← Chapters

အခန်း ၁၀၆၀

Vol. 103 Ch. 1060

အခန်း ၁၀၆၀

Vol. 103 Ch. 1060

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၀)

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

မေနန်းတော်၌မူ မြင့်မြတ်နယ်မြေ၏ ဘုရင်မသည် သူမ၏အိမ်ထဲ၌ ဆက်လက်နေထိုင်နေဆဲဖြစ်၏။

သူမက ပြောသည်။ "တုပိုင်... ကျေးဇူးပဲ။ မြင့်မြတ်နယ်မြေကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်သလို ကျွန်မကို ကယ်တင်ပေးခဲ့လို့လည်း ကျေးဇူးတင်ပါတယ်။"

သူမသည် တုပိုင်နှင့် နံရံတစ်ချပ်သာခြားလျက် အိမ်ထဲ၌ ဆက်နေနေသေးသည်။

"ရှင့်ကို မျက်နှာမပြတာ တခြားသဘော မဟုတ်ပါဘူး။ အခုချိန်က တွေ့ဖို့ မသင့်တော်သေးလို့ပါ။ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို တိုက်ခိုက်ဖို့ ရှင့်မှာ စိတ်အခြေအနေကောင်းဖို့ လိုတယ်။ ကျွန်မကို မြင်ရင် ရှင် စိတ်အာရုံနောက်သွားလိမ့်မယ်။"

တုပိုင် ဘာမှမပြောချေ။

ဘုရင်မက ဆက်ပြောသည်။ "တကယ်တော့ မြင့်မြတ်နယ်မြေက ဧကရာဇ်ရွေးချယ်တဲ့စနစ်ကို အခြေခံထားတာပါ။ ဧကရာဇ်ဆိုတာ မျိုးရိုးစဉ်ဆက် ဆက်ခံရတာမျိုး မဟုတ်ဘဲ ရွေးကောက်တင်မြှောက်ခံရတာမျိုးပဲ။"

ကမ္ဘာမြေပေါ်ရှိ ပထမပိုလန်သမ္မတနိုင်ငံတွင် ဘုရင်ရွေးကောက်တင်မြှောက်သည့်စနစ်ကို တစ်ချိန်က ကျင့်သုံးခဲ့ဖူးပြီး ဘုရင်အား မှူးမတ်များက ရွေးချယ်ခဲ့ကြသည်။

မြင့်မြတ်နယ်မြေမှာလည်း အလားတူပင်ဖြစ်ကာ ဧကရာဇ်အား မှူးမတ်များက ရွေးချယ်တင်မြှောက်ကြခြင်း ဖြစ်၏။

"မြင့်မြတ်နယ်မြေက သိပ်ရှုပ်ထွေးတဲ့နေရာတစ်ခုပဲ။ တစ်ဖက်မှာ နဂါးမျိုးနွယ်ကို ငြင်းပယ်ဖို့ လိုအပ်ပေမဲ့ အခြားတစ်ဖက်မှာတော့ ဘယ်သူက မှူးမတ်ဖြစ်လာမလဲဆိုတာ ဘယ်သူ့ဆီမှာ နဂါးသွေး ပိုပြင်းသလဲဆိုတဲ့အပေါ် မူတည်နေတယ်။"

"ပြီးတော့ ကျွန်မကလည်း ရည်ရွယ်ပြီးတော့ပဲဖြစ်ဖြစ် ၊ မရည်ရွယ်ဘဲနဲ့ဖြစ်ဖြစ် ဒါကို တစ်သက်တာစနစ်အဖြစ် သတ်မှတ်ခဲ့မိတယ်။ အခုလို ကိစ္စကြီးတစ်ခု ဖြစ်လာတဲ့အခါ အိမ်ရှေ့စံမင်းသားက နဂါးသွေးနွယ်ဖွားအားလုံးကို သစ္စာဖောက်ပြီး အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ အကွက်ဆင်တာကို ခံလိုက်ရတယ်။ ဒါကြောင့် မြင့်မြတ်နယ်မြေက နဂါးသွေးနွယ်ဖွား နှစ်သန်းနီးပါးကို ဆုံးရှုံးခဲ့ရတယ်။ ဒီတာဝန်ကို ကျွန်မလည်း ယူရမှာမို့ မကြာခင် ဘုရင်မရာထူးကနေ ဆင်းပေးရတော့မယ်။"

