← Chapters

အခန်း ၁၀၅၇

Vol. 103 Ch. 1057

အခန်း ၁၀၅၇

Vol. 103 Ch. 1057

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၇)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

နဂါးကြီးက သူ၏ ကြီးမားလှသည့် ပါးစပ်ကြီးကိုဟကာ ကောင်းကင်ယံရှိ ရေတွက်၍မရနိုင်သော မိစ္ဆာများကို ချိန်ရွယ်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

ကီလိုမီတာပေါင်းများစွာ ရှည်လျားသည့် နဂါးမီးလျှံကြီးများက တဝီဝီမြည်ဟည်းလျက် ကောင်းကင်သို့ ထိုးတက်သွားသည်။

ရုတ်တရက် အနီးတစ်ဝိုက် ကီလိုမီတာပေါင်းများစွာအတွင်းရှိ နဂါးသွေးစစ်သည်များနှင့် မိစ္ဆာစစ်သည်များအားလုံးမှာ ထိတ်လန့်ဖွယ်ရာ နဂါးမီးလျှံများ၏ ရစ်ပတ်လွှမ်းခြုံခံလိုက်ရ၏။

နဂါးသွေးစစ်သည်များမှာ ဘေးကင်းလုံခြုံစွာ အကောင်းပကတိ ရှိနေသော်လည်း မိစ္ဆာစစ်သည်များအားလုံးမှာမူ လုံးဝ ပြာကျပျောက်ကွယ်သွားကြရသည်။

ယခင်က မိစ္ဆာစစ်သည်များမှာ အလွန်တရာ အစွမ်းထက်လှရာ ခြေလက်များ ပြတ်တောက်သွားလျှင်ပင် အလျင်အမြန် ပြန်လည်ကုစားနိုင်ကြပြီး နှလုံးကို ထိုးထွင်းခံရလျှင်ပင် သေဆုံးကြမည်မဟုတ်ချေ။

သို့သော် ယခုအခါ၌မူ တုပိုင်၏ နဂါးမီးလျှံများဖြင့် လောင်ကျွမ်းခံရသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်၏ သေးငယ်သည့် အစိတ်အပိုင်းလေးတစ်ခုကို ထိမှန်သွားလျှင်ပင် တစ်ကိုယ်လုံး ပြာကျပျက်သုဉ်းသွားကြကာ ပြန်လည်ကုသနိုင်စွမ်း မရှိကြတော့ချေ။

နဂါးကြီးသည် ကောင်းကင်ယံထက်၌ ဝဲပျံနေလျက် ရေတွက်၍မရနိုင်သည့် မိစ္ဆာစစ်တပ်ကြီးဆီသို့ မီးလျှံများကို ရူးသွပ်စွာ မှုတ်ထုတ်လိုက်၏။

နောက်ထပ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးတစ်ခု ထွက်ပေါ်လာပြန်သည်။ သိန်းသန်းချီသည့် မိစ္ဆာစစ်တပ်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားရ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မိစ္ဆာနယ်စားကြီးတစ်ပါးမှာ အမျက်ထွက်သွားသည်။ နဂါးတစ်ကောင်တည်းနှင့် စစ်ပွဲတစ်ခုလုံး၏ အခြေအနေကို ပြောင်းလဲပစ်နိုင်မည်ဟု သူ လုံးဝ မယုံပေ။

ထို့နောက် မိစ္ဆာနယ်စားကြီးက စတင်ပြီး ရူးသွပ်စွာ စုပ်ယူဝါးမြိုလိုက်သည်။ ရလာဒ်အနေဖြင့် ပတ်ဝန်းကျင်ရှိ သောင်းသိန်းချီသည့် မိစ္ဆာများအားလုံးမှာ အမှောင်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူဝါးမြိုခံလိုက်ရတော့၏။

