အခန်း (၂၁၇-၂၁၈)
Vol. 13 Ch. 217-218
အခန်း (၂၁၇) ဝတ်စုံနက်ဝတ် လူစု
"သခင်လေး... ကျွန်မတို့ကို ပြန်ပို့ပေးဖို့ ကြွလာတာလားရှင့်" ကချေသည်မလေးတစ်ဦးက ရှေ့သို့တိုးကာ မေးမြန်းလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "မိန်းကလေး... ဂိုဏ်းချုပ်က မင်းတို့ကို လိုက်ပို့ခိုင်းလို့ပါ။ အချိန်မဆွဲဘဲ အခုပဲ ထွက်ကြစို့" ဟု ဆိုလေသည်။
"ကောင်းပါပြီရှင့်" ထိုကချေသည်မလေးက တခိခိရယ်မောလျက် "သခင်လေး... ကျွန်မနာမည်က ဒုန်မေပါ" ဟု ပြော၏။
"မိန်းကလေး ဒုန်မေ" ချင်ယွမ်ဖုန်းက ပြုံး၍ ခေါင်းညိတ်ပြပြီးနောက် ကချေသည်မလေးများနှင့်အတူ တောင်အောက်သို့ ဆင်းလာခဲ့တော့သည်။
ကချေသည်မလေး စုစုပေါင်း ခြောက်ဦးရှိရာ ချွန်မေ၊ ရှောင်မေ၊ ချိုးမေ နှင့် ဒုန်မေတို့အပြင် ရှန့်လန်နှင့် ယုံလန်တို့လည်း ပါဝင်ပေသည်။
၎င်းတို့ ခြောက်ဦးစလုံးမှာ နုနယ်လှပသည့် ကချေသည်လေးများ ဖြစ်ကြသော်လည်း ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင်မူ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရဆဲ ဖြစ်ချေသည်။
ထိုသူမများက ညဉ့်နက်သန်းခေါင်မှ နန်ဝူးမြို့သို့ ပြန်လိုသည်ဟု အတင်းအကျပ် တောင်းဆိုကြသည့်အပြင် ချင်ယွမ်ဖုန်းကိုပါ အဖော်လိုက်ရန် အထူးတလည် တောင်းဆိုခဲ့ကြသည်။
ယင်းမှာ တစ်ခုခု မသင်္ကာစရာ မရှိဟုဆိုလျှင် ချင်ယွမ်ဖုန်း ကိုယ်တိုင်ပင် ယုံကြည်နိုင်မည် မဟုတ်ပေ။
ကချေသည် ခြောက်ဦးစလုံး ရထားလုံးထဲသို့ ဝင်ကြလေသည်။ ထိုရထားလုံးကို ခေါင်းသုံးလုံးပါ လင်ကျားဝံပုလွေများက ဆွဲကြ၏။ ဤမျှ အတွေ့ရများသော သားရဲများမှာ ကချေသည် ခြောက်ဦး၏ လက်ဝယ်တွင် ရှိနေခြင်းကပင် အခြေအနေကို ပို၍ ထူးဆန်းစေခဲ့သည်။
သို့သော်လည်း လင်ကျားဝံပုလွေများ၏ အရှိန်မှာ သာမန်မြင်းများထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်ပေရာ ဆေးနတ်ဘုရားဂိုဏ်းမှ နန်ဝူးမြို့သို့ သွားလျှင် သုံးနာရီခန့်သာ ကြာမြင့်မည်ဖြစ်၍ ချင်ယွမ်ဖုန်းအဖို့ နန်ဝူးမြို့မှ အချိန်မီ ပြန်လာနိုင်ရန် လုံလောက်သော အချိန်ပင် ဖြစ်တော့သည်။
"သခင်လေး... ရထားလုံးထဲကို ကြွပါလားရှင့်။ ခွေးကြီးကို စီးလာတာက သခင်လေးရဲ့ အရှိန်အဝါနဲ့ မလိုက်ဖက်ပါဘူး" ဒုန်မေက ပြုံးရွှင်စွာ ပြောဆိုရင်း ရထားလုံး လိုက်ကာကို မ၍ ဖိတ်ခေါ်လိုက်သည်။
ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားပြီး "ငါ့မှာ အရှိန်အဝါ ရှိလို့လား။ အဲဒါ ဘယ်လို အရှိန်အဝါမျိုးလဲ ပြောပါဦး" ဟု မေးလိုက်၏။
"ကြည်လင် ခန့်ညားတဲ့ သခင်လေးတစ်ယောက်ရဲ့ အရှိန်အဝါမျိုးပေါ့ရှင့်" ဒုန်မေက တခိခိ ရယ်မောလေသည်။
" ဒုန်မေထံမှ အာဃာတတန်ဖိုး +၁၀၀"
". ချွန်မေထံမှ အာဃာတတန်ဖိုး +၁၀၀"
...လူ ခြောက်ဦးစလုံးထံမှ ချင်ယွမ်ဖုန်းအတွက် ယုံကြည်မှုတန်ဖိုး ခြောက်ရာ ရရှိလိုက်ရာ ချင်ယွမ်ဖုန်းမှာ စိတ်ထဲတွင် ပြုံးမိသွားတော့သည်။
