ဂိုဏ်းပြိုကွဲခြင်း
Vol. 002 Ch. 64
နဂါးက ဖုနန်းဇီကို ဟိန်းဟောက်ပြီး တိုက်ခိုက်လိုက်သည်။ ဖုနန်းဇီက ဓားကို လက်ဖြင့် တောက်ကာ ပြောလိုက်သည်…
“တိရစ္ဆာန်ကောင်… ငြိမ်ငြိမ်နေစမ်း…”
နဂါး၏ခန္ဓာကိုယ်က တုန်ခါသွားပြီး ချက်ချင်း နဂါးက စိတ်စွမ်းအားများ ဆုံးရှုံးသွားသည်။ နောက်ဆုံးတွင် ဓားထဲသို့ မဝင်ချင်သော်လည်း ပြန်ဝင်လိုက်ရသည်။ လျိုဝမ်ကျူးနှင့် အဘွားအိုက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး သက်ပြင်းချလိုက်သည်။
“ကောင်းပြီ… ဟုန်ယွီဂိုဏ်းသား အားလုံးပဲ… ငါ့အမိန့်ကို နာခံ… တောင်ကနေ ခွာပြီး ငါ့နောက်လိုက်ခဲ့ကြ…”
အဘွားအိုက ပြောပြီးသည်နှင့် ဘေးပတ်ပတ်လည်ကို ပြန်ကြည့်ပြီး နောက်တစ်ကြိမ် သက်ပြင်းချကာ လေထဲသို့ ပျံတက်သွား၏။ ဖုနန်းဇီ၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး ပြောလိုက်သည်…
“ငါ့ရဲ့ရွှမ်တောက်ဂိုဏ်းက တပည့်သစ်တွေကို စုဆောင်းနေတယ်… တစ်ယောက်ယောက်ကများ ငါ့ရဲ့ဂိုဏ်းကို ဝင်ရောက်ချင်ပါက နေခဲ့နိုင်တယ်…”
အကြီးအကဲ ဆယ်ယောက်၏ မျက်နှာက ထူးဆန်းသွားပြီး အဘွားအိုနားမှ နှစ်ယောက်ကလွဲ၍ တခြား ၈ယောက်က သူမနောက် မလိုက်ကြချေ။
လျိုဝမ်ကျူး၏ အမူအရာကလည်း ပြောင်းလဲသွားသည်။ သူက တစ်ခုခု ပြောချင်သော်လည်း မပြောဘဲ တိတ်တိတ်သာ နေလိုက်တော့၏။ သူက ခေါင်းကို ခါယမ်းလိုက်ပြီး အဘွားအိုဘေးတွင် သွားရပ်လိုက်သည်။
အဘွားအိုက ဒေါသများကို ရင်ထဲတွင် မျိုသိပ်ကာ အော်ပြောလိုက်သည်…
“လူတိုင်းမှာ ကိုယ်ပိုင် လမ်းကြောင်း ရှိတယ်… ငါတို့နောက် မလိုက်ချင်တဲ့သူကို ငါတို့ကလည်း တွန်းအား မပေးပါဘူး…”
ဟွမ်လုံ၏ မျိုးဆက်များထဲတွင် အကြီးအကဲ အားလုံးက တုံ့ဆိုင်းနေပြီး ဟွမ်လုံ၊ တောက်ရှုနှင့် မျက်နှာနီနီနှင့် လူကြီးတို့ ၃ယောက်သာ အဘွားအိုဘေးတွင် သွားရပ်၏။ တခြား သူများကတော့ လှုပ်ပင် မလှုပ်ချေ။
ပင်မ တပည့်များထဲတွင်လည်း ၁၀ယောက်ခန့်သာ အဘွားအိုဘက်တွင် သွားရပ်၏။ ဝမ်ကျောက်သည် အချိန် တော်တော်ကြာအောင် တုံ့ဆိုင်းနေပြီး တောက်ရှုကို မျက်လုံးချင်း ရင်မဆိုင်ရဲဟန်ဖြင့် မြှောက်ထားသည့် ခြေထောက်ကို ပြန်ချလိုက်သည်။ နောက်ဆုံးတွင် သူလည်း လိုက်မသွားချေ။
မိန်းကလေးကျိုးသည် တုံ့ဆိုင်းနေသော်လည်း အဘွားအိုနောက်သို့ မလိုက်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။ မိန်းကလေးရှုကတော့ ဝမ်ကျောက် မရွေ့သည်ကို မြင်လိုက်သည်နှင့် သူမလည်း ရှေ့သို့ လှမ်းနေသည့် ခြေထောက်ကို ပြန်ဆုတ်လိုက်၏။
