← Chapters

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း (၂၇၉) သေမင်းမြေ [၁]

"မိန်းကလေးလီ။ ဒီမှာ ခဏလောက် စောင့်နေဦးနော်။" ပိုင်ချူးရန်က ခေါင်းလှည့်ကာ လီကျင်းယောင်အား ပြောသည်။

"အင်း။"

လီကျင်းယောင်က ခေါင်းအသာညိတ်ပြပြီး ထိုနေရာတွင်ပင် ထိုင်ချကာ ကျောက်တုံးနောက်တွင် လုံခြုံအောင် ပုန်းအောင်းနေ၏။

သူမ ပုန်းနေတာ သေချာသွားပြီးနောက် ပိုင်ချူးရန်လည်း အသာအယာ ကွေ့ဝိုက်သွားကာ အာရုံခံနှာမောင်းပါသော နတ်ဆိုးကြီးနှင့် အနီးကပ်ဆုံးနေရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားသည်။

ပိုင်ချူးရန်သည် အခြားနတ်ဆိုးသခင်များ လှည့်ကြည့်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ ပိုင်ချူးရန်၏ ပုံရိပ်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနတ်ဆိုးကြီး၏ ရှေ့တည့်တည့်သို့ ရောက်လာကာ ပြင်းထန်စွာ ရိုက်ချလေ၏။

ရွှေရောင်ကွင်းများသည် တုန်ခါသွားပြီး ပိုင်ချူးရန်၏ စစ်မှန်သည့် ချီစွမ်းအင်များသည် စူးရှသော ရွှေရောင်အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအလင်းတန်းကြီးသည် နတ်ဆိုးကြီး၏ ဝမ်းဗိုက်ဆီသို့ ဝုန်းခနဲ ဝင်ဆောင့်သွားရာ သူ့ အထက်ပိုင်းနှင့် အောက်ပိုင်း ခန္ဓာကိုယ်ကြီးသည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားတော့သည်။

အားနည်းချက် ဖျက်ဆီးခံလိုက်ရသည်နှင့်တစ်ပြိုင်နက် နတ်ဆိုးသခင်၏ ဒေါင်လိုက်မျက်ဆန်ကြီးမှာ ချက်ချင်းပင် မှေးမှိန်သွားကာ တောင်တစ်လုံးစာမျှ ကြီးမားလှသော အထက်ပိုင်းခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်လုံးကြီးများ တလိပ်လိပ် လွင့်သွားကာ အသက်ရှူသံများ လုံးဝ ရပ်တန့်သွား၏။

ရုတ်တရက် အပြောင်းအလဲက ပတ်ဝန်းကျင်ရှိ နတ်ဆိုးသခင် လေးကောင်ကို ချက်ချင်း သတိဝင်သွားစေသည်။ သူတို့သည် ဒေါသတကြီး အော်ဟစ်ကာ ပိုင်ချူးရန်ကို ဝိုင်းဝန်းတိုက်ခိုက်ကြ၏။ ဝံပုလွေခေါင်းပါသော နတ်ဆိုးသခင်၏ ပါးစပ်မှ သစ်ပင်များကိုပင် ပြုတ်ထွက်သွားစေနိုင်သော လေပြင်းများ မှုတ်ထုတ်ဘာပြီး မျက်လုံးတစ်ထောင်ပါသော နတ်ဆိုးသခင်၏ ခန္ဓာကိုယ်တစ်ခုလုံးမှ အနီရောင် အလင်းတန်းများ ပစ်လွှတ်လာသည်။ မျက်လုံးမပါသော နတ်ဆိုးသခင်က အရေးပြားတစ်ထပ်ဖြင့် ဖုံးလွှမ်းနေသော အခေါင်းပေါက်ပါးစပ်မှ ထိတ်လန့်ဖွယ်ကောင်းသော အသံလှိုင်းများကို ထုတ်လွှတ်ပြီး မြွေခေါင်းနှင့် နတ်ဆိုးသခင်ကမူ ကြောက်မက်ဖွယ် အဆိပ်ရည်များကို မိုးရွာချသည့်အလား မှုတ်ထုတ်၏။

ထိုထိတ်လန့်ဖွယ်ရာ အသေခံထိုးစစ်များနှင့် ရင်ဆိုင်ရချိန်တွင် ပိုင်ချူးရန်သည် ထိတ်လန့်သွားခြင်း မရှိဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြုံးကာ ရှည်လျားသော ဓားတစ်လက်ကို ဆွဲထုတ်လာသည်။

