အခန်း (၁၇၉-၁၈၀)
Vol. 18 Ch. 179-180
အခန်း ၁၇၉ - နှစ်သစ်ကူးနေ့
ချီရွှမ်းစုက နောက်နေ့မှာ ရှက်နေလိမ့်မည်ဟု ကျန်းယွဲ့လု တွေးထားသော်လည်း နှစ်သစ်ကူးနေ့မှာ သူက ပုံမှန်အတိုင်း ရှိနေ၏။ ပြီးခဲ့သည့်ညက သူ အမူးလွန်ပြီး ပြောခဲ့သည့် စကားများကို မမှတ်မိတော့ခြင်း ဖြစ်ကောင်းဖြစ်ပေမည်။ ချီရွှမ်းစုသည် ဤမျှအထိ မူးမနေခဲ့လျှင် တာ့ကျန်းစံအိမ်မှာ သူမကို ခမ်းခမ်းနားနား လက်ထပ်ယူချင်သည်ဟု ထုတ်ဖော်ပြောဆိုရလောက်အောင် ရဲတင်းလိမ့်မည် မဟုတ်ပေ။
တကယ်တော့ ချီရွှမ်းစုက သူပြောခဲ့သည့်စကားများကို မှတ်မိသည်။ သို့သော် သူက အိုးတိုးအမ်းတမ်း ဖြစ်နေမည်ဆိုလျှင် ပို၍ ရှက်စရာကောင်းလိမ့်မည် ဖြစ်သောကြောင့် မသိတော့သယောင် ဟန်ဆောင်နေခြင်းဖြစ်၏။
ဓလေ့ထုံးတမ်းများအရ နှစ်ဆန်းတစ်ရက်နေ့သည် ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်းများထံ အလည်အပတ်သွားရမည့်နေ့ ဖြစ်သည်။ သို့သော် ကျန်းယွဲ့လုသည် ယွင်ကျင်းတောင်ကနေ ထွက်ခွာ၍ ကျောက်စိမ်းနေပြည်တော်ကို ပြန်သွားဖို့ ဆုံးဖြတ်ပြီးသွားပြီဖြစ်သည်။
ယန်မင်ချန်က ထွက်ခွာသွားပြီဖြစ်သောကြောင့် ထန်ထိုက်ချုံး၏ အောင်သွယ်မည့် အစီအစဉ်များက ပျက်စီးသွားပြီဖြစ်ကာ သူမက ကျန်းယွဲ့လုကို မရမက ဆက်ဆွဲမထားလိုတော့ပေ။
ကျန်းကျွီချီက သူ့သမီးနှင့် ရက်အနည်းငယ်ကြာ ထပ်နေချင်သော်လည်း အမေနှင့်သမီးကြား အေးစက်သော ဆက်ဆံရေးကို သတိထားမိပြီး သူက ထိုအတွေးကို စွန့်လွှတ်လိုက်၏။
ထိုမနက်မှာ ကျန်းယွဲ့လုနှင့် ချီရွှမ်းစုက အိမ်ကနေ စောစောစီးစီး ထွက်ခွာပြီး ရှန်ချင်းရေကန်ဟု အမည်ရသော ရှန်ချင်းနန်းတော်က ဆိပ်ကမ်းသို့ တောင်တက်လမ်းအတိုင်း လျှောက်လှမ်းသွားကြ၏။ ကျန်းယီဂိုဏ်းသည် အမည်ပေးသည့်နေရာမှာ ရိုးစင်းလွန်းတာလား သို့မဟုတ် သူတို့က အမည်ပေးရမှာကို ပျင်းရိနေတာပဲလား မပြောတတ်ပေ။ ဤနေရာမှာရှိသော နေရာဒေသများအားလုံးကို ရှန်ချင်းအမည်တွဲပြီး ပေးထားလေသည်။ ရှန်ချင်းစီရင်စု၊ ရှန်ချင်းခရိုင်၊ ရှန်ချင်းမြို့၊ ရှန်ချင်းနန်းတော်နှင့် ရှန်ချင်းရေကန် စသဖြင့် ဖြစ်သည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုသည် ထိုက်ဖျင်ဒင်္ဂါးတစ်ရာစီ တန်သည့် ဝေဟင်ပျံသင်္ဘော လက်မှတ်များကို ရှန်ချင်းနန်းတော်သို့ သွားရောက်ကာ ဝယ်ယူခဲ့ကြသည်။ သူတို့က ကျောက်စိမ်းတံဆိပ်ပြားများကို ပြန်လည်ရရှိခဲ့ကြ၏။ ချီရွှမ်းစု၏ တံဆိပ်ပြားက နံပါတ် ၄၈ ဖြစ်သည်။ သူ့ရှေ့မှာ ခရီးသည်များစွာ ရှိသောကြောင့် မဟုတ်ဘဲ ပထမဆုံး နံပါတ် ၃၀ သည် ဒုတိယထပ်က အဆောင်ခန်းများ ဖြစ်သောကြောင့်ပင်။
