← Chapters

အခန်း ၁၀၅၆

Vol. 103 Ch. 1056

အခန်း ၁၀၅၆

Vol. 103 Ch. 1056

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၆)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

မြင့်မြတ်နယ်မြေ၏ အိမ်ရှေ့စံမင်းသားမှာ အလွန်တရာ ကောက်ကျစ်စဉ်းလဲလှ၏။ တုပိုင်၏ ခန္ဓာကိုယ် ပြန်လည်တည်ဆောက်ခြင်း ပြီးစီးသွားသည်နှင့် တစ်ပြိုင်နက် သူ အရိပ်အယောင်မျှပင် မကျန်ရစ်စေဘဲ ချက်ချင်း ထွက်ပြေးသွားတော့သည်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မူ တုပိုင်၏ ခန္ဓာကိုယ်သစ်ကြီးမှာ အပြည့်အဝ ဖြစ်တည်လာပြီ ဖြစ်သည်။

သို့သော် ထူးဆန်းသည်မှာ တုပိုင်၏ ဤပြီးပြည့်စုံလှသည့် ခန္ဓာကိုယ်သစ်ကြီး၌ နဂါးမျိုးဆက်များ၏ လက္ခဏာရပ်များနှင့် နဂါးသွေးမျိုးနွယ်စု၏ မည်သည့်သွင်ပြင်လက္ခဏာမျှ ရှိမနေခြင်းပင်။ စစ်မှန်သည့် လူသားတစ်ဦး၏ အသွင်အပြင်မျိုးသာ ဖြစ်နေ၏။

ယခင်က တုပိုင်၏ ရုပ်သွင်နှင့် တစ်ထစ်ချွတ် တူညီနေသည်။ ယခင်က တာ့နင်အင်ပါယာ ဟင်းလင်းပြင်၌ ရှိနေစဉ်က တုပိုင်ထံတွင် နဂါးအကြေးခွံများနှင့် ခေါင်းပေါ်မှ မိစ္ဆာချိုများကဲ့သို့သော သွင်ပြင်လက္ခဏာအချို့ ပေါ်ထွက်ခဲ့ဖူး၏။

ယခုတစ်ကြိမ်တွင်မူ သူသည် အသန့်စင်ဆုံးဖြစ်သည့် နဂါးစွမ်းအင်များကို ရရှိခဲ့သော်လည်း မည်သည့်လက္ခဏာမျှ ထွက်ပေါ်လာခြင်းမရှိဘဲ လူသားတစ်ဦးအသွင်သာ ရှိနေခဲ့သည်။

သေချာသည်မှာတော့ ယခင်က တုပိုင်နှင့် နှိုင်းယှဉ်ပါက သူ၏ စွမ်းအားများမှာ မယုံနိုင်လောက်အောင် အဆပေါင်းများစွာ ပိုမို အစွမ်းထက်လာ​လေပြီ။ နဂါးမလေး မိုဟန်ကဲ့သို့ပင် သူ၏ တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး အထူးသဖြင့် မြင့်မြတ်ခန့်ညားလှသည့် အသွင်ကို ဆောင်နေ၏။

**--**--**--**--**--**--**--**

အချိန်အတော်ကြာ နမ်းရှိုက်ပြီးသည်အထိ မိုဟန်က တုပိုင်၏ နှုတ်ခမ်းများဆီမှ ခွာရန် တွန့်ဆုတ်နေဆဲပင်။

သူမ၏ တစ်ကိုယ်လုံးမှာ တုန်ယင်နေပြီး ထိတ်လန့်တကြားဖြစ်နေကာ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်သည်။ "ဒီခံစားချက်ကြီးက တကယ် ရွံစရာကောင်းတာပဲ။"

ထို့နောက် သူမက တုပိုင်ကို ကြည့်လိုက်သည်။ "နောက်ထပ် ဘာဆက်လုပ်ရမလဲ။"

တုပိုင် ပခုံးတွန့်လိုက်သည်။ "မင်း သဘောပဲ။"

ထို့နောက် ရွှေရောင်စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာကာ တုပိုင်နှင့် မိုဟန်တို့အား လုံးဝ ရစ်ပတ်လွှမ်းခြုံသွားတော့သည်။

သူတို့နှစ်ဦးမှာ ရုတ်တရက် ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားကြပြီး ကောင်းကင်ယံသို့ ထိုးတက်သွားကာ ချက်ချင်းဆိုသလိုပင် ဧရာမ နဂါးကြီးတစ်ကောင်အသွင်သို့ ကူးပြောင်းသွား၏။

