အခန်း ၂၇၆
Vol. 28 Ch. 276
အခန်း (၂၇၆) တောရိုင်းနယ်မြေကို ဖြတ်သန်းခြင်း
လီကျင်းယောင်သည် ပိုင်ချူးရန်၏ တောင်းဆိုချက်ကို ဝန်လေးခြင်းအလျဉ်းမရှိဘဲ ကြည်ဖြူစွာ လက်ခံ၏။
ယခင်က စုရှန်ရွှယ်နှင့် ပိုင်ချူးရန်တို့၏ ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရပြီးနောက် ထန်ရော်ဝေသည် ပိုင်ချူးရန် ထပ်မံထွက်ခွာမည့် သတင်းကို လီကျင်းယောင်ထံသို့ လျှို့ဝှက်စွာ စာပို့ခဲ့သည်။
ထို့ကြောင့် လီကျင်းယောင်တစ်ယောက် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချီမင်ဓားဂိုဏ်းဆီသို့ နေ့မနားညမနား ပြေးလာခဲ့ခြင်းပင်။ ဂိုဏ်းသို့အရောက်တွင်မူ ပိုင်ချူးရန်နှင့်အတူ လိုက်ပါသွားလိုသော သူမဆန္ဒများက ထိန်းမနိုင်သိမ်းမရ ပြင်းပြနေ၏။
စုရှန်ရွှယ်၏ ပြင်းထန်သော ထိုးစစ်ဆင်မှုများက ပိုင်ချူးရန်ကို အကျပ်ရိုက်စေရုံသာမက လီကျင်းယောင်ကိုပါ တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသော ခြိမ်းခြောက်မှုအငွေ့အသက်များကို ခံစားလာရစေသည်။
သို့သော် ပိုင်ချူးရန်ကမူ သူမအား လွယ်လွယ်နှင့် ခေါ်ဆောင်သွားမည်မဟုတ်ပေ။ တောရိုင်းနယ်မြေ၏ နေရာအနှံ့တွင် ကြီးမားလှသော အန္တရာယ်များ ကိန်းအောင်းနေသည့်အပြင် ယခု သူသွားရောက်မည့်နေရာမှာ ရှေးဟောင်းနတ်ဘုရားများ၏ သင်္ချိုင်းလည်းဖြစ်နေ၏။
ပထမမျိုးဆက် နတ်ဆိုးဧကရာဇ်ကြီး သေဆုံးသွားခဲ့သည်မှာ နှစ်ကာလများစွာ ကြာမြင့်ခဲ့ပြီဆိုသော်ငြား တနည်းနည်းများဖြင့် ဖုတ်တစ်ကောင်အဖြစ် ရှင်သန်ထမြောက်လာခဲ့သည်။ သို့ဖြစ်ရာ သဘာဝတရား၏ လူဝင်စားများအဖြစ် တင်စားခေါ်ဝေါ်ကြသော နတ်ဘုရားများတွင် ထိုသို့ ရှင်သန်နိုင်မည့် လျှို့ဝှက်နည်းလမ်းများ မရှိဟု ပိုင်ချူးရန် မယုံကြည်ပေ။
ထိုအပြင် လက်ရှိတွင် သူကိုယ်တိုင်ကလည်း စွမ်းအား ၁၀ ရာခိုင်နှုန်းထက်ပို၍ ထင်သလို ထုတ်သုံးနိုင်စွမ်း မရှိတော့ချေ။ ပြီးခဲ့သည့်အကြိမ်က ကနဦးနတ်ဆိုးဧကရာဇ်နှင့် ရင်ဆိုင်ရစဉ် သူ့အနေဖြင့် စွမ်းအားများကို မဖြစ်မနေ ပိုထုတ်သုံးခဲ့ရ၏။ ယခုအခါ သူ၏ ဒန်ထျန်အတွင်းရှိ စစ်မှန်သော ချီစွမ်းအင်များကို ၁၀ ရာခိုင်နှုန်းထက်ပို၍ လည်ပတ်သည်နှင့် တစ်ပြိုင်နက် အဆင့်တက်ရန် တွန်းကန်နေသော အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားလှိုင်းလုံးကြီးကို ခံစားရမည်ဖြစ်သည်။
