← Chapters

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း (၁၇၁-၁၇၂)

Vol. 18 Ch. 171-172

အခန်း ၁၇၁ - အတိတ်ကာလ အဖြစ်အပျက်များ

ဖေးရှောင်လုံ၏ အဖြေက မထင်မှတ်ထားလောက်သော်လည်း ယုတ္တိတန်သည်။

အစ်မချီသည် အဆင့်မြင့်တာအိုဆရာတစ်ဦး ဖြစ်ခဲ့သော်လည်း အကြောင်းရင်းတစ်ခုခုကြောင့် တာအိုဂိုဏ်းတော်ကို သစ္စာဖောက်ပြီး ချင်းဖျင်အသင်းတော်၏ (ခ) အဆင့် အသင်းဝင်တစ်ဦး ဖြစ်လာသည်ဟု ချီရွှမ်းစု သံသယဝင်နေခဲ့ပြီးသား ဖြစ်၏။ မဟုတ်ပါက အစ်မချီသည် တာအိုဂိုဏ်းတော်၏ များပြားလှသော လျှို့ဝှက်ချက်များကို သိရှိထားလိမ့်မည် မဟုတ်ပေ။

ရှဲ့ချိုးနျန်၏ အစွမ်းအစကနေ အကဲဖြတ်မည်ဆိုလျှင် ချင်းဖျင်အသင်းတော်၏ (ခ) အဆင့် အသင်းဝင်များက အတော်လေး စွမ်းအားကြီးမားပြီး သာမညများ မဟုတ်ကြပေ။

အစ်မချီသည် တာအိုဂိုဏ်းတော်မှ သူမ၏ ရာထူးကနေ နှုတ်ထွက်ပြီး အမှီအခိုကင်းမဲ့သော တာအိုဆရာတစ်ဦး ဖြစ်လာသည်ဟူသော နောက်ထပ်ဖြစ်နိုင်ခြေလည်း ရှိသည်။ တာအိုဆရာများစွာက အေးချမ်းသောဘဝမှာ နေထိုင်ဖို့ ရွေးချယ်တတ်ကြပြီး အဲဒါက အံ့အားသင့်စရာ မကောင်းပေ။ ထို့ကြောင့် ဖေးရှောင်လုံနှင့် အစ်မချီက မိတ်ဆွေဟောင်းများ ဖြစ်နေသည်မှာ အတော်လေး ယုတ္တိတန်မှုရှိသည်။

သို့သော်လည်း ဖေးရှောင်လုံ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ ချီရွှမ်းစုက သေချာမသိရှိရသေးပေ။ သခင်မချီသည် သူမ၏ နာမည်အရင်း မဟုတ်ဘဲ ချင်းဖျင်အသင်းက သူမ၏ နာမည်တု ဖြစ်သည်။ ဖေးရှောင်လုံက ဤနာမည်ကို သိရှိထားသည်ဆိုလျှင် သူကလည်း ချင်းဖျင်အသင်းသားတစ်ဦး ဖြစ်သည်ဟု ဆိုလိုသည် မဟုတ်ပါလား။ သို့မဟုတ် အဲဒါက စမ်းသပ်မှုတစ်ခုပေပဲလား။ သူ့လိုမျိုး သူတော်စင်တစ်ပါးသည် ချီရွှမ်းစုကို လက်ဝါးတစ်ချက်ဖြင့် ရိုက်သတ်နိုင်သည့်အတွက် သူ့ကို စမ်းသပ်ဖို့ ဘာကြောင့် အရေးလုပ်နေမှာလဲ။ ဖေးရှောင်လုံက သခင်မချီကို ကိုင်တွယ်ဖို့အတွက် ချီရွှမ်းစုကို အသုံးချလိုမှသာ ယုတ္တိတန်ပေလိမ့်မည်။

ချီရွှမ်းစု စဉ်းစားနေသည့်အရာကို ဖေးရှောင်လုံက နားလည်သဘောပေါက်ပုံရ၏။ သူက လက်ကာပြပြီး ပြောလိုက်သည်။

“ဘာမှ စိုးရိမ်မနေနဲ့... နောက်ပိုင်း သခင်မချီနဲ့ တွေ့တဲ့အခါ မင်းဘာသာ မေးကြည့်လို့ရတယ်... တကယ်တော့ သူ့ရဲ့ အစစ်အမှန် သရုပ်သကန်ကို ငါလည်း မသိပါဘူး... ငါ သူနဲ့ တွေ့တုန်းက သူ့ကိုယ်သူ သခင်မချီလို့ မိတ်ဆက်ပေးခဲ့တယ်... အဲဒါ လွန်ခဲ့တဲ့ ၁၀နှစ်တုန်းကပဲ... ငါ အဲဒီတုန်းက တတိယအဆင့် ယိုယီတာအိုအကြီးအကဲပဲ ရှိသေးတယ်”

ချီရွှမ်းစုက အနည်းငယ် စိတ်လက်ပေါ့ပါးသွားပြီး မေးလိုက်၏။

“သူတော်စင်... ခင်ဗျားက သခင်မချီနဲ့ ပတ်သက်တာ တစ်ခုခု ကျုပ်ကို ပြောချင်လို့လား”

“သခင်မချီလား…”

ဖေးရှောင်လုံက ဖောက်သည်ချလိုက်၏။

“ငါ့မှာ သူနဲ့ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိတယ်... သူက ကပ်စေးနှဲတယ်... ငွေမက်တယ်... စီးပွားရေးလုပ်ရတာကို ခုံမင်တယ်... သူက စီးပွားရေးတိုင်းမှာ သူများထက်ဦးအောင် အချိန်ကို နောက်ပြန်လှည့်မယ့်သူမျိုးပဲ... သူက အခုလောက်ဆိုရင် ဆိုင်တစ်ဆိုင်ဖွင့်ဖို့ လုပ်ချင်လုပ်နေလောက်တယ်... ငါ တစ်ခါတုန်းက သူနဲ့ စီးပွားရေးစပ်တူလုပ်ခဲ့ဖူးတယ်... ဒါပေမဲ့ ငါတို့ အကြီးအကျယ် အရှုံးပေါ်ခဲ့တယ်... သခင်မချီက ငါ့ကို ဂြိုဟ်ဆိုး ဆိုပြီးတော့ အပြစ်တင်ခဲ့တယ်... အဲ့လိုနဲ့ ငါတို့ လမ်းခွဲခဲ့ကြတာ”