ထိုအမျိုးသမီး ခြောက်ဦးစလုံးမှာ သူ့အပေါ် အာဃာတများ ရှိနေကြသည်မှာ သိသာလှပါလျက်နှင့် အဘယ်ကြောင့်များ မြှောက်ပင့်နေကြသနည်း။
"ဒါက ပိုပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ" ချင်ယွမ်ဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်ပြီး ဝမ်ချိုင်၏ ကျောပေါ်မှ ခုန်ဆင်းကာ ရထားလုံးပေါ်သို့ တိုက်ရိုက် တက်လိုက်ချေသည်။
ရထားလုံးမှာ အလွန်ကျယ်ဝန်းလှသဖြင့် လူ ခြောက်ဦး ရှိနေသည့်တိုင် ကျပ်ညပ်သည်ဟု မခံစားရပေ။ ချင်ယွမ်ဖုန်း အထဲသို့ ဝင်လိုက်သည်နှင့် သင်းပျံ့သော ရနံ့တစ်ခုကို ရလိုက်လေသည်။
"သခင်လေး... အခုလို လေတိုက်ပြီး မှောင်မည်းနေတဲ့ ညမှာ စိတ်ဝင်စားစရာ တစ်ခုခု လုပ်ကြရင် မကောင်းဘူးလားရှင့်" ဒုန်မေက ချင်ယွမ်ဖုန်း အထဲဝင်လာသည်နှင့် သူမ၏ ကိုယ်လုံးလေးကို ကပ်ကာ ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ရှက်ရွံ့နေဟန်ဖြင့် "ဒါ... ဒါကြီးက မကောင်းဘူး ထင်တယ်နော်" ဟု ဆို၏။
"ဘာလို့ မကောင်းရမှာလဲရှင့်" ချွန်မေနှင့် ကျန်သူများကလည်း သူ့အနားသို့ တိုးကပ်လာကြသည်။ ခဏအတွင်းမှာပင် ချင်ယွမ်ဖုန်းမှာ နွေးထွေးနူးညံ့သော အထိအတွေ့များကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားချင်စိတ်များ ပေါ်လာတော့သည်။
ထိုစဉ်မှာပင် ဒုန်မေက အဘယ်ကမှန်းမသိသော အရက်အိုးတစ်လုံးကို ထုတ်ယူကာ ချင်ယွမ်ဖုန်းကို တစ်ခွက်ပြီး တစ်ခွက် တိုက်လေသည်။
ခဏချင်းမှာပင် ရထားလုံးအတွင်း၌ နွေဦးရနံ့များ ဖုံးလွှမ်းသွားပြီး ချင်ယွမ်ဖုန်းမှာလည်း အရက်ရှိန်ကို မခံနိုင်တော့ဘဲ မူးယစ်ကာ မှောက်သွားတော့၏။
ဒုန်မေက ရှေ့သို့တိုးကာ ချင်ယွမ်ဖုန်းကို လှုပ်နှိုးကြည့်ပြီး "သခင်လေး... သခင်လေး" ဟု ခေါ်လိုက်သည်။
ချင်ယွမ်ဖုန်းမှာ မည်သို့မျှ တုံ့ပြန်မှု မရှိသည်ကို တွေ့မှသာ သူမမှာ စိတ်အေးသွားတော့သည်။
"ဟွန်း... ယောက်ျားတွေကတော့ အတူတူပါပဲလား။ လူကြီးလူကောင်းလိုလိုနဲ့ တကယ်တော့ နှာဘူးတွေပဲ" ဒုန်မေ၏ မျက်နှာမှာ ချက်ချင်းပင် ရွံရှာသော အမူအရာသို့ ပြောင်းလဲသွားချေသည်။
ကျန်သူများကလည်း ထိုနည်းတူပင် ဖြစ်ကြပြီး ချင်ယွမ်ဖုန်းကို အလွန်အမင်း ရွံရှာနေကြပုံမှာ စောစောက မြှောက်ပင့်နေသည်နှင့် လုံးဝ တခြားစီပင် ဖြစ်တော့သည်။
"ဒုန်မေ... အခု ငါတို့ ဘာဆက်လုပ်ကြမလဲ" ချိုးမေက ထိုစဉ်မှာပင် မေးလိုက်၏။
"သဘောတူထားတဲ့အတိုင်းပဲ... သူ့ကို ခေါင်းဆောင်ဆီ ပို့ပေးလိုက်ရင် ငါတို့ တာဝန် ပြီးပြီပေါ့" ဟု ဒုန်မေက ဆိုလေသည်။
သူမတို့ ခြောက်ဦးစလုံး ခေါင်းညိတ်လိုက်ကြပြီး ရထားလုံးကို တခြား လမ်းကြောင်းတစ်ခုသို့ တိုက်ရိုက် မောင်းနှင်သွားကြတော့သည်။
ဝမ်ချိုင်မှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေသော ပုံစံဖြင့် ရထားလုံးနောက်မှ အရှိန်မပျက် လိုက်ပါလာချေသည်။
