← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း (၂၇၁) ဒုတိယမြောက် တောင်းဆိုချက်

ပိုင်ချူးရန် ရှင်းပြနေရန်ပင် မလိုအပ်တော့ဘဲ စုရှန်ရွှယ်သည် နံရံပေါ်ရှိ မြေပုံအား အသေးစိတ် ကူးယူပြီးသွား၏။

ထိုအရာသည် မှော်အလင်းတန်းများဖြင့် ဖန်တီးပုံဖော်ထားရသည့် မြေပုံဖြစ်သောကြောင့် တိုက်ရိုက် ပုံနှိပ်ကူးယူ၍ မရနိုင်ချေ။ သို့ရာတွင် စောင်းတီးခြင်း၊ စစ်တုရင်ကစားခြင်း၊ စာပေရေးသားခြင်းနှင့် ပန်းချီဆွဲခြင်း စသည့် အနုပညာရပ်များကို လေ့လာလိုက်စားထားသော စုရှန်ရွှယ်အတွက်မူ ခက်ခဲလှသော ကိစ္စရပ် မဟုတ်ပေ။ မကြာမီမှာပင် သူမသည် လက်ဖြင့် ရေးဆွဲသော နည်းလမ်းကို အသုံးပြု၍ ကျောက်နံရံပေါ်ရှိ မြေပုံအား အသေးစိတ် အတိအကျ ကူးယူလိုက်သည်။

မြေပုံကို သေချာစွာ သိမ်းဆည်းပြီးနောက် ပိုင်ချူးရန်၊ စုရှန်ရွှယ်နှင့် ကျီရှန်းတို့သည် မြေအောက်နန်းတော်အတွင်း ထပ်မံ၍ လှည့်လည် စစ်ဆေးကြည့်ရှုကြ၏။ မြေအောက်သင်္ချိုင်းဂူနှင့် အခြားနေရာလွတ်တစ်ခုသို့ ဆက်သွယ်ထားသော ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ခေါင်းတလားကြီးက အနည်းငယ် စိတ်ဝင်စားဖွယ် ကောင်းနေသည်မှလွဲ၍ အခြား ကြည့်ရှုစရာ မရှိတော့ပေ။

ထိုဂူအတွင်း၌ ခန္ဓာကိုယ် ပျောက်ဆုံးနေသော မိကျောင်းဖြူခေါင်းကြီးတစ်ခုလည်း ရှိနေသေးကာ မိကျောင်းဖြူဘုရင်၏ ဦးခေါင်းပင် ဖြစ်လိမ့်မည်။ ယခုအခါ အနောက်ပိုင်း နတ်ဆိုးနယ်မြေရှိ နတ်ဆိုးဘုရင်ကြီးလေးပါးအနက် မြွေနက်ဘုရင် တစ်ပါးတည်းသာ ကျန်ရှိတော့ပြီး နတ်ဆိုးနယ်မြေ၏ အဓိက အင်အားစုကြီးသုံးခုတွင် လက်ရှိ၌ သနားစရာအကောင်းဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။

မြွေနက်ဘုရင်သည် နောက်ခံမရှိသော တပ်မှူးတစ်ဦးအဖြစ်သို့ ကျဆင်းသွားခဲ့၏။ သူသည် တစ်သက်တာလုံး ထောင့်တစ်နေရာတွင် ပုန်းအောင်းကာ အေးချမ်းသော ဘုရင်အဖြစ်သာ ရိုးသားစွာ နေထိုင်သွားရနိုင်သည်။

အတန်ကြာ လှည့်လည်ကြည့်ရှုပြီးနောက် ပိုင်ချူးရန်လည်း ကျင့်စဉ်များ သိမ်းဆည်းထားရာ ဂူအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး လက်ကိုမြှောက်ကာ ပထမဆုံး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ အကြွင်းမဲ့ကျင့်စဉ်နှင့် နဂါးတံခါးခုန်ကျော်ခြင်းကျင့်စဉ်နှစ်ခုကို မှတ်တမ်းတင်ထားသော ကျောက်စာတိုင်အား အမှုန့်ဖြစ်သွားသည်အထိ ရိုက်ခွဲဖျက်ဆီးပစ်လိုက်၏။

"ဒါကို သူတို့အတွက် ချန်ထားခဲ့လို့ မဖြစ်ဘူး။"

