိုင်းကို သူကိုယ်တိုင် လက်ခံတွေ့ဆုံကာ ဂရုတစိုက် နှိုင်းယှဥ်နေတော့၏။
လုချန်ရှန်းသည် တောင်တစ်လုံးကို သယ်ကာ ပတ်ပြေးပြီးသည့်နောက်တွင် မိန်းမပျိုလေးများနှင့် နေ့စဥ်နေ့တိုင်း သွားရောက်ချိန်းတွေ့နေခဲ့ရ၏ သူမတို့တစ်ဦးချင်းစီတိုင်းက ထူးခြားလှပနေလျက်ရှိပြီး ငါးများကို ရေနစ်သွားစေကာ တောငန်းများကို ပြုတ်ကျသွားစေနိုင်သည့် အလှတရာမျိုးကို ပိုင်ဆိုင်ထားခဲ့ကြ၏။
ထိုလူများကို တွေ့ခဲ့ရပြီးသည့်နောက်တွင် လုချန်ရှန်းမှာ စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ ငါက ဘယ်လိုလုပ် အဲ့လိုမျိုး နေနိုင်မှာလဲကွာ။
အဆုံး၌ ညတစ်ညတွင် သူသည် သူ၏စီနီယာအစ်ကိုနှစ်ဦးကို ရှာဖွေကာ သူတို့ကို သတိလစ်အောင် ပြုလုပ်၍ တစ်ဦးချင်းစီတိုင်းအတွက် ဘိုးဘေးနဂါး ကံတရား အမျှင်တန်းတစ်ခုစီ ချန်ထားခဲ့ကာ တိတ်တဆိတ် ထွက်ပြေးသွားတော့၏။
သူတို့ထံတွင် ကံတရားအမျှင်တန်းတစ်ခု ကျန်နေသေး၏ သို့သော် သူသည် ၎င်းကို သူကိုယ်တိုင်အတွက် မပေါင်းစည်းခဲ့ပေ။
နောက်တစ်နေ့တွင် သူတို့သည် လုချန်ရှန်းက ထွက်ပြေးသွားပြီဆိုသည်ကို နားလည်သွားကြသည်။
ကျိုးချင်ယုက စကားပြောလိုက်သည် “ ဆရာ ဂျူနီယာညီလေးက ထပ်ပြီးတော့ ထွက်သွားပြန်ပြီ။ ကျွန်တော်တို့က သူ့ကို လိုက်ရှာသင့်လား “
“ ဟူး အဲ့လူယုတ်မာလေးကတော့ လျှောက်မသွားဖို့ ပြောထားတာဖြင့် ဘာမှမကြာသေးဘူး မျက်စိတစ်မှိတ်အတွင်းမှာပဲ ထပ်ပျောက်သွားပြန်ပြီ “
ကူချန်ကျွင်းသည် မည်သည့်စကားမှ ထပ်ပြောမနေတော့ပေ သူက သက်တူရွယ်တူများကြားမှ ကိစ္စများကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။
သို့ရာတွင် ယခုလက်ရှိ အခြေအနေများအရ သက်တူရွယ်တူများကြားတွင် ထိုကလေးကို ခြိမ်းခြောက်နိုင်သည့် လူမှာ မြင့်မြတ်နယ်မြေများမှာပင် များများစားစား မရှိပေ။
သူ၏ယခင်က တိုက်ပွဲမှတ်တမ်းများအရ တစ်ခြားလူများကသာလျှင် ဆုံးရှုံးမှုများကို ခံစားခဲ့ရသည်။
လောင်လျူကမူ လုချန်ရှန်းက ထွက်ပြေးသွားပြီဟု သိခဲ့ရပြီးသည့်နောက်တွင် မနေနိုင်တော့ဘဲ ထိုနေရာမှာပင် ထိုင်ချကာ အချိန်အတော်ကြာ ကျိန်ဆဲနေခဲ့ပြီး သူက ထပ်မံ၍ လှည့်စားခံလိုက်ရသည့်အလား ခံစားသွားခဲ့ရ၏။
တစ်ချိန်တည်းမှာပင် လုချန်ရှန်းသည် မိုင်သောင်းဂဏန်းအကွာသို့ ရောက်ရှိနေခဲ့ပြီး နက်ရှိုင်းသော တောင်တန်းများအတွင်းတွင် တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခု ရှာဖွေကာ မကြာသေးမှီအချိန်များအတွင်းက သူရရှိခဲ့သည့် အကျိုးအမြတ်များကို ရေတွက်နေတော့၏။
