အခန်း (၁၇၅-၁၇၆)
Vol. 18 Ch. 175-176
အခန်း ၁၇၅ - စိတ်ပျက်စွာဖြင့် ထွက်ခွာသွားရခြင်း
အရေပြားအောက်မှာ လူးလွန့်နေသော မြွေကလေးများကဲ့သို့ ယန်မင်ချန်၏ မျက်နှာ၊ နဖူး၊ လည်ပင်းနှင့် အခြားသော နေရာများမှာ သွေးကြောများက ဖောင်းကြွနေ၏။ ယန်မင်ချန်၏ ခန္ဓာကိုယ်မှ တဖျောက်ဖျောက် အသံများကလည်း ဆက်တိုက်ထွက်ပေါ်လာ၏။
နောက်ခဏ၌ သူက ပြင်းထန်စွာ ဆောင့်နင်းပြီး မြေပြင်မှာ ကြီးမားသော တွင်းချိုင့်တစ်ခု ဖြစ်စေကာ နေရာကို လှုပ်ခါသွားစေ၏။ သူက တုန်ခါလှိုင်းအားကို သုံး၍ သူ့လက်ဖဝါးထဲမှ ခွန်အားကို စုစည်းပြီး ချီရွှမ်းစု၏ ရင်ဘတ်ကို ပစ်ရိုက်ချလိုက်၏။
ချီရွှမ်းစုက ယန်မင်ချန်နှင့် လူချင်းကပ်၍ ဓားဖြင့်တွက်ကာ သူ့ရင်ဘတ်နှင့် ဝမ်းဗိုက်အကြားမှာ တစ်ပေခန့်ရှိသော ဓားဒဏ်ရာကို ကျန်ရစ်ခဲ့စေ၏။ ထို့နောက် သူက လက်ဝါးရိုက်ချက်ဖြင့် နောက်ကို လွင့်စင်ထွက်သွား၏။
ယန်မင်ချန်က ဒေါသတကြီးအော်၍ ခြေဖျားထောက်ကာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။ သူ ပြန်ပေါ်လာသည့် အချိန်မှာ သူက ချီရွှမ်းစု၏ ရှေ့ သုံးပေအကွာမှာ ရောက်ရှိနေပြီဖြစ်၏။ ယန်မင်ချန်က ချီရွှမ်းစု၏ ဝမ်းဗိုက်အောက်ပိုင်းကို အညှာအတာမဲ့စွာဖြင့် နောက်တစ်ချက်ရိုက်ပြီး သူ့ကို ထပ်မံ၍ လွင့်စင်ထွက်သွားစေ၏။
ယန်မင်ချန်က ချီရွှမ်းစုနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါလာပြီး အဆက်မပြတ် တိုက်ခိုက်ကာ သိပ်သည်းပြင်းထန်သော ချီများ ပါဝင်သည့် လက်ဝါးရာများစွာကို ကျန်ရစ်ခဲ့စေသည်။ ထိုလက်ဝါးရိုက်ချက်များ စုစည်းမိလာသောအခါ ပိုလျှံနေသော ပြင်ပချီက ချီရွှမ်းစုအပေါ် တောင်တစ်လုံးလို ပိကျလာ၏။ သူက အသက်အန္တရာယ်ပင် ခြိမ်းခြောက်ခံလာရသည်။ ယန်မင်ချန်သည် ချီရွှမ်းစု၏ ခန္ဓာကိုယ်ထဲမှ စုစည်းထားသော ချီများ ပေါက်ကွဲထွက်စေမည့် နောက်ဆုံးရိုက်ချက်ကို ထုတ်ဖော်ဖို့ သင့်လျော်မည့် အခွင့်အလမ်းကို စောင့်ဆိုင်းနေ၏။
မိနစ်အနည်းငယ်အတွင်းမှာ ယန်မင်ချန်က ချီရွှမ်းစုကို အချက်ရေ တစ်ရာကျော် တိုက်ခိုက်လိုက်၏။ ချီရွှမ်းစုက တစ်ဝက်လောက်ကို ကာဆီးထားခဲ့သော်လည်း ချီများ စုဆောင်းထားသည့် လက်ဝါးရိုက်ချက် ငါးဆယ်ကျော်က သူ့ကိုယ်ပေါ်သို့ ဆင်းသက်ခဲ့သည်။
သို့သော် ချီရွှမ်းစုက တိုက်ခိုက်သမျှကို ငြိမ်ခံနေခဲ့ခြင်း မဟုတ်ပေ။ ယန်မင်ချန်က အားအင်ကုန်ဆုံးတော့မည့်ဆဲဆဲမှာ ချီရွှမ်းစုက သူ့ခါးကနေ နတ်နဂါးပစ္စတိုကို ချက်ချင်းပင် ဆွဲထုတ်ပြီး ယန်မင်ချန်၏ အောက်ဘက် ဒါန်ထျန်ကို ချိန်ရွယ်လိုက်၏။ နဂါးမျက်လုံးကျည်ဆံက ချက်ချင်းပင် ပေါက်ကွဲထွက်သွား၏။ ဤမျှ နီးကပ်သော အကွာအဝေးမှာ ယန်မင်ချန်၏ ကျည်ဒိုင်းကာက ချက်ချင်းပင် ချိုးဖျက်ခံရကာ သူက နောက်သို့ တုန်လှုပ်စွာဖြင့် ဒယီးဒယိုင် ဆုတ်ခွာသွားရသည်။
နောက်ဆုံးမှာ အသက်ရှူခွင့်ရသွားသော ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ဘေးသို့ ပစ်ချပြီး ပုစဉ်းအခွံလဲ နည်းစနစ်ဖြင့် သူ့ခန္ဓာကိုယ်ထဲမှ စုစည်းဝင်ရောက်နေသည့် ချီများကို ရှင်းထုတ်ပစ်လိုက်၏။
ယန်မင်ချန်က မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။ သူ၏လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်စဉ် သူ၏ခန္ဓာကိုယ်ထဲမှ တဖျောက်ဖျောက် အသံများ ထွက်ပေါ်လာသည်။
ယန်မင်ချန်ကို ဗဟိုပြု၍ မျက်စိဖြင့် မြင်နိုင်သော ချီလှိုင်းများက အဘက်ဘက်ကို ဖြာထွက်သွား၏။ သူက ဒူးနှစ်ဖက်ကို အနည်းငယ် ကွေးညွှတ်၍ ရှေ့ကို ခုန်တက်ပြီး ချီရွှမ်းစုနှင့် ပေ ၃၀ အကွာအဝေးမှာ ဆင်းသက်ကာ သူ၏ လက်ဝါးနှစ်ဖက်ဖြင့် ရှေ့သို့ တွန်းထုတ်လိုက်၏။
