အခန်း (၁၇၇-၁၇၈)
Vol. 18 Ch. 177-178
အခန်း ၁၇၇ - ဓားသိုင်းပညာ သင်ယူခြင်း
ကျန်းကျွီဖျင်နှင့် ဖေးရှောင်လိုက ယွင်ကျင်းတောင်၏ အမြင့်ဆုံးနေရာကို တက်လာကြသည်။ ဤနေရာသည် သန့်စင်ယန်ခရမ်းရောင်ချီကို ကျင့်ကြံရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သောကြောင့် များသောအားဖြင့် ချွမ်ကျန်းဂိုဏ်း၏ ပင်မတပည့်ဂိုဏ်းသားများသာ ဤနေရာကို ခြေချနိုင်ကြသည်။
သန့်စင်ယန်ခရမ်းရောင်ချီသည် အခြေခံအုတ်မြစ်အဖြစ် သန့်စင်ယန်စွမ်းအင်ကို အသုံးချပြီး ခရမ်းရောင်တိမ်စိုင် နည်းစနစ်ဖြင့် အားဖြည့်ထားသော ကျန်းယီဂိုဏ်း၏ တစ်မူထူးခြားသော ကျင့်ကြံမှုတစ်ခုဖြစ်သည်။ လေ့ကျင့်သူသည် နေထွက်ချိန်တွင် ပထမဆုံး သန့်စင်ယန်စွမ်းအင်ရောင်ခြည်ကို စုစည်းပြီး အညစ်အကြေးများကို ဖယ်ထုတ်သန့်စင်ကာ ကျန်ခဲ့သည့် သန့်စင်ယန်ခရမ်းရောင်ချီကို ထိန်းသိမ်းရသည်။ ဤသန့်စင်ယန်ခရမ်းရောင်ချီသည် လောကမှာ ဆိုးယုတ်မှုများအားလုံးကို သဘာဝအလျောက် တွန်းဖယ်ထုတ်နိုင်၏။
တစ်ရက်မှာ သန့်စင်ယန်ခရမ်းရောင်ချီ တစ်စကိုသာ စုဆောင်းနိုင်ပြီး တစ်မိုင်ပတ်လည်အတွင်း ဆိုးယုတ်မှုများအားလုံးကို တွန်းဖယ်ထုတ်နိုင်မည့် သန့်စင်ယန်ခရမ်းရောင်ချီကို ကျင့်ကြံရန် ဆယ်စုနှစ်နှင့်ချီ အချိန်ယူရပေလိမ့်မည်။ ဒဏ္ဍာရီအရ ရှေးဦးမူလတာအိုဘိုးဘေးသည် စွမ်းအားကြီးမားလွန်းပြီး မိုင်းပေါင်းတစ်သောင်းအထိ ဤသန့်စင်ယန်ခရမ်းရောင်ချီကို ထုတ်ဖော်နိုင်သည်။
ယွင်ကျင်းတောင်ထိပ်သည် သန့်စင်ယန်ခရမ်းရောင်ချီကို စုဆောင်းခြင်းအပြင် မြင်ကွင်းများကို ရှုစားဖို့အတွက် နေရာကောင်းတစ်ခုလည်းဖြစ်သည်။ ဤနေရာကနေ နေထွက် နေဝင်ချိန်အတွင်း ရှန်ချင်းမြို့၏ ခမ်းနားသော ရှုခင်းများကို ခံစားကြည့်နိုင်သည်။
ကျန်းကျွီဖျင်က ဤနေရာကို မကြာခဏ ရောက်ရှိလာတတ်ပြီး လှပသော ရှုခင်းများမှာ ရိုးအီနေ၏။ သူက အဝေးကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏။
“ညီအစ်ကိုဖေး... မင်းက ထျန်းယွမ်နဲ့ သိထားတဲ့ပုံပဲ”
“မင်းလည်း သူ့ကို သိတာလား”
ဖေးရှောင်လိုလုံက ပြန်မေးလိုက်သည်။
ကျန်းကျွီဖျင်က ပြုံး၍ ဝန်ခံလိုက်၏။
“ချင်းရှောင်ကြောင့်ပေါ့... ငါ သူနဲ့တစ်ခါဆုံဖူးတယ်... အဲ့ဒီကောင်လေးပေါ်မှာ ငါ အတော်လေးကောင်းတဲ့ ထင်မြင်ချက်ရှိတယ်”
ဖေးရှောင်လိုက ရယ်မောလိုက်သည်။
“ငါ သူနဲ့ သိပ်မသိပါဘူး... ဒါပေမယ့် သူ့ရဲ့ အကြီးအကဲနဲ့တော့ မိတ်ဆွေကောင်းတွေပဲ”
“သူက ဝမ်ရှန်းတာအိုနန်းတော်ကမလား... သူ့ကို သူတော်စင်ချီနဲ့ ဆက်စပ်ကြည့်လို့ မဖြစ်နိုင်ဘူးမလား”
ကျန်းကျွီဖျင်က စနောက်ကာ မေးလိုက်၏။
ဖေးရှောင်လိုက လက်ကာပြလိုက်သည်။
“ဒီလိုမျိုးကိစ္စတွေကို ငါတို့ ထင်မြင်ယူဆကြည့်လို့ မရဘူး”
ဖေးရှောင်လိုက အသေးစိတ် ရှင်းမပြလိုသည့်အတွက် ကျန်းကျွီဖျင်က ထိုအကြောင်းကို ဆက်လက်၍ မပြောဆိုတော့ဘဲ သတင်းအချက်အလက် မျှဝေလိုက်၏။
“သူက ယန်မိသားစုက ဟိုကောင်လေးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ငါကြားတယ်”
ဖေးရှောင်လိုက စိတ်ဝင်စားသွား၏။
“ရလဒ်က ဘာတဲ့လဲ”
ဖေးရှောင်လိုသည် သိပ်ပြီး စိုးရိမ်ပူပန်နေပုံမရသည်ကို ကျန်းကျွီဖျင် သတိထားမိ၏။ ဖေးရှောင်လိုက ချီရွှမ်းစုကို ဂရုမစိုက်တာပဲလား သို့မဟုတ် ယုံကြည်မှုရှိလွန်းနေတာပဲလား သူ သေချာမပြောတတ်ပေ။ သူက မှန်မှန်ကန်ကန်ပင် ဖြေပေးလိုက်၏။
“သူက ယန်ကောင်လေးထက် ပိုပြီးတော့ အားနည်းတာတောင်မှ မရှုံးနိမ့်ခဲ့ဘူး... သူက အသာစီးတောင် ရခဲ့သေးတယ်... တကယ့်ကို ထူးခြားတဲ့ ကောင်လေးပဲ… ဒါပေမဲ့ နောက်ဆုံးမှာတော့ ချင်းရှောင်က အဲ့ဒီရန်ပွဲကို ထျန်းယွမ်ဘက်ကနေ ဝင်တားခဲ့တယ်”
ဖေးရှောင်လိုက ရယ်လိုက်၏။
“မိန်းကလေးကျန်းက ဝင်ရောက်စွက်ဖက်ခဲ့တာလား... စိတ်ဝင်စားစရာပဲ”
