← Chapters

အခန်း ၈၁

Vol. 9 Ch. 81

အခန်း ၈၁

Vol. 9 Ch. 81

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၈၁

"ရန်ရန်... ဘာတွေ တွေးနေတာလဲ။"

ချန်ဟွိုက်ကျင်းသည် အိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။

ပြီးခဲ့သည့်အကြိမ်က တောင်ပေါ်ဂူထဲတွင် အတင်းအကျပ် နမ်းခဲ့ရပြီးကတည်းက ချန်ဟွိုက်ကျင်း၏ ပိုင်ရန်ရန် အပေါ် ထားရှိသော စိတ်ကူးများမှာ ပိုပြင်းထန်လာခဲ့သည်။

သို့သော် ဤအချက်က သူ့ကို လျှောက်ပြီး ပရောပရည်လုပ်ခြင်းမှ တားဆီးနိုင်ခြင်း မရှိပေ။

ရွာထဲက မိန်းကလေးပျိုများ၊ ပညာတတ်လူငယ်ဝင်းထဲက အမျိုးသမီးများ၊ သူ့လက်ထဲကနေ တစ်ယောက်မှ မလွတ်စေရပေ။

ထျဲလန်ယန်ထံမှ လျစ်လျူရှုခံရသည်ကလွဲလျှင် သူသည် ကျန်သူအားလုံးကို ဆွဲဆောင်နိုင်ခဲ့ပြီး အတော်လေး ရေပန်းစားသူ ဖြစ်သည်။

ထို့ကြောင့် ဒီရက်ပိုင်းတွင် သူသည် အတင့်ရဲလာပြီး အတော်လေး အော့အန်ချင်စရာကောင်းသော စကားမျိုးကို ပြောလိုက်မိသည်။

"မင်း ဒီလောက် ပျော်ပျော်ရွှင်ရွှင် ပြုံးနေတာကြည့်ရင် ငါ့အကြောင်း တွေးနေတာ မဟုတ်လား၊ ဟမ်။"

သူ့အသံမှာ အလွန်ပင် ကြာပစ်သံပေါက်နေပြီး မြှူဆွယ်ချင်နေသည့် အသံမျိုး ဖြစ်နေသည်။

ပိုင်ရန်ရန်၏ အပြုံးမှာ တောင့်ခဲသွားပြီး ရွံရှာစိတ်များ တလဟော ပေါ်ပေါက်လာတော့သည်။

အစပိုင်းတွင် သူမသည် ချန်ဟွိုက်ကျင်းကို အနည်းငယ် စိတ်ဝင်စားခဲ့မိသည်။

သို့သော် သူမ စုန့်ပိုင်ယွမ်ကို မျက်စိကျပြီးနောက်တွင်တော့ သူ့အပေါ် စိတ်ဝင်စားမှု လုံးဝ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ချန်ဟွိုက်ကျင်း၏ အီလေးဆွဲစကားများကို ကြားရသောအခါ သူမ အော့အန်ချင်သလိုပင် ခံစားလိုက်ရသည်။

သူမ ပြတ်ပြတ်သားသား ရှင်းလင်းရမည်၊ မဟုတ်လျှင် အခြားသူများ ကြားသွားပါက နားလည်မှု လွဲကုန်လိမ့်မည်။

ချန်ဟွိုက်ကျင်းက မျက်မှောင်ကြုတ်လိုက်မိသည်။ "ရန်ရန်... ဘာလို့ အဲဒီလို ပြောရတာလဲ။ ကိုယ်တို့တွေက ရင်းနှီးပြီးသားတွေပဲဟာကို၊ ဘာလို့ ကိုယ့်ကို လူစိမ်းလို ဆက်ဆံနေရတာလဲ။"

"ရဲဘော်ချန်... စကားကို ဆင်ခြင်ပြောပါ။" ပိုင်ရန်ရန်က သူ့ကို စူးစိုက်ကြည့်ကာ ဆက်ပြောလိုက်သည်။

"အဲဒီတုန်းက အခြေအနေအရ အတင်းအကျပ် ဖြစ်သွားတာပဲ၊ နောက်ပြီး ဒါကို လျှို့ဝှက်ထားဖို့ နှစ်ယောက်လုံး သဘောတူခဲ့ကြတယ်လေ၊ ရှင်ကိုယ်တိုင်လည်း ကတိပေးခဲ့တာပဲ။"

ချန်ဟွိုက်ကျင်း -......

"ဒါပေမယ့်..."