"ရှင်က အားလုံးကို ကယ်တင်ခဲ့တာလေ။ အိပ်မက်ဆိုး မိစ္ဆာဘုရင်ကို ဖျက်ဆီးပြီး ရှင်ပြန်လာတဲ့အခါကျရင် ဧကရာဇ်ရွေးချယ်ပွဲကို ချက်ချင်းကျင်းပလိမ့်မယ်။"

"အဲဒီအချိန်ကျရင် ရှင့်ကို ယှဉ်ပြိုင်မယ့်သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး။ ရှင်က မြင့်မြတ်နယ်မြေရဲ့ ဧကရာဇ်သစ် ဖြစ်လာလိမ့်မယ်။"

တုပိုင် သိပ်ပြီး စိတ်လှုပ်ရှားမနေချေ။

အချိန်အတော်ကြာပြီးနောက် တုပိုင်က မေးလိုက်သည်။ "အရှင်မ... ကျွန်တော့်ကို မျက်နှာမပြလည်း ကိစ္စမရှိပါဘူး။ ကျွန်တော် မေးခွန်းတစ်ခုလောက်ပဲ မေးချင်ပါတယ်။"

ဘုရင်မက ခေါင်းညိတ်သည်။ "မေးလေ။"

တုပိုင်က မေးလိုက်၏။ "မြင့်မြတ်နယ်မြေက ဘာလို့ နဂါးမျိုးနွယ်ကို ငြင်းပယ်ထားရတာလဲ။"

ဘုရင်မက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြေလိုက်၏။ "ဘာလို့လဲဆိုတော့ နဂါးမျိုးနွယ်က ကျွန်မတို့ကို သစ္စာဖောက်ပြီး စွန့်ပစ်သွားခဲ့လို့ပဲ။ အဲဒီလုပ်ရပ်က နဂါးသွေးတိုက်ကြီး ပျက်စီးသွားစေဖို့ အကြောင်းရင်း ဖြစ်လာခဲ့တယ်။"

"အိပ်မက်ဆိုး မိစ္ဆာဘုရင်နဲ့ အဆုံးအဖြတ်တိုက်ပွဲကနေ ရှင် ပြန်လာပြီး ဧကရာဇ်သစ်အဖြစ် ပလ္လင်ပေါ် ထိုင်တဲ့အခါကျရင် အရာအားလုံးကို ကျွန်မ ရှင့်ကို ပြောပြပါ့မယ်။ နဂါးသွေးနွယ်ဖွား ဧကရာဇ်တစ်ပါးပဲ သိခွင့်ရှိတာမလို့ပါ။"

ထိုအခါ တုပိုင် မတ်တတ်ရပ်လိုက်၏။ "နှုတ်ဆက်ခဲ့ပါတယ်။"

**--**--**--**--**--**--**--**

တုပိုင်က ရန်ယဲ့ရှောင်ကို ကြင်နာစွာ နမ်းသည်။ "ကလေးကြီး... ကိုယ်တို့ရဲ့ ကလေးလေးကို သွားကယ်တော့မယ်။"

ရန်ယဲ့ရှောင်က လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။

သူမ လိုက်မည်ဟု မပြောခဲ့ချေ။ သူမ၏ သမီးလေးကို ချက်ချင်း မြင်တွေ့ချင်နေပြီး တုပိုင်နှင့်အတူ တိုက်ပွဲဝင်ချင်နေသော်ငြားလည်း ထုတ်မပြောခဲ့ချေ။ လိုက်သွား၍မရကြောင်း သူမကိုယ်တိုင် သိနေသည်။