မြင့်မြတ်နယ်မြေကမ္ဘာ တစ်ခုလုံး တုန်လှုပ်သွားတော့သည်။

**--**--**--**--**--**--**--**

အိမ်ရှေ့စံမင်းသားမှာ အရှက်မရှိစွာဖြင့် လက်နက်ချ အရှုံးပေးခဲ့သော်လည်း နဂါးသွေးစစ်သည်များမှာမူ ထိုအဆင့်အထိ အရှက်မဲ့မနေကြပေ။

သူတို့သည် မာနထောင်လွှားနေကြဆဲပင်။ ရေတွင်းထဲမှ ဖားသူငယ်က ကောင်းကင်ကို ကြည့်သကဲ့သို့ သူတို့ကိုယ်သူတို့ အလွန်အစွမ်းထက်လှပြီဟု ခံစားနေကြပြီး နဂါးများထက်ပင် သာလွန်နေပြီဟု တွေးထင်ကာ နဂါးများကို ဆက်လက် ကိုးကွယ်ယုံကြည်ရန် မလိုအပ်တော့ဟု မှတ်ယူထားကြသည်။

သို့သော် သူတို့ထံ၌ ကိုယ်ပိုင် ဂုဏ်သိက္ခာနှင့် ရဲရင့်မှုများ ရှိနေကြဆဲပင်။

ထို့ကြောင့် သန်းနှင့်ချီသည့် နဂါးသွေးစစ်သည်များမှာ ကောင်းကင်ယံ၌ မိစ္ဆာစစ်တပ်ကြီးနှင့် အသေအလဲ ရင်ဆိုင်တိုက်ခိုက်နေကြ၏။

ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် အဆင့်မြင့် နဂါးသွေးစစ်သည် အနည်းငယ်သာလျှင် ကောင်းကင်၌ ပျံသန်းနိုင်စွမ်း ရှိကြသည်။ သို့သော် စွမ်းအင်ယဉ်ကျေးမှုမှာ အလွန်တရာ တိုးတက်ဖွံ့ဖြိုးနေပြီဖြစ်ရာ မှတ်ပုံတင်ထားသည့် စစ်သည်တိုင်းအတွက် စွမ်းအင်တောင်ပံများ တပ်ဆင်ပေးနိုင်စွမ်း ရှိနေပြီ ဖြစ်၏။

ထို့ကြောင့် သန်းနှင့်ချီသည့် နဂါးသွေးစစ်သည်များနှင့် မိစ္ဆာစစ်တပ်ကြီးတို့မှာ ချက်ချင်းဆိုသလိုပင် ရင်ဆိုင်တိုက်ခိုက်ကြသည်။

သိုင်းပညာ ကျင့်ကြံမှုအရ သက်သက်ဆိုလျှင် နဂါးသွေးစစ်သည်များမှာ ထိုသန်းနှင့်ချီသည့် မိစ္ဆာစစ်သည်များထက် နိမ့်ကျနေခြင်း မရှိချေ။

သို့သော် နဂါးသွေးစစ်သည်များနှင့် မိစ္ဆာစစ်သည်များကြား၌ အလွန်ကွာခြားလှသည့် အချက်တစ်ချက် ရှိနေ၏။ ထိုသည်မှာ ရုပ်ခန္ဓာကြံ့ခိုင်မှု အဆင့်အတန်းပင်။

မိစ္ဆာစစ်သည်များမှာ လက်တစ်ဖက် ပြတ်တောက်သွားလျှင်ပင် အချိန်တိုအတွင်း ပြန်လည်ကုသနိုင်စွမ်း ရှိကြပြီး ခန္ဓာကိုယ်ကို ဓားဖြင့် ထိုးဖောက်ခံရလျှင် သို့မဟုတ် နှလုံးကို ဖောက်ထွင်းခံရလျှင်ပင် ပြဿနာ မရှိကြချေ။

သို့သော် နဂါးသွေးစစ်သည်များမှာမူ ထိုသို့ မစွမ်းဆောင်နိုင်ကြပေ။

လက်တစ်ဖက် ပြတ်တောက်သွားသည်နှင့် တစ်ပြိုင်နက် ထိုလက်ကို ဆုံးရှုံးသွားရပြီဖြစ်သည်။ အနာဂတ်တွင် စွမ်းအင်ဓာတ်ခွဲခန်း၌ စွမ်းအင်လက်တု ပြန်လည်တပ်ဆင်နိုင်သည် ဆိုသော်ငြားလည်း အနည်းဆုံးတော့ လက်ရှိတိုက်ပွဲအတွင်း၌ ထိုလက်တစ်ဖက်ကို လုံးဝ ဆုံးရှုံးလိုက်ရလေပြီ။

