← Chapters

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း ၂၇၂

Vol. 28 Ch. 272

အခန်း (၂၇၂) ဒုတိယမြောက် တောင်းဆိုချက် [၁]

စုရှန်ရွှယ်သည် သူမ၏ လူသားမျိုးနွယ် ဖြစ်တည်မှုကို စွန့်လွှတ်ရန် ဆန္ဒမရှိပေ။ သို့သော် နဂါးတံခါးနှင့် အကြွင်းမဲ့ကျင့်စဉ်များကို လေ့ကျင့်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် နတ်ဆိုးမျိုးနွယ်ဘက်သို့ အသွင်ပြောင်းသွားမည် ဖြစ်သောကြောင့် ပိုင်ချူးရန်နှင့် ကျီရှန်းတို့၏ အကူအညီဖြင့် ပြင်ပ အသွင်ပွားခန္ဓာကိုယ်တစ်ခုကို ဖန်တီးလေ့ကျင့်ခဲ့ပြီး နတ်ဆိုးမျိုးနွယ်၏ သွေးမျိုးဆက်အားလုံးကို ထိုခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့ထည့်သွင်းလေသည်။

ယခုခန္ဓာကိုယ်သည် စစ်မှန်သော နတ်ဆိုးခန္ဓာကိုယ်တစ်ခု ဖြစ်ပြီး ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး ချန်ရစ်ခဲ့သော အကြွင်းမဲ့ကျင့်စဉ်နှင့် နဂါးတံခါးကျင့်စဉ်တို့ကို လေ့ကျင့်ရန် အသုံးပြု၏။ သူမ မူလလူသားခန္ဓာကိုယ်ကမူ ကာမသုတြာဂိုဏ်း၏ ကျင့်စဉ်များကိုသာ သီးသန့်လေ့ကျင့်ရန်ဖြစ်သည်။

လူတစ်ယောက်သည် ဝိညာဉ်တစ်ခုတည်းက ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်နက်တည်း ကြိုးကိုင်ခြယ်လှယ်ရန် ခက်ခဲသော်လည်း ကျီရှန်းက သန့်ရှင်းမင်းဆက်၏ မင်းသားဖြစ်သော သူ့တပည့်ဖြစ်တူ လေ့ကျင့်ခဲ့သည့် နက်နဲသော နည်းလမ်းကို ရှင်းပြခဲ့ပြီးနောက် ပိုင်ချူးရန်က ထပ်မံပြောင်းလဲပေးခဲ့ရာ ပြဿနာကို အောင်မြင်စွာ ဖြေရှင်းနိုင်သွား၏။

စုရှန်ရွှယ်၏ ဝိညာဉ်သည် သူမ၏ လူသားခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်သော်လည်း ဝိညာဉ်အစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ကာ နတ်ဆိုးမျိုးနွယ်၏ ခန္ဓာကိုယ်ကို လွယ်ကူစွာ ကြိုးကိုင်ခြယ်လှယ်နိုင်စွမ်း ရှိသည်။

ကာမသုတြာဂိုဏ်းချုပ်သည် ခန္ဓာကိုယ်နှစ်ခုကို တစ်ပြိုင်နက် ပိုင်ဆိုင်ထားသည်နှင့် ညီမျှသွားပြီး တူညီသော အဆင့်ရှိ ကျင့်ကြံသူများထက် နှစ်ဆပိုမို အစွမ်းထက်လေ၏။

ကိစ္စရပ်အားလုံး ပြီးစီးသွားပြီးနောက် ပိုင်ချူးရန်သည် ကာမသုတြာဂိုဏ်းတွင်ပဲ ရက်အနည်းငယ်ကြာ အနားယူခဲ့သည်။ အဆုံးတွင် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာခဲ့ပြီဖြစ်သော ထန်ရော်ဝေက သူအိမ်ပေါက်ဝသို့ ရောက်ရှိလာ၏။

"ဆရာ။"

မတွေ့ရသည်မှာ ကြာပြီဖြစ်သော ရင်ဘတ်ပြားပြား တပည့်မလေးသည် ခါးထောက်လျက် သူ၏ရှေ့တွင် ရပ်နေပြီး ခေါင်းကိုစောင်းကာ မေးသည်။ "ဆရာ ချီရှင်းတောင်ထွတ်ကို ဘယ်တော့ ပြန်လာမှာလဲ။"

"အိုး... ရော်ဝေ။ မင်း ရောက်လာပြီပဲ။"

ပိုင်ချူးရန်သည် ခေါင်းမော့ကြည့်ပြီး နှုတ်ခမ်းများ မဲ့ကျသွား၏။

"တောက်... ငါတောင် ရွှေအမြု‌တေအဆင့်ကို ရောက်ခဲ့ရင်..."

"ဒါက တပည့်ဖြစ်သူ အဆင့်တက်တာကို မြင်ပြီး ဆရာတစ်ယောက် ရှိသင့်တဲ့ မျက်နှာပေးမျိုးလား။"

ထန်ရော်ဝေက ကူကယ်ရာမဲ့စွာ ပြောသည်။ "ဆရာနဲ့ ဂိုဏ်းချုပ်စုကို လာပြီး မနှောင့်ယှက်ချင်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဂိုဏ်းချုပ်ကျူယွင်ကျီက ကျွန်မဆီ လာတွေ့တယ်။ ဆရာ့ကို ဂိုဏ်းချုပ်စုက ကာမသုတြာဂိုဏ်းဆီကို ဖမ်းဆီးသွားပြီး ကာမသုတြာဂိုဏ်းရဲ့ ဘိုးဘေးဦးလေးကြီး ဖြစ်သွားမှာကို စိုးရိမ်နေတယ်။ ဒါကြောင့် ဆရာ့ကို လာခေါ်ခိုင်းတာ။ ဒီမှာ နေတာ ပြဿနာမရှိပေမဲ့ သူတို့တွေ စိတ်မပူရအောင် အနည်းဆုံးတော့ တစ်ခါတလေ ပြန်လာပြီး မျက်နှာလေး ဘာလေးတော့ လာပြသင့်တယ်တဲ့။"