"မိုဟန်ကို သေချာဂရုစိုက်ပြီး ကာကွယ်ပေးထားလိုက်ပါ။" တုပိုင်က မှာလိုက်သည်။

ရန်ယဲ့ရှောင် ထပ်မံ၍ လေးလေးနက်နက် ခေါင်းညိတ်ပြ၏။

**--**--**--**--**--**--**--**

မိုဟန်ကလည်း တုပိုင်အား နမ်းလိုက်သည်။

သူမ၏ တစ်ကိုယ်လုံး ကြက်သီးထသွားကာ တုန်ယင်သွားရသည်။ "အာ... တော်တော် ရွံဖို့ကောင်းတာပဲ။"

ဤခပ်အအ ကောင်မလေးသည် နမ်းတိုင်း နမ်းတိုင်း ရွံစရာကောင်းသည်ဟု ပြောတတ်ပြီး တစ်ကိုယ်လုံး တုန်ယင်သွားတတ်သော်လည်း ရသည့်အခါတိုင်း လာနမ်းဆဲပင်။

တုပိုင် သူမကို နှုတ်မဆက်ခဲ့ပေ။ အကယ်၍ နှုတ်ဆက်လိုက်ပါက သူမသည် တုပိုင်၏နောက်သို့ အသေအလဲ လိုက်လာနိုင်သည့်အတွက် ဖြစ်၏။ တုပိုင်က သူမအား မြင့်မြတ်နယ်မြေထဲ၌သာ နေရစ်စေချင်၏။

ဆယ့်ငါးမိနစ် ကြာပြီးနောက်... တုပိုင် မြင့်မြတ်နယ်မြေမှ ထွက်ခွာလာပြီး နဂါးစွမ်းအင် အကာအကွယ်ကို ဖြတ်ကျော်ကာ အနောက်တောင်ဘက်သို့ ပျံသန်းသွားလိုက်၏။

လက်ရှိအချိန်၌ အိပ်မက်ဆိုး မိစ္ဆာဘုရင်နှင့် သဘောတူထားသည့် ၄၈ နာရီပြည့်ရန် ၃၉ နာရီ လိုနေသေးသည်။

**--**--**--**--**--**--**--**

လက်ရှိအဆင့်၌ တုပိုင်သည် စွမ်းအင်အတောင်ပံများ မပါဘဲ ပျံသန်းနိုင်နေပြီဖြစ်ပြီး သူ၏အမြန်နှုန်းမှာလည်း အလွန်မြန်ဆန်လှသည်။ လေထဲ၌ သူသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

ငါးနာရီ ကြာပြီးနောက် တုပိုင် ကီလိုမီတာ တစ်သောင်းကျော်အထိ ပျံသန်းသွားလိုက်သည်။ သို့သော် သူသည် ထိုက်ခန်အင်ပါယာ၏ မြို့တော်သို့ ဆင်းသက်ခဲ့ခြင်းမဟုတ်ဘဲ အနောက်ဘက်သို့ ကီလိုမီတာ ရာချီကွာဝေးသည့် ငရဲမျှော်စင်၌ ဆင်းသက်ခဲ့ခြင်း ဖြစ်၏။ တုပိုင် ငရဲမျှော်စင်ထဲသို့ ဝင်သွားလိုက်သည်။

ထို့နောက် ဟင်းလင်းပြင် ကမ္ဘာလောကတံခါးကို ထပ်မံ ဖွင့်လှစ်လိုက်ပြီး တာ့နင်အင်ပါယာထံသို့ သွားလိုက်၏။

**--**--**--**--**--**--**--**

သုံးနာရီ ကြာပြီးနောက် တုပိုင် တာ့နင်အင်ပါယာ၏ နန်းတော်ထဲ၌ ပေါ်လာသည်။ နင်းရွှဲ့မှာ အဝတ်ဗလာဖြင့် သူ၏ ရင်ခွင်ထဲ၌ မှီတွယ်ကာ မောဟိုက်နေ၏။

တုပိုင်၏ လုပ်ရပ်က အနည်းငယ် လူရှုပ်ဆန်သည်ဟု ဆိုရပေမည်။ ရန်ယဲ့ရှောင်နှင့် ချစ်တင်းနှီးနှောပြီးသည်နှင့် နင်းရွှဲ့ထံ လာရောက်ကာ ထပ်မံ ချစ်တင်းနှီးနှောနေ ပြန်သည်။

