အခန်း ၁၀၅၉
Vol. 103 Ch. 1059
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၉)
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။
ရန်ယဲ့ရှောင်က တုပိုင်ကို အရိုးတစ်စပင်မကျန်အောင် စားပစ်မည်ဟု ပြောခဲ့ဖူး၏။ ထို့နောက် သူမ တကယ်ပင် လုပ်တော့သည်။
လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလတစ်လျှောက် စုဆောင်းလာခဲ့သည့် လွမ်းဆွတ်တမ်းတမှုများ ၊ စိတ်အားထက်သန်မှုများနှင့် ရမ္မက်မီးတောက်များအားလုံး ပွင့်ကျလာလေပြီ။ နှစ်ပေါင်းထောင်သောင်းချီ အောင်းထားခဲ့ရသည့် မီးတောင်ကြီးတစ်လုံး တစ်ဟုန်ထိုး ပေါက်ကွဲထွက်ပေါ်လာသည့်အလား တုပိုင်အား သူမ အရိုးတစ်စပင်မကျန်အောင် တကယ်ပင် ဝါးမြိုပစ်ချင်နေ၏။
သို့သော် အဆုံး၌ သူမ ရှုံးနိမ့်သွားရသည်။ မကောင်းသည့် လယ်ယာမြေဟူ၍ မရှိဘဲ ပင်ပန်းနွမ်းနယ်နေသည့် နွားသာ ရှိသည်ဟူသော ဆိုရိုးစကားတစ်ခု ရှိ၏။ သို့သော် ထိုစကားက အကြွင်းမဲ့ မှန်ကန်ပုံမရချေ။ အကယ်၍ ထိုနွားက နွားမိစ္ဆာဘုရင် ဖြစ်နေလျှင် မည်သို့လုပ်မည်နည်း။
ထွီး... မဟုတ်သေးချေ။ ဤတင်စားချက်က မကောင်းလှချေ။
တရားခံမှာ နွားမိစ္ဆာဘုရင်ဆိုသည့် စကားလုံးကောင်းကောင်းကို ဦးထုပ်စိမ်းနှင့် အဓိပ္ပာယ်တူ စကားလုံးအဖြစ် ပြောင်းလဲပစ်ခဲ့သည့် အနောက်အရပ်သို့ခရီးသွားခြင်း ဝတ္ထုကြောင့်ပင်။
အတိုချုပ်ပြောရလျှင် ရန်ယဲ့ရှောင် စစ်ရှုံးသွားခဲ့လေပြီ။
**--**--**--**--**--**--**--**
နာရီအနည်းငယ် ကြာပြီးနောက် ရန်ယဲ့ရှောင်တစ်ယောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကျိုးကြေသွားတော့မည်ဟု ခံစားနေရ၏။ အချိန်အတော်ကြာမှသာ သူမထံမှ ပထမဆုံး စကားတစ်ခွန်း ထွက်ပေါ်လာသည်။
"ဒီနှစ်တွေတစ်လျှောက် ကျွန်မ ဘယ်လိုများ ဖြတ်သန်းလာခဲ့ရတာလဲ။ တွေးတောင် မတွေးရဲတော့ဘူး။"
တုပိုင်က သူမ၏ ပခုံးလေးကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ဆွဲဆောင်မှုရှိသည့် ညှပ်ရိုးလေးတစ်လျှောက်ကို လက်ချောင်းများဖြင့် ပွတ်ဆွဲလိုက်၏။ ထို့နောက် ဖြည်းညှင်းစွာ ပြောသည်။ "ကိုယ် တောင်းပန်ပါတယ်။"
ဤတောင်းပန်စကားကို ဆိုရန် သူ အချိန်အတော်ကြာ နောက်ကျခဲ့ရ၏။ နှစ်ပေါင်းနှစ်ဆယ်တိတိပင်။
ချက်ချင်းဆိုသလိုပင် ရန်ယဲ့ရှောင်က တုပိုင်၏ နှုတ်ခမ်းကို လှမ်းပိတ်လိုက်သည်။
"ကျွန်မ ဘာမှမသိသလို ဘာမှလည်း မကြားချင်ဘူး။"
