အခန်း ၂၈၀
Vol. 28 Ch. 280
အပိုင်း (၂၈၀) တစ်ခါတုန်းက ကောင်းကင်ဘုံ
ပိုင်ချူးရန်သည် လီကျင်းယောင်အား လှေပေါ်သို့ ဦးဆောင်ခေါ်သွား၏။ ကြိုးကို ဖြေပြီးနောက် လှော်တက်ကို လှမ်းကိုင်မည်ပြုစဉ် သူ့ဘေးရှိ ကျီရှန်းက အလျင်အမြန် အော်ပြောလိုက်သည်။ "နေဦး။ ဒီလှေက ရွေ့လျားဖို့ ချီစွမ်းအင် လိုအပ်တယ်။ ဒါကြောင့် မင်း မကိုင်နဲ့ တော်ကြာ မင်းစွမ်းအင်တွေကြောင့် ထူးဆန်းတဲ့ အာကာသဟင်းလင်းပြင် အက်ကြောင်းထဲ ကျသွားဦးမယ်။"
ပိုင်ချူးရန်သည် မျက်နှာချင်းဆိုင်ရှိ လီကျင်းယောင်ကို ကြည့်ကာ ဒေါသထွက်ချင်သွားသော်လည်း သူ၏ တစ်သက်တာ ဆန္ဒဖြစ်သော အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်မည့် မျှော်လင့်ချက်မှာ ဤနေရာတွင် ရှိနေသည်ကို သတိရသွားသဖြင့် အောင့်အည်းသည်းခံကာ လှော်တက်ကို လီကျင်းယောင်ထံသို့ ကမ်းပေးရတော့၏။
လီကျင်းယောင်သည် သူ့ကို ကူညီခွင့်ရသည့်အတွက် အလွန်ပျော်ရွှင်နေပုံရပြီး လှော်တက်ကို ဝမ်းသာအားရ လှမ်းယူသည်။ ထို့နောက် စမ်းချောင်း၏ ရေစီးကြောင်းအတိုင်း လိုက်ကာ လျှို့ဝှက်ဆန်းကြယ်လှသော ချိုင့်ဝှမ်းဘက်သို့ လှေလေးကို ညင်သာစွာ လှော်ခတ်သွားတော့သည်။
စမ်းချောင်းလေးသည် ချိုင့်ဝှမ်းကြောတစ်လျှောက် တအိအိ စီးဆင်းသွားကာ အဆုံးတွင်မူ ချောက်ကမ်းပါးအောက်ခြေရှိ နက်ရှိုင်းလှသော လိုဏ်ဂူပေါက်ကြီးတစ်ခုအတွင်းသို့ ထိုးဆင်းပျောက်ကွယ်သွား၏။
ကျိရှန်း၏ လမ်းညွှန်မှုဖြင့် လီကျင်းယောင်သည် လှေငယ်ကို ဂူပေါက်ဝဆီသို့ ဦးတည်လှော်ခတ်လိုက်သည်။ လှေငယ် လိုဏ်ဂူအတွင်း ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်အတိ ကျသွားသည်။ သူ၏ လက်ချောင်းများကိုပင် ပြန်မမြင်ရနိုင်လောက်အောင် ပိန်းပိတ်အောင် မှောင်မိုက်နေ၏။
အတန်ကြာ ရှေ့ဆက်သွားပြီးနောက် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လီကျင်းယောင်ထံမှ စိုးရိမ်တကြီး မေးလာသည့်အသံကို ပိုင်ချူးရန် ရုတ်တရက် ကြားလိုက်ရသည်။
"စီနီယာ ဓားဘိုးဘေး။ ကျွန်မ အသံကို ကြားရသေးလား။"
ထိုအခိုက်အတန့်ရောက်မှသာ အမှောင်ထုကြီး၌ ထူးဆန်းသော အရာများကိန်းအောင်းနေကြောင်း သူ သတိပြုမိသွားတော့သည်။ ပိန်းပိတ်နေသော အမှောင်ထုထဲတွင် သူ၏ စိတ်ဝိညာဉ်အာရုံသည်ပင် ပြင်းပြင်းထန်ထန် ဖိနှိပ်ခံထားရပြီး ပုံမှန်ထက် စူးစမ်းရှာဖွေရန် များစွာ ခက်ခဲနေ၏။
မျက်နှာချင်းဆိုင်တွင် လီကျင်းယောင် ထိုင်နေသေးကြောင်း သူ ခံစားနိုင်သော်လည်း တစ်ဖက်ရှိ လီကျင်းယောင်ကမူ ယခုအချိန်တွင် သူ၏ အသက်ရှူသံကိုပင် ခံစားသိရှိနိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။
"ကြားရတယ်။" ပိုင်ချူးရန်က တည်ငြိမ်စွာ ပြန်ဖြေစ။
"တော်ပါသေးရဲ့။ ရှင့်နဲ့များ ကွဲသွားပြီလားလို့ လန့်သွားတာပဲ။"
လီကျင်းယောင်၏ အသံလေးမှာ လေးနက်တည်ကြည်သွားသည်။
