အခန်း (၂၁၅-၂၁၆)
Vol. 13 Ch. 215-216
အခန်း (၂၁၅) ကံတရား
နာကျင်မှုသက်သက်သာမကဘဲ ပြင်းထန်လှသော မိုးကြိုးဓာတ်စွမ်းအင်များက ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကိုပင် ထုံကျဉ်သွားစေကာ လှုပ်ရှား၍မရအောင် တားဆီးထားချေပြီ။
သူသည် သွားကို တင်းတင်းကြိတ်လျက် ရုတ်တရက် ခေါင်းမော့ကာ “အနန္တပုံရိပ်” ဟု ဟစ်အော်လိုက်လေသည်။
ငွေရောင်သတ္တုလုံးတစ်လုံးသည် ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်အတွင်းမှ လွင့်ထွက်လာပြီး သူ၏လက်ထဲရှိ တုတ်ရှည်ကို ရိုက်ချလိုက်ရာ တုတ်ရှည်မှာ လွင့်ထွက်သွားတော့သည်။
တုတ်ရှည်မှာ လက်ထဲ၌ မရှိတော့သဖြင့် ချင်ယွမ်ဖုန်းသည် ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော မိုးကြိုးလျှပ်စီးများ ကင်းစင်သွားသည်ကို ခံစားလိုက်ရပေရာသည်။
ထိုအချိန်တွင် အဆောင်လက်ဖွဲ့များကို ထိန်းချုပ်ကာ လျှပ်စစ်စွမ်းအင်များ ထုတ်လွှတ်နေသော ချန်ဖန်းသည် ချင်ယွမ်ဖုန်း၏ အရိပ်အယောင်ကို ရုတ်တရက် မျက်ခြေပြတ်သွားသဖြင့် စိတ်ထဲ၌ ထိတ်လန့်သွားလေသည်။
“အဆောင်လက်ဖွဲ့များ... ကြွကြစမ်း” ချန်ဖန်း၏ လက်တံဆိပ်တော်များ ပြောင်းလဲသွားပြီး သူ၏ခါးကြားမှ အဆောင်လက်ဖွဲ့တစ်ထပ် လွင့်ထွက်လာကာ သူ့ပတ်ပတ်လည်တွင် အဆောင်လက်ဖွဲ့ ကာကွယ်ရေးဒိုင်းတစ်ခုအဖြစ် ဝန်းရံသွားတော့သည်။
အဆောင်လက်ဖွဲ့များက ကာကွယ်ရေးဒိုင်းအဖြစ် ဖွဲ့စည်းလိုက်သည့် ခဏမှာပင် ချန်ဖန်း၏ နောက်ကျောဘက်မှ လက်သီးတစ်ချက်သည် အဆောင်လက်ဖွဲ့များပေါ်သို့ ပြင်းထန်စွာ ကျရောက်လာချေသည်။
သိပ်သည်းလှသော အဆောင်လက်ဖွဲ့များမှာ ရုတ်တရက် ဖရိုဖရဲ လွင့်စင်သွားပြီးအတွင်းရှိ ချန်ဖန်း၏ ပုံရိပ်မှာ ပေါ်ထွက်လာတော့သည်။
သို့သော်လည်း ချန်ဖန်းသည် လက်ထဲ၌ အဆောင်လက်ဖွဲ့နှစ်ခုကို ကိုင်ထားပြီးဖြစ်ရာ အဆောင်လက်ဖွဲ့ဒိုင်း ပျက်စီးသွားသည်နှင့် တပြိုင်နက် သူ၏လက်ထဲမှ အဆောင်လက်ဖွဲ့နှစ်ခုကို ရုတ်တရက် ပစ်လွှတ်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ဘေးဘက်သို့ အမြန်ရှောင်တိမ်းလိုက်သော်လည်း တစ်ခုကိုသာ ရှောင်နိုင်ခဲ့ပြီး ကျန်တစ်ခုမှာမူ သူ၏ခြေထောက်တွင် လာရောက်ကပ်ငြိသွားတော့သည်။
ထိုခဏမှာပင် ချင်ယွမ်ဖုန်းသည် သူ၏ခြေထောက်မှ အေးစိမ့်မှုတစ်ခု ပျံ့နှံ့လာသည်ကို ခံစားလိုက်ရပြီး သူ၏ခြေထောက်မှာ ရေခဲတုံးအဖြစ်သို့ ပြောင်းလဲတော့မည့် အရိပ်အယောင်များ ပြသနေပေရာသည်။
“သားရဲမီးလျှံ... ပေါ်ထွက်စမ်း”
ချင်ယွမ်ဖုန်းက လက်ချောင်းဖြင့် တစ်ချက်တောက်လိုက်ရာ မီးလျှံတစ်ခုသည် သူ၏ခြေရင်းသို့ ကျရောက်သွားပြီးနောက် ချက်ချင်းပင် ပြင်းထန်စွာ စတင်လောင်ကျွမ်းတော့သည်။
အေးစိမ့်မှုများ ကင်းစင်သွားသဖြင့် ချင်ယွမ်ဖုန်းသည် အကြိမ်အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် တစ်ဖုန့်ခန့်အကွာသို့ ခုန်ဆင်းကာ အေးစက်သော မျက်လုံးများဖြင့် ကြည့်နေလိုက်သည်။
ယခုအချိန်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများမှာ အပေါက်အပြဲများဖြင့် မည်းတူးနေပြီး ဆံပင်များမှာလည်း ထောင်ထနေပေရာ ကြည့်ရသည်မှာ အတော်ပင် နွမ်းလျဖရိုဖရဲ ဖြစ်နေချေပြီ။
