အခန်း (၁၇၃-၁၇၄)
Vol. 18 Ch. 173-174
အခန်း ၁၇၃ - ယန်မင်ချန် (၂)
ထိုက်ဖျင်ဂိုဏ်းမှာ မိသားစုကြီးသုံးခုက လီမိသားစု၊ လုမိသားစုနှင့် ရှန်မိသားစုတို့ ဖြစ်သည်။ လီမိသားစုက အဓိကမိသားစုဖြစ်ပြီး အခြားသော မိသားစုနှစ်ခုက လီမိသားစု၏ လက်အောက်ခံများ ဖြစ်ကြ၏။
ကျန်းယီဂိုဏ်းမှာလည်း တူညီသော ဖွဲ့စည်းပုံရှိပြီး ကျန်းမိသားစုက ပင်မမိသားစုဖြစ်ကာ စုမိသားစုနှင့် ယန်မိသားစုတို့က လက်အောက်ခံများ ဖြစ်ကြသည်။ မိသားစုသုံးခုသည် တစ်ဖက်နှင့်တစ်ဖက်ကြား ပူးပေါင်းမဟာမိတ် လက်ထပ်ပွဲများ ပြုလုပ်ပေးလေ့ ရှိကြသည်။ ထို့ကြောင့် လူအများစုအတွက်တော့ ကျန်းယွဲ့လုအနေဖြင့် ယန်မင်ချန်နှင့် လက်ထပ်ထိမ်းမြားဖို့က သင့်လျော်၏။
ကျန်းယွဲ့လုက ယန်မင်ချန်ကို လက်ထပ်မည်ဆိုလျှင် ကျန်းမိသားစုကပင်လာခဲ့သော ယန်မိသားစု၏ အိမ်ထောင်ရှင်မသည် ကျန်းယွဲ့လုကို အနိုင်ကျင့်ဗိုလ်ကျလိမ့်မည် မဟုတ်ပေ။ ကျန်းယွဲ့လု၏ ခွန်အားအရ သူမအနေဖြင့် သူမ၏ ခင်ပွန်းကို ကျော်တက်ပြီး ယန်မိသားစုကို ထိန်းချုပ်ကာ ယန်မိသားစု၏ အနာဂတ်အိမ်ထောင်ရှင်မ ဖြစ်လာနိုင်ခြေရှိသည်။
အဲ့ဒါသည် ကျန်းမိသားစု၏ အရံလက်တက်မှ မိန်းကလေးများစွာအတွက် အတော်လေး သင့်လျော်ကောင်းမွန်သည့် လက်ထပ်ပွဲဖြစ်၏။ များသောအားဖြင့် ကျန်းမိသားစု၏ ပင်မလက်တက်မှ မိန်းကလေးများသာလျှင် ဤကဲ့သို့သော ခံစားခွင့်ကို ရရှိတတ်ကြသည်။ ကျန်းယွဲ့လုက အရံလက်တက်မိသားစုမှ ဖြစ်သော်လည်း သူမ၏ ထူးခြားသော ပါရမီအရည်အချင်းများနှင့် ယန်မင်ချန်၏ သဘောကျ ကြိုက်နှစ်သက်မှုကြောင့် သူမက ယှဉ်ပြိုင်စရာမလိုဘဲ အခြားသူများကို ကျော်တက်နိုင်သည်။
ဆွေကြီးမျိုးကြီး မိသားစုများမှာ ပေးစားခံရသော စုံတွဲများသည် မဟာမိတ်ဖွဲ့ ပူးပေါင်းမှုကို ရည်ရွယ်သည့်အတွက် အပြန်အလှန် ချစ်ခင်မြတ်နိုးမှုက ဦးစားပေးမဟုတ်ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ခိုက်ရန်မဖြစ်ပွားသရွေ့ သူတို့က တစ်ယောက်ကိုတစ်ယောက် အေးစက်စွာ ဆက်ဆံမည်ဆိုလျှင် သို့မဟုတ် လေးစားသမှုအရသာ ဆက်ဆံကြမည်ဆိုလျှင်ပင် သူတို့၏ မိသားစုများက ဂရုစိုက်ကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ကျန်းယွဲ့လုက လူအများစု လိုက်ဖက်လွန်းသည်ဟု သတ်မှတ်ထားသော ဤမင်္ဂလာပွဲကို ငြင်းဆန်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားပေ။
ကျန်းယွဲ့လု ငြင်းပယ်ရသည့် အကြောင်းပြချက်က ပို၍ပင် ရယ်စရာကောင်းသည်။ ယန်မင်ချန်က အသက်ကြီးလွန်းသောကြောင့်ဟု သူမက ပြောခဲ့၏။
အသက်ပိုကြီးသော အမျိုးသားတစ်ဦးက ငယ်ရွယ်သော မိန်းကလေးတစ်ဦးကို လက်ထပ်ထိမ်းမြားသည်မှာ တွေ့မြင်နေကျဖြစ်သည်။ ဒါ့အပြင် ယန်မင်ချန်က အသက် ၃၀ အရွယ်မှာသာ ရှိသေး၏။ သူနှင့် ကျန်းယွဲ့လု အကြားမှာ ဆယ်နှစ်ပင် ကွာဟမနေပေ။
ထို့ကြောင့် အဲ့ဒါက အကြောင်းပြချက်တစ်ခုမျှသာဟု လူတိုင်းက မှတ်ယူကြသည်။ ကျန်းယွဲ့လု၏ ငြင်းပယ်မှုမှာ အံ့အားမသင့်သည့် တစ်ဦးတည်းသောသူက ကျန်းယွီယွဲ့ ဖြစ်သည်။ ကျန်းယွီယွဲ့၏ အမြင်အရ ကျန်းယွဲ့လုသည် ငယ်ငယ်ကတည်းက လူအများနှင့် ကွဲလွဲဆန့်ကျင်သောအရာများကို အမြဲတမ်းလုပ်လေ့ရှိသည်။
သို့သော်လည်း သူမမိခင်အပါအဝင် ကျန်းယွဲ့လုကို မည်သူကမှ အတင်းဖိအားမပေးရဲကြပေ။ ဤသို့ပင်ဆိုစေ ကျန်းယွဲ့လုသည် ချွမ်ကျန်းဂိုဏ်းသို့ ကူးပြောင်းပြီး သီလရှင်ဝတ်သွားနိုင်သည်။
ကျန်းယွဲ့လုမှာ မြင့်မားသော စံနှုန်းစံထားများရှိပြီး သူမက ယန်မင်ချန်ကို သဘောမကျသောကြောင့် အသက်ကြီးလွန်းသည်ဟု အကြောင်းပြချက်ပေးခဲ့ခြင်းဖြစ်မည်ဟု လူတချို့က ထင်မြင်ယူဆကြသည်။ ယန်မင်ချန်သည် ကျန်းယွဲ့လုလောက် မထွန်းတောက်သည့်အတွက် အဲ့ဒါက အကျိုးသင့်အကြောင်းသင့်ဖြစ်၏။
အသက် ၃၀ အရွယ်မှာ အဆင့် ၄ ကျီကျိုးတာအိုအကြီးအကဲတစ်ဦး ဖြစ်လာသည့်အတွက် ယန်မင်ချန်သည် အသက် ၃၅ နှစ်မှသာ အဆင့် ၃ သို့ တိုးမြှင့်ခံရမည်ဟု ဆိုလိုသည်။ ထိုသို့ဆိုလျှင် သူသည် အသက် ၄၀ ကျော်မှ ဒုတိယအဆင့်သို့ တိုးမြှင့်ပေးခံရနိုင်ခြေရှိပြီး ထိုအဆင့်မှာ ရပ်တန့်သွားနိုင်သည်။
မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းတော်၏ ခန့်အပ်မှုများနှင့် ရာထူးတိုးမြှင့်မှုများမှာ တင်းကျပ်သော အသက်ကန့်သတ်ချက်များ ရှိသည်။ ယန်မိသားစု၏ အကူအညီနှင့်ပင်လျှင် သူသည် အလွန်ဆုံး အသက် ၆၀ မှာ တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲမှ တစ်ပါးသာ ဖြစ်လာနိုင်ခြေရှိပြီး ထိုအထဲတွင် သူက အောက်ဆုံးမှာ ရပ်တည်နေပေလိမ့်မည်။
တစ်ဖက်မှာတော့ ကျန်းယွဲ့လုသည် အသက် ၂၀ ကျော်ကျော်မှာ အဆင့် ၄ တာအိုအကြီးအကဲတစ်ဦး ဖြစ်နေလေပြီ။ သူမ၏ တိုးတက်မှုနှုန်းအရ အသက် ၃၀ မတိုင်ခင်မှာ တတိယအဆင့်သို့ တိုးမြှင့်ပေးခံရနိုင်ခြေရှိသည်။ အရာရာတိုင်းက ချောချောမွေ့မွေ့ ရှိနေမည်ဆိုလျှင် သူမက အသက် ၄၀ ကျော်အရွယ်မှာ တန်ခိုးရှင်သူတော်စင်တစ်ပါး ဖြစ်လာပေမည်။
အစစ်အမှန်မေးခွန်းမှာ ကျန်းယွဲ့လုက တာအိုဂိုဏ်းတော်တွင် ဘယ်လောက် ဝေးဝေးအထိ တက်လှမ်းနိုင်မလဲဆိုတာပင်။ သူမက သာမန်သူတော်စင်တစ်ပါးအဖြစ်နှင့် ကျေနပ်ရောင့်ရဲသွားမလား၊ သူမ၏ဆရာ သူတော်စင်စီဟန်၏ ဘွဲ့ကို အမွေဆက်ခံပြီး တန်ခိုးရှင်သူတော်စင်တစ်ပါးအဖြစ် တက်လှမ်းကာ တန်ခိုးရှင်သူတော်စင် ၃၆ ပါးထဲ ထိပ်ဆုံးမှာ ရပ်တည်လာနိုင်မလား။ သို့မဟုတ် ပိုမိုရဲတင်းပြီး မွန်မြတ်မဟာသူတော်စင်တစ်ပါး သို့မဟုတ် လက်ထောက်မဟာအကြီးအကဲတစ်ဦး သို့မဟုတ် မဟာအကြီးအကဲပင် ဖြစ်လာနိုင်မလား။
ကျန်းယွဲ့လုမှာ တောက်ပသော အနာဂတ်ရှိသည်ကို ယန်မင်ချန် သိရှိထား၏။ ကျန်းယွဲ့လုမှာ မြင့်မားသော စံနှုန်းစံထားများရှိပြီး သူ့ကို အထင်သေးနေမည်ဆိုလျှင် သူက အရှုံးကို ဝန်ခံရပေလိမ့်မည်။ အလွန်ဆုံး သူမနှင့် အတူရှိခဲ့သည့် အချိန်များကို သူက ပြန်ပြောင်းအောက်မေ့ပြီး တစ်နေ့မှာ လက်လွှတ်ချရပေလိမ့်မည်။
သို့သော်လည်း ကျန်းယွဲ့လုက အိမ်သို့ သုံးစားမရသော လူတစ်ယောက်ကို ခေါ်ဆောင်လာသည်။ ကျင့်ကြံမှု၊ အဆင့်၊ ရာထူးနှင့် မိသားစုနောက်ခံများအရ ချီရွှမ်းစုသည် နေရာတိုင်းမှာ ယန်မင်ချန်ထက် ပိုမိုနိမ့်ကျနေသည်။ ချီရွှမ်းစု၏ တစ်ခုတည်းသော အားသာချက်မှာ သူက အသက်ပိုငယ်ခြင်းသာ ဖြစ်သည်။
တာအိုအဖွဲ့အစည်းအတွင်းမှာ ချီရွှမ်းစုကို လူငယ်ပါရမီရှင်တစ်ဦးဟု မဆိုသာပေ။ သူက နှစ်သစ်ကူးပြီးနောက် အဆင့် ၆ သို့ ချက်ချင်းတိုးမြှင့်ပေးခံရမည်ဆိုလျှင်ပင် အဆင့် ၅ ကို မတက်လှမ်းခင် ထိုအဆင့်မှာ တစ်နှစ်ကြာ ရပ်တန့်နေမည်ဖြစ်ပြီး အဆင့် ၄ သို့ နောက်ထပ်တိုးမြှင့်ပေးခံရဖို့အတွက် နောက်ထပ်နှစ်နှစ် ထပ်စောင့်ရပေလိမ့်မည်။ သူသည် အဆင့် ၄ ကနေ တတိယအဆင့်သို့ တိုးမြှင့်ပေးခံရဖို့ နောက်ထပ်သုံးနှစ် အချိန်ထပ်ယူရပေလိမ့်မည်။
ချီရွှမ်းစုသည် အသက် ၂၅ မှာ အဆင့် ၆ သို့ တိုးမြှင့်ပေးခံရမည်ဆိုလျှင် သူက အဆင့် ၅ ကို ရောက်သည့်အချိန်မှာ အသက် ၂၆ ဖြစ်နေပေလိမ့်မည်။ အလွန်ဆုံး သူက အသက် ၂၈ နှစ်မှာ အဆင့် ၄ သို့ တိုးမြှင့်ပေးခံရနိုင်သည်။ သို့သော်လည်း အဆင့် ၅ ကနေ အဆင့် ၄ ကို တက်လှမ်းဖို့ရာ အတော်လေးမြင့်မားသည့် အောက်ခံခုံတုံးတစ်ခုကို ဖြတ်ကျော်ရသည်။
နှစ်နှစ်အတွင်း ထိုအဆင့်ကို တက်လှမ်းနိုင်သည့်သူက အနည်းအကျဉ်းမျှသာ ရှိသည်။ သူတို့ထဲမှ အများစုက နှစ်ပေါင်းများစွာ အချိန်ယူကြရသည်။ တာအိုဆရာများစွာသည် အဆင့်မြင့်တာအိုဆရာတစ်ဦး ဖြစ်လာဖို့အတွက် အောက်ခံခုံတုံးကို မကျော်လွှားနိုင်ဘဲ ထိုနေရာမှာသာ ရပ်တန့်သွားတတ်ကြ၏။
ထို့ကြောင့် ယန်မင်ချန်သည် ချီရွှမ်းစုနှင့် ကိုယ်တိုင်မတွေ့ရမချင်း ကျန်းယွဲ့လု၏ ငြင်းပယ်ချက်ကို လက်ခံရန် ငြင်းဆန်ထားသည်။ တွေ့တွေ့ချင်းမှာ ယန်မင်ချန်သည် ချီရွှမ်းစုအပေါ် သဘောကျစရာ လုံးဝမတွေ့ဘဲ ပို၍ပင် လက်မခံနိုင် ဖြစ်လာသည်။
ယန်မင်ချန်၏ တနုံ့နုံ့ဒေါသနှင့် မကျေမချမ်း ခံစားချက်များကို ကျန်းယွဲ့လုက သတိထားမိသည်။ သူမက သူ့ကို သတိပေးလိုက်၏။