ဒုန်မေနှင့် ကျန်သူများမှာ ထိုခွေးကြီးကို ဂရုမစိုက်ကြပေ။
တကယ်တမ်းတွင်မူ ဝမ်ချိုင် စဉ်းစားနေသည်မှာ "ချင်ယွမ်ဖုန်း... ဒီကောင်ကတော့ မိန်းကလေးတွေနဲ့ သူ့ဘာသာသူပဲ ပျော်နေတာပဲ။ ငါလည်း မိန်းကလေးတွေနဲ့ ကစားချင်တာပေါ့..." ဟူ၍ ဖြစ်ပေသည်။
ရထားလုံးမှာ နန်ဝူးမြို့နှင့် ဆေးနတ်ဘုရားဂိုဏ်းကြားရှိ ကွမ်နေးတောင်တန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ဤနေရာမှာ ချင်ယွမ်ဖုန်း ယခင်က အလောင်းကောင်မိစ္ဆာတစ်ကောင်ကို သုတ်သင်ခဲ့ဖူးသည့် နေရာလည်း ဖြစ်ပေသည်။
ဒုန်မေနှင့် ကျန်သူများမှာ ရထားလုံးပေါ်မှ ခုန်ဆင်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ကြသည်။ သဘောတူညီချက်အရ သူမတို့သည် လူကို ဤနေရာတွင် လွှဲပြောင်းပေးရမည် ဖြစ်သည်။
ခဏအကြာတွင် မှောင်ရိပ်ထဲမှ ဝတ်စုံနက်ဝတ် လူအချို့ ဖြည်းညင်းစွာ ထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ လက်၌ မီးရှူးတိုင်များကို ကိုင်ဆောင်ထားကြပြီး မျက်နှာများကိုပင် အဝတ်နက်များဖြင့် ဖုံးအုပ်ထားကြချေသည်။
"လူကြီးမင်းတို့... ကျွန်မတို့ လူကို ခေါ်လာခဲ့ပါပြီ" ဒုန်မေက အေးစက်စွာ ပြောလိုက်၏။
"အတော်ပဲ... ဒါက မင်းတို့အတွက် ဆုလာဘ်ပဲ"
ဝတ်စုံနက်ဝတ် လူတစ်ဦးက ပြောဆိုရင်း သိုလှောင်အိတ်တစ်လုံးကို တိုက်ရိုက် ပစ်ပေးလိုက်သည်။
ဒုန်မေက သိုလှောင်အိတ်ကို ဖွင့်စစ်ပြီးနောက် ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်ချေသည်။ ထို့နောက် သူမသည် ချင်ယွမ်ဖုန်းကို ရထားလုံးပေါ်မှ ပစ်ချလိုက်ပြီး ထိုနေရာမှ မောင်းထွက်သွားတော့သည်။
သို့သော်လည်း သူမတို့ ထွက်ခွာသွားသော လမ်းကြောင်းမှာ နန်ဝူးမြို့ဘက်သို့ မဟုတ်ဘဲ မဟာတံတိုင်းကြီးဘက်သို့ ဖြစ်ရာ ရှီးရန်အင်ပါယာဘက်သို့ ဦးတည်သွားပုံရပေသည်။
ဒုန်မေတို့ အဝေးသို့ ရောက်သွားပြီးနောက် ဝတ်စုံနက်ဝတ် လူတစ်ဦးက ရှေ့သို့တိုးကာ "ခေါင်းဆောင်... သတင်းမပေါက်ကြားအောင် ဒီမိန်းမတွေကို သတ်ပစ်ဖို့ မလိုဘူးလား" ဟု မေးလိုက်သည်။
ခေါင်းဆောင်ဖြစ်သူက ခေါင်းခါပြလျက် "မလိုဘူး။ သူတို့က ငါတို့ သတင်းအချက်အလက်တွေကို မသိကြပါဘူး။ သူတို့ အသက်ရှင်နေမှပဲ ဆေးနတ်ဘုရားဂိုဏ်းရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မှာ" ဟု ဆိုလေသည်။
"နားလည်ပါပြီ" ထိုဝတ်စုံနက်ဝတ် လူက ခေါင်းညိတ်လိုက်၏။
၎င်းတို့မှာ ချင်ယွမ်ဖုန်း အနားသို့ ဖြည်းညင်းစွာ တိုးကပ်သွားကြသည်။ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချင်ယွမ်ဖုန်းကို မြင်မှသာ ၎င်းတို့လည်း စိတ်အေးသွားကြတော့သည်။
"ဟွန်း... ချင်ယွမ်ဖုန်း... ငါတို့ကို အပြစ်မတင်နဲ့။ ဆေးနတ်ဘုရားဂိုဏ်းကို ဝင်ပြီး ငါတို့ သခင်ကြီးအတွက် အကြီးမားဆုံး အတားအဆီး ဖြစ်လာအောင် လုပ်တဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်တော့" ဟု ဝတ်စုံနက်ဝတ် ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်ချေသည်။