ကျန်းကျွီဖျင်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်၏။
“ဒီလိုပဲဖြစ်ဖြစ် ကျန်းမိသားစုက ယန်မိသားစုနဲ့ မိတ်ဆွေတွေ ဖြစ်လာခဲ့တာ ဆယ်စုနှစ်နဲ့ချီပြီ... ချင်းရှောင်ရဲ့ အပြုအမူက သိပ်ပြီး မသင့်လျော်ဘူးလို့ ငါထင်တယ်”
ဖေးရှောင်လိုက မှတ်ချက်ပေးလိုက်၏။
“အပြင်ပန်းသဏ္ဌာန်ကို အမြဲတမ်း ထိန်းထားပြီး တစ်ချိန်လုံး အလိုက်အထိုက် ပြုမူနေရတာက ပင်ပန်းပါတယ်လေ... လူငယ်တွေကြား ယှဉ်ပြိုင်မှုမှာ အကြီးအကဲတွေက ဝင်မပါသင့်ဘူးလို့ ငါထင်တယ်”
“လီမိသားစုက အဲ့ဒီနေရာမှာ ဘယ်လောက်ထိ သဘောထားကြီးမားလဲ ကြည့်လိုက်... မိန်းကလေးကျန်းက လီမိသားစုမှာ ဝါစဉ်အရ အတော်လေးမြင့်မားတဲ့ လီထျန်ကျန်းကို အနိုင်ယူခဲ့တာတောင် သူတို့က မသိချင်ယောင်ဆောင်ထားကြတယ်… မင်းတူမကို လှည့်စားခဲ့တဲ့ ဟိုကောင်လေး လီမင်ဟွမ်တောင်မှ လီထျန်ကျန်းကို ဦးလေးလို့ ခေါ်ရတယ်... ဒါတောင် သူ့ကို မိန်းကလေးကျန်းက ရိုက်နှက်တဲ့အခါ လီမိသားစုအကြီးအကဲတွေထဲ ဘယ်သူကမှ ရှေ့ထွက်ရပ်တည်မပေးကြဘူး... ဒါပေမဲ့ ဒီကိစ္စကြောင့် လီမိသားစုကို ဘယ်သူကမှ အထင်မသေးရဲဘူး”
“အဲ့ဒါကြောင့် ငါပြောချင်တာ အဲ့ဒီနေရာမှာ ကျန်းမိသားစုက လီမိသားစုကို အတုယူသင့်တယ်”
ကျန်းကျွီဖျင်က ကန့်ကွက်ပြောဆိုခြင်း မရှိချေ။
ဖေးရှောင်လိုက ထပ်ပြောလိုက်၏။
“အကြီးအကဲတစ်ဦးအနေနဲ့ အငယ်တန်းတစ်ဦးနဲ့ ရန်ဖက်ဖြစ်နေတာက အတော်လေး ရုပ်ဆိုးအကျည်းတန်တယ်ဆိုတာ မင်း လူတချို့ကို အကြံပေးသင့်တယ်... အဲ့လိုလုပ်လို့ ဘာမှ ကောင်းလာစရာမရှိဘူး... မင်းက အနိုင်ရမယ်ဆိုရင် အားနည်းတဲ့သူကို အနိုင်ကျင့်တယ်ဆိုပြီးတော့ လူတွေက စွပ်စွဲပုတ်ခတ် ပြောဆိုကြလိမ့်မယ်... မင်းက ရှုံးသွားမယ်ဆိုရင် ပိုပြီးတော့တောင် ရှက်စရာကောင်းသေးတယ်”
ကျန်းကျွီဖျင်က သဘောတူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
. . . . . . .
ယန်မင်ချန်က ရှုံးနိမ့်သွားပြီးနောက် စိတ်သက်သာရာရစေရန် ယွင်ကျင်းတောင်ကနေ ချက်ချင်းပင် ထွက်ခွာသွား၏။
ယန်မင်ချန်၏ ထွက်ခွာမှုက ထျန်ထိုက်ချုံး၏ အစီအစဉ်တချို့ကို ပျက်ပြားသွားစေသည်။ တကယ်တော့ ချီရွှမ်းစုက ကံကောင်းထောက်မပြီး ဤအချိန်အတွင်း အဆင့်များစွာ ခုန်တက်လာမည်ဆိုလျှင် ထျန်ထိုက်ချုံးက သူမ၏ အစီအစဉ်များကို စိတ်လိုလက်ရ ပြောင်းလဲပြီး ချီရွှမ်းစုကို လက်ခံပေလိမ့်မည်။ သူမသည် အတိတ်ကာလ အငြိုးအတေးများကို သင်ပုန်းချေသည့်အနေဖြင့် ချိုသာသော အပြုံးနှင့်ပင် သူ့ကို အရင်စပြီး တောင်းပန်ပေလိမ့်မည်။
ထျန်ထိုက်ချုံးက သူမ၏ အစီအစဉ်များကို ပြောင်းလဲနေစဉ် ကျန်းယွဲ့လုက အတော်လေး စိတ်ညစ်နေ၏။ ကျန်းယွဲ့လုသည် မူလအချိန်ဇယားထက် ပိုစော၍ ကျောက်စိမ်းနေပြည်တော်ကို ပြန်ဖို့ပင် စီစဉ်ထား၏။
နှစ်သစ်တွင် ဝေဟင်ပျံသင်္ဘောများ ပြေးဆွဲသည့် အရေအတွက်ကို ယာယီအားဖြင့် တိုးမြှင့်ထားသော်လည်း ပြေးဆွဲမည့် နေ့ရက်သည် လတစ်လ၏ ပထမဆုံးနေ့နှင့် ၁၅ရက်နေ့ ဖြစ်နေဆဲပင်။ အစက ကျန်းယွဲ့လုသည် ၁လပိုင်း ၁၅ရက်နေ့မှာ ထွက်ခွာချင်သော်လည်း လတ်တလော အခြေအနေများအရ နှစ်ဆန်းတစ်ရက်နေ့တွင် စောလျင်စွာ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်၏။
လျှို့ဝှက်အသင်းအဖွဲ့များက လှုပ်ရှားမှုများ ပြုလုပ်လာပြီး ထျန်ကန်းခန်းမက လူအင်အား လိုအပ်နေသည်ဟု ဖေးရှောင်လို ပြောခဲ့သော စကားကို အကြောင်းပြချက်အဖြစ် သုံးဖို့ပင် သူမ တွေးထားသည်။ လက်ထောက်ခန်းမသခင်တစ်ဦးအနေဖြင့် ကျန်းယွဲ့လုက လုပ်ငန်းခွင်ကို တတ်နိုင်သမျှ မြန်မြန်ပြန်သင့်သည်။ ဤသည်က လုံလောက်သည့် အကြောင်းပြချက် ဖြစ်သည်။