ဝေဟင်ပျံသင်္ဘော၏ တတိယထပ်က ထိန်းချုပ်ခန်းဖြစ်ပြီး အောက်ဆုံးရှိ သင်္ဘောကုန်းပတ်သည် ဝင်္ကပါများ ထားရှိရာနေရာဖြစ်ကာ အမိန့်အာဏာရ အမှုထမ်းများကလွဲလျှင် တခြားသူများ ဝင်ရောက်ခွင့် မရှိချေ။
ခရီးသည်များကို ပထမထပ်နှင့် ဒုတိယထပ်မှာသာ လိုက်ပါစီးနင်းခွင့်ပြုထားသည်။ ပထမထပ်သည် အဆင့်နိမ့် တာအိုဆရာများအတွက် သာမန်တစ်ယောက်အိပ်ခန်းများ ဖြစ်သည်။ ဒုတိယထပ် အဆောင်ခန်းများမှာတော့ အိပ်ခန်းတစ်ခန်းနှင့် စာကြည့်ခန်းငယ်တစ်ခု ပါဝင်ပြီး အဆင့် ၄ နှင့်အထက် အဆင့်မြင့်တာအိုဆရာများအတွက် ဖြစ်သည်။
သုံးထပ်အဆောက်အဦး ဝေဟင်ပျံသင်္ဘောမှာ တစ်ထပ်နှင့်တစ်ထပ်ကြား ချိတ်ဆက်ထားသည့် အတွင်းပိုင်းလှေကားတစ်ခု ရှိသည်။ သို့သော် ဝေဟင်ပျံသင်္ဘော ထွက်ခွာပြီးလျှင် အထပ်သုံးထပ်မှာရှိသော တံခါးများနှင့် ပြတင်းပေါက်များအားလုံးကို ပိတ်ထားမည် ဖြစ်သည်။ ဝေဟင်ပျံသင်္ဘောသည် ထိုအမြင့်မှာ ပြင်းထန်သော လေများကို ခုခံနိုင်မည့် ဝင်္ကပါများကိုလည်း အသက်သွင်းထားမည် ဖြစ်သည်။
ကျန်းယွဲ့လုက အဆင့် ၄ တာအိုဆရာတစ်ဦးဖြစ်ပြီး ဒုတိယထပ်ကို သွားနိုင်သည်။ သို့သော်လည်း သူမက ဒုတိယထပ်အဆောင်ခန်းကို မရွေးချယ်ဘဲ ပထမထပ်ရှိ ချီရွှမ်းစု၏ အခန်းနှင့် ဘေးချင်းကပ်အခန်းကိုသာ ရွေးချယ်လိုက်၏။
သူမသည် အစက လက်မှတ်နှစ်ခုစလုံးကို ဝယ်ပေးချင်သော်လည်း ချီရွှမ်းစုက ငြင်းဆန်ခဲ့သည်။ သူ့ကို တခြားသူများ အထင်အမြင်သေးခြင်း မခံလိုသောကြောင့် သူ့လက်မှတ်ကို သူ့ဘာသာ မရမက ဝယ်လိုခဲ့၏။ နောက်ဆုံးမှာတော့ ချီရွှမ်းစုက သူ့လက်မှတ်အတွက် ပေးချေပြီး အကြွေအချို့နှင့် ကျောက်ဖူအန်ထံမှ ရလာခဲ့သော ထိုက်ဖျင်ဒင်္ဂါး ၅၀၀ ကို ဖယ်ထုတ်လိုက်မည်ဆိုလျှင် သူ့မှာ ထိုက်ဖျင်ဒင်္ဂါး ၃၀၀ သာ ကျန်တော့သည်။ ချီရွှမ်းစုသည် သူ ထိခိုက်ခံစားခဲ့ရသည်ကို သတိပေးသည့်အနေဖြင့် မလိုအပ်သရွေ့ ထိုထိုက်ဖျင်ဒင်္ဂါး ၅၀၀ ကို မထိလိုပေ။
သင်္ဘောပေါ်ကို မတက်ခင် ချီရွှမ်းစုက သူပိုင်ဆိုင်သည့်အရာများကို နှစ်ခါပြန် စစ်ဆေးကြည့်သည်။ သူ့မှာ သူ့ဓားတို ချင်းယွမ်၊ နတ်နဂါးပစ္စတို၊ (ခ)အဆင့် အမှတ်စဉ် ၂ နဂါးမျက်လုံးကျည်ဆန် ကိုးတောင့်၊ (ခ)အဆင့် အမှတ်စဉ် ၃ နဂါးမျက်လုံးကျည်ဆန် အတောင့် ၂၀၊ (ခ)အဆင့် အမှတ်စဉ် ၃ ဖီးနစ်မျက်လုံးကျည်ဆန် ငါးတောင့်နှင့် သာမန်ချပ်ဝတ်တန်ဆာဖောက်ကျည်ဆန် အတောင့် ၃၀ ရှိလေသည်။
ချင်းဖျင်အသင်း၏ အိပ်မက်အစည်းအဝေးသို့ ဝင်ရောက်ရန် လိုအပ်သည့် သူ၏ ငါးရုပ်အဆောင်နှင့် အခြားသော ပစ္စည်းများကို သူ၏ ရင်ဘတ်အိတ်ကပ်ထဲမှာ ထည့်သိမ်းထား၏။
သူ့သားရေဘေးလွယ်အိတ်ထဲမှာ အစ်မချီပေးထားသည့် ထူးခြားသော သံလိုက်အိမ်မြှောင်၊ ကျန်းယွဲ့လုပေးထားသည့် ပေါက်ဓားရှစ်ချောင်း၊ ခရီးသွားဖို့အတွက် ကျားမာအဆောင်တစ်စုံ၊ စစ်တပ်သုံး အားဆေးလုံးတချို့၊ သူ၏ တာအိုအထောက်အထား၊ အဆောင်အယောင်၊ သာမန်အဆောင်များ၊ မိခင်-ကလေး အဆောင်များ၊ ဆေးဝါးများနှင့် အခြားသော အသေးအဖွဲ့ပစ္စည်းများ ထည့်ထားသည်။