သူတို့ အကြီးအကျယ် အရှုံးပေါ်ခဲ့သည်ဟု ကြားရသောအခါ ချီရွှမ်းစုက ဘာကြောင့်ရယ်မသိ ရယ်ချင်နေမိသည်။ ဖေးရှောင်လုံနှင့် သခင်မချီက အတော်လေး ဆင်တူသည်ကို သူပြောနိုင်၏။ အမြဲတမ်း တည်တည်ကြည်ကြည် နေတတ်သည့် ကျန်းယွဲ့လုနှင့် မတူဘဲ ဖေးရှောင်လုံနှင့် သခင်မချီက မည်သည့်အရာကိုမှ ဂရုစိုက်တတ်ပုံ မရပေ။ ထို့ကြောင့် သူတို့က ယုံကြည်စိတ်ချရခြင်း မရှိဟု လူအများက တွေးထင်ကြပေလိမ့်မည်။

ဖေးရှောင်လုံက ရေရွတ်ပြောဆိုလိုက်၏။

“သခင်မချီက မငယ်တော့ဘူး... ဒါပေမဲ့ သူ ဘယ်တုန်းကမှ အိမ်ထောင်မပြုခဲ့ဘူး... ငါတို့တွေက အတော်လေး လိုက်ဖက်တယ်လို့ ထင်တယ်... ကံဆိုးစွာနဲ့ပဲ ငါက အိမ်ထောင်ပြုပြီးသွားခဲ့ပြီ”

ချီရွှမ်းစုက သံသယအပြည့်ဖြင့် နှုတ်ခမ်းကို ကွေးညွှတ်လိုက်၏။ အဲဒါက ဖေးရှောင်လုံ၏ တစ်ဖက်သတ် ထင်မြင်ချက်ဟု သူခံစားမိသည်။ အစ်မချီက ဤလူကို သဘောကျချင်မှပင် ကျပေလိမ့်မည်။

ဖေးရှောင်လုံက ထပ်ပြောလိုက်၏။

“လူတွေက အသက်ကြီးလာတာနဲ့ ကလေးတွေကို ချစ်တတ်လာကြတယ်... သခင်မချီက သူ့မိတ်ဆွေတွေရှေ့မှာ သူ့ရဲ့ ခေါင်းကိုင်သားအကြောင်း ခဏခဏကြွားလုံးထုတ်တတ်တယ်... အဲဒါကြောင့် ငါသိချင်နေတာ”

ချီရွှမ်းစုက မျက်ခုံးပင့်လိုက်၏။

“ကျုပ်ကို ပြောတာလား”

“တခြားဘယ်သူ ရှိရဦးမှာလဲဟ”

ဖေးရှောင်လုံက ရယ်လိုက်၏။

ချီရွှမ်းစုက ဆွံ့အသွားသည်။ သူက အစ်မချီကို မိတ်ဆွေတစ်ဦးထက် အကြီးအကဲတစ်ဦးလို သတ်မှတ်ထားသော်လည်း အစ်မချီသည် မိခင်တစ်ဦးနှင့်တူဖို့ ဝေးကွာနေဆဲဖြစ်၏။ မိခင်တစ်ဦးက ခံ့ညားရမည်၊ ကြင်နာရမည်၊ နူးညံ့သိမ်မွေ့ရမည်ဟု ချီရွှမ်းစု မှတ်ယူထား၏။ သို့သော် အစ်မချီမှာ ဤကဲ့သို့သော အရည်အသွေးများ တစ်ခုမှ မရှိပေ။

ဖေးရှောင်လုံက ချီရွှမ်းစုကို ပခုံးပုတ်လိုက်၏။

“သခင်မချီက မင်းကို အတော်လေး သဘောကျတာ... မင်း တစ်နေ့အောင်မြင်မယ်လို့လည်း မျှော်လင့်ထားတယ်... ဒါပေမဲ့ သူ မင်းကို သိပ်ပြီးတော့ ကူညီပေးနိုင်မှာ မဟုတ်ဘူး”

ချီရွှမ်းစုက ပြောလိုက်၏။

“သူ ကျုပ်ကို အများကြီး ကူညီပေးစရာ မလိုပါဘူး... ကျုပ်ဘာသာကျုပ် ကြိုးစားနိုင်ပါတယ်”

ဖေးရှောင်လုံက ပြုံး၍ ဘာမှထပ်မပြောတော့ပေ။

ချီရွှမ်းစုက မေးလိုက်၏။

“ခင်ဗျား ကျုပ်အပေါ် ဘယ်လိုထင်မြင်လဲ သိလို့ရမလား”

ဖေးရှောင်လုံက ပြန်မေးလိုက်၏။

“မင်းက အမှန်အတိုင်း ကြားချင်တာလား”

ချီရွှမ်းစုက တုံ့ဆိုင်းနေပြီးနောက် ဖြေလိုက်၏။

“ဟုတ်ပါတယ်”

“အမှန်တရားကတော့ ငါ မင်းအပေါ်မှာ ထင်မြင်ချက် သိပ်မရှိဘူး... သခင်မချီက နည်းနည်းပိုလွန်းနေတာ ဖြစ်ချင်ဖြစ်မယ်... ဒါမှမဟုတ် ငါက လူကဲခတ်မကောင်းတာလည်း ဖြစ်ချင်ဖြစ်မယ်... ငါ့အထင်တော့ မိန်းကလေးကျန်းက လေ့ကျင့်သင်ကြားပေးဖို့ တကယ်ကို ထိုက်တန်တဲ့ အငယ်တန်းတစ်ဦးပဲ... မြေကမ္ဘာဆရာသခင်က ခြွင်းချက်တစ်ခုထားပြီး သူ့ကို လက်ထောက်ခန်းမသခင်အဖြစ် တိုးမြှင့်ပေးခဲ့တာ အံ့သြစရာ မရှိဘူး”

ချီရွှမ်းစုက အဲဒါကို မျက်နှာပေါ်မှာ မပေါ်စေသော်လည်း ဤကဲ့သို့သော ထင်မြင်ချက်မှာ သူက အနည်းငယ် စိတ်ပျက်အားငယ်မိသွား၏။ သူက အောင်မြင်မှု များများစားစား မရရှိခြင်းဖြင့် အစ်မချီကို စိတ်ပျက်မိစေသည်ဟု ခံစားမိသည်။

ရွှမ်အရှင်မြတ်သည် ချီရွှမ်းစု၏ အသက်အရွယ်မှာတုန်းက လောကတစ်ဝှမ်း ကျော်ကြားနေပြီဖြစ်သည်။ သူ့ထက် တစ်နှစ်ငယ်သော ကျန်းယွဲ့လုကလည်း အဆင့် ၄ တာအိုအကြီးအကဲတစ်ဦးနှင့် လက်ထောက်ခန်းမသခင်တစ်ဦး ဖြစ်နေလေပြီ။

