အခန်း ၂၇၃
Vol. 28 Ch. 273
အခန်း (၂၇၃) ကျွန်မက ပျံသန်းနိုင်တယ်
စုရှန်ရွှယ်က ခေါင်းညိတ်လာပြီး ရုတ်တရက် လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တိုးဖွဖွ ပြော၏။
"ကျွန်မကို ဖက်ထားပေး။"
ပိုင်ချူးရန်သည် ခေတ္တမျှ တွေဝေသွားသော်လည်း သူ့လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်ပြီး စုရှန်ရွှယ်၏ သွယ်လျသောခါးကို ဖက်ထားပေးသည်။
ရင်ခွင်ထဲရှိ ကျောက်စိမ်းတမျှ လှပနူးညံ့သော ခန္ဓာကိုယ်လေး၏ နွေးထွေးမွှေးပျံ့မှုက သူ့အား စိတ်လှုပ်ရှားမှုတစ်ခုကို ခံစားရစေသည်။ နှစ်ပေါင်း သုံးထောင်ကျော် သက်တမ်းတစ်လျှောက်တွင် သတ်ဖြတ်လိုစိတ် အလျဉ်းမရှိဘဲ အမျိုးသမီးတစ်ဦးအား သူ ကိုယ်တိုင်ကိုယ်ကျ တက်ကြွစွာ ချဉ်းကပ်ဖက်တွယ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။
စိတ်လှုပ်ရှားမှုကို ခံစားနေရစဉ် ရုတ်တရက် မွှေးပျံ့သော လေပြေလေးတစ်ခု ချဉ်းကပ်လာပြီး စုရှန်ရွှယ်၏ နူးညံ့သော နှုတ်ခမ်းလေးများသည် သူ၏နှုတ်ခမ်းပေါ်သို့ ညင်သာစွာ ဖိကပ်လာ၏။
လူပျိုကြီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလို တောင့်တင်းသွားပြီး စုရှန်ရွှယ်က သူမ၏ လက်များကို သူ၏လည်ပင်းတွင် အနေရခက်စွာ ရစ်ပတ်လာသည်။
ခေတ္တအကြာတွင် ကာမသုတြာဂိုဏ်းချုပ်မလေးသည် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး အနည်းငယ် ရှက်သွေးဖြာစွာ ပြုံးကာ သူမ၏ နားထင်မှ ဆံနွယ်လေးကို လိမ်လျက် ညင်သာစွာ ပြော၏။ "ဂရုစိုက်သွားဦးနော်။”
— — —
'ဘုရားရေ။ ငါ အသက်တိုတော့မှာပဲ။'
'ဆရာ့လို နှစ်ပေါင်း သုံးထောင်တိုင်တိုင် လူပျိုသိုးကြီးဖြစ်နေတဲ့ သံမဏိလို ယောက်ျားကြီးက တခြားမိန်းမတစ်ယောက်နဲ့ တကယ်ကြီး နမ်းရှုံ့ပြီး ပရောပရည် လုပ်နေခဲ့တာလား။'
ထန်ရော်ဝေသည် ပျံသန်းနေသော ဓားပေါ်၌ မျက်လုံးအပြူးသားဖြင့် မှင်သက်စွာ ရပ်နေလျက် စိတ်အာရုံများ လွင့်ပျံ့ကာ ဓားကို အသိလွတ် ပျံသန်းမောင်းနှင်နေမိသည်။
တံခါးအပြင်ဘက်၌ တိတ်တဆိတ် ရပ်နေစဉ်က စုရှန်ရွှယ်နှင့် ပိုင်ချူးရန်တို့ ဘာလုပ်နေခဲ့ကြသနည်းဆိုသည်ကို ပြန်လည်တွေးတောမိတိုင်း ရှက်သွေးဖြာမိကာ မျက်နှာတစ်ခုလုံး နီရဲလာ၏။
"မင်း ဘာလုပ်နေတာလဲ။"
ထိုစဉ် သူမ၏ ကျောဘက်ဆီမှ လူတစ်ယောက်က ရုတ်တရက် လက်ဆန့်ထုတ်ကာ သူမ၏ ပါးပြင်ကို ပုတ်လာသည်။ ထန်ရော်ဝေ သတိဝင်လာချိန်တွင် သူမ၏ အနောက်၌ ရပ်နေသော ပိုင်ချူးရန်က ပြောလိုက်သည်ကို ကြားရသည်။
"ဓားစီးမယ်ဆိုလည်း သေချာ အာရုံစိုက်စီးစမ်းပါ။ ရှေ့ကို မကြည့်ဘဲ သွားနေရင် တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိရင် ဘယ်လိုလုပ်မလဲ။"
ထန်ရော်ဝေသည် ပေပေါင်းထောင်သောင်းချီ မြင့်မားသော ကောင်းကင်ယံ၌ လူက ဘယ်ကနေ ရောက်လာမှာလဲဟု ပြန်လည်ချေပရန် ပြင်လိုက်သော်ငြား သူမ ခေါင်းမော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ငှက်ကြီးတစ်ကောင်ကို စီးနင်းလာသော ကျင့်ကြံသူတစ်ဦးသည် တိမ်တိုက်များမှတစ်ဆင့် ၎င်းတို့ဆီသို့ ရုတ်တရက် ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