“ဝမ်ရှန်းတာအိုနန်းတော်ရဲ့ အထက်နန်းတော်မှာ ကျွန်မတို့ ရှိခဲ့တုန်းက ကျွန်မတို့က မိတ်ဆွေတွေပဲဖြစ်နိုင်မယ် အဲ့ဒီထက် မပိုနိုင်ဘူးလို့ ပြောခဲ့ပြီးသားပဲ... ရှင် အဲ့ဒီစကားကို အလေးအနက်မထားဘူးဆိုရင် ကျွန်မတို့ မိတ်ဆွေတွေလည်း ထပ်မဖြစ်နိုင်တော့ဘူး”
ယန်မင်ချန်က သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ပြီး တုန်ယင်နေသောအသံဖြင့် ပြောလိုက်၏။
“မင်း ငါ့ကို မုန်းမယ်ဆိုလည်း ရတယ်... ဒါပေမဲ့ ဘာလို့ မင်းကိုယ်မင်း ဆွဲချရတာလဲ”
“ဆွဲချတယ်…”
ကျန်းယွဲ့လုက မျက်ခုံးအနည်းငယ် ပင့်လိုက်၏။
ယန်မင်ချန်က သတိပေးဆုံးမသလို ပြောလိုက်၏။
“မင်းက ငါ့ထက်သာတဲ့ တစ်ယောက်ယောက်ကို လက်ထပ်သွားမယ်ဆိုရင် ငါကန့်ကွက်မှာ မဟုတ်ဘူး... ငါ လက်ခုပ်တောင် တီးပေးလိုက်ဦးမယ်... ဒါပေမဲ့ မင်းကိုယ်မင်း ဒီလိုပုံစံနဲ့ မနစ်မွန်းစေချင်ဘူး”
ကျန်းယွဲ့လု၏ လေသံက ပို၍ ပြင်းထန်လာ၏။
“ဒါဆို ငါက ငါ့ကိုယ်ငါ ဘယ်လိုမျိုး နစ်မွန်းစေနေလို့လဲ”
ယန်မင်ချန်က ရုတ်တရက် မျက်လုံးဖွင့်ပြီး ချီရွှမ်းစုကို ဘုကြည့်ကြည့်လိုက်၏။
“သူက မင်းနဲ့ မတန်ဘူး”
“သူက တန်တယ် မတန်ဘူးဆိုတာ ရှင့်အလုပ်မဟုတ်ဘူး... အဲ့ဒါ ကျွန်မကိစ္စပဲ”
ကျန်းယွဲ့လုက သူမ၏ အေးစက်နေသောလေသံကို ဖုံးကွယ်မထားတော့ပေ။
ချီရွှမ်းစုသည် သားကောင်၏ ခြိမ်းခြောက်နိုင်စွမ်းအတိုင်းအတာကို အကဲခတ်နေသော မုဆိုးတစ်ဦးလို ယန်မင်ချန်ကို သတိထားကာ အကဲခတ်ကြည့်နေ၏။
ယန်မင်ချန်က သက်ပြင်းချလိုက်သည်။
“မင်း ဘာလို့ မင်းကိုယ်မင်း ညာနေရတာလဲ”
ကျန်းယွဲ့လုက စိတ်တိုဒေါသထွက်လာ၏။ သူမ၏ ခန္ဓာကိုယ်ကနေ ချီနှင့် အပူလှိုင်းတစ်ခု ဖြာထွက်လာပြီး သူမ၏ သုံးပေပတ်လည်အတွင်းမှာ ကျဆင်းနေသည့် နှင်းများက အရည်ပျော်ကျသွား၏။
ယန်မင်ချန်၏ အာရုံက ကျန်းယွဲ့လုထံ ပြန်လည်ရောက်ရှိသွား၏။
“မင်းက ကောင်းကင်သက်ရှိတစ်ဦး ဖြစ်လာဖို့ အချိန်တစ်ခုပဲ လိုတော့တယ်ဆိုတာ ငါသိပါတယ်… ငါ ဝန်ခံတယ်… ငါ မင်းရဲ့ ပြိုင်ဘက် မဟုတ်တော့ဘူး”
ကျန်းယွဲ့လုက သူမ၏ မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းပြီး ဆက်လက်၍ မပြောဆိုသေးပေ။
ယန်မင်ချန်က ချီရွှမ်းစုဘက်ကို လှည့်ပြီး ပြောင်ပြောင်တင်းတင်း ပြောလိုက်၏။
“ဒါပေမဲ့ သူကလည်း ငါ့ပြိုင်ဘက် မဟုတ်ဘူး”
“ဟုတ်ပါ့မလား”
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ချီရွှမ်းစုက နောက်ဆုံးမှာ စကားပြောလိုက်၏။ သူတို့အကြား တင်းမာမှုက ပို၍ပြင်းထန်လာ၏။
ချီရွှမ်းစုက ခပ်တိုးတိုးပြောလိုက်သည်။
“ချင်းရှောင်... ဒီလူက ငါ့ကို ပစ်မှတ်ထားနေတာ... ငါ မင်းနောက်မှာပဲ ပုန်းကွယ်မနေနိုင်ဘူး... ငါ အခုနောက်ပိုင်း ဆေးအာနိသင်ကိုလည်း စုပ်ယူချေဖျက်ပြီးသွားပြီ… ငါ့ရဲ့ကျင့်ကြံမှုကလည်း တိုးတက်လာတယ်… အခုက ပညာရှိယန်နဲ့ ငါ့ရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်ဖို့ လုံးဝ အချိန်ကိုက်ပဲ”
ကျန်းယွဲ့လုက ခဏမျှ တုံ့ဆိုင်းနေပြီးနောက် က ချီရွှမ်းစုကို ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။
“ဒါဆိုလည်း ဂရုစိုက်ဦး”
ချီရွှမ်းစုက ရှေ့သို့ ခြေတစ်လှမ်းယူပြီး ဆွပေးလိုက်၏။
“ပညာရှိယန်... ခင်ဗျားမှာ ကျုပ်ကို သင်ပေးဖို့ တစ်ခုခုရှိနေတဲ့ပုံပဲ”
သူတို့၏ ရင်းနှီးလွန်းသော ဆက်ဆံရေးမှာ ယန်မင်ချန်က ပို၍ပင် ဒေါသထွက်လာသော်လည်း အမျက်ဒေါသကို ဖိနှိမ်ပြီး ထေ့ငေါ့လိုက်၏။
“ငါက မင်းထက် အသက်ပိုကြီးတယ်... ကျင့်ကြံမှုအဆင့်လည်း ပိုမြင့်တယ်... ငါတို့ တိုက်ခိုက်မယ်ဆိုရင် ငါက အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ တခြားသူတွေ ပြောကြလိမ့်မယ်... မင်းကလည်း ထိခိုက်ဒဏ်ရာရသွားနိုင်တယ်... မင်းရဲ့ ကျင့်ကြံမှု ပျက်စီးထိခိုက်သွားမယ်ဆိုရင် ဒုက္ခများမယ်”