နှလုံးကို ဖောက်ထွင်းခံရပါကလည်း ချက်ချင်း သေဆုံးရလိမ့်ပေမည်။ ထို့အတွက်ကြောင့် ဤသို့သော အားနည်းချက်များကြောင့် နဂါးသွေးစစ်တပ်ကြီးမှာ အဆက်မပြတ် ဆုတ်ခွာနေရပြီး တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ခံနေရသည်။

ကောင်းကင်ယံမှ သွေးမိုးများ ရွာကျနေသည့်အလားပင်။

ရေတွက်၍ မရနိုင်သည့် နဂါးသွေးစစ်သည်များမှာ ကောင်းကင်ယံ၌ အလွန်ဆိုးရွားစွာ သေဆုံးနေကြရသည်။

သို့သော် အလောင်းတစ်လောင်းမျှ အောက်သို့ ပြုတ်ကျလာခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် နဂါးသွေးစစ်သည်တစ်ဦး ကျဆုံးသည်နှင့် တစ်ပြိုင်နက် မိစ္ဆာများက ချက်ချင်းပင် အပိုင်းပိုင်းဆုတ်ဖြဲကာ စားသောက်ကြသည့်ကြောင့်ပင်။

မှန်၏။ တိုက်ရိုက် စားသောက်လိုက်ကြခြင်းပင်။ ထိုမြင်ကွင်းမှာ အလွန်တရာ ကြက်သီးမွေးညင်း ထစရာကောင်းလှ၏။

နန်းတော်နှင့် အဆောက်အအုံများထဲမှ နဂါးသွေးသိုင်းပညာရှင် တစ်ယောက်ပြီးတစ်ယောက်မှာ အလင်းတန်းများအဖြစ် ပြောင်းလဲကာ စစ်ပွဲအတွင်း ပါဝင်ဆင်နွှဲရန် ကောင်းကင်ယံသို့ ထိုးတက်သွားကြ၏။

သို့သော် အခြေအနေကို ပြောင်းလဲရန်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။ ကမ္ဘာကြီး၏ ပျက်စီးကိန်းမှာ ရှောင်လွှဲ၍မရနိုင်သည့် ကံကြမ္မာတစ်ခု ဖြစ်လာပြီဟု ထင်မှတ်ရသည်။

ကောင်းကင်ယံရှိ နဂါးသွေးစစ်သည်များမှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရကာ သေဆုံးနေကြရ၏။

သောင်းနှင့်ချီ ၊ သိန်းနှင့်ချီ ၊ သန်းနှင့်ချီသည့် နဂါးသွေးစစ်သည်များမှာ မိစ္ဆာများ၏ ချေမှုန်းခြင်းကို ခံရပြီးနောက် ဝါးမြိုစားသောက်ခြင်းကို ခံလိုက်ရသည်။ သန်းနှင့်ချီသည့် မိစ္ဆာစစ်သည်များမှာ ကြီးမားသော အသေအပျောက် မရှိခဲ့ဘဲ နဂါးသွေးစစ်သည်များကို စားသောက်လိုက်ရသည့်အတွက် ပို၍ပင် အစွမ်းထက်လာကြတော့သည်။

မြင့်မြတ်နယ်မြေကြီး တစ်ခုလုံးရှိ နယ်မြေများမှာ တစ်ခုပြီးတစ်ခု ကျဆုံးသွားရသည်။ ရုန်းကန်ကြိုးစားမှု အားလုံးမှာ အဓိပ္ပာယ်မဲ့နေသည့်အလားပင်။

ရေတွက်၍ မရနိုင်သည့် နဂါးသွေးမျိုးနွယ် မှူးမတ်များ ၊ ရင့်ကျက်လှပသော သခင်မများ ဖြစ်စေ ၊ နုနယ်ပျိုမြစ်သည့် သမီးပျိုများ ဖြစ်စေ... အားလုံးမှာ မိစ္ဆာများ၏ အကြိမ်ကြိမ် စော်ကားဖျက်ဆီးခြင်းကို ခံရပြီးနောက် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရကာ ထိုမိစ္ဆာများ၏ ဝမ်းဗိုက်ထဲရှိ အသားတုံးများအဖြစ် ပြောင်းလဲသွားရကြ​၏။

