အခန်း ၂၇၈
Vol. 28 Ch. 278
အခန်း (၂၇၈) သေမင်းမြေ
ထိုနေရာတွင် ဧရာမ နတ်ဆိုးကြီး စုစုပေါင်း ငါးကောင်တိတိ ရှိနေပြီး သူတို့၏ ကြောက်မက်ဖွယ် ပုံသဏ္ဌာန်နှင့် စွမ်းရည်များမှာ တစ်ကောင်နှင့်တစ်ကောင် တူညီခြင်းမရှိဘဲ ကွဲပြားခြားနား၏။
ပေရာချီ မားမားမတ်မတ် မြင့်တက်နေသော ခန္ဓာကိုယ်ကြီးများကို မေ့ထားလျှင်ပင် ထိုနတ်ဆိုးကြီးငါးကောင်သည် တစ်မျိုးနွယ်တည်းမှ ဆင်းသက်လာသော သတ္တဝါများဟု ဆိုရန် မဖြစ်နိုင်လောက်အောင် အသွင်အပြင်များ ကွဲလွဲနေသည်။ သူတို့သည် နတ်ဘုရားများ၏ နယ်မြေဆီသို့ သွားရာ ဝင်ပေါက်တစ်ဝိုက်တွင် ဟိုယိုဒီဒီ လေးလံစွာ လမ်းလျှောက်နေကြရင်း တစ်ခုခုကို အစောင့်အကြပ် ကင်းလှည့်နေသည့်အလား ထင်ရ၏။
"သူတို့က နတ်ဘုရားတွေ သေဆုံးခဲ့တဲ့ နေရာရဲ့ ဝင်ပေါက်မှာ တမင် စောင့်ကြပ်နေကြတာပဲ"
ကျီရှန်းက လေးနက်သော လေသံဖြင့် ပြောသည်။ "ဒီနတ်ဆိုးတွေနဲ့ ရှေးခေတ် နတ်ဘုရားတွေကြားက ဆက်ဆံရေးက သာမန်တော့ မဟုတ်လောက်ဘူး။"
ထိုစဉ် ဘီလူးကြီးတစ်ကောင်နှင့် သဏ္ဌာန်တူသော်ငြား ခန္ဓာကိုယ်အနှံ့တွင် မရေမတွက်နိုင်သော သွေးရောင်မျက်လုံးနီကြီးများ ပြူးထွက်နေသည့် နတ်ဆိုးကြီးတစ်ကောင်က သူတို့ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လာ၏။ ထိုအခြေအနေကို မြင်လိုက်သည်နှင့် ပိုင်ချူးရန်သည် လီကျင်းယောင်အား အမြန်ဆွဲခေါ်ကာ အနီးရှိ တောင်ကြောကြီးတစ်ခု၏ အက်ကြောင်းကြားထဲသို့ လျင်မြန်စွာ ပုန်းကွယ်လိုက်သည်။
မီတာရာချီ မြင့်မားပြီး ကောင်းကင်ယံအထိ ထိုးထွက်နေသော ဦးခေါင်းကြီးများနှင့် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ လွှမ်းခြုံနေသော ထိုမိစ္ဆာကြီးများကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ လီကျင်းယောင်၏ မျက်နှာလေးမှာ သွေးဆုတ်သွားသည့်အလား ဖြူရော်သွားပြီး အသံပင်တုန်ရီနေမိ၏။ "စီနီယာ ဓားဘိုးဘေး။ အဲဒါကြီးတွေက ဘာတွေလဲဟင်။"
"ဒါတွေက နတ်ဆိုးမျိုးနွယ်စုထဲက နတ်ဆိုးသခင်တွေပဲ"
ပိုင်ချူးရန်သည် ထိုနတ်ဆိုးသခင်များ၏ လှုပ်ရှားမှုများကို အကဲခတ်ရန် ကျောက်စောင်းကြားမှ ခေါင်းကို အသာအယာ ချောင်းကြည့်သည်။
"အဲဒါ နတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးသခင်တွေလား။"
လီကျင်းယောင်က အထိတ်တလန့် ရေရွတ်လာသည်။
"လူသားမျိုးနွယ်ရဲ့ သေခန်းပြတ် ရန်သူကြီးတွေပေါ့။ တစ်ချိန်က ကျီုကျီုးဒေသဆယ်ခုလုံးကို ပြာပုံဘဝ ရောက်လုနီးပါး ဖျက်ဆီးခဲ့တဲ့ မိစ္ဆာကောင်တွေလေ။ အရင်က မှတ်တမ်းစာအုပ်တွေထဲမှာပဲ ဖတ်ဖူးခဲ့တာ။ ဒီနေ့တော့ မျက်မြင်ကိုယ်တွေ့ ကြုံရပြီပဲ။ တကယ်ကို ကြက်သီးထစရာ ကောင်းလွန်းတယ်။"
