← Chapters

ဂိုဏ်းအတွက်ကြေကွဲခြင်း

Vol. 002 Ch. 65

ဂိုဏ်းအတွက်ကြေကွဲခြင်း

Vol. 002 Ch. 65

ဟွမ်လုံက သူ၏ သိုလှောင်အိတ်ကို ကိုင်လိုက်ပြီး ဟုန်ယွီဂိုဏ်းရှိရာ ဆီသို့ ရှုပ်ထွေးနေသော အမူအရာနှင့် ကြည့်လိုက်၏။ သူ့ဘေးတွင် ရပ်နေသည့် တောက်ရှုက ပြောလိုက်သည်…

“ဂိုဏ်းခေါင်းဆောင်… ငါတို့ ဟုန်ယွီတောင်ကို ပြန်ယူနိုင်ဖို့က အချိန်ပဲ လိုတယ်…”

ဟွမ်လုံက ခါးသက်စွာ ပြုံးလိုက်သည်။

“ခရမ်းလဓားက ငါ ဂိုဏ်းခေါင်းဆောင် ဖြစ်တဲ့ အချိန်တုန်းက ငါ့ကို ဘိုးဘေးလျို ပေးထားခဲ့တာ ... အဲအချိန်က ငါ သူ့ကို ပြောခဲ့တယ်… ငါ ရှိနေသမျှ ပတ်လုံး ဓားလည်း ရှိနေပါ့မယ်လို့ … ဒါပေမဲ့ အခု ငါတော့ ရှိတယ်… ဓားကတော့…”

မျက်နှာနီနီနှင့် အကြီးအကဲက သုန်မှုန်နေသည့် မျက်နှာထားနှင့် ပြောလိုက်သည်…

“ဂိုဏ်းခေါင်းဆောင်… ရွှမ်တောက်ဂိုဏ်းမှာက စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ရှိတယ်… သူတို့ မတိုက်ခိုက်နိုင်ဘဲနဲ့ ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး… ဒီလိုကိစ္စတွေ အတွက် ခံစားမနေပါနဲ့… ကျင့်ကြံခြင်း လောကမှာ ဒါတွေက ဖြစ်နေကြပဲ… ဟုန်ယွီဂိုဏ်း အင်အား ကြီးမားစဉ်ကလည်း ငါတို့ ဒီလို လုပ်ခဲ့ကြတာပဲ… ”

ဟွမ်လုံက မသိမသာလေးသာ သက်ပြင်း ချလိုက်တော့၏။ ဝမ်လင်းက ထောင့်တစ်ခု၌ ဟုန်ယွီတောင်ကို ထိုင်ပြီး ကြည့်နေသည်။ အားလုံးက အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် သူကိုယ်တိုင် တုန်လှုပ်နေဆဲ ဖြစ်၏။ သို့သော်လည်း သူက မိဘများ အတွက်သာ စိုးရိမ်နေသည်။

ဝမ်လင်းသည် ရွှမ်တောက် ဂိုဏ်းသားများက သူ့မိဘများကို သွားရှာပြီး လက်စားချေမည်ကို စိုးရိမ်နေသည်။ ထိုအကြောင်းကို တွေးလိုက်ပြီး သူ့မျက်လုံးထဲတွင် အေးစက်သော အရောင်တစ်ချက် လက်သွား၏။ သူက ပုံမှန်အားဖြင့် လူမသတ် ချင်သော်လည်း သူ့မိဘများကို နာကျင်အောင် လုပ်သည့် မည်သူကိုမဆို တုံ့ဆိုင်းချင်းမရှိ သတ်ပစ်မည် ဖြစ်သည်။

စစ်ထူနန်က ဂုဏ်ယူစွာဖြင့် ကိုယ်ရည်သွေး လိုက်သည်…

“ဒါကမှ မှန်ကန်တဲ့လမ်းပဲ… ဝမ်လင်း… မင်း အစောကြီး ကတည်းက ဒီလိုဖြစ်သင့်တာ… လူသတ်တာက ကြီးကျယ်တဲ့ ကိစ္စမှ မဟုတ်တာ… ငါ့မှာ လူတွေက သတ်ပစ်ပါတော့လို့ ပြောရလောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းပေါင်း တစ်သောင်းမက ရှိတယ်…”