"တိုက်ခိုက်ကြ"
သူ၏ အမိန့်ပေးသံနှင့်အတူ ဝတ်စုံနက်ဝတ် လူအားလုံးမှာ လက်ရှိ ဓားမကြီးများကို ပြိုင်တူ မြှောက်လိုက်ကြပြီး ချင်ယွမ်ဖုန်းကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပိုင်းရန် ပြင်လိုက်ကြတော့သည်။
သို့သော်လည်း ထိုအချိန်မှာပင် မြေပြင်ပေါ်၌ မူးပြီး မှောက်နေသော ချင်ယွမ်ဖုန်းမှာ ရုတ်တရက် သမ်းဝေလိုက်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာချေသည်။
"ငါ အရမ်း သိချင်နေတာကတော့ မင်းတို့ရဲ့ သခင်ကြီးဆိုတာ တကယ်တော့ ဘယ်သူလဲ ဆိုတာပါပဲ" ချင်ယွမ်ဖုန်းက ပျင်းရိပျင်းတွဲ အမူအရာဖြင့် မေးလိုက်သည်။
ဝတ်စုံနက်ဝတ် လူစုမှာ လန့်ဖျပ်သွားကြပြီး နောက်သို့ ချက်ချင်း ခုန်ဆုတ်သွားကြတော့၏။
"ချင်ယွမ်ဖုန်း... မင်း... မင်းက မူးပြီး မှောက်နေတာ မဟုတ်ဘူးလား"
ခေါင်းဆောင်ဖြစ်သူမှာ အလွန်အမင်း တုန်လှုပ်သွားချေသည်။
ချင်ယွမ်ဖုန်းက အော်ဟစ် ရယ်မောလိုက်ပြီး "ဒီကချေသည်မလေး အနည်းငယ်က ငါ့ကို မူးအောင် လုပ်နိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား။ မင်းတို့ ငါ့ကို အထင်သေးလွန်းရာ ကျနေပြီ" ဟု ဆိုလေသည်။
အမှန်စင်စစ်တွင်မူ ချင်ယွမ်ဖုန်းမှာ ရထားလုံးပေါ်သို့ တက်ကတည်းက သရုပ်ဆောင်နေခဲ့ခြင်း ဖြစ်ပေသည်။ မူးချင်ယောင်ဆောင်နေခြင်းမှာ ထိုမိန်းကလေးများ မည်သို့ လှည့်ကွက်ဆင်မည်ကို ကြည့်လိုခြင်းသာ ဖြစ်ပြီး ယခုကဲ့သို့ ဝတ်စုံနက်ဝတ် လူစုကို ဆွဲထုတ်နိုင်လိမ့်မည်ဟုမူ သူ မမျှော်လင့်ထားခဲ့ပေ။
"ဟွန်း... ချင်ယွမ်ဖုန်း... ဒီနေ့တော့ မင်း လွတ်မြောက်မှာ မဟုတ်ဘူး"
ဝတ်စုံနက်ဝတ် ခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ ဓားမကြီးကို ရုတ်တရက် ခုတ်ချလိုက်ရာ ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ညဉ့်အမှောင်ကို ခွင်းလျက် ချင်ယွမ်ဖုန်း ရှေ့သို့ ချက်ချင်း ရောက်ရှိလာတော့သည်။
ဘယ်အချိန်ကတည်းက ချင်ယွမ်ဖုန်း၏ လက်ထဲသို့ ရောက်နေသည်မသိသော လုယန့်ဓားမှာ ချက်ချင်းပင် အိမ်မှ အနည်းငယ် ထွက်ပေါ်လာပြီး သူ့ရှေ့မှ တားဆီးလိုက်ချေသည်။
ဓားအလင်းတန်းမှာ လုယန့်ဓားနှင့် ထိတွေ့ကာ မီးပွင့်များစွာ ထွက်ပေါ်လာသည်။ ပြင်းထန်သော အင်အားကြောင့် ချင်ယွမ်ဖုန်းမှာ မီတာအနည်းငယ်ခန့် နောက်သို့ လွင့်စဉ်သွားပြီးမှ ဓားအလင်းတန်းမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
ချင်ယွမ်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး သူ၏ ဓားရှည်ကို အိမ်ထဲမှ အပြည့်အဝ ဆွဲထုတ်လိုက်ရာ အေးစက်သော အလင်းတန်းများ ဖြာထွက်လာချေသည်။
