အခန်း ၁၀၅၃
Vol. 103 Ch. 1053
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၃)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
(Hello" နေပြန်ကောင်းပါပြီ။ ၁၀၆၀ အထိ အပြည့်ပါပါတယ်။ နောက်ဆက်ပြီးတော့ တစ်ရက် ၅ ပိုင်းနော်ဗျ။)
ရန်ယဲ့ရှောင်က အသည်းအသန် ပြောလိုက်၏။ “နဂါးမလေးမိုဟန်... မီးမှုတ်... မီးမှုတ်လိုက်...”
နဂါးမလေး မိုဟန်မှာ မှင်သက်သွားသည်။ “မီးမှုတ်ရမယ်... ဘယ်လို မှုတ်ရမှာလဲ... ငါမှ မီးမမှုတ်တတ်တာ...”
ရန်ယဲ့ရှောင် ဆွံ့အသွားရ၏။ ဤမျှအထိ တုံးအသည့် နဂါးမျိုး ရှိသေးသည်လော။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က နဂါးမလေး မိုဟန်ကို ပြက်ရယ်ပြုသကဲ့သို့ တစ်ချက် ကြည့်လိုက်၏။ ဤသို့သော နဂါးမျိုးနွယ်သစ်များမှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူရန် အလွန် သင့်တော်လှသည်။
သူတို့မှာ အူကြောင်ကြောင်နိုင်ကာ ချစ်စရာကောင်းလှပြီး ဉာဏ်ရည်မှာလည်း ခွေးပေါက်လေးတစ်ကောင်ထက် သိပ်မသာလွန်လှချေ။
နဂါးကျောင်းတော်၏ အကြီးအကဲ ခြောက်ဦးက မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားကို လက်ညှိုးထိုးလျက် ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ “မင်း မြင့်မြတ်နယ်မြေကို သစ္စာဖောက်ရင်... ကောင်းကင်ဒဏ်ခတ်တာကို ခံရလိမ့်မယ်ကွ...”
မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားက မောက်မာစွာ ပြန်ပြောသည်။ “နိုင်တဲ့သူက ဘုရင်ပဲ... နိုင်တဲ့သူမှ ကောင်းကင်သခင် ဖြစ်ရမှာပေါ့...”
ဆိုလိုသည်မှာ လက်ရှိအချိန်တွင် အိပ်မက်ဆိုးမိစ္ဆာဘုရင်သည် ကောင်းကင်အရှင်သခင် ဖြစ်နေပြီဖြစ်ရာ သူက မည်သည့် ကောင်းကင်ဒဏ်ခတ်မှုကို ကြောက်ရွံ့နေမည်နည်း။
နဂါးကျောင်းတော်၏ အကြီးအကဲ ခြောက်ဦးမှာ လွန်စွာ နောင်တရသွားကြသည်။ အကယ်၍ ထိုစဉ်က သူတို့သာ ရန်ယဲ့ရှောင်နှင့် နဂါးမလေး မိုဟန်တို့ကို အထဲဝင်ရန် မတားဆီးခဲ့ပါလျှင် ယခုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် နဂါးကျောင်းတော် အကြီးအကဲ ခြောက်ဦးက ရန်ယဲ့ရှောင်နှင့် နဂါးမလေး မိုဟန်တို့ကို ချက်ချင်း ပြန်လွှတ်ပေးလိုက်ကြ၏။
သို့သော်လည်း အချိန်နှောင်းသွားလေပြီ။ အိပ်မက်ဆိုးမိစ္ဆာဘုရင်က ခေါင်းပင် လှည့်မကြည့်ဘဲ သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
ရလာဒ်အနေဖြင့် နဂါးကျောင်းတော်၏ အကြီးအကဲ ခြောက်ဦးလုံးမှာ နေရာ၌ပင် ချက်ချင်း တောင့်တင်းသွားကြတော့သည်။
ထို့နောက် အိပ်မက်ဆိုးမိစ္ဆာဘုရင်က သူ၏လက်ကို ထပ်မံ ဝှေ့ယမ်းလိုက်ပြန်ရာ ရန်ယဲ့ရှောင်နှင့် နဂါးမလေး မိုဟန်တို့ကို ပိတ်လှောင်ထားသည့် စွမ်းအင်လှောင်ချိုင့်ပေါ်တွင် နောက်ထပ် အလွှာတစ်ခု ထပ်မံ ပေါ်ပေါက်လာ၏။
ထိုအလွှာမှာ မိစ္ဆာလှောင်ချိုင့်တစ်ခု ဖြစ်နေသည့်အတွက် ရုန်းထွက်ရန် လုံးဝ မဖြစ်နိုင်ချေ။ နဂါးမလေး မိုဟန်က ဒေါသတကြီးဖြင့် သူမ၏ ခန္ဓာကိုယ်ကို အသုံးပြုကာ လှောင်ချိုင့်ကို အသည်းအသန် ဝင်တိုက်ရင်း အော်ဟစ်လိုက်၏။ “လွှတ်... ငါ့ကို လွှတ်ပေး...”
