← Chapters

အခန်း ၁၀၅၅

Vol. 103 Ch. 1055

အခန်း ၁၀၅၅

Vol. 103 Ch. 1055

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၅)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မိုဟန်သည်လည်း ချက်ချင်းပင် နဂါးအလောင်းကြီးကို ထိန်းချုပ်ရန် ကြိုးစားလိုက်၏။ တုပိုင်အတွက် စိတ်ပူပန်လွန်းသဖြင့် ရင်ထဲ၌ မီးဟုန်းဟုန်းတောက်လောင်နေသည့်အလား ခံစားနေရကာ သွေးမျက်ရည်များပင် ကျဆင်းလာတော့သည်။

နဂါးမလေး မိုဟန်က ဧရာမ နဂါးအလောင်းကြီးကို ထိန်းချုပ်ထားရင်း အသည်းအသန် အော်ဟစ်လိုက်သည်။ "ငါ ဘာလုပ်ရမလဲ... အခု ဘာဆက်လုပ်ရမလဲ။"

သို့သော် ယခုအချိန်၌ ရန်ယဲ့ရှောင်မှာ တောင့်တင်းနေပြီး စကားတစ်ခွန်းမျှပင် မဟနိုင်ချေ။ သူမက မိုဟန်ကို မျက်လုံးများဖြင့်သာ အချက်ပြနိုင်လိုက်၏။

"တုပိုင်ကို ကာကွယ်... တုပိုင်ကို ကာကွယ်ပေး..." မိုဟန်က ချက်ချင်းပင် ဧရာမ အရှေ့တိုင်းနဂါးအလောင်းကြီးကို ထိန်းချုပ်ကာ အပြင်သို့ အတင်းရုန်းထွက်ရန် ကြိုးစားလိုက်သည်။

တစ်ချိန်တည်းမှာပင် အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ကိုယ်ပွားအများအပြားတို့က တစ်နေရာတည်းသို့ စုစည်းလာကြ၏။ ထို့နောက် အရှေ့တိုင်းနဂါးကြီး၏ ချိုနှစ်ဖက်ကို အတင်းအကျပ် ချုပ်ကိုင်လိုက်ရာ မိုဟန်မှာ လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ဤသို့ဖြစ်ရခြင်းမှာ အရှေ့တိုင်းနဂါးကြီးက အားနည်းနေ၍ မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် အလွန်တရာ အားကောင်းလှသည်။ သို့သော် မိုဟန်မှာ မွေးကင်းစ နဂါးပေါက်စလေးတစ်ကောင်သာ ဖြစ်နေသေး၏။

နဂါးစွမ်းအင်အပေါ် သူမ၏ နားလည်သဘောပေါက်မှုမှာ ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူမသည် နဂါးစွမ်းအားကို လုံးဝ မထိန်းချုပ်နိုင်သည့်အပြင် နဂါး၏ မျိုးရိုးစဉ်ဆက် မှတ်ဉာဏ်များကို မည်သို့ ဖတ်ရှုရမည်ကိုပင် မသိနေချေ။

လက်ရှိအခြေအနေမှာ ကလေးငယ်တစ်ဦးသည် တင့်ကားကြီးတစ်စီးပေါ် ရောက်နေသော်လည်း ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသည့် ရန်သူကို မအနိုင်ယူနိုင်ခြင်းနှင့် တူညီလှ၏။

**--**--**--**--**--**--**--**

တစ်ဖက်၌မူ မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားသည် ဟာလာဟင်းလင်း ဖြစ်နေသည့် နန်းဆောင်ဆီသို့ ရောက်လာလေပြီ။ တစ်ချိန်တည်းမှာပင် တုပိုင်မှာ အေးစက်လှသည့် ကျောက်စားပွဲကြီးပေါ်၌ လူသေကောင်တစ်ကောင်ကဲ့သို့ လဲလျောင်းနေဆဲပင်။

"တုပိုင်... မင်းက တကယ် အံ့ဩဖို့ကောင်းတယ်။" အိမ်ရှေ့စံမင်းသားက တုပိုင်၏ ခန့်ညားသည့် မျက်နှာကို ကြည့်ကာ ကောက်ကျစ်စွာ ပြောသည်။ "မင်းဆီက ရှေးဟောင်းနဂါးဘုရင်ရဲ့ ဝိညာဉ်စွမ်းအားတွေကို ငါက ဆွဲထုတ်ဖို့ လုပ်နေခဲ့တာ။ ဒါပေမဲ့ မင်းက အဲဒီစွမ်းအင်တွေကို ကိုယ်တိုင် ဆွဲထုတ်ပစ်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ မင်းကိုယ်မင်း အသေကောင်ဖြစ်အောင်လုပ်ပြီး ဒီနဂါးစွမ်းအင်တွေကို မိုဟန်ဆီ ပေးလိုက်တယ်။ ဒါက သူ့နဂါးသွေးကြော နိုးထဖို့ အခွင့်အရေးကို အများကြီး မြင့်တက်သွားစေတယ်။ မင်းက တကယ် ရက်စက်တာပဲ... ရူးလည်း ရူးမိုက်လွန်းတယ်။"