ယခုတစ်ကြိမ် တာ့နင်အင်ပါယာသို့ လာရာတွင် တုပိုင်သည် အခြားမည်သူ့ကိုမျှ မတွေ့ခဲ့ဘဲ နင်းရွှဲ့တစ်ယောက်တည်းကိုသာ တွေ့ဆုံခဲ့၏။

တုပိုင်က မေးလိုက်သည်။ "နင်းရွှဲ့... မင်းအထင် တရားမျှတမှုဆိုတာ ဘာလဲ။ မကောင်းမှုဆိုတာ ဘာလဲ။ အလင်းရောင်ဆိုတာ ဘာလဲ။ အမှောင်ထုဆိုတာရော ဘာလဲ။"

နင်းရွှဲ့က သူမ၏ ကျောက်စိမ်းနှယ် ဖြူဖွေးနေသည့် လက်လေးကို ဆန့်ထုတ်ကာ တွန့်ချိုးနေသော တုပိုင်၏ မျက်ခုံးများကို ပြေလျော့သွားစေရန် ကြိုးစားပွတ်သပ်ပေးလိုက်သည်။

တုပိုင်၏ ရည်ရွယ်ချက်မရှိဟု ထင်ရသည့် ဤမေးခွန်းက အလွန်တရာ အရေးကြီးလှကြောင်း သူမ သိနေ၏။

ထို့ကြောင့် သူမ အပြင်းအထန် စဉ်းစားလိုက်သည်။

သို့သော် ယုတ္တိရှိရှိ စဉ်းစားခြင်းမျိုး မဟုတ်ဘဲ သူမ၏ နှလုံးသားနှင့် ခံစားချက်အားလုံးကို တုပိုင်အပေါ် ပုံအပ်ကာ စဉ်းစားခဲ့ခြင်း ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် နင်းရွှဲ့က ဖြေလိုက်သည်။ "ယောက်ျား... ရှင်ကသာ တရားမျှတမှုပဲ။ ရှင့်ရဲ့ ဆန့်ကျင်ဘက်မှာ ရှိနေသမျှ အရာအားလုံးက မကောင်းမှုပဲ။"

တုပိုင် အံ့ဩသင့်သွားသည်။ နင်းရွှဲ့က ဤမေးခွန်းကို ဖြေနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သို့သော် နင်းရွှဲ့၏ မျက်ဝန်းများနှင့် မျက်နှာအမူအရာမှာ အလွန်တည်ကြည်လေးနက်နေပြီး စကားလုံးတစ်လုံးချင်းစီကို ဖိပြောလိုက်သည်။ "ယောက်ျား... ဒါက အမတို့အတွက် သိပ်အရေးကြီးတယ်။"

ထို့နောက် သူမက ထပ်မံနမ်းရှိုက်လိုက်ပြီး တုပိုင်၏ ကိုယ်ပေါ်သို့ မှီတွယ်ကာ နူးညံ့စွာ ပြောလိုက်သည်။ "မ ကို နောက်ထပ် ကလေးတစ်ယောက် ပေးပါ။ နောက်ထပ် ကလေးတစ်ယောက် ထပ်ပေးပါ။"

**--**--**--**--**--**--**--**

တုပိုင် ဆက်လက်ပြီး မီးနတ်ဘုရားဂိုဏ်း၏ အပျက်အစီးများရှိရာ ပင်လယ်ရေမျက်နှာပြင်အထက် မီတာတစ်ထောင်ကျော် မြင့်မားသည့် ကမ်းပါးယံပေါ်ရှိ မြို့ဟောင်းပျက်ဆီသို့ ပျံသန်းသွားလိုက်သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဤနေရာ၌ မီးနတ်ဘုရားဂိုဏ်း၏ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်နှင့် သူ တွေ့ဆုံခဲ့၏။

တစ်နည်းအားဖြင့်ဆိုရလျှင် ဂရစ်ဆစ်သည် သူ၏ စိတ်ဝိညာဉ်ရေးရာ ဆရာသခင်များထဲမှ တစ်ပါးဖြစ်သည်။

သေချာသည်မှာ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ် ကွယ်လွန်သွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်ပင် ရှိနေခဲ့ပြီဖြစ်ပြီး အရာအားလုံး ပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။