ရန်ယဲ့ရှောင်က သူမ၏ ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှုများကို အံကြိတ်ခံကာ ကုတင်ကြီး၏ အစွန်းသို့ တိုးသွားလိုက်ပြီး အဝတ်အစားများထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်၏။
ဓာတ်ပုံတစ်ပုံ... ကျောက်သလင်းထဲတွင် ချိတ်ပိတ်ထားသည့် ဓာတ်ပုံတစ်ပုံပင်။ ကိုမာဝင်သလို ဖြစ်နေသည့် တုပိုင် ၊ ရန်ယဲ့ရှောင်နှင့် သူတို့၏ သမီးလေး တုရှောင်တို့၏ ဆဲလ်ဖီဓာတ်ပုံတစ်ပင်။
ရန်ယဲ့ရှောင်က ဝမ်းနည်းနေသည့် အသံဖြင့် မေးသည်။
"ကျွန်မတို့ရဲ့ ကလေးလေးက ဘယ်လိုလဲ... လိမ္မာရဲ့လား။"
တုပိုင်က ခေါင်းညိတ်လိုက်၏။ "သိပ်ကောင်းတာပေါ့။ ကမ္ဘာပေါ်မှာ အလိမ္မာဆုံး သမီးလေးပဲ။ ဘယ်ကောင်လေးမှ သူနဲ့ ထိုက်တန်မှာ မဟုတ်ဘူးလို့ ကိုယ်ပြောရဲတယ်။ သူ့မှာ ခိုင်မာတဲ့ ဆန္ဒနဲ့ ဖြူစင်လှပတဲ့ စိတ်ရှိတယ်။ ပြီးတော့ ဒီလို ညစ်ညမ်းတဲ့ ကမ္ဘာပျက်ကပ် ကာလကြီးမှာတောင် နည်းနည်းလေးမှ စွန်းထင်းမနေဘူး။"
ရန်ယဲ့ရှောင်၏ မျက်ရည်များမှာ ပုတီးကြိုးပြတ်သွားသည့်အလား လိမ့်ဆင်းလာတော့သည်။ "ကျွန်မက အမေကောင်းတစ်ယောက် မဟုတ်သလို ဇနီးကောင်းတစ်ယောက်လည်း မဟုတ်ဘူး။ ရှင့်ကို ဆယ်နှစ်ကျော်တောင် မပြုစုနိုင်ခဲ့ဘူး။ အရွယ်မရောက်သေးတဲ့ ကလေးလေးကိုမှ ပြုစုခိုင်းခဲ့မိတယ်။"
သူမအား မည်သို့လုပ် အပြစ်တင်နိုင်မည်နည်း။
အိပ်မက်ဆိုးမိစ္ဆာအင်ပါယာ၏ ကယ်တင်ခြင်းကို ခံလိုက်ရပြီးနောက် မှတ်ဉာဏ်များ ဖျက်ဆီးခံလိုက်ရ၏။ မှတ်ဉာဏ်များ ပြန်လည်ရရှိလာချိန်တွင်မူ သူမမှာ နဂါးကျောင်းတော်၌ အကျဉ်းချခံထားရပြီး ဖြစ်လေပြီ။
တုပိုင်က ဘာမှမပြောတော့ဘဲ သူမ၏ နဖူးလေးကို နမ်းလိုက်ပြီး ရင်ခွင်ထဲသို့သာ တင်းကျပ်စွာ ထည့်ဖက်ထားလိုက်၏။ ထို့နောက် နူးညံ့စွာ ပြောလိုက်သည်။
"ကျေးဇူးပါပဲ။ မင်း ပေးဆပ်ခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။"
ရန်ယဲ့ရှောင်သာ မရှိခဲ့လျှင် အရာအားလုံး ပြီးဆုံးသွားမည်ဖြစ်ပြီး တုပိုင်လည်း ဝိညာဉ်လွင့်စင်ပျက်သုဉ်းသွားမည်ဖြစ်ကာ အိပ်မက်ဆိုးမိစ္ဆာဘုရင်က မြင့်မြတ်နယ်မြေကို သိမ်းပိုက်သွားလိမ့်ပေမည်။
ရန်ယဲ့ရှောင်က ခေါင်းရမ်းလိုက်သည်။ "ကျွန်မက ရှင့်ကို ပိုလို့တောင် ကျေးဇူးတင်ရဦးမယ်။ ကျွန်မနဲ့ တွေ့တွေ့ချင်းမှာတင် ယုံကြည်ပေးခဲ့လို့ ကျေးဇူးပါပဲ။"
ထို့နောက် သူမ၏ လှပသည့် မျက်ဝန်းလေးများမှာ တွေဝေသွား၏။ "ယောက်ျား... ရှင်က သိပ်ရူးတာပဲ။ ကိုယ့်ကိုယ်ကိုယ် ဖုတ်ကောင်အဖြစ် ပြောင်းလဲပစ်ပြီး ဆုံးဖြတ်ပိုင်ခွင့် အားလုံးကို ကျွန်မတို့ မိန်းမနှစ်ယောက်ဆီ ပုံအပ်ခဲ့တယ်။ ဒါပေမဲ့ ရှင့်ရဲ့ အဲဒီရူးသွပ်မှုကပဲ ကျွန်မကို တကယ် ဆွဲဆောင်နိုင်ခဲ့ပြီး ရှင် ကျွန်မကို ပိုးပန်းခဲ့တုန်းက အချိန်တွေကိုတောင် ပြန်သတိရသွားစေတယ်။"