ရက်၂၀က လျင်လျင်မြန်မြန် ကုန်ဆုံးသွား၏။ ဤအချိန်အတောအတွင်း ချီရွှမ်းစုသည် သူ၏ အချိန်အများစုကို အခန်းထဲမှာ ကုန်ဆုံးစေပြီး ကျင့်ကြံမှုကို မြှင့်တင်ဖို့ ချီလေ့ကျင့်နေ၏။ ရံဖန်ရံခါမှာ သူနှင့် ကျန်းယွဲ့လုက ယွင်ကျင်းတောင်ကို သွားတတ်သည်။ ကျန်းယွဲ့လု အဖော်လိုက်လာသည့်အတွက် ချီရွှမ်းစုသည် ရုတ်တရက်ပေါ်ထွက်လာမည့် ပုန်းလျှိုးကွယ်လျှိုး လှည့်ကွက်များကို ကြောက်နေစရာ မလိုတော့ဘဲ ရှုခင်းများကို စိတ်အေးချမ်းသက်သာစွာဖြင့် ခံစားကြည့်နိုင်သည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက သိုင်းပညာရပ်များကိုလည်း လေ့ကျင့်ကြသည်။ ကျန်းယွဲ့လု၏ ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားသောကြောင့် ချီရွှမ်းစုနှင့် ယှဉ်ပြိုင်လေ့ကျင့်ရန် သူမက ယွီရှုအဆင့်နှင့် တူညီသော ကျင့်ကြံမှုအဆင့်ကိုသာ အသုံးပြုသည်။
ကျန်းယွဲ့လုသည် သိုင်းပညာရပ် ၁၈မျိုးမှာ ကျွမ်းကျင်ပိုင်နိုင်၏။ သူမသည် ဓားသိုင်းပညာရပ်မှာ အတော်ဆုံးဖြစ်ပြီး လှံသိုင်း၊ တစ်ဖက်သွား ဓားသိုင်း၊ ကျာပွတ်သိုင်း၊ မြင်းစီးလှံပစ်၊ လက်သီးထိုးနှင့် အခြားသော ပညာရပ်များကိုလည်း ထဲထဲဝင်ဝင် လေ့လာထားသည်။ သူမသည် ဤပညာရပ်အများစုကို သူမ၏ဆရာ သူတော်စင်စီဟန်ထံမှ သင်ယူထားခြင်းဖြစ်၏။
တော်ဝင်မိသားစုမှာ အကောင်းဆုံး တစ်ဖက်သွားဓားသိုင်း ရှိသည်ဟု ကျော်ကြားသည်။ သို့သော် ကျန်းယွဲ့လုသည် တာယန်စိတ်ဝိညာဉ်ဓားသိုင်းဟု ခေါ်ဆိုသော အလွန်တရာ စွမ်းအားကြီးမားသော အဆင့်မြင့် ထွန်းပေါက်မှုကျင့်စဉ်တစ်ခုကို သင်ယူထားသည်။ ၎င်းသည် ဓားသွား၏ လျင်မြန်သော လှုပ်ရှားမှုများကို အာရုံစိုက်ပြီး ဓားချီကို အသုံးပြုခြင်း မရှိဘဲ အဝေးကနေ ထက်ရှသော ဓားချက်များကို ထုတ်ဖော်နိုင်သည့် တစ်ဖက်သွားဓားသိုင်းဖြစ်သည်။
ဓားသွားသည် လေဟာနယ်ထဲမှာ သူ့ဘာသာသူ ကူးသန်းသွားသည့်အလား သဲလွန်စမချန်ဘဲ ၎င်း၏ အနားစောင်းဖြင့် လျှပ်တစ်ပြက်တိုက်ခိုက်မှုကို ထုတ်ဖော်ကာ အဲဒါကို ခုခံရ အင်မတန် ခဲယဉ်းစေသည်။ အဲဒါသည် ပြိုင်ဘက်၏ အငိုက်ကိုလည်း ဖမ်းနိုင်သည်။
တကယ်တော့ ချီရွှမ်းစုက ဓားများ အသုံးပြုရသည်ကို သဘောမကျပေ။ သူက လူများကို သတ်ဖြတ်ရာမှာ ပို၍ အခန့်သင့်သော ဓားမြှောင်များနှင့် သေနတ်များကိုသာ ပို၍ သဘောကျသည်။ သို့သော် သူ့ဆရာက သူ့အတွက် ဓားတိုတစ်လက် ချန်ထားခဲ့ပြီးနောက် သူက ဓားများကို စတင်၍ အသုံးပြုတတ်လာ၏။
ချီရွှမ်းစုက တစ်ဖက်သွားဓားများ အသုံးပြုရခြင်းတွင် ပိုမိုသဘောကျသည်ကို ကျန်းယွဲ့လုက သတိထားမိထားပြီး သူအား တာယန်စိတ်ဝိညာဉ်ဓားသွားနည်းစနစ် သင်ကြားပေးဖို့ ဆုံးဖြတ်ခဲ့သည်။ သူမသည် အဆင့် ၄ ကျီကျိုးတာအိုအကြီးအကဲတစ်ဦး ဖြစ်သောကြောင့် တပည့်များ လက်ခံဖို့ အဆင့်မီသော်လည်း ချီရွှမ်းစုနှင့် အတူလေ့ကျင့်ဖို့သာ ဆုံးဖြတ်ထား၏။
သူမ သင်ကြားပေးသည့် နည်းလမ်းက ရိုးရှင်းပြီး အရိုင်းဆန်သည်။ သူမက လှုပ်ရှားမှုတစ်ခု ပြုလုပ်စဉ် ချီရွှမ်းစုက အဲဒါကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်သည်အထိ ခုခံကာကွယ်ရမည် ဖြစ်သည်။ သူက မရှင်းတာရှိလျှင် မေးနိုင်သည်။
ချီရွှမ်းစုက ဖြတ်ထိုးဉာဏ်ကောင်းသောကြောင့် ဤသင်ကြားပုံနည်းလမ်းက သူ့အတွက် ပို၍ သင့်လျော်သည်။ သူ၏ နိမ့်ကျသော ကျင့်ကြံမှုအဆင့်ကြောင့် နည်းစနစ်များစွာကို လိုက်မမီသော်လည်း ကံကောင်းထောက်မစွာဖြင့် မကြာသေးခင် ရက်များအတွင်း သူ၏တိုးတက်လာမှုက ဤအားနည်းချက်ကို အတိုင်းအတာတစ်ခုအထိ ဖာထေးပေးနိုင်ခဲ့၏။
သင်ကြားပေးစဉ်အတွင်း ကျန်းယွဲ့လုက စကားများစွာ ပြောဆိုခြင်း မရှိချေ။ သူမက ပုံသဏ္ဌာန်မဲ့စက္ကူကို တစ်ဖက်သွားဓားတစ်လက်အဖြစ် ပြောင်းပြီး ချီရွှမ်းစုကို ရှေ့ကနေ ခုတ်ပိုင်းချလိုက်၏။ သို့သော်လည်း တစ်နည်းတစ်ဖုံအားဖြင့် ဓားသွားသည် ချီရွှမ်းစု၏ ကျောဘက်ကနေ ပေါ်ထွက်လာ၏။ ကံကောင်းစွာဖြင့် ချီရွှမ်းစုက အချိန်မီ ရှောင်တိမ်းပြီး ပွတ်ကာသီကာ လွတ်မြောက်သွားသည်။