တုပိုင် ပြာပုံများကြားရှိ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ် ထိုင်ခဲ့သည့်နေရာ၌ ဝင်ထိုင်လိုက်၏။

"အရှင်... အဲဒီအချိန်တုန်းက သိပ်တော်ခဲ့တာပဲ။ ကျွန်တော်က အိပ်မက်ဆိုး မိစ္ဆာဘုရင်ရဲ့ စနစ်ရှင်ဖြစ်နေမှန်း သိသိရက်နဲ့တောင် တစ်ကမ္ဘာလုံးရဲ့ မျှော်လင့်ချက်ကို ကျွန်တော့်ဆီ ပုံအပ်ခဲ့တယ်။"

"ခေတ်သစ်ကမ္ဘာမှာလည်း ခင်ဗျားနဲ့တူတဲ့ နောက်ထပ်လူတစ်ယောက်ကို ကျွန်တော် တွေ့ခဲ့ရတယ်။ မဟာအိပ်မက်ဆိုးပဲ။ သူ့ရဲ့ ဟောကိန်းမှာ အခြေအနေတွေက ပိုပြီးတော့တောင် မျှော်လင့်ချက် ကင်းမဲ့နေခဲ့တယ်။ ဒါပေမဲ့ သူကလည်း မျှော်လင့်ချက်တွေအားလုံးကို ကျွန်တော့်ဆီမှာပဲ ပုံအပ်ခဲ့ပြီး ခင်ဗျားလိုပဲ သူ့ဘဝတစ်ခုလုံးကို ပေးဆပ်ကာ ကျွန်တော့်ကို ထောက်ခံပြီး ယုံကြည်ပေးခဲ့တယ်။"

"အရှင်... ဒီကိစ္စတွေ မဖြစ်လာခင်မှာ ခင်ဗျားက ဒုတိယအဆင့် ၊ တတိယအဆင့် ၊ စတုတ္ထအဆင့် ၊ ပဉ္စမအဆင့်တွေကို ကြိုမြင်ခဲ့တယ်..."

"ဒါပေမဲ့ ကျွန်တော်ကတော့ နဝမအဆင့် ၊ ဒသမအဆင့် ၊ ဆယ့်တစ်ဆင့်နဲ့... အဲဒီထက်ပိုပြီးတောင် မြင်တွေ့ခဲ့ရပြီးပြီ။"

"ကျွန်တော်က ရှေ့ဖြစ်မဟောတတ်ပေမဲ့ အနာဂတ်ရဲ့ အလှမ်းဝေးတဲ့ ရှေ့ရေးကို မြင်တွေ့ခဲ့ရတယ်။ အဲဒါက တကယ့် ငရဲကျမယ့်နေရာပဲ။"

တုပိုင်က မေးလိုက်သည်။ "အရှင်... တရားမျှတမှုဆိုတာ ဘာလဲ။ မကောင်းမှုဆိုတာ ဘာလဲ။ အလင်းရောင်ဆိုတာ ဘာလဲ။ အမှောင်ထုဆိုတာရော ဘာလဲ။"

သေချာသည်မှာ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ်က သူ့အား မည်သည့်အဖြေမှ ပေးနိုင်မည် မဟုတ်ပေ။

သို့သော် သူသာ ပုပ်ရဟန်းမင်းကြီး ဂရစ်ဆစ် ဖြစ်ခဲ့မည်ဆိုလျှင် မည်သို့သော အဖြေမျိုး ပေးမည်နည်းဟု တုပိုင် စိတ်ကူးယဉ်ကြည့်လိုက်သည်။

ဂရစ်ဆစ် ထိုင်ခဲ့သည့်နေရာ၌ နာရီဝက်ခန့် ထိုင်နေပြီးနောက် တုပိုင် ထွက်ခွာလာကာ လျှို့ဝှက်ဆန်းကြယ်သည့် နေရာတစ်ခုဆီသို့ သွားရောက်လိုက်၏။

**--**--**--**--**--**--**--**

ကမ္ဘာ့အက်ကွဲကြောင်းအတွင်းရှိ ​အမှောင်နန်းပလ္လင်ပေါ်၌ အနက်ရောင် သရဖူကို တုပိုင် ဖြုတ်ယူလိုက်သည်။