ရန်ယဲ့ရှောင်ကမူ ပို၍ တည်ငြိမ်ကာ တိုးညှင်းစွာ ပြောလိုက်သည်။ “မိုဟန်... ငြိမ်ငြိမ်နေစမ်းပါ... ငြိမ်ငြိမ်နေပြီး အစ်မပြောတာကို နားထောင်နော်...”
ချက်ချင်းပင် နဂါးမလေး မိုဟန်မှာ မချင့်မရဲဖြင့် ငြိမ်သက်သွားကာ သူမ၏ ချစ်စဖွယ် မျက်လုံးဝိုင်းကြီးများဖြင့် ရန်ယဲ့ရှောင်ကို ကြည့်လိုက်၏။
ရန်ယဲ့ရှောင်က ညင်သာစွာ ပြောသည်။ “မိုဟန်... မင်းက နဂါးလေးပဲ... တကယ်ကို အစွမ်းထက်ပြီး ဖြစ်ချင်တာ မှန်သမျှ ဖြစ်လာမှာ... စိတ်မပူနဲ့... မင်း လုပ်ချင်တာ အကုန်လုပ်နိုင်တယ်... ဘာလို့လဲဆိုတော့ မင်းက နဂါးလေ... အခုလောလောဆယ် စွမ်းအင်အားနည်းနေပေမဲ့ အဆင့်အတန်းကတော့ အမြင့်ဆုံးပဲ... မီးမှုတ်ချင်တယ်လို့ တွေးလိုက်တာနဲ့တင် မှုတ်နိုင်လိမ့်မယ်...”
နဂါးမလေး မိုဟန်က ခေါင်းကို အသည်းအသန် ညိတ်လိုက်၏။ “အင်း... မီးမှုတ်မယ်... မီးမှုတ်မယ်...”
ထို့နောက် သူမသည် လှပသည့် နှုတ်ခမ်းလေးများဖြင့် အသည်းအသန် မှုတ်ထုတ်လိုက်သည်။ သို့သော်လည်း ထွက်ပေါ်လာသည်မှာ ကြည်လင်နေသည့် တံတွေးများသာ ဖြစ်ပြီး မီးတောက်များ လုံးဝ ထွက်ပေါ်လာခြင်း မရှိချေ။
ရန်ယဲ့ရှောင် ငိုချင်စိတ်ပေါက်သွား၏။ မိုဟန်သည်လည်း မျက်ရည်ဝဲသွားကာ မျက်လုံးဝိုင်းကြီးများဖြင့် ရန်ယဲ့ရှောင်အား သနားစဖွယ်ကြည့်လိုက်ပြန်သည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က လှောင်ပြောင်လိုက်၏။ “ကျပ်မပြည့်တဲ့ ကောင်မက ဘယ်တော့မှ ပြည့်လာမှာ မဟုတ်ဘူး...”