တူညီသော အသက်အရွယ်မှာ လူအများစုက ချမ်းသာကြွယ်ဝမှုနှင့် နာမည်ဂုဏ်သတင်းကို စုဆောင်းရရှိထားပြီ ဖြစ်သော်လည်း ချီရွှမ်းစုက ဦးတည်ချက်မဲ့စွာဖြင့် လေလွင့်နေဆဲဖြစ်၏။ ဖေးရှောင်လုံ၊ ကျန်းယွဲ့လုနှင့် အစ်မချီတို့ကြောင့် မဟုတ်လျှင် မည်သူကမှ ချီရွှမ်းစုကို အာရုံစိုက်မိလိမ့်မည် မဟုတ်ပေ။ ကျန်းယွဲ့လုနှင့် အစ်မချီကသာ သူ့အပေါ်မှာ မျှော်လင့်ချက် မြင့်မြင့်မားမား ထားရှိကြသည်။

ချီရွှမ်းစုက ဤစကားမှာ စိတ်ပျက်အားငယ်မိသွား၏။ အစ်မချီနှင့် ကျန်းယွဲ့လု သူ့အပေါ် စိတ်မပျက်ရအောင် ကြိုးစားမည်ဟု ကျိန်ဆိုလိုက်သည်။

ဝမ်ရှို့ဝူနှင့် ယွဲ့လျှိုလီက တာကျန်းစံအိမ်က ဧည့်သည်ဆောင်သို့ အတူတကွ ပြန်လည်ရောက်ရှိလာကြသည်။ ဤဧည့်သည်ဆောင်သည် ရှင်းလင်းသေသပ်သော ဖွဲ့စည်းပုံနှင့် သီးခြားခြံဝန်းငယ်တစ်ခုမှာ ရှိသည်။ အဲဒါသည် နှစ်တစ်ထောင်သက်တမ်း မိသားစုတစ်ခု၏ အမွေအနှစ်ကို ကောင်းကောင်းပြသပေးနေ၏။

တာကျန်းစံအိမ်သည် ကြီးမားသော ဧရိယာတစ်ခုကို သိမ်းပိုက်ထားပြီး ရှန်ချင်းနန်းတော်ထက် များစွာပိုမိုကြီးမားသည်။ ရွှမ်အရှင်မြတ်က တောင်၏ မြေပြင်အနေအထားကို ပျက်စီးထိခိုက်စေခဲ့လျှင်တောင် အဲဒါသည် တာကျန်းစံအိမ်၏ ထောင့်တစ်နေရာကိုသာ ပြိုကျစေခဲ့၏။

သူတို့က ဧည့်ခန်းထဲသို့ ဝင်ရောက်လာသည့်အချိန်မှာ ဝမ်ရှို့ဝူက တံခါးအနီး ကုလားထိုင်ပေါ်မှာ ထိုင်လိုက်သည်။ ယွဲ့လျှိုလီက ရေတစ်ခွက်ငှဲ့ပြီး သူ့ကို ကမ်းပေးလိုက်၏။

ယွဲ့လျှိုလီက ပြောလိုက်သည်။

“လောကမှာ မိသားစုကြီး သုံးခုရှိတယ်လို့ ပြောကြတယ်... အဲဒါက ကွန်ဖြူးရှပ်မျိုးဆက်မိသာစု၊ ရှန်ချင်းစီရင်စုက ကျန်းမိသားစုနဲ့ နဂါးမြို့တော်က ချင်မိသားစုပဲ... ငါ့အမြင်တော့ တာအိုအဖွဲ့အစည်းမှာ မိသားစုကြီးနှစ်ခုပဲ ရှိတယ်... အဲဒါက ရှန်ချင်းစီရင်စုက ကျန်းမိသားစုနဲ့ တုံဟိုင်က လီမိသားစုပဲ”

“ငါတို့မှာ ဒီလိုမျိုး ကြီးမားပြီး ကောင်းကောင်းတည်ဆောက်ထားတဲ့ မိသားစုတွေ မရှိတဲ့အတွက် ချွမ်ကျန်းဂိုဏ်းက အဲဒီနေရာမှာတော့ ရှုံးတယ်... ဒါပေမဲ့ ငါတို့မှာ ချီမိသားစု၊ ဖေးမိသားစု၊ ထန်မိသားစုနဲ့ ကျိမိသားစုလို ပထမတန်းစား မိသားစုတချို့ ရှိတယ်... ချွမ်ကျန်းဂိုဏ်းက အဲဒီမိသားစုတွေက အခုချိန်ထိ မဟာအကြီးအကဲတစ်ဦး၊ လက်ထောက်မဟာအကြီးအကဲတစ်ဦးကို မွေးထုတ်မပေးနိုင်သေးပေမဲ့ သူတို့မှာ တန်ခိုးရှင်သူတော်စင်တွေ အများကြီးနဲ့ တောင့်တင်းခိုင်မာတဲ့ အခြေခံအုတ်မြစ် ရှိတယ်”

ဝမ်ရှို့ဝူက ရေခွက်ကို ယူလိုက်၏။

“ရွှမ်အရှင်မြတ်က မိသားစုတွေနဲ့ ဂိုဏ်းတွေကြားက ကွဲပြားခြားနားမှုကို ဖယ်ရှားဖို့အတွက် သူ့တစ်ဘဝလုံး အပတ်တကုတ် ကြိုးစားအားထုတ်ခဲ့တယ်... နောက်ဆုံးမှာတော့ ဟိုမိသားစု၊ ဒီမိသားစုနဲ့ ကွဲထွက်နေတုန်းပဲ... ဝမ်ရှန်းတာအိုနန်းတော်က လာတဲ့ ငါတို့လိုလူတွေက ရှေ့ကို ဆက်တက်ချင်တယ်ဆိုရင် ခွေးတွေလိုမျိုး ငါတို့ရဲ့ ခေါင်းကို ငုံ့ထားရမယ်... မဟုတ်ရင်…”

ယွဲ့လျှိုလီက ကြားဖြတ်ပြောလိုက်သည်။

“ရွှမ်အရှင်မြတ် မရှိရင်လည်း လီမိသားစုက သန်မာနေဦးမှာပဲ... အဲဒါက သိပ်ပြီး ကွာခြားသွားမှာ မဟုတ်ဘူး... အဲဒါက တောင့်တင်းတဲ့ မိသားစုနောက်ခံတစ်ခု ရှိထားတဲ့ အဓိပ္ပာယ်ပဲ... နာမည်မရှိတဲ့ မိသားစုက လူတွေကတော့ တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားလိမ့်မယ်... အဲဒါကို ပြောင်းလဲဖို့ ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး”

ဝမ်ရှို့ဝူက သက်ပြင်းချလိုက်၏။

“အဲဒီ ချီရွှမ်းစုက...”