ထိုသည်မှာ မြေအောက်ကမ္ဘာ မိစ္ဆာမြို့စားနှင့် ထောင်သောင်းချီသည့် မိစ္ဆာစိတ်ဝိညာဉ်များကို ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သည့် အနက်ရောင် သရဖူပင်။

တုပိုင်ပင် မထိရဲခဲ့သည့် အနက်ရောင် သရဖူပင်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ဤအနက်ရောင် သရဖူကို ထိလိုက်သည်နှင့် လက်စွပ်တို့၏ အရှင်သခင်ဇာတ်လမ်းထဲရှိ အမြင့်ဆုံးလက်စွပ်ထက် အကြိမ်ရေ မရေမတွက်နိုင်အောင် ပိုမိုအားကောင်းသည့် ဖြားယောင်းသွေးဆောင်မှုများ ထွက်ပေါ်လာမည်ဖြစ်သောကြောင့်ပင်။ (Lord of the rings)

ဤအနက်ရောင် သရဖူကို ဆောင်းလိုက်ခြင်းက အဆုံးစွန်သည့် စွမ်းအားများကို အပိုင်ရသွားသည်နှင့် တူ၏။

အနက်ရောင် သရဖူသည် အိပ်မက်ဆိုး မိစ္ဆာဘုရင်နှင့် သက်ဆိုင်သည်ဟု တုပိုင် တစ်ချိန်က ထင်မှတ်ခဲ့ဖူးသည်။ သို့သော် ယခုအခါတွင်မူ သူ သေချာမသိတော့ချေ။

ယခင်က တုပိုင် ဤအနက်ရောင် သရဖူကို အနည်းငယ်မျှ ထိလိုက်မိစဉ်ကပင် စိတ်ဆန္ဒအားလုံး လုံးဝ ပျောက်ဆုံးသွားသကဲ့သို့ ခံစားခဲ့ရသည်။ သရဖူအတွင်း၌ ဝဲကတော့တစ်ခုကဲ့သို့ အလွန်တရာ အားကောင်းသည့် စွမ်းအားတစ်ခုရှိနေပြီး ထိုစွမ်းအားက သူ၏ အသိတရားများကို ရူးသွပ်စွာ ဝါးမြိုပစ်ကာ သူ့ကို လုံးဝ ဖမ်းဆီးချုပ်ကိုင်ရန် ကြိုးစားခဲ့သည်။

သို့သော် ယခုအခါ၌ အနက်ရောင် သရဖူကို တုပိုင် ကိုင်ထားသော်လည်း မည်သို့မှ တုံ့ပြန်ခြင်း မရှိချေ။

မည်သည့် မိစ္ဆာ၏ ရေရွတ်သံမှ မရှိသလို အမှောင်ဝဲကတော့နှင့် ဖြားယောင်းသွေးဆောင်မှုများလည်း မရှိတော့ပေ။.အေးစက်ပြီး ပုံပျက်နေသည့် သရဖူတစ်ခုသာ ဖြစ်သွားသည့်အလားပင်။

တုပိုင် တိတ်ဆိတ်စွာပင် အနက်ရောင် သရဖူကို ကောက်ယူကာ ကမ္ဘာ့အက်ကွဲကြောင်းမှ ထွက်ခွာလာခဲ့ပြီး ပေမင်ဓားဂိုဏ်း၏ ပင်လယ်ပြင်ဒေသဆီသို့ ပြန်လာသည်။

ထို့နောက် ဟင်းလင်းပြင်တံခါးကို ဖြတ်ကျော်ကာ တာ့နင်အင်ပါယာ၏ ဟင်းလင်းပြင်ကမ္ဘာမှ ထွက်ခွာသွားလိုက်ပြီး ကမ္ဘာပျက်ကြီး၏ ငရဲမျှော်စင်ထံသို့ ပြန်သွားလိုက်၏။