ချန်ဖန်းမှာမူ နှစ်ကွက်မျှ တိုက်ခိုက်ပြီးသည့်တိုင် ဘာဒဏ်ရာမှ မရဘဲ ရပ်နေနိုင်ဆဲ ဖြစ်သည့်အပြင် သူ၏လက်ထဲတွင်လည်း အဆောင်လက်ဖွဲ့များမှာ ကုန်ဆုံးနိုင်ဖွယ် မရှိသကဲ့သို့ ပေါ်ထွက်နေလေသည်။
နောက်ထပ် အဆောင်လက်ဖွဲ့က မည်သို့သော အစွမ်းမျိုး ပြဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
“ထင်ထားတဲ့အတိုင်းပဲ... အတော်လေး အစွမ်းထက်တာပဲ” ဟု ချင်ယွမ်ဖုန်းက ခပ်တိုးတိုး ပြောလိုက်သည်။
“မင်းလည်း အတူတူပါပဲ” ချန်ဖန်းသည် သူ အသာစီးရနေသဖြင့် ဝင့်ကြွားခြင်း မရှိဘဲ ချင်ယွမ်ဖုန်းကို ပိုမိုအလေးအနက်ထား၍ စောင့်ကြည့်နေလေသည်။
မိုးကြိုးကြောင့် ဖြစ်ပေါ်လာသော ထုံကျဉ်မှုကို ကျော်လွှားနိုင်ပြီး တစ်ချိန်တည်းမှာပင် ပြန်လည်တိုက်ခိုက်နိုင်သည့်အပြင် သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာလည်း အလွန်ပင် ကောင်းမွန်လှသဖြင့် မိုးကြိုးဒဏ်အောက်တွင် ထိခိုက်မှု အနည်းငယ်သာ ရှိသည်ကို ချန်ဖန်း သတိပြုမိပေသည်။
ချင်ယွမ်ဖုန်းသည် သူ၏ဆံပင်များကို သပ်ချလိုက်ပြီးနောက် သူ၏သိုလှောင်အိတ်အတွင်းမှ လုယန့်ဓားကို ဆွဲထုတ်လိုက်လေသည်။
“နောက်ဆုံးတော့ အစွမ်းကုန် ထုတ်သုံးတော့မှာပေါ့လေ” ဟု ချန်ဖန်းက ရေရွတ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဓားရှည်ကို ဓားအိမ်အတွင်းမှ ဖြည်းညင်းစွာ ဆွဲထုတ်လိုက်တော့သည်။
“ကြွစမ်း”
ချန်ဖန်းက အော်ဟစ်လိုက်ရာ သူ၏ရှေ့တွင် အဆောင်လက်ဖွဲ့ ရာနှင့်ချီ၍ ပေါ်ထွက်လာပြီး လိပ်ပြာများကဲ့သို့ လွင့်မျောနေချေသည်။
“သွားစမ်း”
ချန်ဖန်းက ချင်ယွမ်ဖုန်းထံသို့ လက်ညှိုးညွှန်လိုက်ရာ အဆောင်လက်ဖွဲ့ အမြောက်အမြားမှာ လှိုင်းလုံးကြီးများသဖွယ် ချင်ယွမ်ဖုန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ရှောင်တိမ်းခြင်း မပြုသည့်အပြင် သူ၏ဓားရှည်ပေါ်တွင် အပြာရောင်မီးလျှံများ ပေါ်ထွက်လာချေပြီ။
မီးလျှံများကို မြင်လိုက်ရသောအခါ ချန်ဖန်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် အဆောင်လက်ဖွဲ့များအတွက် အကြောက်ဆုံးအရာမှာ မီးပင် ဖြစ်သောကြောင့်ပင်။
ချင်ယွမ်ဖုန်းသည် ဓားကို ဆွဲကာ ပြေးဝင်သွားရာ သူ၏နောက်တွင် မီးလျှံများဖြင့် မြင်းကြောင်းတစ်ခု ကျန်ရစ်ခဲ့ပေသည်။ ချက်ချင်းပင် အဆောင်လက်ဖွဲ့များနှင့် ချင်ယွမ်ဖုန်းတို့ ထိတွေ့သွားကြပြီး ချင်ယွမ်ဖုန်း၏ လက်ထဲမှ ဓားမှာ အထက်အောက် လှုပ်ရှားသွားရာ အဆောင်လက်ဖွဲ့ တစ်တန်းလုံးမှာ ထက်ပိုင်းပြတ်သွားတော့သည်။
အဆောင်လက်ဖွဲ့များ ပြတ်တောက်သွားသည့်အခါ ၎င်းတို့ပေါ်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များမှာလည်း ပျက်စီးသွားပြီး အဆောင်လက်ဖွဲ့များမှာ အမှိုက်စက္ကူများ ဖြစ်သွားကြရသည်။
“မိုးကြိုးပညာရပ်”
ချန်ဖန်းသည် ယခင်လှည့်ကွက်ကိုပင် ထပ်မံအသုံးပြုလိုသဖြင့် လက်တံဆိပ်တော်များ ဖော်ဆောင်လိုက်ရာ ထိုအဆောင်လက်ဖွဲ့များမှာ ချင်ယွမ်ဖုန်း၏ လုယန့်ဓားထံသို့ တိုးဝင်သွားကြသည်။
ချင်ယွမ်ဖုန်းမှာ ရှောင်တိမ်းခြင်း မရှိဘဲ လက်ထဲမှ ဓားရှည်ကို မြှောက်ကာ အရှိန်အဟုန်ဖြင့် ခုတ်ချလိုက်လေသည်။
“မီးလျှံကောင်းကင် ခုတ်ချက်”