"ခုနလေးတင် အလင်းမန္တန် သုံးမလို့ လုပ်ကြည့်တာ ဒါပေမဲ့ ဒီအမှောင်ထဲမှာ အလင်းမန္တန်ရော၊ မီးမန္တန်ရော လုံးဝ သုံးလို့မရတာ တွေ့လိုက်ရတယ်။ တကယ်ကို ထူးဆန်းလွန်းတာပဲ။"
ပိုင်ချူးရန်ကိုယ်တိုင် စမ်းသပ်ကြည့်ရာတွင်လည်း ထိုနည်းတူပင် ဖြစ်နေကြောင်း တွေ့ရ၏။ သို့သော် သူသည် မီးအမှတ်အသားကို အတင်းသက်ဝင်လှုပ်ရှားစေရန် ကြိုးစားကြည့်သည်။ မီးအမှတ်အသားမှ ပေါက်ကွဲထွက်လာသော အင်မော်တယ်မီးတောက်သည် အမှောင်ထုကို ခွင်းကာ အောင်မြင်စွာ လောင်ကျွမ်းသွားသော်လည်း လှေပေါ်ရှိ အချင်းတစ်မီတာပင် မပြည့်သော ဧရိယာလေးတစ်ခုကိုသာ လင်းထိန်စေသည်။
မှောင်မိုက်နေသော ပတ်ဝန်းကျင်တွင် မှိန်တောက်တောက် အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဆံပင်ဖြူနှင့် အမျိုးသားကို တွေ့လိုက်ရချိန်မှသာ လီကျင်းယောင်တစ်ယောက် သက်ပြင်းချနိုင်သွားကာ လှေကို ဆက်လက် လှော်ခတ်တော့၏။
အမှောင်ထုကြီးထဲတွင် ပတ်ဝန်းကျင်ကို မမြင်နိုင်ဘဲ လီကျင်းယောင်၏ တက်လှော်ရာမှ ထွက်ပေါ်လာသော ရေပက်သံများကိုသာ သဲ့သဲ့ကြားနေရသည်။ သို့သော် လိုဏ်ဂူကြီးမှာ တဖြည်းဖြည်း ပို၍ ကျယ်ဝန်းလာသည်ကို ပိုင်ချူးရန် ခံစားမိလိုက်၏။ စမ်းချောင်းအတိုင်း စုန်ဆင်းလာသော သူတို့နှစ်ဦးသည် သူတို့ကိုယ်သူတို့ပင် မသိလိုက်ဘဲ အခြားသော နေရာလွတ် တစ်ခုဆီသို့ ကူးပြောင်းရောက်ရှိလာကြပြီဖြစ်သည်။
ရုတ်တရက် ပတ်ဝန်းကျင်မှ လတ်ဆတ်သော လေပြေညင်းတစ်ခု တိုက်ခတ်လာရာ ပိုင်ချူးရန်နှင့် လီကျင်းယောင်တို့နှစ်ဦးစလုံး လန်းဆန်းသွား၏။
"ထွက်ပေါက် ရောက်တော့မယ် ထင်တယ်။"
လီကျင်းယောင်သည် လှော်သည့် အရှိန်ကို မြှင့်တင်သည်။
လှေငယ်၏ အရှိန် မြန်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အမှောင်ထုကြီးသည်လည်း တဖြည်းဖြည်း ကင်းစင်လွင့်ပါးသွား၏။ ရှေ့တည့်တည့်မှ မှိန်ပျပျ အလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို သူတို့နှစ်ဦး သတိပြုမိကြပြီး ထိုအလင်းရောင်လာရာဘက်သို့ အာရုံစိုက် ကြည့်မိကြသည်။
ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံး အသက်ရှူရပ်မတတ် ဖြစ်သွား၏။ သူတို့၏ ရှေ့မှောက်တွင် ရုတ်ခြည်း ပေါ်လာသည်မှာ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍မရနိုင်လောက်အောင် ခမ်းနားထည်ဝါလှသော ဧရာမ စကြဝဠာ ကြယ်တာရာကောင်းကင်ကြီးပင် ဖြစ်သည်။ ထိုကောင်းကင်ယံထက်တွင် မရေမတွက်နိုင်သော ကြယ်ရောင်စုံတို့က တဖျပ်ဖျပ် တောက်ပနေ၏။ သူတို့ မြင်တွေ့နေရသော အလင်းရောင်မှာလည်း ထိုကြယ်များထံမှ ဖြာကျလာခြင်းဖြစ်သည်။
သူတို့ စီးနင်းလာသော လှေလေးသည် ကြယ်တာရာကောင်းကင်ကြီးကို ဖြတ်သန်းစီးဆင်းနေသည့် နဂါးငွေ့တန်း ဂလက်ဆီတစ်ခုပေါ်တွင် ပေါလောမျောပါလာ၏။ သူတို့ ဝင်ရောက်လာသော လမ်းကြောင်းကို နောက်ကြောင်းပြန်ကြည့်လိုက်သောအခါ ကြယ်တာရာကောင်းကင်ကြီးကိုသာ လှမ်းမြင်ရပြီး သူတို့ ဖြတ်သန်းလာခဲ့သော ချိုင့်ဝှမ်းများနှင့် စမ်းချောင်းလေးမှာမူ အရိပ်အယောင်မျှပင် မတွေ့ရတော့ချေ။