သူ၏အဆင့်ကို ဦးစွာဖိနှိပ်ထားရန် ကျီရှန်းက အကြံပြုထားသည်ကိုပါ ထည့်သွင်းစဉ်းစားပြီးနောက် စူးစမ်းလေ့လာရေးခရီးစဉ်တစ်လျှောက် အသက်အန္တရာယ်နှင့် ကြုံတွေ့ရလောက်သည်အထိ အခြေအနေ မဆိုးရွားသရွေ့ စွမ်းအားများကို အလွန်အကျွံ ထုတ်သုံးခြင်းမပြုရန် ပိုင်ချူးရန် ဆုံးဖြတ်ထား၏။
သို့ရာတွင် နတ်ဘုရားများနှင့် အမှန်တကယ် ရင်ဆိုင်ရချိန်၌ မည်သို့ဖြစ်လာမည်ကို သူ ကိုယ်တိုင်လည်း တပ်အပ်မပြောနိုင်ပေ။ အကယ်၍ မမျှော်လင့်ထားသော အခြေအနေတစ်ရပ်ကြောင့် သူနှင့် လီကျင်းယောင်တို့ ကွဲကွာသွားခဲ့လျှင် တောရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံးနေရာမှနေ၍ ကျီုးကျီုးနယ်မြေဆယ်ခုဆီသို့ လီကျင်းယောင်တစ်ယောက်တည်း အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုကို သူ ကြိုတင်ပြင်ဆင်ထားမှ ဖြစ်ပေမည်။
ပိုင်ချူးရန်က သူ၏စိုးရိမ်ပူပန်မှုများကို ကျီရှန်းအား ဖွင့်ဟတိုင်ပင်လိုက်သောအခါ ကျီရှန်းက မဆိုင်းမတွပင် ပြော၏။ "ဒါက ဘာခက်လို့လဲ။ လာ ကောင်မလေး။ နေရာလွတ်ကို ထိန်းချုပ်နိုင်တဲ့ မန္တန်တစ်ခု ငါ သင်ပေးမယ်။"
"နေစမ်းပါဦး။"
ပိုင်ချူးရန်က အသံကျယ်ကျယ်ဖြင့် ဝင်တားသည်။ "မင်းဆီမှာ အဲဒီလို မန္တန်မျိုးရှိနေတာကို ငါ့ကိုကျတော့ ဘာလို့ မပြောခဲ့ရတာလဲ။"
မထင်မှတ်ထားစွာပင် ကျီရှန်းက ပိုင်ချူးရန်အား အထင်အမြင်သေးသည့်ဟန်ဖြင့် ပြန်ချေပ၏။
"ဒီမန္တာန်တွေရဲ့ အနိမ့်ဆုံးသတ်မှတ်ချက်က စိတ်ဝိဉာဉ်ခွဲထွက်ခြင်းအဆင့်ကွ။ မင်းကို ပြောပြရင်ရော ကျင့်ကြံနိုင်မှာမို့လို့လား။"
ပိုင်ချူးရန်တစ်ယောက် ဆွံ့အသွားကာ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
အာကာသလေဟာနယ် မန္တန်များဆိုသည်မှာ သေးငယ်သော မန္တန်များစွာဖြင့် စနစ်တကျ ဖွဲ့စည်းထားသည့် ပညာရပ်တစ်ခုဖြစ်ပြီး အနိမ့်ဆုံးသတ်မှတ်ချက်အနေဖြင့် စိတ်ဝိဉာဉ်ခွဲထွက်ခြင်းအဆင့်အထိ ရောက်ရှိထားရန် လိုအပ်သည်။ ထိုမန္တန်၏ သဘာဝကိုယ်ကပင် အလွန်တရာ နက်နဲခက်ခဲ၏။