ထိုစွမ်းအင်များကြောင့် မိစ္ဆာနယ်စားကြီးမှာ ကီလိုမီတာပေါင်းများစွာ ကြီးမားသည့် တောင်တန်းကြီးတစ်ခုအလား အလွန်တရာ ကြီးထွားလာပြီး တုပိုင်နှင့် မိုဟန်တို့ ထိန်းချုပ်ထားသော နဂါးကြီးထက်ပင် ပို၍ မြင့်မားစွာ ရပ်တည်နေ၏။

တစ်ချိန်တည်းမှာပင် မိစ္ဆာနယ်စား တစ်ဒါဇင်နှင့် မိစ္ဆာမြို့စား ရာပေါင်းများစွာတို့သည် မိစ္ဆာနယ်စားကြီး၏ ကျောဘက်သို့ ပျံသန်းသွားကြပြီး အလွန်တရာ အစွမ်းထက်လှသည့် မိစ္ဆာအစီအရင်ကြီးတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။

မိစ္ဆာနယ်စားကြီးက ဟိန်းဟောက်လိုက်သည်။ "ဂါးးး... ငါ့ရဲ့ ကြီးမြတ်လှတဲ့ မိစ္ဆာမျိုးနွယ်ရှေ့မှာ နဂါးမျိုးနွယ်ဆိုတာ ဘာမှမဟုတ်ဘူး။ မင်းတို့ပဲ မီးမှုတ်တတ်တယ်လို့ ထင်နေတာလား။"

ထို့နောက် တောင်တန်းကြီးပမာ ကြီးမားသည့် မိစ္ဆာနယ်စားကြီးသည် ကောင်းကင်သို့ ထိုးတက်သွားမတတ် အမှောင်မီးလျှံများကို ပေါက်ကွဲမှုတ်ထုတ်လိုက်၏။

ထိုမီးလျှံများက မီးတောင်ကြီးတစ်ခု ပေါက်ကွဲသွားသည့်အလား လွန်စွာ ကြီးမားလှပြီး တုပိုင်နှင့် မိုဟန်တို့ ထိန်းချုပ်ထားသော နဂါးကြီးအား ချက်ချင်းဆိုသလိုပင် ရစ်ပတ်လွှမ်းခြုံသွားသည်။

ရုတ်တရက် တုပိုင်နှင့် မိုဟန်တို့ ထိန်းချုပ်ထားသော နဂါးကြီးမှာ မိစ္ဆာမီးလျှံများထဲတွင် လုံးဝ နစ်မြုပ်သွားပြီး အစအနပင် ဖျောက်ဖျက်ခံလိုက်ရမည့်အလား ဖြစ်သွား၏။

မိစ္ဆာနယ်စားကြီးက အော်ဟစ်လိုက်သည်။ "ဟားဟားဟား... နဂါးမျိုးနွယ်တဲ့လား။ နဂါးမျိုးနွယ်ကသာ ဒီလောက် အစွမ်းထက်နေရင် နဂါးသွေးတိုက်ကြီးက အဲဒီလောက် အဖြစ်ဆိုးနဲ့ အဆုံးသတ်ခဲ့ရမှာ မဟုတ်ဘူး။ မင်းက တုပိုင်ဖြစ်ဖြစ် မိုဟန်ဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းတို့က လူသားပဲဖြစ်ဖြစ် နဂါးပဲဖြစ်ဖြစ် ရလဒ်ကတော့ တစ်ခုတည်းပဲ။ အဲဒါက ပြာကျပျက်သုဉ်းသွားဖို့ပဲ။"

တုပိုင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ "ဟက်... မိစ္ဆာနယ်စားကြီး... မင်း သိပ်ပြီး လေလုံးထွားလွန်းနေပြီ။"

ထိတ်လန့်ဖွယ်ကောင်းလှသည့် အမှောင်မိစ္ဆာမီးလျှံများ လွင့်စင်ပျောက်ကွယ်သွားသောအခါ တုပိုင်နှင့် မိုဟန်တို့ ထိန်းချုပ်ထားကြသည့် နဂါးကြီးမှာ လုံးဝ အထိအခိုက် မရှိခဲ့သည်ကို တွေ့လိုက်ရသည်။