တကယ်တမ်း၌ သူ၏ ကစားကွက်ထဲတွင် မိုဟန်သည် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ရမည် ဖြစ်သည်။
သို့သော် ယခုအခါ အရာအားလုံးမှာ ကြီးမားစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ရာ ထင်မှတ်ထားသကဲ့သို့ ဖြစ်လာနိုင်မည်လော ဆိုသည်မှာ မရေမရာ ဖြစ်သွားတော့၏။
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ဧရာမ နဂါးအလောင်းကြီး၏ ရှေ့သို့ လျှောက်သွားကာ နဂါးခေါင်းပေါ်သို့ သူ၏ ဧရာမ လက်ဝါးကြီးကို တည်ငြိမ်စွာ တင်လိုက်၏။ တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ ဆက်တိုက် ကြီးထွားလာသည်။
တဖြည်းဖြည်း ကြီးမားလာပြီးနောက် နောက်ဆုံးတွင် မီတာ ရာဂဏန်းအထိ မြင့်မားသွားကာ အရှေ့တိုင်း နဂါးအလောင်းကြီးနှင့် မျက်နှာချင်းဆိုင် ဖြစ်သွားတော့၏။
ထို့နောက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေတွက်၍မရနိုင်သည့် အမည်းရောင်အရိပ်များအဖြစ် ပြောင်းလဲသွားပြီး နဂါးအလောင်းကြီးထဲသို့ ဖြည်းညှင်းစွာ တိုးဝင်သွားတော့သည်။
ရန်ယဲ့ရှောင်မှာ လွန်စွာ စိုးရိမ်ပူပန်သွားရ၏။
ဤနဂါးအလောင်းကြီးတွင် စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများ မရှိတော့ဘဲ ခန္ဓာကိုယ် အခွံသက်သက်သာ ကျန်ရှိတော့သည်။ အကယ်၍ အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒကသာ ဤနဂါးအလောင်းကြီးကို သိမ်းပိုက်သွားနိုင်ခဲ့လျှင်ထို တုပိုင်မဆိုထားနှင့်... နတ်ဘုရားကိုယ်၌ပင်လျှင် ဤကမ္ဘာကြီးကို ကယ်တင်နိုင်မည် မဟုတ်တော့ချေ။
ရန်ယဲ့ရှောင် ပို၍ပင် စိုးရိမ်လာရသော်လည်း သူမ၏ မျက်နှာကမူ ပို၍ တည်ငြိမ်လာပြီး အသံကို ညင်သာစွာ ပြောင်းလဲလျက် ပြောလိုက်၏။ “မိုဟန်... စိတ်မပူနဲ့... အစ်မက မိုဟန်လုပ်နိုင်မယ်လို့ ယုံတယ်နော်...”
**--**--**--**--**--**--**--**
မြင့်မြတ်နယ်မြေ၏ ဘုရင်မသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သူမ၏ သက်တမ်းမှာ ယခုထက်တိုင် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး မည်သူမျှ မသိကြချေ။
ထို့အပြင် သူမသည် လူအများရှေ့၌ ပေါ်ထွက်လာခဲပြီး နန်းတော်ထဲတွင်လည်း နေထိုင်လေ့မရှိချေ။ ထိုအစား မြင့်မြတ်နယ်မြေ၏ ဝေးလံခေါင်သီသော ထောင့်စွန်းတစ်နေရာရှိ ဇီးပွင့်များဖြင့် ပြည့်နှက်နေသည့် ဝင်းခြံငယ်လေးတစ်ခုထဲတွင်သာ နေထိုင်တတ်သည်။
အချိန်ကြာလာသည်နှင့်အမျှ သူမ နေထိုင်သည့် ဝင်းခြံလေးကို မေနန်းတော်ဟု ခေါ်ဆိုလာကြ၏။
အချိန်အများစုတွင် သူမသည် နိုင်ငံရေးကိစ္စရပ်များကို လျစ်လျူရှုထားပြီး အရာအားလုံးကို မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားထံသို့သာ လွှဲအပ်ထားခဲ့သည်။
သူမက အိမ်ရှေ့စံမင်းသား၏ မိခင်ရင်း ဟုတ်မဟုတ် ဆိုသည်ကိုလည်း မည်သူမျှ အဖြေမသိကြချေ။
ထိုစဉ် အိမ်ရှေ့စံမင်းသား၏ ကိုယ်ပွားသည် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ အခြားကိုယ်ပွားတစ်ခုနှင့်အတူ မေနန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။
အိမ်ရှေ့စံမင်းသားက အရိုအသေပေးလိုက်သည်။ “သားတော်က မိခင်မယ်တော်ကို ဂါရဝပြုပါတယ်...”