ချင်းဖျင်အသင်းက လစဉ်လတိုင်း ခွဲဝေပေးသည့် ဆေးလုံးများနှင့် နတ်ဆေးများကို လက်ခံယူဖို့ အချိန်မရခဲ့ပေ။ ချင်းဖျင်အသင်း၏ တရားဝင် အသင်းဝင်တစ်ဦး ဖြစ်လာပြီးနောက် ပြီးခဲ့သည့် ကိုးလပိုင်းမှ စတင်၍ လစဉ်ခံစားခွင့်အဖြစ် မိခင်ကလေးအဆောင်တစ်စုံ၊ ထိုက်ဖျင်ဒင်္ဂါး ၁၀၀ နှင့်ညီသော ဝူယိုဒင်္ဂါးတစ်ဆယ်၊ သွေးနဂါးဆေးလုံးတစ်လုံးနှင့် ခရမ်းရောင်ဆေးလုံးတစ်လုံးကို ရရှိမည်ဖြစ်သည်။
ကိုးလပိုင်းမှစ၍ လေးလရှိသွားပြီဖြစ်ကာ ဝူယိုဒင်္ဂါး ၄၀၊ သွေးနဂါးဆေးလုံး လေးလုံးနှင့် ခရမ်းရောင်ဆေးလုံး လေးလုံးကို ရရှိမည်ဟု ဆိုလိုသည်။ သွေးနဂါးဆေးလုံးသည် သွေးချီကို သန်မာစေဖို့အတွက် အသုံးဝင်ပြီး ခရမ်းရောင်ဆေးလုံးသည် ချီလေ့ကျင့်ခြင်းအတွက် အကျိုးရှိလေသည်။ ထိုဆေးလုံးနှစ်လုံးစလုံးက ချီရွှမ်းစုအတွက် အတော်လေး အသုံးဝင်မှုရှိသည်။
အစ်မချီသည် ဤပစ္စည်းများကို သူ့ကိုယ်စား သိမ်းယူပေးထားသည်။ ချီရွှမ်းစုမှာ လတ်တလောငွေကြေးသုံးစွဲစရာ သိပ်မရှိသောကြောင့် အသပြာများကို အစ်မချီထံမှာ အပ်ထားဖို့ ပြဿနာမရှိပေ။ သူက ကွမ်ကျန်းအဆင့်ကို မြန်မြန်ရောက်ရှိဖို့အတွက် ဆေးလုံးများကိုသာ တတ်နိုင်သမျှမြန်မြန် ထုတ်ယူချင်သည်။
တာအိုဆရာကျိထံမှ ဆေးဝါးသေရည်ကို သောက်သုံးပြီးကတည်းက ဆေးလုံးများ စားသုံးခြင်းက ဘယ်လောက်အကျိုးရှိသလဲ သူ နားလည်သဘောပေါက်သွားသည်။ ဆေးလုံးတစ်လုံးက တစ်လတာ ကြိုးစားအားထုတ်မှုနှင့် ညီမျှသည်။ တချို့သော ဆေးလုံးများက နှစ်တစ်ဝက်စာ ကြိုးစားအားထုတ်မှုထက် ပိုသာသည်။
သူ၏ အဝတ်အစားများနှင့် အခြားသော အထုပ်အပိုးများက ကျန်းယွဲ့လု၏ မှော်သိုလှောင်ပစ္စည်းထဲမှာ ရှိနေဆဲဖြစ်သည်။
ယွီတင်းအဆင့် လေလွင့်ကျင့်ကြံသူတစ်ဦးအနေဖြင့် ချီရွှမ်းစုသည် ချီဒိုင်းကာ အသုံးပြုခြင်း၊ ဓားထိန်းချုပ်နည်းစနစ်နှင့် ပုစဉ်းအခွံလဲနည်းစနစ်တို့မှာ ကျွမ်းကျင်မှုရှိသည်။ ရွှမ်ကျောက်စိမ်းဖြင့် အသွင်ပြောင်းလဲပေးပြီးကတည်းက သူ့မှာ အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ အစွမ်းအစတချို့ ရှိလာ၏။ သူ့မှာ သန်မာသော ကိုယ်ကာယရှိပြီး သူ့ခန္ဓာကိုယ်ထဲရှိ သွေးချီကို ထိန်းချုပ်နိုင်ကာ ဂမ္ဘီရဝိဇ္ဇာတစ်ဦး၏ အစီအရင်နှင့် မန္တန်များကို ပို၍ ခံနိုင်ရည်ရှိလာသည်။
အသွေးအသားနယ်ပယ် ကိုယ်ခံပညာသိုင်းသမားတစ်ဦးကဲ့သို့ သိသာထင်ရှားသော ပြန်လည်ကုစားနိုင်စွမ်းလည်း ရှိလာသည်။ ထို့ကြောင့် ပြင်ပဒဏ်ရာများကို မြန်မြန်ဆန်ဆန် ကုသနိုင်လာသည်။ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ အစွမ်းအစတချို့ကို ရရှိထားသောကြောင့် အစာဖြတ်နည်းစနစ်ကို သူကျင့်ကြံမည် မဟုတ်ချေ။