ဝမ်ဟိုက မဲ့ပြုံးလေးဖြင့် ဝမ်လင်းကို ပြောလိုက်သည်…
“အစ်ကိုထေ့ကျူး… ငါကတော့ ဘယ်ဘက်ကိုမှ မရွေးတော့ဘူး… ငါ အိမ်ကိုပဲ ပြန်ပြီး အဖေ့ကို ကူညီတော့မယ်… မစိုးရိမ်ပါနဲ့ အစ်ကိုထေ့ကျူးရဲ့ မိသားစုကို ငါ စောင့်ရှောက် ပေးပါ့မယ်…”
ဝမ်လင်း တုံ့ဆိုင်းနေသည်။ သူ့ထံ၌ လျှို့ဝှက်ချက်များ ရှိ၏။ သူသာ ရွှမ်တောက်ဂိုဏ်းသို့ ပူးပေါင်းလိုက်ပါက အန္တရာယ် အများကြီးကို ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် အချိန် တော်တော် ကြာအောင် စဉ်းစားပြီး နောက်တွင် အဘွားအိုတို့ ဘက်သို့ လျှောက်သွား လိုက်သည်။
ထိုအချိန်တွင် ဖုနန်ဇီ၏ မျက်လုံးများက အရောင် တောက်သွားပြီး ဝမ်လင်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်…
“ဝမ်လင်း… မင်း နေခဲ့… ”
ဝမ်လင်းက မှင်တက်သွားပြီး ရိုသေလေးစားစွာ ပြောလိုက်သည်…
“စီနီယာဖုနန်ဇီ… ဒီဂျူနီယာကို ဘာကြောင့် နေစေချင်တာပါလဲ… ”
ဖုနန်ဇီက သူ့ခေါင်းကို မော့ပြီး ပြောလိုက်သည်…
“ငါ နေခိုင်းရင် နေလိုက်ပေါ့… ဘာတွေ ပြန်မေးနေတာလဲ… ”
လျိုဝမ်ကျူးက အနည်းငယ် စဉ်းစားလိုက်ပြီး ရုတ်တရက် ပြောလိုက်သည်…
“စီနီယာ ဖုနန်ဇီ… ဝမ်လင်းက ဟုန်ယွီဂိုဏ်း ခေါင်းဆောင်ရဲ့ တပည့် တစ်ယောက်မို့ သူ့ကို အရမ်းကြီး ခက်ခဲအောင် မလုပ်ဖို့ တောင်းဆိုပါတယ်… ”
သူက ဝမ်လင်းအကြောင်း အနည်းငယ် ကြားသိထားသဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်နီးပါး အစွမ်းထက်သည့် ဝမ်လင်းလို တပည့်မျိုးကို မဆုံးရှုံးချင်ပေ။
ဖုနန်ဇီက ဝမ်လင်းကို ပြောလိုက်သည်…
“ဟုန်ယွီဂိုဏ်းဆိုတာ နာမည်ပဲ ကျန်တော့တာ… မင်းက သူတို့နဲ့အတူ လေနှင်ရာ မျောတော့မှာလား… ငါ့ရဲ့ ရွမ်တောက်ဂိုဏ်းကိုသာ ပူးပေါင်းလိုက်ရင် မင်းရဲ့ အနာဂတ်က တောက်ပနေမှာ… မင်း ဘာလိုချင်လဲ မင်းဘာသာမင်း ဆုံးဖြတ်ပါ… အပြောခံရမှာတွေ ကြောက်နေတာလား… ပြောလည်း မင်းကို မပြောဘူး… ရွှမ်တောက်ဂိုဏ်းက ဟုန်ယွီဂိုဏ်းနဲ့နေရာကို လုယူရုံတင် မဟုတ်ဘူး… တပည့်ပါ လုယူတယ်လို့ပဲ ပြောကြလိမ့်မယ်… ”
ဖုနန်ဇီ၏ စိတ်ထဲတွင် ဝမ်လင်းက သူ မတားလည်း ဟုန်ယွီဂိုဏ်း နောက်သို့ လိုက်မသွားဘူးဟု အခိုင်အမာ ယုံကြည်နေသည်။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီး စကားမပြောပဲ လက်နှစ်ဖက်ဆုပ်ပြီး အရိုအသေပေးကာ ဟွမ်လုံ၏ ဘေးနားသို့ သွားရပ် နေလိုက်သည်။ ထိုအခြင်းအရာကို မြင်ပြီး ပြောလိုက်သည်…