"ဒါပေမယ့်တွေ ဘာတွေ မရှိဘူး၊ ရှင်နဲ့ ကျွန်မကြားမှာ ဘာမှမရှိသလို ကျွန်မတို့က ချစ်သူတွေလည်း မဟုတ်ဘူး။ နောက်ဆို ကျွန်မနားကို မကပ်ပါနဲ့တော့။"

ထိုသို့ပြောပြီးနောက် ပိုင်ရန်ရန်သည် လှည့်ထွက်သွားတော့သည်။

ချန်ဟွိုက်ကျင်းမှာတော့ ကြောင်အကာ ကျန်ရစ်ခဲ့ပြီး ဘာဖြစ်သွားမှန်းကို မသိတော့ပေ။

မလှမ်းမကမ်းတွင် ယွီချင်းချုံသည် မီးဖိုချောင်ထဲမှ ထွက်လာပြီး ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့သည်။

ဘာတွေဖြစ်နေတာလဲ။

ပိုင်ရန်ရန်က ချန်ဟွိုက်ကျင်းကို ကြိုက်နေတာ မဟုတ်ဘူးလား။

ဘာလို့ အဲဒီလို စကားမျိုး ပြောရတာလဲ။

တခြားလူတစ်ယောက်ယောက်များ ပါဝင်နေတာလား။

ယွီချင်းချုံမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

သူမ ပြန်လည်မွေးဖွားလာပြီးကတည်းက အချို့သောအရာများမှာ ယခင်ဘဝက လမ်းကြောင်းအတိုင်း ဖြစ်မလာသည်ကို သတိပြုမိခဲ့သည်။

ဥပမာအားဖြင့် ပြီးခဲ့သည့်အကြိမ်က တောင်ပေါ်တွင် ဓားပြများ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် ကိစ္စမျိုးပေါ့။

ယခင်ဘဝကလည်း သူတို့ တောင်ပေါ်တက်ခဲ့ကြသည်၊ တောဝက်ကို လိုက်ခဲ့ကြသည်၊ သို့သော် ထိုဓားပြသုံးယောက်နှင့် မဆုံခဲ့ပေ။

သူတို့က ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိသလို တစ်ခုခုကြောင့် သူတို့၏ သွားလာမှု လမ်းကြောင်း ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဆိုစေ၊ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပင်။

အကြီးမားဆုံး အပြောင်းအလဲကတော့ ထျဲလန်ယန် ပါဝင်လာခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် သူမသည် ထျဲလန်ယန်ကို သာမန်လူတစ်ယောက်အဖြစ်သာ သဘောထားပြီး သတိမထားမိခဲ့ပေ။

သို့သော် နောက်ပိုင်းတွင်မှ ဤလူသည် အစွမ်းအစများကို ဖုံးကွယ်ထားသူဖြစ်ကြောင်း သူမ တဖြည်းဖြည်း သိလာခဲ့သည်။

"ရဲဘော် ယွီချင်းချုံ... ဘာလို့ ဒီမှာ ကြောင်ရပ်နေတာလဲ။ အကူအညီ လိုလို့လား။"

ချန်ဟွိုက်ကျင်းက လှည့်ကြည့်လိုက်ရာ မီးဖိုချောင်တံခါးဝတွင် ရပ်နေသော ယွီချင်းချုံကို မြင်သဖြင့် စိုးရိမ်ဟန်ဖြင့် လျှောက်လာခဲ့သည်။

သူ့စိတ်ဓာတ်ကတော့ တော်တော်မာသည်၊ ပိုင်ရန်ရန်၏ ငြင်းပယ်ခြင်းကို ခံရပြီးနောက်တွင်ပင် မျက်နှာမပျက်ဘဲ အခြားအမျိုးသမီးနှင့် စကားပြောနိုင်သေးသည်။

"ဘာမှမဖြစ်ဘူး၊ မလိုဘူး။"

ယွီချင်းချုံက နှုတ်ခမ်းစေ့လိုက်ပြီး သူ့ကို စကားမပြောချင်ပေ။

ယခု သူမ အနည်းငယ် တွေဝေသွားသည်။

အကယ်၍ ပိုင်ရန်ရန်က ချန်ဟွိုက်ကျင်းကို မကြိုက်ဘူးဆိုရင် သူမက သူ့ကို မြှူဆွယ်နေဖို့ ဘာအကြောင်းရှိတော့မှာလဲ။