ဒါ့အပြင် ချီရွှမ်းစုသည် အဆင့်မြင့် ထွန်းပေါက်မှုကျင့်စဉ်တစ်ခု၊ တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို ကျန်းယွဲ့လုထံမှ သင်ယူထားသည်။ ၎င်းသည် စီဟန်ဓားသိုင်းစဉ်ကဲ့သို့ အခြားသော အဆင့်မြင့် ထွန်းပေါက်မှုကျင့်စဉ်များကို မယှဉ်နိုင်သော်လည်း ၎င်းသည် ချီရွှမ်းစု၏ ဓားသိုင်းပညာကို သိသိသာသာ တိုးတက်လာစေခဲ့သည်။
ကျန်းယွဲ့လုက တာယန်စိတ်ဝိညာဉ်ဓားသိုင်းကို ချီရွှမ်းစုအား သင်ပေးဖို့ ရွေးချယ်ခဲ့သည်မှာ သူက တစ်ဖက်သွားဓားများကို အသုံးပြုတတ်သောကြောင့် ဖြစ်သည်။ ဤနည်းစနစ်မှာ ကန့်သတ်မှုများ မရှိသည့်အတွက် လူတိုင်းကျင့်ကြံနိုင်ကြသည်။ သို့သော်လည်း လူအများစုသည် ကောင်းကင်သက်ရှိတစ်ဦး ဖြစ်လာမှသာ အဲဒါကို သင်ယူကြရမည်ဖြစ်ပြီး ကျန်းယွဲ့လုကတော့ ချီရွှမ်းစုကို ကြိုတင်၍ သင်ကြားပေးခဲ့ရုံသာ ဖြစ်သည်။
မိုးကြိုးငါးစင်း ကောင်းကင်ဘုံနှလုံးသားကျင့်စဉ်နှင့် စီဟန်ဓားသိုင်းစဉ်တို့က စွမ်းအားကြီးမားသော်လည်း ဤပညာရပ်များကို ကျင့်ကြံဖို့ သို့မဟုတ် သင်ပေးဖို့အတွက် ခွင့်ပြုချက်ယူရမည်ဖြစ်သည်။ ဖောက်ဖျက်သူများက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီး သူတို့၏ ကျင့်ကြံမှုပင် ဖျက်ဆီးခံရနိုင်သည်။ ထို့ကြောင့်ပင် ရွှမ်အရှင်မြတ်သည် အရင်တုန်းက တာအိုအဖွဲ့အစည်းမှာ ပို၍ မျှတမှု ရှိလာဖို့ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သို့သော် မအောင်မြင်ခဲ့ပေ။ ကျန်းယွဲ့လုကလည်း ထိုစည်းကို မကျော်ရဲပေ။
ကြီးမားသော ဝေဟင်ပျံသင်္ဘောတစ်စင်းက တိမ်စိုင်ပင်လယ်ကို ဖြတ်ကျော်၍ ရှန်ချင်းရေကန်သို့ ဆင်းသက်လာစဉ် နှင်းမိုးများက တဖွဲဖွဲ ကျဆင်းလာ၏။ ဝေဟင်ပျံသင်္ဘော ဆင်းသက်လာသောအခါ ရေခိုးရေငွေ့များက အမြင်အာရုံကို လွှမ်းခြုံထားသည်။
ကုန်းပေါင်တံတား ကျဆင်းလာပြီးနောက် ယာဉ်ပေါ်ကနေ လူများက တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြ၏။ သို့သော်လည်း ယခုက နှစ်ဆန်းတစ်ရက်နေ့ ဖြစ်သောကြောင့် လူအနည်းအကျဉ်းသာ လိုက်ပါလာ၏။ သင်္ဘောပေါ်ကို တက်မည့်သူများကလည်း သိပ်ပြီးမများပေ။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဝေဟင်ပျံသင်္ဘောပေါ်ကို တက်ပြီးနောက် ပထမထပ်မှာ သူတို့ ဝယ်ယူထားသည့် အခန်းများကို ရှာဖွေနေစဉ် ဝေဟင်ပျံသင်္ဘောပေါ်မှ ကြီးကြပ်ရေးမှူးက ကျန်းယွဲ့လုကို မှတ်မိသွားပြီး သူတို့ကို လာရောက်နှုတ်ဆက်သည်။ ဒုတိယထပ်မှာ အခန်းများ လွတ်နေပြီး ယာဉ်ပေါ်မှာ တတိယအဆင့် ယိုယီတာအိုအကြီးအကဲများလည်း ပါမလာသောကြောင့် ကြီးကြပ်ရေးမှူးသည် ဒုတိယထပ်က အဆောင်ခန်းများကို သူတို့အား ပေးနေဖို့ ကမ်းလှမ်းလိုက်သည်။