မီးလျှံများ ဝန်းရံထားသော ကြီးမားလှသည့် ဓားအလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ချင်ယွမ်ဖုန်းထံသို့ တိုးဝင်လာသော အဆောင်လက်ဖွဲ့များမှာ ချက်ချင်းပင် ပြာအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ချန်ဖန်းသည် မျက်လုံးများ ပြူးသွားကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် အဆောင်လက်ဖွဲ့များ တရစပ် ပေါ်ထွက်လာသော်လည်း ထိုအဆောင်လက်ဖွဲ့များမှာ မီးလျှံဓားအလင်းတန်းကို မယှဉ်နိုင်ပေ။
“ရေခဲစမ်း”
ချန်ဖန်းသည် လက်တံဆိပ်တော်ကို ထပ်မံပြောင်းလဲလိုက်ရာ သူ၏ရှေ့ရှိ အဆောင်လက်ဖွဲ့များမှ ရိုးတွင်းခြင်ဆီတိုင်အောင် အေးစိမ့်သော အအေးဓာတ်များ ထွက်ပေါ်လာပြီး မီးလျှံဓားအလင်းတန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
တစ်ကွင်းလုံးမှာ မီးနှင့် ရေခဲတို့၏ ကမ္ဘာအဖြစ် ပြောင်းလဲသွားသကဲ့သို့ ရှိချေသည်။ မီးလျှံများ ဝန်းရံထားသော ဓားအလင်းတန်းသည် လေထဲတွင် ခေတ္တရပ်တန့်သွားပြီး အအေးဓာတ်များနှင့် ယှဉ်ပြိုင်နေတော့သည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့သည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး တစ်ယောက်ထံသို့ တစ်ယောက် အမြန်ပြေးဝင်သွားကြပေသည်။
ချင်ယွမ်ဖုန်းသည် ဓားသွားကို နောက်သို့လှည့်ကာ ဓားကျောဖြင့် ခုတ်ရန် ပြင်လိုက်ပြီး ချန်ဖန်းမှာလည်း ထိုအချိန်တွင် ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်လေသည်။
ဓားရှည်နှစ်လက်စလုံးမှာ ပုံသဏ္ဌာန်ချင်း တူညီကြပြီး အေးစိမ့်သော အရှိန်အဝါများ ဝန်းရံနေကြသည်။
နောက်တစ်ခဏတွင် သူတို့နှစ်ဦး ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားကြပြီး လက်ထဲရှိ ဓားရှည်များမှာ လင်းလက်တောက်ပလျက် ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။
“ဘုန်း”
ခဏအကြာတွင် ချန်ဖန်း၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားပြီး လေထဲရှိ မီးလျှံဓားအလင်းတန်းမှာလည်း လမ်းကြောင်းတွင် ပိတ်ဆို့ထားသော အအေးဓာတ်များကို ဝါးမြိုသွားချေပြီ။
ချန်ဖန်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး သူ၏ရင်ဘတ်ကို ချင်ယွမ်ဖုန်း၏ ဓားဖြင့် ရိုက်မိသွားပေသည်။
သူသည် အမြန်ပြန်ထလိုက်သော်လည်း သူ၏ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိဘဲ ရင်ဘတ်၌ အနီရောင်အမှတ်တစ်ခုသာ ထင်ကျန်နေသည်ကို တွေ့လိုက်ရပေသည်။
“မင်း ဓားကျောကို သုံးခဲ့တာလား” ဟု ချန်ဖန်းက အံ့အားသင့်စွာ မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် “ဒါက ပြိုင်ပွဲတစ်ခုပဲလေ... တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရအောင် လုပ်ဖို့ မလိုပါဘူး” ဟု ပြောလိုက်ပေရာသည်။
ချန်ဖန်းမှာ ခေတ္တမျှ စကားမဆိုနိုင်ဘဲ ဖြစ်သွားရသည်။ သူ ရှုံးနိမ့်သွားပြီဖြစ်ကြောင်းကို အကဲခတ်တတ်သူတိုင်း မြင်နိုင်ပေသည်။
“တကယ်လို့ မင်းသာ လက်မလျှော့ခဲ့ဘူးဆိုရင် ငါ ဘာဖြစ်သွားမလဲ” ဟု ချန်ဖန်းက ခါးသီးစွာ မေးလိုက်သည်။
ချင်ယွမ်ဖုန်းက ခေတ္တမျှ စဉ်းစားပြီးနောက် “မင်း ရေခဲအဆောင်လက်ဖွဲ့ကို သုံးလိုက်တဲ့ အချိန်မှာတင် အသက်ဆုံးရှုံးသွားလောက်ပါပြီ” ဟု ဖြေလိုက်သည်။
