← Chapters

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း ၂၇၇

Vol. 28 Ch. 277

အခန်း (၂၇၇) တောရိုင်းနယ်မြေကို ဖြတ်သန်းခြင်း [၂]

ဟွမ်ဖုဖိန်၏ တောင်းဆိုချက်ကို သဘောတူလက်ခံပြီးနောက် ပိုင်ချူးရန်သည် လီကျင်းယောင်အား ရည်ရွယ်ချက်ရှိရှိဖြင့် လေ့ကျင့်သင်ကြားပေးသည်။ အနောက်ဘက်မြေပြင်ကို ဖြတ်ကျော်၍ တောရိုင်းနယ်မြေအတွင်းသို့ ဝင်ရောက်လာချိန်တွင် သူတို့နှစ်ဦးသည် ခရီးသွားနှုန်းကို တမင်နှေးကွေးစေလိုက်သည်။ လမ်းတစ်လျှောက် ဝင်ရောက်တိုက်ခိုက်လာသမျှ သားရဲလှိုင်းလုံးများကို လီကျင်းယောင်ကသာ အဓိကထား ရှင်းလင်းရပြီး ပိုင်ချူးရန်ကမူ ဘေးမှနေ၍ အကဲခတ်ကာ အကာအကွယ်ပေး၏။

ဖိုသို့ အကဲခတ်နေရင်းမှ လီကျင်းယောင်၏ မွေးရာပါပါရမီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှကြောင်း ပိုင်ချူးရန် တွေ့ရှိခဲ့သည်။ ရူးသွပ်နေသော တောရိုင်းသားရဲများနှင့် ပထမဆုံး စတင်ရင်ဆိုင်ရချိန်တွင် သူမသည် အနည်းငယ် တွန့်ဆုတ်နေမိကာ တိုက်ပွဲတစ်လှိုင်း ပြီးဆုံးသွားတိုင်း အမောဖြေရန် အချိန်အတော်ကြာ နားရသည်။

သို့သော် မကြာမီမှာပင် သူမ၏ တိုက်ခိုက်ရေးစွမ်းရည်များက သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်လောက်အောင် လျင်မြန်လှသော အရှိန်ဖြင့် တဟုန်ထိုး တိုးတက်လာ၏။ သာမန်ကျင့်ကြံသူများသည် အဆင့်သစ်တစ်ခုသို့ ချိုးဖောက်ဝင်ရောက်ပြီးစအချိန်တွင် ထိုအဆင့်နှင့် မကျွမ်းဝင်သေးသဖြင့် အနည်းငယ် ယိမ်းယိုင်နေတတ်သော်လည်း သူမတွင်မူ ထိုသို့သော အားနည်းချက်မျိုး လုံးဝမရှိပေ။

နဂါးသွားဓားများနှင့် ပတ်သက်၍လည်း ထိုနည်းလည်းကောင်းပင်။ သူမ လက်ထဲသို့ ရောက်စအချိန်က အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသော်လည်း သိပ်မကြာမီမှာပင် သူမ၏ စိတ်ဆန္ဒအတိုင်း လွတ်လပ်ပေါ့ပါးစွာ ထိန်းချုပ်အသုံးပြုနိုင်လာ၏။

လေးငါးရက်အတွင်းမှာပင် ထိုအင်မော်တယ်ရတနာသည် သူမ၏ အမိန့်ပေးညွှန်ကြားမှုအောက်တွင် အကြွင်းမဲ့ အညံ့ခံလာကြပြီး အသစ်မွေးဖွားလာသော လက်နက်ဝိညာဉ်သည်လည်း သူမအပေါ် အသက်ဆက်ကပ်ကာ သစ္စာအရှိဆုံးသော နောက်လိုက်တစ်ပါး ဖြစ်လာသည်။

တိုက်ပွဲများနှင့် အသားကျသွားပြီးနောက်တွင်မူ လီကျင်းယောင်သည် ညဘက်၌ ချက်ပြုတ်စီမံခြင်း ကိစ္စရပ်များကိုပါ စတင်တာဝန်ယူသည်။ သူမ၏ ဟင်းချက်လက်ရာမှာ အမှန်ပင် ပြောစရာမလိုအောင် ကောင်းမွန်လှ၏။ အနည်းဆုံးတော့ ပိုင်ချူးရန် စားသောက်ပြီးသွားချိန်တိုင်း ကမ္ဘာပေါ်ရှိ ရှားပါးလှသော ဟင်းလျာများကို သုံးဆောင်လိုက်ရသည့်အလား ခံစားခဲ့ရပြီး ညစဉ်ညတိုင်း လူနှစ်ယောက်စာအတွက် သပ်ရပ်စွာ အိပ်ရာခင်းပေးလေ့ရှိသည်။