“ငါတို့ သူ့ကို သတိထားရမယ်”

ယွဲ့လျှိုလီက လေးနက်သော အသံဖြင့် ပြောလိုက်၏။

ဝမ်ရှို့ဝူက မျက်မှောင်ကြုတ်လိုက်သည်။

“သူက ငါတို့ကို လက်စားချေလာမယ်လို့ မင်းထင်လား”

“ပြောဖို့တော့ ခက်တယ်... ဆုံးရှုံးစရာ ဘာမှမရှိတဲ့သူတွေက ဧကရာဇ်ကို သတ်ရမှာ မကြောက်ဖူးတဲ့... တကယ်တော့ အဲဒါက ဆိုရိုးစကားပဲ... ငါတို့က ဧကရာဇ်မဟုတ်သလို ချီရွှမ်းစုမှာလည်း ဆုံးရှုံးစရာ ရှိနေတယ်... ဒါပေမဲ့ ကလဲ့စားချေလိုတဲ့ စိတ်ဆန္ဒကသာ အဓိကကျတယ်ဆိုတာ အဲဒီဆိုးရိုးစကားက ငါတို့ကို အသိပေးနေတယ်”

ယွဲ့လျှိုလီက သတိပေးလိုက်၏။

ဝမ်ရှို့ဝူက သဘောတူလိုဟန် မရှိပေ။ ချီရွှမ်းစုက အရင်တုန်းကနှင့် ကွဲပြားခြားနားသွားသော်လည်း သူက ထိုလူကို အထင်သေးနေဆဲဖြစ်သည်။ ချီရွှမ်းစုက သူ့ကို တစ်ယောက်ချင်း တိုက်ခိုက်ပြီး အနိုင်ယူနိုင်မှသာ သူ့စိတ်က ပြောင်းလဲသွားပေမည်။

ဝမ်ရှို့ဝူ၏ ခံယူချက်ကို ယွဲ့လျှိုလီက သတိထားမိပြီး သူ့ကို သတိပေးလိုက်၏။

“နဂါးအဖွဲ့ ကျားအဖွဲ့မှာတုန်းက ဖြစ်ပျက်ခဲ့တဲ့အရာကို ချီရွှမ်းစုက မေ့ပစ်မှာ မဟုတ်လောက်ဘူး... ငါက သူ့ကို စွန့်ပစ်ထားခဲ့တယ်... နင်က သူ့ကို သေလုမတတ် ခုတ်ပိုင်းခဲ့တယ်... နင်သာ သူ့နေရာမှာဆိုရင် ဒီလိုမျိုး စိတ်နာစရာကောင်းတဲ့ ဖြစ်ရပ်ကို မေ့ပျောက်ပြီးတော့ ရယ်ပစ်နိုင်မှာလား”

ဝမ်ရှို့ဝူက ဘာမှမပြောနိုင်ဘဲ ရေခွက်ကို ငုံ့ကြည့်နေ၏။

ယွဲ့လျှိုလီကလည်း ငြိမ်သက်သွားသည်။

အရင်တုန်းက နဂါးအဖွဲ့ ကျားအဖွဲ့မှာ ဖြစ်ပျက်ခဲ့သည့်အရာက အကြောင်းရင်းမရှိခဲ့ခြင်း မဟုတ်ပေ။ သူက ယွဲ့လျှိုလီနှင့် ရန်စမရှိတာတောင် အကြောင်းရင်းမရှိဘဲ သူ့ကို ထောင်ချောက်တစ်ခုတည်း တွန်းပို့ခဲ့သည့်အတွက် တစ်ခုခုတော့ မှားယွင်းနေသည်ဟု ချီရွှမ်းစုက ခံစားမိခဲ့၏။ သို့သော် ယွဲ့လျှိုလီအတွက်တော့ ချီရွှမ်းစုက သေသင့်သေထိုက်သည်။

ဝမ်ရှန်းတာအိုနန်းတော်မှာ သူတို့ ရှိနေခဲ့စဉ်က ပန်းပေါင်းတစ်ရာပွဲတော်သည် ကြယ်တာရာ လေ့လာရေးမျှော်စင်မှာ ကျင်းပသည့် ခမ်းနားသော စုဝေးပွဲတစ်ခုဖြစ်သည်။ မျှော်စင်နှင့် မလှမ်းမကမ်းမှာ တားမြစ်ထားသော ရှင်းယဲ့ရေကန် ရှိသည်။ တောင်နှင့် ရေကန်ကြားမှာ ပန်းပေါင်းစုံ စိုက်ပျိုးထားသည့် ကျယ်ပြန့်သော ပန်းခင်းတစ်ခု ရှိသည်။

ထိုအချိန်တုန်းက ပန်းများအားလုံးက ဖူးပွင့်နေပြီး အရောင်အသွေး စုံလင်၍ ရွှန်းစိုတောက်ပသော ရှုခင်းတစ်ခုကို ဖြစ်ပေါ်နေစေခဲ့သည်။

ထိုအချိန်တုန်းက တာအိုကျောင်းသား အများစုသည် သာယာလှပသော ရှုခင်းများကို ခံစားရန် လေ့လာရေး မျှော်စင်မှာ မိတ်ဆွေအပေါင်းအသင်းများနှင့် စုဝေးနေခဲ့ကြသည်။ ထိုနေ့က ပန်းပေါင်းတစ်ရာ ပွဲတော်မှာ ယွဲ့လျှိုလီက လေ့လာရေးမျှော်စင်ကနေ ထွက်ခွာပြီး အောက်ဘက်မှာရှိသော ပန်းခင်းထဲကို သွားခဲ့သည်။ သူမ၏ နောက်ဘက်မှာ တားမြစ်ထားသော ရှင်းယဲ့ရေကန် ရှိသည်။

နောက်ခံပေးထားသော ပန်းခင်းနှင့် ရေကန်နှင့်အတူ ယွဲ့လျှိုလီက နတ်သမီးတစ်ပါးလို ချောမောလှပနေခဲ့သည်။ တာအိုကျောင်းသားများ အားလုံးက သူမကို ရင်သပ်ရှုမောစွာဖြင့် ငေးကြည့်နေခဲ့ကြသော်လည်း ချီရွှမ်းစုက သူမကို တစ်ချက်ပင် မကြည့်ခဲ့ပေ။

ထိုအချိန်တုန်းက ချီရွှမ်းစုသည် မပြီးပြတ်သေးသော ကျောင်းတာဝန် သို့မဟုတ် သူ့ဘဝအကြောင်းကို စဉ်းစားတွေးတောနေခဲ့ပေလိမ့်မည်။ သူက ငိုက်ပင် ငိုက်နေနိုင်သည်။ ထိုအချိန်တိုအတွင်းတုန်းက သူက ယွဲ့လျှိုလီကို မပြောနှင့်၊ သာယာလှပသော ရှုခင်းကိုပင် ခံစားဖို့ အာရုံမရခဲ့ပေ။ ထို့ကြောင့် ယွဲ့လျှိုလီက မကျေမချမ်း ဖြစ်နေခဲ့သည်။