သို့ရာတွင် ကောင်းကင်နတ်ဆိုးခန္ဓာကို ပိုင်ဆိုင်ထားသော လီကျင်းယောင်သည် ပါရမီထူးကဲသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသွားသည်။ သာမန်ကျင့်ကြံသူများအနေဖြင့် လေဟာနယ်မန္တန်များကို စတင်အသုံးပြုနိုင်ရန် အချိန်အတော်ကြာ လေ့ကျင့်ရသော်လည်း သူမကမူ လဝက်ခန့်ဖြင့်ပင် အောင်မြင်စွာ အသုံးချနိုင်၏။
တစ်ချိန်တည်းမှာပင် ကျီရှန်း သင်ကြားပေးသော နေရာလွတ်အား ဖြတ်သန်းသွားလာနိုင်သည့် လျှို့ဝှက်မန္တန်ကိုပါ သူမ တတ်မြောက်သွားသည်။
ကျီရှန်း၏ လမ်းညွှန်ပြသမှုဖြင့် သူမ ဆုတ်ခွာရမည့်နေရာအား ပိုင်ချူးရန်၏ ခြံဝင်းတည်ရှိရာ ကြယ်ခုနစ်ပွင့်တောင်ထွတ်အဖြစ် သတ်မှတ်လိုက်၏။ ထို့နောက် ပိုင်ချူးရန်၏ တိုက်တွန်းမှုအရ သူမသည် ကောင်းကင်နတ်ဆိုးဂိုဏ်းသို့ အချိန်ယူပြန်သွားပြီး သူမ၏ဆရာ ကျီလင်ယွင်နှင့် ဟွမ်ဖုဖိန်တို့အား ခရီးစဉ်အကြောင်းကို အသိပေးသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျီလင်ယွင်က ထိုအစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်၏။ ပိုင်ချူးရန်သည် သူမ အမုန်းဆုံးပုဂ္ဂိုလ်ဖြစ်သည့် ကျူးယွင်ကျီ၏ ဆရာဖြစ်နေသောကြောင့် အတော်ပင် မျက်မှုန်းကျီုးမိသည်။ ပို၍အရေးကြီးသည့်အချက်မှာ လီကျင်းယောင်ကို ပိုင်ချူးရန်နောက်သို့လိုက်၍ အန္တရာယ်အငွေ့အသက်များကြားသို့ မဆင်းသွားစေလိုခြင်းပင်။
သို့သော် ဟွမ်ဖုဖိန်သည် သဘောတူလာပြီး ပိုင်ချူးရန်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦး အနားတွင်ရှိနေသရွေ့ လီကျင်းယောင်အတွက် ယခုခရီးစဉ်သည် ရတောင့်ရခဲသော အတွေ့အကြုံကောင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု ယုံကြည်ထား၏။
အကယ်၍များ ပိုင်ချူးရန်ပါရှိနေလျက်နှင့်ပင် သူတို့နှစ်ဦးစလုံး တစ်ခုခုဖြစ်သွားခဲ့လျှင် ထိုအန္တရာယ်ဆိုးကြီးသည် တစ်နေ့တွင် တောရိုင်းနယ်မြေအတွင်းမှ ထွက်ပေါ်လာမည်မှာ အသေအချာပင်ဖြစ်ရာ ကျီုကျီူးနယ်မြေဆယ်ခုလုံးရှိ မည်သူတစ်ဦးတစ်ယောက်မျှ ကင်းလွတ်ခွင့်ရမည်မဟုတ်ပေ။
အဆင့်အတန်းအရဆိုကလျှင် ဟွမ်ဖုဖိန်သည် ကျီလင်ယွင်၏ ဆရာဖြစ်နေသောကြောင့် အဆုံးတွင် လီကျင်းယောင်သည် ဂိုဏ်းအကြီးအကဲများ၏ သဘောတူခွင့်ပြုချက်ကို အောင်မြင်စွာရရှိခဲ့ပြီး ပိုင်ချူးရန်နှင့်အတူ တောရိုင်းနယ်မြေ ခရီးစဉ်သို့ လိုက်ပါခွင့် ရသွားလေ၏။