အိမ်ရှေ့စံမင်းသားက တုပိုင်၏ ပါးကို ရိုက်ချလိုက်ပြီးနောက် မေးစေ့ကို အောက်သို့ ဆွဲချလိုက်သည်။ ရလာဒ်အနေဖြင့် တုပိုင်၏ ပါးစပ်မှာ ပွင့်သွားပြီး တံတွေများ စီးကျလာ၏။

အိမ်ရှေ့စံမင်းသားက လှောင်ပြောင်ရယ်မောလိုက်သည်။ "မင်းက မိုဟန်နဲ့ ဝိညာဉ်ချင်း ချိတ်ဆက်မှုကို ကြိုလုပ်ထားခဲ့တာပဲ။ ဒါမှ မိုဟန်က အရှေ့တိုင်းနဂါးရဲ့ စွမ်းအင်ကို ရတာနဲ့ မင်းဆီကို ဧရာမ စွမ်းအင်တွေ ပြန်ပေးပြီး မင်းဝိညာဉ်ကို နိုးထလာအောင် လုပ်နိုင်မှာမလား။ တကယ်ကောင်းတဲ့ အစီအစဉ်ပဲ... အံ့ဩဖို့ကောင်းတယ်။ ဒါပေမဲ့ နှမြောစရာကောင်းတာက မင်း အခု လူသေကောင် ဖြစ်နေပြီလေ။ ပြီးတော့ မင်းမျှော်လင့်ချက်အားလုံးကို ကျပ်မပြည့်တဲ့ မိန်းမတစ်ယောက်ဆီ ပုံအောထားခဲ့တာပဲ။ တုံးအတဲ့ မိန်းမက ဘယ်သာအခါမဆို တုံးအနေမှာပဲ။ သူက နဂါးတစ်ကောင် ဖြစ်သွားရင်တောင် တုံးအတဲ့ နဂါးတစ်ကောင်ပဲ ဖြစ်နေမှာ။"

အိမ်ရှေ့စံမင်းသားက တုပိုင်၏ နဖူးပေါ်သို့ သူ၏ လက်ဝါးကို တင်လိုက်ရင်း ဖြည်းညင်းစွာ ပြောသည်။ "တုပိုင်... မင်းမှာ မျှော်လင့်ချက် မရှိတော့ဘူး။ မင်းကို အသက်ရှင်ခွင့်ပေးလိုက်ရင် မြင့်မြတ်နယ်မြေကို ကယ်တင်နိုင်မယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ ကယ်တင်ရှင်က မင်း ဖြစ်နေမယ်ဆိုရင် ငါက အိပ်မက်ဆိုးမိစ္ဆာဘုရင်ရဲ့ ကျွန်ပဲ အဖြစ်ခံလိုက်မယ်။ ကိုယ့်လူကို ပေးမယ့်အစား အပြင်လူကို ပေးလိုက်မယ်ဆိုတာ မင်းတို့လူသားတွေရဲ့ မယ်တော်ကြီး ပြောခဲ့တဲ့စကား မဟုတ်လား။"

ထို့နောက် အိမ်ရှေ့စံမင်းသားက သူ၏ စွမ်းအင်အားလုံးကို ထုတ်သုံးကာ တုပိုင်၏ ခန္ဓာကိုယ်နှင့် ဦးခေါင်းကို အပြင်းအထန် ရိုက်ခွဲချေမှုန်းလိုက်တော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် တုပိုင်၏ ခန္ဓာကိုယ်မှာ ပြာအဖြစ်သို့ ပြောင်းလဲသွားတော့၏။ အိမ်ရှေ့စံမင်းသားသည် သူ့ကို မည်သည့်အခွင့်အရေးမျှ မပေးဘဲ အမြင့်ဆုံး စွမ်းအင်ဖြင့် တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်ခြင်းပင်။

**--**--**--**--**--**--**--**

ထိုစဉ် နဂါးမလေး မိုဟန်မှာ အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ လက်နှစ်ဖက်ကြားမှ လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေဆဲပင်။