ချီရွှမ်းစုက ညာဘက်လက်ဖြင့် ချင်းယွမ်၏ ဓားရိုးကို ကိုင်ပြီး ဘယ်ဘက်လက်ဖြင့် ဓားသွားကို တွန်းကာ ရှေ့သို့ ပြေးတက်လာသည်။
ယောက်ျားနှစ်ယောက်က နောက်တစ်ဖန် ထိပ်တိုက်ရင်ဆိုင်လိုက်ကြ၏။ ယန်မင်ချန်၏ လက်နှစ်ဖက်က ဒဏ်ရာရရှိထားပြီး သူ၏ မရီးဒျန်များက ပျက်စီးထိခိုက်ထားကာ ချီလည်ပတ်မှုက မတည်မငြိမ်ဖြစ်လာ၏။ သူ့မှာ မည်သည့်လက်နက်မှ မရှိသည့်အတွက် သူအနေဖြင့် ခွန်အားအပြည့်အဝကို ထုတ်ဖော်ရန် ခက်ခဲသည်။ သို့သော်လည်း ထိုသို့ဆိုလျှင်တောင် သူ့မှာ ကျင့်ကြံမှု အသာစီး ရရှိထားဆဲဖြစ်ပြီး ချီရွှမ်းစု၏ လက်ထဲက ချင်းယွမ်ကို ရိုက်ချလိုက်နိုင်သည်။
ယန်မင်ချန်သည် အဆုံးထိ တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားပြီး ချီရွှမ်းစုနောက်ကို တရစပ်လိုက်ကာ သူ၏လက်ဝါးဖြင့် နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။ ချီရွှမ်းစုက သတိကို လျှော့မချရဲဘဲ လက်ဝါးရိုက်ချက်ကို သုံးကာ ယန်မင်ချန်ကို တုံ့ပြန်လိုက်၏။
သူတို့၏ လက်ဝါးများ ထိတွေ့မိသည့် ခဏမှာ ကျန်းယွဲ့လုနှင့် ယှဉ်နိုင်လုနီးပါး ယန်မင်ချန်၏ ထူးခြားအံ့မခန်း သန်မာသောချီကို ချီရွှမ်းစုက ခံစားမိလိုက်၏။ ထိုအခိုက်အတန့်မှာ ချီရွှမ်းစု၏ ပင်ကိုယ်ချီနှင့် သွေးချီက တစ်ပြိုင်နက်တည်းမှာ သက်ဝင်လှုပ်ရှားလာ၏။ ချီရွှမ်းစုသည် သူ၏ အသွင်ပြောင်း ကိုယ်ကာယဖြင့် ဤတိုက်ခိုက်မှုကို ခုခံနိုင်ရုံသာ ရှိသည်။
ယန်မင်ချန်က နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။
ချီရွှမ်းစုသည် အစ်မချီဆီမှ ဖီးနစ်စိမ်းတပ်သားများ၏ အသွင်ပြောင်းလက်ဝါးနည်းစနစ်ကို သင်ယူထားခဲ့ဖူးသည်။ သူက အဲဒါကို အသုံးပြုသည့်အခါ သူ့ခန္ဓာကိုယ်က ဘယ်နှင့်ညာ ရွေ့ပြောင်းပြီး သူ၏လက်ဝါးက အလှည့်အပြောင်း များစွာဖြင့် ဝေဝါးသွားသည်ဟု ထင်ရသည်။
သူတို့နှစ်ယောက်က တိုက်ကွက် အတော်များများ ဖလှယ်လိုက်ကြ၏။ ယန်မင်ချန်၏ လက်ဝါးရိုက်ချက်က တလိပ်လိပ် ထိုးတက်လာသော လှိုင်းလုံးများကဲ့သို့ တစ်ခါထက်တစ်ခါ ပိုမိုမြင့်မား ပြင်းထန်လာသည်ဟု ချီရွှမ်းစု ခံစားမိသည်။ ထိုသိုင်းကွက်၏ အနှစ်သာရသည် လက်ဝါးရိုက်ချက် တစ်ချက်ချင်းစီ၏ အင်အားကို စုဆောင်းထားခြင်း ဖြစ်သည်။ လုံလောက်သည့် အင်အားကို စုဆောင်းမိသည်နှင့် နတ်ဆရာ၏ အသန်မာဆုံး ရွှေစိတ်ဝိညာဉ်ရုပ်တုပင် ဖျက်ဆီးခံရနိုင်သည်။
ထို့ကြောင့် ချီရွှမ်းစုက ရှောင်တိမ်းပြီး ယန်မင်ချန်နှင့် ထိပ်တိုက် ရင်မဆိုင်ဝံ့ခြင်း ဖြစ်၏။
သိုင်းကွက် ဆယ်ကွက်ကျော်အပြီးမှာ ချီရွှမ်းစုက ယန်မင်ချန်၏ လက်ဝါးရိုက်ချက်များမှာ စီးပိုးခံလာရ၏။ ဆန့်ကျင်ဘက်အနေဖြင့် ချီရွှမ်းစု၏ အလှည့်အပြောင်းများစွာဖြင့် ရှုပ်ထွေးပုံရသော အသွင်ပြောင်း လက်ဝါးနည်းစနစ်က တစိုက်မတ်မတ် မရှိဘဲ ယန်မင်ချန်၏ တိုက်ခိုက်မှုများလောက် ထိရောက်မှုမရှိ ဖြစ်နေ၏။
ကံကောင်းစွာဖြင့် ချီရွှမ်းစုက တိုက်ခိုက်ရေးမှာ အတွေ့အကြုံ ပိုရှိပြီး တိုက်ခိုက်မှုများကို မဖြုံသယောင် ဟန်ဆောင်ကာ ယန်မင်ချန်ကို ခြောက်လှန့်၍ လှည့်စားထားနိုင်သည်။ ဒါ့အပြင် ယန်မင်ချန်က ထိခိုက်မှုတချို့ ခံစားရပြီးနောက် ပို၍ စိုးရိမ်ပူပန်လာ၏။ ဤတိုက်ပွဲသည် ပြတ်သားသော အနိုင်ရလဒ်မရှိဘဲ လက်ရည်တူသလို ဖြစ်နေသည်။
ချီရွှမ်းစုမှာ ကျင့်ကြံမှုအဆင့် ပိုမိုနိမ့်ကျသောကြောင့် သူက စတင်၍ ခြေကုန်လက်ပန်းကျလာ၏။ သူ့ခန္ဓာကိုယ်ကနေ မျက်စိဖြင့် မြင်နိုင်သော အဖြူရောင် မြူခိုးများ ထွက်လာသည်။