အဆောင်လက်ဖွဲ့များကို တိုက်ခိုက်ရာတွင် ချင်ယွမ်ဖုန်း၌ ထူးခြားသော အားသာချက်တစ်ခု ရှိနေသည်မှာ မီးလျှံပင် ဖြစ်ချေသည်။
“ကောင်းပြီ... ငါ ရှုံးပါပြီ” ဟု ချန်ဖန်းက သက်ပြင်းချလျက် ပြောလိုက်ကာ “မင်းက ငါကြုံဖူးသမျှထဲမှာ အတောင့်တင်းဆုံး ပြိုင်ဘက်ပဲ” ဟု ဆိုလေသည်။
“ငါကတော့ ရန်သူဖြစ်ရတာကို သိပ်မကြိုက်ဘူး” ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
သူတို့နှစ်ဦးသည် စင်မြင့်ပေါ်မှ ဆင်းလာကြသော်လည်း ကြည့်ရှုသူ အများအပြားမှာမူ အားမရနိုင်ဘဲ ရှိနေကြသေးသည်။
ချန်ဖန်း၏ အဆောင်လက်ဖွဲ့ အသုံးပြုပုံမှာ အလွန်ပင် ခန့်ညားလှပြီး တစ်ချိန်လုံးလည်း အသာစီးရနေခဲ့ရာ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ အမြန်ဆုံး ရှုံးနိမ့်သွားရသည်ကို သူတို့ နားမလည်နိုင်ကြပေ။
ချန်ဖန်းသာ ချင်ယွမ်ဖုန်းနှင့် မတွေ့ခဲ့ပါက နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်မှာ သေချာသဖြင့် အားလုံးက နှမြောတသ ဖြစ်နေကြပေသည်။
ချန်ဖန်းကိုယ်တိုင်မှာမူ သူ၏ရှုံးနိမ့်မှုကို အပြည့်အဝ လက်ခံလိုက်ပေပြီ။ သူသည် သတ္တမအဆင့် မဟာဆရာတစ်ယောက်၏ အစွမ်းဖြင့် ချင်ယွမ်ဖုန်းကို ဖိနှိပ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိသေးသော ချင်ယွမ်ဖုန်းကို ရှုံးနိမ့်သွားရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထို့ကြောင့် ရှန်းဝူအကယ်ဒမီသို့ တက်ရောက်နိုင်သူများမှာ အမှန်တကယ်ပင် ထူးဆန်းသော ပါရမီရှင်များ ဖြစ်ကြသည်ဟု သူ ခံစားလိုက်ရတော့သည်။
ချင်ယွမ်ဖုန်းသည် ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ရှိရာသို့ ပြန်ရောက်လာရာ သူတို့နှစ်ဦးမှာ စိုးရိမ်တကြီး ကြည့်နေကြသော်လည်း မရယ်ဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ချင်ယွမ်ဖုန်းမှာ တစ်ကိုယ်လုံး မည်းတူးနေပြီး ကျောက်မီးသွေးတုံးကြီးသဖွယ် ဖြစ်နေပေရာ အလွန်ပင် ရယ်စရာကောင်းနေသောကြောင့်တည်း။
“ရယ်နေကြတုန်းပဲလား” ချင်ယွမ်ဖုန်းက မျက်စောင်းထိုးလျက် ပြောပြီးနောက် ရေချိုးရန် အမြန်ထွက်သွားတော့သည်။
ချင်ယွမ်ဖုန်း ရေချိုးပြီး ပြန်လာသောအခါ မနေ့ညက လင်ယွဲ့ဆိုသည့် မိန်းကလေးမှာ အနိုင်ရသွားသည်ကို တွေ့လိုက်ရသည်။
သူမ၏ ပြိုင်ဘက်မှာလည်း အတော်ပင် အစွမ်းထက်သော်လည်း လင်ယွဲ့၏ အသက်စွန့်၍ တိုက်ခိုက်တတ်သော ပုံစံကြောင့် ကြောက်လန့်သွားရကာ မတန်တဆ ရှုံးနိမ့်သွားခဲ့ရပေသည်။
လူအများမှာ သက်ပြင်းချလျက် ရေရွတ်နေကြသည်။ အစွမ်းထက်လှသော ချန်ဖန်းမှာ ဤနေရာတွင် ရပ်တန့်သွားခဲ့ရသော်လည်း အရည်အချင်း မပြည့်မီသယောင် ရှိသော လင်ယွဲ့မှာမူ နောက်တစ်ဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ချေပြီ။
အမှန်စင်စစ် ကံတရားဆိုသည်မှာလည်း အစွမ်းအစ၏ အစိတ်အပိုင်းတစ်ခုပင် ဖြစ်ပေတော့သည်။
အခန်း (၂၁၆) နတ်ဘုရားတွက်ချက်ခြင်း
တိုက်ရိုက်သင်ကြားခွင့်ရတပည့်များ၏ တိုက်ပွဲများအပြင် အတွင်းစည်းတပည့်များ၏ တိုက်ပွဲများသည်လည်း အလားတူပင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှချေသည်။