ချီရွှမ်းစုနှင့် ကျန်းယွဲ့လုက ဤကဲ့သို့ ကောင်းမွန်သော ကမ်းလှမ်းမှုကို ငြင်းဆန်စရာအကြောင်းမရှိဘဲ ဝေဟင်ပျံသင်္ဘော၏ ဒုတိယထပ်သို့ တက်သွားကြသည်။
လိုက်ပါစီးနင်းမည့် ခရီးသည်က အနည်းအကျဉ်းသာရှိပြီး ဝေဟင်ပျံသင်္ဘောက သိပ်ကြာကြာ ဆိုက်ကပ်မနေပေ။ ဝေဟင်ပျံသင်္ဘောအတွက် မရှိမဖြစ်လိုအပ်သော ရွှမ်ဟွမ်တချို့ကို ဖြည့်တင်းပြီးနောက် သင်္ဘောက ကောင်းကင်ထက်ကို ပျံတက်ပြီး ကျောက်စိမ်းနေပြည်တော်သို့ ဦးတည်လိုက်သည်။
ဤခရီးစဉ်တွင် ဝေဟင်ပျံသင်္ဘောက အစစ်အမှန်နဂါးတစ်ကောင်နှင့် အတော်လေးဆင်တူသည်ကို ချီရွှမ်းစု သတိထားမိသည်။ ၎င်းမှာ တိမ်စိုင်များကို ရွှေ့ပြောင်းဖို့နှင့် မိုးရေစက်များကို ဖန်တီးနိုင်သည့် မှော်စွမ်းအား ရှိနေသည်။ စိုထိုင်းဆ မြင့်မားပြီး မိုးသားတိမ်စိုင်များ ထူထပ်သည့် နေရာများကို ဖြတ်သန်းသည့်အခါ ဝေဟင်ပျံသင်္ဘော၏ ရွှမ်ဟွမ်သည် မိုးသားတိမ်စိုင်များနှင့် ဓာတ်ပြုပြီး ဆီးနှင်းပွင့်များကို ဖြစ်ပေါ်လာစေ၏။ အဲဒါသည် နဂါးတစ်ကောင်က မြစ်တစ်စင်းကို ဖြတ်ကျော်သည့်အခါ ဆယ်မိုင်ပတ်လည်အတွင်း မိုးများကို ရွာသွန်းကျစေသည်နှင့် ဆင်တူသည်။
ဝေဟင်ပျံသင်္ဘောသည် ၎င်း၏ အမြုတေအဖြစ် နဂါးပုလဲကို အသုံးပြုပြီး ၎င်းမှာ နဂါးတစ်ကောင်၏ သဘာဝလွန်စွမ်းအားတချို့လည်း ရှိနေသည်။
ဝေဟင်ပျံသင်္ဘော၏ အပြင်ကနေ ကြည့်မည်ဆိုလျှင် အနောက်မှာ ကျန်ခဲ့သည့် ဆီးနှင်းတန်းကို တွေ့မြင်နိုင်မည်ဖြစ်သည်။ သို့သော်လည်း မိုးသားတိမ်စိုင်များ ရှိနေမှသာ ထိုဆီးနှင်းများက ဖြစ်ပေါ်လာပေလိမ့်မည်။
တစ်ဖက်မှာတော့ ကျန်းယွဲ့လု၏ စိတ်တထင့်ထင့် ခံစားချက်သည် ဝေဟင်ပျံသင်္ဘော ထွက်ခွာလာပြီးကတည်းက ပို၍ ပြင်းထန်လာ၏။ သင်္ဘောက ထွက်ခွာလာပြီဖြစ်သောကြောင့် အချိန်မရွေး ဆင်းသက်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူမက နိုးနိုးကြားကြား ရှိနေစေဖို့ သတိကပ်ထားရ၏။
ဒုတိယထပ်မှာ အိုမင်းနေသည့် အဆင့် ၄ ကျိကျိုးတာအိုအကြီးအကဲတစ်ဦးက ပြတင်းပေါက်၏ အပြင်ဘက်မှ ပြင်းထန်ကြမ်းတမ်းသော လေနှင့် နှင်းတို့ကို လျစ်လျူရှုပြီး စာအုပ်တစ်အုပ်ကို ဖြည်းဖြည်းချင်း လှန်ဖတ်နေ၏။
ဤတာအိုဆရာ အဘိုးကြီးသည် ကျန်းယွဲ့လုနှင့် အဆင့်ချင်း တူသော်လည်း သူတို့က တကယ့်ကို ကွဲပြားခြားနားနေသည်။ အသက်အရွယ်အရ ဤအဘိုးကြီးသည် ကျန်းယွဲ့လု၏ အဘိုးအရွယ်မှာ ရှိနေသည်။ ရာထူးအရ ကျန်းယွဲ့လုသည် မဟာခန်းမသုံးဆောင်မှာ လက်ထောက်ခန်းမသခင်တစ်ဦးဖြစ်ပြီး သူမမှာ တောက်ပသော အနာဂတ် ရှိနေစဉ် ဤတာအိုဆရာအိုကြီးကတော့ အနိမ့်ခန်းမသုံးဆောင်မှာ ကြီးကြပ်ရေးမှူးတစ်ဦးသာ ဖြစ်သည်။