ထို့နောက် သူမသည် သူမ ပါးပြင်ကို ခပ်ဖွဖွပုတ်ကာ လေကို ပြင်းပြင်းတစ်ချက် ရှူသွင်း၏။ သူမသည် ထိတ်လန့်တုန်လှုပ်နေမှုကို အတင်းဖိနှိပ်ကာ စိတ်ကို လျင်မြန်စွာ တည်ငြိမ်သွားစေရန် ထိန်းချုပ်လိုက်သည်။ ကြောက်ရွံ့နေသည့်ကြားမှပင် ချက်ချင်း အာရုံစူးစိုက်နိုင်သွားသော သူမ၏ စိတ်ဓာတ်ခိုင်မာမှုက ပိုင်ချူးရန်ကိုပင် အနည်းငယ် အံ့အားသင့်သွားစေသည်။
"ဒါပေမဲ့ ဒီလို နတ်ဆိုးသခင် ငါးကောင် တစ်နေရာတည်းမှာ စုနေပြီး အချင်းချင်း သတ်ဖြတ်မနေကြတာကို ငါ မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ။"
ထိုသို့ပြောရင်း ဝံပုလွေခေါင်းဖြင့် နတ်ဆိုးကြီးတစ်ကောင်က အနီးရှိ တောင်တန်းတစ်ခု၏ အစွန်းသို့ လျှောက်လာကာ ချွန်ထက်သော ခြေသည်းကြီးများကို ဆန့်ထုတ်၍ တောင်ကြောပေါ်မှ ဧရာမ တောရိုင်းသားရဲတစ်ကောင်ကို အရှင်လတ်လတ် ဖမ်းဆုပ်ကာ အငမ်းမရ မျိုချပစ်သည်ကို ပိုင်ချူးရန် မျက်တောင်မခတ်တမ်း စောင့်ကြည့်နေ၏။
"အရင်တုန်းက နတ်ဆိုးတွေ ကျူးကျော်တိုက်ခိုက်လာတိုင်း ဒီနတ်ဆိုးသခင်တွေက နယ်မြေလုဖို့ အချင်းချင်း ပြိုင်ဆိုင်လေ့ရှိပြီး သွေးထွက်သံယို ပဋိပက္ခတွေ မကြာခဏ ဖြစ်လေ့ရှိတယ်။ ချင်မင်းဆက် ပြက္ခဒိန်ရဲ့ အစောပိုင်းနှစ်တွေတုန်းကဆိုရင် ကျင့်ကြံသူတွေက သူတို့အချင်းချင်း အားနည်းသွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး အဓိကထား တိုက်ခိုက်ခဲ့ရတာလေ။ အခုက ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလောက် ရက်စက်တဲ့ နတ်ဆိုးသခင်တွေကို တစ်နေရာတည်းမှာ အေးအေးချမ်းချမ်း အတူနေထိုင်နိုင်အောင် ထိန်းချုပ်ထားနိုင်တဲ့ စွမ်းအားက ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ အရာလဲဆိုတာ စဉ်းစားစရာပဲ။"
ထိုသို့ပြောကာ သူသည် ကျီရှန်းကို ခါးမှ ဖြုတ်ယူလိုက်ကာ နတ်ဆိုးကြီးငါးကောင်ဘက်သို့ မျက်နှာမူလျက် မြှောက်ထားရင်း မေးသည်။
"ကျီရှန်း။ တစ်ချက်လောက် ကြည့်စမ်းပါဦး။ အထဲဝင်လို့ရမယ့် နည်းလမ်းများ ရှိမလား။"
ကျီရှန်းက တစ်ချက်အကဲခတ်ကြည့်လိုက်ပြီးနောက် ပြန်ဖြေ၏။
"ပုန်းလျှိုးကွယ်လျှိုး ခိုးဝင်ဖို့တော့ လုံးဝ မဖြစ်နိုင်လောက်ဘူး။ မျက်လုံးတစ်ထောင်ပါတဲ့ နတ်ဆိုးကြီးနဲ့ သူ့ဘေးက မျက်လုံးမပါတဲ့ နတ်ဆိုးကြီးတို့ရဲ့ စွမ်းရည်တွေကိုသာ ပေါင်းစပ်လိုက်မယ်ဆိုရင် သူတို့ရဲ့ ကြောက်စရာကောင်းတဲ့ အမြင်အာရုံနဲ့ အကြားအာရုံတွေကြောင့် ငါတို့တွေ ဟင်းလင်းပြင် အက်ကြောင်းတွေထဲမှာ ပုန်းနေရင်တောင် အလွယ်တကူ အာရုံခံမိသွားလိမ့်မယ်။ ဘိုးဘေးပိုင်... အခု မင်းရဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်းကို သုံးမယ်ဆိုရင် နတ်ဆိုးကြီး ဘယ်နှစ်ကောင်လောက်ကို ချက်ချင်း အပြတ်ရှင်းနိုင်မလဲ။"