အထူးသဖြင့် ချင်ယွမ်ဖုန်း၏ ညီအစ်ကိုကောင်းဖြစ်သူ အိုင်ဖေး စစ်ကွင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ချင်ယွမ်ဖုန်း၏ အာရုံစိုက်မှုအားလုံးသည် အိုင်ဖေးထံသို့သာ လုံးလုံးလျားလျား ရောက်ရှိသွားတော့သည်။
အိုင်ဖေး၏ တိုက်ခိုက်ပုံမှာ အလွန်ပင် ထူးခြားလှပြီး ချန်ဖန်း အဆောင်လက်ဖွဲ့များကို အသုံးပြုပုံနှင့် အနည်းငယ် ဆင်တူသော်လည်း သူ၏ 'အဆောင်လက်ဖွဲ့' များမှာမူ ကြေးပြားစေ့များ ဖြစ်ကြပေသည်။
ယခုအချိန်တွင် အိုင်ဖေးမှာ လူတစ်ယောက်အဖြစ်သို့ လုံးဝ ပြောင်းလဲသွားသကဲ့သို့ ရှိနေချေပြီ။
သူ၏ ကိုယ်တွင်းစွမ်းအင်များမှာ လှိုင်းထန်နေပြီး သူ၏ သူငယ်အိမ်များသည်လည်း ဖြည်းညှင်းစွာ ကျယ်ပြန့်လာကာ နောက်ဆုံးတွင် တစ်မျက်လုံးလုံး မည်းနက်သွားတော့သည်။
"နတ်ဘုရားတွက်ချက်ခြင်း၊ အရာခပ်သိမ်း သိမြင်ခြင်း"
ကြေးပြားစေ့ အမြောက်အမြားသည် အိုင်ဖေး၏ ရှေ့တွင် လွင့်မျောနေပြီး သူ၏ ခြေဖဝါးအောက်တွင် ဝိညာဉ်အဆောင်ပုံရိပ် အမြောက်အမြားမှာ ရုတ်တရက် ပေါ်ပေါက်လာချေသည်။
ထိုဝိညာဉ်အဆောင်ပုံရိပ်များသည် အိုင်ဖေးကို ဗဟိုပြု၍ ဘဂွားအစီအရင်ပုံစံဖြင့် တည်ရှိနေကာ စစ်ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားတော့သည်။
"ဒါက ဘာကြီးလဲ" အိုင်ဖေး၏ ခြေဖဝါးအောက်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များကို မြင်တွေ့လိုက်ရသောအခါ လူအများမှာ ချက်ချင်းပင် ထရပ်လိုက်ကြကုန်သည်။
"ဒါက... နတ်ဘုရားတွက်ချက်သူ အိုင်မိသားစုရဲ့ ကွက်ကွက်ကွင်းကွင်း လှုပ်ရှားမှုပဲ။ ဒီလူငယ်လေးက တကယ်တော့ အိုင်မိသားစုက ဖြစ်နေတာပဲ" ဝိညာဉ်အဆောင်ပုံရိပ်၏ အရင်းအမြစ်ကို သိရှိသူတစ်ဦးက အံ့ဩတကြီး ဟစ်အော်လိုက်ချေသည်။
ချင်ယွမ်ဖုန်းမှာလည်း မှင်သက်သွားရပေသည်။ အိုင်ဖေးသည် ရှန်းဝူ စကြဝဠာ တိုက်ကြီးရှိ နတ်ဘုရားတွက်ချက်သူ မိသားစုမှ ဆင်းသက်လာသူဖြစ်ကြောင်း သူ ယခုမှ သိရှိရတော့သည်။
နတ်ဘုရားတွက်ချက်သူ အိုင်မိသားစုမှာ အလွန်ပင် လျှို့ဝှက်နက်နဲလှသည်။ ၎င်းတို့သည် အမြဲတမ်း မျိုးရိုးတစ်ခုတည်းအဖြစ်သာ တည်ရှိခဲ့ကြပြီး ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ထုတ်ဖော်ပြောကြားခဲ့ကြသဖြင့် ၎င်းတို့၏ သက်တမ်းမှာ ရှည်ကြာလေ့မရှိပေ။
၎င်းမှာ နတ်ဘုရားတွက်ချက်ခြင်း ပညာရပ်ကြောင့် ၎င်းတို့အပေါ် ကျရောက်လာသော ကျိန်စာပင် ဖြစ်ချေသည်။
အိုင်ဖေးသည် ဆေးနတ်ဘုရားဂိုဏ်းသို့ ရောက်ရှိလာခြင်းမှာ အိုင်မိသားစုဝင်များက အိုင်ဖေးကို အိုင်မိသားစု၏ ကျိန်စာမှ လွတ်မြောက်စေလိုသောကြောင့် ဖြစ်တန်ရာသည်။
ဤအချိန်၌ အိုင်ဖေး၏ မျက်နှာအမူအရာမှာ တည်ကြည်လေးနက်နေပေသည်။ စစ်ကွင်းတစ်ခုလုံးသည် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေချေပြီ။
အိုင်ဖေး၏ ပြိုင်ဘက်မှာ ရွှမ်ပင်းဂေဟာမှ အတွင်းစည်းတပည့် ဒီရှန်းကျယ်ဖြစ်ပြီး သူမှာလည်း ပထမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသူ ဖြစ်သည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ကာ "ဒီအိုင်ဖေးက တကယ်ကို လျှို့ဝှက်ချက်တွေ အများကြီး ထားထားတာပဲ" ဟု ရေရွတ်လိုက်သည်။