ဝမ်လင်းက စစ်ထူနန်ကို မျက်မှောင်ကြုတ်ပြီး ပြန်ပြောလိုက်သည်…

“လူသတ်တာက ပြဿနာရဲ့ အဖြေ မဟုတ်ဘူး… ရွှမ်တောက် ဂိုဏ်းသား အားလုံးကို ငါ မသတ်နိုင်ရင်… ငါ တစ်ယောက် သတ်လိုက်လည်း နောက်တစ်ယောက် ထပ်ပေါ်လာဦးမှာပဲ…”

စစ်ထူနန်က ပြန်ပြောလိုက်သည်…

“ဘာခက်တာ မှတ်လို့… ငါ မင်းကို ရုပ်သေးနည်း စနစ်ဆိုတဲ့ နည်းစနစ်တစ်ခု သင်ပေးမယ်… အဲကျင့်စဉ်က လူတစ်ယောက်ယောက်ကို ဖမ်းဆီးပြီးတော့ သစ္စာရှိ ရုပ်သေး လုပ်လိုက်လို့ ရတယ်… ဘယ်လိုလဲ… ဒါနဲ့ဆို မင်း ဘဝက သာယာသွားပြီ… စိုးရမ်စရာတွေ ရှိတော့မှာ မဟုတ်ဘူး…”

စစ်ထူနန် စကားဆုံးသည့် အချိန်တွင် ဓားစံအိမ်မှ တပည့်ဝတုတ်လေးက ဝမ်လင်းဆီကို လျှောက်လာပြီး ဘေးနား၌ ထိုင်ချလိုက်သည်။ သူက မဲ့ပြုံးလေးနှင့် ပြောသည်…

“ဂိုဏ်းတူအစ်ကို… ငါ့နာမည်က ဟွမ်တရှန်ပါ… အနာဂတ်မှာ ငါ့ကို ကူညီစောင့်ရှောက် ပေးပါဦး…”

ဝမ်လင်းက ဟွမ်တရှန်က တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောခင်မှာပင် အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော အစ်ကိုကျန်းက ရောက်လာပြီး ပြောလိုက်သည်…

“ဟွမ်တရှန်… မင်းမှာ အချိန်ရှိရင် တစ်ယောက်ယောက်ကို ဂရုစိုက်ခိုင်းမယ့် အစား ကျင့်ကြံ နေသင့်တယ်…”

ဟွမ်တရှန်က ရှုံ့မဲ့သွားပြီး ပြောလိုက်သည်…

“ဂိုဏ်းက ပြိုကွဲသွားပြီ… ပင်မတပည့်တွေ ကြားထဲမှာ အစ်ကိုဝမ်က အကြမ်းဆုံးပဲ… ငါ ဘယ်လိုပဲ လေ့ကျင့်ပါစေ… သူ့ကို မီမှာ မဟုတ်ဘူး… ဒါကြောင့် ငါက သူ့ရဲ့ လက်အောက်ခံ တစ်ယောက် ဖြစ်နိုင်တယ်…”

အစ်ကိုကျန်းက ဝမ်လင်းကို ကြည့်လိုက်သည်။ သူက သက်ပြင်းချပြီး ဝမ်လင်းကို ပြောလိုက်သည်…

“ဝမ်လင်း… မင်းက တကယ်ကို အံ့ဩစရာ ကောင်းတယ်… ငါ မင်းကို အလွန်ကို လေးစား အားကျတယ်…”

ဝမ်လင်းက ဘာမှမပြောဘဲ မဲ့ပြုံး ပြုံးလိုက်သည်။ သူသည်လည်း အစ်ကိုကျန်းကို အများကြီး လေးစားပေသည်။ အစ်ကိုကျန်းက သူ့ကို မလှောင်ပြောင်ဘဲ အားပေးခဲ့သည့် လူတစ်ယောက် ဖြစ်၏။

ထိုအချိန်တွင် လုစုန့်က သူတို့ဆီသို့ လျှောက်လာပြီး ပြောလိုက်သည်…

“ကျန်းတီခွမ်း… ငါတို့ မတွေ့တာ တော်တော် ကြာနေပြီ… မင်းလည်း အလွှာ၆ကို ရောက်နေပြီ… လွန်ခဲ့တဲ့ ၁၀နှစ်က ကတိကို မှတ်မိလား…”

အစ်ကိုကျန်း၏ မျက်လုံးများက အရောင်လက်သွားပြီး လုစုန့်ကို ကြည့်ကာ ပြန်ပြောလိုက်သည်…