ထိုသို့ဖြင့် တစ်ပတ်၊ နှစ်ပတ်ခန့် ကြာမြင့်လာသောအခါ ပိုင်ချူးရန်တစ်ယောက် ကောင်မလေးတစ်ဦးအား အစေခံတစ်ယောက်လို ခိုင်းစေနေမိသည့်အလား စိတ်မလုံမလဲ ခံစားလာရ၏။

လမ်းတစ်လျှောက် ခရီးသွားလိုက် နားလိုက်ဖြင့် တစ်လကျော်ကြာမြင့်ပြီးနောက်တွင်မူ ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့သည် ဝိညာဉ်ကြေကွဲမြစ်၏ ကမ်းစပ်သို့ အရောက်လှမ်းနိုင်ခဲ့ကြသည်။

အချိန် သိပ်မကြာလှသေးသော်ငြား ယနေ့ ဝိညာဉ်ကြေကွဲမြစ်အတွင်းရှိ ရေနေသားရဲမျိုးစုံ၏ အသွင်အပြင်များမှာ တစ်နေ့တခြား ပိုမိုထူးဆန်းလာ၏။ ခွေးခေါင်း၊ ဘဲခေါင်းနှင့် ဝက်ဝံဖြူခေါင်းများ တပ်ဆင်ထားသော မိစ္ဆာကောင်များ ရေလှိုင်းများကြားတွင် နိမ့်ချည်မြင့်ချည် ကူးခတ်သွားလာနေကြပြီး အခြားသော ရေနေတောရိုင်းသားရဲများကိုပါ ရူးသွပ်စွာ လိုက်လံသတ်ဖြတ်နေသည်ကို ပိုင်ချူးရန် မြင်လေသည်။

"ဒီမြစ်ကြီးက တဖြည်းဖြည်း ထူးဆန်းလာပြီ။"

လီကျင်းယောင်၏ ဓားကျောပေါ်တွင်ရပ်ကာ ဝိညာဉ်ကြေကွဲမြစ်ကို ဖြတ်သန်းနေစဉ် ပိုင်ချူးရန်က လေးနက်သောလေသံဖြင့် ရေရွတ်၏။

တောရိုင်းနယ်မြေထဲရှိ အားနည်းသူကို အားကြီးသူက အနိုင်ကျင့် ဝါးမြိုတတ်သည့် ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို လီကျင်းယောင် မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။

သွေးများဖြင့် နီရဲစွန်းထင်းနေသော ဝိညာဉ်ကြေကွဲမြစ်ကြီးကို သူမ လှည့်ကြည့်ရင်း မမေးဘဲ မနေနိုင်တော့ချေ။ "စီနီယာ ဓားဘိုးဘေး။ သူတို့တွေ အခုလို တစ်ကောင်နဲ့တစ်ကောင် အငမ်းမရ မျိုချနေကြမယ်ဆိုရင် နောက်ဆုံးကျန်ခဲ့တဲ့ သားရဲက ဘယ်လိုကြောက်စရာကောင်းတဲ့ ပုံစံမျိုး ပြောင်းလဲသွားမလဲဟင်။"

"ငါလည်း မသိဘူး။ လောလောဆယ်တော့ ဒီတောရိုင်းနယ်မြေထဲက ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ငါတို့ သိထားတာတွေက အရမ်းကို နည်းလွန်းနေသေးတယ်။" ပိုင်ချူးရန်က ပြန်ဖြေ၏။

"ကျီရှန်း။ မင်းရော သိလား။"

ပိုင်ချူးရန်၏ ခါးပေါ်မှ ကျီရှန်းက အနည်းငယ် တုန်ခါသွားပြီး ပြန်ဖြေသည်။ "ငါတို့ခေတ်တုန်းက အကြောင်းရင်းကို သေသေချာချာ မရှာဖွေနိုင်ခဲ့တာတော့ တော်တော်လေး နှမြောစရာကောင်းတယ်။ နတ်ဆိုးတွေကို ခုခံဖို့လောက်နဲ့တင် ငါတို့တွေ အစွမ်းကုန် ကြိုးစားရုန်းကန်ခဲ့ရတာလေ။"