ချီရွှမ်းစုက အပြည့်အဝ ကောင်းလာပြီဖြစ်သော သူ့လက်ကို ဆန့်ထုတ်လိုက်၏။ သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီနှင့် ပင်ကိုယ်ချီက တစ်ချိန်တည်းမှာ လှည့်ပတ်စီးဆင်းလာပြီး ရဲဆေးတင် ပြောဆိုလိုက်၏။
“ပညာရှိယန်… ခင်ဗျားက ကောင်းကင်သက်ရှိတစ်ဦး မဟုတ်သရွေ့ ခင်ဗျားနဲ့ ရင်ဆိုင်ဖို့ ကျုပ်မှာ အခွင့်အရေးရှိတယ်”
ယန်မင်ချန်က ဤစကားကို ကြားသောအခါ ဆက်လက်၍ မပြောဆိုတော့ဘဲ သူ၏ ပင်ကိုယ်ချီကို လှည့်ပတ်လိုက်၏။ ထို့နောက် သူက ချီရွှမ်းစုကို အရင်စတင်လှုပ်ရှားဖို့ အမူအရာပြလိုက်သည်။
စောစောက ပြောခဲ့သလို ယန်မင်ချန်က ချီရွှမ်းစုထက် အသက်ပိုကြီးပြီး ကျင့်ကြံမှုအဆင့် ပိုမြင့်သည်။ သူက အရင်စတင်လှုပ်ရှားမည်ဆိုလျှင် လုံးဝ အရှက်မဲ့ရာ ကျသွားပေလိမ့်မည်။ အထူးသဖြင့် အနီးအနားမှာ ကျန်းယွဲ့လု ရှိနေသည်။ သူက သူ၏ ပုံရိပ်ကို ကျဆင်းမခံနိုင်ပေ။
ချီရွှမ်းစုက သူ့လက်ကို မြှောက်လိုက်သည်နှင့် အေးစက်စက် အလင်းတစ်ချက် ဖြာခနဲ လက်သွားပြီး ယန်မင်ချန်၏ ဘယ်ဘက်မျက်လုံးဘေးကနေ ဖြတ်သွား၏။ အဲဒါက ပေါက်ဓားတစ်ချောင်းဖြစ်သည်။
ယန်မင်ချန်က ရိုးရှင်းစွာပင် ပေါက်ဓားကို လက်တစ်ချောင်းထုတ်ပြီး တောက်ထုတ်လိုက်၏။ သူ့လက်က ဒဏ်ရာရရှိခြင်း မရှိဘဲ ပေါက်ဓားကတော့ အပိုင်းပိုင်း ကြေမွပျက်စီးသွားသည်။
အခန်း ၁၇၄ - ရည်းစားလူလု အူနုကျွဲခတ်
ချီရွှမ်းစုသည် ကွေ့ကျန်းအဆင့်မှာ မိစ္ဆာများကို သတ်ဖြတ်ခဲ့ဖူးသည့်အတွက် ယန်မင်ချန်ကို ကြောက်ရွံ့မနေပေ။ မည်သို့ပင်ဆိုစေ ယွီရှုအဆင့်သည် ကွေ့ကျန်းအဆင့်ထက် တစ်ဆင့်သာနိမ့်သည်။
ချီရွှမ်းစု အာရုံစိုက်ထားသည့် တစ်ခုတည်းသောအရာမှာ ယန်မင်ချန်၏ လမ်းစဉ်ဖြစ်သည်။ ချီသန့်စင်သူများသည် အဓိက တာအိုလမ်းစဉ် ခြောက်ခုထဲတွင် နတ်သက်ကြွေအင်မော်တယ်လမ်းစဉ်၏ အောက် ဒုတိယနေရာမှာ ရှိနေသည်။ ချီသန့်စင်သူများမှာ အားနည်းချက် မရှိသလောက်နီးပါးဖြစ်၏။ ဤသည်မှာ ချီသန့်စင်သူများသည် ကိုယ်ခံပညာသိုင်းသမားများနှင့် ဂမ္ဘီရဝိဇ္ဇာများထက် ပိုမိုသာလွန်သည့် အခြေခံကျသော အကြောင်းရင်းဖြစ်သည်။
ထိုသို့ဆိုလျှင် ချီရွှမ်းစုသည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှ စာပေသမားကို သတ်ဖြတ်ခဲ့တုန်းကလို လှည့်ကွက်များကို ဆက်လက်၍ အသုံးမပြုနိုင်တော့ပေ။ ချီရွှမ်းစုသည် အရင်တုန်းက အခြားသူများနှင့် တိုက်ခိုက်သည့်အခါ သူ၏ ဓားတို ချင်းယွမ်ကို စတင်အသုံးပြုခဲပြီး နောက်ဆုံး မှီခိုအားထားရာအဖြစ်သာ ၎င်းကို အသုံးပြုလေသည်။ သို့သော် ဤတစ်ခေါက်မှာတော့ သူက ဓားတို ချင်းယွမ်ကို ခါးကနေ အရင်ဆွဲထုတ်လိုက်၏။
ယန်မင်ချန်က ဘဝင်မြင့်နေပြီး မည်သည့်လက်နက်ကိုမှ အသုံးမပြုပေ။ သူက လက်နှစ်ဖက်ကိုသာ အနည်းငယ် ဆန့်ထုတ်လိုက်၏။ ချီရွှမ်းစုက အချိန်ဖြုန်းမနေဘဲ ထက်ရှသော ဓားချီဖြင့် ယန်မင်ချန်၏ မျက်နှာကို တိုက်ခိုက်လိုက်သည်။
ချီရွှမ်းစုက ယွီရှုအဆင့်မှာ ရှိနေသည်။ တာအိုဆရာကျိထံမှ ဆေးဝါးသေရည်ကို သောက်သုံးပြီးနောက် သူ၏ချီက ပို၍သန့်စင်လာပြီး ကွေ့ကျန်းအဆင့်ကိုရောက်ဖို့ ခြေတစ်လှမ်း ပိုမိုနီးကပ်လာသည်။ ချင်းယွမ်က စိတ်ဝိညာဉ်ပစ္စည်းဖြစ်သောကြောင့် ယန်မင်ချန်က တိုက်ခိုက်မှုကို တားဆီးဖို့အတွက် သူ၏ ချီဒိုင်းကာကိုသာ အသုံးပြုဖို့ မရဲပေ။
ယန်မင်ချန်က မတ်တတ်ရပ်နေဆဲဖြစ်ပြီး လက်ဝါးတစ်ဖက်ဖြင့် ရှေ့ကို ပစ်တွန်းလိုက်၏။ သူ့လက်ဝါး ထွက်လာသည်နှင့် သူ့ရှေ့မှာရှိသော လေက ပြင်းထန်စွာ တုန်ခါသွားပြီး ချင်းယွမ်၏ အလျင်အဟုန်ကို သိသိသာသာ လျော့ကျသွားစေ၏။
ချီရွှမ်းစုသည် ရေထဲမှာ ကူးခတ်နေရသည့်အလား လှုပ်ရှားမှုက နှေးကွေးသွားသည်။ ယန်မင်ချန်က သူ၏ ချီကို သုံးပြီး ချီရွှမ်းစု၏ တိုက်ခိုက်မှုကို တုံ့ပြန်လိုက်၏။
ချီရွှမ်းစု၏ ကျင့်ကြံမှုအဆင့်က ပိုနိမ့်သောကြောင့် သူက ယန်မင်ချန်နှင့် ထိပ်တိုက်ရင်ဆိုင်လို့ မဖြစ်ဘဲ ထိုသူ၏ လက်ဝါးကနေ အရှိန်အဟုန်ဖြင့် ကန်ထွက်လာသည့်ချီကို နောက်သို့ခုန်ဆုတ်ကာ ရှောင်လိုက်၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် လူချင်းကွာသွားစဉ် ယန်မင်ချန်က လက်ဝါးနှစ်ဖက်ဖြင့် နောက်တစ်ဖန် တိုက်ခိုက်လာ၏။