ကျန်းယွဲ့လုက နောက်ဆုံးမှာ ဝင်ပြောလိုက်သည်။
“ဒါက အသေအကြေ တိုက်ပွဲ မဟုတ်ဘူး... ရှင်တို့နှစ်ယောက် အခုပဲ ရပ်လိုက်ကြတော့”
ကျန်းယွဲ့လု၏ အမြင်ကနေ ကြည့်လျှင် ယန်မင်ချန်က အရင်စတင် ပြဿနာရှာခဲ့ခြင်း ဖြစ်သည်။ သူမသည် သူတို့၏ တိုက်ပွဲမှာ ဝင်မပါဘဲ သူ့ကို မောင်းမထုတ်ခြင်းဖြင့် သဘောထားကြီးမားမှုကို ပြသပြီးသွားပြီ ဖြစ်သည်။ သူမက ချီရွှမ်းစုကို ကာကွယ်ပေးလိုသောကြောင့် တိုက်ပွဲကို ဤအတိုင်း ဆက်လွှတ်ထားလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယန်မင်ချန်က သူမကို လျစ်လျူရှုပြီး ချီရွှမ်းစုကို ဆက်လက်၍ တိုက်ခိုက်နေ၏။ ထို့ကြောင့် ကျန်းယွဲ့လုက တိုက်ပွဲထဲသို့ ခုန်ဝင်သွားရသည်။ သူမက လက်ချောင်းတစ်ချောင်းကို ညင်သာစွာ ထုတ်ပြီး ရုတ်တရက် အရေအတွက်ကို ဆပွားတိုးသွားစေ၏။ ချက်ချင်းပင် လက်တစ်ချောင်းက ၆၄ချောင်း အဖြစ် ပြောင်းလဲသွား၏။ ကျန်းယွဲ့လုသည် ဓားအဖြစ် သူမ၏ လက်ညှိုးကို သုံးပြီး စီဟန်ဓားသိုင်းစဉ်ကို ထုတ်ဖော်နေ၏။
ဤသည်ကို ကြည့်ပြီး ယန်မင်ချန်က ထိတ်လန့်၍ အံ့အားတသင့် ရေရွတ်လိုက်၏။
“ကွမ်ယင်ဓားတစ်ထောင်ပဲ”
သူမ၏ လက်ချောင်းကို သူ့လက်ဝါးဖြင့် ချက်ချင်းပင် ရိုက်ချလိုက်၏။
ယန်မင်ချန်သည် ကျန်းယွဲ့လုထံမှ ထွက်ပေါ်လာသည့် လက်ဝါးရိပ်များစွာကို တွေ့မြင်နေရပြီး သူမ၏ လက်ချောင်းများက ခန့်မှန်း၍မရသော ပုံစံဖြင့် အဆက်မပြတ် ပြောင်းလဲနေသည်။ လက်ချောင်းတစ်ချောင်းက အလယ်ကနေ အဘက်ဘက်ကို ခွဲထွက်သွားသည်။ သူမသည် ဓားတစ်လက်ကို အသုံးမပြုသော်လည်း တူညီသော ဓားသိုင်းပညာရပ်ကို ထုတ်ဖော်နိုင်သည်။
ယန်မင်ချန်၏ ဂမ္ဘီရလက်ဝါးနည်းစနစ်က ရိုးရှင်းသော်လည်း အဲဒါက အတော်လေး မပြေပြစ်ပုံရသည်။ သို့သော် ချီရွှမ်းစု၏ လက်ဝါးရိုက်ချက်က ဘယ်လိုပင် ခန့်မှန်း၍မရအောင် ပြောင်းလဲနေသည်ဖြစ်စေ ယန်မင်ချန်က ပိတ်ဆို့တားဆီးနိုင်ခဲ့သည်။ သူတို့က လှုပ်ရှားကွက် အတော်များများမှာ ညီတူမျှတူ ယှဉ်ပြိုင်နိုင်ခဲ့ကြ၏။
ယခု ကျန်းယွဲ့လုက သူ့နေရာကို ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် ချီရွှမ်းစုက အခွင့်အလမ်းကို ချိန်ဆကာ တိုက်ပွဲထဲကနေ ဆုတ်ခွာလိုက်၏။ ကျန်းယွဲ့လုသည် ကျန်းမိသားစုနှင့် ယန်မိသားစုကို လေးစားသမှုပြသည့်အနေဖြင့် သူမ၏ ခွန်အားအပြည့်အဝကို အသုံးပြုမထားပေ။ သူမသည် မဟာမိတ်ဖွဲ့ မိသားစုနှစ်ခုကြား ရန်ငြိုးရန်စကို စတင်၍ မီးမွှေးမပေးလိုသောကြောင့် ခွန်အားကို ထိန်ချန်ထားသည်။
ကျန်းယွဲ့လုနှင့် ယန်မင်ချန်က ခဏကြာအောင် သူတပြန်ကိုယ်တပြန် တိုက်ခိုက်ပြီး ယန်မင်ချန်သည် သူ၏ လက်ဝါးများ တဖြည်းဖြည်း ထုံကျင်လာသည်ဟု ခံစားရကာ သူ့လက်နှစ်ဖက်က တုန်ယင်လာ၏။ ကျန်းယွဲ့လု၏ ပိုမိုမြင့်မားသော ကျင့်ကြံမှုအဆင့်ကြောင့် ဆိုတာကို သူသိထား၏။
ဤတစ်ခေါက်မှာ ကျန်းယွဲ့လုက လေဟာနယ်ကပ်ဘေးခြောက်ပါးကို အသုံးပြုလိုက်၏။ ရိုက်ချက်တချို့က ရေခဲတစ်မျှ အေးစက်နေပြီး ရိုက်ချက်ချို့ကတော့ ချစ်ချစ်တောက်ပူပြင်းနေ၏။ အစကတော့ ယန်မင်ချန်သည် အပြောင်းအလဲမြန်ဆန်မှုကို သတိမထားမိသော်လည်း ခဏနေပြီးနောက် သူက တဖြည်းဖြည်း ထိန်းချုပ်ခံလာရ၏။
သူက ဆက်လက်၍ ခေါင်းမာနေမည်ဆိုလျှင် အရေးမသာသော အခြေအနေသို့ မလွဲမသွေ ကျဆင်းသွားတော့မည်ကို ယန်မင်ချန် သိရှိထား၏။ သူက ဖောက်ထွက်ဖို့ အခွင့်အရေးကို ရှာနေသော်လည်း မအောင်မြင်ဖြစ်နေ၏။ ဤတစ်ခေါက်မှာ ကျန်းယွဲ့လုက သူမ၏ လက်ဝါးနှစ်ဖက်ပေါ် ဒြပ်စင်ငါးမျိုး ချီဒိုင်းကာကို သုံးပြီး သူ့ကို နောက်တစ်ဖန် ပစ်ရိုက်ကာ ဆုတ်ခွာသွားစေ၏။ ယန်မင်ချန်က သူ့လက်နှစ်ဖက်ကို မြှောက်ကာ ခုခံလိုက်ရသည်။