သို့သော် ရုတ်တရက် သူမ၏ လှုပ်ရှားမှုများ ရပ်တန့်သွားတော့၏။ အကြောင်းမှာ အိမ်ရှေ့စံမင်းသားက တုပိုင်ကို ပြာအဖြစ် ချေမှုန်းပစ်လိုက်ပြီ ဖြစ်ကြောင်း သူမ အာရုံခံသိလိုက်ရသောကြောင့်ပင်။

မိုဟန်နှင့် တုပိုင်တို့မှာ ဝိညာဉ်ချင်း ချိတ်ဆက်ထားပြီးဖြစ်ရာ တုပိုင်၏ ဝိညာဉ်အစအနများ ပျက်စီးသွားသည့်အချိန်တွင် မိုဟန်က ရှင်းလင်းစွာ ခံစားလိုက်ရသည်။

"အားးးး" ချက်ချင်းပင် သူမ၏ နှလုံးသားထဲတွင် ဆုတ်ဖြဲခံလိုက်ရမတတ် စူးရှလှသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

"မဖြစ်ရဘူး... မဟုတ်ဘူး..." ထို့နောက် သူမ ရုတ်တရက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ ချက်ချင်းဆိုသလိုပင် အလွန်တရာ အားကောင်းလှသည့် စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာတော့သည်။

"ဝုန်းးး" ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ ထိုအလင်းတန်းက အိပ်မက်ဆိုးမိစ္ဆာဘုရင်၏ ဖမ်းဆုပ်ထားမှုမှ အလွယ်တကူပင် ရုန်းထွက်သွားလိုက်သည်။ ဧရာမ နဂါးကျောင်းတော်ကြီးတစ်ခုလုံးမှာလည်း ချက်ချင်းဆိုသလိုပင် အပိုင်းပိုင်းအစစ ကြေမွပျက်စီးသွားတော့၏။

နဂါးမလေး မိုဟန်မှာ ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တုပိုင်ရှိရာ နေရာဆီသို့ အလွန် လျင်မြန်စွာ ပျံသန်းသွားတော့၏

တစ်ချိန်တည်း၌မှာပင် အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ ပြိုလဲလုမတတ် ဖြစ်သွားရသည်။ အရှေ့တိုင်းနဂါးမျိုးနွယ်က ဤမျှလောက်တောင်ပင် အစွမ်းထက်လွန်းနေရသည်လော။

**--**--**--**--**--**--**--**

ရွှေရောင်နဂါးကြီးတစ်ကောင်က နန်းဆောင်ထဲသို့ ဝုန်းခနဲ တိုးဝင်လာသည်။ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် မိုဟန်မှာ ချက်ချင်းပင် လှပသည့် အမျိုးသမီးတစ်ဦးအသွင်သို့ ပြောင်းလဲသွား၏။

ထိုအချိန်တွင် တုပိုင်၏ ခန္ဓာကိုယ်ပြာများ ပျောက်ကွယ်သွားပြီး သူ၏ ဝိညာဉ်အစအနများ လွင့်စင်နေသည်ကို သူမ ကွက်တိ မြင်တွေ့လိုက်ရသည်။ တုပိုင်၏ ဝိညာဉ်မှာ ရေတွက်မရနိုင်သည့် ဖုန်မှုန့်များကဲ့သို့ အဆက်မပြတ် လွင့်ပါးနေလေပြီ။

ဤသည်မှာ စစ်မှန်သည့် ဝိညာဉ်ကြွေလွင့်ခြင်းပင်။ ထိုအစအနများသာ လုံးဝ လွင့်ပျယ်သွားပါက ကမ္ဘာလောကကြီးထဲမှ တုပိုင်၏ တည်ရှိမှုအားလုံး လုံးဝ ပျောက်ကွယ်သွားလိမ့်မည် ဖြစ်တော့၏။

မိုဟန်က နာကျည်းစွာ အော်ဟစ်လိုက်သည်။ "မဟုတ်ဘူး... တုပိုင်.... ရှင် မသေရဘူး... မသေပါနဲ့... အဟင့်"

မည်သို့ လုပ်ဆောင်ရမည်ကို သူမ မသိသော်လည်း အရာအားလုံးက သူမ၏ ဗီဇစိတ်အရ အလိုအလျောက် ဖြစ်လာသည်။

သူမက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ လွင့်ပျယ်လုနီးပါးဖြစ်နေသည့် တုပိုင်၏ ဝိညာဉ်အစအနများကို အတင်းအကျပ် ဖက်တွယ်လိုက်ပြီးနောက် ရုတ်တရက် ဖိသိပ်ကာ ပြန်လည်စုစည်းပေး၏။