"ဒါပေမဲ့ ဒီတစ်ခေါက် မင်းတို့နောက်ကို လိုက်ပါလာရတော့ မဟာဉာဏ်ပညာကတစ်ဆင့် စိတ်ဝင်စားစရာ အချက်အလက် တော်တော်များများကို သိလာရတယ်။ ဥပမာပြောရရင် ဒီတောရိုင်းနယ်မြေထဲက လူသားတွေအတွက် အဆိပ်သင့်စေလောက်တဲ့ လေထုက ငါ့အမြင်အရတော့ ကြွင်းကျန်ရစ်တဲ့ နာကြည်းချက်တွေ ပဲ။ ပြီးတော့ ဒီတောရိုင်းသားရဲတွေကလည်း ဒီနာကြည်းချက်တွေကို ပိုင်ဆိုင်ထားတဲ့ သခင်နဲ့ ဆက်နွှယ်နေတယ်။"

"ဒီတစ်ခေါက် ငါတို့ရဲ့ ရှာဖွေတွေ့ရှိမှုကတော့ သေးမှာ မဟုတ်ဘူးနဲ့တူတယ်။" ပိုင်ချူးရန် ပြုံးမိသွားသည်။

လီကျင်းယောင်သည် ဓားပျံကို မောင်းနှင်ကာ ဝိညာဉ်ကြေမွမြစ်၏ တစ်ဖက်ကမ်းသို့ ညင်သာစွာ ဆင်းသက်၏။ ထို့နောက် ပိုင်ချူးရန် ‌ဓားဖြင့်ပျံသန်းခြင်းကို ရပ်တန့်စေပြီး သူတို့နှစ်ဦး မြေပြင်ပေါ်တွင် ခြေလျင် စတင်လျှောက်လှမ်းကြသည်။

ဝိညာဉ်ကြေကွဲမြစ်၏ အနောက်ဘက်ကမ်းရှိ သားရဲလှိုင်းလုံးများမှာ လီကျင်းယောင် ရင်ဆိုင်နိုင်စွမ်းရှိသည့် အဆင့်ထက် ကျော်လွန်နေသည်။ ထို့ကြောင့် ယခု နေရာမှစ၍ ပိုင်ချူးရန် ကိုယ်တိုင် ဦးဆောင်လမ်းဖောက်ပေးရတော့မည်။

သိုလှောင်အိတ်အတွင်းရှိ မြေပုံလမ်းညွှန်ချက်အရ ပိုင်ချူးရန်သည် လီကျင်းယောင်အား သေမင်းနတ်ဘုရားသင်္ချိုင်းဘက်သို့ ဦးဆောင်ခေါ်သွား၏။ နာကြည်းချက်များ၏ အရင်းအမြစ်မှာ ထိုသေမင်းနတ်ဘုရားသင်္ချိုင်းပင် ဖြစ်ပုံရပြီး သူတို့နှစ်ဦး နက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ တောရိုင်းနယ်မြေအတွင်းရှိ အဆိပ်ပြင်းသော နာကြည်းချက်အငွေ့အသက်များမှာ ပိုမိုသိပ်သည်းပြင်းထန်လာသည်။ ထို နာကြည်းချက်မှာ အလွန်ပြင်းထန်လှသဖြင့် စိတ်ဝိဉာဉ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူ လီကျင်းယောင်ပင်လျှင် သူမ၏ ချီစွမ်းအင်များကို အစွမ်းကုန်လည်ပတ်ကာ ခန္ဓာကိုယ် ပျက်စီးယိုယွင်းမသွားစေရန် ခက်ခက်ခဲခဲ ကာကွယ်ထားရ၏။

အဆုံးတွင် ပိုင်ချူးရန်သည် လီကျင်းယောင်အား သေမင်းသင်္ချိုင်းဝင်ပေါက်ဆီသို့ ဘေးကင်းစွာ ခေါ်ဆောင်သွားနိုင်သော်လည်း သူတို့နှစ်ဦး ထိုနေရာတွင်ပင် ရုတ်တရက် ရပ်တန့်မိသွားသည်။

အကြောင်းအရင်းမှာ အခြားမဟုတ်ပေ။ သူတို့၏ရှေ့တည့်တည့် နတ်ဘုရားများ၏ နယ်မြေဆီသို့ သွားရာ တစ်ခုတည်းသော လမ်းမကြီးပေါ်တွင် ကြောက်မက်ဖွယ်ကောင်းလှသော တောင်တမျှ ကြီးမားသည့် နတ်ဆိုးအချို့ ပေါ်လာပြီး ယိမ်းထိုးလမ်းလျှောက်နေကြသောကြောင့်သာ ဖြစ်လေ၏။

All Chapters