ဆဋ္ဌမအထပ်၏ စွမ်းအင် အစီအစဉ်နှင့် ဖွဲ့စည်းပုံများကို တုပိုင်က နောက်တစ်ကြိမ် ဖျက်ဆီးလိုက်သောအခါ ဟင်းလင်းပြင် ကမ္ဘာလောကတံခါးတစ်ခုလုံး ထပ်မံ ပျောက်ကွယ်သွားပြန်သည်။

တုပိုင် အမိန့်ပေးလိုက်သည်။ "ဖုံးကွယ်ထားလိုက်။"

ရုတ်တရက် သူ၏ လက်ထဲရှိ အနက်ရောင် သရဖူမှာ ပျောက်ကွယ်သွားလေပြီး ခေါက်ချိုး ဟင်းလင်းပြင်အတွင်း၌ ဖုံးကွယ်သွားတော့သည်။ အမြင်အာရုံမှ ပျောက်ကွယ်သွားရုံသာမက သရဖူ၏ စိတ်ဝိညာဉ်အငွေ့အသက်ကိုပင် လုံးဝ အာရုံခံ၍ မရတော့ချေ။

ဤသည်မှာ နဂါးမျိုးနွယ်၏ စွမ်းရည်ပင်။

စွမ်းအင်နိယာမများအပေါ် နဂါးများ၏ နားလည်သဘောပေါက်မှုမှာ ထိပ်တန်းအဆင့်ဖြစ်ပြီး သူတို့၏ စွမ်းရည်များမှာ လူသားများ၏ စိတ်ကူးယဉ်နိုင်စွမ်းကိုပင် ကျော်လွန်နေသည်။

မိုဟန်နှင့် မတူဘဲ တုပိုင်သည် ရှေးဟောင်းနဂါးဘုရင်၏ စိတ်ဝိညာဉ်မှတ်ဉာဏ်များကို တစ်ခုပြီးတစ်ခု ဖော်ထုတ်နိုင်ခဲ့ပြီး အားကောင်းသည့် စွမ်းအင်နိယာမ များစွာကို ရရှိခဲ့၏။

နဂါးမျိုးနွယ်က ဤမျှအထိ အားကောင်းနေပါလျက်နှင့် နဂါးသွေးတိုက်ကြီးက အဘယ်ကြောင့် ပျက်စီးသွားရသည်နည်း။ ဟင်းလင်းပြင်ကမ္ဘာများစွာက အဘယ်ကြောင့် ကျဆုံးသွားရသည်နည်း ဟူသည့် အချက်ကို တုပိုင် ယခင်က တွေးတောမိခဲ့ဖူးသည်။

ယခုအခါ တုပိုင်သည် ထိုပြဿနာနှင့် ပတ်သက်၍ အနည်းငယ် နားလည်သလိုလို ဖြစ်သော်လည်း ပို၍ပင် ရှုပ်ထွေးတွေဝေလာရပြန်သည်။

**--**--**--**--**--**--**--**

အိပ်မက်ဆိုး မိစ္ဆာဘုရင်နှင့် သဘောတူထားသည့် ၄၈ နာရီပြည့်ရန် တစ်နာရီသာ လိုတော့သည်။ ထိုက်ခန်အင်ပါယာရှိ လူအားလုံးမှာ အချိန်၌ ပိတ်မိနေသလိုကို အေးခဲနေကြပြီး လှုပ်ရှားနိုင်ခြင်း မရှိကြချေ။

အိပ်မက်ဆိုး မိစ္ဆာဘုရင်က ရွှေရောင်နဂါးတောင်ဝှေးကို လက်ထဲ၌ ကိုင်ဆောင်ဆဲဖြစ်ကာ ရေခဲသရဖူခံတပ် နန်းတော်၏ ပလ္လင်ပေါ်၌ ထိုင်လျက် ရှိနေ၏။

အချိန်ကျလာသည်နှင့်တပြိုင်နက် သူ၏ လက်ထဲရှိ ရွှေရောင်နဂါးတောင်ဝှေးကို ညင်သာစွာ ခေါက်ချလိုက်ရုံဖြင့် ထိုက်ခန်အင်ပါယာရှိ လူအားလုံး ပျက်သုဉ်းသွားမည်ဖြစ်ပြီး တုပိုင်၏ ဇနီးနှင့် သားသမီးများအပါအဝင် အားလုံး ပြောင်သလင်းခါအောင် သေဆုံးသွားကြပေလိမ့်မည်။