ထန်ရော်ဝေသည် အထိတ်တလန့်ဖြင့် အလျင်စလို ကွေ့ရှောင်သည်။ ထိုအရေးကြီးလှသော အခိုက်အတန့်တွင် ပိုင်ချူးရန်သည် သူမ၏ ဓားပျံကို တည်ငြိမ်သွားစေရန် လက်ဆန့်ထုတ်၍ ထိန်းကိုင်ပေးပြီး သူ၏ စစ်မှန်သော ချီစွမ်းအင်ဖြင့်
လေထုကို ထိန်းချုပ်၏။
လေဆင်နှာမောင်းတစ်ခုမှာ ရုတ်ခြည်း တိုက်ခတ်သွားပြီး ထိုကျင့်ကြံသူနှင့် သူတို့ ပျံသန်းမှုလမ်းကြောင်းကို ခွဲထုတ်ပစ်လိုက်သည်။
သူတို့နှစ်ဦးမှာ ဘေးအန္တရာယ်မှ သီသီလေး လွတ်ကင်းစွာ ဖြတ်ကျော်သွားနိုင်ပြီး ထန်ရော်ဝေမှာ ကြောက်ရွံ့ထိတ်လန့်စွာဖြင့် တစ်ဖက်လူကို လှမ်းကြည့်လေ၏။ ထိုကျင့်ကြံသူကလည်း အလွန်ထိတ်လန့်သွားပုံရကာ ခေါင်းလှည့်၍ ကြည့်လာသည်။
"မင်း ဘာတွေ ဖြစ်နေတာလဲ ဟမ်။"
ပိုင်ချူးရန်သည် ထန်ရော်ဝေ၏ ခေါင်းကို လှုပ်ယမ်းလိုက်ရင်း ပြောသည်။
"ဓားစီးနေတုန်း စိတ်လွင့်နေတာက ထားတော့ ပိုအရေးကြီးတာက မင်းက ငါ့ကို ဒီလောက်အမြင့်ကြီးကို ခေါ်လာတယ်ပေါ့လေ။ မင်းကို ငါက ဆရာတစ်ယောက်အနေနဲ့ ချီးကျူးရမလား၊ ဆူပူရမလား ဟမ်"
ထန်ရော်ဝေသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့မိပြီး ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားကာ ဘာမျှ ပြန်မဖြေနိုင်တော့ချေ။
ပိုင်ချူးရန်သည် သူမအား ခေတ္တမျှ စိုက်ကြည့်ပြီးနောက် ရုတ်တရက် မေး၏။ "မင်း မြင်လိုက်တာလား။"
ထန်ရော်ဝေ၏ စစ်မှန်သော ချီစွမ်းအင်မှာ ရုတ်တရက် ရပ်တန့်သွားရာ ဓားပျံသည် မီတာဆယ်ဂဏန်းခန့် အောက်သို့ လွတ်လပ်စွာ ထိုးကျသွားသဖြင့် ပိုင်ချူးရန်ပင် လန့်သွားရသည်။
မိန်းကလေးသည် အလျင်အမြန် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဓားပျံကို တည်ငြိမ်စေကာ ပြောလေ၏။ "ဆရာ ဘာတွေပြောနေတာလဲ။ ရော်ဝေ နားမလည်ဘူး။"
"စာကြည့်ခန်းထဲမှာ ငါနဲ့ ရှန်ရွှယ်အကြောင်း ပြောတာလေ။ တံခါးအပြင်ဘက်မှာ ရပ်နေတုန်း မင်း မြင်လိုက်တာမလား။"
ပိုင်ချူးရန်က ခေတ္တရပ်ပြီး ပြောသည်။
"မလိမ်စမ်းနဲ့။ မင်းရဲ့ ဒီလှည့်ကွက်လေးလောက်ကိုတော့ ငါက မသိဘူးထင်နေလား။ မင်း အနားရောက်လာတာနဲ့ ငါအလိုလို သိနိုင်တယ်။"
"ရှန်ရွှယ်တဲ့လား။ ဘယ်အချိန်တည်းက ဒီလောက်တောင် ရင်းနှီးသွားတာလဲ။"
ပိုင်ချူးရန်သည် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက်ဆိုသလို သူမအား အံ့သြစေသော စကားတစ်ခွန်းကို ပြောလာသည်။ "ရော်ဝေ။ တစ်နေ့ကျရင် မင်းအတွက် ဆရာကတော် ရှာပေးမယ့်အစီအစဥ်ကို မင်း ဘယ်လိုထင်လဲ။"
ထန်ရော်ဝေသည် ဓားပျံကို ဆက်လက် မထိန်းချုပ်နိုင်တော့ပေ။ သူတို့နှစ်ယောက်သည် အော်ဟစ်သံများနှင့်အတူ ခွန်းလင်ဓားလည်း တိမ်တိုက်များကြားသို့ ထိုးဆင်းသွားတော့၏။ ပိုင်ချူးရန်သည် အလောတကြီးဖြင့် ထန်ရော်ဝေအား အလျင်အမြန် လှမ်းဖက်ကာ မြေပြင်ပေါ်သို့ ခုန်ချရတော့သည်။
ပိုင်ချူးရန်သည် အချင်း နှစ်မိုင်ကျော်ခန့် ကျယ်ဝန်းသော တွင်းကြီးတစ်ခုထဲမှ တွားသွားတက်လာပြီးနောက် ကြောင်တောင်တောင်ဖြစ်နေသော မိန်းကလေးအား ပြော၏။ "ထားလိုက်ပါတော့။ မပျံနဲ့တော့။ ဆရာနဲ့အတူ လမ်းလျှောက်ပြီးပဲ ပြန်လိုက်ခဲ့တော့။"