ဤဝတ်စုံနက်ဝတ် လူစု၏ အင်အားမှာ အထင်သေး၍ မရပေ။ ခေါင်းဆောင်ဖြစ်သူမှာ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေပုံရပြီး ကျန်သူများမှာလည်း တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့် မဟာဆရာများ ဖြစ်ကြပုံရပေသည်။
သို့သော်လည်း ၎င်းတို့မှာ ချင်ယွမ်ဖုန်း၏ အစစ်အမှန် ခွန်အားကို မသိကြဘဲ ၎င်းတို့၏ အစီအစဉ်မှာ အောင်မြင်လိမ့်မည်ဟု ယုံကြည်နေကြဆဲ ဖြစ်တော့သည်။
"မင်းတို့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ ပြောပြရင်တော့ ငါ မင်းတို့ကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်လေတော့သည်။
အခန်း (၂၁၈) အဆိပ်
ဝတ်စုံနက်ဝတ် လူစုက နှာခေါင်းရှုံ့လျက် နှစ်ကြိမ်မျှ လှောင်ရယ်လိုက်ကြသည်။ "မင်း အိပ်မက်ယောင်နေတာပဲ။ ငါတို့ကတော့ ငါတို့ရဲ့ သခင်ကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး"
"ဒါဆိုရင်လည်း သေပေတော့"
ချင်ယွမ်ဖုန်းသည် ဓားဦးဖြင့် မြေပြင်ကို ထိကပ်ကာ ဓားဆွဲလျက် ထိုဝတ်စုံနက်ဝတ် လူစုဆီသို့ ရုတ်တရက် ပြေးဝင်သွားလေတော့သည်။
ဝတ်စုံနက်ဝတ် လူစုသည်လည်း ချင်ယွမ်ဖုန်းထံသို့ တစ်ပြိုင်နက်တည်း ပြေးဝင်လာကြရာ လေထုထဲတွင် များပြားလှသော ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး မှောင်မိုက်သော ညဉ့်ဦးယံမှာ မီးအိမ်များဖြင့် ထွန်းညှိထားသကဲ့သို့ လင်းထိန်သွားရသည်။
ချင်ယွမ်ဖုန်းသည် သူ၏ဓားရှည်ကို ဝေ့ယမ်းလိုက်ရာ ဓားအလင်းတန်းများက စူးရှတောက်ပနေပြီး ကိုယ်တွင်းစွမ်းအင် အမြောက်အမြားမှာ ဓားပေါ်တွင် ကပ်ငြိနေလျက် ညအမှောင်ထဲတွင် ပုံရိပ်ယောင်များ ချန်ရစ်ထားခဲ့လေသည်။
"ချွင်... ချွင်... ချွင်"
တိုက်ပွဲအတွင်း ပြင်းထန်သော ထိတွေ့သံများကိုသာ ကြားနေရပြီး မီးပွင့်များ လွင့်စင်လျက် ကိုယ်တွင်းစွမ်းအင်များ ရိုက်ခတ်မှုကြောင့် မြေပြင်မှ ကျောက်ခဲစများမှာ လွင့်စင်ကာ ဖုန်မှုန့်များ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
သို့သော်လည်း တိုက်ပွဲမှာ မြန်ဆန်လွန်းလှပေရာ ခဏချင်းအတွင်းမှာပင် အသံဗလံအားလုံး ငြိမ်သက်သွားခဲ့၏။
ဖုန်မှုန့်များ လွင့်ပါးသွားသောအခါ ဝတ်စုံနက်ဝတ် လူအားလုံးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေကြပြီး သူတို့၏ မီးတုတ်များမှာလည်း ဘေးနားတွင် ပြုတ်ကျကာ တဖျတ်ဖျတ် လင်းလက်နေကြသည်။
ဝတ်စုံနက်ဝတ် လူစုမှာ ချက်ချင်း သေဆုံးသွားခြင်း မရှိသေးဘဲ ချင်ယွမ်ဖုန်းကို အာဃာတအပြည့်ဖြင့် စိုက်ကြည့်နေကြလေသည်။
"ငါ့ကို အပြစ်မတင်ပါနဲ့။ မင်းတို့ နောက်ကွယ်က ကြိုးကိုင်သူက ဘယ်သူလဲဆိုတာ ငါ ကြည့်ပါရစေဦး" ချင်ယွမ်ဖုန်းသည် သူတို့၏ မှတ်ဉာဏ်များကို ရှာဖွေရန် ဝိညာဉ်ရှာဖွေခြင်း ပညာရပ်ကို အသုံးပြုဖို့ လက်လှမ်းလိုက်သည်။
သို့သော် ချင်ယွမ်ဖုန်း အံ့အားသင့်သွားရသည်မှာ ဝတ်စုံနက်ဝတ် လူအားလုံးသည် ထိုအခိုက်အတန့်တွင် တစ်ပြိုင်နက်တည်း အသက်ရှူရပ်သွားပြီး ပါးစပ်များမှ အမြှုပ်ဖြူများ ထွက်ကျလာခြင်းပင် ဖြစ်သည်။