သို့သော်လည်း ဤတစ်ခေါက်မှာ ချီရွှမ်းစုက မရှောင်တိမ်းပေ။ ချီရွှမ်းစုသည် သူ့ထံသို့ ဝင်ရောက်လာသည့် အေးစက်နေသော လေကိုသာ ခံစားမိပြီး ချမ်းစိမ့်သွား၏။ သူ့ခန္ဓာကိုယ်ကလည်း အေးခဲတောင့်တင်းသွားသည်။
ယန်မင်ချန်၏ လက်ဝါးနှစ်ဖက်ကနေ မတူညီသော စွမ်းအင်နှစ်ခု ယင်နှင့်ယန်က ဖြာထွက်နေ၏။ ယင်စွမ်းအင်နှင့် လက်ဝါးက အရင်ဆုံး ထိခတ်လာပြီး အေးစက်နေသော လေကို ဖြာထုတ်ကာ ယန်စွမ်းအင်နှင့် လက်ဝါးကလည်း ချက်ချင်းဆိုသလို လိုက်ပါလာ၏။ ချီရွှမ်းစုသည် ပူပြင်းသော လေလှိုင်းကို ခံစားမိပြီး မွန်းကျပ်လုနီးပါးဖြစ်ကာ သူ့ခန္ဓာကိုယ်က ယိမ်းထိုးသွား၏။
ချီရွှမ်းစုသည် လေလွင့်ကျင့်ကြံသူသက်သက် မဟုတ်ဘဲ သူ့မှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ သန်မာသော ကိုယ်ကာယနှင့် တရုန်းရုန်းထကြွနေသော သွေးချီကဲ့သို့ ဉာဉ်တချို့ ရှိနေသည်။ ဒါ့အပြင် ဆေးဝါးသေရည်ကြောင့် သူ၏ ပင်ကိုယ်ချီက အတော်လေး ပေါကြွယ်ဝနေ၏။ ဤယင်စွမ်းအင်နှင့် ယန်စွမ်းအင်က သူ့ခန္ဓာကိုယ်ကို ထိခတ်သောအခါ သူ့ခန္ဓာကိုယ်ထဲရှိ ပင်ကိုယ်ချီနှင့် သွေးချီက အလိုအလျောက် တုံ့ပြန်လာသည်။
ယေဘုယျ သတ်မှတ်ချက်အရ ကွေ့ကျန်းအဆင့် ကျင့်ကြံသူတစ်ဦးကို အနိုင်ယူဖို့ ယွီရှုအဆင့် ကျင့်ကြံသူ သုံးဦး လိုအပ်သည်။ ချီရွှမ်းစုက ပင်ကိုယ်ချီနှင့် သွေးချီကို ပိုင်ဆိုင်ထားသောကြောင့် သူ့ကို လူနှစ်ယောက်အဖြစ် သတ်မှတ်နိုင်သည်။ သူက လက်ဝါးစွမ်းအင်များမှာ ယိမ်းယိုင်သွားသော်လည်း ခဏမျှသာ သက်တောင့်သက်သာမရှိ ခံစားရပြီးနောက် သူ၏ဓားဖြင့် နောက်တစ်ဖန် ပစ်ထိုးလိုက်၏။
ဤတိုက်ခိုက်မှုမှာ ချီရွှမ်းစုက မြေပြင်ပေါ်သို့ လဲကျပြီး ဒဏ်ရာအပြင်းအထန် ရရှိသွားဖို့ ယန်မင်ချန်က မျှော်လင့်ထားသည်။ သို့သော် အံ့အားသင့်သွားရသည်မှာ ချီရွှမ်းစုက ထိခိုက်ဒဏ်ရာ မရရှိပေ။ သူ၏ လက်ဝါးနှစ်ဖက်ဆီသို့ ဓားအလင်းက ဝင်ရောက်လာသည့်အတွက် သူက ပို၍ပင် အံ့အားသင့် မှင်တက်သွား၏။ သို့သော် ယန်မင်ချန်က လျင်မြန်စွာ တုံ့ပြန်ပြီး သူ၏ လက်ဝါးနှစ်ဖက်ကို ကြက်ခြေခတ်ကာ ရှေ့သို့ပစ်တွန်းလိုက်၏။
နောက်ခဏ၌ ချင်းယွမ်က သူ၏ လက်ဝါးနှစ်ဖက်ကို ထိုးဖောက်ပြီး ယန်မင်ချန်က စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။ ချီရွှမ်းစုက သူ၏လက်ဝါးနှစ်ဖက်ကို ပစ်ထိုးလိုက်ခြင်းလား သို့မဟုတ် သူ၏လက်ဝါးနှစ်ဖက်ကပဲ ချီရွှမ်းစု၏ ဓားရှိရာသို့ အမှတ်တမဲ့ ပစ်ရိုက်မိသွားခြင်းလား မသိတော့ပေ။ သူ၏ ဘယ်ဘက်လက်ကို ညာဘက်လက်ရှေ့မှာ ထပ်ထားပြီး ဓားဖျားက ညာဘက်လက်ကနေ လေးလက်မခန့် ပြူထွက်လာ၏။
ချီရွှမ်းစု၏ ဓားတိုက ဤမျှအထိသာ ထိုးဖောက်နိုင်သည်။ ယန်မင်ချန်က အော်ညည်း၍ သူ့လက်နှစ်ဖက်ကို ဓားသွားထဲကနေ ရုတ်တရက် ရုပ်ကာ နောက်သို့ ခုန်ဆုတ်လိုက်၏။
ဘေးကနေ စောင့်ကြည့်နေသော နည်းပြတစ်ဦးကဲ့သို့ ကျန်းယွဲ့လုက ချီရွှမ်းစုကို ချီးကျူးလိုက်၏။
“ကောင်းလိုက်တဲ့ အကွက်”
ဤတိုက်ခိုက်မှု အောင်မြင်ရခြင်းတွင် ချီရွှမ်းစု၏ ဓားပညာရပ်က အဓိကမဟုတ်သည်ကို ကျန်းယွဲ့လု သိရှိထားသည်။ အဓိကအချက်သည် ယန်မင်ချန်၏ တုံ့ပြန်မှုကို အတိအကျ တွက်ချက်နိုင်ခဲ့ခြင်းဖြစ်သည်။
ချီရွှမ်းစုမှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ကိုယ်ကာယရှိသည်ကို ကျန်းယွဲ့လုကလွဲလျှင် တခြားမည်သူကမှ သိရှိမထားပေ။ ချီရွှမ်းစုက တိုက်ခိုက်မှုကို တမင်သက်သက်ခံယူပြီး သူ့ကို အနိုင်ရတော့မည်ဟု ယန်မင်ချန်ကို အထင်ရောက်စေကာ သတိလျော့ကျသွားစေခဲ့၏။