အတွင်းဘက်မှ လုံးဝ တိတ်ဆိတ်နေ၏။ သို့သော်လည်း ဝင်းခြံထဲရှိ ဇီးပွင့်များမှာ စတင် ကြွေကျလာသည်။
အိမ်ရှေ့စံမင်းသား၏ ကိုယ်ပွားက ထပ်မံ အရိုအသေပေးလိုက်၏။ “မိခင်မယ်တော်ကို တွေ့ခွင့်ပြုပါ...”
ထိုအခါ ဘုရင်မ၏ အသံက အတွင်းဘက်မှ ထွက်ပေါ်လာသည်။ “ကိစ္စရှိလို့လား...”
အိပ်မက်ဆိုးမိစ္ဆာဘုရင်က ပြုံးလိုက်၏။ “ဟင်းဟင်း... ဘုရင်မ... ကျုပ်က သမုဒ္ဒရာကို ဖြတ်ပြီး မင်းနဲ့ အိပ်မလို့လေ...”
အတွင်းဘက်မှ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီးနောက် ဇီးပွင့်များမှာ မိုးရေစက်များကဲ့သို့ ကြွေကျလာသည်။
ဘုရင်မက တုန်ယင်နေသည့် အသံဖြင့် ပြောလာ၏။ “အိမ်ရှေ့စံ... မင်းက မြင့်မြတ်နယ်မြေကို သစ္စာဖောက်... နဂါးသွေးနွယ်ဖွားတွေကို သစ္စာဖောက်ရုံမက ငါ့ကိုပါ သစ္စာဖောက်တယ်ပေါ့...”
အိမ်ရှေ့စံမင်းသား၏ ကိုယ်ပွားက ပြန်ဖြေ၏။ “မိခင်မယ်တော် ခွင့်လွှတ်ပါ... အခြေအနေကို နားလည်သူကမှ ပညာရှိသူပါ... မြင့်မြတ်နယ်မြေအတွက်ရော သားတော်အတွက်ပါ... မယ်တော်ရဲ့ ခန္ဓာကိုယ်ကို စတေးပြီး ကြီးမြတ်တဲ့ အိပ်မက်ဆိုးမိစ္ဆာဘုရင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ပါ...”
“ဝုန်းးး” တစ်ခဏအတွင်းမှာပင် ဝင်းခြံထဲရှိ ဇီးပွင့်များအားလုံး ကြွေကျသွားပြီး ပြောင်သလင်းခါနေသည့် သစ်ကိုင်းခြောက်များသာ ကျန်ရှိတော့သည်။
ဘုရင်မက မယုံကြည်နိုင်စွာ ပြော၏။ “အိမ်ရှေ့စံ... မင်းက ငါ့ဝမ်းကမွေးတဲ့ သားရင်း မဟုတ်ပေမဲ့ သားရင်းလို စောင့်ရှောက်ခဲ့တာလေ... မင်း ငါ့အပေါ် ဘယ်လိုလုပ် ဒီလို လုပ်ရက်တာလဲ...”
အိမ်ရှေ့စံမင်းသား၏ ကိုယ်ပွားက ပြန်ပြောသည်။ “ကျွန်တော်တို့ မြင့်မြတ်နယ်မြေက သံယောဇဉ်တွေကို ဂရုမစိုက်ဘူးလေ... အကျိုးစီးပွားကသာ ပထမပဲ... ဆိုပြီး မယ်တော်ကိုယ်တိုင် သားတော်ကို သင်ပေးခဲ့တာ မဟုတ်လား”
ဘုရင်မက ကြုံးဝါးလိုက်သည်။ “အိပ်မက်ဆိုးမိစ္ဆာဘုရင်... ငါက မြင့်မြတ်နယ်မြေရဲ့ ဘုရင်မအနေနဲ့ ဒီလောကကို စိုးမိုးထားတာ... ငါ ဘယ်လောက် အစွမ်းထက်လဲ မင်း သိပါတယ်... ဒါ့အပြင် ဒီမေနန်းတော်က ငါ့ရဲ့ ဟင်းလင်းပြင်နယ်ပယ်ပဲ... မင်း တကယ် ဝင်လာရဲလို့လား...”