သူ၏ ဥပေက္ခာပြုမှုကြောင့် ယွဲ့လျှိုလီက ချီရွှမ်းစုကို စိတ်ဝင်စားမလာခဲ့ပေ။ ထိုအစား သူ့အပေါ် သူမ၏ မုန်းတီးစိတ်ကသာ ပိုလာခဲ့သည်။ သူမသည် တောက်ပသော လပြည့်ဝန်းလို သာလွန်မြင့်မြတ်မှုနှင့် ချီးကျူးထောမနာပြုခံရသည့် ခံစားချက်ကို သဘောကျသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ၏ အလှအပကို အသိအမှတ်မပြုသည့် မည်သူ့ကိုမဆို သူမအနေဖြင့် ဆူးတစ်ချောင်းအဖြစ် ရှုမြင်ထားသည်။

ချီရွှမ်းစုက သူမအနားကို ချဉ်းကပ်ဖို့ ကြိုးစားလာမည်ဆိုလျှင် သူမက သူ့ကို အရူးလုပ်ပြီး အရှက်ခွဲပေလိမ့်မည်။ သို့သော်လည်း ချီရွှမ်းစုသည် ထိုအချိန်တုန်းက မည်သည့်မိန်းကလေးကိုမှ စိတ်မဝင်စားခဲ့ဘဲ ယွဲ့လျှိုလီမှာ လက်စားချေဖို့ အခွင့်အရေး မရရှိခဲ့ပေ။ နောက်ပိုင်း သူမက နဂါးအဖွဲ့၏ ခေါင်းဆောင် ဖြစ်လာပြီးမှသာ လက်စားချေဖို့ အခွင့်အရေးရလာပြီး ချီရွှမ်းစုကို အသေဖမ်း ထောင်ချောက်ဆီသို့ တွန်းပို့ခဲ့သည်။

သူမ၏ တစ်ဖက်သတ် ဇာတ်လမ်းကို ချီရွှမ်းစုက သိပင် မသိခဲ့ပေ သို့သော် ယွဲ့လျှိုလီက အပေါ်ယံမှာ ပြသထားသလောက် စင်ကြယ်မှု မရှိသည်ကို သူသိထား၏။ သူက ဤကဲ့သို့ မိန်းမမျိုးကို ရွံရှာစက်ဆုပ်သောကြောင့်လည်း ကျန်းယွဲ့လု၏ ကြင်နာမှုနှင့် မှန်ကန်ဖြောင့်မတ်မှုမှာ သူက စိတ်ဝင်စားသဘောကျလာခဲ့ခြင်းဖြစ်သည်။

တကယ်တော့ ဝမ်ရှို့ဝူကလည်း ယွဲ့လျှိုလီ၏ အမှောင်ဘက်ခြမ်းက အတွေးများကို သတိမထားမိပေ။ စစ်မြေပြင်မှာ ဘာမဆိုဖြစ်နိုင်သောကြောင့် ချီရွှမ်းစုက ကံဆိုးသောသူ ဖြစ်ခဲ့သည်ဟုသာ သူမြင်သည်။ သို့သော် ယွဲ့လျှိုလီကတော့ သူမ လုပ်ခဲ့သည့်အရာအတွက် မလုံမလဲ ခံစားနေရ၏။

ယွဲ့လျှိုလီက မလုံမလဲ ခံစားနေရသော်လည်း နောင်တရနေခြင်း မရှိပေ။ ထိုစဉ်တုန်းက ချီရွှမ်းစုကို အသေမသတ်နိုင်ခဲ့သည့်အတွက်သာ သူမက နောင်တရမိသည်။ မဟုတ်ပါက ယခုအချိန်မှာ ဤကဲ့သို့သော ပြဿနာမျိုး ပေါ်လာလိမ့်မည် မဟုတ်ပေ။ ဤသည်ကို စဉ်းစားရင်း ယွဲ့လျှိုလီ၏ မျက်လုံးများက သုန်မှုန်လာ၏။ သူမက ချီရွှမ်းစုနှင့် ရန်ငြိုးရန်စ ရှိနေပြီဆိုမှတော့ သူ့ကို ရှင်းပစ်ဖို့ ဒုတိယအခွင့်အရေး ရလာမည်ဆိုလျှင် မည်သည့် သနားညှာတာမှုကိုမှ ပြလိမ့်မည် မဟုတ်ပေ။

အခန်း ၁၇၂ - ယန်မင်ချန် (၁)

ချီရွှမ်းစုသည် ဖေးရှောင်လုံကို နှုတ်ဆက်ပြီးနောက် ရှန်ချင်းနန်းတော်ကနေ ထွက်ခွာလာခဲ့သည်။ ခပ်လှမ်းလှမ်းမှာ အမျိုးသမီးဆန်ဆန် ဝတ်စားဆင်ယင်မှုနှင့် နူးညံ့သိမ်မွေ့သည့် ပုံပေါ်သော ကျန်းယွဲ့လုက လက်ရန်းတစ်ခုဘေးမှာ ရပ်နေသည်ကို သူ တွေ့မြင်လိုက်ရ၏။ သူမက တစ်ခုခုကို စိုးရိမ်ပူပန်နေသည့်အလား မျက်မှောင်အနည်းငယ်ကြုတ်ထား၏။

သူ နှလုံးခုန်သံက ရုတ်တရက် ပြင်းလာသည်ဟု ခံစားမိလိုက်၏။ သူ့တစ်ဘဝလုံးမှာ သူ့ကို စိတ်ရင်းမှန်ကန်မှုနှင့် ဆက်ဆံပြီး သူ့အပေါ် မျှော်လင့်ချက်ကြီးမားစွာ ထားသည့်သူ အနည်းအကျဉ်းမျှသာ ရှိသည်။ သူ့ဆရာ၊ အစ်မချီနှင့် ကျန်းယွဲ့လုတို့ ဖြစ်သည်။ ချီရွှမ်းစုလို မိဘမဲ့တစ်ဦးအတွက် သူ့ဆရာနှင့် အစ်မချီသည် သူ့မိဘများ၏ နေရာကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ ကျန်းယွဲ့လုက သူ့အတွက် တစ်ဦးတည်းသော အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်းဟု ဆိုနိုင်သည်။

ချီရွှမ်းစုက သူမ၏ အတွေးများထဲမှာ နစ်မြောနေသော ကျန်းယွဲ့လု အနားကို လျှောက်လှမ်းသွား၏။ သူက ပခုံးလှမ်းပုတ်ပြီး စနောက်လိုက်၏။

“မင်း ဘာတွေ စဉ်းစားနေတာလဲ... မင်း မဟာအကြီးအကဲ ဖြစ်လာတာနဲ့ တာအိုဂိုဏ်းတော်ကို ဘယ်လိုပြန်ပြင်ဆင်ဖွဲ့စည်းရမလဲ မဟာဗျူဟာတွေ ချနေတာလား”