မိစ္ဆာမီးလျှံများက နဂါးကြီးကို လောင်ကျွမ်းရန်မဆိုထားနှင့် အကြေးခွံတစ်ခုကိုပင် မလောင်ကျွမ်းစေနိုင်ခဲ့ပေ။

"ငါ့အလှည့် ရောက်ပြီ။" တုပိုင်က အပြုံးဖြင့် နဂါးကြီးကို ထိန်းချုပ်၍ လေတစ်ချက် မှုတ်ထုတ်လိုက်၏။ တစ်ပေခန့်သာရှိသည့် နဂါးမီးလျှံလေးတစ်ခု ပျံထွက်သွားပြီး မိစ္ဆာနယ်စားကြီး၏ ကိုယ်ပေါ်သို့ ကျဆင်းသွားသည်။

တစ်ပေခန့်သာရှိသည့် မီးလျှံလေးမှာ ကီလိုမီတာပေါင်းများစွာ ကြီးမားလှသော မိစ္ဆာနယ်စားကြီး၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လျှင် လုံးဝ ပြောပလောက်စရာ မရှိချေ။

သို့သော်....မီးပွားငယ်လေးတစ်ခုကပင် တောမီးကို လောင်ကျွမ်းစေနိုင်သည်ဟု ပြောစမှတ်တွင်သည်။

"အားးး အားးး" မိစ္ဆာနယ်စားကြီးသည် ထိုနဂါးမီးလျှံကို ငြှိမ်းသတ်ရန် သူ၏ စွမ်းအင်အားလုံးနှင့် နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အစွမ်းကုန် ကြိုးစားလိုက်သည်။

သို့သော်လည်း အစွမ်းထက်လှသည့် မိစ္ဆာနယ်စားကြီးမှာ သေးငယ်လှသည့် နဂါးမီးလျှံလေးတစ်ခု၏ လောင်ကျွမ်းခံရကာ အရှင်လတ်လတ် ပြာကျသေဆုံးသွားရတော့သည်။

မိစ္ဆာကြီးမှာ စစ်မှန်သည့် မိစ္ဆာတစ်ကောင် ဖြစ်နေသောကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် ကျောက်ယန်ဖိန်ထက်ပင် အနည်းငယ် ပို၍ အစွမ်းထက်လှ၏။

ယခင်က ကျောက်ယန်ဖိန်နှင့် တိုက်ခိုက်ခဲ့စဉ်က တုပိုင်အနေဖြင့် အစွမ်းကုန် အသုံးပြုခဲ့သော်လည်း အနိုင်မယူနိုင်ခဲ့ဘဲ စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း အတတ်ပညာကိုပင် ထုတ်သုံးခဲ့ရသည်။

သို့သော် မျက်မှောက်ရှိ မိစ္ဆာနယ်စားကြီးကိုမူ လက်ရှိအချိန်၌ တုပိုင် အလွယ်တကူပင် ချေမှုန်းနိုင်လိုက်လေပြီ။

"ဝေါင်းးး" ချက်ချင်းဆိုသလိုပင် တုပိုင်က ထိတ်လန့်ဖွယ် မီးလျှံကြီးတစ်ခုကို ထပ်မံ မှုတ်ထုတ်လိုက်၏။ ရုတ်တရက် မိစ္ဆာနယ်စား တစ်ဒါဇင်နှင့် မိစ္ဆာမြို့စား ရာပေါင်းများစွာတို့အားလုံးမှာ ပြာအဖြစ် ပြောင်းလဲသွားပြီး အစအနမကျန် သေဆုံးသွားကြတော့သည်။

တုပိုင်က မျက်ခုံးပင့်လိုက်သည်။ "အခု ဘယ်လို ဆော့ရမလဲဆိုတာ သိပြီလား။"

နဂါးမလေး မိုဟန်က အားတက်သရော ခေါင်းညိတ်ပြလိုက်သည်။ "အင်း... သိပြီ... သိပြီ။"