ချီရွှမ်းစုက မထိမခိုက်ရှိနေသည်ကို ယန်မင်ချန် တွေ့မြင်သောအခါ သူက နောက်တစ်ဖန် တိုက်ခိုက်လိုသည်။ သို့သော် ယန်မင်ချန်၏ ချီဆုတ်ဆိုင်းမှု တဒင်္ဂမှာ ချီရွှမ်းစုက အခွင့်အရေးကို ဆုပ်ကိုင်ကာ တိုက်ခိုက်လိုက်၏။ ချီရွှမ်းစုက သူ့ဓားကို ဝင့်ပြီး ယန်မင်ချန်အနေဖြင့် သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ ချီရွှမ်းစု မျှော်လင့်ထားသည်။
ချီရွှမ်းစုသည် တစ်ဖက်သူကို သတ်ဖြတ်ချင်သည့်အလား ယန်မင်ချန်၏ ရင်ဘတ်ကို တမင်သက်သက် တိုက်ရိုက်ချိန်ရွယ်လိုက်၏။ သို့သော် တကယ်တမ်းမှာတော့ သူက ယန်မင်ချန်ကို ခံစစ်အနေအထားသို့ ကျရောက်သွားစေချင်ရုံသာဖြစ်သည်။ ထင်မှတ်ထားသည့်အတိုင်း ယန်မင်ချန်က ကြောက်လန့်တကြားဖြင့် သူ၏ လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်၏။
တကယ်တော့ ယန်မင်ချန်သည် ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားသည့်အတွက် ချီရွှမ်းစုကို ခုခံဖို့အတွက် လက်တစ်ဖက်ကိုသာ သုံးရန် လိုအပ်သည်။ သို့သော် သူက တန်ပြန်တိုက်ခိုက်လိုသော စိတ်ကူးဖြင့် လက်ဝါးနှစ်ဖက်ကို ထပ်ပြီး ရှေ့ကို တစ်ပြိုင်နက်တည်း ပစ်ထုတ်လိုက်၏။
သို့သော် ချီဆုတ်ဆိုင်းမှုကနေ ပြန်အားဖြည့်မှုအထိ ယန်မင်ချန်၏ တဒင်္ဂ ကြန့်ကြာမှုမှာ ချီရွှမ်းစုက အခိုက်အတန့် အတိအကျကို အမိအရဖမ်း တိုက်ခိုက်ကာ ယန်မင်ချန်၏ လက်ဖဝါးနှစ်ဖက်စလုံးကို ထိုးဖောက်လိုက်သည်။
ချီရွှမ်းစု၏ ကျင့်ကြံမှုအဆင့်က ပိုနိမ့်သော်လည်း သူက အားနည်းသည်ဟု သူ့ပြိုင်ဘက်ကို အထင်ရောက်စေသည့် အချိန်မှစ၍ သူက အခြေအနေကို ကောင်းကောင်း ထိန်းချုပ်လာခဲ့သည်။ ချီရွှမ်းစုက ကွေ့ကျန်းအဆင့်မှာ ရှိနေမည်ဆိုလျှင် သူက တစ်ဖက်သူ၏ လက်ဖဝါးနှစ်ဖက်ကို ထိုးဖောက်ပြီးနောက် ယန်မင်ချန်၏ ရင်ဘတ်ကို ဓားဖြင့် အဖြောင့် ထိုးစိုက်နိုင်မည်ဖြစ်သည်။
ဤသည်မှာ အရိုင်းဆန်သော တာအိုဆရာများနှင့် ပန်းခင်းထဲက တာအိုဆရာများကြား ကွာခြားချက်ဖြစ်သည်။ အရိုင်းဆန်သော တာအိုဆရာများမှာ အစစ်အမှန် တိုက်ပွဲအတွေ့အကြုံ ရှိထားပြီး အခြေအနေအရ လိုက်လျောညီထွေ လှုပ်ရှားနိုင်ကြသည်။ သို့သော်လည်း ပန်းခင်းထဲက တာအိုဆရာများမှာ အလွတ်ကျက်မှတ်ထားသော ဗျူဟာများသာ ရှိသည်။
တည်ငြိမ်အေးချမ်း၍ ချမ်းသာကြွယ်ဝသော ဤလူမှုအဖွဲ့အစည်းမှာ လျှို့ဝှက်အသင်းအဖွဲ့များမှ ပြဿနာရှာသူ အများစုကို ထျန်ကန်းခန်းမနှင့် ဒေသဆိုင်ရာ တာအိုစံအိမ်များကသာ ကိုင်တွယ်ကြသည်။ ထို့ကြောင့် တာအိုဆရာအများစုမှာ လက်တွေ့တိုက်ပွဲအတွေ့အကြုံ လိုအပ်နေ၏။ သူတို့ထဲမှ များစွာတွင် မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသော်လည်း လက်တွေ့တိုက်ပွဲမှာ အရေးနိမ့်တတ်ကြ၏။
ထို့ကြောင့် ထျန်ကန်းခန်းမသည် မကြာသေးခင်နှစ်များအတွင်း ဒေသဆိုင်ရာ တာအိုစံအိမ်များမှ လက်ရွေးစင် တာအိုဆရာများနှင့် အရိုင်းဆန်သော တာအိုဆရာများကို အဆက်မပြတ် ခေါ်ယူစုဆောင်းလာခဲ့ခြင်းဖြစ်သည်။ ပန်းခင်းထဲက တာအိုဆရာများသည် ကောင်းကောင်း မတိုက်ခိုက်နိုင် သို့မဟုတ် ဆင်းရဲဒုက္ခ မခံနိုင်သည့်အတွက် သူတို့ကို လေ့ကျင့်ပေးဖို့က ခက်ခဲမှုရှိသည်။
ယန်မင်ချန်သည် ဒေသဆိုင်ရာ တာအိုစံအိမ်မှာ တာဝန်ထမ်းဆောင်နေသော်လည်း သူသည် ဆွေကြီးမျိုးကြီး မိသားစုမှ သခင်လေးတစ်ဦးဖြစ်ပြီး သက်သောင့်သက်သာရှိသော ဘဝမှာ နေသားကျလာခဲ့သည်။ သူက လက်တွေ့တိုက်ခိုက်ရခြင်း အပါအဝင် ကိစ္စအများစုကို သူကိုယ်တိုင် လုပ်စရာမလိုဘဲ သူ့ကို ပန်းခင်းထဲက တာအိုဆရာတစ်ဦးဟု ဆိုနိုင်သည်။
ချီရွှမ်းစုက ဓားသွားကို အောက်စိုက်၍ ဓားကို နောက်ကျောမှာ ကပ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် လေးစားသမှုပြ နှုတ်ဆက်ပြီး ပြောလိုက်သည်။
“ပညာရှိယန်... ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က တကယ်ပဲ မြင့်မားပါပေတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ တိုက်ပွဲအတွေ့အကြုံက နည်းနည်း လိုအပ်နေတုန်းပဲ... ကျုပ်တို့ ဒီနေရာမှာပဲ ရပ်လိုက်ကြရအောင်”