ပိုင်ချူးရန်သည် မြေပုံဆီသို့ ထပ်မံလျှောက်သွားပြီး ဤနေရာကို အပြတ်ရှင်းရန် လက်ဆန့်ထုတ်လိုက်သော်လည်း ခေတ္တမျှ တွေဝေသွားပြီးနောက် သူ၏ လက်ဖဝါးကို ပြန်ချလေ၏။

"ဒီနံရံဆေးရေးပန်းချီကိုတော့ ဒီတိုင်းပဲ ထားလိုက်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ဆိုးမျိုးနွယ်တွေ တွေ့သွားရင်တောင်မှ နတ်ဘုရားတွေရဲ့ နယ်မြေကို စူးစမ်းရှာဖွေဖို့ သူတို့မှာ အင်အားမရှိသေးပါဘူး။"

ကျီရှန်းက အကြံပြုလာသည်။ "ဒီလို သမိုင်းဝင်အရာတွေကို ဖျက်ဆီးပစ်ရတာ တကယ် နှမြောစရာကောင်းတယ်။"

"ထားလိုက်ပါတော့။"

ပိုင်ချူးရန်သည် စုရှန်ရွှယ်အား ကူးယူထားသော ကျင့်စဉ်နှစ်ခုကို သိမ်းဆည်းစေပြီး ဘာသာပြန်ဆိုရန်အတွက် ကျိုကျိုးနယ်မြေဆယ်ခုသို့ ပြန်လည်သယ်ဆောင်သွားစေသည်။

ထို့နောက် အပြင်ဘက်ရှိ မှင်ရည်ဖြန်းပန်းချီကားက နတ်ဆိုးဧကရာဇ်၏ ရုပ်အလောင်းမှ စွမ်းအင်များကို အပြည့်အဝ စုပ်ယူပြီးစီးသည်အထိ စောင့်ဆိုင်းပြီးနောက် မှော်လက်နက်ကို သိမ်းဆည်းပြီး စုရှန်ရွှယ်ကို ခေါ်ဆောင်လျက် ဧကရာဇ်ဂူဗိမာန်မှ ထွက်ခွာကာ အပြန်ခရီးကို စတင်ကြ၏။

ယခင်က ဖြစ်ပွားခဲ့သော ပြင်းထန်လှသည့် တိုက်ပွဲကြောင့် သူတို့နှစ်ဦး စီးနင်းလာသော လှေသာမက မိကျောင်းဖြူဘုရင်နှင့် နတ်ဆိုးဘုရင်သုံးပါး စီးနင်းလာသော သင်္ဘောကြီးများပါ တိုက်ပွဲ၏ နောက်ဆက်တွဲ ရိုက်ခတ်မှုများကြောင့် ပျက်စီးသွားခဲ့ပြီး ပင်လယ်ပြင်ပေါ်တွင် ပေါလောမျောနေသော သစ်သားပြားများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူတို့ ရပ်နားခဲ့သော ကျွန်းငယ်လေးပင်လျှင် ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ၀င်တိုက်မှုကိုခံလိုက်ရပြီး ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားလေ၏။

ထို့ကြောင့် ပိုင်ချူးရန်သည် စုရှန်ရွှယ်၏ မှော်လက်နက်ပေါ်တွင် ထိုင်ကာ နတ်ဆိုးနယ်မြေ ကမ်းရိုးတန်းသို့ ပြန်လည်ပျံသန်းရတော့သည်။

သို့ဖြစ်ရာ ကာမသုတြာ ဂိုဏ်းချုပ်သည် လူနှစ်ဦး ရှေ့နောက်ထိုင်၍ စီးနင်းနိုင်ရုံမျှ အရွယ်အစားဖြစ်အောင် တမင်ပြောင်းလဲလေ၏။ သို့မှသာ ပိုင်ချူးရန်သည် ဆိုင်ကယ်စီးရသည့်အတိုင်း သူမ၏ အနောက်ဘက်တွင် ထိုင်ကာ သူမသွယ်လျသော ခါးလေးကို ဖက်ထားနိုင်မည်ဖြစ်သည်။

လမ်းခရီးတစ်လျှောက်တွင်လည်း သူမအား ပို၍ တင်းကျပ်စွာ ဖက်ထားရန် ပိုင်ချူးရန်ကို အကြိမ်ကြိမ် တောင်းဆိုခဲ့သေးသည်။