တုပိုင်က ရန်ယဲ့ရှောင်၏ နှုတ်ခမ်းကို အလျင်စလို ပိတ်လိုက်၏။ "မပြောပါနဲ့တော့။ တအား ရှက်စရာကောင်းလွန်းတယ်။ အဲဒီတုန်းက ကိုယ့်ကိုယ်ကိုယ် ပြန်တွေးကြည့်ရင် တော်တော်လေး ရွံစရာကောင်းတယ်လို့ ခံစားရတယ်။"
ထိုအချိန်က တုပိုင်သည် သူ့ကိုယ်သူ အထင်ကြီးလွန်းနေခဲ့ခြင်း ဖြစ်၏။ ကံကောင်းထောက်မစွာဖြင့် ရန်ယဲ့ရှောင်မှာ ဖြူစင်သူတစ်ဦးဖြစ်ပြီး ခံစားချက်ကိုသာ ဦးစားပေးသူ ဖြစ်နေခဲ့သည်။ ထိုသို့မဟုတ်လျှင် တုပိုင်၏ နှာဘူးကျကျ လိုက်လံပိုးပန်းမှုမျိုးကြောင့် ကျောင်းမှပင် ထုတ်ပယ်ခံရနိုင်ချေ ရှိသည်။
ရန်ယဲ့ရှောင်က စွဲလမ်းစွာ ပြောလိုက်၏။ "ဒါပေမဲ့ အဲဒါက တော်တော်လေး ဗိုလ်ကျဆန်ပြီး ဆွဲဆောင်မှုရှိတယ်လို့ ကျွန်မထင်တယ်။ တကယ်တော့ ကျွန်မတို့ တွေ့ပြီး ဒုတိယနေ့မှာတင် အရာအားလုံး အဆုံးသတ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ပြီးတော့ ရှင်က ကျွန်မနဲ့ ခြောက်ကြိမ်တောင် အတူနေခဲ့တယ်။ ရူးစရာကောင်းတာက အဲဒါက ကျွန်မတို့ရဲ့ ပထမဆုံးအနမ်း ဖြစ်သလို ပထမဆုံးအကြိမ်လည်း ဖြစ်နေခဲ့တာပဲ။"
သူမက ညို့ငင်နိုင်သည့် အသံလေးဖြင့် ထပ်ပြောလိုက်သည်။ "ဒါက ကျွန်မ အမြဲရှာဖွေနေခဲ့တဲ့ ပြီးပြည့်စုံတဲ့ အချစ်ပဲ။ ကျွန်မ တစ်ဘဝလုံးစာ အစကနေ အဆုံးအထိ လက်တွဲတာကစလို့ ၊ ပထမဆုံးအနမ်းနဲ့ ချစ်တင်းနှီးနှောတာအထိ လူတစ်ယောက်တည်း ဖြစ်ရမယ်။ အမြဲတမ်း တစ်ယောက်တည်းပဲ။"
တုပိုင်က သက်ပျင်းချလိုက်၏။ "မင်းက ပြီးပြည့်စုံပေမဲ့ ကိုယ်ကတော့ မဟုတ်ဘူးလေ။"
ထို့နောက် သူ၏ နှုတ်ခမ်းကို ရန်ယဲ့ရှောင်က ထပ်မံ ပိတ်လိုက်ပြန်၏။ သူမက ခေါင်းရမ်းလိုက်သည်။ "ကျွန်မတို့ မိန်းမတွေက ရှင်တို့ ယောက်ျားတွေနဲ့ မတူဘူး။ ပြီးပြည့်စုံတဲ့ ယောက်ျားတွေကို ကျွန်မတို့ မကြိုက်ဘူး။ သိပ်အတုအယောင် ဆန်တယ်။"
(မူရင်းစာရေးဆရာအား ဘာသာပြန်မှ လက်ခလယ်ထောင်ပြလိုက်သည်။)
**--**--**--**--**--**--**--**
အိမ်ရှေ့စံမင်းသားက တုပိုင်၏ ရှေ့၌ ဒူးထောက်နေရ၏။
သူက ရူးသွပ်စွာ ရယ်မောလိုက်သည်။ "ဟားဟားဟား... ဒီကမ္ဘာကြီးက တကယ်ကို ရယ်စရာကောင်းတာပဲ။ လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက ငါက မြင့်မြတ်နယ်မြေ တစ်ခုလုံးရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်ခဲ့ပေမဲ့ အခုတော့ အကျဉ်းသားတစ်ယောက် ဖြစ်နေပြီ။"