"အဆိပ်ပဲ" ချင်ယွမ်ဖုန်းသည် ဝတ်စုံနက်ဝတ် လူတစ်ယောက်၏ ပါးစပ်ကို အမြန်ဖြဲကြည့်လိုက်ရာ သွားကြားထဲတွင် အဆိပ်များကို ဝှက်ထားသည်ကို တွေ့လိုက်ရသည်။
အရေးကြုံလာပါက ထိုအဆိပ်ကို ကိုက်လိုက်ရုံဖြင့် ချက်ချင်း သေဆုံးနိုင်ပေသည်။
"တောက်" ချင်ယွမ်ဖုန်းက တိုးတိုးလေး ဆဲရေးလိုက်ကာ သက်ပြင်းချလိုက်မိသည်။
သူသည် ထိုသူတို့၏ ကိုယ်ပေါ်တွင် သေချာစွာ ရှာဖွေကြည့်သော်လည်း မည်သည့်သဲလွန်စမျှ ရှာမတွေ့ဘဲ သိုလှောင်အိတ် တစ်လုံးတောင်မှ ပါမလာခဲ့ပေ။
"တကယ်ကို သတိကြီးကြတာပဲ" ချင်ယွမ်ဖုန်းက ရေရွတ်လိုက်သည်။ "ဘယ်သူက ငါ့ကို အကွက်ဆင်ချင်နေတာပါလိမ့်"
ချင်ယွမ်ဖုန်း အတန်ကြာ စဉ်းစားကြည့်သော်လည်း ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်၊ ယင်းမှာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းပင် ဖြစ်သည်။
အကြောင်းပြချက်အရ ဆိုရလျှင် သူနှင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကြားရှိ ပဋိပက္ခမှာ ယခုမှ စသည်မဟုတ်ပေ၊ ထိုဂိုဏ်းမှ ဘိုးဘေး ယွမ်ထျန်းကန်မှာ ချင်ယွမ်ဖုန်းအပေါ် အာဃာတ အလွန်ကြီးမားသူ ဖြစ်သည်။
ယခု ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲအတွင်းမှာလည်း ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ လူများက ချင်ယွမ်ဖုန်းကို ရန်လိုသော မျက်လုံးများဖြင့် ကြည့်ခဲ့ကြသည်။
"ဟုတ်သားပဲ၊ ဟိုမိန်းကလေးတွေကော၊ ငါ သူတို့နောက်ကို လိုက်ပြီး မေးကြည့်ရမယ်" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး ဝမ်ချိုင်ကို ချက်ချင်း ခေါ်လိုက်သည်။
ဝမ်ချိုင် ပြေးလာသောအခါ ချင်ယွမ်ဖုန်းသည် ၎င်း၏ ကျောပေါ်သို့ ခုန်တက်လိုက်ပြီး "သွားကြစို့ ဝမ်ချိုင်၊ ဟိုမိန်းကလေး နောက်ကို လိုက်ကြမယ်" ဟု အမိန့်ပေးလိုက်သည်။
"ဝေါင်း" ဝမ်ချိုင်က စိတ်လှုပ်ရှားစွာ ဟောင်လိုက်ပြီး အရှိန်ဖြင့် ပြေးထွက်သွားရာ ဘေးဘက်ရှိ ရှုခင်းများမှာ မှုန်ဝါး၍ ကျန်ရစ်ခဲ့တော့သည်။
မကြာမီမှာပင် ဝမ်ချိုင်သည် မြင်းလှည်းကို မှီသွားလေသည်။
ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်၏ ကျောပေါ်တွင် မတ်တပ်ရပ်ကာ ရုတ်တရက် ခုန်လိုက်ပြီး မြင်းလှည်းရှေ့တည့်တည့်တွင် ဆင်းသက်လိုက်၏။
ထို့နောက် လင်းကျား ဝံပုလွေတစ်ကောင်၏ ဦးခေါင်းပေါ်သို့ ပေါ့ပါးစွာ နင်းလိုက်သည်။
ယင်းအခိုက်အတန့်တွင် သူသည် ငှက်မွေးတစ်မျှ ပေါ့ပါးနေသော်လည်း နောက်တစ်စက္ကန့်တွင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ လေးလံသွားကာ လင်းကျား ဝံပုလွေ၏ ဦးခေါင်းကို ပြင်းထန်စွာ နင်းခြေလိုက်လေတော့သည်။
ကျန်ရှိသော လင်းကျား ဝံပုလွေ နှစ်ကောင်မှာလည်း ချက်ချင်း ရပ်တန့်သွားရာ ထိုရုတ်တရက် ရပ်တန့်မှုကြောင့် မြင်းလှည်းမှာ လွင့်ထွက်သွားခဲ့ရသည်။