သူ၏ နိမ့်ကျသော ကျင့်ကြံမှုအဆင့်ကြောင့် ဆက်လက်၍ တိုက်ခိုက်မည်ဆိုလျှင် သူက ရှုံးနိမ့်သွားရတော့မည်ကို ချီရွှမ်းစုကလည်း သိရှိထား၏။ သူက အလစ်အငိုက်ဖမ်း တိုက်ခိုက်မှုဖြင့်သာ အနိုင်ရနိုင်သည်။ သူနှင့် ယန်မင်ချန်အကြား ရန်ငြိုးရန်စ မရှိသောကြောင့် သူတို့က အသေအကြေ တိုက်ခိုက်စရာ မလိုအပ်ပေ။ ထို့ကြောင့် သူက အသာစီး ရရှိလာသည့်အချိန်မှာ အခွင့်အလမ်းကို ချိန်ဆပြီး တိုက်ပွဲကို ရပ်တန့်ဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ယခုအချိန်မှာ ချီရွှမ်းစုက အခြေအနေနှင့် ပတ်သက်၍ အတွက်မှားသွားသည်။ သူနှင့် ယန်မင်ချန်အကြား ရန်ငြိုးရန်စ မရှိဆိုသည်မှာ သူ့ဘက်က အမြင်သာဖြစ်၏။ သို့သော် တစ်ဖက်သူက သူ့ဇနီးကို ခိုးယူသွားသည့်အတွက် သူ့ကို မုန်းတီးနေ၏။ ထို့ကြောင့် ယန်မင်ချန်က သူ့ကို ဒီတိုင်း လွှတ်မပေးလိုပေ။
ယန်မင်ချန်က မည်သည့်စကားမှ မဆိုတော့ဘဲ ချီရွှမ်းစုကို လက်ဝါးဖြင့် ချိန်ရွယ်ကာ ရှေ့သို့ ရုတ်တရက် ပြေးဝင်လာ၏။ ယန်မင်ချန်၏ လက်ဝါးမှ လေအဟုန်က ချီရွှမ်းစု၏ မျက်နှာကို ပြင်းထန်စွာ လာရောက်ရိုက်ခတ်ပြီး သူ့ကို မွန်းကျပ်လုနီးပါး ဖြစ်သွားစေသည်။
ဤရိုက်ချက်က လူတစ်ယောက်၏ ဝိညာဉ်ကို ကိုင်လှုပ်ဖို့ လုံလောက်နေသည်။ ချီရွှမ်းစု၏ မျက်နှာပေါ် ယန်မင်ချန်၏ လက်ဝါး ကျရောက်လာမည်ဆိုလျှင် သူက မသေလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။
သို့သော်လည်း ချီရွှမ်းစုက စောစောက ယန်မင်ချန် ပြုလုပ်ခဲ့သလို သတိကို လျှော့ချထားခြင်း မရှိပေ။ အတွေ့အကြုံရှိ တိုက်ခိုက်ရေးသမားတစ်ဦးအနေဖြင့် ချီရွှမ်းစုက အမြဲတမ်း သတိကပ်ထားတတ်ပြီး ချက်ချင်းပင် ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ယန်မင်ချန်၏ မျက်လုံးနှင့် သေကွင်းသေကွက်များသို့ ပေါက်ဓားတချို့ကို ချိန်ရွယ်ပစ်ထုတ်ပြီး သူ့နောက်သို့ ယန်မင်ချန် လိုက်မလာနိုင်အောင် တားဆီးလိုက်၏။
ကျန်းယွဲ့လုသည် အစက ကူညီပေးချင်သော်လည်း ချီရွှမ်းစုက တုံ့ပြန်တိုက်ခိုက်နေသည်ကို တွေ့မြင်သောအခါ ချီရွှမ်းစု၏ ခံစားချက်များကို ထည့်သွင်းစဉ်းစားပြီး သူမက ဆက်လက်၍ ရပ်ကြည့်နေ၏။
ချီရွှမ်းစု၏ လက်နက်က အလျားအားသာချက် မရှိသည့် ဓားတိုဖြစ်ပြီး လူချင်းပူးကပ်သွားသည့် အချိန်မှာသာ အဲဒါကို အသုံးပြုနိုင်သည်။
ယန်မင်ချန်က ပေါက်ဓားများကို သက်သောင့်သက်သာ ကာဆီးပြီး သူ၏လက်ဝါးဖြင့် ချီရွှမ်းစုကို နောက်တစ်ဖန် ပစ်ရိုက်လိုက်၏။
ရိုးရှင်း၍ တဲ့တိုးဆန်ပုံရသော ဤလက်ဝါးရိုက်ချက်သည် မတူညီသော မူကွဲ ၁၂ခုအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းက တရွှီရွှီ လေခွင်းသံကို ထွက်ပေါ်လာစေပြီး ပြင်းထန်ကြမ်းတမ်းသော ချီက မြေပြင်မှာ အက်ကြောင်းများ ပေါ်ထွက်လာစေ၏။
သာမန်လူတစ်ယောက်က ဤချီဖြင့် ထိခတ်ခံရမည်ဆိုလျှင် သွေးမြူများအဖြစ် ချက်ချင်းပင် ပြောင်းလဲသွားပေလိမ့်မည်။ ချီရွှမ်းစု၏ ဓားဖျားက ယန်မင်ချန်၏ လက်ဝါးနှင့် ထိခတ်ပြီးနောက် သူတို့နှစ်ယောက်က နောက်သို့ ချက်ချင်း ပြန်ဆုတ်သွားကြ၏။
သူတို့နှစ်ယောက်စလုံးက တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း ချီရွှမ်းစု၏ ဓားကိုင်ထားသော ညာဘက်လက်က အနည်းငယ် တုန်ယင်နေ၏။ ယန်မင်ချန်ကလည်း အခြေအနေ သိပ်မကောင်းလှပေ။ မည်သို့ပင်ဆိုစေ သူ့မှာ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ကိုယ်ကာယ မရှိပေ။ သူ၏ လက်ဖဝါးမှာ နက်ရှိုင်းသော ဒဏ်ရာတစ်ခု ကျန်ရစ်ခဲ့ပြီး သွေးများက အဆက်မပြတ် စီးကျနေ၏။
ချီရွှမ်းစုက ရေရွတ်လိုက်၏။
“ဂမ္ဘီရလက်ဝါးနည်းစနစ်ပဲ”
ယန်မင်ချန်က တုံ့ပြန်ပြောဆိုခြင်း မရှိဘဲ လက်ဝါးဖြင့် နောက်တစ်ဖန် တိုက်ခိုက်လိုက်သည်။
ဂမ္ဘီရလက်ဝါးနည်းစနစ်သည် လက်ဝါးများထဲရှိ ထူးခြားအံ့မခန်း စွမ်းအားနှင့် အလှည့်အပြောင်းများစွာနှင့်အတူ အဆင့်မြင့် ထွန်းပေါက်မှု ကျင့်စဉ်တစ်ခုဖြစ်သည်။ ယန်မင်ချန်၏ လက်ဝါးများက တစ်ခဏချင်းမှာပင် လက်ဝါးများစွာအဖြစ် ပြောင်းလဲပြီး ချီရွှမ်းစုကို အမြင်အာရုံ ရှုပ်ထွေးသွားစေ၏။