တုပိုင်က ဒူးထောက်နေသည့် အိမ်ရှေ့စံမင်းသားနှင့် အရပ်တူညီသွားစေရန် ကိုယ်ကိုကိုင်းညွတ်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်၏။ ထို့နောက် စိုက်ကြည့်လိုက်သည်။ "မင်း ဘာလို့ ငါ့ကို အမြဲတမ်း ပစ်မှတ်ထားနေရတာလဲ။"
အိမ်ရှေ့စံမင်းသားက ခေါင်းရမ်းလိုက်၏။ "မင်း သတ်ချင်ရင်လည်း သတ်လိုက်တော့။ အနိုင်အရှုံးနဲ့ ပတ်သက်ပြီး ပြောစရာစကား မရှိတော့ဘူး။"
ဤလောကကြီးက အလွန်ထူးဆန်း၏။ အိမ်ရှေ့စံမင်းသားသည် အိပ်မက်ဆိုးမိစ္ဆာဘုရင်ထံ၌ ဒူးထောက် အညံ့ခံနိုင်သော်လည်း တုပိုင်၏ ရှေ့တွင်တော့ အရှုံးပေးရန် ဆန္ဒမရှိနေချေ။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကပင် တုပိုင်အပေါ်ထားရှိသည့် အိမ်ရှေ့စံမင်းသား၏ အမုန်းတရားမှာ ပုံမှန်ထက် များစွာကျော်လွန်နေခဲ့ပြီး ထိုသည်က ရန်ယဲ့ရှောင်ကြောင့် မဟုတ်သည်မှာ သေချာနေ၏။ သို့သော် သူသည် တုပိုင်ကို ယခင်က တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဤအမုန်းတရားက မည်သည့်နေရာမှ မြစ်ဖျားခံလာသည်နည်း။
တုပိုင် အေးစက်စွာ အမိန့်ပေးလိုက်၏။ "သူ့ကို စားပွဲပေါ် တင်လိုက်။"
ချက်ချင်းဆိုသလိုပင် နဂါးကျောင်းတော် အကြီးအကဲလေးပါး ရှေ့ထွက်လာကြပြီး အိမ်ရှေ့စံမင်းသားအား ဧရာမ စားပွဲကြီးပေါ်တွင် ဖိချုပ်လိုက်ကြ၏။
တုပိုင်က တုန့်ဆိုင်းခြင်းမရှိ ဓားကို ဆွဲထုတ်လိုက်သည်။
"ရွှမ်းးး ရွှမ်းးး" လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသည့် အမြန်နှုန်းဖြင့် ဓားကိုသုံးကာ အိမ်ရှေ့စံမင်းသား၏ ခြေလက်များကို အပြတ်ခုတ်ပိုင်းပစ်လိုက်၏။ ချက်ချင်းဆိုသလိုပင် သွေးများ ပန်းထွက်လာသည်။
"အားးး" အိမ်ရှေ့စံမင်းသားထံမှ ယခင်က မကြားဖူးလောက်အောင် စူးရှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။ သူ၏ အသံထဲ၌ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေသည်။
ရန်ယဲ့ရှောင်က လက်ဖြန့်လိုက်၏။ "ယောက်ျား... ကျွန်မကို ပေး။"
တုပိုင်က သူမထံ ဓားကို ကမ်းပေးလိုက်သည်။
ရန်ယဲ့ရှောင်က ရှေ့သို့တိုးလာကာ အိမ်ရှေ့စံမင်းသားကို စိုက်ကြည့်လိုက်သည်။
"နင့်ကို ငါ သည်းခံလာခဲ့တာ အတော်ကြာပြီ။ နင် ငါ့ကို စပြီး အနှောင့်အယှက်ပေးကတည်းက အရှင်လတ်လတ် သင်းကွပ်ပစ်ချင်နေခဲ့တာ။"
ထို့နောက် သူမ၏ လက်ထဲရှိ ဓားဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်၏။ အိမ်ရှေ့စံမင်းသားမှာ အရှင်လတ်လတ် သင်းကွပ်ခံလိုက်ရလေပြီ။
"အားးး အားးး"အိမ်ရှေ့စံမင်းသား၏ အသံကြီးမှာ ပို၍ပင် စူးရှလာတော့၏။