“အသိဉာဏ် မရှိတဲ့ကောင်…”
လျိုဝမ်ကျူးနှင့် အဘွားအိုက ဝမ်လင်းကို စဉ်းစားနေဟန်ရသည့် အကြည့်နှင့် ပြိုင်တူ ကြည့်လိုက်ကြသည်။ သူတို့သည် အချိန် တော်တော်ကြာအောင် စောင့်သော်လည်း ဟုန်ယွီဂိုဏ်းမှ တပည့်အားလုံးက သူတို့၏ ခေါင်းများကို အောက်သို့ ငုံ့ထားကြ၏။ အဘွားအိုက သက်ပြင်းချပြီး ပြောလိုက်သည်…
“ကောင်းပြီ… သွားကြတာပေါ့… ”
ပြောပြီးသည်နှင့် သူမက အဝေးသို့ ပျံသန်းသွား၏။ လူ၁၀ယောက်ကျော်က သူမနောက်မှ လိုက်သွားကြသည်။ အမြုတေ အဆင့်၂ယောက်နှင့် သူတို့ နှစ်ယောက်နောက်မှ လိုက်သွားကြသော ဟုန်ယွီဂိုဏ်း ဂိုဏ်းသားများက လေလွင့်ခွေးများကဲ့သို့ ဟုန်ယွီဂိုဏ်းမှ ထွက်ခွာသွားကြ၏။ လမ်းတစ်လျှောက်လုံး မည်သူမှ စကားမပြောကြချေ။ သူတို့၏ရင်ထဲတွင် ဒေါသများနှင့် ကြေကွဲ ခံစားချက်များ ပြည့်နေသည်။
အချိန် တော်တော်ကြာအောင့် ပျံသန်းသွားပြီးနောက် ကောင်းကင်ကြီးက မှောင်လာသည်။ လျိုဝမ်ကျူးနှင့် အဘွားအိုက အနည်းငယ် စကားပြောဆိုပြီး တောင်တစ်တောင်၏ ဘေးတစ်ဖက်တွင် ခြေချလိုက်ကြ၏။
အဘွားအိုက သက်ပြင်းချလိုက်ပြီး သူမဘေးမှ လူများကို ကြည့်လိုက်သည်။ ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အကြီးအကဲ နှစ်ယောက်မှလွဲ၍ အားလုံးက ချီစုစည်းခြင်း အဆင့်၌သာ ရှိသေး၏။ ဟွမ်လုံတို့ မျိုးဆက်မှ ၄ယောက်နှင့် ဝမ်လင်းတို့ မျိုးဆက် ၁၂ယောက် ပါလာသည်။ သူမက ခါးသက်စွာ ပြောလိုက်သည်…
“ဟုန်ယွီဂိုဏ်းက ကပ်ဘေးနဲ့ ကြုံကြိုက် ရပေမဲ့လည်း မင်းတို့အားလုံး အားမလျှော့ရဘူး… ကျင့်ကြံခြင်း လောကမှာ အားလုံးက ပြောင်းလဲနေတယ်… ဒီနေ့ ငါတို့ရဲ့ နေရာကို လုယူခံလိုက်ရတယ်… ဒါပေမဲ့ ငါနဲ့ လျိုဝမ်ကျူး စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်တာနဲ့ ပြန်ယူနိုင်လိမ့်မယ်… ”
အကြီးအကဲရှန့်ကွမ်းက ချောင်းခြောက်ဆိုးပြီး ပြောလိုက်သည်…
“ဘိုးဘေးဝမ်ပြောတာ မှန်တယ်… ဒီနေ့မှာ ငါတို့ စိတ်တိုစရာ ကောင်းလောက်အောင် အရမ်း ခံစားခဲ့ရတယ်… ငါတို့ အဆင့်တွေ မြင့်လာအောင် ကြိုးစားရမယ်… ဒါကို ငါတို့ရဲ့ နှလုံးသားထဲမှာ မှတ်ထားပြီး အနာဂတ်မှာ ပြန်ယူရမယ်… ”
တခြား ခန္ဓာကိုယ် သန့်စင်ခြင်းအဆင့် အကြီးအကဲကလည်း တပည့်များကို ကြည့်ပြီး ပြောလိုက်သည်…