ထို့နောက် မေနန်းတော်၏ တံခါးကြီးမှာ ဝုန်းခနဲ ပွင့်သွား၏။ အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို အထဲသို့ ဖိတ်ခေါ်လိုက်သည့်အလားပင်။
အိမ်ရှေ့စံမင်းသား၏ ကိုယ်ပွားက ရယ်မောလိုက်သည်။ “ဟားဟားဟား... မယ်တော်... ဟန်ဆောင်မနေပါနဲ့တော့... လွန်ခဲ့တဲ့ သုံးဆယ့်ကိုးနှစ်တုန်းက မယ်တော် စွမ်းအားတွေ ဆုံးရှုံးပြီး အားနည်းသွားခဲ့တာလေ... ဒါကြောင့် အုပ်ချုပ်ရေးအာဏာတွေ အကုန် ကျွန်တော့်ဆီ လွှဲပေးခဲ့တာ မဟုတ်လား... သူများတွေ ရိပ်မိမှာစိုးလို့ ဘယ်သူ့ရှေ့မှ ပေါ်မလာခဲ့တာပဲလေ...”
ထို့နောက် သူက အိပ်မက်ဆိုးမိစ္ဆာဘုရင်ကို အရိုအသေပေးလိုက်၏။ “အရှင် အိပ်မက်ဆိုးမိစ္ဆာဘုရင်... ဘုရင်မက တစ်တိုင်းပြည်လုံးမှာ အလှဆုံး ဖြစ်ပြီး အခုတော့ အားနည်းတဲ့ မိန်းမတစ်ယောက်ပါပဲ... မခုခံနိုင်လို့ အရှင် စိတ်ကြိုက် ပျော်ပါးနိုင်ပါပြီ...”
အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ ခဏမျှ မှင်သက်သွားပြီးနောက် သက်ပြင်းချလိုက်သည်။ “အရှက်မရှိတဲ့နေရာမှာတော့... နဂါးသွေးနွယ်ဖွားတွေထဲမှာ မင်းက အတော်ဆုံးပဲ...”
ထို့နောက် အထဲသို့ လျှောက်လှမ်း ဝင်ရောက်သွားလိုက်၏။
အထဲ၌ အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားမှာ လွန်စွာ လှပချောမောသည့် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး လွန်စွာ ကျက်သရေရှိကာ မြင့်မြတ်လှပသည့် ဟန်ပန်ဖြင့် ရှိနေသည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားက အသက်ကို ပြင်းပြင်းရှူလိုက်ရာ သူ၏ မျက်လုံးများမှာ ချက်ချင်း အရောင်လက်သွားပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ “စိတ်ဝင်စားစရာပဲ... တကယ် စိတ်ဝင်စားစရာပဲ...”
ဘုရင်မသည် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆီးနှင်းကဲ့သို့ ဖြူစင်သည့် အသားအရေနှင့်အတူ ကုတင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေ၏။
အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားမှာ အနည်းငယ် တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများမှာ ပျောက်ကွယ်သွားတော့သည်။ သူက ဘုရင်မထံသို့ လျှောက်သွားလိုက်သည်။
အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားက ရယ်မောလိုက်၏။ “ဟားဟား... ကျုပ်နဲ့ ဘုရင်မ... အတူတူ ပျော်ရွှင်စရာညကို ဖြတ်သန်းကြတာပေါ့...”
ဘုရင်မမှာ ဆက်တိုက် တုန်လှုပ်သွားရပြီး နာကျင်စွာဖြင့် သူမ၏ မျက်လုံးများကို မှိတ်လိုက်ရတော့သည်။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၃) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။