သူတို့နှစ်ယောက်က လက်နှစ်ကမ်း အကွာအဝေးမှာ မျက်နှာချင်းဆိုင်ပြီး လက်ဝါးရိုက်ချက်များဖြင့် သူတို့၏ ချီများကို သုံးကာ တစ်ယောက်နှင့်တစ်ယောက် အားပြိုင်နေကြ၏။ ခဏနေပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက အနည်းငယ် တုန်ယင်လာကြသည်။ ယန်မင်ချန်၏ လက်များက တဖြည်းဖြည်း ကြည်လင်လာပြီး သူ၏ သွေးကြောများနှင့် အရိုးများကိုပင် တွေ့မြင်လာရ၏။ ကျန်းယွဲ့လုက မဖြုံသည့်ပုံပေါ်သော်လည်း သူမ၏ မျက်နှာတစ်ဝိုက်မှာ ရောင်စုံအော်ရာတစ်ခု ရှိနေ၏။
နောက်ခဏ၌ သူတို့နှစ်ယောက်က ခပ်သဲ့သဲ့ ညည်းပြီး သူတို့၏ လက်ဝါးများကို တစ်ချိန်တည်းမှာ ရုပ်သိမ်းလိုက်ကြ၏။
တိုက်ခိုက်မှုက မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားပြီး ဘယ်သူက အနိုင်ရသည်ကို ချီရွှမ်းစု အကဲမဖြတ်နိုင်ပေ။ သို့သော် ပုံပန်းသဏ္ဌာန်သက်သက်အရ ယန်မင်ချန်က အတော်လေး ထိခိုက်ခံစားထားရသည့်ပုံပေါ်သည်။ အထူးသဖြင့် စောစောက သူ့ခန္ဓာကိုယ်ပေါ်မှာ ချီရွှမ်းစုက ဒဏ်ရာများစွာကို ချန်ထားခဲ့သည်။
ယန်မင်ချန်က သူတို့နှစ်ယောက်ကို ကြည့်၍ အတန်ကြာအောင် နှုတ်ဆိတ်နေ၏။ သူက သူတို့နှစ်ယောက်ကို လှောင်ပြောင်ထေ့ငေါ့ဖို့ မည်သည့်စကားကိုမှ ဆက်လက်၍ မပြောနိုင်တော့ပေ။ ချီရွှမ်းစုသည် ကျင့်ကြံမှုအဆင့် ပိုမိုနိမ့်ကျလျှင်တောင် သူ့ကို ဤမျှအတိုင်းအတာအထိ ဖိအားပေးနိုင်ခြင်းဖြင့် သူက တကယ်ပင် ထူးခြားသည့်လူဆိုတာကို သူ ဝန်ခံရပေမည်။
သို့သော်လည်း သူအတွက် တကယ်တမ်း ပြင်းထန်သည့် ထိုးနှက်ချက်မှာ နောက်ဆုံးမှာ ထွက်ပေါ်လာသည့် ကျန်းယွဲ့လု၏ စိတ်သဘောထား ဖြစ်သည်။ ယန်မင်ချန်က နောက်ဆုံးမှာ လက်လျှော့၍ အကြည့်ကို ရုပ်သိမ်းကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာသွား၏။
ယန်မင်ချန် ထွက်ခွာသွားပြီးနောက် ကျန်းယွဲ့လုက ချီရွှမ်းစုအနားကို ရောက်လာပြီး မေးလိုက်၏။
“နင် အဆင်ပြေရဲ့လား”
ချီရွှမ်းစုက မြေပြင်ပေါ်မှာ ကျဆင်းနေသည့် ချင်းယွမ်၊ နတ်နဂါးပစ္စတိုနှင့် ပေါက်ဓားတချို့ကို ပြန်သိမ်းယူလိုက်၏။
“ငါ အဆင်ပြေပါတယ်... ပညာရှိယန်က ကျင့်ကြံမှုအဆင့် ပိုမြင့်ပေမယ့် သူ့မှာ တိုက်ပွဲအတွေ့အကြုံ သိပ်မရှိဘူး... သူ့ကို ထျန်ကန်းခန်းမက တစ်နှစ် နှစ်နှစ်လောက် လေ့ကျင့်ပေးလိုက်ရင် ငါ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”
ကျန်းယွဲ့လုက ပြောလိုက်၏။
“သူက တော်ပါတယ်... ဒါပေမဲ့ နင်က ပိုတော်တယ်... သေရေးရှင်ရေး တိုက်ပွဲတစ်ခုမှာ ကျင့်ကြံမှုအဆင့် မြင့်မားတာ သက်သက်က မလုံလောက်ဘူး... အချိန်၊ နေရာဒေသ၊ ပရိယာယ်၊ လျှို့ဝှက်ဆန်းကြယ် စွမ်းရည်တွေနဲ့ ပြင်ပပစ္စည်းတွေကလည်း ထပ်တူထပ်မျှ အရေးပါတယ်... အဲဒီ မရှိမဖြစ် အချက်ခြောက်ချက်ထဲမှာ ငါးချက် ရှိထားရင် အနိုင်ရဖို့ သေချာသလောက် ရှိတယ်... ယန်မင်ချန်က ဘဝင်မြင့်ပြီး သူ့ရဲ့လက်ဝါးတွေကိုပဲ အသုံးပြုခဲ့တယ်... သူက နင့်လောက်လည်း ဉာဏ်နီဉာဏ်နက် မများတဲ့အတွက် သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကိုပဲ မှီခိုနေရတယ်... သူက အနိုင်ရမှာသာ ထူးဆန်းနေလိမ့်မယ်”
ချီရွှမ်းစုက ခေါင်းခါပြလိုက်၏။
“ဒါပေမဲ့ ကျင့်ကြံမှုအဆင့်က အရေးကြီးဆုံး အုတ်မြစ်ဖြစ်နေတုန်းပဲ... ငါ ကွေ့ကျန်းအဆင့်ကို တတ်နိုင်သမျှ မြန်မြန်ရောက်အောင် လုပ်ရမယ်... မင်းအတွက်ပေါ့”