ရန်ယဲ့ရှောင်က ပြုံးလိုက်သည်။ "ကောင်းတယ်... ကောင်းတယ်။ တော်တော် အရသာရှိတာပဲ။"
"အားးး အားးး"
တုပိုင်က အေးစက်စွာ ပြောလိုက်၏။ "အားလုံးရဲ့ရှေ့မှာ သူ့ကို ကွပ်မျက်လိုက်။"
အကြီးအကဲများက ရိုသေစွာ ပြန်လည်ဖြေကြားလိုက်၏။
"ဟုတ်ကဲ့ပါ" ထို့နောက် သူတို့က သွေးသံရဲရဲဖြစ်နေသည့် အိမ်ရှေ့စံမင်းသားကို အပြင်သို့ ဆွဲထုတ်သွားကြ၏။
အပြင်ဘက်၌ စုရုံးနေကြသည့် သန်းနှင့်ချီသည့် နဂါးသွေးနွယ်ဖွားများမှာ အိမ်ရှေ့စံမင်းသားကို ကြည့်ရန် ဧရာမ စက်ဝိုင်းကြီးတစ်ခုသဏ္ဍာန် ဝိုင်းရံထားကြသည်။
အကြီးအကဲတစ်ဦးက ကြေညာလိုက်သည်။
"ဒီနေ့က ငါတို့ မြင့်မြတ်နယ်မြေအတွက်တော့ ကပ်ဘေးတစ်ခုပဲ။ တိုက်ပွဲမှာ နဂါးသွေးနွယ်ဖွား ၁ သန်းနဲ့ ၉ သိန်း သေဆုံးခဲ့ရတယ်။ ဒါတွေအားလုံးရဲ့ အဓိက တရားခံကတော့ တစ်ချိန်က ငါတို့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့တဲ့ အိမ်ရှေ့စံမင်းသားပဲ။ သူက ငါတို့ကို အရှက်မရှိ သစ္စာဖောက်ခဲ့တယ်။ နဂါးသွေးနွယ်ဖွား အားလုံးကို အရှက်မရှိ သစ္စာဖောက်ခဲ့တယ်။ ဒါကြောင့် သူ့ကို လူအားလုံးရဲ့ရှေ့မှာ ကွပ်မျက်ရမယ်။"
ရုတ်တရက် သန်းချီသော နဂါးသွေးနွယ်ဖွားများက ဟစ်ကြွေးလိုက်ကြ၏။
"လင်းချီ... လင်းချီ... လင်းချီ..." (ဓားနဲ့ပါးပါးလှီးတဲ့ လင်းချီပါ။ စာစဥ်အစောပိုင်းကလည်း ရှင်းပြဖူးပါတယ်ဗျ။)
ထိုအသံများအပြီး ချက်ချင်းဆိုသလိုပင် အိမ်ရှေ့စံမင်းသားထံမှ ပိုမိုစူးရှသည့် အော်ဟစ်သံကြီး ထွက်ပေါ်လာ၏။
အချက်တစ်ရာကျော်မျှ အလှီးခံရပြီးနောက် အိမ်ရှေ့စံမင်းသားမှာ သေလုမြောပါး ဖြစ်နေလေပြီ။
အိမ်ရှေ့စံမင်းသားက မသေဆုံးမီ ရူးသွပ်စွာ အော်ဟစ်လိုက်သေးသည်။ "တုပိုင်... တုပိုင်... တစ်နေ့ကျရင် မင်းက ကယ်တင်ရှင်ကနေ ဖျက်ဆီးသူအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အဲဒီအချိန်ကို ငရဲကနေ ငါ စောင့်နေမယ်။ ဟားဟားဟား..."
ထိုအခိုက်မှာပင် အကြီးအကဲတစ်ဦးက သူ၏ ခေါင်းကို အပြတ်ခုတ်ချလိုက်၏။
နဂါးကျောင်းတော် အကြီးအကဲများက အားကောင်းသည့် စွမ်းအားတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်ပြီး အိမ်ရှေ့စံမင်းသား၏ ဝိညာဉ်ကို တိုက်ရိုက် ဖြိုခွဲပစ်ကာ ဝိညာဉ်ပါမကျန် ဖျက်ဆီးပစ်လိုက်ကြတော့၏။
ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၅၉) ပြီး။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
True Immortal Team
ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။