မြင်းလှည်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျကာ တစစီ ပျက်စီးသွားပြီး အတွင်းရှိ မိန်းကလေးများမှာ ဖုန်တထောင်းထောင်းကြားမှ တွားသွား၍ ထွက်လာကြသည်။
ချင်ယွမ်ဖုန်းကို မြင်လိုက်ရသောအခါ သူတို့မှာ သရဲသဘက်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားကြ၏။
ဝမ်ချိုင်မှာလည်း ဟောင်သံပေးလျက် ပြေးဝင်သွားပြီး ထိုသူများကို စိတ်လှုပ်ရှားစွာ လျက်ပေးနေလေသည်။
ဒုန်မေနှင့် အခြားသူများမှာ ကြောက်လန့်တကြား တုန်ရင်နေကြပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
"မိန်းကလေးတို့၊ ငါတို့ ဒီလောက်မြန်မြန် ပြန်ဆုံမယ်လို့ မထင်ထားဘူး။ နန်ဝူးမြို့ကို သွားမှာ မဟုတ်ဘူးလား၊ ဘာလို့ ဒီဘက်ကို လာနေတာလဲ"
ချင်ယွမ်ဖုန်းက ပြုံးစစ မျက်နှာပေးဖြင့် သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
ဤအမျိုးသမီးများသည် သိုင်းပညာရှင်များ မဟုတ်ကြဘဲ ထိုသို့သော မှောင်ခိုလုပ်ငန်းများကို ကျွမ်းကျင်စွာ လုပ်ကိုင်နေကြသူများ ဖြစ်ပုံရသည်။
"ဟုတ်... ဟုတ်ကဲ့၊ ကျွန်မတို့ လမ်းမှားသွားလို့ပါ..."
ဒုန်မေသည် ချင်ယွမ်ဖုန်းအနေဖြင့် သူတို့လုပ်ဆောင်ခဲ့သည်များကို မသိသေးရန်သာ ဆုတောင်းနေမိသည်။
"ဪ... လမ်းမှားသွားတာကိုး" ချင်ယွမ်ဖုန်းက ရယ်မောလိုက်သည်။ "အဲဒါကြောင့်လည်း မင်းတို့ကို ငါ တားလိုက်တာပေါ့"
ဒုန်မေ လှမ်းကြည့်လိုက်ရာဝံပုလွေ၏ ဦးခေါင်းမှာ မြေပြင်ထဲသို့ နစ်ဝင်နေဆဲ ဖြစ်ပြီး မြင်းလှည်းမှာလည်း ပျက်စီးနေပြီ ဖြစ်သည်။
ဒါကို တားတယ်လို့ ခေါ်တာလား။
ဒါက တမင်တကာ လုပ်တဲ့ မတော်တဆမှု မဟုတ်ဘူးလား။
"အစ်ကိုကြီး၊ ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ။ ကျွန်မတို့ ခဏတာ စိတ်မှားသွားလို့ပါ"
ချင်ယွမ်ဖုန်း၏ အပြုံးကို မြင်လိုက်ရသောအခါ ချွန်မေသည် ချင်ယွမ်ဖုန်း အခြေအနေအားလုံးကို သိရှိသွားပြီဖြစ်ကြောင်း နားလည်လိုက်သဖြင့် ဆက်လက် မဟန်ဆောင်တော့ဘဲ ချင်ယွမ်ဖုန်း၏ ခြေရင်းသို့ ပြေးကပ်လိုက်လေသည်။
ချင်ယွမ်ဖုန်းက ပြုံးလျက် "ဪ... ဟုတ်လား၊ ငါကတော့... မင်းတို့ တကယ် လမ်းမှားသွားတာလို့ ထင်နေတာ"
စကားအဆုံးတွင် ချင်ယွမ်ဖုန်း၏ မျက်နှာမှာ အလွန်တရာ တင်းမာခက်ထန်သွားတော့သည်။
အကယ်၍သာ အခြားသော ဆေးနတ်ဘုရားဂိုဏ်းဝင် တပည့်တစ်ယောက်သာ ဆိုလျှင် ဤနေရာတွင် တကယ်ပင် အသက်ပျောက်သွားနိုင်ပေသည်။
"အီး... အစ်ကိုကြီး၊ ကျွန်မတို့ကို သနားပါဦး"
အမျိုးသမီးများ အားလုံး မြေပြင်ပေါ်တွင် ဒူးထောက်လျက် သနားစဖွယ် တောင်းပန်နေကြသည်။
"ကောင်းပြီ၊ ဒါဆို ပြောစမ်း၊ ဘယ်သူက မင်းတို့ကို ဒါမျိုးလုပ်ဖို့ ခိုင်းတာလဲ။ မဟုတ်ရင်တော့ ငါ မင်းတို့ကို ညှာတာမှာ မဟုတ်ဘူး" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။