"ဒါဆိုလည်း ကောင်းပြီလေ။ ငါ ပြန်သွားပြီး အဲဒီကောင်တွေကို သွားပညာပေးလိုက်ဦးမယ်။"

ပိုင်ချူးရန်သည် မတ်တတ်ရပ်လိုက်ပြီး ပြော၏။

"သွားကြစို့။"

"ဆရာ။"

ထန်ရော်ဝေက သူ့အား တားဆီးကာ သတိပေးလေသည်။

"ဂိုဏ်းချုပ်စုကို သီးသန့် သွားမနှုတ်ဆက်တော့ဘူးလား။"

"သူ အခု အလုပ်တွေ ရှုပ်နေလောက်ပြီ။"

"သွားပြီး နှုတ်ဆက်လိုက်တာက ပိုကောင်းပါတယ်။ ကျွန်မကို ယုံပါ။"

ထို့ကြောင့် ထန်ရော်ဝေ၏ တွန်းအားပေးမှုအောက်တွင် ပိုင်ချူးရန်သည် လမ်းမေးကာ ဂိုဏ်းချုပ်၏ စာကြည့်ခန်းအတွင်း အလုပ်လုပ်နေသော စုရှန်ရွှယ်ကို အောင်မြင်စွာ ရှာတွေ့သွား၏။

ယခင်က သူမသည် အလုပ်ကိစ္စအားလုံးကို တပည့်ဖြစ်သူထံ လွှဲပြောင်းပေးခဲ့ပြီး ပိုင်ချူးရန်နှင့်အတူ အချိန်အတန်ကြာ ထွက်သွားခဲ့သဖြင့် ပြန်ရောက်လာပြီးနောက်တွင်မူ၊ ယိုမေ့ချောင်သည် လက်ရှိအလုပ်ကိစ္စ အားလုံးကို ဆရာဖြစ်သူထံသို့ ချက်ချင်း ပြန်လည်လွှဲပြောင်းပေးသည်။

ပိုင်ချူးရန် သူမကို တွေ့သောအခါ ဂိုဏ်းချုပ်စုသည် တပည့်ဖြစ်သူမှာ အလွန် အချောင်ခိုလွန်းသည်ဟု သက်ပြင်းချရင်း ဂိုဏ်း၏ တောင်လိုပုံနေသော ကိစ္စများကို ခေါင်းမဖော်တမ်း ဖြေရှင်းနေရ၏။

"ဘာလဲ။ နင် ပြန်တော့မလို့လား။"

ပိုင်ချူးရန် လာရသည့် အကြောင်းရင်းကို ကြားပြီးနောက် စုရှန်ရွှယ်၏ မျက်နှာပေါ်တွင် မခွဲခွာလိုသော အရိပ်အယောင်များ ထင်ရှားစွာ ပေါ်လာသော်လည်း သူမသည် ခြုံငုံစဉ်းစားတတ်သော အမျိုးသမီးတစ်ဦးဖြစ်ရာ သူ့ကို ဆက်ဆွဲမထားပေ။

"အင်း။ ဒါဆို ငါလည်း ခန္ဓာကိုယ်ပြင်ပ အသွင်ပွားတာရယ်၊ နဂါးတံခါးခုန်ကျော်တာရယ်ကို လေ့ကျင့်ဖို့ အချိန်တစ်ခုလောက် တံခါးပိတ်ကျင့်ကြံရတော့မှာပဲ။ နင် အကူအညီလိုတာ ရှိရင် မေ့ချောင်ကို အကူအညီတောင်းလို့ ရတယ်။"

"အင်း။ ကျေးဇူးအများကြီးတင်ပါတယ်။"

"နင်နဲ့ငါကြားမှာ ကျေးဇူးတင်စရာ လိုလို့လား။ နောက်ထပ် တစ်ခုရှိသေးတယ်။"

ထွက်ခွာရန် ပြင်နေသော ပိုင်ချူးရန်အား စုရှန်ရွှယ်က တားဆီးပြီး မတ်တတ်ရပ်လိုက်သည်။ သူမသည် လက်များကို နောက်ပစ်ကာ ပိုင်ချူးရန်အနီးသို့ ရောက်လာပြီး သူမ၏ မျက်နှာကို သူနှင့်ပိုမိုနီးကပ်စေကာ ရွှန်းလဲ့စွာ ကြည့်ရင်း မေး၏။ "ငါ့ရဲ့ တောင်းဆိုချက်သုံးခုကို သဘောတူခိုင်းထားတာ နင် မှတ်မိသေးလား။"

"သေချာပေါက် မှတ်မိတာပေါ့။"

သူမ၏ ခန္ဓာကိုယ်ပေါ်မှ မွှေးပျံ့သော ရနံ့လေးကို ရှူရှိုက်မိပြီးနောက် ပိုင်ချူးရန်သည် အနောက်သို့ အနည်းငယ် ဆုတ်မိကာ နှာခေါင်းကို ပွတ်သပ်သည်။

"ဘာလဲ။ အခု တောင်းဆိုတော့မလို့လား။"

"အင်း။"

All Chapters