ကျန်းယွဲ့လုက လက်ကာပြပြီး ရယ်လိုက်၏။
“ငါ့အတွက် မလုပ်ပါနဲ့... နင့်အတွက် လုပ်စမ်းပါ... နင့်ကိုယ်နင် အရင်ဆုံးကာကွယ်ပြီးမှ တခြားသူတွေကို ကူညီပေးနိုင်မယ်... နင်က တာအိုဂိုဏ်းတော်မှာ အပြောင်းအလဲတွေ လုပ်ဖို့ လုံလောက်အောင် ဩဇာအာဏာ မရှိရင် နင့်ရဲ့ ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှမြန်မြန် မြှင့်တင်နေတာက ပိုကောင်းတယ်”
ချီရွှမ်းစုက ခဏမျှ နှုတ်ဆိတ်ပြီးနောက် သက်ပြင်းချလိုက်၏။
“ငါ တကယ်ပဲ နာမည်တစ်ခု တည်ဆောက်ရမယ်… အဲဒါဆိုရင် ငါ ဘယ်သူ့ထက်မှ နိမ့်ကျတယ်လို့ ခံစားရမှာ မဟုတ်တော့ဘူး။”
အခန်း ၁၇၆ - ရှမြစ်ရဲ့အထက်
ကျုံးကျိုးသည် လောက၏ ဗဟိုချက်မဖြစ်ပြီး ရှေးဟောင်းမင်းဆက်အများစုသည် ထိုနေရာမှာ သူတို့၏ နေပြည်တော်များကို တည်ထောင်ခဲ့ကြသည်။ ထိုနေရာသည် ပြန့်ပြူးကျယ်ပြန့်သော လွင်ပြင်တစ်ခုဖြစ်ပြီး နှိုင်းယှဉ်ပါက မူလက ပြန့်ပြူးသည်ဟု ထင်ရသော ကျန်းပေပင်လျှင် တောင်ကုန်းထူသည်ဟု ထင်သွားရစေသည်။ ကျုံးကျိုး၏ မြေပြင်အခြေအနေက ဘယ်လောက်ညီညာပြန့်ပြူးသလဲ စဉ်းစားကြည့်နိုင်၏။
အဆုံးမဲ့ ကောင်းကင်နှင့် မိုးကုတ်စက်ဝိုင်းနှင့်အတူ ကျယ်ပြန့်သော လွင်ပြင်မှာ လမ်းလျှောက်ရခြင်းက မလွဲမသွေ ပျင်းရိစရာကောင်းပေမည်။ သို့သော်လည်း ဝိုင်းပတ်ခြံရံထားသည့် ညိုမှောင်နေသော တိမ်စိုင်များနှင့်အတူ မိုးကုတ်စက်ဝိုင်းပေါ်က မြင့်မားသော မဟူရာတောင်သည် ၎င်း၏ ဘေးပတ်ပတ်လည်မှာ ညီညာပြန့်ပြူးသော လွင်ပြင်နှင့် အတော်လေး ကွဲလွဲဆန့်ကျင်နေသည်။
ကျင်းနန်မှာ တောင်တန်းများစွာရှိသည်။ ထို့ကြောင့် ထိုနေရာမှာ တောင်တန်းများက ဘယ်လောက်အန္တရာယ်များပြီး ဘယ်လောက်မတ်စောက်သည်ဖြစ်စေ၊ အဲဒါက ရင်သပ်ရှုမောဖွယ်ရာ မဖြစ်ပေ။ ကျန်းပေမှာတော့ မြေပြင်အနိမ့်အမြင့်က ခပ်ပြေပြေသွားပြီး လှိုင်းတွန့်နေသော တောင်ကုန်းငယ်များ ရှိနေ၏။ တောင်ပူစာများ မရှိဘဲ ကျယ်ပြောသော လွင်ပြင်ကနေ ရုတ်ချည်းထိုးတက်သွားပုံရသည့် တောင်ကသာ ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းဖြစ်သည်။
ဤနေရာသည် ကျင်းချန်ဘုရားကျောင်းတည်ရှိရာ ကျုံးယွဲ့တောင်ဖြစ်သည်။ ရှမြစ်က ၎င်းဘေးကနေ ဖြတ်သွားသည့် ရှည်လျားသော မြစ်တစ်စင်းဖြစ်၏။
ဆောင်းတွင်းဖြစ်ပြီး ရှမြစ်၏ မျက်နှာပြင်ပေါ်မှာ ကြီးမားသော ရေခဲပြင်ချပ်များစွာ လွင့်မျောနေ၏။ သူတို့က မကြာမကြာ တစ်ခုနှင့်တစ်ခုထိတိုက်ပြီး တလက်လက်တောက်ပနေသော မြင်ကွင်းကို ဖြစ်ပေါ်စေသည်။
ရေမျက်နှာပြင်ကနေ လူတစ်ယောက်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာပြီး ကြီးမားသော ရေခဲပြင်ချပ်ပေါ်သို့ တွယ်တက်သွား၏။ သူက ခြေပစ်လက်ပစ်ဖြင့် ပက်လက်လှန်ချပြီး ကောင်းကင်ကိုကြည့်ကာ သည်းထန်စွာ မောဟိုက်နေ၏။
သူက နီရဲနေသော မီးကျည်ခဲတစ်ခုကို မျိုချထားရသည့်အလား ခံစားနေရသည်။ သူ၏ လေပြွန်နှင့် ရင်ဘတ်က မီးမြှိုက်ခံထားရသလိုဖြစ်ပြီး သူ၏ ဝင်သက်ထွက်သက်မှာ သွေးနံ့က ပါနေ၏။
ဤလူသည် သေဘေးကနေ လွတ်မြောက်လာသည်မှာ ကံကောင်းသော်လည်း ဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေသည်။ သူ၏ ဦးခေါင်းပြောင်ပေါ်မှာ အသားနှင့် ဦးခေါင်းခွံတို့ ပေါ်ထွက်နေသည့် နီစွေးနေသော ဒဏ်ရာကြီးတစ်ခု ရှိနေသည်။ သူ့မျက်နှာပေါ်မှာ ဘယ်ဘက်ပါးကို လုံးဝပွင့်ထွက်သွားစေသည့် ကြောက်မက်ဖွယ်ရာကောင်းသော ဒဏ်ရာတစ်ခုရှိပြီး သွားဖုံးနှင့် သွားတို့ ပေါ်ထွက်နေ၏။