နောက်ခဏကြာပြီးနောက် လူအိုကြီးက သူ၏ မှုန်ရီနေသော မျက်လုံးများကို မှေးကျဉ်း၍ စာအုပ်ကို ကျော်ကာ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လိုက်သည်။ သူ့မျက်နှာတစ်ခြမ်းက နေရောင်အောက်မှာ ရှိနေပြီး တစ်ခြမ်းကတော့ မှောင်ရိပ်ကျနေ၏။
အခန်း ၁၈၀ - နက်မှောင်နေသော တိမ်စိုင်များ
ဝေဟင်ပျံသင်္ဘောက သိပ်မကြာခင် ဝူကျိုးနယ်စပ်ကနေ ထွက်ခွာ၍ ခွန်လွင်သို့ ဦးတည်သွားသည်။
ခွန်လွင်သို့ ကုန်းကြောင်းခရီးသွားခြင်းနှင့်ယှဉ်လျှင် ဝေဟင်ပျံသင်္ဘောစီးခြင်းက အချိန်ကုန်နှင့် အားထုတ်မှုများစွာ သက်သာစေသည်။ ဝူကျိုးကနေ ထွက်လာပြီးနောက် ဝေဟင်ပျံသင်္ဘောသည် ဟူကျိုးနှင့် ရှောင်ကျိုးနယ်စပ်အတိုင်း မြောက်ဘက်သို့ ဦးတည်သွားသည်။ ထို့နောက် ရှုကျိုးကို ဖြတ်၍ ယုံကျိုး၏ ကျယ်ပြန့်ပြီး လူနေကျဲပါးသောနယ်မြေထဲသို့ ဝင်ရောက်လာသည်။
ရှုကျိုးသည် ရှုကျိုးတာအိုစံအိမ်၏ အုပ်ချုပ်မှုအောက်မှာရှိပြီး ယုံကျိုးက ခွန်လွင်တာအိုစံအိမ်၏ အုပ်ချုပ်မှုအောက်မှာ ရှိနေသည်။ ကွာခြားချက်မှာ ရှုကျိုးတာအိုစံအိမ်မှာ တာအိုဆရာအများစုသည် ချွမ်ကျန်းဂိုဏ်းတပည့်များ ဖြစ်ကြပြီး ချွမ်ကျန်းတာအိုစံအိမ်လိုဖြစ်နေသည်။ ခွန်လွင်တာအိုစံအိမ်မှာတော့ ဂိုဏ်းသုံးဂိုဏ်းစလုံးမှ တာအိုဆရာများ အချိုးအစား မျှတစွာ ပါဝင်နေပြီး ကြားနေကဲ့သို့ဖြစ်သည်။ မဟာအကြီးအကဲတစ်ဦး အာဏာရထားစဉ်က သူ့လူယုံ သို့မဟုတ် တိုက်ရိုက်မျိုးဆက်တစ်ဦးက ခွန်လွင်တာအိုစံအိမ်သခင်နေရာကို ယူထားလေ့ရှိသည်။
သို့သော် မဟာအကြီးနေရာ လစ်လပ်သွားသည့်အချိန်မှာ ခွန်လွင်တာအိုစံအိမ်သည် လက်ထောက်မဟာအကြီးအကဲသုံးဦးထဲ ဘယ်သူက သြဇာအာဏာအရှိဆုံးလဲအပေါ် မူတည်၍ တိမ်းညွှတ်သွားပေလိမ့်မည်။
ခွန်လွင်တာအိုစံအိမ်သည် ကျောက်စိမ်းနေပြည်တော်အတွက် အရံအင်အားဖြစ်လာပြီး ပုန်ကန်ထကြွမည့် အရိပ်လက္ခဏာများ ပေါ်လာသည်နှင့် သက်ဆိုင်ရာ ကျောထောက်နောက်ခံပေးထားသူများကို ကူညီထောက်ပံ့ပေးဖို့ အဆင်သင့်ရှိနေပေလိမ့်မည်။
ထို့ကြောင့် ခွန်လွင်တောင်ကြောလမ်းနှင့် ဘေးပတ်ဝန်းကျင် မိုင်ပေါင်း ၁၅၀၀ ပတ်လည်ကို တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားသည်။ ခွန်လွင်တာအိုစံအိမ်မှာ လူသူအင်အား ချို့တဲ့နေသောကြောင့် ခွန်လွင်တောင်ကြောလမ်းအပြင်ဘက်တော့ ယုံကျိုးအပါအဝင် အုပ်ချုပ်မှုလွတ်နေသော ဧရိယာများစွာ ရှိနေသည်။ ထို့ကြောင့်ပင် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းသည် ရှေးဟောင်းအင်မော်တယ်ဝူလောဆင်းသက်မှုအတွက် ယီရှန်မြို့ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
. . . . . .