အပြန်ခရီးတွင် သူမသည် တမင်သက်သက်ပင် လမ်းကြောင်းရှည်ကြီးကို ရွေးချယ်လေ၏။ မူလက ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ ဂူဗိမာန်မှာ ချန်ဟိုင်ပင်လယ်၏ တောင်ဘက်တွင်ရှိပြီး နတ်ဆိုးနယ်မြေသို့ တည့်တည့်ပြန်သွားပါက တောင်ဘက်ကမ်းရိုးတန်းသို့ ပြန်ရောက်မည်ဖြစ်သည်။ သို့သော် စုရှန်ရွှယ်သည် ပိုင်ချူးရန်ကို လှည့်ပတ်ခေါ်ဆောင်သွားခဲ့ပြီး အဆုံးတွင် နတ်ဆိုးနယ်မြေ၏ အရှေ့မြောက်ဘက်စွန်းရှိ ဆိပ်ကမ်းမြို့လေးတစ်မြို့၏ ကမ်းစပ်သို့ ရောက်ရှိသွားသည်။

သို့ရာတွင် ကျီရှန်း၏ တမင်သက်သက်ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ ပေးလာသော အရိပ်အမြွက်များကြောင့် ပိုင်ချူးရန်သည် အဆုံးတွင် ဘာမျှ ထုတ်မပြောခဲ့ပေ။

သူ သေချာနားမလည်သော်လည်း စုရှန်ရွှယ်မှာ အလွန်‌ပျော်နေ၏။ ထို့အပြင် နတ်ဘုရားများ ကျဆုံးရာနေရာကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့ခြင်းကြောင့်လည်း ပါဝင်မည်ဖြစ်ရာ သူလည်း မည်သည့်အတွက်ကြောင့်မှန်းမသိဘဲ နှုတ်ဆိတ်နေလိုက်သည်။

နတ်ဆိုးနယ်မြေတွင် ဆက်လက်နေထိုင်ရန် အကြောင်းပြချက် မရှိတော့သဖြင့် ပိုင်ချူးရန်နှင့် စုရှန်ရွှယ်တို့သည် ကျိုကျိုးနယ်မြေဆယ်ခုသို့ တိုက်ရိုက် ပြန်လာခဲ့ကြသည်။ မူလက သူသည် ရွှေအမြုတေအဆင့်သို့ ဖောက်ထွက်ရန် တံခါးပိတ်ကျင့်ကြံနေသော တပည့်မလေး အောင်မြင်မှု ရှိ၊ မရှိ သွားရောက်ကြည့်ရှုရန် ချီမင်ဓားဂိုဏ်းသို့ တိုက်ရိုက် ပြန်သွားမည်ဟု ရည်ရွယ်ထား၏။

သို့သော် စုရှန်ရွှယ်က ကျင့်စဉ်များကို ဘာသာပြန်ဆိုရာတွင် ကျီရှန်း၏ အကူအညီ လိုအပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ပိုင်ချူးရန်အား ကာမသုတြာဂိုဏ်းတွင် အတန်ကြာ ဆက်လက်နေထိုင်ရန် အတင်းအကျပ် တောင်းဆိုလာသည်။

ကျီရှန်းသည် စုရှန်ရွှယ် သယ်ဆောင်လာသော ကျင့်စဉ်နှစ်ခုကို လူသားစာပေများအဖြစ်သို့ အလျင်အမြန် ဘာသာပြန်ဆိုပေးခဲ့ပြီး စုရှန်ရွှယ်ကလည်း ပိုင်ချူးရန်အတွက် မိတ္တူတစ်စောင် သေချာစွာ ကူးယူပေး၏။ သို့မှသာ အနာဂတ်တွင် ချီမင်ဓားဂိုဏ်း၏ စာကြည့်တိုက်သို့ ပြန်လည်ယူဆောင်သွားနိုင်မည် ဖြစ်သည်။

နောက်ရက်များတွင် ပိုင်ချူးရန်နှင့် ကျီရှန်းတို့သည် စုရှန်ရွှယ်၏ စိတ်ကူးအကြံဉာဏ်များကို အသုံးပြုကာ နဂါးတံခါးခုန်ကျော်ခြင်း ကျင့်စဉ်နှင့် ခန္ဓာကိုယ်ပြင်ပ အသွင်ပွားခြင်း နည်းလမ်းတို့ကို ပေါင်းစပ်လျက် သူမအတွက် အသင့်တော်ဆုံး ကျင့်စဉ်တစ်ခုကို ဖန်တီးပေးခဲ့၏။

All Chapters