ဤသည်က အရာအားလုံးကို ပြောင်းလဲပစ်မည့် အဆုံးအဖြတ်တိုက်ပွဲကြီး တစ်ခုပင်။ ဤအဆုံးအဖြတ်တိုက်ပွဲသည် ကံကြမ္မာ မိစ္ဆာဘုရင်နှင့် အချီသုံးရာတိုင်တိုင် တိုက်ခိုက်ခဲ့ရပြီးနောက် စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း နည်းစနစ်ကိုသုံးကာ ဖျက်ဆီးပစ်ရသည့် တိုက်ပွဲမျိုး ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။

အိပ်မက်ဆိုး မိစ္ဆာဘုရင်သည် ကျောက်ယန်ဖိန်နှင့် မတူချေ။

ကျောက်ယန်ဖိန်သည် ဝေဒနာခံစားနေရသည့် စိတ်ရောဂါသည်တစ်ဦး ဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်မှာ အားကောင်းပြီး ပြိုင်ဘက်ကင်းပုံပေါ်သော်လည်း တကယ်တမ်း၌မူ အလွန် ပျက်စီးလွယ်လှ၏။

သို့သော် အိပ်မက်ဆိုး မိစ္ဆာဘုရင်၏ စိတ်ဝိညာဉ်ကမူ အကြွင်းမဲ့ အားကောင်းလှပြီး အပြစ်အနာအဆာ ကင်းမဲ့နေသည်။

ဆယ့်ခြောက်နှစ်ကျော်ပင် ကြာခဲ့လေပြီ။

အိပ်မက်ဆိုး မိစ္ဆာဘုရင်နှင့် တုပိုင်တို့ကြားက ရစ်နှောင်မှုမှာ ဆယ့်ခြောက်နှစ်တိတိ ရှိနေခဲ့ပြီ ဖြစ်၏။

ယခုအခါ နောက်ဆုံး၌ အဆုံးသတ်တော့လေမည်။

ရုတ်တရက်... ထိုက်ခန်အင်ပါယာ နန်းတော်၏ ရင်ပြင်ပေါ်သို့ ရွှေရောင်ကြယ်ပွင့်တစ်ပွင့် ရုတ်တရက် ကျဆင်းလာသည်။

ခန်းမဆောင်၏ အပြင်ဘက်၌ တုပိုင် ပေါ်လာသည်။

တုပိုင်က ရေပြင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်။

"အိပ်မက်ဆိုး မိစ္ဆာဘုရင်... ငါ ဒီကို ရောက်နေပြီ။ ငါတို့ အဆုံးအဖြတ် တိုက်ပွဲဝင်ကြမယ်။ စလိုက်ကြရအောင်။"

အိပ်မက်ဆိုး မိစ္ဆာဘုရင်သည်လည်း သူ၏ မျက်ဝန်းတို့ကို မှေးကျဥ်းလိုက်၏။

"မင်း ပြင်ဆင်ထားပြီးပြီလား။ ငါတို့ရဲ့ အဆုံးအဖြတ်တိုက်ပွဲက မင်းစိတ်ကူးယဉ်နိုင်တာထက် အများကြီး ပိုတဲ့ အစွန်းရောက် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါက အိပ်မက်ဆိုး မိစ္ဆာဘုရင်လေ။ တစ်ချိန်တုန်းက မင်းရဲ့ အိပ်မက်စနစ်ပဲ။"

တုပိုင်က တည်ငြိမ်နေဆဲပင်။ "ငါ ပြင်ဆင်ပြီးပြီ။"

"ဒါဆိုရင်လည်း ငါတို့ရဲ့ အဆုံးအဖြတ်တိုက်ပွဲကို စလိုက်ကြတာပေါ့။"

ကမ္ဘာပျက်ကြီး၏နဂါးဧကရာဇ်။ အပိုင်း (၁၀၆၀) ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

ကုန်းကုန်းဧကရာဇ်၏ ဒုတိယအတွဲ။

All Chapters