ကိစ္စအားလုံး ပြုလုပ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူ၏အရှိန်အဝါက ထပ်မံ၍ ပြောင်းလဲသွားပြီး ကောင်းကင်ထက်သို့ ခုန်တက်သွားကာ အဆင့်ထိုးဖောက်ရန် ပြင်ဆင်နေတော့သည်။
မိုးကြိုးခြိမ်းသံများ အဆင်မပြတ် ပျံ့လွင့်လာခဲ့သည်။
သူ၏စိတ်ထဲတွင် ဤတစ်ကြိမ် မိုးကြိုးကပ်ဘေးက ယခင်အကြိမ်များနှင့် မတူဘူးဆိုသည့် ခံစားချက်တစ်ခု လှိုက်တက်လာခဲ့ပြီး ၎င်းက သူ့ကို စိတ်မသက်မသာ ဖြစ်သွားစေခဲ့၏။
သို့သော် သူက ထိုနေရာတွင် ထိုင်ချလိုက်ကာ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့သော်လည်း မည်သည့်မိုးကြိုးမှ မကျဆင်းလာခဲ့ပေ။
အနက်ရောင် တိမ်တိုက်များသည် တောင်တန်းများကို ချေမှုန်းတော့မည့်အလား ကောင်းကင်အနှံ့ ဖုံးလွှမ်းနေလျက်ရှိ၏။ လုချန်ရှန်းက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ပြီး မျက်ဝန်းများ ရုတ်တရက် ကျဥ်းမြောငးသွားခဲ့သည် သူသည် သူမျှော်မှန်းထားခဲ့သည့် မိုးကြိုးများကို မမြင်ခဲ့ရပေ။
ထို့အစား မိုးကြိုးတိမ်တိုက်များအထက်တွင် ပုံရိပ်အများအပြား မတ်တပ်ရပ်နေလျက်ရှိပြီး ၎င်းတို့အားလုံးက သူ့ကို ငုံ့ကြည်နေလျက်ရှိသည်။
“ မင်းမေကလွှား “
လုချန်ရှန်းသည် တအံ့တဩဖြင့် ကြောင်တောင်တောင် ဖြစ်သွားရတော့သည်။
သူသည် သူမျှော်မှန်းထားခဲ့သည့် မိုးကြိုးကပ်ဘေးကို မမြင်ခဲ့ရပေ ထို့အစား ထိုနေရာတွင် ပုံရိပ်များစွာ ရှိနေသည်ကို မြင်တွေ့ခဲ့ရ၏။ သူတို့၏ မျက်လုံးများက ဟောင်းလောင်းဖြစ်နေပြီး ဝိညာဥ်ကင်းမဲ့နေကာ အေးစက်စက် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေခဲ့ကြသည်။
သူစိုက်ကြည့်နေသည့် အချိန်မှာပင် ပုံရိပ်တစ်ခုက ကောင်းကင်ထက်မှ ရုတ်တရက် လှုပ်ရှားလာကာ သူ့ဆီသို့ ခုန်ဆင်းလာခဲ့၏။
လုချန်ရှန်းကမူ ၎င်းကို စူးစူးစိုက်စိုက် စောင့်ကြည့်နေလျက်ရှိ၏ သို့သော် အဆိုပါ ပုံရိပ် ချဥ်းကပ်လာသည့် အချိန်၌ ၎င်း၏ ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးပေါင်းများစွာ ရုတ်တရက် ပေါက်ထွက်လာခဲ့ပြီး ကြီးမားသော ပိုက်ကွန်တစ်ခုကဲ့သို့ သူ့အရှေ့ရှိ အရာအားလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ဝှစ်