မြစ်ထဲကနေ ဖြတ်ကူးလာလျှင်တောင် သူ၏ စုတ်ပြတ်သတ်နေသော အဝတ်အစားများက သွေးများဖြင့် နီစွေးနေ၏။
ဤလူသည် ယွီလန်ဘုရားကျောင်းမှာ ချီရွှမ်းစုကို အသေခံခိုင်းထားခဲ့သော မဟာယာနဘုန်းကြီး ယန်ရှိုဖြစ်သည်။ ယွီလန်ဘုရားကျောင်းကနေ ထွက်လာ၍ ခဏမျှ လှည့်လည်သွားလာပြီးနောက် သူက ကျုံးကျိုးမှာရှိသော ကျင်းချန်ဘုရားကျောင်းသို့ ပြန်လာခဲ့၏။ သူ ကျုံးကျိုးသို့ ရောက်ရှိလာသည်နှင့် လူစိမ်းတစ်အုပ်စုက သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့လေသည်။ သူ့အား သူ့ဆရာပေးထားသည့် အသက်ကယ်အဆောင်များနှင့် ရတနာများ မရှိလျှင် သူက သေခဲ့ရပေလိမ့်မည်။ ထိုသို့ဆိုလျှင်တောင် ထွက်ပြေးလွတ်မြောက်ဖို့အတွက် သူက ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရ၏။
ယန်ရှိုသည် ကျုံးယွဲ့၏ နယ်စပ်ကို ဝင်ရောက်လာပြီဖြစ်သည်။ ဤလူအုပ်စုက ဘယ်လောက်ပင် သတ္တိကောင်းသည်ဖြစ်စေ၊ သူ့နောက်ကို ဆက်မလိုက်ရဲတော့ဘဲ နောက်သို့ ပြန်ဆုတ်သွားရ၏။ ဤလူအုပ်စုက ဘယ်သူတွေဖြစ်မလဲ ယန်ရှို စဉ်းစားနေမိ၏။
သူတို့အုပ်စုထဲမှာ သာမန်ကွေ့ကျန်းအဆင့်ထက် ပိုမိုသာလွန်သော လူတချို့ ပါဝင်နေ၏။ ကျန်ရှိနေသော သူများကလည်း သာမန်အညတရများ မဟုတ်ကြပေ။ သူတို့သည် စစချင်း ယန်ရှိုကို အသက်ရှင်လျက် ဖမ်းဆီးဖို့ လုပ်ခဲ့ခြင်းကြောင့် မဟုတ်လျှင် ယန်ရှိုသည် ထွက်ပြေးလွတ်မြောက်ဖို့အတွက် အသက်ကယ်ရတနာများကို အသုံးပြုဖို့ပင် အခွင့်အရေးမရဘဲ နေရာမှာတင် သေခဲ့ရပေလိမ့်မည်။
ဒီလူတွေက ဘယ်သူတွေလဲ… ဘာရည်ရွယ်ချက်နဲ့ ရောက်လာတာလဲ…။
သူတို့ထဲမှ တစ်ယောက်သည် ထိုနေ့က ယွီလန်ဘုရားကျောင်းမှာ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ခဲ့သော အမျိုးသမီးနှစ်ဦးထဲမှ တစ်ဦးဖြစ်သည်ကိုသာ ယန်ရှိုမှတ်မိသည်။ ယွီလန်ဘုရားကျောင်းက အဖြစ်အပျက်ကြောင့် သူတို့က သူ့နောက်ကို လိုက်လာတာလား။ သို့သော်လည်း ဤလူအုပ်စုသည် တာအိုဂိုဏ်းတော်မှ မဟုတ်သည်မှာ သိသာထင်ရှားနေ၏။ သူတို့က လျှို့ဝှက်အသင်းအဖွဲ့တစ်ခုမှ ဖြစ်ပုံရသည်။
မဟာယာနဗုဒ္ဓဂိုဏ်းသည် တာအိုဂိုဏ်းတော်ကို ဒုက္ခပေးဖို့အတွက် လျှို့ဝှက်အသင်းအဖွဲ့များကို ထောက်ပံ့ပေးသော်လည်း ဤလျှို့ဝှက်အသင်းအဖွဲ့များစွာမှာ သူတို့ရည်ရွယ်ချက်နှင့်သူတို့ ကိုယ်စီရှိနေကြ၏။ သူတို့အများစုသည် သူတို့အချင်းချင်းကြားမှာပင် ပဋိပက္ခဖြစ်ပြီး မကြာခဏ တိုက်ခိုက်တတ်ကြသည်။ ထို့ကြောင့် ဤလူအုပ်စုက ဘယ်အဖွဲ့က ဖြစ်သည်ကို ယန်ရှို မပြောနိုင်ပေ။
ဤလူအုပ်စုသည် ကျုံးကျိုးမှာ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ရွေးချယ်ခဲ့သည့် အချက်သည် သူက ကျင်းချန်ဘုရားကျောင်းက ဖြစ်သည်ကို သူတို့က သိရှိပြီးသားဟု ဆိုလို၏။ သူတို့သည် သူ၏ မူလဇာစ်မြစ်ကို သိရှိပြီးသော်လည်း တိုက်ခိုက်ရဲသည်ဆိုမှတော့ သူတို့က မဟာယာနဗုဒ္ဓဝါဒီများ မဟုတ်လောက်ပေ။
ယခုအချိန်မှာ ယန်ရှို၏ ပထမဦးစားပေးက ကျင်းချန်ဘုရားကျောင်းသို့ ပြန်သွားပြီး သူ၏ ဒဏ်ရာများကို ကုသရန်ဖြစ်သည်။ တခြားအရာများကို နောက်မှ ထပ်ပြီး စဉ်းစားရပေမည်။
သူက ရေခဲပြင်ချပ်ပေါ်မှာ ခဏမျှ မျောပါ၍ အနားယူပြီးနောက် ခွန်အားအနည်းငယ်ကို ပြန်လည်ရရှိလာ၏။ ထို့နောက် သူက ဖြည်းဖြည်းချင်းထရပ်ပြီး မြစ်ထဲက ရေခဲပြင်ချပ်များကို ခုန်ကျော်လွှားကာ ကျင်းချန်ဘုရားကျောင်း ရှိရာသို့ ဦးတည်လိုက်၏။
မင်းသားချင်နှင့် ရှဲ့ချိုးနျန်က ရှမြစ်ကမ်းပါးဘေးမှာ မတ်တတ်ရပ်နေကြ၏။ သူတို့၏ ရှေ့တည့်တည့် မိုးကုတ်စက်ဝိုင်းမှာ ခမ်းနားထည်ဝါသော ကျုံးယွဲ့တောင် ရှိနေသည်။