"ဖုန်းအစ်ကို၊ အိုင်ဖေးက နိုင်မှာလား" ဟု ရှောင်ချောင်က ဤအချိန်တွင် မေးမြန်းလိုက်ပေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "နိုင်ဖို့ နီးစပ်ပါတယ်။ အိုင်ဖေးရဲ့ ခြေဖဝါးအောက်က ဝိညာဉ်အဆောင်ပုံရိပ်တွေက သူ့ရဲ့ အာရုံခံကြောတွေနဲ့ အလားတူပဲလေ။ ပြိုင်ဘက်ရဲ့ ဘယ်လိုလှုပ်ရှားမှုကိုမဆို အိုင်ဖေးက သိရှိနေမှာ။ သူက မရှုံးနိမ့်တော့တဲ့ အခြေအနေကို ရရှိသွားပြီ" ဟု ရှင်းပြလိုက်သည်။
အမှန်တကယ်ပင် စစ်ကွင်းပေါ်ရှိ အိုင်ဖေးမှာ အလွန်ပင် တည်ငြိမ်နေပေသည်။ ပြိုင်ဘက်၏ မည်သည့်တိုက်ခိုက်မှုကိုမဆို သူက ကြိုတင်သိရှိနေပြီး အလွယ်တကူပင် ရှောင်တိမ်းနိုင်ခဲ့သည်။
ထိုသို့ဖြင့် ပြိုင်ဘက်မှာ မောပန်းနွမ်းနယ်သွားပြီးနောက် အိုင်ဖေး၏ ရှေ့ရှိ ကြေးပြားစေ့များသည် ရုတ်တရက် ထွက်ပေါ်သွားပြီး ဒီရှန်းကျယ်၏ ရင်ဘတ်ကို အဆက်မပြတ် ရိုက်ခတ်ကာ စစ်ကွင်းအပြင်ဘက်သို့ လွင့်စင်သွားစေတော့သည်။
"ကောင်းတယ်၊ အိုင်ဖေး နိုင်သွားပြီ။ ဒီနေ့တော့ သူက ငါတို့ကို မုန့်ကျွေးရမယ်" ဟု ရှောင်ချောင်က စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်ပေသည်။
ချင်ယွမ်ဖုန်းက ပြုံး၍ "သူကျွေးမယ်ဆိုရင်တောင် ဆေးနတ်ဘုရားဂိုဏ်းက စားစရာတွေပဲ ဖြစ်မှာပါ" ဟု ဆိုလိုက်သည်။
"ဪ... ဟုတ်သားပဲ" ဟု ရှောင်ချောင်က သတိရသွားသော်လည်း အိုင်ဖေးကို မုန့်ကျွေးခိုင်းမည်ဟူသော သူမ၏ ဆုံးဖြတ်ချက်မှာမူ ပျက်ပြယ်မသွားပေ။
အိုင်ဖေးသည် သူ၏ ခြေဖဝါးအောက်ရှိ ဝိညာဉ်အဆောင်ပုံရိပ်များကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သူ၏ သူငယ်အိမ်ရှိ အမည်းရောင်များမှာလည်း ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူမှာ အနည်းငယ် မောပန်းနေပုံရသော်လည်း အလွန်ပင် စိတ်လှုပ်ရှားနေဆဲ ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့တက်လှမ်းကာ အိုင်ဖေး၏ အောင်ပွဲအတွက် ဂုဏ်ပြုစကား ဆိုလိုက်သည်။
"စီနီယာအကို၊ ကျွန်တော်က အစ်ကို့နောက်ကို လိုက်ဖို့ အများကြီး လိုပါသေးတယ်" ဟု အိုင်ဖေးက ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "ငါက ကံကောင်းလို့ တချို့အရာတွေကို ရခဲ့တာပါ။ မင်းသာ ကြိုးစားမယ်ဆိုရင် ငါ့ကို ကျိန်းသေပေါက် လိုက်မီမှာပါ" ဟု အားပေးလိုက်ပေသည်။
"ဟုတ်ကဲ့" ဟု အိုင်ဖေးက အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။
ထိုနေ့၏ သိုင်းပြိုင်ပွဲမှာ ပြီးဆုံးသွားခဲ့ချေပြီ။ တိုက်ရိုက်သင်ကြားခွင့်ရတပည့်များထဲတွင် လေးဦးသာ ကျန်ရှိတော့ပြီး အပြင်စည်းနှင့် အတွင်းစည်းတပည့်များတွင်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပေသည်။
နက်ဖြန်တွင် နောက်ဆုံးတိုက်ပွဲ ဖြစ်ပွားမည်ဖြစ်ပြီး နောက်ဆုံးအောင်နိုင်သူ နှစ်ဦးသည် ပထမနေရာအတွက် ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။
ဤသူများထဲမှ မည်သူက ပထမရမည်ကို လူအများက ခန့်မှန်းနေကြပြီး ချင်ယွမ်ဖုန်းမှာ အများဆုံး ချီးကျူးခံနေရသူ ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် 'အမှိုက်ကောင်' ဘဝမှ ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာခြင်းက အခြားဂိုဏ်းများမှ လူများကို သူ၏ အစွမ်းအစကို မြင်တွေ့စေခဲ့သဖြင့် သူ၏အတွက် အလွန်ပင် ကျေနပ်စရာ ကောင်းလှသည်။