ထိုအခိုက်အတန့်တွင် မိုးကြိုးလျှပ်စီးများ စီးဆင်းလာခဲ့၏။ ၎င်းကို မြင်လိုက်ရသောအခါတွင် ကြောက်မက်ဖွယ်ရာ မိုးကြိုးလျှပ်စီးစီးကြောင်းများက သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့ပြီး သူသည် ယခင်ကထပ်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ဘုံကပ်ဘေးကို ရင်ဆိုင်နေရတော့သည်။
“ ငါက မိုချင်ရဲ့ ကောင်းကင်ဘုံကပ်ဘေးကို တားဆီးပေးခဲ့လို့များလား “
လုချန်ရှန်းမှာ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏ သို့သော် သူ အပြည့်အဝ နားမလည်နိုင်သေးခင် အချိန်မှာပင် သူ့အရှေ့သို့ ပုံရိပ်တစ်ခု ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဘုမ်းးးး
လူနှစ်ဦး ထိပ်တိုက်ရင်ဆိုင်နေလျက်ရှိပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားများ ပေါက်ထွက်လာကာ မိုးကြိုးနှင့် မှော်စွမ်းအားများ လိမ်ယှက်ကာ ဘက်ပေါင်းစုံသို့ ပျံ့လွင့်သွား၏။
အဆိုပါ တိုက်ခိုက်မှုသည် လုချန်ရှန်းကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် သူ့အရှေ့တွင် ရှိနေသည့် ပုံရိပ်က ချောမောသော အသွင်အပြင်ကို ပိုင်ဆိုင်ထားကာ ငွေဖြူရောင် ဆံသားတို့ကို စည်းနှောင်ထားသည့် အသက် နှစ်ဆယ့်သုံး(သို့) နှစ်ဆယ့်လေးနှစ်အရွယ် လူငယ်တစ်ဦးဖြစ်ကြောင်း မြင်တွေ့သွား၏။ သူသည် ထိုလူ၏ အရှိန်အဝါက မွေးရာပါ ဝိညာဥ်အဆင့်၆သို့ ရောက်ရှိနေကြောင်း အာရုံခံမိခဲ့သည်။
ပို၍အံ့ဖွယ်ကောင်းသည့် အရာမှာ သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် မိုးကြိုးလျှပ်စီးတို့ဖြင့် ပြည့်နှက်နေခြင်းဖြစ်ပြီး သူက မိုးကြိုးတာအိုနှင့် ပေါင်းစပ်နေပုံရ၏။
သူ့ထံမှ ပေါ်ထွက်နေသည့် မိုးကြိုးတာအိုစွမ်းအားက မိုးကြိုးတာအိုနှင့်အတူ မွေးဖွားလာခဲ့သည့် မိုးကြိုးငှက်များထပ်ပင် ပိုမိုအားကောင်းနေလျက်ရှိ၏။
“ အဲ့တာက လူလား။ ကောင်းကင်ဘုံကပ်ဘေးရဲ့ စိတ်ဝိညာဥ်လား “
လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
လူငယ်က ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြီး သူ၏လက်ကို မြှောက်ကာ သောင်းနှင့်ချီသော မိုးကြိုးလျှပ်စီးတန်းများကို ထုတ်လွှတ်လာခဲ့၏။ ရောင်ခြည်သည် တောင်တန်းဒေသတစ်ခုလုံးကို လွှမ်းခြုံသွားပြီး နေရာအနှံ့တွင် မိုးကြိုးလျှပ်စီးတို့ဖြင့် ပြည့်နှက်နေလျက်ရှိကာ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် ရှိနေသည့် အရာအားလုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားစေခဲ့သည်။
