အခန်း ၂၇၄
Vol. 28 Ch. 274
အခန်း (၂၇၄) ကျွန်မက ပျံသန်းနိုင်တယ် [၁]
ချီမင်ဓားဂိုဏ်းသို့ ပြန်ရောက်ပြီးနောက် ပိုင်ချူးရန်သည် ပင်မတောင်ထွတ်ရှိ ကျူးယွင်ကျီထံသို့ ခဏသွားပြီး အကြီးအကဲများရှေ့၌ လူလုံးထွက်ပြ၏။ သူသည် ကာမသုတြာဂိုဏ်းမှ စုန်းမလေး၏ ဖမ်းဆီးခေါ်ဆောင်ခြင်း မခံရကြောင်း သက်သေပြပြီး ကျူးယွင်ကျီအား အခွင့်ကောင်းယူ၍ ဆူပူကြိမ်းမောင်းလိုက်သည်။
ထို့အပြင် ကနဦး နတ်ဆိုးဧကရာဇ်ဘိုးဘေး၏ အရိုးများဖြင့် ပြုလုပ်ထားသော အင်မော်တယ်ဓားနှင့် နတ်ဆိုးဧကရာဇ်၏ ပြိုင်ဘက်ကင်း ကျင့်စဉ်စာအုပ်နှစ်အုပ်ကို ကျူးယွင်ကျီတို့အား ပေးအပ်ခဲ့ပြီး ချီမင်ဓားဂိုဏ်း၏ အကာအကွယ်အစီအရင်ကို ပိုမိုကောင်းမွန် ပြည့်စုံလာစေရန် ပြင်ဆင်မွမ်းမံရန် ပြောကြားခဲ့သည်။
ထို့နောက် သူသည် ထန်ရော်ဝေကို ခေါ်ဆောင်ကာ ချီရှင်းတောင်ထွတ်သို့ ပြန်လာပြီး အပြင်ထပ်မထွက်တော့ဘဲ အချိန်အတန်ကြာ အိမ်တွင်းအောင်းဘဝကို စတင်လေ၏။
ပိုင်ချူးရန်သည် ကျီရှန်း၏ လမ်းညွှန်မှုအောက်၌ မြေကမ္ဘာအင်မော်တယ်ခေတ်မှ အသုံးဝင်နိုင်သော စွမ်းအင်အချို့ကို စီစဉ်ပေးခဲ့ပြီး အထောက်အပံ့ပစ္စည်းအချို့ သွားရောက် ဝယ်ယူခဲ့သည်။
ပိုင်ချူးရန် လုပ်ရပ်များကို အတူနေထိုင်သော ထန်ရော်ဝေက သတိထားမိသွားလေ၏။ ထိုမိန်းကလေးက ပိုင်ချူးရန်အား အချိန်ခဏနေလျှင် ထပ်ပြီး အပြင်ထွက်ဦးမလားဟု မေးသောအခါ ပိုင်ချူးရန်က ဟုတ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထန်ရော်ဝေသည် ဘာမျှ ထပ်မပြောတော့ပေ။ ပိုင်ချူးရန်သည် သူ၏ အဆင့်တက်ရေး အစီအစဉ်များဖြင့် အလုပ်ရှုပ်နေကြောင်း သူမ သိသောကြောင့် အနည်းငယ် အထီးကျန်ဆန်စွာသာ တုံ့ပြန်ခဲ့သည်။
သူမ ယခုလိုဖြစ်နေသည်ကို မြင်သောအခါ ပိုင်ချူးရန်သည် သူမကို လှမ်းခေါ်၏။ "ရော်ဝေ လာဦး။ ဆရာ မင်းကို ရတနာတစ်ခု ပြမယ်။"
"ဒါက ဘာကြီးလဲ။"
ထန်ရော်ဝေသည် သံသယဖြင့် အနီးသို့ တိုးကပ်လာရာ ပိုင်ချူးရန်က သိုလှောင်ရေးအိတ်ထဲမှ ပေကြိုးခွေတစ်ခုကို ထုတ်ယူလာသည်ကို တွေ့လိုက်ရသည်။
"ဒါက နတ်ဆိုးနယ်မြေမှာ ဆရာ မင်းအတွက် သီးသန့် ဖန်တီးခဲ့တဲ့ အင်မော်တယ် ရတနာတွေထဲက တစ်ခုပဲ။ မင်းက တိုင်းတာရေးဆွဲရတာကို သဘောကျတယ် မဟုတ်လား။ ဒါကို မင်းသုံးဖို့ ပေးလိုက်မယ်။"