ကျန်းယွဲ့လုက သတိပြန်ကပ်လာပြီး ချီရွှမ်းစုကို မျက်လုံးစွေကြည့်လိုက်၏။

“ငါ့ကို လာနောက်မနေနဲ့... အရင်ရက်က ရခဲ့တဲ့ စိတ်တထင့်ထင့် ခံစားချက်က ဘယ်ကနေလာသလဲ ငါစဉ်းစားနေတာ”

ကျန်းယွဲ့လုက စိတ်ရှုပ်စရာကောင်းသော ထိုစိတ်တထင့်ထင့် ခံစားချက်ကို လွှတ်ချဖို့ ကြိုးစားနေ၏။

“သူတော်စင်ဖေးနဲ့ ဘာအကြောင်းတွေ ပြောခဲ့ကြတာလဲ”

သူမသည် အခြားသူများ၏ ကိုယ်ရေးကိုယ်တာကိစ္စများမှာ ဝင်ရောက်စွက်ဖက်တတ်သူ မဟုတ်သော်လည်း မိတ်ဆွေတစ်ဦးအနေဖြင့် အဲဒါကို မေးသင့်သည်ဟု ခံစားမိသည်။

“သူတော်စင်ဖေးနဲ့ ငါ့ဆရာတွေက မိတ်ဆွေဟောင်းတွေ ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး... ငါတို့ အများဆုံး ပြောဖြစ်တာက ငါ့ဆရာရဲ့ အရင်တုန်းက အကြောင်းတွေပါပဲ”

ချီရွှမ်းစုက အစ်မချီနေရာကို သူ့ဆရာနှင့် ပါးပါးနပ်နပ် အစားထိုးလိုက်၏။ ထို့သို့ဖြင့် ပို၍ ယုတ္တိတန်သွားပြီး တခြားမည်သူကမျှ သံသယဝင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ကျန်းယွဲ့လုက တခြားတစ်ခုကို အမှတ်ရသွားပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“နင့်ဆရာကို ဘယ်သူသတ်လဲ သူတော်စင်ဖေးက သိထားလား”

အရင်တုန်းက သူ့အတိတ်အကြောင်းကို ဖုံးကွယ်ဖို့ သူသုံးခဲ့သည့် မုသားကို ကျန်းယွဲ့လုက မှတ်မိနေလိမ့်ဦးမည်ဟု ချီရွှမ်းစု ထင်မှတ်မထားခဲ့ပေ။ ထိုစကားမှာ သူက ရင်ထဲထိသွားပြီး မလုံမလဲ ခံစားလာရ၏။

သူ့ဘဝ၏ အသေးအဖွဲလေးကို သူမက မှတ်မိနေသေးသည့်အတွက် သူက ရင်ထဲမှာ ထိသွားရ၏။

သူ့မှာ အစစ်အမှန် မိတ်ဆွေသူငယ်ချင်းများ မရှိခဲ့ဘဲ အမှီအခိုကင်းမဲ့ခြင်း၊ အထီးကျန်ခြင်းနှင့် အသားကျနေခဲ့သည်။ သူမှာ အသိကျွမ်းတချို့ ရှိခဲ့သော်လည်း သူတို့က အပေါ်ယံမျှသာဖြစ်ပြီး မည်သူကမှ သူ့ဘဝအကြောင်း သို့မဟုတ် သူ့အတိတ်အကြောင်းကို အမှန်တကယ် ဂရုမစိုက်ခဲ့ကြပေ။

သူ၏ အလိမ်အညာများကို နောက်ထပ် မုသားများဖြင့် ဖုံးကွယ်ရသည့်အတွက် သူက ရှက်မိနေ၏။ သူ၏ သရုပ်သကန်ကို ဝန်မခံလိုသရွေ့ ကျန်းယွဲ့လုကို ဆက်လိမ်နေရဦးမည် ဖြစ်သည်။

ကျန်းယွဲ့လုက ထိုအကြောင်းနှင့် ပတ်သက်၍ များစွာ မစဉ်းစားမိပေ။ ချီရွှမ်းစုက နှုတ်ဆိတ်သွားသည်ကို တွေ့ရသောအခါ သူ့ဆရာ၏ သေဆုံးမှုအကြောင်း စဉ်းစားတွေးတောရင်း ဝမ်းနည်းနေခြင်း ဖြစ်မည်ဟု သူမက တွေးလိုက်၏။ သူမသည် လူများကို နှစ်သိမ့်ပေးရာမှာ မတော်သည့်အတွက် ဘာမှမပြောဘဲ နှုတ်ဆိတ်၍သာ နေ၏။

ခဏနေပြီးနောက် ချီရွှမ်းစုက သူ၏ အတွေးများကို စုစည်းပြီး ပြောလိုက်၏။

“သူတော်စင်ဖေးက သဲလွန်စတချို့ကို ရှာတွေ့ခဲ့တယ်... သတ်ဖြတ်သူက ထိုက်ဖျင်ဂိုဏ်းနဲ့ ပတ်သက်နေပုံရတယ်”

“လီမိသားစုပဲလား”

ကျန်းယွဲ့လုက မေးလိုက်သည်။ လီမိသားစုက စွမ်းအားကြီးမား၍ စိုးမိုးဗိုလ်ကျတတ်ပြီး ဤကဲ့သို့သော အရာမျိုး ဖြစ်လာသည့်အခါတိုင်း လူအများစုက လီမိသားစုကို အရင်ဆုံး ပြေးမြင်တတ်ကြသည်။

ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။

“မဟုတ်ဘူး... အဲဒါက ရှန်မိသားစုနဲ့ ပတ်သက်နေတဲ့ပုံပဲ... ဒါပေမဲ့ သူတော်စင်ဖေးကလည်း သေချာမသိဘူး”

“ရှန်မိသားစု…”

ကျန်းယွဲ့လုက တွေးတွေးဆဆဖြင့် ပြောလိုက်၏။

“လီမိသားစု၊ လုမိသားစုနဲ့ ရှန်မိသားစုတို့က ထိုက်ဖျင်ဂိုဏ်းရဲ့ မဟာမိသားစုသုံးခုအဖြစ် ကျော်ကြားပေမဲ့ လုမိသားစုနဲ့ ရှန်မိသားစုကို လီမိသားစုရဲ့ လက်အောက်ခံတွေလို့ ဆိုနိုင်တယ်”