အဲဒါသည် အစစ်အမှန်တိုက်ပွဲတစ်ခုဖြစ်ပြီး ကျန်းယွဲ့လုက ကွေ့ကျန်းအဆင့် သူမ၏ ခွန်အားအပြည့်အဝကို အသုံးပြုမည်ဆိုလျှင် ချီရွှမ်းစုသည် သေကွင်းသေကွက်ကနေ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ချီရွှမ်းစုက မြေပြင်မှာ ခြေခွဲရပ်ပြီး ချင်းယွမ်ကို ထုတ်ကာ ရှေ့ကို ပစ်ထိုးလိုက်၏။
ကျန်းယွဲ့လုက စက္ကူဓားကို ကန့်လန့်ဖြတ်လွှဲပြီး လခြမ်းကွေးသဏ္ဌာန် စက်ဝန်းတစ်ခုကို ဆွဲယူလိုက်သည်။ ထို့နောက် သူမက တစ်ဖက်သွားဓားဖျားဖြင့် ချင်းယွမ်၏ ဓားကျောရိုးကို ခတ်ထုတ်လိုက်၏။ တစ်ဖက်သွားဓားကနေ သိပ်သည်းပြင်းထန်သော အင်အားတစ်ခု ဖြာထွက်လာပြီး ချင်းယွမ်ပေါ်ကို ဖိချထားသည်။
ချီရွှမ်းစုက လက်ကောက်ဝတ် လှုပ်ခါမှုဖြင့် ဓားကို ဝင့်ပြီး ဓားဖျားဖြင့် ကျန်းယွဲ့လု၏ ဓားကိုင်ထားသော ညာဘက်လက်ကို ပစ်ထိုးလိုက်၏။
ကျန်းယွဲ့လုက တစ်ဖက်သွားဓားကို လှည့်ပြီး ချီရွှမ်းစု၏ ဓားတိုကို ခတ်ထုတ်ကာ ကျယ်လောင်သောအသံ ထွက်ပေါ်လာ၏။ သူတို့နှစ်ယောက်က ထိတွေ့ရိုက်ခတ်မှုကနေ လူချင်းခွာလိုက်ကြပြီး ကျန်းယွဲ့လု၏ လက်ထဲရှိ စက္ကူဓားက တုန်ခါ၍ အတန်ကြာအောင် တစီစီမြည်နေ၏။
လူအများစုသည် တီထွင်ကြံဆမှု မရှိသောကြောင့် အမျိုးမျိုးသော ကန့်သတ်ချက်များမှာ ဖောက်မထွက်နိုင်ဘဲ ပိတ်မိနေကြသည်။ သို့သော်လည်း ဆရာသခင်တစ်ဦးသည် ပညာရပ်တစ်ခု၏ အနှစ်သာရကို သက်သောင့်သက်သာ ဖမ်းဆုပ်ပြီး ကန့်သတ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ကျော်လွှားနိုင်သည်။ ဤစိတ်ဆန္ဒသည် ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်သည့်အခါ ဓားကို ထိန်းချုပ်ရန် လိုအပ်သည့်အရာဖြစ်သည်။ ထိုစိတ်ဆန္ဒနှင့်အတူ လူတစ်ယောက်သည် နည်းစနစ်များ၏ ကန့်သတ်ခြင်းကို ခံထားရတော့မည် မဟုတ်ပေ။ သူက အခြေအနေအရ အလိုက်သင့် လှုပ်ရှားပြီး အကန့်အသတ်မဲ့သော အလားအလာကို ထုတ်ဖော်နိုင်သည်။
ကျန်းယွဲ့လုသည် ဤသဘောတရားကို ခပ်ရေးရေး နားလည်သဘောပေါက်ထားစဉ် ချီရွှမ်းစုကတော့ အဲဒါကို ဖမ်းဆုပ်မိဖို့ လိုအပ်နေဆဲ ဖြစ်၏။ သူတို့နှစ်ယောက်က ဆက်လက်တိုက်ခိုက်ရင်း ဓားသံများက ပြင်းထန်ကြမ်းတမ်းလာသည်။ ကျန်းယွဲ့လု၏ တိုက်ခိုက်မှုများက ပြင်းထန်ကြမ်းတမ်း၍ အလွန်တရာ ဉာဏ်နီဉာဏ်နက်များလာ၏။
ဓားသွား၏ အနေအထားနှင့် သူမ၏ လှုပ်ရှားမှုက လုံးဝကို ကွဲလွဲဆန့်ကျင်နေသည်။ သူမ၏ လျင်မြန်သော လှုပ်ရှားမှုများကြောင့် ဓားချီနှင့် ဓားသွားကနေ ထွက်လာသည့် အလင်းရိပ်များကြားမှာ ချီရွှမ်းစုက ပိတ်မိသွားပြီး နောက်ကို တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ပေးနေရသည်။
ကျန်းယွဲ့လုက လှုပ်ရှားမှုကို ရပ်တန့်ပြီးနောက် ချီရွှမ်းစုအား ထိုသိုင်းကွက်များကို စေ့စေ့စပ်စပ် ဆင်ခြင်သုံးသပ်ခိုင်းလိုက်သည်။ ထို့နောက် သူတို့က နေရာချင်းလဲပြီး ချီရွှမ်းစုက တိုက်စစ်ဖွင့်ကာ ကျန်းယွဲ့လုက ခံစစ်အနေအထားကို ယူလိုက်သည်။ ချီရွှမ်းစုသည် ကျန်းယွဲ့လု၏ ခံစစ်ကို ချိုးဖျက်ဖို့အတွက် သူ့မှာရှိသမျှ အသိသညာများ အားလုံးကို အသုံးချနေ၏။ သို့သော်လည်း ကျန်းယွဲ့လုသည် ပန်းခင်းထဲက တာအိုဆရာတစ်ဦး မဟုတ်သောကြောင့် သူက ဘာမှမလုပ်နိုင် ဖြစ်နေသည်။
သူတို့တိုက်ခိုက်ရင်း ချီရွှမ်းစုက မရှင်းလင်းသည့် အရာများကို မေးမြန်းပြီး ကျန်းယွဲ့လုက တစ်ခုချင်းစီ ဖြေပေးနေ၏။ ချီရွှမ်းစုသည် သူ ဇွဲနပဲကြီးစွာ သင်ယူထားသည့် အရာကို ဆက်လက်၍ ကျင့်ကြံနေသည်။
ကျန်းယွဲ့လု ပြောပုံအရ သူမမှာ စီဟန်ဓားသိုင်းစဉ်၏ အခြေခံအုတ်မြစ် ရှိထားသော်လည်း ဤနည်းစနစ်ကို နားလည်ဆင်ခြင်ဖို့ သုံးရက် အချိန်ယူခဲ့ရသည်။ ထိုသို့ဆိုလျှင်တောင် ဤပညာရပ်မှာ သူမကို ဆရာသခင်တစ်ဦးဟု မဆိုနိုင်ဘဲ အလွန်ဆုံး ကျွမ်းကျင်တတ်မြောက်ရုံသာ ဖြစ်သည်။ သို့သော်လည်း ချီရွှမ်းစုသည် နှစ်သစ်အကြိုကို ရောက်မှသာ ဤနည်းစနစ်ကို တစ်စွန်းတစ်စ ဖမ်းဆုပ်မိလာခဲ့သည်။ သူက ကျန်းယွဲ့လု၏ အဆင့်ကို ရောက်ရှိဖို့ ဝေးကွာလွန်းနေဆဲဖြစ်သည်။
