← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်

အပိုင်း ၈၅

တံခါးဝရှိ ဤမြင်ကွင်းကို မြင်လိုက်ရသော အခြားပညာတတ်လူငယ်များအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။

ဟန်ခယ်အာကတော့ တကယ်ကို ရူးသွားပြီပဲ။

သူမကိုယ်တိုင် ဖန်တီးခဲ့တဲ့ အခြေအနေတွေအတွက် ထျဲလန်ယန်ကို ဘယ်လိုလုပ် အပြစ်ပုံချနိုင်ရတာလဲ။

ဝမ်ကျွင်းကျွင်းကတော့ ထိုကဲ့သို့သောသူမျိုးကို သည်းမခံနိုင်တော့ပေ။ "ဟန်ခယ်အာ... နင်ကတော့ အဓိပ္ပာယ်မရှိ ခေါင်းမာနေတာပဲ၊ နင်က အခု ခွေးရူးတစ်ကောင်နဲ့ ဘာမှမခြားတော့ဘူး။"

ဟန်ခယ်အာက ပြန်အော်သည်။ "နင်ကမှ ခွေး၊ နင့်မိသားစုတစ်စုလုံးက ခွေးတွေ။"

ထျဲလန်ယန်က သူမ၏ပါးကို ဖြတ်ရိုက်လိုက်ပြီး အားလုံးကို ကြည့်ကာ ပြောလိုက်သည်။ "ဒီည ဟန်ခယ်အာ ငါ့ကို ဘာလုပ်ဖို့ ကြိုးစားခဲ့လဲဆိုတာ အားလုံးအမြင်ပဲ၊ ငါ ဒါကို ရဲစခန်းမှာ တိုင်ချက်ဖွင့်မယ်၊ ကျေးဇူးပြုပြီး ငါ့ဘက်က သက်သေလိုက်ပေးကြပါ။"

ရှိနေသူအားလုံးက ခေါင်းညိတ်ကြသည်။ "ငါတို့တွေ သက်သေလိုက်ပေးပါ့မယ်။"

ဟန်ခယ်အာ ကြောက်သွားသော်လည်း ဟန်မပျက် ငြင်းဆန်နေဆဲဖြစ်သည်။ "သွားတိုင်လေ၊ မသိရင် ငါကပဲ ကြောက်နေသလိုလိုနဲ့၊ ဘာပဲဖြစ်ဖြစ် ငါက ကြံစည်ရုံပဲရှိသေးတာ၊ ငါ့ကို ဘာမှလုပ်လို့မရပါဘူး။"

"နောက်ထပ် အမှုတစ်ခု ထပ်တိုးလာရင်ရော ဘယ်လိုလဲ။"

ထိုအချိန်တွင် လူတစ်စု ဝင်းထဲသို့ ရုတ်တရက် တိုးဝင်လာကြသည်။

အသင်းခေါင်းဆောင်သည် မျက်နှာပျက်ပျက်ဖြင့် ဝင်လာပြီးနောက်တွင် ရွာသားတစ်စု ပါလာသည်။

လူတစ်ယောက်ကတော့ ထူးထူးခြားခြားပင်၊ သူ၏မျက်နှာတစ်ခုလုံး မည်းမှောင်နေပြီး မျက်လုံးနှင့် ပါးစပ်ကိုသာ မြင်ရတော့သည်။

အစောပိုင်းက ထျဲလန်ယန်သည် အမျိုးသားအဖြစ် ရုပ်ဖျက်ပြီး ထိုလူပျိုကြီးထံသွား၍ ဟန်ခယ်အာ၏ အန္တရာယ်ကို သတိထားရန်နှင့် ညဘက်များတွင် အိပ်မောမကျစေရန် သတိပေးခဲ့ဖူးသည်။

ဒီညတွင် လူပျိုကြီးမှာ ဂဏာမငြိမ်ဖြစ်နေပြီး ကောင်းကောင်းမအိပ်နိုင်ဖြစ်နေစဉ် မျက်စိမှိတ်လိုက်သည်နှင့် မီးလောင်နံ့တစ်ခုကို ရလိုက်သည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ၏အိမ်မှာ မီးစွဲလောင်နေသည်ကို တွေ့လိုက်ရသည်။