တိုက်ရိုက်သင်ကြားခွင့်ရတပည့်များထဲတွင် ချင်ယွမ်ဖုန်းအပြင် ကျန်ရှိနေသော သုံးဦးမှာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ ထျန်းမင်ကျယ်၊ နှင်းမြူဓားဂိုဏ်းမှ လင်ယွဲ့နှင့် ပိုင်ယွဲ့ဂိတ်မှ ရှဲ့ဇီမင်တို့ ဖြစ်ကြသည်။
ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသည်လည်း ပထမတန်းစား အင်အားစုတစ်ခုဖြစ်ပြီး ယခုအကြိမ်တွင် ၎င်းတို့ဂိုဏ်း၏ အကြီးအကဲဖြစ်သူ ယွမ်ထျန်းကန် ဦးဆောင်ကာ လူပေါင်းသုံးဆယ်ကျော် စေလွှတ်ထားခြင်း ဖြစ်သည်။
ထျန်းမင်ကျယ်မှာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းတွင် အလွန်ပင် အရေးပါသူဖြစ်ပြီး ဂိုဏ်း၏ စီနီယာအကိုလည်း ဖြစ်ပေသည်။
သို့သော် ပိုင်ယွဲ့ဂိတ်မှာမူ ဒုတိယတန်းစား အင်အားစုသာ ဖြစ်ချေသည်။ ယေဘုယျအားဖြင့် ဒုတိယတန်းစား အင်အားစုများတွင် တပည့်များကို လေ့ကျင့်ပေးရန် အရင်းအမြစ် အမြောက်အမြား မရှိကြချေ။
ထို့ပြင် ဒုတိယတန်းစား အင်အားစုများသို့ သွားရောက်သူများသည် ပါရမီ ထူးချွန်လေ့မရှိကြသဖြင့် ပထမတန်းစား အင်အားစုများထက် နိမ့်ကျနေတတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။
ဤဂိုဏ်းပေါင်းစုံ ပြိုင်ပွဲတွင် ဒုတိယတန်းစား အင်အားစုများမှ တပည့်များသည် ပထမ သို့မဟုတ် ဒုတိယအဆင့်များတွင်ပင် ရှုံးနိမ့်ခဲ့ကြပြီး ဖြစ်သည်။
သို့သော်လည်း ရှဲ့ဇီမင် ဟု အမည်ရသော ဤလူမှာမူ မထင်မှတ်ဘဲ တက်လှမ်းလာနိုင်ခဲ့သဖြင့် ချင်ယွမ်ဖုန်းက သူ့ကို အနည်းငယ် ပို၍ အာရုံစိုက်မိသွားသည်။
သူသည် ရှဲ့ဇီမင်၏ ယနေ့တိုက်ပွဲကို ကြည့်ရှုခဲ့ရာ အန္တရာယ်များနှင့် ပြည့်နှက်နေသော်လည်း နောက်ဆုံးတွင် ရှဲ့ဇီမင်က အံ့ဖွယ်နည်းဖြင့် အနိုင်ရရှိသွားခဲ့သည်။
လင်ယွဲ့၏ အသည်းအသန် ကြိုးစားအားထုတ်မှုနှင့် မတူဘဲ သူမှာမူ ကံကောင်းခြင်းသက်သက်ကြောင့် အနိုင်ရရှိခဲ့ပုံရပေသည်။
သို့သော်လည်း အကြွင်းမဲ့ ကံကောင်းခြင်းဟူသည် မရှိကြောင်း ချင်ယွမ်ဖုန်း သိရှိနေသည်။ ရှဲ့ဇီမင်အနေဖြင့် ပြိုင်ဘက်များကို နှစ်ကြိမ်ဆက်တိုင် အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူသည် အညံ့စား မဟုတ်ကြောင်း သေချာလှပေသည်။
ညဦးပိုင်းတွင်မူ ခမ်းနားသော တည်ခင်းဧည့်ခံပွဲကြီး ရှိနေဆဲ ဖြစ်သည်။ ယနေ့တွင် နန်ဝူးမြို့မှ ကချေသည်များကိုပင် ဖျော်ဖြေရန် ဖိတ်ကြားထားချေသည်။
လှပသော ကချေသည်များသည် ရင်ပြင်၏ အလယ်ဗဟိုတွင် ကျော့ရှင်းစွာ ကပြနေကြပြီး ယနေ့ တိုက်ခိုက်ခဲ့ကြသူများအား အမောအပန်း ပြေပျောက်စေဟန် ရှိသည်။
ချင်ယွမ်ဖုန်းသည် ထိုနေရာတွင် ထိုင်နေဆဲဖြစ်ပြီး သူ၏ နက်ဖြန်အတွက် ပြိုင်ဘက်များကို ဂရုတစိုက် လေ့လာနေသည်။ သို့သော် ဤအချိန်တွင် ချန်ဖန်းက ရုတ်တရက် ဖြည်းညှင်းစွာ လျှောက်လာပြီး ချင်ယွမ်ဖုန်း၏ ဘေးတွင် ထိုင်လိုက်ပေသည်။
"ငါ့အသက်အရွယ်တူ လူတစ်ယောက်ဆီမှာ ငါပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးတာပဲ" ဟု ချန်ဖန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက အနည်းငယ် အံ့အားသင့်သွားပြီး "ရပါတယ်၊ နောက်ဆိုရင် မင်း ဒါကို ကျင့်သားရသွားမှာပါ" ဟု ပြန်ပြောလိုက်သည်။