အခန်း ၁၇၈ - နှစ်သစ်အကြို
ကျိုးရှီခေတ် ၄၁ ခုနှစ်၏ နောက်ဆုံးနေ့ကို နှစ်သစ်အကြိုအဖြစ် သတ်မှတ်ထားသည်။ ညသန်းခေါင်ကျော်ပြီးလျှင် ကျိုးရှီခေတ်၏ ၄၂ ခုနှစ်သို့ တရားဝင် စတင်ဝင်ရောက်တော့မည်ဖြစ်သည်။
ထန်ထိုက်ချုံးက ဘယ်လိုပင် စိတ်ထဲက မပါသည်ဖြစ်စေ… သူမသည် ကျန်းယွဲ့လုနှင့် ဖေးရှောင်လုံ၏ မျက်နှာကို ထောက်ထားပြီး ချီရွှမ်းစုကို နှစ်သစ်အကြို ပြန်လည်ဆုံဆည်းခြင်း ညစာစားပွဲသို့ ဖိတ်ခေါ်ရဆဲဖြစ်သည်။ သို့သော်လည်း ဤညစာစားပွဲက အေးတိအေးစက်နိုင်ပြီး ပြန်လည်ဆုံဆည်းခြင်း၏ အငွေ့အသက်များ ပျောက်ဆုံးနေ၏။
ကျန်းယွီယွဲ့နှင့် တုံပိုင်ကျင်းက တာကျန်းစံအိမ်သို့ သွားကြသည်။ ရှန်ချင်းမြို့ကနေပင် ကောင်းကင်ထက်က နန်းတော်တစ်ခုကဲ့သို့ လင်းထိန်တောက်ပနေသော တာကျန်းစံအိမ်ကို သူတို့ တွေ့မြင်နိုင်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှန်ချင်းနန်းတော်က မှေးမှိန်နေပြီး ဖယောင်းတိုင်အလင်းတချို့သာ ရှိကာ ညအမှောင်နှင့် ရောနှောလုနီးပါးဖြစ်၏။
တကယ်ဆို ကျန်းမိသားစု၏ အရံလက်တက်မိသားစုများသည်လည်း နှစ်သစ်အကြို ပြန်လည်ဆုံဆည်းခြင်း စားသောက်ပွဲအတွက် တာကျန်းစံအိမ်သို့ သွားရောက်နိုင်ကြသည်။ သို့သော်လည်း ကျန်းကျွီချီက ကျန်းမိသားစုနှင့် ပဋိပက္ခတချို့ ရှိထားပြီး သူက မတက်ရောက်လိုပေ။ အရင်တုန်းက ကျန်းယွဲ့လု မရှိသည့်အခါ ကျန်းကျွီချီနှင့် ထန်ထိုက်ချုံးသည် သူတို့အစီအစဉ်နှင့်သူတို့ သီးခြားစီ ဖြတ်သန်းကြသည်။
ယခု ကျန်းယွဲ့လုက အိမ်ကို ပြန်ရောက်လာပြီး သူမက အဆုံးအဖြတ်ပေးသူ ဖြစ်လာ၏။ ကျန်းယွဲ့လုသည် အခြားသူများနှင့် ဟန်ဆောင်ပန်ဆောင်နေရခြင်းကို စိတ်မဝင်စားသည့်အတွက် အဖေနှင့်သမီးက တာကျန်းစံအိမ်သို့ မသွားရောက်လိုဘဲ ထန်ထိုက်ချုံးကလည်း အိမ်မှာပင် နေပေးရသည်။
ချွမ်ကျန်းဂိုဏ်းမှ အဆင့်မြင့်တာအိုဆရာများသည် နှစ်သစ်အကြိုမတိုင်ခင်နေ့မှာ ဝေဟင်ပျံသင်္ဘောတစ်စင်းဖြင့် တာကျန်းစံအိမ်ကနေ ထွက်ခွာသွားကြပြီဖြစ်သည်။ သူတို့သည် မြေကမ္ဘာဆရာသခင်ဆီ သတင်းပြန်ပို့ရန် ကျောက်စိမ်းနေပြည်တော်သို့ သွားကြမည်ဖြစ်၏။ ထို့နောက် မြေကမ္ဘာဆရာသခင်သည် မဟာသူတော်စင် လွင်ကျစ်နေရာကို အင်ပါယာဆရာသခင်ထံ လွှဲပြောင်းပေးပြီးနောက် သူတို့သည် တီဖေးတောင်မှာ ရှိသော ထာဝရချုံးယန်နန်းတော်သို့ မြေကမ္ဘာဆရာသခင်နှင့် အဖော်ပြုပြန်လိုက်သွားကြမည်ဖြစ်သည်။
တာကျန်းဂိုဏ်း တာအိုဆရာများ မထွက်ခွာခင်က ကျန်းကျွီချန်နှင့် ကျန်းကျွီဖျင်က သူတို့ကို လိုက်လံပို့ဆောင်ပေးပြီး လက်ဆောင်တချို့နှင့် စာတစ်စောင်ကို ပေးအပ်ခဲ့လေသည်။ ထိုစာသည် ကောင်းကင်ဆရာသခင်ထံကနေ မြေကမ္ဘာဆရာသခင်ထံ ရေးသားပေးပို့လိုက်သော စာဖြစ်သည်။
တိတ်ဆိတ်ခြောက်ကပ်သော နှစ်သစ်အကြို စားသောက်ပွဲအပြီးမှာ ကျန်းကျွီချီနှင့် ထန်ထိုက်ချုံးက စားပွဲကနေ ထွက်ခွာသွားပြီး ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသာ ကျန်ခဲ့သည်။
သူတို့နှစ်ယောက်သည် ကတ်ကစားခြင်း သို့မဟုတ် ဓားသိုင်းလေ့ကျင့်ခြင်း မရှိဘဲ တောင်ပေါ်ကို လမ်းလျှောက်ထွက်လာကြ၏။ သူတို့က ထောင့်ချိုးတစ်ခုကို ကွေ့ပြီးနောက် ဝါးတော၏ အလယ်မှာရှိသော ရေကန်ငယ်တစ်ခုကို ရောက်လာကြသည်။ ကောင်းကင်မှာ လက သာ၍ ပစ်လွှတ်လိုက်သော မီးရှူးမီးပန်းများက အရောင်သွေးစုံပြီး ခမ်းနားထည်ဝါနေ၏။ မီးရှူးမီးပန်းများ၏ အရောင်က ရေကန်၏ ဝဲဂယက်ဖြာနေသော မျက်နှာပြင်ပေါ်မှာ ရောင်ပြန်ဟပ်လာသည်။
သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ရပ်ပြီး ညကောင်းကင်ယံမှာ ဆက်တိုက် ပေါက်ကွဲထွက်နေသည့် အရောင်အသွေးစုံလင်သော တဖျပ်ဖျပ် တလက်လက် မီးရှူးမီးပန်းများအကြောင်း အမွှန်းတင်ပြောဆိုနေကြသည်။ ခဏနေပြီးနောက် မည်သူကမှ စကားမပြောကြတော့ပေ။ သူတို့နှစ်ယောက် ကြားနေရသည်မှာ မီးရှူးမီးပန်းများ၏ ပေါက်ကွဲသံများသာ ဖြစ်သည်။
အဲ့ဒါက ပို၍ စည်ကားသက်ဝင်လေ သူတို့က အထီးကျန်မှုကို ပို၍ ခံစားရလေပင်။
ချီရွှမ်းစုသည် ညစာစားပွဲမှာ အတော်လေး သောက်ထားခဲ့သည်။ သူက အရင်ဆုံး ကျန်းကျွီချီနှင့် သောက်ပြီး ကျန်းကျွီချီ ထွက်သွားပြီးနောက် ကျန်းယွဲ့လုနှင့် ဆက်သောက်ခဲ့သည်။ မည်သို့ပင်ဆိုစေ ဤနေ့က နှစ်သစ်ကို ကူးမည့်နေ့ဖြစ်ပြီး ဤမျှသောက်စားထားခြင်းက လက်ခံနိုင်ဖွယ်ရာဖြစ်သည်။
သူက သေရည်အရှိန်ကို ချီဖြင့် တကူးတက ချေဖျက်ခြင်း မရှိဘဲ ယခုအချိန်မှာ အတော်လေး ထွေနေပြီဖြစ်သည်။ သူက ဝါဂွမ်းများပေါ်မှာ လျှောက်လှမ်းနေပြီး အိပ်မက်မက်နေသလို ခံစားနေရသည်။ သူက တကယ့်အပြင်လူတစ်ယောက်လို ယွင်ကျင်းတောင်ပေါ်မှာ တစ်ယောက်တည်း ကွဲထွက်နေသည်ဟု ခံစားရသည်။ ဤနေရာမှာရှိသော စည်ကားသက်ဝင်မှုက သူနှင့် သက်ဆိုင်မှု မရှိချေ။
လက်ရှိအခြေအနေသည် အရင်တုန်းက သူတစ်ယောက်တည်း လှည့်လည်သွားလာစဉ်က အချိန်များကို ပြန်လည်လွမ်းဆွတ်သတိရမိစေသည်။ သူက ကျောက်စိမ်းနေပြည်တော်ကိုလည်း အနည်းငယ် လွမ်းဆွတ်မိနေ၏။ အနည်းဆုံးတော့ ထိုနေရာမှာ သူ့လိုလူ များစွာရှိပြီး သူ၏ အထီးကျန်မှုက ဤမျှအထိ သိသာထင်ရှားလိမ့်မည် မဟုတ်ချေ။
သူ၏ စိတ်အခြေအနေ ပြောင်းလဲမှုကို ကျန်းယွဲ့လုက ခံစားမိပြီး ညင်သာစွာ မေးလိုက်၏။
“နင် ဘာတွေ စဉ်းစားနေတာလဲ”
ချီရွှမ်းစုက အိပ်နေရင်းယောင်ပြီး စကားပြောသည့်အလား ရေရွတ်လိုက်၏။
“အရင်တုန်းက နှစ်သစ်အကြိုကို ငါ ဘယ်လို ဖြတ်သန်းခဲ့လဲ ပြန်ပြီးတော့ စဉ်းစားနေတာ”
ကျန်းယွဲ့လုက စူးစမ်းချင်မိလာ၏။
“နင် အဲ့ဒီအချိန်တုန်းက ဘယ်လို ဖြတ်သန်းခဲ့လဲ”
ချီရွှမ်းစုက ဖြေပေးလိုက်၏။
“ငါ ဝမ်ရှန်းတာအိုနန်းတော်မှာ ရှိတုန်းက အားလုံးက အတူတူ ရှိနေခဲ့ကြတယ်... ငါတို့အားလုံးက မိဘမဲ့တွေဖြစ်လို့ အဲ့ဒါနဲ့ ပတ်သက်ပြီး သိပ်ခံစားမနေရဘူး... အဲ့ဒီအချိန်တုန်းက ငါတို့က ငယ်ရွယ်ကြသေးတယ်... ငါတို့က ပျော်ပျော်နေဖို့ပဲ ဂရုစိုက်ခဲ့ကြတာ… ငါ ဝမ်ရှန်းတာအိုနန်းတော်ကနေ ထွက်လာပြီးတဲ့နောက် ငါ့ကို ငါ့ဆရာက ခေါ်သွားခဲ့တယ်... ငါတို့က ဟိုက်ရှန်အကွက်မှာ အတူနေပြီး တစ်ယောက်ကိုတစ်ယောက် အဖော်ပြုပေးခဲ့ကြတယ်… ငါတို့နှစ်ယောက်စလုံး ဟင်းကောင်းကောင်း မချက်တတ်တဲ့အတွက် နှစ်သစ်အကြို စားသောက်ပွဲမှာ ခေါက်ဆွဲပြုတ် နှစ်ပန်းကန်ပဲ ရှိခဲ့တယ်... ငါတို့က အဲ့ဒါကို သက်ရှည်ကျန်းမာ ခေါက်ဆွဲတွေအဖြစ် သဘောထားပြီး နှစ်သစ်ကို ငါတို့ရဲ့ မွေးနေ့တွေလို ကျင်းပခဲ့ကြတယ်”
ချီရွှမ်းစု၏ အကြည့်က အဝေးကို ရောက်နေပြီး သူ၏ အတွေးများထဲမှာ နစ်မျောနေ၏။
“အဲ့ဒီအချိန်တုန်းက ငါ့ဆရာကို အိမ်ထောင်ပြုဖို့ ပြောခဲ့သေးတယ်... အဲ့ဒါဆိုရင် ငါတို့က မိသားစုသုံးယောက် ဖြစ်သွားမှာ... တကယ်ဆို ငါတို့ရဲ့ အိမ်နီးချင်း ဒေါ်လေးစွေ့က အကောင်းဆုံး အိမ်ထောင်ဘက် ဖြစ်တယ်လို့တောင် ငါ အကြံပေးခဲ့သေးတယ်… သူက တူကျစ်ခန်းမမှာ ဝင်ငွေကောင်းကောင်းနဲ့ အလုပ်ကောင်းကောင်း ရထားတယ်… သူက သဘောမနောလည်း ကောင်းသလို ရုပ်လည်းချောတယ်... အဓိကကတော့ သူက အပျိုကြီးပဲ... သူက ငါတို့နဲ့ အိမ်နီးချင်း ဖြစ်လာခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ... အဲ့ဒါကြောင့် သူ့အကြောင်းအားလုံး ငါတို့ သိထားပြီးသားပဲ… ဒါပေမဲ့ အဲ့ဒီအကြောင်းကို ငါပြောတိုင်း ငါ့ဆရာက ငါ့နဖူးကို ရိုက်ပြီး ရယ်ပဲ ရယ်နေခဲ့တယ်... နောက်ပိုင်းတော့ ငါ့ဆရာ အသတ်ခံခဲ့......”