လူပျိုကြီးမှာ ကုတင်ပေါ်မှ အမြန်ခုန်ဆင်းကာ အိမ်ပြင်သို့ အသည်းအသန် ထွက်လာခဲ့ရသည်၊ ထို့နောက် အသင်းခေါင်းဆောင်ထံသို့ ချက်ချင်းသွား၍ တိုင်တန်းတော့သည်။

"ဒါ ဟန်ခယ်အာ လက်ချက်ပဲ ဖြစ်ရမယ်၊ သူမက ငါ့အပေါ် ရန်ငြိုးထားတာ၊ ငါ့ကို အရှင်လတ်လတ် မီးရှို့သတ်ဖို့ ကြံတာ။"

လူပျိုကြီးမှာ တုန်လှုပ်နေရှာသည်၊ တော်သေးသည်မှာ ထိုမိန်းမနှင့် လက်မထပ်ရသေးခြင်းပင်၊ မဟုတ်လျှင် သူ မည်သို့သေမည်ကိုပင် သိနိုင်မည်မဟုတ်ပေ။

အသင်းခေါင်းဆောင်က ဟန်ခယ်အာကို လေးလံသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ဟန်ကျစ်ချင်း... ဒါ နင်လုပ်တာလား။"

ဟန်ခယ်အာက အမြန်ငြင်းသည်။ "မဟုတ်ဘူး၊ ကျွန်မလုပ်ဖို့နေနေသာသာ ဝင်းထဲကနေ အပြင်တောင် မထွက်ခဲ့ပါဘူး။"

သူမ စကားပြောပြီးသည်နှင့် လျိုကျစ်ချင်းက ဝင်ပြောသည်။ "ဒါပေမယ့် ထျဲကျစ်ချင်းနဲ့ ငါတို့နှစ်ယောက်လုံး နင် အပြင်ထွက်သွားတာကို မြင်လိုက်တယ်လေ။"

ဖြစ်ပုံမှာ နာရီဝက်ခန့်က ထျဲလန်ယန်သည် အပြင်ဘက်တွင် တစ်ခုခုကို ရိပ်မိလိုက်သဖြင့် လျိုကျစ်ချင်းကို အိမ်သာသွားရန် အဖော်စပ်ကာ တမင်နှိုးခဲ့ခြင်းဖြစ်သည်။

သူတို့ ခန်းမကြီးထဲ ရောက်သည်နှင့် ဟန်ခယ်အာ တိတ်တဆိတ် အပြင်ထွက်သွားသည်ကို မြင်လိုက်ရသည်။

လျိုကျစ်ချင်း - "အဲဒီအချိန်ကတော့ နင် ဘာလို့ ညကြီးမင်းကြီး အပြင်ထွက်တာလဲဆိုတာ ငါနားမလည်ခဲ့ဘူး၊ အခုမှ သိတော့တယ်၊ နင်က မကောင်းတာလုပ်ဖို့ ထွက်သွားတာကိုး။"

"နင်တို့က ညကြီးမင်းကြီးဆိုတော့ မျက်စိမှားတာလည်း ဖြစ်နိုင်တာပဲ၊ ငါက ပိုင်ရန်ရန်ဘေးမှာ အိပ်နေတာ၊ ငါ အပြင်မထွက်ဘူးဆိုတာ သူမ သက်သေခံနိုင်တယ်။"

ဟန်ခယ်အာက ပိုင်ရန်ရန်ကို တောင်းပန်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။ "ရန်ရန်... ကျေးဇူးပြုပြီး အားလုံးကို ရှင်းပြပေးပါ၊ ငါ နင့်ကို တောင်းပန်ပါတယ်။"

ပိုင်ရန်ရန်က သူမအပေါ် အမြဲကောင်းခဲ့ပြီး သူငယ်ချင်းအရင်းလို ဆက်ဆံခဲ့သဖြင့် သူမကို သေချာပေါက် ကူညီလိမ့်မည်ဟု ယုံကြည်နေသည်။

ဟန်ခယ်အာ ထိုသို့ တွေးနေစဉ်မှာပင် ပိုင်ရန်ရန် ပြောလိုက်သည်။

"ခယ်အာ... ငါ အဲဒီအချိန်က အိပ်ပျော်နေတာ... နင် အပြင်ထွက်သွားလား မသွားဘူးလား ငါမသိဘူး..."