ဝေဟင်ပျံသင်္ဘောက ရှုကျိုးနယ်စပ်ကိုဖြတ်၍ ခွန်လွင်တာအိုစံအိမ်၏ အုပ်ချုပ်မှုကနေ လွတ်ထွက်နေသည်ဟု ဆိုရမည်ဖြစ်သော ယုံကျိုးနယ်မြေထဲသို့ ဝင်ရောက်လာသည်။
တာအိုဆရာလူအိုကြီးက အဆောင်ထဲကနေ အေးအေးဆေးဆေးထွက်၍ တားမြစ်ပိတ်ပင်ထားသော ဝင်္ကပါများကို ချိုးဖျက်ကာ အောက်ဘက်ကုန်းပတ်ပေါ်သို့ ဆင်းချသွား၏။ အော်မြည်တိုက်ခတ်နေသော လေများကြားမှာ မတုန်မလှုပ် မတ်တပ်ရပ်နေသော်လည်း သူ့အဝတ်အစားက တဖျပ်ဖျပ်လှုပ်ခါနေသည်။
ဤသည်ကိုကြည့်ပြီး ယာဉ်ပေါ်မှလူများက ထိတ်လန့်သွားကြ၏။
လူအိုကြီးက လက်တစ်ဖက်ဖြင့် လက်ရန်းကို ဆုပ်ကိုင်ပြီး ကျန်လက်ဖြင့် ၎င်းကို တဒေါက်ဒေါက် ခေါက်နေ၏။ သူ့လက်ချောင်းများက သစ်ကိုင်းခြောက်များကဲ့သို့ ပိန်လှီပြီးတွန့်နေသည်။
သူက တစ်ယောက်တည်း စကားပြောနေသည်။
“တောင်တွေကို ရစ်ပတ်ပြီး စီးဆင်းနေတဲ့မြစ်တွေက တာအိုဂိုဏ်းတော်ရဲ့ ထွန်းတောက်မှုအတွက် အရေးပါကြတယ်၊ နဂါးသုံးကောင်က မတူတဲ့နယ်မြေသုံးခုကို အုပ်စိုးကြတယ်၊ ယန်ဇီမြစ်ရဲ့တောင်ပိုင်းက တောင်ပိုင်းနဂါး.. အဝါရောင်မြစ်နဲ့ ယန်ဇီမြစ်ကြားနေရာက အလယ်နဂါး.. ယန်ဇီမြစ်ရဲ့မြောက်ပိုင်းကတော့ မြောက်ပိုင်းနဂါးပေါ့။ မြစ်ကြီးသုံးစင်းက တာအိုဂိုဏ်းတော်ရဲ့ မြင့်မြတ်ကုန်းမြေ၊ တောင်တွေအားလုံးရဲ့ဘိုးဘေး ခွန်လွင်ကနေ ဆင်းသက်လာကြတယ်၊ အခု ငါတို့က ခွန်လွင်နဲ့ မဝေးတော့ဘူးဆိုတော့ ဒီနေရာမှာ ဖုန်းရွှေက အထူးကဲဆုံးပဲ။”
လူအိုကြီးက အားအင်ချိနဲ့နေပြီး သူ့အသံက အားပါပြင်းထန်ခြင်း မရှိဘဲ လေထဲမှာ လုံးဝပျောက်ကွယ်သွားသည်။ တစ်ယောက်ယောက်က လူအိုကြီး၏ ဘေးမှာ ရပ်နေမည်ဆိုရင်ပင် သူ့အသံကို ကြားရလိမ့်မည် မဟုတ်ပေ။ လူအိုကြီးကိုယ်တိုင်ပင် သူ့အသံကိုသူ ကြားချင်မှ ကြားရပေမည်။
တစ်ခုခု မူမမှန်သည်ကို ကျန်းယွဲ့လုက အာရုံခံမိသွားပြီဖြစ်၏။ သူမက တွေဝေမနေဘဲ ဝင်္ကပါများဖြင့် ကာကွယ်ပေးထားသည့် အဆောက်အဦထဲကနေ အသည်းအသန်ထွက်ကာ ကုန်းပတ်ပေါ်သို့ ဆင်းလိုက်သည်။
လေက ပြင်းထန်ကြမ်းတမ်းသော်လည်း ကျန်းယွဲ့လုက ကောင်းကောင်းခြေကုပ်ယူထားနိုင်သည်။
လူအိုကြီးက ကျန်းယွဲ့လုကိုတစ်ချက်ကြည့်ပြီး တက်ကြွစွာဖြင့် နှုတ်ဆက်လိုက်၏။
“ပညာရှိကျန်းပဲ”
ကျန်းယွဲ့လု၏ အမူအယာက အနည်းငယ်ပြောင်းလဲသွားသည်။
“ရှင် ကျွန်မကို သိလို့လား”
လူအိုကြီးက အေးအေးဆေးဆေးပင် ပြောလိုက်၏။
“ငါက မင်းကြောင့်ပဲ ရောက်လာတာလေ.. လင်းရှန်စုန်းကဝေဂိုဏ်းဝင်တွေရဲ့ ဦးခေါင်းတွေနဲ့ အကျိုးဆောင်မှု တောင်းဆိုတယ်ဆိုတာ သေချာပေါက် အန္တရာယ်များလွန်းတာပေါ့”
ကျန်းယွဲ့လုက ဘာမှထပ်မမေးတော့ဘဲ ချက်ချင်းပင် ရှေ့သို့ခုန်ထွက်ကာ လူအိုကြီးကို တိုက်ခိုက်လိုက်၏။
လူအိုကြီးက ကြိုတွက်ထားပြီးသားဖြစ်ကာ လက်မြှောက်၍ ရွှေရောင်အလင်းတစ်ခု ဖြာလက်စေပြီး ကျန်းယွဲ့လုကို တားဆီးလိုက်သည်။