ချီရွှမ်းစုက ပြောနေရင်း သူ့အသံက ရုတ်တရက် တိတ်ဝင်သွား၏။
“ငါ့ဆရာ သေဆုံးသွားပြီးတဲ့နောက် ငါ တစ်ယောက်တည်း ထွက်လာခဲ့တယ်”
“ထျန်းယွမ်…”
ကျန်းယွဲ့လုက ချီရွှမ်းစု၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်၏။
“အဲဒီအကြောင်း သိပ်ပြီး စဉ်းစားမနေနဲ့”
“အဲဒါ ငါ့ရဲ့ နှစ်သစ်အကြိုကို ဖြတ်သန်းခဲ့ပုံပဲ”
ချီရွှမ်းစုက ရေရွတ်ပြောဆိုလိုက်၏။
“အရင်နှစ် ဒီအချိန်တုန်းက ငါက ချီကျိုးမှာ ရောက်နေခဲ့တယ်… ထိုက်ဖျင်တည်းခိုခန်းက ဖွင့်ထားတုန်းပဲ… အဲဒါနဲ့ ငါ သေရည်တစ်ပုလင်းနဲ့ ဟင်းပွဲတချို့ မှာခဲ့တယ်… ငါ ဧည့်ကြိုဆောင်မှာ တစ်ညလုံးနေခဲ့တယ်.. အဲဒီမှာ ငါ့လိုလူတွေ အများကြီးပဲ… ငါတို့က စားပွဲတစ်ဝိုင်းတည်း ထိုင်ပြီး အတူတူသောက်ခဲ့ကြတယ်… ငါတို့က အမှတ်မထင် ကြုံတွေ့ရပေမဲ့ ငါတို့မှာ ဆင်တူတဲ့ နောက်ခံတွေနဲ့ အတွေ့အကြုံတွေ ရှိကြတယ်… အဲဒါကြောင့် ငါတို့ တစ်ယောက်ကိုတစ်ယောက် နားလည်ပေးနိုင်ကြတယ်”
“အဲဒီမတိုင်ခင် နှစ်တုန်းကတော့ ငါက ဒဏ်ရာအပြင်းအထန် ရထားတယ်… အဲဒါကြောင့် ငါက ဒဏ်ရာတွေနဲ့ အိပ်ရာထဲမှာ လဲနေခဲ့တယ်… အစ်မချီက ငါ့ကို စောင့်ရှောက်ဖို့ ရောက်လာပြီး ငါ့အတွက် ခေါက်ဆွဲပြုတ်ပေးခဲ့တယ်… ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီခေါက်ဆွဲတွေက သိပ်မကောင်းဘူး… ဥတွေကိုလည်း ကောင်းကောင်းချက်ထားတာ မဟုတ်ဘူး… ဒါပေမဲ့ အဲဒါက ငါ့ဆရာ သေဆုံးပြီးတဲ့နောက် ငါ့အတွက် အကောင်းဆုံး နှစ်သစ်အကြိုဖြစ်ခဲ့တယ်လို့ ထင်တယ်”
“ဒီနှစ်ကလည်း မင်းရှိနေတော့ ကောင်းပါတယ်… ဒါပေမဲ့ ညစာစားပွဲမှာ သခင်မထန်ထိုက် ငါ့ကို ကြည့်တဲ့ပုံက.... ငါက မင်းနဲ့ မတန်ဘူးလို့ လူတိုင်း တွေးနေကြတယ်ဆိုတာ ငါသိပါတယ်… ငါသာ သူတို့နေရာမှာဆိုရင်လည်း ဒီလိုမျိုး တွေးမိမှာပဲ… ဒါပေမဲ့ ငါက အဲဒီနေရာမှာ တကယ်တမ်း ရှိမနေတဲ့အတွက် ငါ့ရှုထောင့်ကနေပဲ မြင်နိုင်တယ်”
ကျန်းယွဲ့လုက ချီရွှမ်းစုကို အံ့အားသင့်စွာဖြင့် တစ်ချက်ကြည့်လိုက်၏။
“နင် မူးနေပြီပဲ”
ပုံမှန်အားဖြင့် ချီရွှမ်းစုသည် ဤစကားများကို ဘယ်တော့မှ ပြောလိမ့်မည် မဟုတ်သော်လည်း အနည်းငယ် သောက်စားပြီးနောက် သူက ပါးစပ်ကို မထိန်းနိုင်တော့ပေ။
ချီရွှမ်းစုက သူမ စကားကို ကြားပုံမရဘဲ ဆက်ပြောလိုက်၏။
“သူတို့ ငါ့ကို အထင်သေးလည်း ငါ ဂရုမစိုက်ပါဘူး… ငါ့မှာ လောကကို ကယ်တင်ဖို့ ဒါမှမဟုတ် လောကအတွက် တည်ငြိမ်အေးချမ်းမှုကို ဆောင်ကြဉ်းပေးဖို့ ရည်မှန်းချက် မရှိဘူး… ငါက ရွှမ်အရှင်မြတ်မှ မဟုတ်တာ… ငါက ဩဇာအာဏာရှိတဲ့ လူတွေအတွက် ဘာမဟုတ်တဲ့ နယ်ရုပ်တစ်ရုပ်ပဲ… ဒါပေမဲ့ တစ်နေ့မှာတော့ တာအိုဂိုဏ်းတော်က လူတိုင်း ငါ့ကို မော်ကြည့်စေချင်တယ်”
ကျန်းယွဲ့လုက ကန့်ကွက်ပြောဆိုခြင်း မရှိချေ။ ချီရွှမ်းစုသည် သူ့ကို လူတွေ ဘယ်လိုမြင်သလဲ ဂရုမစိုက်သလို ပြုမူနေခဲ့သည်။ သို့သော်လည်း တကယ်တမ်းမှာတော့ သူ ဂရုစိုက်လေသည်။ သူသည် အမြဲတမ်း အပြစ်ရှာခံရ လှောင်ရယ်ခံခဲ့ရသည်။ သူ အဲဒါတွေ အားလုံးကို ဘယ်လိုလုပ် လျစ်လျူရှုနိုင်ပါ့မလဲ။
ဤရက်များမှာ စော်ကားပြောဆိုမှုများကို သူကြိတ်မှိတ်သည်းခံနေခဲ့ရ၏။
ရုတ်တရက် ချီရွှမ်းစုက ကျန်းယွဲ့လု၏ လက်ကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်၏။ သူမ၏လက်က တုန်လှုပ်စွာဖြင့် အနည်းငယ် တုန်ယင်သွားသော်လည်း ရုန်းကန်ခြင်း မရှိချေ။