“ဒါပေါ့ ငါ မှတ်မိတယ်… ”

လုစုန့်က ဝမ်လင်း၏ ဘေးတွင် ဝင်ထိုင်ပြီး ဝမ်လင်း၏ပခုံးကို ပုတ်ကာ ပြောလိုက်၏…

“ဝမ်လင်း… ဟုန်ယွီဂိုဏ်းက နာမည်ပဲ ကျန်တော့တယ်… မင်း ဘာလို့ မနေခဲ့တာလဲ… မင်း ရွှမ်တောက်ဂိုဏ်းမှာ နေခဲ့ရင် မင်းရဲ့ အနာဂတ်က ငါတို့နဲ့ နေတာထက် ပိုပြီး ကောင်းမှာ…”

ထို့နောက် သူက အစ်ကိုကျန်းဘက် လှည့်ပြီး ဆက်ပြောလိုက်သည်…

“ကျန်းတီခွမ်း… မင်းရဲ့ ခေါင်းမာတဲ့စိတ်က အရင်အတိုင်းပဲ… ”

ဝမ်လင်းက လုစုန့်ကို ကြည့်ပြီး မေးလိုက်သည်…

“ဂိုဏ်းတူအစ်ကိုကြီး လုစုန့်ရော ဘာလို့ မနေခဲ့တာလဲ…”

“ငါ့ကို အစ်ကိုကြီးလို့ မခေါ်ပါနဲ့… စည်းမျဉ်းအရဆို ငါက မင်းကို ဂိုဏ်းတူ အစ်ကိုကြီးလို့ ခေါ်ရမှာ … ငါ နေခဲ့လည်း ငါ့မှာ အနာဂတ်ရှိမှာ ရှိမှာ မဟုတ်ဘူး… ဘာလို့လဲ ဆိုတော့ ရွှမ်တောက်ဂိုဏ်းရဲ့ လူတော်တော် များများကို ငါက အပြစ် လုပ်ထားလို့ပဲ…”

ကျန်းတီခွမ်းက အေးစက်စွာ ပြောလိုက်သည်…

“မင်းက ရွှမ်တောက်ဂိုဏ်းက လူတွေကိုတင် အပြစ်လုပ်ထားတာ မဟုတ်ပါဘူး… ဟုန်ယွီဂိုဏ်းက လူတွေကိုလည်း လုပ်ထားပါတယ်…”

လုစုန့်က ခေါင်းကို မော့လိုက်သည်။ သူက ကျန်းတခွမ်းကို ကြည့်ကာ ပြော၏…

“ဂိုဏ်းတူညီလေးကျန်း … ငါ လက်ရွေးစင် တပည့်် မဖြစ်ခင်တုန်းက ငါက လူတွေကို အလွန်မုန်းတယ်… ဒါပေမဲ့ ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ… ငါလည်း လက်ရွေးစင်တပည့် ဖြစ်ပြီး တစ်နှစ်အတွင်းမှာ အားလုံး ပြောင်းလဲသွားပြီ မင်းကို တောင်းပန်တာ လက်ခံဖို့ ကမ်းလှမ်း ခဲ့ပါတယ်… ”

ကျန်းတီခွမ်း၏ မျက်နှာက ယခင်အတိုင်း အေးစက်နေပြီး စကားတစ်ခွန်းမှ မပြောချေ။ ထိုနှစ်က လက်ရွေးစင် တပည့်ရွေးပွဲတွင် သူက လုစုန့်၏ အမျိုးတစ်ယောက်နှင့် တိုက်ခိုက်ရမှာ ဖြစ်သည်။ မတိုက်ခင်မှာ လုစုန့်က သူ့ကို ဒဏ်ရာရအောင် လုပ်ပြီး သူ့ကို ရှုံးနိမ့်စေခဲ့သည်။ လုစုန့်က သူ့ကို ၁၀နှစ်ကြာလည်း နိုင်မည်ဟု မယုံကြည်သည့် အတွက် နောက်တစ်ကြိမ် တိုက်နိုင်သည်ဟု ကျန်းတီခွမ်းကို ပြောခဲ့သည်။