ချီရွှမ်းစုက သူ့ဓားကို ဝင့်၍ ချီကို ထည့်သွင်းကာ ဓား၏ ဘေးပတ်လည်တွင် အဖြူရောင် အလင်းတောက်တောက်တစ်ခု ဖြစ်ပေါ်လာစေ၏။ တခဏအတွင်းမှာ လက်ဝါးအရိပ်များနှင့် ဓားအလင်းက ရောထွေးယှက်ဖြာသွားပြီး တချွင်ချွင်အသံများ ဆက်တိုက်ထွက်ပေါ်လာ၏။
ချီရွှမ်းစုက ဆက်လက်၍ အလစ်အငိုက်ဖမ်း တိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။ မည်သို့ပင်ဆိုစေ ယန်မင်ချန်သည် ယခင်အမှားကနေ သင်ခန်းစာယူထားပြီဖြစ်၏။ ထို့ကြောင့် ချီရွှမ်းစုက ယန်မင်ချန်နှင့် ယှဉ်ပြိုင်ဖို့အတွက် သူ၏ ဓားပညာကိုသာ မှီခိုရတော့သည်။
အမျိုးသားနှစ်ဦးကြား တိုက်ခိုက်မှုက တဖြည်းဖြည်း နှေးကွေးလာ၏။ ရုတ်တရက် ချီရွှမ်းစုက ဆတ်ခနဲ ရပ်တန့်ပြီး ရှေ့သို့ ခုန်တက်ကာ သူ့ခြေဖဝါးအောက် မြေပြင်ကို အက်ကွဲသွားစေ၏။ ယန်မင်ချန်က မျက်မှောင်ကြုတ်ပြီး လက်တစ်ဖက် နောက်ပစ်ကာ မလှုပ်မယှက် ဆက်ရှိနေသည်။ ချီရွှမ်းစုက သူ့ဓားဖြင့် ကန့်လန့်ဖြတ် လွှဲလိုက်စဉ် ယန်မင်ချန်က သူ၏ ဘယ်ဘက်အင်္ကျီလက်စဖြင့် ပိတ်ဆို့တားဆီးလိုက်၏။
ချင်းယွမ်၏ အနားစောင်းနှင့် အင်္ကျီလက်စ ထိခတ်သောအခါ မီးပွားများနှင့်အတူ ကျယ်လောင်သော အက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။
ထိုအချိန်မှာ ချီရွှမ်းစုက သူ့ခြေထောက်ကို မြှောက်ပြီး ယန်မင်ချန်၏ ရင်ဘတ်ကို ကန်လိုက်၏။ ယန်မင်ချန်က ချီရွှမ်းစု၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲပြီး သူ့ကို ဆွဲလှည့်ကာ ချောက်ကမ်းပါးဘက်သို့ ပစ်ထုတ်လိုက်သည်။
စစချင်းမှာ ကျန်းယွဲ့လုက တုန်လှုပ်သွားသော်လည်း သူမက မြန်မြန်ဆန်ဆန်ပင် ဣန္ဒြေကို ပြန်ထိန်းလိုက်သည်။
ချီရွှမ်းစုက ချောက်ဘက်ကို လွင့်ထွက်သွားသော်လည်း သူ့ပုံရိပ်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ အဲဒါသည် ယွီရှုအဆင့် လေလွင့်ကျင့်ကြံသူများ၏ ပုစဉ်းအခွံလဲနည်းစနစ်ကို သုံးကာ ဖန်တီးထားသည့် အတုအယောင်ကိုယ်ပွားတစ်ခု ဖြစ်သည်။
ချီရွှမ်းစု၏ ကျင့်ကြံမှုအဆင့်နှင့် သူက အတုအယောင်ကိုယ်ပွားနှစ်ခုကို ဖန်တီးနိုင်သည်။ သူ့ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားလာသည်နှင့် သူက နောက်ထပ်ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်မည်ဖြစ်သည်။
ဤအချိန်မှာ ချီရွှမ်းစု၏ အစစ်အမှန်ခန္ဓာက ပြေးတက်လာပြီး ရှေ့ကို ခုန်ထွက်ကာ ယန်မင်ချန်ကို ခုတ်ပိုင်းချလိုက်၏။ ချင်းယွမ်ကနေ လခြမ်းကွေးသဏ္ဌာန် ဓားချီက ဖြာထွက်လာသော်လည်း ၎င်းသည် ယန်မင်ချန်၏ ရှေ့မှာ ဖျန်းပက်လိုက်သော ရေများကဲ့သို့ ကျဆင်းသွား၏။
ယန်မင်ချန်က လက်ချောင်းများကို ကွေးညွှတ်ပြီး ဓားချီကို ချေဖျက်လိုက်သည်။ ထို့နောက် သူ၏ လက်ဖဝါးကို နောက်တစ်ဖန် ဆန့်ထုတ်ပြီး ချီရွှမ်းစု၏ နဖူးကို ပစ်ရိုက်ချလိုက်၏။ တစ်ချိန်တည်းမှာ ချီရွှမ်းစုက ယန်မင်ချန်၏ ရင်ဘတ်ကို ဓားဖြင့် ပစ်ထိုးလိုက်သည်။
ချီရွှမ်းစုက နောက်သို့ မျှောချသွား၏။ မြေပြင်ပေါ်ကို ဆင်းသက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲက ပြင်ပချီများကို ထုတ်လွှတ်ရန် နောက်သို့ ပြင်းထန်စွာ ဆုတ်ပြီး မြေပြင်မှာ နက်ရှိုင်းသော ခြေရာများ ကျန်ရစ်ခဲ့စေသည်။
ယန်မင်ချန်၏ ရင်ဘတ်က သွေးများဖြင့် စွန်းထင်းသွား၏။ သူက မှင်သေသေ မျက်နှာထားဖြင့် အင်္ကျီလက်စနှစ်ဖက်ကို ဖြည်းဖြည်းချင်း လိပ်တင်ပြီး သူ၏ လက်နှစ်ဖက်ပေါ်မှာ သေးငယ်သော မြွေများကဲ့သို့ ဖောင်းကြွနေသော သွေးကြောများ ပေါ်ထွက်လာစေသည်။ သွေးကြောတချို့က ခရမ်းရောင်ဖြစ်ပြီး လူအများစု ကြောက်လန့်သွားလောက်အောင် ထင်ရှားများပြားနေ၏။
ချီရွှမ်းစုက သတိပေးလိုက်သည်။
“ခင်ဗျားက အသေအကြေ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီဆိုမှတော့ အညှာအတာမဲ့တယ်ဆိုပြီး ကျုပ်ကို အပြစ်မတင်နဲ့တော့။”