“ဒါပေမဲ့ လုမိသားစုနဲ့ ရှန်မိသားစုက ပုံစံချင်း မတူကြဘူး… လုမိသားစုက လီမိသားစုရဲ့ တကယ့် အစစ်အမှန် နောက်လိုက်ပဲ… တော်ဝင်မိသားစုနဲ့ လက်ထပ်မင်္ဂလာပွဲတွေ စီစဉ်တာအပြင် လီမိသားစုက လုမိသားစုနဲ့လည်း အများဆုံး လက်ထပ်ထိမ်းမြားတတ်တယ်”

“တစ်ဖက်မှာတော့ ရှန်မိသားစုက ပိုပြီးတော့ သိုသိုသိပ်သိပ်နေတတ်တယ်... သူတို့က လီမိသားစုကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် လေးစားမှုထားပေမဲ့ လီမိသားစုနောက်ကို မျက်ကန်းတောတိုး မလိုက်ကြဘူး…. အဲဒါကြောင့် သူတို့မှာ လုမိသားစုထက် ပိုကောင်းတဲ့ နာမည်ဂုဏ်သတင်း ရှိတယ်”

ချီရွှမ်းစုက သူ လုပ်ကြံဖန်တီးထားသော မုသားများထဲ အမှန်တချို့ကို ရောထည့်ပေးလိုက်သည်။

“အဲဒါက တာအိုဂိုဏ်းတွေကြား နိုင်ငံရေးပဋိပက္ခနဲ့ မပတ်သက်ဘူးလို့ သူတော်စင်ဖေးက ပြောတယ်... အဲဒါက ရှန်မိသားစုဝင်တစ်ဦးနဲ့ ပုဂ္ဂိုလ်ရေး အငြိုးတေးကြောင့် ဖြစ်လိမ့်မယ်... ဒါပေမဲ့ ထပ်ပြီးတော့ အတည်ပြုဖို့ လိုသေးတယ်”

ကျန်းယွဲ့လုက သူ့ကို တည်တံ့စွာဖြင့် ကြည့်လိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ် နင် အကူအညီလိုလာတဲ့အခါ ပြောနော်... ငါ့ကို အားနာနေစရာ မလိုဘူး”

“ကျေးဇူးတင်ပါတယ်”

ချီရွှမ်းစုက ကျေးဇူးတင်စွာဖြင့် ပြုံးပြလိုက်၏။

သူတို့က ရှန်ချင်းမြို့ ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာစဉ် ချီရွှမ်းစုက တေးသွားတစ်ခုကို ညည်းနေ၏။

.....

.....

.....

ချီရွှမ်းစုသည် ဤတေးသွားကို အစ်မချီထံကနေ ကြားဖူးထားခြင်းဖြစ်သည်။ စာသားများမှာ လောကဓံ၏ သဘောတရားများ ပါဝင်နေပြီး တေးရေးဆရာသည် လောကဓံနှင့် ဘဝ၏ အနိမ့်အမြင့် အတက်အကျများကို တွေ့ကြုံထားဖူးသည့် လူအိုကြီးတစ်ယောက် ဖြစ်ပုံရသည်။

ချီရွှမ်းစုက အသက် ၂၀ ကျော် အရွယ်မှာသာ ရှိသေးသော်လည်း သူက အနိမ့်အမြင့် အတက်အကျများကို ဖြတ်ကျော်၍ လောက၏ ရက်စက်ကြမ်းတမ်းမှုကို တွေ့မြင်ထားဖူးသည်။ သူက သေရေးရှင်ရေး အခိုက်အတန့်များစွာကိုလည်း တွေ့ကြုံဖြတ်ကျော်ဖူးပြီး ဤစာသားများကို နက်နက်ရှိုင်းရှိုင်း ခံစားမိသည်။

ကျန်းယွဲ့လုက ဂရုတစိုက် နားထောင်ပြီး စာသားတစ်ခုကို ထုတ်၍ ရွတ်ဆိုလိုက်သည်။

“ကံကောင်းခြင်းထဲမှာ ကံဆိုးခြင်းက ပုန်းကွယ်နေတယ်... ကံဆိုးခြင်းထဲမှာ ကံကောင်းခြင်းက ကိန်းအောင်းနေတယ်”

“မင်း အဲဒီ စိတ်တထင့်ထင့် ခံစားချက်အကြောင်း စဉ်းစားနေတုန်းပဲလား”

ချီရွှမ်းစုက သူမကို အာရုံလွှဲပေးဖို့ ကြိုးစားလိုက်၏။

“အဲဒါကို အစွဲအလမ်းထားနေလည်း ဘာအကျိုးမှ မရှိဘူး... ကံကြမ္မာရဲ့ အလုပ်လုပ်ပုံကို ငါတို့ ဖော်ထုတ်ဖို့မှ မဖြစ်နိုင်တာ”

“လီမိသားစုက မျိုးဆက်နှစ်ဆက် ကြာအောင် ထွန်းတောက်လာခဲ့တယ်… သူတို့တွေက အထွတ်အထိပ်ကို ရောက်ပြီးတဲ့နောက် ကျဆင်းလာရမှာပဲ… ရွှမ်အရှင်မြတ်က အဲဒါကို ထည့်စဉ်းစားပြီး လီမိသားစုကို ဖိနှိမ်ခဲ့တယ်... ဒါပေမဲ့ ရွှမ်အရှင်မြတ်ရဲ့ ဂုဏ်ကျက်သရေက ဘယ်လောက်ကြာကြာ တည့်တံ့နိုင်မှာလဲ”

ဤစကားကို နားထောင်ရင်း ချီရွှမ်းစု၏ မေးခွန်းမှာ ကျန်းယွဲ့လုက စိတ်အာရုံပြောင်းသွား၏။

“နင်ပြောတာ မှန်တယ်... လီမိသားစုက သူတို့ရဲ့ အထွတ်အထိပ်ကို တကယ်ပဲ ရောက်ပြီး စပြီးတော့ ကျဆင်းလာပြီ... ဒါပေမဲ့ အဲဒီ ကျဆင်းမှုက နေ့ချင်းညချင်း ဖြစ်လာမှာ မဟုတ်ဘူး... အဲဒါက ဆယ်စုနှစ်နဲ့ ချီပြီး ကြာကောင်း ကြာနိုင်တယ်... အဲဒီနေ့ကို ငါတို့ မြင်တွေ့ချင်မှ မြင်တွေ့ရလိမ့်မယ်”

သူတို့နှစ်ယောက်က ခဏမျှ လမ်းလျှောက်လာကြ၏။ ရုတ်တရက် တိမ်များက ထူ၍ လေက စတင် အော်မြည်တိုက်ခတ်လာ၏။ ကောင်းကင်က မှောင်ကျပြီး ဆီးနှင်းပွင့်များက နေရာတိုင်းမှာ တဖျပ်ဖျပ် လွင့်ပျံကာ သိပ်မကြာခင် ရပ်တန့်သွားမည့် လက္ခဏာ မရှိဘဲ ပို၍ပင် အရှိန်ရလာသည်။