"ပိုင်ရန်ရန်။"

ဟန်ခယ်အာ မယုံနိုင်ဘဲ မျက်လုံးပြူးသွားသည်။ "နင် ငါ့ကို မကူညီဘူးပေါ့။"

ပိုင်ရန်ရန် ခေါင်းငုံ့လိုက်သည်။ "တောင်းပန်ပါတယ် ခယ်အာ။"

သူမသည် ဤမိုက်မဲသော ဟန်ခယ်အာအတွက်ကြောင့်နှင့် အခြားသူများကို ရန်မစလိုပေ။

ပိုင်ရန်ရန်၏ တောင်းပန်စကားကို ကြားသောအခါ ဟန်ခယ်အာ လုံးဝ ဆွံ့အသွားတော့သည်။

"ရန်ရန်... နင်က ငါ့ရဲ့ အခင်ဆုံးသူငယ်ချင်းလို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ ငါ့ကိုတောင် မကူညီနိုင်ရတာလဲ။"

ဒါက လိမ်ညာမှုတစ်ခုပဲလေ၊ ဘာလို့ သူမကို စွန့်ပစ်ရတာလဲ။

ပိုင်ရန်ရန်သည် သူမတွေးနေသည်ကို သိသည့်အလား နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။ "ငါတို့တွေက သူငယ်ချင်းတွေဆိုပေမယ့် ငါ လိမ်လို့မရဘူးလေ ခယ်အာ၊ ငါ့ကို ထပ်ပြီး အကျပ်မကိုင်ပါနဲ့တော့။"

ဟန်ခယ်အာ -....

"နင်..."

အသင်းခေါင်းဆောင်က ငေါက်လိုက်သည်။ "တော်စမ်း ဟန်ကျစ်ချင်း၊ နင့်အမှားတွေအတွက် သူများကို ဘာလို့ အပြစ်တင်နေတာလဲ။"

ဟန်ခယ်အာက ပျာပျာသလဲ ခေါင်းခါလိုက်သည်။ "အသင်းခေါင်းဆောင်... ကျွန်မ မလုပ်..."

"ငါ့အိမ်ဝင်းထဲမှာ ပင်လုံးကြိုင်ပင် ရှိတယ်၊ အခုရက်ပိုင်း ပန်းတွေ ကြွေနေတာ၊ တကယ်လို့ နင်သာ ငါ့အိမ်ဝင်းထဲ ရောက်ခဲ့ရင် နင့်ဖိနပ်အောက်မှာ ပင်လုံးကြိုင်ပန်းတွေ ကပ်နေမှာ သေချာတယ်၊ စစ်ကြည့်လိုက်ရင် သိရမှာပဲ။"

"ဝုန်း။"

ဟန်ခယ်အာ၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားပြီး အသိစိတ်ထဲတွင် ဗလာကျင်းနေကာ အသံများ မြည်ဟီးသွားတော့သည်။

သွားပြီ၊ အားလုံး သွားပြီ။

ဤစကားလုံးနှစ်လုံးသာ သူမ၏စိတ်ထဲတွင် ကျန်ရစ်တော့သည်။

သူမ၏ မျက်နှာအမူအရာကို မြင်သည်နှင့် အားလုံး နားလည်သွားကြသည်။

တစ်ယောက်ယောက်က သူမ၏ဖိနပ်ကို လှန်ကြည့်လိုက်ရာ ပင်လုံးကြိုင်ပန်းများကို တကယ်ပင် တွေ့လိုက်ရသည်။