ရွှေရောင်အလင်းသည် ကျန်းယွဲ့လုဘေးကနေ ပွတ်ကာသီကာ ဖြတ်သွားပြီး ဝေဟင်ပျံသင်္ဘော၏ သံမဏိလို မာကျောသောကုန်းပတ်ပေါ်မှာ ခြောက်လက်မခန့်နက်သော အပေါက်တစ်ပေါက်ပေါ်လာသည်။
“ရှေးဟောင်းအင်မော်တယ်ရဲ့ နတ်ဘုရားစွမ်းအားပဲ” ကျန်းယွဲ့လုက မှင်တက်သွားသော်လည်း အားလုံးကို ချက်ချင်းဆိုသလို ပုံဖော်မိသွား၏။ သူရရှိနေသည့် စိတ်တထင့်ထင့်ခံစားချက်သည် သူ့အမေထံမှ သို့မဟုတ် တာအိုဂိုဏ်းတော်၏ အတွင်းရေးအားပြိုင်မှုများမှ မဟုတ်ဘဲ လျှို့ဝှက်အသင်းအဖွဲ့၏ အကြမ်းဖက်မှုမှ ဖြစ်သည်။
အလင်း၏ အရောင်ဖြင့် နတ်ဘုရားစွမ်းအားအမျိုးအစားကို ခွဲခြားနိုင်သည်။ ဥပမာ.. ယွီလန်ဘုရားကျောင်းက ဝူလော၏ နတ်ဘုရားစွမ်းအားသည် သွေးယစ်ပူဇော်မှုကို အမှတ်သင်္ကေတပြုပြီး သွေးနီရောင်ဖြစ်သည်။ ဝူလော၏ နတ်ဘုရားစွမ်းအားက သက်မဲ့ပစ္စည်းများအပေါ် အလုပ်မဖြစ်ပေ။ လူတချို့ကတော့ သေပေးရမည်။ မဟုတ်ပါက ထိုနတ်ဘုရားစွမ်းအား၏ မွှေနှောက်သောင်းကျန်းမှုက ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။
ဤရွှေရောင်အလင်းကတော့ ပင်ကိုယ်ချီနှင့်တူသည်။ ၎င်းသည် ဖျက်ဆီး၍ မရနိုင်ဘဲ စီးပိုးခြယ်လှယ်တတ်ပြီး တွေ့မြင်ရလေ့အရှိဆုံး နတ်ဘုရားစွမ်းအားအမျိုးအစား ဖြစ်သည်။
တာအိုဆရာအိုကြီးက အင်္ကျီလက်ကို လိပ်တင်၍ သစ်ကိုင်းခြောက်လို ပိန်လှီနေသော လက်ကောက်ဝတ်ကို ပေါ်လာစေသည်။ သူက ပုတီးတစ်ကုံးကိုလည်း လက်မှာပတ်ထားသည်။
လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းမှာ တွေ့မြင်ရလေ့ရှိသော ဤဆုတောင်းပုတီးမျိုးကို ကျန်းယွဲ့လုက တွေ့မြင်ထားဖူး၏။ စုစုပေါင်း ပုတီးစေ့ ၁၂ လုံးရှိပြီး တစ်စေ့ချင်းစီမှာ ဝူလော၏ ရုပ်ပုံအမျိုးမျိုးကို ထွင်းထားသည်။ တချို့က လူပုံသဏ္ဌာန်၊ တချို့က ခေါင်းသုံးလုံးလက်ခြောက်ဖက်၊ တချို့က ခေါင်းနှစ်လုံးလက်လေးဖက်၊ တချို့က မျက်လုံးဖွင့်လျက်နှင့် တချို့က တောင်ပံများနှင့်ဖြစ်သည်။
ဤပုတီးမျိုးက စိတ်ဝိညာဉ်ပစ္စည်းများ၊ ရတနာများ သို့မဟုတ် အင်မော်တယ်တစ်ပိုင်းပစ္စည်းများနှင့် မတူချေ။ ယင်းတို့သည် နဂါးမျက်လုံးကျည်ဆန်များနှင့် ဖီးနစ်မျက်လုံးကျည်ဆန်များကဲ့သို့ တစ်ခါသုံးပစ္စည်းများဖြစ်သည်။ ပုတီးစေ့ထဲက နတ်ဘုရားစွမ်းအား ကုန်ဆုံးသွားသည်နှင့် အသုံးဝင်တော့မည် မဟုတ်ပေ။
သိုလှောင်ထားနိုင်သော နတ်ဘုရားစွမ်းအားက ပုတီးစေ့ကို ပြုလုပ်ထားသည့်ပစ္စည်းအပေါ် မူတည်နေသည်။ သာမန်လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းဝင်များမှာ သစ်သားပုတီးများသာရှိကြပြီး အဆင့်မြင့်ခေါင်းဆောင်များမှာတော့ အရိုးပုတီးများ ရှိကြသည်။ လင်းကျန်းယွမ်လို လက်ရွေးစင်တစ်ဦးပင် သာမန်ကျောက်စိမ်းပုတီးကိုသာ အသုံးပြုနိုင်သည်။
ဤလူအိုကြီး၏ လက်ကောက်ဝတ်ပေါ်က ပုတီးကုံးကိုတော့ ရှားပါးသော ကျောက်စိမ်းဝါဖြင့် ပြုလုပ်ထားလေသည်။