ဒုန်မေသည် မျက်ရည်စက်လက်ဖြင့် မော့ကြည့်လိုက်ပြီး "အစ်ကိုကြီး၊ ကျွန်မတို့ တကယ် မသိပါဘူး။ သူတို့ ကျွန်မတို့ကို လာရှာတုန်းက မျက်နှာဖုံးတွေ စွပ်ထားကြတာ။ သူတို့ ဘယ်သူလဲဆိုတာ ကျွန်မတို့ လုံးဝ မသိဘူး" ဟု ဆိုသည်။
"လျှောက်မပြောနဲ့။ ဘယ်သူမှန်းမသိဘဲနဲ့ မင်းတို့က လုပ်ရဲတယ်လား" ချင်ယွမ်ဖုန်းက ငေါက်လိုက်သည်။
ဒုန်မေသည် ပို၍ပင် ငိုယိုကာ "အစ်ကိုကြီး၊ ကျွန်မတို့ တကယ် မသိတာပါ။ သူတို့က လာပြီး စရန်ငွေ အရင်ပေးတာ။ ကျွန်မတို့အတွက်တော့ အဲဒီစရန်ငွေက တစ်သက်လုံး ထိုင်စားလို့ရတဲ့ အထိ များတာရှင့်"
ချင်ယွမ်ဖုန်းသည် ထိုအမျိုးသမီး ခြောက်ယောက်ကို အကဲခတ်ကြည့်လိုက်ရာ သူတို့ ပြောသည်မှာ အမှန်ပင် ဖြစ်ပုံရသည်။ သူ သက်ပြင်းချလိုက်မိသည်၊ ထိုဝတ်စုံနက်ဝတ် လူစု၏ နောက်ခံကို ဤသူများ သိရှိလိမ့်မည် မဟုတ်ပေ။
"ကောင်းပြီ၊ သွားကြတော့" ချင်ယွမ်ဖုန်းက လက်ကို လွှဲကာ စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး၊ ကျေးဇူးတင်ပါတယ်" အမျိုးသမီးများမှာ ချင်ယွမ်ဖုန်းကို အထပ်ထပ် အခါခါ ကျေးဇူးတင်ကာ ဦးညွှတ်လိုက်ကြသည်။
ချင်ယွမ်ဖုန်းက လက်ယမ်းပြလျက် "နောက်နောင် ဒါမျိုးတွေ ထပ်မလုပ်ကြနဲ့။ မိန်းကလေးတွေဖြစ်ပြီး တစ်နေ့ ဒုက္ခရောက်ကုန်လိမ့်မယ်။ ဒီပိုက်ဆံကို ယူသွားပြီး ကောင်းကောင်းမွန်မွန် အခြေတကျ နေကြတော့"
ပြောပြီးသည်နှင့် ချင်ယွမ်ဖုန်းသည် ဝမ်ချိုင်ကို ပြန်ရန် ခေါ်လိုက်သော်လည်း ဝမ်ချိုင်မှာ မိန်းကလေး အမြောက်အမြားရှိနေသဖြင့် မပြန်ချင်ဘဲ ဖြစ်နေသည်။
နောက်ဆုံးတွင် ချင်ယွမ်ဖုန်းကပင် ဝမ်ချိုင်ကို အတင်းဆွဲခေါ်သွားရလေသည်။
သေဘေးမှ လွတ်မြောက်သွားသော ကချေသည်မလေးများမှာလည်း ယခုအချိန်တွင် အလုပ်နားရန် ဆုံးဖြတ်လိုက်ကြသည်။
အကြောင်းမှာ ယခု ရရှိထားသော ဝိညာဉ်ကျောက်တုံးများမှာ သူတို့ ခြောက်ယောက် တစ်သက်လုံး အေးအေးဆေးဆေး နေနိုင်ရန် လုံလောက်နေပြီ ဖြစ်သောကြောင့်ပင်။
ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်တို့သည် ဆေးနတ်ဘုရားဂိုဏ်းသို့ အမြန်ပြန်လာခဲ့ကြသည်။ ထိုအချိန်တွင် လူအများစုမှာ ကျင့်ကြံနေကြပြီဖြစ်ပြီး ဆေးနတ်ဘုရားဂိုဏ်း တပည့်အချို့သာ ညကင်းစောင့်ရန် ကျန်ရှိတော့သည်။
ဆေးနတ်ဘုရားဂိုဏ်းတွင် ဧည့်ခန်းဆောင်များစွာ ရှိသော်လည်း ထောင်နှင့်ချီသော လူများအတွက် မလုံလောက်ပေ။
ထို့ကြောင့် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကိုသာ ဧည့်ခန်းဆောင်များတွင် တည်းခိုခွင့်ပေးထားပြီး ဆေးနတ်ဘုရားဂိုဏ်း တပည့်များအပါအဝင် အခြားသူအများစုမှာ တောင်ထိပ်ရင်ပြင်ပေါ်တွင် တဲများထိုးကာ အိပ်စက်နေကြရသည်။
ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်းသို့ လျှောက်လှမ်းဝင်လာရာ ထိုနေရာတွင် ဒုန်ဖန်းရှန့်မင် ထိုင်နေသည်ကို တွေ့လိုက်ရလေသည်။