ဟန်ခယ်အာသည် မီးရှို့မှုနှင့် လူသတ်ရန် ကြံစည်မှုတို့တွင် ငြင်းမရသော တရားခံဖြစ်ကြောင်း ထင်ရှားသွားပြီဖြစ်သည်။

အသင်းခေါင်းဆောင်က ချက်ချင်း ခြေဆောင့်ကာ ပြောလိုက်သည်။ "ရဲစခန်းကို တိုင်၊ အခုချက်ချင်း သွားတိုင်ကြ။"

"ငါတို့ ကွေ့ကျိုးရွာမှာ နင်လို အန္တရာယ်ကောင်မျိုးကို ဆက်ထားလို့ မဖြစ်ဘူး။"

ဤမိန်းကလေးမှာ တကယ်ပင် အသည်းနှလုံးမရှိပေ။ ညသန်းခေါင်ယံတွင် လူသတ်ရန် အိမ်ကိုမီးရှို့သည့်အပြင် ဓားနှင့်ပါ ထိုးသတ်ရန် ကြံစည်ခဲ့သေးသည်။

အကယ်၍ ဤကိစ္စကို မတိုင်ကြားဘဲ တစ်ခုခုထပ်ဖြစ်ပါက အသင်းခေါင်းဆောင်၏ ဂုဏ်သိက္ခာပါ ထိခိုက်လိမ့်မည်။

အသင်းခေါင်းဆောင်၏ စီစဉ်မှုဖြင့် ဟန်ခယ်အာကို အမြန်ပင် ကြိုးတုပ်လိုက်ကြသည်။

ထို့နောက် အဘိုးကြီးလီကို နွားလှည်းမောင်းခိုင်းပြီး အရေးကြီးသော လူအချို့နှင့်အတူ မြို့နယ်ရဲစခန်းသို့ ခေါ်ဆောင်သွားတော့သည်။

လမ်းတစ်လျှောက်တွင် ဟန်ခယ်အာက တောက်လျှောက် ဆဲဆိုနေခဲ့သည်။

မျှော်လင့်ချက် ကုန်ဆုံးသွားသည်ဟု ခံစားရသောကြောင့်လားမသိ၊ သူမ၏ စိတ်ခံစားချက်များမှာ အလွန်အမင်း ထကြွနေသည်။

နောက်ဆုံးတွင် ထျဲလန်ယန်က လူပျိုကြီးကို သူ၏နံစော်နေသော ခြေအိတ်များကို ချွတ်ခိုင်းလိုက်သည်။

ထိုခြေအိတ်များဖြင့် ဟန်ခယ်အာ၏ ပါးစပ်ကို ပိတ်ဆို့လိုက်မှ သူမ ငြိမ်သက်သွားတော့သည်။

ရဲစခန်းသို့ ရောက်သောအခါ ညတာဝန်ကျ ရဲအရာရှိ နှစ်ဦးသာ ရှိသည်။

ဖြစ်စဉ်တစ်ခုလုံးကို သိလိုက်ရသောအခါ ရဲအရာရှိနှစ်ဦးလုံး အံ့သြတုန်လှုပ်သွားကြသည်။

ဘုရားရေ... ဤပညာတတ်လူငယ်မလေးမှာ တကယ်ပင် ရူးသွပ်နေပြီ ဖြစ်သည်၊ လူနှစ်ယောက်ကို တစ်ပြိုင်နက် သတ်ရန် ကြံစည်ခဲ့သည် မဟုတ်ပါလား။

"သူမကို အချုပ်ထဲမှာ အရင်ထည့်ထားလိုက်၊ မနက်ကြမှ ဒီကိစ္စကို အထက်ကိုတင်ပြပြီး ဘယ်လိုစီရင်မလဲဆိုတာ ကြည့်ရမယ်။"

ရှည်လျားသော ညတစ်ညကုန်ဆုံးပြီးနောက် အရုဏ်တက်ချိန်တွင် ထျဲလန်ယန်နှင့် အဖွဲ့သားများ ပညာတတ်လူငယ်ဝင်းသို့ ပြန်ရောက်လာကြသည်။