"ဒါဆိုလည်း မင်းဘာသာမင်း ဆက်ဆော့နေတော့။ ငါ တခြားအလုပ်တွေ သွားလုပ်လိုက်ဦးမယ်။" ထို့နောက် မိုဟန်နှင့် စိတ်ဝိညာဉ်ချင်း ပေါင်းစပ်ချိတ်ဆက်ထားမှုမှ တုပိုင် ခွဲထွက်လိုက်၏။

မိုဟန်က သူ၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်သည့်အခါ သူမ၏ တစ်ကိုယ်လုံး တုန်ယင်သွားပြန်ပြီး ကောင်းကင်ယံရှိ အရှေ့တိုင်းနဂါးကြီးမှာလည်း ရုတ်တရက် တုန်ခါသွားပြန်သည်။

ထို့နောက် တုပိုင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး နန်းတော်၏ အလယ်ဗဟိုဆီသို့ ရုတ်ချည်း ပျံသန်းသွားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုနေရာ၌ နဂါးစွမ်းအင်အကာအကွယ်၏ ထိန်းချုပ်ခန်း ရှိနေသောကြောင့်ပင်။

ယခု သူ၏ အရေးအကြီးဆုံး တာဝန်မှာ နဂါးစွမ်းအင်အကာအကွယ်ကို ပြန်လည်တည်ဆောက်ရန် ဖြစ်သည်။ ထိုမှသာ မြင့်မြတ်နယ်မြေ၏ လုံခြုံရေးကို အပြည့်အဝ အာမခံနိုင်ပေလိမ့်မည်။

"ရွှီးးး" တုပိုင် ရွှေရောင်အလင်းတန်းတစ်ခုအဖြစ် နဂါးစွမ်းအင်အကာအကွယ် ထိန်းချုပ်ခန်းဆီသို့ ဝင်ရောက်သွားလိုက်၏။ ထိန်းချုပ်ခန်းတစ်ခုလုံးမှာ စတုရန်းမီတာ အနည်းငယ်သာ ကျယ်ဝန်းသော်လည်း စွမ်းအင်အစီအရင်များနှင့် တောက်ပနေသည့် ကျောက်သလင်းများ မရေမတွက်နိုင်အောင် ပြည့်နှက်နေသည်။

သို့သော် လက်ရှိအချိန်၌ အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ ကိုယ်ပွားက ဤထိန်းချုပ်ခန်းကို ဖျက်ဆီးရန် သူ၏ အစွမ်းများ အကုန်ကို အသုံးပြုသွားခဲ့သောကြောင့် အားလုံးမှာ လုံးဝ ပျက်စီးနေခဲ့ပြီး ပြန်လည် ပြုပြင်၍ မရနိုင်တော့သည့်ပုံပင် ပေါက်နေ၏။

တုပိုင်က တည်ငြိမ်စွာပင် မျက်စိမှိတ်ကာ နဂါးဘုရင်၏ စိတ်ဝိညာဉ် မှတ်ဉာဏ်များထဲမှ ပြီးပြည့်စုံသည့် နဂါးစွမ်းအင်အကာအကွယ် ပုံစံကြမ်းကို အလျင်အမြန် ရှာဖွေလိုက်သည်။

မှတ်ဉာဏ်ရှာဖွေမှု ပြီးဆုံးသွားသည်နှင့် တုပိုင်၏ လက်များဆီမှ ရွှေရောင် စွမ်းအင်များ ထွက်ပေါ်လာပြီး ပျက်စီးနေသည့် ထိန်းချုပ်ခန်းထဲသို့ ဝင်ရောက်သွား၏။

ထိုအခါ ရုတ်တရက် အံ့ဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာသည်။ ပျက်စီးနေသည့် စွမ်းအင်အစီအရင်များ ၊ စွမ်းအင်ယန္တရားများနှင့် ကြေမွနေသည့် စွမ်းအင်ကျောက်သလင်းများမှာ ရွှေရောင်စွမ်းအင်များ၏ အကူအညီဖြင့် တစ်လက်မချင်းစီ ပြန်လည် ပြုပြင်တည်ဆောက်လာ၏။