ရှမြစ်က အတော်လေးရှည်လျားပြီး ပြည်နယ်အတော်များများကို ဖြတ်စီးလာ၏။ သူတို့က ရှေ့ကိုဆက်သွားမည်ဆိုလျှင် ကျင်းချန်ဘုရားကျောင်း၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်မိပေလိမ့်မည်။ သူတို့၏ သရုပ်သကန်များအရ မဟာယာနဗုဒ္ဓဂိုဏ်း၏ နယ်မြေထဲသို့ မဆင်မခြင် မဝင်ရောက်ရဲကြပေ။
တစ်ဖက်မှာတော့ တာအိုဂိုဏ်းတော်သည် ယွီလန်ဘုရားကျောင်းအမှုကို အကြောင်းပြချက်အဖြစ်သုံးကာ ကျင်းချန်ဘုရားကျောင်းသို့ ပေါ်ပေါ်ထင်ထင်ဝင်ရောက်ပြီး ယန်ရှိုကို ဖမ်းဆီးနိုင်သည်။ မည်သို့ပင်ဆိုစေ တာအိုဂိုဏ်းတော်သည် ကွန်ဖြူးရှပ်ကျောင်းတော်ကို အစားထိုးပြီး လောက၏ တရားဝင်အုပ်ချုပ်သူအဖွဲ့အစည်း ဖြစ်လာခဲ့သည်။ သူတို့က မဟာယာနဗုဒ္ဓဂိုဏ်းကို သူတို့နှင့် ပူးပေါင်းဖို့ ဖိအားပေးနိုင်ခဲ့သည်။ အနောက်ဘက်ဒေသကလွဲလျှင် တာအိုဂိုဏ်းတော်သည် အလယ်ပိုင်းလွင်ပြင်ဒေသ၏ ကျန်ရှိနေသော ပြည်နယ် ၁၉ခုကို ထိန်းချုပ်ထားဆဲဖြစ်သည်။
ရှဲ့ချိုးနျန်က မှတ်ချက်ပေးလိုက်၏။
“ထူးဆန်းတယ်... တာအိုဂိုဏ်းတော်က အခုချိန်ထိ ဘာလှုပ်ရှားမှုမှ မလုပ်သေးဘူး... တာအိုဂိုဏ်းတော်က ဘယ်တုန်းက အဲ့လောက်ထိ သဘောကောင်းသွားတာလဲ... ဒါမှမဟုတ် သူတို့က နှစ်ကူးပြီးမှ အဲဒါကို ကိုင်တွယ်ဖို့ စီစဉ်ထားတယ်လို့ ထင်လား”
မင်းသားချင်က ရှင်းလင်းသော အဖြေကို မပေးဘဲ “ဟွာကျန်းယီဆီက သတင်းကိုသာ စောင့်ကြတာပေါ့” ဟု ပြောလိုက်၏။
သိပ်မကြာခင် ခပ်လှမ်းလှမ်းကနေ ဟွာကျန်းယီက သူတို့ရှိရာသို့ လျှောက်လှမ်းလာ၏။ သူမသည် မိခင်ကလေးအဆောင်ဖြင့် သတင်းသွားယူနေခြင်းဖြစ်၏။
မင်းသားချင်က မေးလိုက်သည်။
“မင်း ဘာသတင်းရလာလဲ”
ဟွာကျန်းယီ၏ အမူအရာက သိပ်မကောင်းပေ။
“အဲဒီ တာအိုဆရာနှစ်ယောက်က ရှန်ကျင်းစီရင်စုကို ရောက်သွားပြီ... အဲဒါက ကျန်းယီဂိုဏ်းရဲ့ အခြေစိုက်စခန်းဆိုတော့ ငါတို့က အထဲကို အရမ်းကာရောဝင်ရောက်လို့ မရဘူး... နောက်ပြီး သူတော်စင်ချီကျောင်းကျန့်က ချွမ်ကျန်းဂိုဏ်းက အဆင့်မြင့်တာအိုဆရာ ၃၆ဦးကို ဦးဆောင်ပြီး ကောင်းကင်ဆရာသခင်ဆီကို အလည်အပတ်ရောက်လာတဲ့အတွက် လုံခြုံရေးကို တင်းကျပ်ထားတယ်... အဲဒါကြောင့် ငါတို့ သူတို့နောက်ကို ဆက်လိုက်လို့ မရတော့ဘူး”
တစ်ခုခု မှားယွင်းနေသည်ကို ရှဲ့ချိုးနျန်က ချက်ချင်းပင် အာရုံခံမိသွား၏။
“တာအိုဆရာနှစ်ဦးလား... ဟိုမိန်းကလေးအပြင် တခြားဘယ်သူရှိသေးလို့လဲ”
ဟွာကျန်းယီက ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ပြောလိုက်၏။
“ချိုးနျန်… နင်ပြောတဲ့ အဲဒီလူက မသေလောက်ဘူး”
“ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ… ဒီလောက် ပြင်းထန်ကြမ်းတမ်းတဲ့ နတ်ဘုရားစွမ်းအားအောက်မှာ သူက ကောင်းကင်သက်ရှိတစ်ဦး မဟုတ်သရွေ့ ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ဘူး... သူက ကောင်းကင်သက်ရှိတစ်ဦး ဆိုရင်လည်း ဘုရားကျောင်းထဲမှာ အသေခံနေခဲ့ရမယ့်သူက ဟိုဘုန်းကြီး ယန်ရှိုဖြစ်နေလိမ့်မယ်”
ရှဲ့ချိုးနျန်က စဉ်းစားရခက်သွား၏။
မင်းသားချင်ကလည်း အလေးအနက် စဉ်းစားတွေးတောသွား၏။
အမျိုးသမီးနှစ်ဦးက မင်းသားချင်ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြ၏။ သူတို့သုံးယောက်မှာ ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးတစ်ခု ရှိထားသော်လည်း သူတို့ထဲမှာ ဘယ်သူက ခေါင်းဆောင်ဖြစ်သည်မှာ သိသာရှင်းလင်းမှု မရှိပေ။ သို့သော်လည်း ဤစစ်ဆင်ရေးမှာ မင်းသားချင်က အဓိက ကိုင်တွယ်ထိန်းချုပ်သူဖြစ်သည်။