သူ့ကို သတ်ပစ်လိုက်တာကမှ ပိုကောင်းဦးမယ်။

ထိုသို့တွေးလိုက်ရင်း ယွီချင်းချုံသည် ချန်ဟွိုက်ကျင်းကို အေးစက်စက် အကြည့်များဖြင့် ကြည့်လိုက်သည်။

ချန်ဟွိုက်ကျင်း တုန်တက်သွားပြီး ဇဝေဇဝါ ဖြစ်သွားသည်။

သူ စကားပြောမည်အပြုတွင် ယွီချင်းချုံသည် လှည့်ထွက်သွားပြီး မီးဖိုချောင်ထဲ ပြန်ဝင်သွားတော့သည်။

"ဘာတွေဖြစ်နေတာလဲ၊ ငါ့အစွမ်းတွေ လျော့သွားတာလား။ မိန်းကလေးနှစ်ယောက်လုံးက ငါ့ကို မကြိုက်ကြတော့ဘူးလား။"

ချန်ဟွိုက်ကျင်းက တိုးတိုးလေး ရေရွတ်လိုက်ပြီး စိတ်မကောင်းဖြစ်နေကာ နေ့လယ်စာပင် စားမကောင်းတော့ပေ။

စုန့်ရွှယ်သည် ထျဲလန်ယန်နှင့် ခဏလာဆော့ပြီးနောက် ပြန်သွားခဲ့သည်။

"မေမေက ဒီရက်ပိုင်း အစားပျက်နေတာ၊ အစ်မကြီး ထမင်းစားတာ မြင်မှပဲ သူ အစားဝင်တော့မယ်တဲ့၊ အဲဒါကြောင့် နောက်တစ်ခါလည်း အိမ်ကို လာခဲ့ဦးနော်။"

ထျဲလန်ယန် - …

ဒီကောင်မလေးကတော့ တကယ်ပဲ ငါ့ကို စားပြတဲ့လူတစ်ယောက်လို့ ထင်နေတာလား။

"ကောင်းပါပြီ၊ အားတဲ့အခါ လာခဲ့ပါ့မယ်။"

မည်သို့ပင်ဆိုစေ စုန့်ရွှယ်၏အစ်ကိုက အိမ်မှာမရှိသဖြင့် သူမသွားလျှင်လည်း သိပ်ပြီး အနေမခက်နိုင်ပေ။

ထျဲလန်ယန်က သဘောတူလိုက်သဖြင့် စုန့်ရွှယ်သည် ပျော်ရွှင်စွာ ထွက်ခွာသွားသည်။

ထောင့်တစ်နေရာတွင် ပုန်းနေသော ပိုင်ရန်ရန်သည် သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် မျက်နှာ ညှိုးမှိန်သွားတော့သည်။

…

အခြားတစ်ဖက်တွင် ဟန်ခယ်အာသည် မြို့ထဲသို့ တစ်ခေါက် ထပ်သွားခဲ့သည်။

မနက်ပိုင်းတွင် သူမသည် ငွေလွှဲလက်မှတ်ဖြင့် ပိုက်ဆံသွားထုတ်ခဲ့ပြီး ယခုအခါ မှောင်ခိုဈေးသို့ သွားနေခြင်းဖြစ်သည်။

မှန်ပါသည်၊ မြို့ထဲတွင် မှောင်ခိုဈေးတစ်ခု ရှိသော်လည်း သေးငယ်လှသည်။

ပညာတတ်လူငယ်ဝင်းမှ အချို့သောသူများသည် ထိုနေရာသို့ တိတ်တဆိတ် သွားခဲ့ကြပြီး ပစ္စည်းများပင် ဝယ်ယူခဲ့ကြဖူးသည်။

မှောင်ခိုဈေးဆိုသည်မှာ လူမျိုးစုံ ရောထွေးနေပြီး အများစုမှာ ဆင်းရဲသားများ ဖြစ်ကြသည်။

ပိုက်ဆံအတွက်ဆိုလျှင် သူတို့ ဘာမဆို လုပ်ကြလိမ့်မည်။

ဟန်ခယ်အာသည် မျက်လုံးများကိုသာ ဖော်ထားပြီး သူမ၏ မျက်နှာကို ပဝါဖြင့် ပတ်ထားကာ မှောင်ခိုဈေးတဝိုက်တွင် လိုက်လံရှာဖွေနေသည်။

မကြာမီမှာပင် သူမသည် လမ်းသရဲ အချို့ကို တွေ့လိုက်ရသည်။

"ငါ နင်တို့ကို ယွမ် ၂၀ ပေးမယ်၊ ငါ့ကို အလုပ်တစ်ခု ကူလုပ်ပေး။"

ပိုက်ဆံရမည်ဟု ကြားလိုက်ရသဖြင့် လမ်းသရဲများမှာ ချက်ချင်း စိတ်ဝင်စားသွားခဲ့သည်။ "ဘာလုပ်ရမှာလဲ။"

ဟန်ခယ်အာ ပြုံးလိုက်သည်။ "သိပ်ကြီးကြီးမားမား မဟုတ်ပါဘူး၊ ဒီလိုလေ..."