ဟန်ခယ်အာ၏ အမှုရလဒ်မှာလည်း ထျဲလန်ယန်အတွက် အလွန်ကျေနပ်စရာကောင်းခဲ့သည်။

ဟန်ခယ်အာသည် လူသတ်ရန် ကြံစည်မှု နှစ်ခုအတွက် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပြီး မြောက်ပိုင်းလွင်ပြင်ကြီးသို့ မြေယာဖော်ထုတ်ရန် ပို့ဆောင်ခံလိုက်ရသည်။

သူမကို စောင့်ကြိုနေသည်မှာ ခက်ခဲကြမ်းတမ်းသော ဘဝတစ်ခုဖြစ်ပြီး သူမ တောင့်ခံနိုင်မလားဆိုသည်မှာ စောင့်ကြည့်ရလိမ့်မည်။

ဟန်ခယ်အာ မရှိတော့သဖြင့် ပညာတတ်လူငယ်ဝင်းတစ်ခုလုံး ငြိမ်းချမ်းသွားသည်ဟု ထျဲလန်ယန် ခံစားလိုက်ရသည်။

မြောင်းထဲက ကြွက်လိုလူမျိုးဖြစ်သည့် ပိုင်ရန်ရန်ကိုတော့ ရှင်းလင်းရန် ကျန်ရှိနေသေးသည်။

သို့သော် မလောပါ၊ ရန်သူက အရင်မလှုပ်မချင်း သူမ မလှုပ်ရှားသေးပေ။ သူမသည် ကြောင်နှင့်ကြွက် ကစားရသည်ကို ဝါသနာပါသည် မဟုတ်ပါလား။

ဟန်ခယ်အာ၏ အဖြစ်အပျက်က ပိုင်ရန်ရန်ကို ကြောက်လန့်သွားစေပုံရသည်၊ အကြောင်းမှာ သူမသည် အတော်ကြာအောင် အေးအေးဆေးဆေး ငြိမ်သက်နေခဲ့သောကြောင့် ဖြစ်သည်။

ထျဲလန်ယန်ကတော့ ဒါကို သဘောကျပြီး နေ့စဉ်ဘဝကို စိတ်ကျေနပ်စွာ ဖြတ်သန်းနေတော့သည်။

…..

အချိန်တွေ ကုန်ဆုံးသွားလိုက်သည်မှာ ၁၉၇၆ ခုနှစ်၏ နှစ်သစ်ကူးနေ့သို့ ရောက်ရှိလာခဲ့ပြီ။

နှစ်သစ်ကူးကို ဆင်နွှဲရန်အတွက် အသင်းခေါင်းဆောင်က ပညာတတ်လူငယ်များကို ရွာသားများအတွက် ဖျော်ဖြေရေး အစီအစဉ်အချို့ စီစဉ်ခိုင်းခဲ့သည်။

ထျဲလန်ယန်နှင့် ယွီချင်းချုံတို့သည် "အရှေ့ဘက်ဆီက နီမြန်းသောအရောင်" သီချင်းကို အတူတူ သီဆိုခဲ့ကြသည်။

နှစ်ဦးလုံးမှာ အသံကောင်းကြသူများဖြစ်ပြီး တက်ကြွစွာ သီဆိုခဲ့ကြသဖြင့် ပရိသတ်များ၏ တခဲနက် ချီးကျူးမှုကို ရရှိခဲ့သည်။

ထျဲလန်ယန် စင်ပေါ်မှ ဆင်းလာစဉ် သူမအပေါ်သို့ စိုက်ကြည့်နေသော အကြည့်စူးစူးတစ်ခုကို ခံစားလိုက်ရသည်။

သူမ မော့ကြည့်လိုက်ရာ နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

ထိုသူမှာ စုန့်ပိုင်ယွမ် ဖြစ်သည်။

တောင်ပေါ်တွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက်ပိုင်း သူတို့ တစ်ဦးနှင့်တစ်ဦး မတွေ့ဖြစ်သည်မှာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။

ထျဲလန်ယန် ခေါင်းညိတ်ကာ သူ့ကို နှုတ်ဆက်လိုက်တော့သည်။

All Chapters