"ငါလည်း သေချာ မစမ်းကြည့်ရသေးဘူး။ ဒါပေမဲ့ တစ်ကောင်၊ နှစ်ကောင်လောက်တော့ အေးဆေး ရနိုင်လောက်ပါတယ်။" ပိုင်ချူးရန်က ခေတ္တစဉ်းစားပြီးနောက် ပြန်ဖြေသည်။
"ဒါဆိုလည်း အတော်ပဲ။ ဟို ခေါင်းပေါ်မှာ အာရုံခံနှာမောင်းတွေ ပါတဲ့ နတ်ဆိုးကြီးကို မြင်လား။"
ပိုင်ချူးရန်သည် ထိုနတ်ဆိုးသခင်ဘက်သို့ လှမ်းကြည့်ရာ အဝေးဆုံးနေရာတွင် ကျီရှန်း ရည်ညွှန်းနေသော နတ်ဆိုးကြီးကို တွေ့လိုက်သည်။ ထိုနတ်ဆိုး မတ်တတ်ရပ်ကာ ဟိုယိုဒီဒီ ကင်းလှည့်နေသော အခြားနတ်ဆိုးကြီးများနှင့်မတူဘဲ တောင်တစ်လုံးကို မှီ၍ အေးအေးလူလူ ထိုင်နေလေသည်။ ထိုနတ်ဆိုးသည် ရှည်လျားပြီး ပျော့ပျောင်းသော ခြေသည်းနှစ်ခုကို ဒူးပေါ်တွင် တင်ထားပုံမှာ ငါးမျှားနေသည့်ပုံစံ နှင့်ပင် တူ၏။ သူ့ခေါင်းပေါ်တွင် ဒေါင်လိုက်မျက်ဆန် တစ်ခုတည်းသာ ပါရှိသော်လည်း ပျော့ပျောင်းသော အာရုံခံနှာမောင်းများဖြင့် ဖုံးလွှမ်းနေပြီး ထိုနှာမောင်းများ၏ အဖျားတွင် ပန်းရောင် အသားလုံးလုံးလေးများ ရှိနေသည်။
"အဲဒါက သတင်းပို့တဲ့ နတ်ဆိုးပဲ။ သူ့ရဲ့ စွမ်းရည်က အရမ်းမြန်တဲ့ ဆက်သွယ်ရေး စွမ်းရည်တစ်မျိုးပေါ့။တစ်ယောက်ယောက်ကများ မြွေပွေးကို တုတ်နဲ့သွားရိုက်မိသလို သူ့ကို သွားလန့်စေမယ်ဆိုရင် သူက ပတ်ဝန်းကျင်က တခြားနတ်ဆိုးတွေနဲ့ နတ်ဆိုးသခင်တွေကို စစ်ကူလာဖို့ ချက်ချင်း သတင်းပို့ပေးလိမ့်မယ်။ မင်း ၀င်ချင်တယ်ဆိုရင် သူ့ကို အရင်ရှင်းရမယ်။ သူ့ရဲ့ အားနည်းချက်က ဝမ်းဗိုက်မှာ ရှိတယ်။"
"သဘောပေါက်ပြီ။"
ကျီရှန်း ရှိနေခြင်းက သူ့ကို များစွာ အထောက်အကူပြုကြောင်း ပိုင်ချူးရန် ကျေနပ်စွာ တွေးမိသည်။ နတ်ဆိုးသခင်များသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသော ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြပြီး အချို့မှာ ခန္ဓာကိုယ်ကြံ့ခိုင်ရေး သီးသန့်လေ့ကျင့်ထားသော သူ့လိုကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်စွမ်းရှိ၏။
အသက်အန္တရာယ်ရှိသော အဓိကနေရာကို မထိမှန်ပါက နတ်ဆိုးသခင်များသည် ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်တောက်သွားလျှင်ပင် စက္ကန့်အနည်းငယ်အတွင်း မူလအတိုင်း ပြန်လည်ကောင်းမွန်လာနိုင်သဖြင့် အလွန်တရာ ရင်ဆိုင်ရခက်ပေမည်။
သို့သော် ယခုမူ ကျီရှန်းက အဓိက အားနည်းချက်များကို ထောက်ပြပေးသောကြောင့် ပိုင်ချူးရန်အတွက် သူတို့ကို တစ်ချက်တည်းဖြင့် အပြတ်ရှင်းရန် အလွန်လွယ်ကူသွား၏။