ရင်ပြင်များ ၊ နန်းတော်များနှင့် အဆောက်အအုံများမှာလည်း အဆက်မပြတ် ပြိုကျပျက်စီးလာရသည်။

လှပလွန်းလှသည့် ကမ္ဘာကြီးမှာ နတ်ပြည်မှနေ၍ ငရဲပြည်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ကာ မေနန်းတော်ထဲရှိ မြင့်မြတ်နယ်မြေ၏ ဘုရင်မက ငိုကြွေးနေမိသည်။ "ငါ့မှာ အပြစ်ရှိတယ်။ ငါ့မှာ အပြစ်တွေ ရှိတယ်။"

အဓိပတိ ၊ အစိုးရအဖွဲ့နှင့် အကြီးအကဲများကောင်စီတို့မှာလည်း နန်းတော်ထဲ၌ ရပ်ရင်း ကောင်းကင်ယံမှ ဤမြင်ကွင်းကြီးကို ကြည့်နေကြ၏။

သူတို့ နှလုံးသားထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

သူတို့၏ တွေးခေါ်ယုံကြည်မှုများမှာ လုံးဝ ပြောင်းလဲသွားရပြီ ဖြစ်၏။ နှစ်တစ်ထောင်ကျော် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီးနောက် သူတို့ကိုယ်သူတို့ အလွန်တရာ အစွမ်းထက်နေပြီဟု ခံစားခဲ့ရကာ မိစ္ဆာများကို အသက်ရှူကျပ်သွားသည်အထိ ဖိနှိပ်နိုင်ပြီး ရှေးဟောင်းနဂါးများ၏ စွမ်းအားထက်ပင် သာလွန်နေသင့်ပြီဟု တွေးထင်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း မိစ္ဆာများက စစ်ပွဲများစွာကို ဆင်နွှဲခဲ့သော်လည်း အားလုံး ရှုံးနိမ့်ခဲ့ရသည်။ ဤနှစ်များအတွင်း အိပ်မက်ဆိုးမိစ္ဆာဘုရင်မှာ မည်မျှပင် နှိမ့်ချစွာ ပြုမူနေထိုင်ခဲ့သနည်း။

သို့သော် အရာအားလုံးမှာ ဟန်ဆောင်နေခြင်းသာ ဖြစ်၏။

နေမင်းကြီးက သာယာတောက်ပနေသော်လည်း ကောင်းကင်ကြီးမှာမူ ရဲရဲနီနေလေပြီ။ ရေတွက်မရနိုင်သည့် သွေးများက သိပ်သည်းစွာ ရွာသွန်းနေ၏။

မျှော်လင့်ချက်မဲ့ခြင်းနှင့် ပျက်စီးခြင်းများက ရောက်ရှိလာလေပြီ။

ဘုရင်မမှာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားကာ အဓိပတိနှင့် အစိုးရအဖွဲ့ဝင် အားလုံးမှာလည်း မြေပြင်ပေါ်၌ ဒူးထောက်လျက် ပျက်စီးခြင်းရောက်လာမည့် အခိုက်အတန့်ကိုသာ စောင့်ဆိုင်းနေလိုက်ကြသည်။

သို့သော်... ထိုအခိုက်အတန့်၌ပင်။

"ဝေါင်းးး" ရုတ်တရက် ကျယ်လောင်လှသည့် နဂါးဟိန်းဟောက်သံကြီးတစ်ခု ထွက်ပေါ်လာ၏။

စစ်မှန်လှသည့် နဂါးဟိန်းဟောက်သံကြီးပင်။

နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီနည်း။ အနည်းဆုံး နှစ်ပေါင်းထောင်နှင့်ချီ၍ နဂါးသွေးမျိုးဆက်များမှာ နဂါးမျိုးနွယ်၏ ဟိန်းဟောက်သံကို မကြားခဲ့ရပေ။

ထို့နောက် ရွှေရောင်နဂါးကြီးတစ်ကောင်က ကောင်းကင်ယံအထက်သို့ ပျံသန်းသွားသည်။ လေထဲသို့ မြင့်တက်သွားသည်နှင့်အမျှ နဂါးကြီးမှာ ပို၍ ပို၍ ကြီးမားလာ၏။

မီတာအနည်းငယ်မှသည် ကီလိုမီတာပေါင်းများစွာအထိ ကြီးမားလာသည်။ နောက်ဆုံးတွင် ရွှေရောင်နဂါးကြီးမှာ မီတာ ၃၀၀၀ ကျော်အထိ ရှည်လျားကာ ကြီးမားလာ၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၆) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

All Chapters