ချီရွှမ်းစုက ကျန်းယွဲ့လုကို မမှိတ်မသုန် စိုက်ကြည့်နေ၏။ တောက်ပသော လရောင်နှင့်ပင်လျှင် နောက်ဘက်မှာရှိသော တခြားအရာများ အားလုံးက ဝေဝါးသွားပုံရသည်။ သူ အာရုံစိုက်ထားသည်မှာ မီးရှူးမီးပန်းများ၏ အလင်းရောင် အောက်တွင် ပြတ်တောင်း ပြတ်တောင်း တောက်ပလာသော သူမ၏ မျက်နှာသာ ဖြစ်သည်။
သူက ထုတ်ဖော်ပြောဆိုလိုက်၏။
“ငါက အသပြာနည်းနည်း ရလာရင် ရောင့်ရဲကျေနပ်သွားမယ်… ငါ့မှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိဘူးလို့ မင်း အမြဲတမ်း ပြောခဲ့တယ်... အခုတော့ ငါ အောင်မြင်အောင် အပတ်တကုတ် ကြိုးစားချင်လာပြီ… အဲ့ဒါမှ မင်း လူကဲခတ် မမှားဘူးဆိုတာ ဟိုလူတွေကို ငါ သက်သေပြနိုင်မယ်”
ကျန်းယွဲ့လုက ပြုံးပြလိုက်၏။
“အဲ့ဒီနေ့ကို ငါ စောင့်နေမယ်”
စကားများလွန်းသော ချီရွှမ်းစုက နောက်ဆုံးမှာ နှုတ်ဆိတ်သွား၏။ သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ၏ မေးရိုးက တင်းလာသည်။
ကျန်းယွဲ့လုက သူ၏ ပေပေတေတေ မျက်နှာကို ကြည့်ပြီး သူ၏ အကျင့်ဆိုးများ အားလုံးကို ပြောင်းလဲပေးဖို့ မလိုအပ်လောက်ဟု ရုတ်တရက် ခံစားမိလာ၏။ ချီရွှမ်းစုက သူ၏ အကျင့်စရိုက်များ အားလုံးကို ရှင်းထုတ်ပစ်ပြီး သူက သမားရိုးကျ ရိုးသားသော တာအိုဆရာတစ်ဦး ဖြစ်လာမည်ဆိုလျှင် သူ၏ ကြမ်းတမ်းသော ထက်မြက်မှုများက ပျောက်ကွယ်သွားမည်ဟု ဆိုလိုသည် မဟုတ်ပါလား။ ထို့သို့ဆိုလျှင် သူက ရဲတင်းသော ဤစကားလုံးများကို ပြောနိုင်ပါဦးမလား။
ချီရွှမ်းစုက ကျန်းယွဲ့လု၏ လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။ သူက အနည်းငယ် အမူးပြေသွားပုံရ၏။ ထို့နောက် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှိုက်ကာ သတ္တိမွေးပြီး ပြောလိုက်၏။
“ချင်းရှောင်… ငါတို့ကြားမှာ မရေရာတဲ့ စည်းတစ်ခုက အမြဲတမ်း ခြားနေတယ်... ငါတို့က တကယ်တမ်း ဘာတွေလဲ… ငါတို့က သေခြင်းရှင်ခြင်းကို အတူတကွ ဖြတ်ကျော်လာတဲ့ မိတ်ဆွေကောင်းတွေလား ဒါမှမဟုတ် လူယုံတွေလား… ဘယ်လိုပဲဖြစ်ဖြစ် အဲ့လိုမျိုး မတင်မကျဖြစ်နေတာကို ငါ သဘောမကျဘူး... ငါ မင်းကို အတိလင်း လက်ထပ်ယူချင်တယ်”
သူသည် ဤစကားများကို သေရည်မူးပြီး လျှောက်ပြောနေသလား သို့မဟုတ် သေရည်အရှိန်ဖြင့် ရဲဆေးတင်ပြီးမှ ဖော်ပြရဲသော သူ၏ အစစ်မှန်ခံစားချက်များလား ခွဲခြားဖို့ ကြိုးစားနေသည့်အလား ကျန်းယွဲ့လု၏ မျက်လုံးများက တဖျပ်ဖျပ်ခတ်နေ၏။
ချီရွှမ်းစုက အဝေးမှာရှိသော တာကျန်းစံအိမ်ကို လက်ညှိုးထိုးပြီး ဆက်ပြောလိုက်သည်။
“မင်းရဲ့ မိသားစု နောက်ခံတွေ အစွမ်းအစတွေကို ငါ စိတ်မဝင်စားဘူး... ငါ မင်းကိုပဲ အရမ်းအရမ်း သဘောကျတယ်… မင်းရဲ့ နှလုံးသားက သိပ်ပြီးဖြူစင်တယ်... မင်းက မှန်ကန်ဖြောင့်မတ်တယ်... ငါ့ဆရာနဲ့ အစ်မချီ ပြီးရင် ငါ့ကို ယုံကြည်ပေးတာ မင်းပဲ ရှိတယ်… ငါက တဲ့တိုးဆန်တဲ့လူပဲ… မိန်းကလေးတွေနဲ့ ချိုချိုသာသာ စကားတွေ ဘယ်လိုပြောရမလဲ မသိဘူး… ငါ ဘယ်တုန်းကမှ မြင်မြင်ချင်း ချစ်ကျွမ်းမဝင်ခဲ့ဖူးဘူး… ငါ့ရဲ့ နှလုံးသားရဲ့ စေညွှန်ရာအတိုင်း လိုက်ပြီး တစ်နေ့မှာ မင်းကို ခမ်းခမ်းနားနားနဲ့ လက်ထပ်ယူချင်တာပဲ သိတယ်”
ယခုအချိန်မှာ ကျန်းယွဲ့လုက ပြုံးမနေတော့ဘဲ သူမ၏ အမူအရာက တည်ကြည်လေးနက်လာပြီး စောစောက သူမ ပြောခဲ့သော စကားကို ထပ်ပြောလိုက်သည်။
“အဲ့ဒီနေ့ကို ငါ စောင့်နေမယ်။”