နှစ်ဦးစလုံးက မွေးရာပါ ဝိညာဥ် အဆင့်၆တွင် ရှိနေကြသော်လည်း လုချန်ရှန်းက ဤတစ်ကြိမ်တွင် အလွန်တရာ လေးနက်နေလျက်ရှိ၏။
ယခင်က သူသည် မွေးရာပါ ဝိညာဥ်နယ်ပယ်ကို လွှမ်းမိုးထားခဲ့ဖူးပြီး မွေးရာပါ ဝိညာဥ် အဆင့်၉ ပညာရှင်များကပင် သူ့ကို မရပ်တန့်နိုင်ခဲ့ပေ သို့သော် ဤတစ်ကြိမ်တွင်မူ သူက အင်ပြည့်အားပြည့် အသုံးပြု၍ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကို အသာစီးယူ၍ တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
“ အဲ့တာက ဘယ်လိုမွန်းစတားမျိုးလဲဟ “
လုချန်ရှန်း၏ အာမေဋိတ်သံနှင့်အတူ သူ၏ခန္ဓာကိုယ်မှ ဓားဆန္ဒ ပေါက်ထွက်လာခဲ့ပြီး အရှေ့သို့ ပိုင်းဖြတ်လိုက်၏။ ၎င်းက မိုးကြိုးနှင့် တိုက်မိသွားကာ ပိုမိုကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုကို ဖြစ်ပေါ်သွားစေခဲ့၏။
ဝရုန်းးး ဂျိန်းးးး
လူနှစ်ဦးက ထိပ်တိုက်ရင်ဆိုင်၍ တိုက်ခိုက်နေလျက်ရှိကာ တစ်ကမ္ဘာလုံးကို ခါရမ်းသွားစေခဲ့၏။ တောင်တန်းများ ပြားချပ်သွားကာ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသည့် အရာအားလုံးက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူက သူ၏ဓားဆန္ဒကို အပြည့်အဝ အသက်သွင်းထားသော်လည်း ပြိုင်ဘက်ကို မည်သို့မျှ အနိုင်မယူနိုင်ခဲ့ပေ။
မိုးကြိုးများကလည်း ပျောက်ကွယ်သွားသည့် လက္ခဏာရပ်များ မပြသဘဲ အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိ၏။
ဤအခိုက်အတန့်တွင် သူသည် မိုးကြိုးငှက်များထပ်ပင် သာလွန်နေပုံရသည့် အကောင်းဆုံးသော မိုးကြိုးတာအိုကိုကို ကြုံတွေ့ခံစားလိုက်ရ၏။
“ စွန့်စားကြည့်ရတော့မယ် “
ထို့နောက်တွင် သူ၏ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး ပူပြင်းသော မှော်စွမ်းအားများ အဖော်ပြုလိုက်ပါလာခဲ့ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက နေတစ်စင်းအလား တောက်ပနေတော့၏။
လုချန်ရှန်းက နေကျမ်းစာကို အသက်သွင်းလိုက်သောကြောင့် သန့်စင်သော ယန်စွမ်းအားများ မြင့်တက်လာခဲ့၏။ ထို့နောက်တွင် သူ၏ဓားဆန္ဒဖြင့် ခုတ်ပိုင်းလိုက်သည် သူတို့နှစ်ဦးကြားရှိ တိုက်ပွဲက ကောင်းကင်ဘုံကို လှုပ်ခတ်သွားစေပုံရသည်။