ရှန်ချင်းနန်းတော်ကနေ ရှန်ချင်းမြို့သို့ အကွာအဝေးကို တိုတောင်းသည်ဟု မဆိုသာပေ။ ဤအချိန်မှာ သူတို့က လေနှင့် နှင်းကို အန်တုပြီး ရှန်ချင်းမြို့ ရှိရာသို့ လျှောက်လှမ်းသွားကြ၏။

ဤတောင်တက်လမ်းမှာ တခြားမည်သူမှ ရှိမနေပေ။ သူတို့မှာ ထီးမပါလာသလို ထီးဆောင်းချင်စိတ်လည်း မရှိကြပေ။ သူတို့သည် နှင်းများအောက်မှာ ခြုံထည်များ ဝတ်၍ လမ်းလျှောက်ရသည့် ခံစားချက်ကို သဘောကျသောကြောင့် ဖြစ်၏။

ကျန်းယွဲ့လုက သူ့လက်နှစ်ဖက်ကို အနည်းငယ်ဖြန့်ထားပြီး သူမ၏ အင်္ကျီလက်စ နှစ်ဖက်က လေထဲမှာ တဖျပ်ဖျပ် လှုပ်ခတ်နေ၏။ သူမက အကြံပြုလိုက်၏။

“ထျန်းယွမ်... ငါတို့ နှစ်သစ်ကူးပြီးရင် ကျောက်စိမ်းနေပြည်တော်ကို ပြန်ကြရအောင်”

“ရတယ်လေ”

ချီရွှမ်းစုမှာလည်း ကန့်ကွက်စရာ အကြောင်းမရှိပေ။

သူ့အတွက် ယွင်ကျင်းတောင်သို့ ခရီးစဉ်က တကယ်ပင် သိပ်ပြီး ပျော်စရာကောင်းမနေခဲ့ပေ။ ကျန်းမိသားစု၏ စော်ကားပြောဆိုမှုများအပြင် သူက သတိကြီးကြီးထား၍လည်း နေနေရသည်။ ဤကဲ့သို့ နေရသည်က တကယ်ပင် သက်တောင့်သက်သာ မရှိပေ။ ယခင်က ကျန်းယွဲ့လုကို သူပေးထားသည့် ကတိကြောင့် မဟုတ်လျှင် ဘာမှမတွေးဘဲ ထွက်လာမိပေလိမ့်မည်။ ကျောက်စိမ်းနေပြည်တော်မှာ ဆရာ့ဆရာကြီးများစွာ ရှိသော်လည်း မည်သူကမှ သူ့ကို တမင်သက်သက် ပြဿနာလာရှာလိမ့်မည် မဟုတ်ဘဲ ထိုနေရာမှာ နေရသည်က သူ့အတွက် ပို၍ သက်သောင့်သက်သာ ရှိပေမည်။

ဤအချိန်မှာ ဟဲချန်ကို ဝတ်ထားသည့် အရပ်မြင့်မြင့် လူတစ်ယောက်က သူတို့ ရှိရာသို့ ထီးတစ်ချောင်းကို ကိုင်ပြီး လျှောက်လှမ်းလာ၏။ ကျန်းယွဲ့လုက ရုတ်တရက် ရပ်တန့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ ချီရွှမ်းစုကလည်း ရပ်တန့်ပြီး ထိုလူကို သတိထားကြည့်နေ၏။

ချီရွှမ်းစုဘက်ကနေ ကြည့်မည်ဆိုလျှင် ထိုလူ၏ မျက်နှာကို ထီးဖြင့် ကွယ်ထားပြီး မေးကိုသာ ဖော်ထား၏။ သို့သော် ထိုလူ၏ စေ့စေ့စပ်စပ် အကဲခတ်နေသော အကြည့်ကို ချီရွှမ်းစုက ခံစားမိနိုင်သည်။

ခဏနေပြီးနောက် ထိုလူက ထီးကို သိမ်းလိုက်ပြီး သူ၏ အစစ်အမှန်မျက်နှာကို ပေါ်ထွက်လာစေ၏။ ပြင်ဆင်ခြယ်သမှု လုံးဝ မရှိပဲနှင့်တောင် သူ့မျက်နှာက ချောမောပြီး အချိုးအစား ကျနနေ၏။ သူသည် အမျိုးသမီးများ မြင်မြင်ချင်း ချစ်ကြိုက်သဘောကျသွားမည့် သူရဲကောင်းလို ပုံစံမျိုး ဖြစ်သည်။

သို့သော်လည်း ထိုအမျိုးသမီးများထဲ ကျန်းယွဲ့လု မပါသည်မှာ သိသာလေသည်။ သူမက ထိုလူကို တွေ့မြင်သောအခါ အေးစက်သော အသံဖြင့် မေးလိုက်၏။

“ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ”

အမျိုးသားက ချီရွှမ်းစုထံကနေ အကြည့်လွှဲပြီး ပြန်ဖြေလိုက်၏။

“ဒေါ်လေးထန်တိုက်က ငါ့ကို ဖိတ်ထားတာ”

ဤစကားကို ကြားပြီး ထိုလူ၏ သရုပ်သကန်ကို ချီရွှမ်းစုက အကြမ်းဖျင်း ခန့်မှန်းမိနိုင်သွား၏။

ထိုလူသည် ကျန်းယွဲ့လုနှင့် လက်ထပ်ပေးဖို့ ထန်တိုက်ချုံး ရွေးချယ်ထားသည့် အိမ်ထောင်ဘက် ဖြစ်နိုင်လေသည်။ သူသည် ကွေ့ကျန်းအဆင့် ချီသန့်စင်သူတစ်ဦး ဖြစ်သော အသက် ၃၀ အရွယ် အဆင့် ၄ ကျီကျိုးတာအိုအကြီးအကဲ ယန်မင်ချန် ဖြစ်သည်။ သူသည် ကျန်းနန်တာအိုစံအိမ်၏ ကြီးကြပ်ရေးမှူး ခေါင်းဆောင်ဖြစ်ပြီး လက်ထောက်ခန်းမသခင် ဖြစ်လာဖို့ တစ်ဆင့်သာ လိုတော့သည်။ သူ့ကို ငယ်ရွယ်ပြီး အလားအလာကောင်းသည့် ပါရမီရှင်တစ်ဦးဟု ဆိုနိုင်၏။

ကျန်းယွဲ့လုကို အဆင့် ၄ သို့ တိုးမြှင့်ပေးသည့် အချိန်တုန်းက သူသည် ဝမ်ရှန်းတာအိုနန်းတော်၏ အထက်နန်းတော်မှာ သွားရောက်သင်ယူရပြီး ယန်မင်ချန်နှင့် တွေ့ဆုံခဲ့သည်။

All Chapters