ပိုင်ချူးရန်သည် ထန်ရော်ဝေအား ပေကြိုးခွေကို ကမ်းပေးပြီး ခေါင်းလှည့်ကာ သူ၏ စာအုပ်စင်ကို မွှေနှောက်ရှာဖွေရင်း ပြော၏။ "ဒါက လွတ်လွတ်လပ်လပ် ဆန့်ထုတ်လို့ရပြီး စကေးကလည်း အရမ်း တိကျတယ်။ အခြေခံဆို သူ မတိုင်းနိုင်တဲ့ အလျားဆိုတာ မရှိဘူး။ မင်း ဒါကို လက်နက်အနေနဲ့လည်း သုံးလို့ရတယ်။ သူက ထောင့်စွန်းတွေ ထက်ရှလို့ ဓားပျော့တစ်လက်အနေနဲ့ သုံးလို့ရတယ်။ ရွှေအမြုတေအဆင့်လည်း ရောက်ပြီဆိုတော့ မင်းအတွက် ဓားသိုင်းအသစ်နဲ့ လက်ဝါးသိုင်းအသစ်တွေကို ဆရာ ပြင်ဆင်ထားပေးတယ်။ သေချာ သင်ယူပါ။ ဟင်... မင်း ဘာလုပ်နေတာလဲ။"
ထန်ရော်ဝေသည် သူမ၏ ရင်ဘတ်တွင် ပတ်ထားသော ပေကြိုးကို အလောတကြီး ရုပ်သိမ်းပြီး အနေရခက်စွာ ချောင်းဟန့်ကာ ပြန်ဖြေသည်။ "ဘာ... ဘာမှမလုပ်ပါဘူး။"
ပိုင်ချူးရန်သည် သူမအား အထက်အောက် အကဲခတ်ကြည့်ပြီးနောက် ပြုံးကာ ပြောသည်။ "မင်းကတော့ ဒါရဲ့ အသုံးအဝင်ဆုံးအချက်ကို ရှာတွေ့သွားပုံပဲ။ အင်းပါ... မင်း စိတ်ကြည်နေရင် မင်းရဲ့ ရင်ဘတ်ကို တိုင်းဖို့လည်း သုံးလို့ရတာပါပဲ။ ဒါနဲ့ စကားမစပ် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကရော ဘယ်အဆင့်ထိ ရောက်နေပြီလဲ။"
"အဆင့်နှစ်ဆယ်ပါ။"
ထန်ရော်ဝေက ခါးသီးစွာ ပြော၏။
"အဲဒီမှာ တစ်ပတ်လည်နေတာ တစ်နှစ်ကျော်နေပါပြီ။"
"ဖြည်းဖြည်းချင်း ကြိုးစားပေါ့။ ဘာပဲဖြစ်ဖြစ် အဆင့်ငါးဆယ်ထိ ရှိတယ်ဆိုတာ မှတ်ထား။ နောက်ပိုင်းရောက်လေ ပိုခက်လေပဲ။"
ပိုင်ချူးရန်သည် သူ ထုတ်ယူထားသော စာအုပ်ကို ထန်ရော်ဝေထံ ကမ်းပေးသည်။
"ဒီတစ်ခါ ဆရာ့မှာ လုပ်စရာကိစ္စရှိလို့ မင်းကို ကိုယ်တိုင်ကိုယ်ကျ မသင်ပေးနိုင်ဘူး။ လက်ဝါးသိုင်းနဲ့ ဓားသိုင်းတွေ အကုန်လုံး ဒီထဲမှာ ရှိတယ်။ မင်းဘာသာမင်း ယူပြီး လေ့ကျင့်လိုက် နားမလည်တာရှိရင် ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေကို မေးကြည့်ပါ။ သူတို့ ရှင်းပြပေးလိမ့်မယ်။"
သူ မှာကြားနေစဉ်မှာပင် ပိုင်ချူးရန်၏ တံခါးအပြင်ဘက်မှ မိန်းကလေးတစ်ဦး၏ ခေါ်သံ ရုတ်တရက် ထွက်ပေါ်သည်။
"စီနီယာ ဓားဘိုးဘေး ရှိပါသလားရှင်။ ကောင်းကင်နတ်ဆိုးဂိုဏ်းက လီကျင်းယောင် လာရောက် ဂါရဝပြုပါတယ်။"
"မိန်းကလေးလီလား။"
ပိုင်ချူးရန်သည် ထန်ရော်ဝေအား ကြည့်ကာ ပြော၏။ "သူက ဒီမှာ ဘာလာလုပ်တာလဲ။"
"အင်းလေ။ ဘာကိစ္စပါလိမ့်။"
ထန်ရော်ဝေသည် ခေါင်းလှည့်ကာ သူမ၏ ပါးကိုကုတ်ရင်း ပြန်ပြောသည်။ အတန်ကြာပြီးနောက် အထဲမှ ပြန်ထူးသံ မကြားရ၍ လီကျင်းယောင်က ထပ်မံ အော်ခေါ်သည်။
"ရော်ဝေ ရှိလား။ အစ်မက မင်းနဲ့ အရေးကြီးကိစ္စ တိုင်ပင်စရာရှိလို့ လာခဲ့တာ။"
"မိန်းကလေးလီ။"
ပိုင်ချူးရန်က ပါးစပ်ဟကာ ပြန်ထူးလိုက်၏။
"ရော်ဝေ ဒီမှာရှိတယ်။ ၀င်ခဲ့ပါ။"