ထိုအခိုက်အတန့်တွင် သူက အဆုံးမဲ့ ဓားစွမ်းအင်များ ဝိုင်းရံနေသည့် နေသူတော်စင်တစ်ဦးအလား ဖြစ်နေခဲ့သည်။ ကောင်းကင်ပြင်တွင် မိုးကြိုးတိမ်တိုက်များ တလိပ်လိပ် လှိမ့်တက်လာခဲ့သော်လည်း အောက်တွင်ရှိနေသည့် လူငယ်မှာ အေးအေးလူလူ မတ်တပ်ရပ်နေခဲ့၏။
အရာအားလုံးက ထူးဆန်းနေပုံရသည် သို့သော် သူလှမ်းလိုက်သည့် ခြေလှမ်းတိုင်းတွင် ကြောက်မက်ဖွယ်ရာ မိုးကြိုးတာအို စွမ်းအားများ ပါဝင်လာခဲ့ပြီး တိုက်ကွက်တိုင်းက အံ့ဖွယ်ကောင်းသော မိုးကြိုးတာအိုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။
လုချန်ရှန်းမှာလည်း အတော်ပင် ထိတ်လန့်နေပြီဖြစ်သည် သူ၏အဝတ်အစားများ စုတ်ပြတ်သပ်နေကာ သူ၏အရေပြားများက နေရာတော်တော်များများတွင် ပွင့်ထွက်နေလျက်ရှိပြီး သူ၏ ပါးစပ်ထောင့်မှ သွေးစီးကြောင်းတစ်ခု အဆက်မပြတ် စီးဆင်းနေကာ သူ၏ အရိုးများကပင် အက်ကြောင်းထနေခဲ့ပြီ ဖြစ်သည်။
သူသည် လူမှန်းသိတတ်စအရွယ်ကတည်းက ဤကဲ့သို့သော ဆုံးရှုံးမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ရဖူးချေ။
ယခင်က အဆင့်ကျော်တိုက်ခဲ့သည့် တိုက်ပွဲများအတွင်းမှာပင် သူက မည်သို့မျှ ဒဏ်ရာမရခဲ့ပေ သို့သော် ဤတစ်ကြိမ်တွင်မူ သူသည် အဆင့်တူ လူတစ်ဦးကြောင့် ဒဏ်ရာအပြင်းအထန် ရနေခဲ့ပြီ ဖြစ်သည်။
သို့သော် အဆုံးတွင် သူအနိုင်ရသွားခဲ့သေးသည်။ သူသည် ထိုလူငယ်ကို အနိုင်တိုက်နိုင်ခဲ့ပြီး ထိုလူ ပေါက်ကွဲထွက်ကာ သောင်းနှင့်ချီသော မိုးကြိုးလျှပ်စီးများအဖြစ် ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်နေလျက်ရှိ၏ ထို့နောက်တွင် ပုံရိပ်တစ်ခု ထပ်မံ၍ ပေါ်ပေါက်လာခဲ့သည် သို့သော် ၎င်းမှာ ယခင်က လူငယ်၏ အသွင်အပြင်ကိုသာ ထိန်းသိမ်းထားခဲ့၏။
“ မင်းရဲ့ ဘဝက ကြေကွဲစရာတွေနဲ့ပဲ ကြုံတွေ့ရမှာ အဲ့တာကို ဘယ်သူမှမပြောင်းလဲပေးနိုင်ဘူး “
လုချန်ရှန်းက ၎င်းကို တုန်တုန်ရင်ရင်ဖြင့် ငေးကြည့်နေလျက်ရှိ၏ သို့သော် အဆိုပါ ပုံရိပ်က ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည်။
အပေါ်သို့ မော့ကြည့်လိုက်သည့် အချိန်တွင် အဆိုပါ ပုံရိပ်များက သူ့ကို စိုက်ကြည့်နေစဲဖြစ်ပြီး သူတို့၏ မျက်လုံးများက စိတ်ခံစားချက်ကင်းမဲ့ကာ ဟောင်းလောင်းပေါက်ဖြစ်နေသော်လည်း ၎င်းကပင် လူတိုင်းကို ကြက်သီးထသွားစေခဲ့သည်။