လုစုန့်က ရိုးသားစွာ ပြောလိုက်သည်…

“ညီလေးကျန်း… လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက ငါ့ကိုယ်ငါ ပြင်ခဲ့တယ်… အခုချိန်မှာ ဂိုဏ်းကလည်း အခက်အခဲနဲ့ ကြုံနေတယ်… ဒါကြောင့် ငါတို့ ပင်မတပည့်တွေ စည်းလုံး နေသင့်တယ်… အလွှာ ၅အောက်က တပည့်တွေကို မေ့ထားလိုက်… ငါတို့ထဲမှာတင် ဟွမ်တရှန်က အလွှာ၅၊ မင်းက အလွှာ၆၊ ငါက အလွှာ၈၊ ဝမ်လင်း…မင်းကရော…”

ဝမ်လင်းက အားလုံးကို ကြည့်လိုက်ပြီး ရိုးသားစွာ ဖြေလိုက်သည်…

“ချီစုစည်းခြင်းအဆင့် အလွှာ၁၄… ”

ထိုစကား ပြောလိုက်သည့်အချိန်တွင် သူတို့ ဘေးနားတွင် ရှိသည့် အေးစက်သည့် လေထုက ခန်းခြောက် သွားသည်ဟု ခံစားလိုက်ရသည်။ ဝမ်လင်း သန်မာသည်ကို သိကြသော်လည်း ဤမျှ သန်မာ လိမ့်မည်ဟု ထင်မထားမိချေ။

လုစုန့်သည် အာခေါင် ခြောက်သကဲ့သို့ ခံစားလိုက်ရပြီး မဲ့ပြုံးလေးဖြင့် ပြောလိုက်သည်…

“ဂုဏ်ပြုပါတယ်… အစ်ကိုဝမ်… မကြာခင် ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို ရောက်တော့မယ်… အဲဒီအချိန်ဆို အကြီးအကဲလို့ ခေါ်ရတော့မယ်…”

ကျန်းတီခွမ်းက ဝမ်လင်းကို ကြည့်ပြီး အသက်ဝဝရှူကာ သက်ပြင်း ချလိုက်သည်။ ဟွမ်းတရှန် ကတော့ မျက်လုံးများ အရောင် လက်နေသည်။

သူတို့နားတွင် ရှိသည့် ပင်မ တပည့်များ သည်လည်း ဝမ်လင်း ပြောလိုက်သည့် စကားကို သူတို့၏ ပါးလှသည့် နားက ကြားသွားပြီး ဝမ်လင်းကို ယခင်ကထက် ပိုမို လေးစားသွား၏။

လုစုန့်က ဝမ်လင်းကို ပြောလိုက်သည်…

“အစ်ကိုဝမ် … အခုကစပြီး ငါတို့က ဟုန်ယွီဂိုဏ်းရဲ့ ထိပ်ဆုံး တပည့်တွေပဲ … မင်းက အကြီးဆုံး တပည့်ဖြစ်မယ် … ငါကတော့ ဒုတိယ တပည့်ကြီးပေါ့ … ကျန်းတခွမ်းက တတိယ တပည့်ကြီးပေါ့… ဟွမ်တရှန်က တပည့်၄ပေါ့… ငါတို့ အခုကစပြီး ငါတို့ရဲ့ အတွေ့အကြုံ တွေကို ဖလှယ်ရမယ် … မင်းရော ဘယ်လိုထင်လဲ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ သူ မပြောခင် ဟွမ်တရှန်က အလျင်အမြန် ဝင်ပြောလိုက်သည်…

“ဒုတိယ အစ်ကိုကြီးပြောတာ မှန်တယ်… ဒီလိုပဲ ဖြစ်သင့်တယ်…”

ကျန်းတီခွမ်းက အနည်းငယ် တုံ့ဆိုင်းသွားပြီး ခေါင်းညိတ် လိုက်သည်…

“ပင်မ တပည့်တွေထဲမှာ ဒီလို တပည့်ခေါင်းဆောင်တွေ ထားသင့်ပါတယ်… ဒါမှလည်း အကြီးအကဲတွေကို စိတ်ပူပန်တာတွေ လျော့အောင် လုပ်ပေးနိုင်လိမ့်မယ်…”

တခြားသူ နှစ်ယောက်က သဘောတူမှတော့ ဝမ်လင်းလည်း သဘောတူ လိုက်တော့သည်။ သူက ဒီကိစ္စကို စိတ်ထဲ မထည့်ပေ။ သူ့တွင် တခြား အစီအစဉ်ရှိ၏။

ထိုအချိန်တွင် လျိုဝမ်ကျူးနှင့် အဘွားအိုတို့၏ မျက်လုံးများ ပွင့်လာသည်။

***

All Chapters