ချန်ဖန်းမှာ ခဏမျှ စကားစအပျောက်သွားပြီး နောက်ဆုံးတွင် "မင်းက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ။ နောင်မှာလည်း မင်းနဲ့ ခဏခဏ ယှဉ်ပြိုင်ချင်ပါသေးတယ်" ဟု တစ်ခွန်းသာ ပြောနိုင်တော့သည်။
ချင်ယွမ်ဖုန်းက မျက်ခုံးပင့်လိုက်သည်။ ဤသည်မှာ ချန်ဖန်း၏ စစ်မှန်သော ရည်ရွယ်ချက်ဖြစ်ကြောင်း သူ သိရှိလိုက်ပေပြီ။
သူ့ကို ကျောက်သွေးကျောက်အဖြစ် အသုံးပြုကာ မိမိကိုယ်ကိုယ် ထက်မြက်အောင် ပြုလုပ်လိုခြင်းသာ ဖြစ်သည်။
"ရတာပေါ့၊ ကြိုက်တဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ ငါက နည်းနည်း အလုပ်များတော့ ဆေးနတ်ဘုရားဂိုဏ်းမှာ ခဏခဏ ရှိနေမှာ မဟုတ်ဘူး" ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာပင် ဆိုလိုက်သည်။
ချန်ဖန်းက ဆက်၍ စကားမပြောတော့ဘဲ ကပြနေသော မိန်းကလေးများကိုသာ တည်ငြိမ်စွာ ကြည့်နေတော့သည်။ သူ၏ အတွေးများမှာမူ မည်သည့်နေရာသို့ ရောက်ရှိနေသည် မသိပေ။
ချင်ယွမ်ဖုန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လူအားလုံး၏ အနောက်တွင် ထိုင်နေသော လင်ယွဲ့ကို မြင်တွေ့လိုက်ရသည်။ သူမမှာ ဒဏ်ရာ အပြင်းထန်ဆုံး ရရှိထားသူဖြစ်သဖြင့် ခဏအကြာတွင် သူမ၏ အခန်းသို့ ပြန်သွားတော့သည်။
ဧည့်ခံပွဲ ပြီးဆုံးသွားပြီးနောက် ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်းကို လာရောက်ရှာဖွေကာ "ဒီကချေသည်တွေကို နန်ဝူးမြို့အထိ လိုက်ပို့ပေးပါဦး။ လမ်းမှာ ဂရုစိုက်ပါဦး" ဟု မှာကြားလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "စိတ်မပူပါနဲ့ ဂိုဏ်းချုပ်။ ဒီကိစ္စသေးသေးလေးက လွယ်ပါတယ်။"
သို့သော် ဒုန်ဖန်းရှန့်မင်မှာ အနည်းငယ် စိုးရိမ်နေပုံရပြီး "ဒီကချေသည်တွေက သူတို့ဘာသာ နန်ဝူးမြို့ကို ပြန်ချင်တယ်လို့ ပြောပြီး လိုက်ပို့ပေးဖို့ တောင်းဆိုခဲ့တာ။ အဲဒီမှာ မင်းကိုပဲ အထူးတောင်းဆိုထားလို့ ငါ့စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်နေတာ" ဟု ဆိုသည်။
ချင်ယွမ်ဖုန်းက ခဏမျှ စဉ်းစားလိုက်ပြီး "ဒါဆိုရင် ကျွန်တော် ဝမ်ချိုင်ကိုပါ ခေါ်သွားလိုက်မယ်" ဟု ပြောလိုက်သည်။
"အဲဒါ ကောင်းပါတယ်။ သေချာ ဂရုစိုက်ပါ။ ပြီးတော့ မင်းရဲ့ နက်ဖြန် ပြိုင်ဘက် ရှဲ့ဇီမင်ကိုလည်း သတိထားဦး"
"ရှဲ့ဇီမင်လား" ချင်ယွမ်ဖုန်းက ထိုအချိန်တွင် အဝေးသို့ လှမ်းကြည့်လိုက်ရာ ရှဲ့ဇီမင်မှာ ထိုနေရာတွင် ရပ်နေပြီး သူ့ကို ယုတ်မာသော အကြည့်ဖြင့် ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။
သူ ချင်ယွမ်ဖုန်း လှည့်ကြည့်သည်ကို မြင်သောအခါမှ ရှဲ့ဇီမင်က ပြုံးပြလိုက်ပေသည်။
အကြောင်းရင်း တစ်ခုခုကြောင့် ချင်ယွမ်ဖုန်းသည် ရှဲ့ဇီမင်ကို ကြည့်လိုက်သည့်အခါတိုင်း ဖိနှိပ်ထားသော ခံစားချက်ကို အမြဲ ခံစားနေရသည်။
"နားလည်ပါပြီ ဂိုဏ်းချုပ်။ ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့ပါ့မယ်" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်ပြကာ ချင်ယွမ်ဖုန်း၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
ချင်ယွမ်ဖုန်းသည် ကချေသည် အုပ်စုထံသို့ လျှောက်လှမ်းသွားခဲ့သည်။ ၎င်းတို့မှာ ပါးလွှာပြီး လွင့်မျောနေသော ပိုးသားဝတ်စုံများကို ဝတ်ဆင်ထားကြသဖြင့် မြင်ရသူအပေါင်းအား စိတ်ကူးယဉ်စရာ ဖြစ်စေတော့သည်။