မိနစ်အနည်းငယ်အတွင်းမှာပင် နဂါးစွမ်းအင်အကာအကွယ် ထိန်းချုပ်ခန်း တစ်ခုလုံး အပြည့်အဝ ပြန်လည် ကောင်းမွန်သွားလေပြီ။ နောက်ဆုံး၌ တုပိုင် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သောအခါ တစ်ပြိုင်နက် ထိန်းချုပ်ခန်း တစ်ခုလုံး စတင် လည်ပတ်လာတော့သည်။

ထို့နောက် မြင့်မြတ်နယ်မြေ၏ ကောင်းကင်ယံမှာ စတင် လိမ်ကောက်လာပြီး အလွန်တရာ ကြီးမားလှသည့် စက်ဝိုင်းပုံ စွမ်းအင်အကာအကွယ်ကြီးတစ်ခုက တစ်ဖန် ပြန်လည် ထွက်ပေါ်လာကာ မြင့်မြတ်နယ်မြေ တစ်ခုလုံးကို အပြည့်အဝ ရစ်ပတ်လွှမ်းခြုံသွား၏။

တုပိုင်က ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ "နဂါးစွမ်းအင် အကာအကွယ်ကို အမြင့်ဆုံးအဆင့်အထိ ဖွင့်ထားလိုက်ပြီး ကျူးကျော်လာတဲ့ မျိုးနွယ်ခြားတွေ အားလုံးကို ရှင်းလင်းပစ်လိုက်။"

ရုတ်တရက် ကောင်းကင် တစ်ခုလုံးက အလွန်တရာ တောက်ပလှသည့် ရွှေရောင်အလင်းတန်းများဖြင့် လင်းထိန်သွား၏။

စက်ဝိုင်းပုံစံ မြင့်မြတ်နယ်မြေ စွမ်းအင်အကာအကွယ် တစ်ခုလုံးမှာ နေမင်းကြီးတစ်စင်းအလား ဖြစ်နေသော်လည်း ရွှေရောင်အလင်းတန်းများမှာ အပြင်ဘက်သို့ ဖြာထွက်မသွားဘဲ မြင့်မြတ်နယ်မြေ အတွင်းဘက်သို့သာ ထိုးဆင်းလာသည်။

မျက်စိတစ်မှိတ်အတွင်း....မိစ္ဆာနယ်စားကြီးဖြစ်စေ ၊ မိစ္ဆာနယ်စားဖြစ်စေ ၊ သာမန် မိစ္ဆာစစ်သည်များပင်ဖြစ်စေ ဤရွှေရောင်အလင်းတန်း ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် အားလုံး ပြာအဖြစ်သို့ ပြောင်းလဲသွားရတော့ရာ သန်းချီသည့် မိစ္ဆာစစ်တပ်ကြီးမှာ လုံးဝ မျိုးသုဉ်းသွားရလေပြီ။

နဂါးမလေး မိုဟန်မှာတော့ နဂါးကြီးကို ထိန်းချုပ်ကာ ကောင်းကင်ယံ၌ ပျော်ရွှင်မြူးထူးနေဆဲပင်။ သူမသည် မီးမှုတ်နည်းကို ယခုမှ သင်ယူထားခြင်း ဖြစ်သော်လည်း နဂါးမီးလျှံတစ်ခု မှုတ်ထုတ်လိုက်တိုင်း သောင်းနှင့်ချီသည့် မိစ္ဆာစစ်တပ်ကြီးမှာ သေဆုံးနေကြရသည်။

သို့သော် ရုတ်တရက်ဆိုသလိုပင် မိစ္ဆာစစ်တပ်ကြီး တစ်ခုလုံး အစမကျန် လုံးဝ ပျောက်ကွယ်သွား၏။

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၇) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ

All Chapters