….

ထိုနေ့ညနေပိုင်း၊ ထမင်းစားပြီးနောက် ဝင်းထဲရှိ ပညာတတ်လူငယ်များသည် ကိုယ့်အလုပ်ကိုယ် လုပ်ရန် လူစုခွဲလိုက်ကြသည်။

အမျိုးသမီး ပညာတတ်လူငယ်များသည် အင်တုံများကို ကိုင်ဆောင်ကာ အဝတ်လျှော်ရန်အတွက် မြစ်ကမ်းနားသို့ သုံးလေးယောက်တစ်တွဲ စုပေါင်းထွက်လာကြသည်။

ဟန်ခယ်အာနှင့် ပိုင်ရန်ရန်တို့က နောက်ဆုံးမှ လျှောက်လာကြသည်။

ပိုင်ရန်ရန် - "ခယ်အာ... ဘယ်လိုလဲ၊ အောင်မြင်ရဲ့လား။"

ဟန်ခယ်အာ၏ မျက်လုံးများတွင် အောင်နိုင်သူအမှတ်ဖြင့် တောက်ပနေခဲ့သည်။ "သေချာပေါက် အဆင်ပြေတာပေါ့၊ မကြာခင် ပွဲကောင်းကြည့်ရတော့မယ်။"

ပိုင်ရန်ရန်၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာခံ့သည်။ "ကောင်းပြီလေ။"

မြစ်ကမ်းနားတွင် လူတိုင်း ဆောင့်ကြောင့်ထိုင်ကာ အဝတ်များ လျှော်နေကြသည်။

အဝတ်လျှော်နေသည်မှာ ၅ မိနစ်ပင် မပြည့်သေးမီ ဟန်ခယ်အာက ရုတ်တရက် အော်ဟစ်လိုက်သည်။ "အား၊ ရေထဲမှာ မြွေကြီး။"

သူမ ပြောလိုက်သည်နှင့် ရှိနေသမျှ အမျိုးသမီး ပညာတတ်လူငယ်များ အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

ဟန်ခယ်အာသည် ထိုအခွင့်အရေးကို သုံးကာ ထျဲလန်ယန်၏ နောက်သို့ ပြေးသွားပြီး သူမ၏ မျက်လုံးများ တောက်ပလျက် ထျဲလန်ယန်ကို တွန်းချလိုက်သည်။

သူမ ပြန်ပြေးရန် အလုပ်တွင် သူမ၏ လက်ကောက်ဝတ်ကို ထျဲလန်ယန်က ဖမ်းဆွဲလိုက်သည်။

ဟန်ခယ်အာ ထိတ်လန့်သွားခဲ့သည်။ "နင် ဘာလုပ်တာလဲ၊ ငါ့ကို လွှတ်စမ်း။"

စကားပင် မဆုံးသေးမီ သူမသည် ထျဲလန်ယန်နှင့်အတူ မြစ်ထဲသို့ ပြုတ်ကျသွားတော့သည်။

"ဗွမ်း။"

ဟန်ခယ်အာသည် မတ်တတ်ရပ်ပြီး အကူအညီတောင်းရန် ကြိုးစားသော်လည်း သူမ၏ ခေါင်းမှာ ရေအောက်သို့ အတင်းအကျပ် ဖိချခံထားရသဖြင့် မလှုပ်နိုင်တော့ပေ။

"ဟန်ခယ်အာ... နင်ကတော့ တကယ်ကို သေတွင်းတူးနေတာပဲ၊ ဘာမှ နားမလည်တဲ့ နင့်လိုလူမျိုးက သေသွားတာကမှ ပိုကောင်းဦးမယ်။"

ထျဲလန်ယန်၏ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံမှာ အပေါ်မှ ထွက်ပေါ်လာသည်။

ဟန်ခယ်အာ တစ်ကိုယ်လုံး ထုံကျင်သွားပြီး ခြေဖျားမှ နှလုံးသားအထိ အေးစိမ့်သွားသည်။

မဖြစ်ဘူး။ သူမ ဒီမှာ အသေမခံနိုင်ဘူး။

"ဝူး... ဝူး... လွှတ်... လွှတ်ပေး..."