ခဏနေပြီးနောက် မင်းသားချင်က အကြံပေးလိုက်၏။
“တာအိုဆရာကောင်လေးက ရွှမ်ကျောက်စိမ်းကိုရပြီး အဲဒါနဲ့ နတ်ဘုရားစွမ်းအား ဆင်းသက်မှုမှာ အသက်ရှင်နိုင်ခဲ့တာ ဖြစ်နိုင်မလား”
အမျိုးသမီးနှစ်ဦးစလုံးက ချက်ချင်းပင် နှုတ်ဆိတ်သွားကြ၏။
ဤစကားက အကျိုးသင့်အကြောင်းသင့် ရှိသည်။
ရှဲ့ချိုးနျန်က မကျေမနပ်ဖြင့် ပြောလိုက်၏။
“ဒါဆိုရင် ဟိုဘုန်းကြီးကို ငါတို့ တိုက်ခိုက်ခဲ့တာက အလကားသက်သက် ဖြစ်သွားတာပေါ့”
“အတိအကျ ပြောလို့တော့ မရဘူး”
မင်းသားချင်က ခေါင်းခါပြီး ထပ်ပြောလိုက်၏။
“ဘာပဲပြောပြော ဒါက ထင်မြင်ယူဆချက်ပဲ… ငါတို့မှာ ဘာသက်သေအထောက်အထားမှ မရှိဘူး… အဲဒီတာအိုကောင်လေးမှာ အသက်ရှင်ဖို့အတွက် တခြားအကြောင်းရင်း ရှိနေတာလည်း ဖြစ်နိုင်တယ်”
“ဒါဆို ငါတို့က အဲဒီ တာအိုဆရာနှစ်ယောက်ကို ဆက်ပြီးတော့ ရှာဖွေရဦးမှာလား”
ရှဲ့ချိုးနျန်က မျှော်လင့်ချက် အနည်းငယ်မျှသာ ရှိသည်ကို သိထားလျှင်တောင် မေးလိုက်၏။
မင်းသားချင်က ခါးသီးစွာ ပြုံးလိုက်၏။
“တာအိုဆရာတွေကို ရှာဖွေဖို့ ယွင်ကျင်းတောင်ကို သွားဖို့ထက် ကျင်းချန်ဘုရားကျောင်းကို အင်အားသုံးပြီး တိုက်ခိုက်တာကမှ ပိုပြီး ဖြစ်နိုင်ဦးမယ်... ဒါပေမဲ့ ဘယ်လိုပဲလုပ်လုပ် ငါတို့အတွက် သေဖို့ပဲ ရှိတယ်”
ရှဲ့ချိုးနျန်က အကြံပေးလိုက်၏။
“ဒါဆိုလည်း သူတို့ ရှန်ကျင်းစီရင်စုကနေ ထွက်လာတဲ့အချိန်ထိ စောင့်…”
ဟွာကျန်းယီက တည်တံ့သော အမူအရာဖြင့် ကြားဖြတ်ပြောလိုက်၏။
“သူတို့တွေက ကျောက်စိမ်းနေပြည်တော်ကို သွားတဲ့လမ်းအတိုင်း ပြန်လာဖို့ မဖြစ်နိုင်လောက်ဘူး... ရှန်ကျင်းစီရင်စုကနေ ဝေဟင်ပျံသင်္ဘောစီးသွားဖို့ ပိုပြီးဖြစ်နိုင်တယ်… သူတို့က ရွှမ်ကျောက်စိမ်းကို ကောင်းကင်ဆရာသခင်ဆီ ဒါမှမဟုတ် တာကျန်းစံအိမ်က သူတော်စင်တစ်ဦးဆီ အပ်ရင်အပ်ပြီးသွားလောက်ပြီ… အဲဒါကို ပြန်ယူဖို့က မျှော်လင့်ချက် မရှိတော့ဘူး”
ရှဲ့ချိုးနျန်က ဆက်လက်၍ မပြောဆိုတော့ဘဲ ဒေါသတကြီးဖြင့် မြစ်ရေပြင်ကို သူမ၏ ချီဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်၏။
မင်းသားချင်က သက်ပြင်းချလိုက်သည်။
“အဲဒါက ယွင်ကျင်းတောင်မှာပဲဖြစ်ဖြစ်… ကျင်းချန်ဘုရားကျောင်းမှာပဲဖြစ်ဖြစ်… လောလောဆယ်မှာ ငါတို့အနေနဲ့ လှုပ်ရှားဖို့က မလွယ်ကူတော့ဘူး… ရွှမ်ကျောက်စိမ်းကို ရှာဖွေမယ့် ဒီစစ်ဆင်ရေးက ကျရှုံးသွားပြီလို့ ဆိုနိုင်တယ်… ဒါပေမဲ့ ဟွာကျန်းယီ နောက်ပိုင်းကျရင် အဲဒီလူတွေကို အာရုံစိုက်ထား… သူတို့တွေက အသုံးဝင်လာနိုင်တယ်”
ဟွာကျန်းယီက သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
မင်းသားချင်က ထပ်မေးလိုက်သည်။
“ဒါနဲ့ ပြီးခဲ့တဲ့ အစည်းအဝေးကနေ ဘာသတင်းရသေးလဲ”
ဟွာကျန်းယီက ပြန်ပြောပြလိုက်၏။
“ကျွန်မ သခင်မချီနဲ့ အလုပ်ကိစ္စအကြောင်း ဆွေးနွေးတုန်းက သူက သိပ်မကြာခင် အသုံးမဝင်တော့မယ့် သတင်းတချို့ကို ပြောပြခဲ့တယ်... ထိုက်ဖျင်ဂိုဏ်းက မဟာသူတော်စင်က လွင်ကျစ်နေရာကို လက်လွှဲယူဖို့အတွက် ဖန်းလိုင်ကျွန်းကနေ ကျောက်စိမ်းနေပြည်တော်ကို ထွက်ခွာသွားပြီ... ချွမ်ကျန်းဂိုဏ်းက မဟာသူတော်စင်က လွင်ကျစ်နေရာကနေ ဆင်းပြီး တီဖေးတောင်က ချုံးယန်ထာဝရနန်းတော်ဆီ ပြန်သွားလိမ့်မယ်... နောက်ခြောက်လမှာ အင်ပါယာဆရာသခင်က တာအိုဂိုဏ်းတော်ရဲ့ ခေါင်းဆောင် ဖြစ်လာလိမ့်မယ်”
မင်းသားချင်က ရယ်မောလိုက်၏။
“အဲဒါက တကယ်ကို အသုံးမဝင်တဲ့ သတင်းပဲ... နောက်ရက်အနည်းငယ်နေရင် အဲဒါကို အားလုံး သိသွားတော့မှာပဲ”