လုချန်ရှန်းသည် မျက်မှောင်ကြုတ်သွားပြီး မိုးကြိုးတိမ်တိုက်များနှင့်အတူ ဆုတ်ခွာသွားသည့် အဆိုပါ ပုံရိပ်များကို စောင့်ကြည့်ရင်းဖြင့် ယခုလေးတင်ကြားခဲ့ရသည့် စကားကို တွေးတောစဥ်းစားကာ သူ၏ စိတ်ထဲတွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော စိတ်ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။
“ အဲ့တာက ဘာကိုဆိုလိုတာလဲ။ ငါ့ကို ကျိန်ဆဲနေတာလား “
သတိပြန်ဝင်လာသည့် အချိန်တွင် သူသည် ဤနေရာမှ ထွက်သွားကာ အဝေးသို့ ဦးတည်သွား၏ ယခင်က လှုပ်ရှားမှုက အလွန်တရာ ကြီးမားနေခဲ့ပြီး မလိုလားအပ်သော ပြဿနာများ ဖိတ်ခေါ်မိသွားမည်ကို သူစိုးရိမ်ထိတ်လန့်နေလျက်ရှိ၏။
သူသည် မိုင်တစ်ထောင်ကျော်အထိ ပျံသန်းလာခဲ့ပြီးသည့်နောက်မှသာလျှင် ထိုနေရာတွင် ထိုင်ချကာ နာကျင်စွာဖြင့် ညီးညူနေတော့သည်။
၎င်းမှာ သူစတင်၍ ကျင့်ကြံခဲ့စဥ် အချိန်ကတည်းက ရရှိခဲ့ဖူးသည့် ဒဏ်ရာများအနက် အပြင်းထန်ဆုံးဖြစ်သည် သို့သော် ဤတိုက်ပွဲပြီးဆုံးသွားခဲ့သည့်နောက်တွင် သူသည် မိုးကြိုးတာအိုနှင့် သက်ဆိုင်သည့် အတွေးအမြင်အသစ်များကိုပါ ရရှိခဲ့ပြီး မိုးကြိုးတာအို နိယာမ၏ အံ့ဖွယ်ကောင်းသော သဘာဝနှင့် စွမ်းအားတို့ကို ပိုမိုခံစားသိရှိခဲ့ရသည်။
အစတွင် သူသည် သူ့ထံတွင် ရှိနေသည် ဝိညာဥကျောက်တုံး သန်းလေးဆယ်ကျော်နှင့် မိုချင်ထံမှ ရရှိခဲ့သည့် အကျိုးအမြတ်များကို ပေါင်းစပ်လိုက်မည်ဆိုပါက မွေးရာပါ ဝိညာဥ်အဆင့်၇သို့ ရောက်ရှိသင့်သည်ဟု ထင်နေခဲ့၏။
ယခင်က သူသည် အဆင့်နှစ်ဆင့်စာအတွက် လိုအပ်သော အရင်းအမြစ်များကို ကြိုတင်စုဆောင်ထားခဲ့သည် သို့သော် ယခုလေးတင် ဖြစ်ပွားခဲ့သည့် ကိစ္စကို တွေးမိသွားသောအခါတွင် သူသည် သူက အရှိန်လျှော့သင့်သည်ဟု ခံစားသွားခဲ့ရ၏။ အကယ်၍ သူက ယခုတွင် ထပ်မံ၍ အဆင့်တက်လိုက်ဦးမည်ဆိုပါက အသေရိုက်သတ်ခံလိုက်ရမည် မဟုတ်လော။
သူသည် အပြာရောင် ကျောက်တုံးများကို မှီကာ သူ၏မှော်စွမ်းအားကို အသက်သွင်း၍ ဒဏ်ရာများကို ဖြည်းဖြည်းချင်း ကုသနေခဲ့သည်။ ထိုစဥ် မလှမ်းမကမ်းမှ နားဝင်မချိုသော စူးရှရှ အသံတစ်သံ ပေါ်ထွက်လာခဲ့၏။
“ တောနက်ကြီးထဲမှာ ဒီလောက်တောင် ကြည့်ကောင်းတဲ့ မိန်းမမျိုးက ဘယ်လိုလုပ် ရှိနေရတာလဲဟ တော်တော်လေးကို ချောတာပဲ “
လုချန်ရှန်းက မော့ကြည့်လိုက်ရာ သူ့ကို စိုက်ကြည့်ကာ အနားသို့ ချဥ်းကပ်လာနေသည့် ထွားကျိုင်းသော လူငယ်တစ်ဦးကို မြင်တွေ့သွား၏။
“ အို့ ဒဏ်ရာပါရထားတာကိုး ဟားဟားဟား “
--
…………………………………………………………………………………………………………………………………….