“ငါတို့တွေ ဒုက္ခရောက်နေချိန်မှာ အားလုံးက ဟိုဘက်ကို ပြောင်းသွားကြတယ်… အဆုံးမှာတော့ မင်းတို့လေးတွေပဲ ငါတို့နောက်ကို လိုက်ဖို့ ရွေးချယ်ခဲ့တယ်… ”
လိုက်လာသည့် တပည့်များထဲတွင် ဂိုဏ်းတူအစ်ကို လုစုန့်နှင့် အစ်ကိုကျန်းမှ လွဲ၍ တခြားသူများ၏ နာမည်ကို ဝမ်လင်း မသိချေ။ သို့သော်လည်း သူတို့၏ မျက်နှာများကို ရင်းနှီးနေသည်။ ဥပမာ ဓားစံအိမ်က တပည့်ဝတုတ်လေး ဖြစ်သည်။
လျိုဝမ်ကျူးက အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်…
“အရင်က အကြောင်းတွေ တွေးမနေကြနဲ့တော့… အခု အရေးကြီးဆုံးက ငါတို့ ဂိုဏ်းအတွက် နေရာတစ်ခု ရှာဖို့ပဲ… လွန်ခဲ့တဲ့ နှစ်များစွာက ဒီနေရာကနေ မိုင်ပေါင်းများစွာဝေးတဲ့ မြွေနဲ့တောင်တစ်ခုမှာ အိမ်တစ်လုံး ဆောက်ခဲ့တယ်… အခု အဲနေရာမှာ သွားနေရအောင်… ”
အဘွားအိုကလည်း အနည်းငယ် စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်…
“ဒါကောင်းတယ်… ငါတို့ အဲဒီနေရာရောက်ရင် တံခါးပိတ် လေ့ကျင့်ပြီး နှစ်၁၀၀အတွင်းမှာ စဦးစိတ်ဝိညာဉ် အဆင့်ကို ရောက်အောင် လုပ်ရမယ်… ”
လျိုဝမ်ကျူး၏ အကြည့်က ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်အကြီးအကဲ နှစ်ယောက်ထံသို့ ရောက်သွားပြီး ပြောလိုက်၏…
“ရှန့်ကွမ်းနဲ့ဆောင်ယု… ငါနဲ့ဘိုးဘေးဝမ် ဝင်္ကပါကို ထိန်းချုပ်တုန်းက ကုန်သွားတဲ့ စွမ်းအင်တွေ ပြန်ဖြည့် လိုက်ဦးမယ်… မင်းတို့နှစ်ယောက်က ကာကွယ်ထားပေးပါ… ငါတို့စွမ်းအားတွေ ပြန်ပြည့်သွားရင် မင်းတို့အားလုံးကို သယ်ပြီး မြန်မြန် သွားလို့ရတယ်…”
ရှန့်ကွမ်းနှင့် ဆောင်ယုက လျင်မြန်စွာ ခေါင်းညိတ်ပြီး ပြောတဲ့အတိုင်း လုပ်ကြ၏။ လျိုဝမ်ကျူးက အစိမ်းရောင် ကျောက်စိမ်း အပိုင်းအစ အများကြီးကို ထုတ်ယူလိုက်သည်။ ကျောက်စိမ်း အားလုံးကို လေထဲသို့ မြှောက်လိုက်ရာ ကျောက်စိမ်းများက အစိမ်းရောင် တောက်ပလာသည်။ သူက အစီအရင်တစ်ခုကို ပုံဖော်လိုက်သည်နှင့် ကျောက်စိမ်းအားလုံးက ရုတ်တရက် တုန်ခါလာကြပြီး ၂၀မီတာ ပတ်လည်ကို အစိမ်းရောင် အလင်းများ ဖုံးလွှမ်းသွား၏။
ထို့နောက် သူက ထိုင်ချလိုက်ပြီး စိတ်ဝိညာဉ် ကျောက်တုံးကို လက်မှာကိုင်ကာ စတင် ကျင့်ကြံလေသည်။ အဘွားအိုလည်း ထိုအတိုင်းပင် ပြုလုပ်ပြီး စိတ်စွမ်းအင်များ ပြန်လည် ပြည့်လာအောင့် ကျင့်ကြံလိုက်တော့၏။
***