စက္ကန့်အနည်းငယ်သာ ကြာချိန်တွင် ရွှေတောင်ကြီး တွန်းလှဲခံရပြီး ကျောက်စိမ်းတိုင်ကြီး ပြိုကျသွားသည့်အလား ကျယ်လောင်လှသော မြည်ဟည်းသံကြီးများနှင့်အတူ မပြည့်စုံတော့သော ဘီလူးကြီးများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများသည် အနီးရှိ တောရိုင်းမြေပြင်ပေါ်သို့ အတုံးအရုံး လဲကျသွားတော့သည်။

ပိုင်ချူးရန်သည် သူ၏လက်ထဲတွင် လက်ကိုင်ရိုးသာ ကျန်တော့သည့် သံဓားကို ပေါ့ပါးစွာ လွှင့်ပစ်ပြီး မူလပုန်းအောင်းရာ နေရာသို့ ပြန်လည်သွား၏။ ထိုနေရာတွင် သူ့အား မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေသော လီကျင်းယောင်ရှိနေသည်။

"စီနီယာ ဓားဘိုးဘေးရဲ့ စွမ်းအားက အတိတ်မှာရော ပစ္စုပ္ပန်မှာပါ တကယ်ကို ပြိုင်ဘက်ကင်းပဲ။"

ကောင်းကင်နတ်ဆိုးဂိုဏ်းမှ ကောင်မလေးသည် အံ့ဩချီးကျူးမှုများဖြင့် အတိုင်းမသိ လေးစားအားကျသော အမူအရာဖြင့် ပြောလာ၏။

"အဟမ်း... မိန်းကလေးလီက အရမ်းကို မြှောက်ပြောလွန်းနေပါပြီ။" ပိုင်ချူးရန်က နှာခေါင်းကို အသာပွတ်သပ်ရင်း ပြောသည်။

ပိုင်ချူးရန်သည် အရှက်မရှိသော ချီမင်ဂိုဏ်းကလူများ၊ သူ့တပည့်နှင့် အခြားသော ရင်းနှီးသူများအား ရင်ဆိုင်ရချိန်တွင် မျက်နှာပြောင်တိုက်ကာ စကားမျိုးစုံ ပြောနိုင်သော်လည်း လီကျင်းယောင်ထံမှ ရိုးသားလှသော ချီးကျူးစကားကို ကြားရသောအခါ ပိုင်ချူးရန်တစ်ယောက် ဘာပြန်ပြောရမှန်းမသိ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။

လီကျင်းယောင်နှင့်အတူ ပိုင်ချူးရန်သည် ကျီရှန်း၏ ညွှန်ကြားချက်များကို လိုက်နာကာ နတ်ဆိုးသခင်များ စောင့်ကြပ်နေခဲ့သည့် နတ်ဘုရားများ၏မြေ ဝင်ပေါက်ကို အောင်မြင်စွာ ရှာတွေ့သွားသည်။ သို့သော် သူ၏ရှေ့ရှိ စမ်းချောင်းလေးနှင့် သစ်တုံးတစ်တုံးတွင် ကြိုးဖြင့် ချည်နှောင်ထားသော လှေငယ်လေးတစ်စင်းကို မြင်လိုက်ရချိန်တွင်မူ ပိုင်ချူးရန် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားကာ ကျီရှန်းအား ထပ်မေး၏။။ "ဒါက သေမင်းမြေရဲ့ ဝင်ပေါက်ဆိုတာ မင်း သေချာလို့လား။"

"ကောင်းကင်ဘုံက ငါ့ကို ပေးထားတဲ့ မဟာဉာဏ်ပညာမှာ ပြဿနာ တစ်ခုခု မရှိဘူးဆိုရင်တော့ ငါ သေချာပေါက် ယုံကြည်တယ်။" ကျီရှန်းက ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။

"ဒါပေမဲ့ ဘာလို့ အရမ်း တောကျနေတယ်လို့ ခံစားနေရတာလဲ။"

ပိုင်ချူးရန်သည် သူ့ရှေ့ရှိ စမ်းချောင်းလေးကို ကြည့်ရင်း စိတ်ထဲတွင် သက်ပြင်းချမိသည်။

"တောကျ၊ မကျဆိုတာ မင်း လှေပေါ်တက်ပြီး လှော်ဝင်သွားရင် သိရမှာပေါ့။" ကျီရှန်းက တည်ငြိမ်စွာပင် ပြော၏။

"ကောင်းပြီ။"

All Chapters