ဟန်ခယ်အာသည် ခေါင်းကို အသည်းအသန် ခါယမ်းနေပြီး သူမ၏ ခြေလက်များမှာ ရေထဲတွင် ရေဘဝဲတစ်ကောင်လို ရမ်းခါနေတော့သည်။

ထျဲလန်ယန်သည် သူမ၏ နှာတံကို လက်သီးဖြင့် ထိုးချလိုက်ရာ သွေးများ ပန်းထွက်လာသည်။

အေးစိမ့်သော မြစ်ရေများနှင့် သွေးများသည် သူမ၏ နှာခေါင်းထဲသို့ တိုးဝင်သွားသည်။

ဟန်ခယ်အာမှာ အသက်ရှူရ ခက်ခဲလာပြီး မျက်လုံးများ ပြူးထွက်ကာ မျက်ဖြူလန်တက်သွားတော့သည်။

ထိုအချိန်တွင် မြစ်ကမ်းနားမှ ခြေသံများကို ကြားလိုက်ရသည်။

ထျဲလန်ယန်က ခေါင်းပြူကြည့်လိုက်ရာ လမ်းသရဲများ ပြေးလာသည်ကို မြင်လိုက်ရပြီး ဟန်ခယ်အာ၏ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားသည်။

ဟန်ခယ်အာသည် သူမကို အရှက်ခွဲရန်အတွက် ရေထဲသို့ တွန်းချရန်သာ ကြံစည်သည်ဟု သူမ ထင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ထိုမိန်းကလေးမှာ ထင်ထားတာထက် ပို၍ ယုတ်မာနေပြီး "သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း" ဆိုသည့် ပြကွက်ကို ဖန်တီးထားခြင်း ဖြစ်သည်။

အကယ်၍ သူမသည် လူပုံအလယ်တွင် ရေစိုနေပြီး ထိုလမ်းသရဲများ၏ ကယ်တင်ခြင်းကို ခံလိုက်ရပါက သူမ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားလိမ့်မည်။

တကယ်ကို ယုတ်မာပက်စက်တဲ့ အစီအစဉ်ပဲ။

အခြေအနေက ဒီလိုဆိုမှတော့ သူမကိုလည်း ကိုယ်တိုင် ပြန်ပြီး ခံစားစေရမည်။

ထျဲလန်ယန်သည် ဟန်ခယ်အာကို ကန်ထုတ်လိုက်သည်။

ထို့နောက် သူမ အသက်အောင့်ကာ ဟန်ခယ်အာ၏ အပေါ်အင်္ကျီကို ချွတ်ယူလိုက်ပြီး အခြားတစ်ဖက်သို့ ကူးခတ်ကာ ကုန်းပေါ်သို့ တက်လိုက်သည်။

ထို့နောက် သူမသည် လမ်းသရဲများဆီသို့ အပြေးသွားကာ ရေထဲတွင် အသည်းအသန် ရုန်းကန်နေသော ဟန်ခယ်အာကို ညွှန်ပြလျက် ပြောလိုက်သည်။

"ရဲဘော်တို့ရေ... ဟိုမှာ ပညာတတ်လူငယ်မလေးတစ်ယောက် မြစ်ထဲ ပြုတ်ကျနေလို့၊ ကူညီကြပါဦး။"

ဟန်ခယ်အာသည် လူခေါ်ရန် သတ္တိရှိသော်လည်း သူမ၏ မျက်နှာကိုတော့ သေချာပေါက် ပြခဲ့မည်မဟုတ်ရာ ထိုလမ်းသရဲများမှာ သူမကို မှတ်မိနိုင်မည် မဟုတ်ပေ။

ထင်သည့်အတိုင်းပင်။

ထျဲလန်ယန် ပြောလိုက်သည်နှင့် ထိုလမ်းသရဲများ၏ မျက်လုံးများ တောက်ပသွားတော့သည်။

"မစိုးရိမ်ပါနဲ့၊ ငါတို့တွေက သူတစ်ပါးကို ကူညီရတာ ဝါသနာပါတဲ့ ရဲဘော်ကောင်းတွေပဲ၊ သွားကယ်လိုက်ပါ့မယ်။"

All Chapters