အိမ်ရှေ့စံမင်းသားမှာမူ ထိုမြင်ကွင်းကြောင့် လုံးဝ မှင်သက်သွားရသည်။ ဤသည်က နဂါးမျိုးနွယ်လော။ သေခြင်းနှင့် ရှင်ခြင်းကို ပြောင်းပြန်လှန်ပစ်နိုင်သလို လွင့်ပျယ်သွားပြီးဖြစ်သည့် ဝိညာဉ်ကိုပင် ပြန်လည်စုစည်းပေးနိုင်သည်လား။

ဤသည်မှာ နဂါးမျိုးနွယ်၏ အမြင့်ဆုံးသော စွမ်းအင်နိယာမဖြစ်သည်​လော။ တကယ်ပင် လောက၏ စည်းမျဉ်းများကို ဖောက်ဖျက်ပြီး လုပ်ချင်တိုင်း လုပ်နိုင်ကြသည်လား။

မကြာလိုက်ပေ။ တုပိုင်၏ ဝိညာဉ်မှာ ပြန်လည်တည်ဆောက် ပြီးစီးသွားသည်။ သို့သော် ထိုဝိညာဉ်က အနက်ရောင်အရိပ်တစ်ခု ၊ လုံးဝ မှောင်မိုက်နေသည့် အသွင်သဏ္ဍာန်တစ်ခုအဖြစ်သာ တည်ရှိနေသေး၏။

လူသားများ၏ ဝိညာဉ်က ထိုသို့မဟုတ်သလို ၊ နဂါးဝိညာဉ်ကလည်း ထိုသို့မဟုတ်ချေ။ လုံးဝ မှောင်မိုက်နေသည့် ဝိညာဉ်ဖြစ်နေသော်လည်း မိုဟန်ကမူ ထိုအရာများကို ဂရုစိုက်မနေချေ။

အတန်ကြာ စမ်းသပ်ရှာဖွေပြီးနောက် နောက်ဆုံးတွင် တုပိုင်၏ မှောင်မိုက်နေသည့် ဝိညာဉ်နှုတ်ခမ်းများကို ရှာဖွေတွေ့ရှိသွားပြီး နမ်းရှိုက်လိုက်၏။

ထို့နောက် သူမ၏ ဗီဇစိတ်၏ လမ်းညွှန်မှုအတိုင်း စွမ်းအင်များကို တုပိုင်ထံသို့ မှုတ်သွင်းပေးလိုက်၏။ ထိုအရာများမှာ အနှိုင်းမဲ့ အားကောင်းလှသည့် စွမ်းအင်များပင် ဖြစ်ကြသည်။

ယခင်က တုပိုင်သည်လည်း ဤနည်းလမ်းအတိုင်း ရှေးဟောင်းနဂါးဘုရင်၏ ဝိညာဉ်စွမ်းအားအားလုံးကို မိုဟန်ထံသို့ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ယခုအခိုက်အတန့်တွင် မိုဟန်က ထိုစွမ်းအင်များကို ပြန်လည်ပေးနေလေ၏။

သို့သော် ထိုစွမ်းအင်များက တုပိုင် ပေးခဲ့သည်ထက် အဆပေါင်း ထောင်ချီ ၊ သောင်းချီ၊ သိန်းနှင့်ချီ၍ ပိုမိုများပြားနေလျက် ရှိနေသည်။

"ဒုန်းးး ဒုန်းးး ဒုန်းးး" တုပိုင်၏ ဝိညာဉ်ထဲ၌ ရေတွက်၍ မရနိုင်သည့် စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။

ထို့နောက် တုပိုင်၏ ခန္ဓာကိုယ်အသစ် ထွက်ပေါ်လာသည်။

ဤသည်မှာ မြင့်မြတ်နယ်မြေမှ ဖန်တီးပေးသည့် စွမ်းအင်ခန္ဓာကိုယ်မဟုတ်ဘဲ နဂါးစွမ်းအင်များဖြင့် ဖန်တီးတည်ဆောက်ထားသော ခန္ဓာကိုယ်ဖြစ်၏။ ဤသည်မှာ စစ်မှန်ပြီး ပြီးပြည့်စုံသည့် ခန္ဓာကိုယ်ပင်။ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်သည့်အထိ အစွမ်းထက်လှသော စွမ်းအင်ခန္ဓာကိုယ်ကြီးတစ်ခု ဖြစ်တည်လာလေပြီ။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၅) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters